အခန်း(၁၀၇) ရှားဝမ်ချွေ့ဝန်ခံလိုက်ပြီလား
Vol. 8 Ch. 107
အခန်း(၁၀၇) ရှားဝမ်ချွေ့ဝန်ခံလိုက်ပြီလား
ထို့နောက် ဗီဒီယိုတစ်ခု တက်လာခဲ့ပါသည်။
လင်းဖန် ရှားဝမ်ချွေ့ဆီသွားလည်ပြီးနောက် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်း ဖြစ်သည်။
လင်းဖန်က ရှားဝမ်ချွေ့ကို ပန်းပေးကာ သူမကို ဦးထုပ်ဆောင်းပေးလိုက်သည်။
သို့သော်လည်း ထိုလုပ်ရပ်သေးသေးလေးကြောင့် မိန်းကလေးများစွာ မနာလိုဖြစ်ကုန်ကြ၏။
လင်းဖန်သာ သူတို့အပေါ် ဒီလိုနွေးထွေးလျှင်...။
"မဖြစ်နိုင်ပါဘူး။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးက အဲ့လောက်ကောင်းလို့လား။”
"ဒီမှာ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က အထက်တန်းကျောင်းမှာကတည်းက အတန်းဖော်တွေလေ။ သူတို့ဆက်ဆံရေးက အရမ်းကောင်းတယ်။ သူတို့ အကြင်နာပေးခန်းရိုက်တော့ အရမ်းအခြေအနေတွေ ကောင်းနေတာ။ တကယ့် စုံတွဲတွေအတိုင်းပဲ။”
“လခွမ်း... ဒါဆို လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးက တကယ့်ကို သာမန်ထက်ပိုတယ်ဆိုတဲ့ သဘောလား။ ပြီးတော့ သူတို့ဓာတ်ပုံတွေကလည်း အများကြီးရှိတယ်။”
"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့သာ တွဲနေကြတာဆိုရင် ငါအရင်ဆုံး ကန့်ကွက်မှာ၊ လင်းဖန်က အရမ်းချောပေမယ့် ငါတို့ချွေ့ချွေ့လေးက နတ်သမီးလေးလိုပဲ။ ဘယ်သူမှ သူနဲ့မတန်ဘူး။"
မရေမတွက်နိုင်သော ကောမန့်များက တစ်ချိန်တည်းမှာပဲ ပွက်လောရိုက်ကုန်ကြပါသည်။
ရှားဝမ်ချွေ့ လင်းဖန်နဲ့ သတင်းထပ်ထွက်လာပြန်ပြီ။ ဒီလိုသတင်းမျိုးက ရှားဝမ်ချွေ့အတွက် မကောင်းနိုင်ပါ။
အမျိုးသမီးအနုပညာရှင်တစ်ယောက် သတင်းဆိုးများစွာ ထွက်လာပါက ပရိသတ်များ လျော့သွားရုံသာရှိမည်။
အနုပညာလောကတွင် ပရိသတ်များစွာက မိန်းကလေးများနဲ့ ပတ်သတ်လာလျှင် တင်းကြပ်ကြသည်။
မိန်းကလေးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာ ဘဝက အလွန်ရှုပ်ထွေးနေပါက နောက်တစ်ခေါက် ထပ်ပြီး ပွဲထွက်နိုင်မှာ မဟုတ်တော့ပါ။
ရှားဝမ်ချွေ့၏ မကောင်းသတင်းကြောင့် လုပ်ငန်းနဲ့ ကြော်ငြာသမားများလည်း သူမကို သဘောမကျဖြစ်လာနိုင်သည်။ ရှားဝမ်ချွေ့၏ ထောက်ခံချက်များကိုပင် ရုတ်သိမ်းလိုက်နိုင်သည်။
ထိုကဲ့သို့ ဖိအားမျိုးနဲ့ ရင်ဆိုင်လာရသောအခါ ရှုထောင့်ကဏ္ဍမျိုးစုံက ဖိအားများကိုလည်း ရှားဝမ်ချွေ့ ထပ်ပြီး ရင်ဆိုင်ရနိုင်သည်။
အစကတော့ ရှားဝမ်ချွေ့ ရှေ့ထွက်လာပြီး ရှင်းလင်းမည်ဟု အားလုံးထင်ထားခဲ့၏။
သူမ မလုပ်ခဲ့ပါ။
လင်းဖန်ကလည်း မရှင်းခဲ့ပေ။
သူတို့နှစ်ယောက် အချင်းချင်း မပြောဘဲ နားလည်ကြပြီး တစ်ယောက်အကြောင်း တစ်ယောက် မရှင်းကြတော့ပါ။
