အခန်း(၁၀၄) ဇာတ်ညွှန်းရေးဆရာအစစ် လင်းဖန်
Vol. 7 Ch. 104
အခန်း(၁၀၄) ဇာတ်ညွှန်းရေးဆရာအစစ် လင်းဖန်
ရုတ်ခြည်းဆိုသလို ဝေ့ပေါ်ပေါ်တွင် ပထမဆုံး ရေပန်းစားသည့် အကြောင်းအရာတစ်ခု ပေါ်လာခဲ့ပါသည်။
ရေပန်းစားသည့် အကြောင်းအရာ၏ နာမည်က...
(လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းရေးဆရာပေါ့)
တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့စဥ်က ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းရေးဆရာမှာ လင်းဖန်ဖြစ်ကြောင်း တစ်ခါတည်း ရေးသားထားပြီးသား ဖြစ်သည်။ သို့သော်လည်း ထိုအချိန်တုန်းက လူတော်တော်များများ သတိမထားမိခဲ့ကြပေ။ သူတို့၏ အာရုံစိုက်မှုအများစုက ခေါင်းဆောင်မင်းသား လင်းဖန်ဖြစ်နေခြင်းနှင့် ခေါင်းဆောင်မင်းသမီး ရှားဝမ်ချွေ့အပေါ်မှာသာ ရှိကြပါသည်။
ရေပန်းစား သရုပ်ဆောင်များစွာနဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပင် ပါကြသည်။ ထိုသရုပ်ဆောင်များက ဘဝရဲ့ပျော်ရွှင်မှုကို ဖြစ်တည်လာစေခဲ့သည်။ ထို့ကြောင့် အားလုံးက ရုပ်သံဒရမ်မာ၏ ဇာတ်ညွှန်းရေးဆရာကို လျစ်လျူရှုခဲ့ကြပါသည်။
ခုတော့ ဘဝရဲ့ပျော်ရွှင်မှု၏ ရေပန်းစားမှုနဲ့ဆို ဒီရုပ်သံဒရမ်မာက ထိပ်တန်းရေပန်းစားစာရင်းထဲ အကြိမ်ပေါင်းများစွာ ရောက်နေပြီးပါပြီ။
နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းရေးဆရာက လင်းဖန်ဖြစ်ကြောင်း သတိထားမိသွားပြီး ပရိသတ်ကလည်း စိတ်ဝင်စားသွားကြသည်။
အင်တာနက်ပေါ်တွင် ကောမန့်များစွာ ပေါ်လာ၏။ အားလုံးက လင်းဖန်ကို ချီးကျူးနေကြခြင်း ဖြစ်ပါသည်။
"လခွမ်း လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းဆရာတဲ့။ လင်းဖန်က တော်လိုက်တာ။ သူရေးထားတဲ့ ဇာတ်ညွှန်းက အရမ်းကောင်းတာပဲ။"
"အဲ့ဒီအကျင့်မကောင်းတဲ့ လင်းဖန်ကတော့။ တကယ်ကြီး ငါနေ့တိုင်းကြည့်ရတဲ့ ဒရမ်မာအတွက် ဇာတ်ညွှန်းကို ရေးပေးထားတာပဲ။ ငါဒရမ်မာမကြည့်ဖြစ်ရင် နေလို့ မကောင်းတော့ဘူး။”
"လင်းဖန်က တကယ်တော်တာပဲ။ သူ့သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းပြီး အခု ဆရာအဆင့် ဇာတ်ညွှန်းရေးဆရာ ဖြစ်နေပြီ။”
"ဟုတ်သားပဲ။ ငါသိသွားပြီ။ လင်းဖန်က ယွဲ့ဟွာလက်အောက်က ရွှေတံဆိပ် ဇာတ်ညွှန်းရေးဆရာတစ်ယောက်ပဲ။ သူက လူသစ်ဇာတ်ညွှန်းရေးဆရာဆိုပေမယ့် အစွမ်းအစက မြင့်လိုက်တာ။”
"လင်းဖန်က တကယ်ပဲ သာမန်လူ မဟုတ်ဘူးပဲ။ လင်းဖန်က တခြားလက်ရာတွေကော ရေးဖြစ်ဦးမှာလား။ ငါမျှော်နေမိပြီ။ ဘဝရဲ့ပျော်ရွှင်မှု မြန်မြန်တင်ပေးရင် ကောင်းမှာပဲ။”
ကောမန့်ပေါင်းစုံပေါ်လာခဲ့ပါသည်။
ထူးချွန်သည့် ဇာတ်ညွှန်းရေးဆရာတစ်ယောက်က နိုင်ငံတော်တစ်ခုလုံး၏ ရုပ်ရှင်လောကကို အဆင့်မြှင့်တင်ပေးရာတွင် အလွန်အရေးပါသည်။
