အခန်း(၁၁၃) အတော်ဆုံးပါရမီရှင်
Vol. 8 Ch. 113
အခန်း(၁၁၃) အတော်ဆုံးပါရမီရှင်
လုပမ်ခိုင်းက ဝေ့ပေါ် ပို့စ်ကို ပြန်တင်လိုက်ပြီး ပြောလိုက်ပါသည်။ "တကယ်တော့ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်တချို့ကို ပရိသတ်ကို ပြောပြချင်ပါတယ်။”
"ကျွန်တော်က ဘဝရဲ့ပျော်ရွှင်မှုအတွက် ဒါရိုက်တာဖြစ်ပြီး အလုပ်အများကြီးအတွက် တာဝန်ရှိသူဆိုပေမယ့်လို့ ဒီရုပ်သံစီးရီး အရမ်းရေပန်းစားလာရတဲ့ အကြောင်းအရင်းက ကျွန်တော့်ကြောင့် မဟုတ်ဘဲ လင်းဖန်ကြောင့်ဖြစ်ပါတယ်။”
"ဒီရုပ်ရှင်စီးရီးထဲက ဆန်းသစ်တဲ့ ရိုက်ကူးနည်းလမ်းများစွာကို လင်းဖန်က ကျွန်တော့်ကို သင်ပေးသွားတာပါ။ ပြီးတော့လည်း ဒီရုပ်သံစီးရီးကို ရိုက်ကူးရေးလုပ်နေတုန်း လင်းဖန်က ကျွန်တော့်ကို အသေးစိတ် ကူညီပေးခဲ့တာတွေလည်း အများကြီး ရှိပါတယ်။ ကျွန်တော် လင်းဖန်ဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်။”
"လောလောဆယ် ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံစီးရီးက ကောင်းမွန်လွန်းတယ်။ အားလုံးကိုပြောချင်တာက ဒါတွေအားလုံး လင်းဖန်ကျေးဇူးကြောင့် ဆိုတာပါပဲ။ သူက နာမည်မယူချင်ပေမယ့် လင်းဖန်ရဲ့စရိုက်က တော်တော်လေးက ကောင်းတယ်လို့ ပြောရမယ်။ အဲ့တာကြောင့်လည်း ကျွန်တော်ပြောချင်တဲ့ အမှန်တရားဆိုတာ ဒါပါပဲ။ လင်းဖန်ကြောင့်သာ မဟုတ်ရင် ဒီရုပ်သံစီးရီးထဲက ရိုက်ကူးရေး နည်းလမ်းတွေကို ပြီးပြည့်စုံအောင် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။"
တစ်ချိန်တည်းမှာပင် ထုတ်လုပ်ရေးအဖွဲ့က ရွှယ်ခဲ့ရှင်းကလည်း ဝေ့ပေါ် ပေါ်တွင် ပို့စ်တင်ခဲ့ပါသည်။ "ဒါရိုက်တာလျို့ပြောတာ အမှန်ပါ။ လင်းဖန်က တကယ့်ပါရမီရှင်တစ်ယောက်ပဲ။ အရမ်းလည်း တာဝန်သိတတ်တယ်။ ကျွန်တော်တို့ ဒီရုပ်သံစီးရီးအတွက် နောက်ဆက်တွဲထုတ်လုပ်ရေးကို လုပ်နေတုန်း လင်းဖန်က မနက် ၇ နာရီကနေ သန်းခေါင် ၁၂ နာရီအထိ အလုပ်လုပ်တယ်။ ကျွန်တော်တို့ကို ရုပ်သံစီးရီးအတွက်နောက်ဆက်တွဲထုတ်လုပ်ရေးတွေ ဘယ်လိုလုပ်ရမလဲဆိုတာ အပြည့်အဝကို လမ်းညွှန်ပေးခဲ့တာပါ။”
