အခန်း(၁၀၂) ဂျွိုင်းမီဒီယာ ရုန်းကန်ဖို့စွန့်လွှတ်ကာ အကြွင်းမဲ့ရှုံးနိမ့်သွားခြင်း
Vol. 7 Ch. 102
အခန်း(၁၀၂) ဂျွိုင်းမီဒီယာ ရုန်းကန်ဖို့စွန့်လွှတ်ကာ အကြွင်းမဲ့ရှုံးနိမ့်သွားခြင်း
ဂျွိုင်းမီဒီယာတွင် တိတ်ဆိတ်လျက်ရှိနေသည်။
အဘယ့်ကြောင့်ဆိုသော် "စစ်သူကြီးနဲ့ ကျွန်မ' မှာ လုံးဝ အနိုင်ယူခံလိုက်ရသောကြောင့်ပင်။ အတော်လေး ပြင်းထန်သော ရှုံးနိမ့်မှု ဖြစ်သည်။
အစောပိုင်းအဆင့်များက ဂျွိုင်းမီဒီယာ လုပ်ခဲ့သော ပြင်ဆင်မှုများလည်း အားလုံး အလကား ဖြစ်ကုန်ပြီ။ ထို့အစား "ဘဝရဲ့ပျော်ရွှင်မှု" ကိုပို၍ပင် နာမည်ကြီးအောင် ပြုလုပ်ပေးလိုက်သလို ဖြစ်သွားသည်။
ကျောက်လွေ့၏ မျက်နှာက စိမ်းနက်နေပါပြီ။ အရင်တုန်းက သူမ ကြွားခဲ့သည့်ပုံစံအတိုင်း အရှက်ခွဲခံလိုက်ရသည်။
ဂျွိုင်းမီဒီယာ လုံးဝ ရှုံးနိမ့်သွားပါသည်။
ကျောက်လွေ့တောင် ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးပြီးသွားသောအခါ ဇာတ်လမ်းက ဒီလောက်တောင် ကောင်းနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"ယွဲ့ဟွာက မလွဲဘူးပဲ။ သူတို့တွေ ပညာရှင်တွေငှားလိုက်တာလား"
"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည် ဒီလောက်ကောင်းမယ်လို့ ထင်မထားဘူး။ သူ့ပုံစံကလည်း ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ဖို့ အရမ်းသင့်တော်တယ်။ ခေါင်းဆောင်မင်းသမီး ရှားဝမ်ချွေ့နဲ့ သရုပ်ဆောင်တဲ့အခါမှာလည်း အပြစ် ဘာမှ မတွေ့ရဘူး။ ဒီလို ရုပ်သံဒရမ်မာက လုံးဝ ရေပန်းစားမှာပေါ့။"
"အဓိကအချက်ဖြစ်တဲ့ ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာရဲ့ အကောင်းဆုံးအရာက ဒီမှာ မဟုတ်သေးဘူး။ အဲ့တာက ဒီရုပ်သံဒရမ်မာ ရိုက်ကူးတဲ့ပုံစံမျိုးကို ငါတို့ အရင်က လုံးဝမမြင်ဖူးတာပဲ။ တရုတ်နိုင်ငံတစ်ခုလုံးမှာတောင် ဒီလိုရိုက်ကူးရေးနည်းလမ်း မရှိလောက်ဘူး။ ငါ့အမြင်မှာတော့ ဒါရိုက်တာလုပမ်ခိုင်းမှာ ဒီလိုအစွမ်းအစ လုံးဝ မရှိလောက်ဘူး။ ဘယ်လို လူမသိသူမသိပညာရှင်က ဘဝရဲ့ပျော်ရွှင်မှုကို ဒီလိုအဆင့်မြင့်အောင် ရိုက်ကူးခဲ့တာလဲ။”
ကျောက်လွေ့ ပြောလိုက်ပြီး နက်နက်နဲနဲ တွေးလိုက်မိပါသည်။
ယွဲ့ဟွာ ဖျော်ဖြေရေးက နိုင်ငံတော်ထဲရှိ ဖျော်ဖြေရေးကုမ္ပဏီများထဲတွင် အကောင်းဆုံး မဟုတ်သေးပါ။
