← Chapters

အခန်း(၉၅) ကောင်းကင်ဘုံကော ကမ္ဘာမြေကော နင့်လောက်မလှဘူး

Vol. 7 Ch. 95

အခန်း(၉၅) ကောင်းကင်ဘုံကော ကမ္ဘာမြေကော နင့်လောက်မလှဘူး

Vol. 7 Ch. 95

အခန်း(၉၅) ကောင်းကင်ဘုံကော ကမ္ဘာမြေကော နင့်လောက်မလှဘူး

"နည်းနည်းအေးတယ်။ နင့်လက်ကို ငါကိုင်ထားဖို့ ငှားလို့ရမလား။"

လင်းဖန်၏ စကားလုံးများက ရှားဝမ်ချွေ့၏ စိတ်အာရုံထဲ ဝင်ရောက်လာခဲ့သည်။ လှိုင်းလုံးများက ရိုက်ခတ်နေပြီး ကမ္ဘာကြီးထဲက အရာအားလုံး ရပ်တန့်သွား၏။

လင်းဖန်က သူမကို လက်ကမ်းပေးရင်း ရှားဝမ်ချွေ့၏ တုန့်ပြန်ချက်ကို စောင့်နေပါသည်။

သူ့ရှေ့က ကောင်မလေးကို ကြည့်ရင်း လင်းဖန် ရုတ်တရက်ကြီး ထင်ယောင်ထင်မှားဖြစ်လာပါသည်။

ရှားဝမ်ချွေ့နဲ့ သူတို့အကြားက တစ်ဖက်သက်အချစ်ပဲလား။

လေပြည်များတိုက်ခတ်တာ ရပ်တန့်သွားသလိုပင်။ လင်းဖန်လည်း သူ တစ်ခုခု အမှားလုပ်မိသည်ဟု ခံစားလိုက်ရသည်။

ဧကန္တ ရှားဝမ်ချွေ့မှာ သူ့အတွက် ဒီလိုခံစားချက်မျိုး မရှိလောက်ပါ။

"ငှားပြီးရင် ပြန်ပေးမှာလား။" ရှားဝမ်ချွေ့က ချိုမြိန်စွာပြုံးလိုက်သည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးလေးတစ်ချက် ဖြတ်ပြေးသွားသည်။ သူမ မျက်တောင်ခတ်ကာ လင်းဖန်ကို ကြည့်လိုက်၏။

"ပြန်မပေးဘူး။" လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့၏ နူးညံ့ပြီးနွေးထွေးသော လက်လေးကို ကိုင်လိုက်ပါသည်။

လရောင်က တောက်ပနေကာ ဒီမြင်ကွင်းကို လွှမ်းခြုံထားသည်။

လင်းဖန်က ဦးစွာ ရှားဝမ်ချွေ့၏ လက်ကို ကိုင်လိုက်ပါသည်။

မိန်းကလေးများ၏ လက်က အလွန်နူးညံ့သည်။

ရှားဝမ်ချွေ့၏ တုန့်ပြန်မှုကိုမြင်ပြီး လင်းဖန် နားမလည်ဘဲနေပါ့မလား။

သူမလက်ကိုကိုင်လိုက်သောအခါ သူမ ပြန်မခုခံဘဲ လင်းဖန်ကို လက်ကိုင်ခွင့်ပေးလိုက်ပါသည်။

သူတို့နှစ်ယောက် ကမ်းခြေတစ်လျှောက် လမ်းဆက်လျှောက်ရင်း တိတ်ဆိတ်နေကြသည်။

အချိန်အတော်ကြာသောအခါ လင်းဖန်က ပင်လယ်ပြင်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "ပင်လယ်က တကယ်လှတာပဲ။"

ရှားဝမ်ချွေ့က ခေါင်းကို ပေါ့ပေါ့ပါးပါးငြိမ့်လိုက်ပါသည်။ "ဟုတ်တယ်။"

လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ကိုင်ထားပြီး ကောင်းကင်ပေါ်က ကြယ်များကို ကြည့်လိုက်သည်။ "လနဲ့ ကြယ်တွေက တကယ်လှတာပဲ။"