"အစကတော့ ကျွန်တော်က နောက်ဆက်တွဲ ထုတ်လုပ်ရေးရဲ့ ခေါင်းဆောင်ပါ။ ဒါပေမယ့် လင်းဖန် ရောက်လာကတည်းက ဒီလုပ်ငန်းအားလုံးကို ကျွန်တော့်အတွက် သူ လုပ်ပေးသွားတယ်။ အကြောင်းအရင်းကိုမေးကြည့်လိုက်တော့ ဒီအသေးစိတ်တွေကို ဂရုစိုက်နိုင်မှ ပရိသတ်ရဲ့ ရင်ကို ဖမ်းစားနိုင်မယ်လို့ ပြောသွားတယ်။ အဲ့ဒီအခါမှ ရုပ်သံဒရမ်မာက ရေပန်းစားလာနိုင်မယ်တဲ့။”
ဆရာမမိန့်လန်ကလည်း လင်းဖန်ကို ချီးကျူးလိုက်ပါသည်။ "အားလုံးပဲ ကျွန်မကို မချီူးကျူးကြပါနဲ့။ ကျွန်မ ဂီတအကြောင်း နားလည်တယ်ဆိုပေမယ့် လင်းဖန်ကမှ တကယ် ဂီတအကြောင်း နားလည်တဲ့လူပါ။”
"ဘဝရဲ့ပျော်ရွှင်မှုရဲ့ ဂီတအပိုင်းအားလုံးကို လင်းဖန်က လုပ်ပေးခဲ့တာလို့ ပြောလို့တောင် ရပါတယ်။ ကျွန်မက လင်းဖန်ကို ဘေးကပဲ ကူညီပေးပြီး စကားပြောပေးရုံပါ။"
"ကျွန်မက ဂီတဆရာမ ဖြစ်ပေမယ့် လင်းဖန်ကို မယှဥ်နိုင်ပါဘူး။ လင်းဖန်က ဒီရုပ်သံစီးရီးအတွက် အများကြီး အားထုတ်ကြိုးပမ်းခဲ့တယ်။”
လင်းကျင်းကျင်းကလည်း တစ်ပြိုင်တည်း ပြောလိုက်ပါသည်။ "လင်းဖန်က တကယ်တော်ပါတယ်။ အရင်တစ်ခေါက်က သတင်းစာရှင်းလင်းပွဲမှာ သီချင်းတောင် ဆိုခဲ့သေးတယ်။ လင်းဖန်က အဆိုနတ်ဘုရားပဲ။ ဒီလောက်ကောင်းတဲ့ ဂီတပါရမီနဲ့ လူမျိုး ကျွန်မ မတွေ့ဖူးဘူး။"
စုရှောင်းယွီကလည်း ဝေ့ပေါ် ပေါ်တွင် ပို့စ်တင်ကာ ပြောလိုက်သည်။ "အရင်တုန်းက လင်းဖန်ကို နာမည်ဖျက်တဲ့လူတွေ အများကြီး ရှိတယ်နော်။ မာစတာက တကယ်တော်တယ်လို့ပဲ ပြောချင်ပါတယ်။ မဟုတ်ရင် သူ့ကို မာစတာလို့ခေါ်မှာ မဟုတ်ဘူး။”
ရှားဝမ်ချွေ့လည်း ဝေ့ပေါ် ပေါ်တွင် ရေးသားလိုက်ပါသည်။ "ကျွန်မရင်ထဲမှာတောာ့ လင်းဖန်က အပြီးပြည့်စုံဆုံး ခေါင်းဆောင်မင်းသားတစ်ယောက် အမြဲတမ်း ဖြစ်ခဲ့တာပါ။ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အစွမ်းအစတွေက ကောင်းမွန်လွန်းတယ်။ အရင်တုန်းက သူ့ကို အင်တာနက်ပေါ်မှာ ဝေဖန်တိုက်ခိုက်တဲ့လူတွေ ရှိခဲ့တယ်။ တစ်ခါက သူ့အတွက် ကျွန်မ ရပ်တည်ပေးဖူးတယ်။ နောက်ပိုင်း ဝေဖန်မှုတွေ ထပ်ရှိလာရင်လည်း ကျွန်မ ရပ်တည်ပေးဦးမှာပါပဲ။"