"ကောင်မလေး။ အင်တာနက်ပေါ်က သတင်းဆိုးတွေကို ကြည့်ပါဦး။ ချွေ့ချွေ့ အဲ့ဒီသတင်းဆိုးတွေက နင့်အတွက် မကောင်းဘူးနော်။ နင် လိမ်ပြီး ရှင်းရမယ်ဆိုရင်တောင် အဲ့ဒီကောလဟာလတွေကို ပျောက်သွားအောင် လုပ်လို့ ရတာပဲ။ မဟုတ်ရင် ကြော်ငြာသမားနဲ့ ရင်းနှီးမြှုပ်နှံသူတွေက နင့်ကို သဘောမကျ ဖြစ်လာလိမ့်မယ်နော်။" ယန်ချင်းက အလွန်စိတ်ဖိစီးနေပါသည်။
သူမလည်း ရှားဝမ်ချွေ့၏ အကျင့်စရိုက်ကို သိပါသည်။ ပြောင်းလဲဖို့ အလွန်ခက်ခဲ၏။ သို့သော်လည်း သူမနဲ့ လင်းဖန်တို့အကြောင်း ဆက်တိုက်သတင်းမျာား ထွက်နေသဖြင့် ကုမ္ပဏီ၏ လူထုဆက်ဆံရေးဌာနကတောင် ရေပန်းစားအကြောင်းအရာများကို မထိန်းနိုင်တော့ပါ။
ရှားဝမ်ချွေ့က ခေါင်းခါပြီး ပြောလိုက်ပါသည်။ "ကျွန်မ မရှင်းချင်ဘူး။ သူတို့ပြောတာ... အမှန်ပဲလေ။"
ရှားဝမ်ချွေ့ ထိုစကားကို ပြောလိုက်သောအခါ ယန်ချင်း မှင်သက်သွားပါသည်။ ရုံးတံခါးရှေ့ ဖြတ်သွားသည့် ရှုယန်လည်း ကြက်သေ သေသွားသည်။
သူနောက်ဆုတ်ဖို့ ရွေးချယ်ခဲ့တာတောင်မှ မတတ်နိုင်သေးပါ။
သို့သော်လည်း ယောက်ျားလေးတစ်ယောက်၏ နှလုံးသားထဲ မိန်းကလေးတစ်ယောက် ရောက်လာသောအခါ ထိုခံစားချက်များက ချက်ချင်း အလွယ်တကူ ပျောက်မသွားနိုင်ပါ။
ရှားဝမ်ချွေ့ကိုယ်တိုင် ဝန်ခံံလိုက်တာကို ရှုယန်ကြားလိုက်ရသောအခါ ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်ပါသည်။
ရှားဝမ်ချွေ့ ကိုယ်တိုင် ဝန်ခံသွားပြီ။
ပရိသတ်များက အမှန်တရားကို ပြောနေကြခြင်းဖြစ်သည်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တကယ်တွဲနေကြတာလား။
သူ့မှာ တကယ်ပဲ လုံးဝ အခွင့်အရေး မရှိတော့ဘူးလား။
ရှုယန် တဖြည်းဖြည်းနဲ့ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး ဘာမှမကြားချင်ယောင်ဆောင်လိုက်ပါသည်။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ အလုပ်ဆက်လုပ်နေလိုက်ပါသည်။
'ချွေ့ချွေ့....နင်... တဲ့တိုးကြီး ဝန်ခံလို့မရဘူးလေ။"
"နင် လင်းဖန်နဲ့ ဆက်ဆံရေးကောင်းတာ ငါသိပါတယ်။ ဒါပေမယ့် ဒါက နင့်လုပ်ငန်းနဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်နော်။ နင်ပြန်စဥ်းစားရမယ်။”
"နင်မရှင်းချင်ရင်တောင် နောက်တစ်ခေါက် လင်းဖန်နဲ့ ချိန်းတွေ့တဲ့အခါ သတိထားရမယ်။ နောက်တစ်ခေါက်သာ လူထပ်မိသွားရင်..." ယန်ချင်းက ပြောလိုက်သည်။
"အစ်မယန် ကျွန်တော်တာဝန်ယူပါ့မယ်။" လင်းဖန် ကပြုံးလိုက်သည်။
"ကြော်ငြာသမားတွေနဲ့ ကုမ္ပဏီတွေက သူ့ကို မခေါ်ချင်တော့တဲ့အခါ သူ့ကို ခေါ်ချင်လာအောင် လုပ်ဖို့ နည်းလမ်း ကျွန်တော့်မှာ ရှိပါတယ်။" လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့ဘေးတွင် ရပ်လိုက်ပါသည်။