ဒီလို ပါရမီရှင်မျိုးကိုခေါ်ဖို့က ခက်ခဲလွန်းသည်။ "အဲ့လို မဟုတ်လောက်ဘူး။ ရုပ်သံဒရမ်မာတစ်ခုအတွက် ဒီလိုနာမည်ကြီးသရုပ်ဆောင်တွေကို ခေါ်ထားတာနဲ့တင် ပိုက်ဆံတွေ အများကြီး ကုန်နေလောက်ပြီ။ အဲ့လိုလူမသိသူမသိပညာရှင်ကို ငှားရမ်းဖို့ ယွဲ့ဟွာမှာ ပိုက်ဆံရှိပါ့မလား။"
"မဟုတ်မှလွဲရော ယွဲ့ဟွာက ဟောလိဝုဒ်ဒါရိုက်တာတစ်ယောက်ကို ငှားလိုက်တာလား။ သူတို့ ဟောလိဝုဒ်ရိုက်ကူးရေးနည်းလမ်းနဲ့ စွမ်းရည်တွေကို သုံးလိုက်တာလား။” ကျောက်လွေ့က ထိုင်ခုံတစ်ခုတွင်ထိုင်ကာ ဆန်းစစ်လေ့လာနေသည်။
အချိန်အကြာကြီး စဥ်းစားခဲ့သော်လည်း ယွဲ့ဟွာဘယ်လိုပညာရှင်မျိုး ငှားရမ်းခဲ့သလဲ မတွေးနိုင်ပါ။
"စီအီးအိုကျောက် ဒီရုပ်သံဒရမ်မာရဲ့ ရိုက်ကူးရေးရှုထောင့်တွေက အနုပညာဆန်ရုံတင်မကဘူး တင်ပြထားတဲ့ ဇာတ်ဝင်ခန်းတွေရဲ့ ပြုလုပ်ချက်တွေကလည်း အရမ်းကောင်းတယ်။ ဒါပေမယ့် အတည်ပေါက် ကြည့်မယ်ဆိုရင် ဒီရုပ်သံဒရမ်မာရဲ့ နောက်ခံအသံနဲ့ သီချင်းတွေကလည်း အဆင့်အမြင့်ဆုံးမှာရှိတယ်။ ကျွန်တော် ဂီတဆရာကြီးတစ်ယောက်ကို ဆက်သွယ်ပြီးပြီ။ ဂီတဆရာကြီး ပြောတာက... ဒီရုပ်သံဒရမ်မာရဲ့ အသံသွင်းမှုက နိုင်ငံတော်ထဲမှာ အကောင်းဆုံးပဲတဲ့။" ဝန်ထမ်းက ပြောလိုက်ပါသည်။
ဂျွိုင်းမီဒီယာထဲက အားလုံး ထိတ်လန့်သွားကြပါသည်။
ယွဲ့ဟွာက ဘယ်လို ပညာရှင်မျိုးကို ငှားရမ်းခဲ့တာလဲ။
အသံသွင်းခြင်း၊ ဓာတ်ပုံများ၊ နောက်ခံများ၊ ဂီတများ၊ ဇာတ်ဝင်တေးများ၊ ရိုက်ကူးရေးရှုထောင့်များနှင့် ဒါရိုက်တာစွမ်းရည်အားလုံးမှာ ထိပ်တန်းအဆင့် ရှိနေပါသည်။
သူတို့ နိုင်ငံတော်ထဲတွင် အားအကောင်းဆုံး ရုပ်သံဒရမ်မာကို ရိုက်ကူးနိုင်ခဲ့၏။ ကျောက်လွေ့တောင် လေးစားအားကျစွာဖြင့် သက်ပြင်းချလိုက်မိပါသည်။
ဂျွိုင်းမီဒီယာက ဒီကဏ္ဍတွင် အလွန် ကောင်းမွန်အောင် ကြိုးစားထားသော်လည်း ယွဲ့ဟွာကို မယှဥ်နိုင်သေးပါ။
ယွဲ့ဟွာ၏ ရုပ်သံဒရမ်မာများက မဟာဆင့်ကဲ ပြောင်းလဲမှုကြီးကို ကြုံတွေ့ခဲ့ရသည်။
ရှားဝမ်ချွေ့၏ ပါဝင်မှုနှင့် သူမ၏ ပထမဆုံး အချစ်ရေးဇာတ်ဝင်ခန်းကလည်း နာမည်ကြီးသွားခဲ့၏။
ယွဲ့ဟွာ၏ ဒုတိယ ရေပန်းအစားဆုံး အမျိုးသမီးသရုပ်ဆောင် စုရှောင်းယွီလည်း အဆိုပါဒရမ်မာထဲတွင် ပါဝင်သည်။
ဒါက နာမည်ကျော်များစွာ အတူတူပါဝင်ထားသော ရုပ်သံဒရမ်မာတစ်ကားဖြစ်သည်။
ဝါရင့်သရုပ်ဆောင်ကြီးများတချို့လည်း ပါဝင်သေးသည်။ ထိုလူများပါဝင်မှုက အပေါ်ယံ ရွှေမှုန်ကြဲရုံမျှသာဆိုလျှင်...