ယွဲ့ဟွာ၏ ထိပ်တန်းမင်းသား ရှုယန်ကတောင် ပို့စ်တင်လာခဲ့ပါသည်။ "လင်းဖန်က ကျွန်တော့် ညီအစ်ကိုပါ။ ယွဲ့ဟွာရဲ့ ထိပ်တန်းအမျိုးသား သရုပ်ဆောင်ဘွဲ့က အနှေးနဲ့အမြန်ဆိုသလို သူ့ဆီရောက်သွားမှာပါပဲ။"
ဝေ့ပေါ် ပေါ်တွင် လူများစွာ ပို့စ်တင်လာခဲ့ကြပါသည်။
ဒီလောကထဲက လင်းဖန်၏ လူမှုဆက်ဆံရးက အလွန်ကောင်းမွန်သောကြောင့်ပင်။
အားလုံးက လင်းဖန်ကို သဘောကျကြပါသည်။ သူသာ မရှိပါက ဒီလိုကောင်းမွန်သည့် ရုပ်သံဒရမ်မာတစ်ခု ရှိလာမှာ မဟုတ်ပါ။ လင်းဖန် ဒါကိုမြင်သောအခါ ပြုံးလိုက်ပြီး ဝေ့ပေါ် ပေါ်တွင် ပို့စ်တင်ရေးသားခဲ့ပါသည်။
"အားလုံးပဲ ကျွန်တော့်ကို အရမ်းတော်တယ်လို့ ပြောပေးဖို့မလိုပါဘူး။ ကျွန်တော်က သာမန်လူတစ်ယောက်ပါ။ ကျွန်တော်တစ်ယောက်တည်း သရုပ်ဆောင်၊ ဒါရိုက်တာလုပ်၊ ထုတ်လုပ်ရေးလုပ်ပြီး အသံသွင်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ အားလုံးရဲ့ ကြိုးစားအားထုတ်မှု မပါဝင်ရင် ဘဝရဲ့ပျော်ရွှင်မှု ဖြစ်တည်လာဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီရုပ်သံဒရမ်မာကို ရိုက်ကူးတာ မပြီးသေးပါဘူး။ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ကျွန်တော် ပြင်ဆင်နေပါပြီ။ အားလုံးပဲ ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို ဆက်လက် ထောက်ပံ့ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။”
လင်းဖန် အလွန်ကျိုးနွံပြီး ဘဝရဲ့ပျော်ရွှင်မှုကိုပါ ကြော်ငြာလိုက်သဖြင့် ရှုယန် အထင်ကြီးသွားမိပါသည်။
လင်းဖန်တစ်ယောက် ရှားဝမ်ချွေ့နဲ့ ဘာလို့ ဒီလိုဆက်ဆံရေးကောင်းရတာလဲဆိုတာ နောက်ဆုံးတော့ သူနားလည်သွားပါသည်။
ဒါက သူ့ရဲ့ အီးကျူကြောင့်ဖြစ်သည်။
ရိုက်ကူးရေးအဖွဲ့သားထဲက လူအားလုံး လင်းဖန်ကို ချီးကျူးတော့ ပရိသတ်တွေက အရူး မဟုတ်ပါဘူး။ တစ်ယောက်ချင်းစီဆို လိမ်နေတာ ဖြစ်နိုင်သည်။ သို့သော်လည်း လူတစ်အုပ်က တူညီသော အရာတစ်ခုကို ပြောလာပါက အလိမ်အညာ မဖြစ်နိုင်တော့ပါ။
ထိုလူများ၏ စကားသံများကြောင့် လင်းဖန်ဘယ်လိုလူလဲဆိုတာ စောင့်ကြည့်သူများ သိရှိသွားကြပါသည်။