ရှားဝမ်ချွေ့၏ လှပသောမျက်လုံးလေးများက လင်းဖန်၏ အကြည့်နောက်ကို လိုက်ခဲ့သည်။ "အင်း သူတို့ တကယ်လှတယ်။"

လင်းဖန်က နောက်လှည့်လိုက်ပြီး ရှားဝမ်ချွေ့၏ တခြားလက်တစ်ဖက်ကို သူ့လက်ဖဝါးပေါ် တင်လိုက်ပါသည်။

"ဒါပေမယ့် ကောင်းကင်ဘုံကော ကမ္ဘာမြေကော နင့်လောက်မလှဘူးလို့ ခံစားမိတယ်။" လင်းဖန်က ရှားဝမ်ချွေ့၏ လှပသော မျက်နှာလေးကို ကြည့်ကာ သူ့နှလုံးသား နက်နက်ရှိုင်းရှိုင်းထဲက စကားလုံးများကို ပြောလိုက်ပါသည်။

"အရူးကောင်လင်းဖန် ဘယ်တုန်းက အချစ်စကားတွေ ပြောတတ်သွားတာလဲ။ ဘယ်ကနေ တတ်လာတာလဲ။" ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး ခေါင်းကိုငုံ့လိုက်ပါသည်။

တစ်ယောက်ယောက်က လှသည်ဟု ချီးကျူးတာ ပျော်ဖို့ကောင်းပါသည်။ ထို့အပြင် လင်းဖန် ချီးကျူးတာကိုပင် ခံရခြင်း ဖြစ်သည်။ ရှားဝမ်ချွေ့က သရုပ်ဆောင် ဘယ်လောက်ပဲ ကောင်းကောင်း လောလောဆယ် သူမ၏ ရှက်ရွံ့မှုက အစစ်အမှန် ဖြစ်ပါသည်။

"အဲ့တာ ရိုးအီနေတဲ့ အချစ်စကားတွေ မဟုတ်ပါဘူး။ ငါ့စိတ်ရင်းအမှန်ပါ။" လင်းဖန်က ပြုံးကာ အတည်ပေါက် ပြောလိုက်ပါသည်။

"နင့်ကို ယုံပါတယ်။ ဒါပေမယ့် ငါ့ပရိတ်သတ်တွေလည်း အဲ့လိုချီးကျူးကြတာပဲ။" ရှားဝမ်ချွေ့က ပြုံးကာ ပြောလိုက်ပါသည်။ ပင်လယ်ပြင်ဘေးက လှိုင်းများကိုကြည့်ရင်း လင်းဖန်၏ အနွေးထည်ကို ဝတ်ဆင်ထားရသဖြင့် ပင်လယ်ဘေးမှာ မအေးစက်တော့ဘူးဟု သူမ ခံစားမိပါသည်။

"မဟုတ်ဘူး။ ငါက သူတို့လို မဟုတ်ပါဘူး။"

"သူတို့က နာမည်ကျော်တွေနဲ့ လူတွေအများကြီးကို ကြိုက်ကြတယ်။"

"ငါကတော့ တစ်ယောက်တည်းကိုပဲ သဘောကျတယ်။" လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ကိုင်ကာ တောက်တောက်ပပ ပြုံးလိုက်ပါသည်။

"ဟွန်း အမှိုက်ကောင်" ရှားဝမ်ချွေ့က လင်းဖန်ကို လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ သူ တစ်ခုခု ပြန်ပြောမှာကို စောင့်နေ၏။

ထိုအချိန်တွင်...

အဝေးမှ အသံတစ်ခု ထွက်လာသည်။

ရှားဝမ်ချွေ့၏ မန်နေဂျာ ယန်ချင်း ဖြစ်နေပါသည်။

"ဝမ်ချွေ့ ဘယ်ရောက်သွားတာလဲ။" ယန်ချင်းက လင်းဖန်နှင့် ရှားဝမ်ချွေ့ဆို့ဆီ လျှောက်လာရင်း အော်လိုက်ပါသည်။

ယန်ချင်းရောက်လာတာကိုမြင်သောအခါ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ လက်ချင်းဖြုတ်လိုက်ကြပါသည်။