အဓိကဗဟိုချက်က လင်းဖန် ဖြစ်လိမ့်မည်။
"ဘော့စ်ကျောက် တခြားပြဿနာတွေကို ကျွန်တော်တို့ မတွေ့ဘူး။ ဒါပေမယ့် ဒီရုပ်သံဒရမ်မာအတွက် ဇာတ်ညှန်းကို လင်းဖန်ရေးထားတာ ဆိုတာကိုတော့ အတည်ပြုလို့ရပါတယ်။”
"လင်းဖန်ရေးထားတဲ့ ဇာတ်ညွှန်း... ဇာတ်လမ်းထဲက ပဋိပက္ခတွေကစလို့ အချစ်ရေးဇာတ်ဝင်ခန်းတွေအထိ ပုံဖော်ထားတာ အရမ်းကောင်းပြီး ဇာတ်ကောင်တွေကို ကိုင်တွယ်တာလည်း အရမ်းကောင်းတယ်။"
"လင်းဖန်က တကယ့်ဇာတ်ညွှန်းရေးဆရာတစ်ဆူပဲ။ အဲ့တာကြောင့် ယွဲ့ဟွာက လင်းဖန်ကို သူတို့ရဲ့ ထိပ်တန်းဇာတ်ညွှန်းရေးဆရာ ဖြစ်စေချင်တာပေါ့။ ယွဲ့ဟွာက ဒီလိုပါရမီရှင်မျိုးကို ဦးအောင် ဆွဲခေါ်လိုက်ကြတာပဲ။" ဝန်ထမ်းကပြောလိုက််ပါသည်။
ကျောက်လွေ့နာကျင်စွာဖြင့် မျက်စိမှိတ်လိုက်သည်။
အားလုံးက လင်းဖန်၏ ဇာတ်ညွှန်းကြောင့် အစပြုခဲ့မှန်း သူမသိပါသည်။
လင်းဖန်ပထမဆုံး သူ့ဇာတ်ညွှန်းအား ဂျွိုင်းမီဒီယာသို့ လာပြတော့ သူမ ပိုက်ဆံသက်သာချင်ပြီး လင်းဖန်က လူသစ်ဖြစ်နေသည့်အချက်ကိုသုံးကာ စျေးအလွန်နှိမ်ခဲ့သည်။
သို့သော်လည်း ယွဲ့ဟွာက ဒီဇာတ်ညွှန်းအား မိုးထိုးနေသောစျေးနှုန်းဖြစ်သည့် တစ်ပိုင်းကို ယွမ် ၄၀၀,၀၀၀ ဖြင့် ဝယ်လိမ့်မည်ဟု မထင်ခဲ့မိပေ။
ကြည့်ရသလောက်တော့ တစ်ပိုင်းကို ယွမ် ၄၀၀,၀၀၀ ဆိုတာ စျေးကြီးသလား။
လုံးဝ စျေးမကြီးပါ။
နိုင်ငံတော်တစ်ခုလုံးတွင် ရေပန်းစားလာမည့် ထူးခြားသည့် လက်ရာတစ်ခုမှာ သိန်းချီသောပမာဏဖြင့် တိုင်းတာလို့ရသောအရာ မဟုတ်ပေ။
လင်းဖန်၏ ဇာတ်ညွှန်းက အလွန်ရေပန်းစားပြီး ယွဲ့ဟွာလက်အောက်က နာမည်ကျော်များကလည်း အလွန်ရေပန်းစားပါသည်။
စီအီးအိုလီ၏ အမြော်အမြင်ကလည်း ပြောင်မြောက်လှသည်ဟု ပြောရမည်။ လင်းဖန်၏ တန်ဖိုးကို နားလည်ပြီးနောက် ချက်ချင်းတိုက်ခိုက်ခဲ့သည်။
ကျောက်လွေ့က ဒီအခွင့်အရေးကို ဆုံးရှုံးသွားလျှင် လင်းဖန်ကို ခေါ်ဖို့ လွယ်ကူတော့မှာ မဟုတ်မှန်း သိပါသည်။
အများဆုံး သက်သာနိုင်ဖို့ သူမ ဘာလုပ်သင့်သနည်း။