နယ်ပယ်ပေါင်းစုံက ဝန်ထမ်းအားလုံး လင်းဖန်ကို လေးနက်စွာ လေးစားသွားကြပါသည်။
"လခွမ်း လင်းဖန်က တကယ်တော်လွန်းပါတယ်။ ငါလည်း ဒါရိုက်တာပဲ။ ဒါရိုက်တာလုပ်ဖို့ဆိုတာ အရမ်းခက်တယ်။ ဒါရိုက်တာလုပမ်ခိုင်းရဲ့ စံနှုန်းလောက်ထိ ရောက်ဖို့ဆို ပိုခက်သွားပြီ။ ဒါရိုက်တာလုပမ်ခိုင်းကိုယ်တိုင် လင်းဖန်ကို ချီးကျူးတယ်ဆိုတော့ သူအရမ်းတော်လို့ပဲဖြစ်မယ်။ အဲ့တာကြောင့်လည်း ဒီရုပ်သံဒရမ်မာရဲ့ ရိုက်ကူးရေးနည်းလမ်းတွေက အရမ်းကောင်းနေတာပေါ့။”
"ငါလည်း ဂီတနယ်ပယ်ထဲကလူပဲ။ ဒါဆို ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံစီးရီးအတွက် တေးဂီတကို တကယ်တမ်း လင်းဖန် လုပ်ပေးခဲ့တာပေါ့။ ငါ သူ့ကို လေးစားတယ်။ လင်းဖန်ကို ငါဆရာတင်ချင်တယ်။”
"ဟုတ်တယ်။ သတင်းစာရှင်းလင်းပွဲမှာ လင်းဖန်ဆိုသွားတဲ့သီချင်းက ကောင်းလွန်းတယ်။ မှတ်တမ်း မတင်ထားလိုက်တာ နှမြောစရာပဲ။ သီချင်းက ကောင်းလွန်းတော့ အားလုံးမှတ်တမ်းတင်ဖို့ မေ့သွားကြတယ်။ လင်းဖန်က တကယ် အဆိုနတ်ဘုရားပါပဲ။ တော်လိုက်တာ။”
"အဲ့တာ ဘယ်သူတွေလဲမသိပေမယ့် လင်းဖန်က တော်တယ်လို့ပဲ ပြောချင်ပါတယ်။”
မရေမတွက်နိုင်သော ကောမန့်များကြောင့် လင်းဖန် ရေပန်းထပ်စားလာပြန်သည်။ လင်းဖန်တစ်ယောက် အိမ်က ဆိုဖာပေါ်မှာထိုင်ရင်း ဝေ့ပေါ် ကို ကြည့်နေခဲ့ပါသည်။
သူ နာမည်မကြီးချင်သော်လည်း ရွေးချယ်စရာ မရှိတော့ပေ။
သူက လူအားလုံး၏ အာရုံစိုက်ရာဗဟိုဖြစ်လာခဲ့ပါသည်။
ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့လုံး၏ နာမည်ကျော်များက လင်းဖန်အတွက် ပြောဆိုပေးကြသည်။
ထိုနာမည်ကျော်များနှင့် လင်းဖန် ဘယ်လောက်တောင် ရင်းနှီးသလဲဆိုတာ မြင်နိုင်ပါသည်။
လင်းဖန်က တိတ်ဆိတ်စွာဖြင့် အလုပ်သာ ဆက်လုပ်နေလိုက်ပါသည်။ အင်တာနက်ပေါ်မှာ ကောမန့် ဘယ်လောက်များများ သူ ဘယ်လောက်ပဲ နာမည်ကြီးကြီး အားလုံး သူ့အလုပ်ပေါ်မှာပဲ မူတည်နေတာကို လင်းဖန် သိပါသည်။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယအတွဲနှင့် 'ဓားနှင့်နတ်သမီး၏ဒဏ္ဍာရီ' အတွက် ဇာတ်ညွှန်းများကို ပြီးလုနီးပါး ဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် လင်းဖန်တစ်ယောက် ပိုက်ဆံရှာရဦးမည်။ မဟုတ်ပါက ကြောင်မလေးနဲ့ ယှဥ်နိုင်တော့မှာ မဟုတ်ပေ။