တစ်ချိန်တည်းမှာပင် ဖျော်ဖြေရေးကုမ္ပဏီအားလုံးက လင်းဖန်ကို သတိထားမိလာပါသည်။
ဟွမ်ရွေ့၊ ဝမ်မိန့်၊ ရှင်းလီ၊ ကျားရှင်း၊ ကျန်းဝု၊ ဟွာစဲနဲ့ တခြား ကုမ္ပဏီများပေါင်းစုံက လင်းဖန်လို ရွှေတံဆိပ် ဇာတ်ညွှန်းရေးဆရာတစ်ယောက် တည်ရှိနေကြောင်း သိသွားကြပါသည်။
ကုမ္ပဏီကြီး အားလုံးနီးပါးက လင်းဖန်ကို ဆက်သွယ်နေကြသည်။
"ဟယ်လို မစ္စတာလင်း ကျွန်တော်တို့က ဟွမ်ရွေ့က ဝန်ထမ်းတွေပါ။ ခုတလော ဇာတ်ညွှန်းသစ် ရေးထားသေးလား သိချင်လို့ပါ။ ခင်ဗျားရေးတဲ့ ဇာတ်ညွှန်းက အရမ်းကောင်းတာပဲ။ ဘဝရဲ့ပျော်ရွှင်မှု နာမည်ကြီးတာက ခင်ဗျားရဲ့ဇာတ်ညွှန်း မပါရင် ဖြစ်မလာပါဘူး။”
"မစ္စတာလင်း ကျွန်တော်တို့က ကျားရှင်းရဲ့ ဝန်ထမ်းတွေပါ။ အရင်တုန်းက ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းကို ဝယ်ဖို့ မေးခဲ့သေးတယ်လေ။ ကျွန်တော်တို့နဲ့ အလုပ်လုပ်ချင်ရင် ကျွန်တော်တို့ဆီ လာလို့ရပါတယ်။ ကျွန်တော်တို့ကုမ္ပဏီက ခင်ဗျားရဲ့ ဇာတ်ညွှန်းကို ဒီလောကထဲမှာ အမြင့်ဆုံးစျေးပြီး ဝယ်မှာပါ။"
"မစ္စတာလင်း ရှင်းလီကို ဇာတ်ညွှန်းရေးဆရာ လာလုပ်ဖို့ စိတ်ဝင်စားလားဗျ။ ဇာတ်ညွှန်းကြေး ကောင်းကောင်း ပေးမှာပါဗျာ။”
ကုမ္ပဏီပေါင်းစုံက ရူးသွပ်ကုန်ကြပြီး လင်းဖန်ကို ဆက်သွယ်လာကြသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က ပါရမီရှင်တစ်ယောက်မဟုတ်လား။ သူတို့ လင်းဖန်နဲ့ စာချုပ်တစ်ခုချုပ်နိုင်တာနဲ့ လင်းဖန်ရေးပေးသည့် ဇာတ်ညွှန်းများမှာ ထိုကုမ္ပဏီများ ရုပ်သံဒရမ်မာကောင်းတစ်ခု ဖန်တီးနိုင်ဖို့ လုံလောက်ပါသည်။
လင်းဖန်၏ တန်ဖိုးက အခုဆို အလွန်သိသာနေပါပြီ။
တစ်ချိန်တည်းမှာပင် ဂျွိုင်းမီဒီယာ၏ ကျောက်လွေ့က လင်းဖန်ကို ဆက်သွယ်လာသည်။
"မစ္စတာလင်း အရင်တုန်းက ဖြစ်ခဲ့တာတွေအတွက် ကျွန်မတို့တောင်းပန်ပါတယ်။ အလုပ်တူတူ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒရှိရင် ကျွန်မတို့ကုမ္ပဏီက ရှင်နဲ့အတူ ပူးပေါင်းပြီး IP အသစ်တစ်ခု ဖန်တီးဖို့ ဆန္ဒရှိပါတယ်။” ကျောက်လွေ့က ပြောလိုက်ပါသည်။
ဖျော်ဖြေရေးကုမ္ပဏီထဲက အားလုံးနီးပါးသည်လည်း လင်းဖန်ကို သတိထားမိသွားကြသည်။
လင်းဖန်က ညတွင်းချင် နာမည်ကျော်သွားသည့် စူပါစတားအစစ်တစ်ယောက်လိုပင်။
လင်းဖန်ကို သတိထားမိသွားတာ ပရိသတ်တင်မကသေးပါ။ ဖျော်ဖြေရေးကုမ္ပဏီများ၏ အထက်လူကြီးများကတောင် လင်းဖန်က ဘယ်လောက် အရေးပါမှန်း သိသွားကြပါသည်။
လင်းဖန်က ၎င်းတို့၏ ကုမ္ပဏီများကို တန်ဖိုးပိုမြင့်လာအောင် လုပ်ပေးနိုင်သည်။
လင်းဖန်က ယွဲ့ဟွာ၏ ဝန်ထမ်းဖြစ်နေရင်တောင် သူတို့လင်းဖန်ကို ဆက်သွယ်ပြီး ဇာတ်ညွှန်းကောင်းတစ်ခု ဖန်တီးခိုင်းပါသည်။
ယွဲ့ဟွာတွင်။