သူတို့နှစ်ယောက် ယန်ချင်းဆီသို့ ကမ်းခြေတစ်လျှောက်ပြန်လာခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ် ဒီမှာလူတွေများပါသည်။ တစ်ယောက်ယောက်သာ သူတို့ကို ဓာတ်ပုံခိုးရိုက်သွားပါက သေချာပေါက် သူတို့ရေပန်းထပ်စားသွားပါလိမ့်မည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ သူတို့၏ ဆက်ဆံရေးကို အတည်မပြုနိုင်ခင် ယန်ချင်း၏ အော်သံကြောင့် ရပ်တန့်လိုက်ရသည်။

"ဝမ်ချွေ့နဲ့ လင်းဖန် နင်တို့နှစ်ယောက်... သတိပိုထားမှပေါ့။"

"နင်တို့တွဲနေကြရင်တောင် ဘယ်သူမှ မရှိတဲ့နေရာမျိုးကို ရှာစမ်းပါ။ ဒီမှာ အန္တရာယ်များလွန်းတယ်။ အခု ဘဝရဲ့ပျော်ရွှင်မှုက စထုတ်လွှင့်တော့မှာ။ ဒီလိုကိစ္စကြောင့် နင့်အကြောင်းကို ပြိုင်ဘက်တွေ ဘယ်လောက်တောင် အတင်းတုပ်ကြလိမ့်မလဲ။" ယန်ချင်းက သက်ပြင်းချလိုက်ပါသည်။

ဒါက Keep Running ရိုက်ကူးရေးနေရာ ဖြစ်သည်။ လူပေါင်းစုံလည်း ရှိနေကြသည်။ လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ အချင်းချင်း တီတီတာတာ ပြောနေငုတာကို အပြင်ပိုင်းမှာ ဘယ်သူမှ ထုတ်မပြောသော်လည်း အားလုံးသိနေကြပါသည်။

လက်ရှိ လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု၏ ခေါင်းဆောင်မင်းသား ဖြစ်သော်လည်း ရုပ်သံဒရမ်မာပင် စတင်မထုတ်လွှင့်ရသေးသဖြင့် လင်းဖန်ကို နာမည်ကျော်ဟု သတ်မှတ်လို့မရသေးပေ။

သူ ရှားဝမ်ချွေ့နဲ့ အတူတူ ရှိချင်ပါက၊ ပရိတ်သတ်များစွာ၏ အသိအမှတ်ပြုခြင်းကိုခံရပြီး အရင်တုန်းကလိုမျိုး သံသယဖြစ်နေတာတွေကို ရပ်တန့်စေလိုပါက လင်းဖန်ကိုယ်တိုင် သူ့လက်ရာကိုထုတ်ပြပြီး ရလဒ်ဖြင့် သက်သေပြရမည်။

ထို့အပြင် တရားဝင်ကြေညာဖို့ အချိန်ကောင်းလည်း မဟုတ်သေးပေ။ အထူးသဖြင့် ရှားဝမ်ချွေ့ဆို ဒီအတင်းအဖျင်းများကြောင့် ထိခိုက်လို့မဖြစ်ပါ။ မဟုတ်ပါက ပြိုင်ဘက်များက ရှားဝမ်ချွေ့နေရာကို ဝင်ယူသွားနိုင်သည်။ "အစ်မယန် ကျွန်မသိပါတယ်။"

"ဒါဆိုလည်း အိမ်ပြန်ကြရအောင်။" ရှားဝမ်ချွေ့က ပြုံးလိုက်ပြီး ယန်ချင်း၏ လက်မောင်းကို တွဲလိုက်ပါသည်။ သူမ လင်းဖန်ကို လျစ်လျူရှုလိုက်၏။

သူမ အနည်းငယ်တော့ စိတ်ဆိုးနေပါသည်။ လင်းဖန် ဘာလို့ မြန်မြန် မပြောရတာလဲ။

အခုတော့ မိသွားပြီဖြစ်သဖြင့် ထပ်ပြီး ခိုးတွေ့လို့မရတော့ပါ။

လင်းဖန်က ရှားဝမ်ချွေ့၏ နောက်ကျောကိုကြည့်ရင်း အများကြီး နားလည်သွားပါသည်။

တရားဝင်ကြေညာဖို့ အချိန် မဟုတ်သေးပါ။ ရှားဝမ်ချွေ့က ဂရုမစိုက်သော်လည်း သူကတော့ ဂရုစိုက်ပါသည်။