ငွေရှာဖို့လမ်းစဥ် တရားဝင် စတင်ပါတော့မည်။
အင်တာနက်ပေါ်က သူ့ရဲ့ ရေပန်းစားမှုက ဆက်လက် မြင့်တက်နေရင်း အနုပညာလောကထဲက ကုမ္ပဏီများစွာလည်း ဒီသတင်းကို စိတ်ဝင်စားလာကြပါသည်။
ဂျွိုင်းမီဒီယာ၊ ကျားရှင်းဖျော်ဖြေရေး၊ ဝမ်းမိန်ကုမ္ပဏီ၊ ရှင်းလီဖျော်ဖြေရေး၊ ဟွာစဲဖျော်ဖြေရေးတို့ ဖြစ်ကြသည်။ ဖျော်ဖြေရေးကုမ္ပဏီအားလုံးနီးပါး ဒီတစ်ခေါက် လင်းဖန်ကို သတိထားမိသွားကြ၏။ "လင်းဖန်က တကယ့်ပါရမီရှင်ပဲ။ လင်းဖန်ကို ရတဲ့ ကုမ္ပဏီကတော့ အနုပညာလောကထဲမှာ မရှုံးနိမ့်နိုင်တဲ့သူဖြစ်လာမှာပဲ။"
"လင်းဖန်က ဇာတ်ညွှန်းရေးဆရာလုပ်တတ်ရုံတင်မကသေးဘူး။ သရုပ်ဆောင်တတ်၊ ထုတ်လုပ်ရေးလုပ်တတ်၊ ဂီတဖန်တီးတတ်သေးတယ်။ ဒါရိုက်တာတောင် လုပ်တတ်သေးတယ်တဲ့။ ဒီလို ဘက်စုံတော်တဲ့ ပါရမီရှင်မျိုး ဘယ်မှာရှိလို့လဲ။”
"လင်းဖန်ကို မျှားခေါ်ပြီး ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ ရေးပြီးပြီလားလို့ မေးရမယ်။ စျေးမြင့်မြင့်ပေးပြီး ဝယ်ရမယ်။”
ကုမ္ပဏီကြီးတွေအားလုံး လင်းဖန်ကို ခေါ်ယူဖို့ ရည်ရွယ်ထားကြပါသည်။
လင်းဖန်က ယွဲ့ဟွာအတွက် အလုပ်လုပ်ပေးသော်လည်း ယွဲ့ဟွာနဲ့ စာချုပ်စာတမ်း သေချာ မရှိမှန်း သိထားကြပါသည်။
လင်းဖန်ကို ယွဲ့ဟွာလက်အောက်က သရုပ်ဆောင်ဟု သတ်မှတ်လို့ မရနိုင်ပါ။
ထို့ကြောင့် အဓိက ဖျော်ဖြေရေး ကုမ္ပဏီကြီးများက လင်းဖန်ကို ခေါ်ယူချင်ကြသည်။ သူတို့ မခေါ်ယူနိုင်ရင်တောင် လင်းဖန်၏ ဇာတ်ညွှန်းကို ဝယ်နိုင်ရင်ပဲ တန်နေပါပြီ။ လင်းဖန်၏ ပိုင်ဆိုင်မှုက ရက်ပိုင်းအတွင်း ဆက်တိုက် တိုးမြင့်သွားခဲ့ပါသည်။
အဘယ့်ကြောင့်ဆိုသော် လင်းဖန်က သာမန်သရုပ်ဆောင်တစ်ယောက်ပဲ မဟုတ်တော့ပေ။
တကယ့်မာစတာအစစ်၊ နတ်ဘုရားအဆင့် ဒါရိုက်တာ၊ ဂီတပညာရှင်၊ ဇာတ်ညွှန်းရေး ဆရာကြီးနဲ့ ထိပ်တန်း စားဖိုမှူးကြီးပါ ဖြစ်နေပါသည်။ ထိုဘွဲ့အားလုံးကို လင်းဖန်တစ်ယောက်တည်းသာ ပိုင်ဆိုင်ထားသည်။