လင်းဖန်က ရုံးခန်းထဲတွင် ဇာတ်ညွှန်းအသစ်တစ်ခု ရေးသားနေပါသည်။
ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲက ရေပန်းစားလာပြီဖြစ်သဖြင့် လင်းဖန်က ဒုတိယတွဲကို ပြင်ဆင်နေပါသည်။ ထို့အပြင် "ဓားနဲ့နတ်သမီးရာဇဝင်" ဇာတ်ညွှန်းကိုလည်း ရေးနေပါသေးသည်။
ထိုဖျော်ဖြေရေးကုမ္ပဏီများ၏ ဖိတ်ကြားစာ အများစုကိုတော့ လင်းဖန် လျစ်လျူရှုလိုက်ပါသည်။ တစ်ချိန်လုံး သူအလုပ်များနေ၏။ အမှန်ပင်။ လင်းဖန်က ပျင်းရိနေခြင်းသာဖြစ်သည်။ သူ့ဇာတ်ညွှန်းကမ္ဘာထဲမှာ နစ်မြောရင်း ဇာတ်ညွှန်းရေးရတာ မဆိုးလှပါ။
အရေးအကြီးဆုံးက သူပိုက်ဆံရနိုင်သည်။ ဇာတ်ညွှန်းရေးပြီး ရုပ်ရှင်ရိုက်ကူးလိုက်ရုံနဲ့ ပိုက်ဆံအများကြီး ရနိုင်ပါသည်။
"လင်းဖန် မင်းဒီမှာ ဇာတ်ညွှန်းတွေ ရေးနေတုန်းပဲလား။" ရှုယန်က လင်းဖန်၏ ရုံးခန်းတံခါးကို ခေါက်ပြီး ပြုံးလိုက်ပါသည်။
"အေး" လင်းဖန်က နောက်ပြန်မလှည့်ဘဲ ခေါင်းငြိမ့်လိုက်ပါသည်။
"လင်းဖန် မင်းကိုဆက်သွယ်ပြီး စာချုပ်ချုပ်ချင်နေတဲ့ တခြား ဖျော်ဖြေရေးကုမ္ပဏီသုံးခု ရှိသေးတယ်။ မင်းနဲ့ တွေ့ချင်တဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ ဟွမ်ရွေ့မီဒီယာက မင်းနဲ့စာချုပ်ချုပ်ဖို့ တစ်နှစ်စာ သန်း၂၀ ကမ်းလှမ်းတယ်လို့ ကြားတယ်။ သူတို့အတွက် တစ်နှစ်ကို ဇာတ်ညွှန်း နှစ်ပုဒ်ရေးပေးရုံပဲတဲ့။" ရှုယန်က ပြောလိုက်သည်။
"သန်း ၂၀ ဟုတ်လား။" လင်းဖန်က ပြန်မေးလိုက်သည်။
"စိတ်ဝင်စားသွားပြီလား" ရှုယန်က လင်းဖန်ကိုကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ယွမ် သန်း ၂၀ ဆိုတာ မနည်းပေ။ ထို့အပြင် တစ်နှစ်ကို သန်း ၂၀ ဖြစ်သည်။ လင်းဖန် ဟွမ်ရွေ့မီဒီယာသို့ သွားပြီး ဇာတ်ညွှန်းရေးဆရာလုပ်ကာ တစ်နှစ်ကို ဇာတ်ညွှန်းအနည်းငယ် ရေးပေးဖို့သာ လိုအပ်ပါသည်။
"စိတ်မဝင်စားပါဘူး" လင်းဖန်က ခေါင်းခါလိုက်ပါသည်။
"ဟားဟား အဲ့မှာ ရှားဝမ်ချွေ့လောက်လှတဲ့ ကောင်မလေးတွေမရှိလို့လား။" ရှုယန်က ပြုံးကာ ပြောလိုက်ပါသည်။
လင်းဖန်က ရှုယန်ကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြုံးလိုက်ပါသည်။ "မဟုတ်ပါဘူး။ ယွမ် သန်း ၂၀ ဆိုတာ များလို့လား။"
ရှုယန် "လင်းဖန် ယွမ် သန်း ၂၀ က မများဘူးလား။”
လင်းဖန်က ခေါင်းခါလိုက်ပြီး ဆက်ပြောလိုက်ပါသည်။ "လောလောဆယ် ငါ နှစ်တိုင်းရနေတဲ့ အိမ်ငှားခနဲ့ အစုပေါ်အမြတ်တွေက ယွမ် သန်း ၁၀၀ - ၂၀၀ ဝန်းကျင်ရှိတယ်။ တစ်နှစ်ကို ယွမ် သန်း၂၀ ပေးပြီး စာချုပ်ချုပ်ချင်ကြတယ်ပေါ့။ ပြီးတော့ ငါ့ဇာတ်ညွှန်းနှစ်ပုဒ်ကိုတောင် လိုချင်နေသေးတယ်။ ဒါ ရှားဝမ်ချွေ့နဲ့ ဘာမှမဆိုင်ပါဘူး။ ရှားဝမ်ချွေ့ မရှိရင်တောင် ဟွမ်ရွေ့မီဒီယာရဲ့ ကမ်းလှမ်းချက်ကြောင့် ငါတုန်လှုပ်မှာ မဟုတ်ဘူး။”
ရှုယန် "...”
