မိစ္ဆာလေး... ပုံစံအမှန်ပြစမ်း
Vol. 58 Ch. 807
အခန်း (၈၀၇) မိစ္ဆာလေး... ပုံစံအမှန်ပြစမ်း
သီးသန့်အခန်းထဲမှာတော့ ရန်ကျောက်ကဲက အခါးရည်ပန်းကန်ကိုကိုင်ရင်း ‘ရှဲ့’ အိမ်တော်တွင် ဖြစ်ပျက်သမျှကို အပြုံးဖြင့် ကြည့်နေသည်။
ယခု ‘ရှဲ့’ အိမ်တော်တစ်ခုလုံးမှလူများ မှင်တက်လျှက်ရှိကြသည်။
သူတို့အားလုံးက တတိယမြောက် ‘ရန်ကျောက်ကဲ’ ကို အစစ်အမှန်ဖြစ်ရမည်ဟု ယုံကြည်လိုက်ကြသည်။ ထိုလူငယ်၏ တန်ခိုးစွမ်းအားကလည်း အံ့မခန်းဖြစ်သည် မဟုတ်ပါလား။
အနက်ရောင်ဝတ်ဆင်ထားသည့်လူငယ် မည်မျှ မောက်မာပြီး ယုံကြည်မှုရှိပါစေ ၊ အရပ်မြင့်မြင့်ပိန်ပိန်ပါးပါးလူငယ်က မည်မျှဆုံးဖြတ်ချက်ခိုင်မာပြီး စွမ်းအားကြီးမားပါစေ...
ဤ တတိယမြောက် ‘ရန်ကျောက်ကဲ’ ကို သူတို့အားလုံး ခက်ခက်ခဲခဲ ရင်ဆိုင်ပြီး ရှုံးနိမ့်သွားခဲ့ရသည်။
နေဝန်းထက်ယံသခင်လေး ‘ရန်ကျောက်ကဲ’ ဆိုသည်က တန်ခိုးစွမ်းအားမြင့်မားသည့် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ပြီး တူညီသောကျင့်ကြံခြင်းအဆင့် ရှိသူများအားလုံးကို အနိုင်ယူနိုင်သူ ဖြစ်၏။
သို့သော် ထိုစကားများ မည်မျှမှန်ကန်ကြောင်း မည်သူမှ အထောက်အထားဖြင့် သိရှိကြခြင်း မရှိပေ။
‘ရှဲ့’ အိမ်တော်မှ အကြီးအကဲများသည်လည်း လူအများပြောကြသည့် ကောလဟလများကိုသာ အခြေခံပြီး ခန့်မှန်ရသည်ဖြစ်ရာ တကယ့်ရန်ကျောက်ကဲအစစ်ဆိုလျှင် ဤ တတိယ ‘ရန်ကျောက်ကဲ’ လောက် အရည်အချင်းရှိမိသည်ဟု တွေးတောမိသည်။
ထို့ပြင် ထူးကဲယန်စည်းတံဆိပ်ဆိုသည်ကလည်း ရန်ကျောက်ကဲနှင့် ခွဲခြားမရသည့် အကြောင်းအရာတစ်ခု ဖြစ်သည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် ရန်ကျောက်ကဲက ‘နေဝန်းထက်ယံသခင်လေး’ ဟု ကျော်ကြားခဲ့ရသည့် အကြောင်းရင်းမှာလည်း ဤ ထူးကဲယန်စည်းတံဆိပ်ကြောင့်သာ ဖြစ်၏။
အနက်ရောင်ဝတ်လူငယ်က မည်မျှ တိုက်ခိုက်စွမ်းအားကောင်းပါစေ ၊ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ် မည်မျှပင် စွမ်းအားပြင်းထန်ပါစေ ထိုသူ (၂)ယောက်က ထူးကဲယန်စည်းဆံဆိပ်ကို ပြသနိုင်ကြခြင်း မရှိပေ။
သူတို့ ဆိုးဆိုးရွားရွားအရိုက်နှက်ခံရပြီး အသက်သေဆုံးသည်အထိ ဖြစ်ကြရသည့်တိုင် ထူးကဲယန်စည်းဆံဆိပ်က လုံးဝ ထွက်ပေါ်မလာခဲ့ပေ။ ဤအချက်က ထိုသူ (၂)ယောက်မှာ အတုဖြစ်ကြောင်း သံသယမရှိ ယုံကြည်ရမည်ပင်။
တတိယမြောက် ‘ရန်ကျောက်ကဲ’ ကတော့ ထူးကဲယန်စည်းတံဆိပ်ကို ပြသနိုင်ခြင်း မရှိသည့်တိုင် နေရောင်ပမာ ထွန်းလင်းတောက်ပပြီး ခမ်းနားကြီးကျယ်သော ထူးကဲယန်စွမ်းအားကို ပြသနိုင်ခဲ့သည်။ ဤစွမ်းအားက ထူးကဲယန်စည်းတံဆိပ်မှ ထွက်ပေါ်လာသော ထိပ်တန်းအဆင့်စွမ်းအားအပြင် အခြားမရှိနိုင်ပေ။
အကယ်၍ ဤအချက် (၂)ချက်က မလုံလောက်သေးဘူးဆိုပါက ‘ရှဲ့’ အိမ်တော်အနေဖြင့် ရန်ကျောက်ကဲ၏ အလင်းပုံရိပ်ကို ရှာဖွေခြင်းက ပိုမိုသေချာစေမည် ဖြစ်သည်။
ရှဲ့လျန်တို့အနေဖြင့် ရန်ကျောက်ကဲ၏အလင်းပုံရိပ်ကိုသာ သိရှိထားပါက ပထမဆုံးရောက်လာသည့် ရန်ကျောက်ကဲအတု တံခါးဝသို့ရောက်လာကတည်းက အတုမှန်း သိရှိမည် ဖြစ်သည်။
ယခုတော့ ထိုလူငယ်ရောက်ရှိလာပြီးမှသာ ရန်ကျောက်ကဲ၏အလင်းပုံရိပ်ကိုရှာဖွေရန် လက်အောက်ငယ်သားများကို စေလွှတ်ခဲ့ရသည်။