အားလုံး ကျောက်လွေ့၏ နောက်ထပ်အစီအစဥ်ကို စောင့်နေကြပါသည်။
ကျောက်လွေ့က အကြာကြီးစဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "စစ်သူကြီးနဲ့ကျွန်မကို လက်လျှော့လိုက်ရအောင်။ အခု စစ်သူကြီးနဲ့ကျွန်မက ဘဝရဲ့ပျော်ရွှင်မှုနဲ့ ယှဥ်ဖို့ မဖြစ်နိုင်တော့ဘူး။ စစ်သူကြီးနဲ့ ကျွန်မကို ကောင်းကောင်း ရိုက်ကူးထားတယ်ဆိုပေမယ့် ဘဝရဲ့ပျော်ရွှင်မှုနဲ့ လုံးဝ မယှဥ်နိုင်ဘူး။"
"ယွဲ့ဟွာဘယ်လိုပြောင်းလဲသွားသလဲ ငါမသိတော့ဘူး။ ယွဲ့ဟွာမှာ ဘယ်လိုဆရာမျိုး ရှိနေသလဲဆိုတာလည်း မပြောနိုင်တော့ဘူး။ ငါအတည်ပြုနိုင်တာကတော့ လင်းဖန် ယွဲ့ဟွာကို ရောက်လာကတည်းက ယွဲ့ဟွာ ပြောင်းလဲလာတယ် ဆိုတာပဲ။"
"အဲ့တာကြောင့် ငါတို့ ကုမ္ပဏီလည်း အဲ့လိုမျိုး ထူးချွန်တဲ့ ဇာတ်ညွှန်းရေးဆရာမျိုးကို ခေါ်ဖို့ လိုအပ်တယ်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က နောက်ပိုင်း ဇာတ်ညွှန်းသစ်တစ်ခု ထပ်ရေးလောက်ပြီး ငါတို့လည်း သူနဲ့အတူ အလုပ်တွဲလုပ်ဖို့ အခွင့်အရေး ရှိလောက်သေးတယ်။ ငါတို့ တစ်ခေါက် ကျရှုံးသွားတာက ဘာမှမဖြစ်ဘူး။ အရေးအကြီးဆုံးက ဒီကျရှုံးမှုအပြီးမှာ အောင်မြင်ဖို့ လမ်းစ ထပ်ရှာဖို့ပဲ။" ကျောက်လွေ့က ပြောလိုက်သည်။
ဝန်ထမ်းက ဆက်ပြောသည်။ "ဘော့စ်ကျောက် ဒါပေမယ့် ကျွန်တော်တို့ လင်းဖန်ကို နာမည်ဖျက်ဖို့ အရင်က ရေပန်းစားအကြောင်းအရာတွေကိုတောင် ဝယ်ခဲ့တယ်လေ...။”
ကျောက်လွေ့က ပြုံးကာ ပြောလိုက်သည်။ "အဲ့တာငါ့အပြစ်ပါ။ ငါကိုယ်တိုင် လင်းဖန်ကို တောင်းပန်ပြီး သူ့ကို ညစာလိုက်ကျွေးလိုက်မယ်။ ငါတို့ကုမ္ပဏီလက်အောက်မှာလည်း နာမည်ကျော် တော်တော်များများ ရှိပါတယ်။ ငါတို့လင်းဖန်နဲ့ ဆက်ပြီး ပြိုင်နေမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး ထင်တယ်။ ငါတို့ အတူတူ အလုပ်လုပ်မှပဲ အနိုင်ရနိုင်မယ်။ ငါသေချာပေါက် သူ့ကို နာမည်ဖျက်မိတဲ့အတွက် တောင်းပန်ရမယ်။”