လင်းဖန်နဲ့ စကားပြောရတာ သူရှုံးနိမ့်နေသလို ရှုယန်ခံစားမိပါသည်။
အခုမှ လင်းဖန်မှာ ဇာတ်ညွှန်းရေးဆရာ၊ စားသောက်ဆိုင်ပိုင်ရှင်၊ သရုပ်ဆောင်ဆိုတာတွေထက် တခြားအလုပ်များစွာ ရှိသေးမှန်း သူသိလိုက်ရပါသည်။
လင်းဖန်က အိမ်ရှင်ကြီးတစ်ယောက်ဖြစ်သည်။
နှစ်စဥ် ရနေတဲ့ အိမ်ငှားခကလည်း ယွမ် သန်း ၁၀၀ - ၂၀၀ ဝန်းကျင်တဲ့။
ထိပ်တန်း သရုပ်ဆောင်များအတွက်တောင် တစ်နှစ်တည်းနဲ့ ဒီလောက်ပိုက်ဆံအများကြီး ရနိုင်ဖို့က ခက်ခဲလှပါသည်။ ကမ္ဘာကြီးထဲက သရုပ်ဆောင်အများစုက သရုပ်ဆောင်ရင်း သန်း ဆယ်ချီပြီးသာ ရနိုင်သည်။ ရာနဲ့ ချီပြီး မရနိုင်ပါ။
သို့သော်လည်းလင်းဖန်ကတော့ အံ့သြဖို့ကောင်းလွန်းပါသည်။
ရှုယန်က ရှားဝမ်ချွေ့ကို ပိုးပန်းမှု ရပ်တန့်လိုက်ပြီးနောက် ထပ်ပြီး အရှက်မခွဲခံရတော့ဘူးဟု ထင်ထားခဲ့သည်။ လင်းဖန် တိုက်ခိုက်တာ ခံရဖို့ဆို ပိုဝေးပါသည်။
လင်းဖန်နဲ့ စကားခဏပြောလိုက်ပြီးနောက် ရှုယန် တရားရသွားပါသည်။
သူလည်း ကြယ်ပွင့်ကြီးတစ်ယောက်ပါ...
ဘာလို့ လင်းဖန်နဲ့ သူနဲ့ ကမ္ဘာခြားနေသလို ဘာြဖစ်လို့ ခံစားနေရတာပါလိမ့်။
လင်းဖန်က ဇာတ်ညွှန်းဆက်ရေးရင်း လက်ဖက်ရည်သောက်လိုက်သည်။ သူပြောလိုက်၏။ "ဟုတ်တာပေါ့။ ရှားဝမ်ချွေ့ရှိနေတာက ငါ ဒီမှာ ရှိနေရတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပါပဲ။"
"ပိုက်ဆံနဲ့ တခြားကိစ္စတွေက အရေးမကြီးဘူး။”
ရှုယန်က လင်းဖန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ လင်းဖန်က သူနဲ့တစ်ကမ္ဘာတည်းမှာ မရှိတော့ဘူးဟု ခံစားလိုက်ရသည်။
ရှုယန်သည် ကြိုးစားခဲ့၏။ ရှုယန်ရဲ့ အိမ်မက်က သရုပ်ဆောင်အိပ်မက်အပြင် သူ့အကြီးမားဆုံးပန်းတိုင်က ပိုက်ဆံရဖို့ဖြစ်သည်။
သို့သော်လည်း လင်းဖန်၏ ပန်းတိုင်က ပိုက်ဆံရဖို့မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော်... ဒါက သူဌေးများ၏ လောကဖြစ်နေသောကြောင့်ပင်။