လင်းဖန်ကို မြင်လိုက်တော့ ရှားဝမ်ချွေ့ပါးပြင်များ အနည်းငယ် နီရဲသွားပါသည်။
ယန်ချင်းလည်း သက်ပြင်းချလိုက်တော့သည်။ သူမ ရွေးချယ်စရာမရှိဘဲ ထွက်သွားရတော့သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို ဘာဆက်ပြောရမှန်း သူမ မသိတော့ပါ။
သူတို့အချစ်ရေးကို လူသိထင်ရှား ထုတ်ပြပြီး သူမရှေ့မှာတောင် မရှောင်တော့ပါ။ မန်နေဂျာတစ်ယောက်အနေဖြင့် သူမ စိတ်ပျက်လက်ပျက်သာ ကြည့်နေနိုင်တော့သည်။
ချစ်မိသွားတဲ့လူတွေက ဒီတိုင်းပဲလား။
ယန်ချင်း မျက်နှာထပ်ပူလာသလို ခံစားမိပါသည်။
ထားလိုက်ပါတော့။ တကယ် အဆင်မပြေပါက သူတို့ဆက်ဆံရေးကို တရားဝင်ကြေညာလိမ့်မည်။
ဒီလိုဆို လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့နှစ်ယောက် သူတို့အချစ််ရေးကို ပွင့်ပွင့်လင်းလင်း ထုတ်ပြနိုင်လိမ့်မည်။ ထို့နောက် ရှုယန်နဲ့ ယန်ချင်းတို့ပဲ နာကျင်ရုံမကဘဲ မရေမတွက်နိုင်သော ပရိသတ်များပါ နာကျင်သွားကြလိမ့်မည်။
ထိုပရိသတ်များသာ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နေ့တိုင်း ချစ်ကြည်နူးနေကြတာ မြင်သွားပါက နှလုံးသားများ ကွဲထွက်ကုန်လောက်သည်။
သူတို့နတ်သမီးလေးနဲ့ ညှို့အားပြင်းတဲ့မင်းသားလေးတို့ နေ့တိုင်း အတူတူရှိပြီး ရှက်စရာကောင်းတာတွေ မကြာခဏ လုပ်နေကြသည်။ လူတိုင်း မနာလိုမဖြစ်ဘဲ နေနိုင်ပါဦးမလား။
ယန်ချင််းလည်း ဒီအတိုင်း ထွက်လာခဲ့ပါသည်။
လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်ကာ ပြုံးလိုက်သည်။ "နင်ဘာပြောလိုက်တာလဲ။ ဝေ့ပေါ်ပေါ်က ပရိသတ်တွေပြောတာ အမှန်ပဲလား။”
ရှားဝမ်ချွေ့က နှုတ်ခမ်းစူကာ လင်းဖန်ကို စိတ်ဆိုးသော မျက်နှာထားဖြင့် ကြည့်လိုက်ပါသည်။ "သူတို့ပြောတာ မမှန်ဘူး။ ဖြေရှင်းရမှာ ပျင်းလို့။ ဟမ်း... နင်ဖြေရှင်းချင်ရင် ငါဖြေရှင်းပေးမယ်။”
လင်းဖန်က ပြုံးလိုက်ပြီး ပြောလိုက်ပါသည်။ "တကယ်တော့ ငါလည်း မဖြေရှင်းအားဘူး။ နင်အရင်ရှင်းလိုက်ပါ။”
ရှားဝမ်ချွေ့က ဒေါသထွက်စွာ ပြောလိုက်ပါသည်။ "နင်အရင်လုပ်ပါလား။”
လင်းဖန်က ပြောလိုကပ်၏။ "ဒါဆိုလည်း ထားလိုက်တော့လေ။ ငါတို့ ဘာမှ မရှင်းတော့ဘူး။”
ရှားဝမ်ချွေ့ "လူဆိုးကောင် နင်မရှင်းချင်လည်း ထားလိုက်တော့။ နင်ရှင်းချင်ရင်တောင် ရှင်းလို့ရမှာ မဟုတ်ဘူး။”
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ တောက်တောက်ပပ ပြုံးလိုက်ပါသည်။
တကယ်ပဲ ဖြေရှင်းဖို့ နည်းလမ်း မရှိတော့ပါ။
သို့သော်လည်း စုရှောင်းယွီလည်း ရှိနေသည်။ စုရှောင်းယွီက ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး လှလည်း လှပါသည်။