သူက ရှားဝမ်ချွေ့၏ လုပ်ငန်းနှင့် အနာဂတ်ကို စဥ်းစားပေးပြီး သူမနဲ့ အဆင့် အတူတူ မရပ်တည်နိုင်သေးသရွေ့ သူတို့ ဆက်ဆံရေးကို ကြေညာနိုင်မည်မဟုတ်ပေ။

လက်ရှိ သူ့အခြေအနေနဲ့ မလုံလောက်သေးပါ။

လောလောဆယ် အရေးအကြီးဆုံးကိစ္စက ဘဝရဲ့ပျော်ရွှင်မှု ထုတ်လွှင့်ရေးနဲ့ အလုပ်များဖို့သာ ဖြစ်သည်။

နောက်တစ်နေ့ ကုမ္ပဏီက အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။

ဘဝရဲ့ပျော်ရွှင်မှု နောက်ဆက်တွဲထုတ်လုပ်ရေး ပြီးဆုံးသွားပြီဖြစ်ပြီး ထောက်ခံခြင်းလုပ်ငန်းစဥ်မှလည်း ထောက်ခံမှုရရှိပြီး ဖြစ်သည်။

သူတို့ နောက်ထပ်လုပ်ဖို့လိုတာက  ဘဝရဲ့ပျော်ရွှင်မှုကို ထုတ်လွှင့်ဖို့ ဘယ်သူ့မှာ မူပိုင်ခွင့်ရှိသလဲဆိုတာကို ဆုံးဖြတ်ဖို့ ဖြစ်ပါသည်။ ထုတ်လွှင့်ခွင့်များကို ဆုံးဖြတ်ပြီးနောက် ဘဝရဲ့ပျော်ရွှင်မှုကို တရားဝင် ထုတ်လွှင့်ပြသနိုင်ပြီ ဖြစ်သည်။

အားလုံး ကုမ္ပဏီသို့ရောက်လာကြပြီး ထုတ်လွှင့်ပြသခွင့်များအတွက် စတင်အလုပ်လုပ်ကြသည်။ တစ်ဖက်မှာတော့ ဂျွိုင်းမီဒီယာက လူများကလည်း အစည်းအဝေးလုပ်နေကြပါသည်။

ဂျွိုင်းမီဒီယာ၏ တာဝန်ရှိသူ ကျောက်လွေ့က ဘေးပတ်လည်ရှိ ဝန်ထမ်းများကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "အားလုံးပဲ ယွဲ့ဟွာရဲ့ ဘဝရဲ့ပျော်ရွှင်မှု စီးရီးက ထုတ်လွှင့်ပြသခါနီးနေပြီ။ ဘာမှ မမှားဘူးဆိုရင် ငါတို့ကုမ္ပဏီရဲ့ ရုပ်သံဒရမ်မာ စစ်သူကြီးနဲ့ကျွန်မ စီးရီးက ဘဝရဲ့ပျော်ရွှင်မှုနဲ့ တစ်ပြိုင်တည်း ထုတ်လွှင့်ပြသခံရမှာပဲ။"

"စစ်သူကြီးနဲ့ ကျွန်မ ဒရမ်မာအတွက် သရုပ်ဆောင်ဖို့ နာမည်ကြီးသရုပ်ဆောင်တွေကို ငှားဖို့ ငါတို့ ပိုက်ဆံအများကြီး သုံးပြီးပြီ။ ဝမ်မန်းဟန်၊ ကျောက်ကျစ်ယွဲ့နဲ့ တခြား နာမည်ကျော်တွေပါတော့ ငါတို့ရှိုးရဲ့ နာမည်က သေချာပေါက် အဲ့ဒီ 'ဘဝရဲ့ပျော်ရွှင်မှု' ကို ရှုံးမှာ မဟုတ်ဘူး။"

ကျောက်လွေ့က ယုံကြည်ချက်ပြည့်ဝနေပါသည်။ ဘဝရဲ့ပျော်ရွှင်မှုဇာတ်ညွှန်းက ကောင်းမွန်သော်လည်း လူသစ်တစ်ယောက် ရေးထားသော ဇာတ်ညွှန်းသာ ဖြစ်သည်။