"တစ်ချိန်တည်းမှာပဲ ငါတောင်းပန်တာကို ပြသတဲ့အနေနဲ့ လင်းဖန်ကို ပိုက်ဆံနည်းနည်းပေးလိုက်မယ်။ လင်းဖန်ကို အရင်က အထင်သေးခဲ့မိတယ်။ လင်းဖန် ချန်းဟုန်ကွမ်ကို တစ်ရက်တည်းနဲ့ ချေမှုန်းလိုက်ကတည်းက ငါသတိထားခဲ့သင့်တာ။ လင်းဖန်က တကယ်ပဲ သာမန်လူ မဟုတ်ဘူးပဲ။"
"ငါ့အမြင်မှာတော့ ဇာတ်ညွှန်းရေးတာဖြစ်ဖြစ် ဒါရိုက်တာလုပ်တာဖြစ်ဖြစ် နောက်ဆက်တွဲ ထုတ်လုပ်ရေးအပိုင်းမှာပဲဖြစ်ဖြစ် ပြီးတော့ အသံသွင်းတဲ့အပိုင်းတွေမှာတောင် လင်းဖန်နဲ့ ပတ်သတ်နေလိမ့်မယ်။"
"စဥ်းစားကြည့်လိုက်စမ်းပါ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က ဒီလောက် ရင်းနှီးတာ။ သူက အရမ်းချမ်းသာတယ်၊ ဒါတောင် အနုပညာလောကထဲ ဝင်လာတုန်းပဲ။ သေချာပေါက် သူအကုန်သိတယ်။ လင်းဖန်က ရှားဝမ်ချွေ့အတွက် အသန်မာဆုံး အထောက်အကူပဲ။" ကျောက်လွေ့က ပြောလိုက်ပါသည်။
ကျောက်လွေ့၏ လေ့လာဆန်းစစ်ချက်ကို ကြားပြီးသောအခါ ဂျွိုင်းမီဒီယာ၏ ဝန်ထမ်းများစွာ အံ့သြကုန်ကြပါသည်။
ဘော့စ်ကျောက်က တကယ်ပဲ ထက်မြက်သည်။ သူမ ဆန်းစစ်လေ့လာတာ အလွန်ကောင်းပါသည်။
ဖြစ်နိုင်ချေက အလွန်နည်းသော်ငြားလည်း ဒီလိုသာဆို အားလုံးအဓိပ္ပာယ်ရှိသွားပါမည်။
လင်းဖန်က လူထု၏ ဝေဖန်မှုကို ခံရတာတောင် တစ်ခွန်းမဟခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် လင်းဖန်က အစကတည်းက သူတို့ထက် ပိုမြင့်သော နေရာတွင် ရှိနေခဲ့သောကြောင့် ဖြစ်ပါသည်။
လင်းဖန်က သူ့အလုပ်ကို အကြွင်းမဲ့ ယုံကြည်ချက် ရှိသည်။ သူ့တွင် ပြောင်မြောက်သော လက်ရာများရှိနေသေးသရွေ့ ကောလဟာလများ ပျောက်ကွယ်သွားပါလိမ့်မည်။
တစ်နည်းအားဖြင့်...
လင်းဖန်၏ အစွမ်းအစက သေချာပေါက် အပြင်ပိုင်းမှာ မြင်ရသလောက်ပဲမဟုတ်ပေ။
လင်းဖန်၏ ဉာဏ်ထက်မြက်မှုနဲ့ အသိပညာကြောင့် ဂျွိုင်းမီဒီယာာ၏ စီအီးအို ကျောက်လွေ့ ထိတ်လန့်ကာ အထင်ကြီးသွားမိသည်။
လင်းဖန်လို ပါရမီရှင်စစ်စစ်က တရုတ်နိုင်ငံတစ်ခုလုံးမှာတောင် ရှားပါးပါသည်။