လင်းဖန်က စုရှောင်းယွီကို ပန်းမပေးဘဲ ရှားဝမ်ချွေ့ကိုသာ ပေးခဲ့ပါသည်။
ဘဝရဲ့ပျော်ရွှင်မှုတွင် ပါဝင်သည့် အကြင်နာပေးခန်းနဲ့ ပေါင်းလိုက်ေသောအခါ လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို အခု ဘာပဲပြောပြော မှားနိုင်ပါသည်။
အရေးအကြီးဆုံးက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့လည်း ဘာမှဖြေရှင်းချင်သည့်ပုံစံမပေါက်တော့ပါ။
စုရှောင်းယွီက လင်းဖန်ရှေ့ပြေးလာပြီး သူ့ကိုကြည့်လိုက်ကာ နူးနူးညံ့ညံ့ မေးလိုက်ပါသည်။ "ဆရာဆရာ အစ်မဝမ်ချွေ့နဲ့ ဘယ်တော့ တွဲမှာလဲ။ နင်တို့ကို ထောက်ခံပေးမယ်နော်။"
"ကလေးတွေ ဝင်မပါနဲ့။"လင်းဖန်က စုရှောင်းယွီကို ကြည့်ကာ ပြုံးလိုက်ပါသည်။
"ဆရာာ ငါက ကလေးမှ မဟုတ်တော့တာ။ ငါ့အသက် ၂၂ နှစ်ရှိနေပြီ။ ရင်ဘတ်လည်း ကြီးလာပြီ။ ခြေထောက်တွေလည်း ရှည်လာပြီ။ ငါ့ကို ကလေးလို့ ဘာဖြစ်လို့ ခေါ်တာလဲ။" စုရှောင်းယွီက စိတ်ဆိုးသွားသည့်ပုံပင်။
"နင့်ရင်ဘတ်က ကြီးလာလို့လား။ ငါသိတောင်မသိဘူး။" လင်းဖန်က ကြည့်လိုက်ပြီး ခေါင်းခါလိုက်ပါသည်။ အရင်တုန်းကအတိုင်းပဲ ရှိနေပါသေးသည်။
"အာဝူး ဆရာ နင့်ကိုကိုက်မယ်။" စုရှောင်းယွီက ပို၍ပင် စိတ်ဆိုးသွားသည်။
"ငါအစ်မဝမ်ချွေ့ကို သွားပြောလိုက်တော့မယ်။ နင်သူ့မွေးနေ့အတွက် စပရိုက်လုပ်ဖို့ ပြင်ထားပြီး ခရစ်စတယ်လ်စားသောက်ဆိုင်မှာတောင် ဘိုကင်လုပ်ထားတဲ့အကြောင်းကိုပါ သွားပြောလိုက်မယ်။" စုရှောင်းယွီက စိတ်ဆိုးစွာ ပြောလိုက်သည်။
"အေးပါ အေးပါ။ နင့်ရင်ဘတ်ကြီးလာပါတယ်။ ဝက်ဝံကြီးတွေလို့ ခေါ်မယ်။" လင်းဖန်က ပြောလိုက်သည်။
"ဆရာ နင်တော်တော်ဆိုးတာပဲ။" စုရှောင်းယွီက မျက်နှာနီကာ လင်းဖန်ကို စိုက်ကြည့်လိုက်သည်။
"သူက အမြဲတမ်း ရိုးမန့်စ်လုပ်ချင်ခဲ့တာလေ... အဲ့တာကြောင့် သူ့မွေးနေ့ရောက်တဲ့အထိ စောင့်ပြီး အံ့သြသွားအောင် လုပ်ကြရအောင်။"
"ငါဖွင့်ပြောမလားဆိုတာကတော့ နင့်ဆရာငါက လောလောဆယ် အဆင့်အတန်း မမြင့်သေးဘူး။ ငါလုံလုံလောက်လောက် အဆင့်အတန်းမြင့်လာတဲ့အခါမှ သူ့ကို တကယ်ကာကွယ်နိုင်တဲ့အခါမှ သူပြေးလို့မလွတ်ပါဘူး။”
လင်းဖန်က အကြွင်းမဲ့ ယုံကြည်ချက်ဖြင့် ပြုံးလိုက်ပါသည်။
ဘဝရဲ့ပျော်ရွှင်မှုက သူ့ဇာတ်ညွှန်းရေး ခရီးစဥ်၏ အစသာရှိပါသေးသည်။ သူရေးထားသည့် နောက်ဆက်တွဲ ဇာတ်ညွှန်းတိုင်းကို အောင်မြင်သည့် ရုပ်သံစီးရီးများအဖြစ် ပြောင်းလဲရိုက်ကူးနိုင်လိမ့်မည်ဟု ယုံကြည်သည်။
သူ့ကြောင်မလေးကို ထိုအခါမှ ဖွင့်ပြောလည်း နောက်မကျလောက်သေးပါ။
မိန်းကလေးများကို ပိုးပန်းသည့်အခါ အရေးအကြီးဆုံးက အရိပ်အကဲကြည့်တတ်ဖို့ဖြစ်သည်။
အချိန်တန်ပြီဟု လင်းဖန်ခံစားရပါက လင်းဖန် တကယ် လှုပ်ရှားပါမည်။