"လူသစ်တစ်ယောက်ရဲ့ ဇာတ်ညွှန်းကိုများ မတော်မတန် တစ်ပိုင်း ယွမ် ၄၀၀,၀၀၀ နဲ့ ရောင်းနိုင်ခဲ့တယ်တဲ့။ သူတို့ လင်းဖန်ကို ဇာတ်ညွှန်းရေးလောကရဲ့ ဆရာတစ်ဆူများ ထင်နေကြတာလား မသိဘူး။"

"ပြီးတော့လည်း ယွဲ့ဟွာက လူတွေရယ်လောက်တဲ့ အရာမျိုးလုပ်ခဲ့သေးတယ်။ ရှုယန်၊ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လို နာမည်ကျော်တွေ ရှိနေပါလျက်နဲ့ လင်းဖန်ကို ခေါင်းဆောင်မင်းသား လုပ်ခိုင်းလိုက်တယ်တဲ့။" ကျောက်လွေ့က တည်ငြိမ်စွာဖြင့် ပြုံးလိုက်ပါသည်။

"ဘော့စ်ကျောက် ယွဲ့ဟွာ ဦးနှောက်ပျက်သွားပြီလား။ လင်းဖန်က တကယ်ချောပြီး ချမ်းသာတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် လင်းဖန်က တကယ်သရုပ်ဆောင်တတ်လို့လား။ သူက ဘာသရုပ်ဆောင် စွမ်းရည်မှမရှိဘဲ ဘာလို့ ခေါင်းဆောင်မင်းသား ဖြစ်သွားတာလဲ။"

"ဟုတ်တယ်။ ယွဲ့ဟွာက သူတို့ နံပါတစ် ယောက်ျားလေးသရုပ်ဆောင် ရှုယန်ကို မသုံးဘူး။ အဲ့ဒီအစား လင်းဖန်ကို သုံးသွားတယ်။ အဲ့တာ သူတို့ ရုပ်သံစီးရီးအတွက် အကြီးမားဆုံး ကျရှုံးမှုတစ်ခုပဲ။ ခေါင်းဆောင်မင်းသားရဲ့ သရုပ်ဆောင်စွမ်းရည်ကသာ မကောင်းရင် ဒီစီးရီးရဲ့ ဂုဏ်သတင်းလည်း ကောင်းမှာ မဟုတ်ဘူး။"

"ယွဲ့ဟွာရဲ့ ဘဝရဲ့ပျော်ရွှင်မှုက ငါတို့ စစ်သူကြီးနဲ့ ကျွန်မ စီးရီးနဲ့ ယှဥ်နိုင်စရာလား။ လင်းဖန်က နောက်ကွယ်မှာ ကြိုးကိုင်ပြီး ခေါင်းဆောင်မင်းသား ဖြစ်လာတာနေမှာ။ ဒီရုပ်သံစီးရီး ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ကျရှုံးသွားမလဲ မင်းတို့ စိတ်ကူးယဥ်ကြည့်လို့ရတယ်မလား။"

ဂျွိုင်းမီဒီယာ၏ ဝန်ထမ်းများစွာက ပြောလိုက်ပါသည်။ သူတို့ လင်းဖန်ကိုကော ဘဝရဲ့ပျော်ရွှင်မှုကိုကော အထင်မကြီးကြတာ သိသာပါသည်။

ကျောက်လွေ့က ခေတ္တစဥ်းစားလိုက်ပြီး ယုံကြည်ချက်ပြည့်ဝစွာ ပြုံးလိုက်ပါသည်။

"အဲ့တာကြောင့် ငါတို့ဒီတစ်ခေါက် လုပ်ရမှာက... စစ်သူကြီးနဲ့ ကျွန်မ ရုပ်သံစီးရီးရဲ့ နာမည်ကို ဘဝရဲ့ပျော်ရွှင်မှုကို လုံးဝ ဖိနှိပ်ခွင့်ပေးလိုက်ဖို့ပဲ။"

"ယွဲ့ဟွာက အမှားကြီးလုပ်မိလို့ ဆိုးဆိုးရွားရွား ရှုံးနိမ့်တော့မယ်။"

All Chapters