ထိုအချိန်က ပထမဆုံးရောက်လာသူက ရန်ကျောက်ကဲအစစ် ဟုတ် မဟုတ် ပိုင်းခြားရန်သာဖြစ်သော်လည်း မထင်မှတ်ဘဲ နောက်ထပ် ရန်ကျောက်ကဲ (၂)ယောက် ထပ်မံထွက်ပေါ်လာခဲ့သည်။ သို့ပေသိ ကံကောင်းစွာပင် ရန်ကျောက်ကဲ၏အလင်းပုံရိပ်ကို သွားရောက်ရှာဖွေသူ ပြန်ရောက်လာပြီး တတိယလူငဘ်က အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။
.... သို့သော်
ယခု ဘာဖြစ်ပြန်ပြီလဲ။
ရှဲ့လျန်သည် သူ၏ ဝေလငှားမျှားမြို့တော်၏ ဖုန်းရွှေလှည့်ပတ်မှုတွင်တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားရပြီး ခေါင်းကိုမော့လိုက်သည်။
တစ်ပုံစံတည်းတူညီနေသော ရန်ကျောက်ကဲနှစ်ယောက်ကိုကြည့်ရင်း ရှဲ့လျန် လည်ချောင်းများ ခြောက်သွေ့သွားသည်။
“မင်းတို့နှစ်ယောက်...”
‘ရှဲ့’ အိမ်တော်သို့ရောက်ရှိနေသော တတိယမြောက်’ရန်ကျောက်ကဲ’ သည် သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိပြီး ပေါ့ပေါ့ပါးပါး လုပ်ဆောင်တတ်သည်။
သို့သော် ယခုတော့ သူ၏မျက်ဝန်းအစုံက တည်ကြည်လေးနက်နေပြီး သူ့ထက် တန်ခိုးစွမ်းအားမြင့်မားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ စွမ်းအားရောင်ဝါကို ရင်ဆိုင်ရသည့်အခါ သူ့နှလုံးသားက တင်းကျပ်လေးလံလာ၏။
သူက စကားပြောရန် ဟန်ပြင်လိုက်သော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ထက်အရင် သိမ်မွေ့စွာ စကားဆိုလိုက်သည်။
“မိစ္ဆာလေး... ပုံစံအမှန်ပြစမ်း”
ထိုစကားကြားသည်နှင့် အိမ်တော်အတွင်းမှလူတိုင်း အံ့သြထိတ်လန့်သွားကြသည်။
ဤ နေရာတွင်အသုံးပြုသည့် ‘မိစ္ဆာ’ ဆိုသည့်အသုံးအနှုန်းက သာမန်လူတစ်ယောက်ကို ဆူပူကြိမ်းမောင်းသည့် အသုံးအနှုန်းမဟုတ်ကြောင်း ရိပ်မိလိုက်ကြ၏။
ထိုစကားကြားတော့ တစ်ဖက်လူ မျက်နှာပျက်သွားသည်။
ချက်ချင်းပင် လှုပ်ရှားရန် ဟန်ပြင်လိုက်သော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး လက်ဝါးဖြင့် ဖိနှိပ်ချလိုက်၏။
တစ်ဖက်လူက လွတ်မြောက်ရန်အတွက် ခန္ဓာကိုယ်ကိုလှည့်လိုက်သော်လည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်ဖဝါးက မိုးမြေတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ သူ့အနေဖြင့် ကမ္ဘာအဆုံးတိုင် ထွက်ပြေးစေဦးတော့ ထိုလက်ဝါးအောက်မှ လွတ်မြောက်မည် မဟုတ်ပေ။
လက်ဝါးရိုက်ချက် ကျရောက်လာသည်နှင့် တောင်မြင့်ကြီးတစ်ခုနှင့် ဖိချလိုက်သည့်အလား ဖြစ်သည်။
သူ့ခန္ဓာကိုယ်ထက်တွင် တုန်လှုပ်ဖွယ်ရာ အေးစက်သောအလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ဓားဝိညာဉ်က ကောင်းကင်ထက်သို့ ထိုးဖောက်ထွက်သွားသည်။ ဤသည်က အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏ တုန်လှုပ်ဖွယ်ရာ စွမ်းအား ဖြစ်၏။
ကိုယ်ခွဲပေါင်းစပ်ခြင်း အလယ်ဆင့် သိုင်းသူတော်စင်ဖြစ်လေရာ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ထိန်းချုပ်နိုင်ပေသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတည်ငြိမ်သည့် မျက်နှာထားဖြင့်ပင် သူ၏ခန္ဓာကိုယ်ထက်တွင် ရွှေရောင်သံချပ်ကာတစ်ခု ထွက်ပေါ်လာပြီး ထို အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ဖိနှိပ်ထားလိုက်သည်။ စွမ်းအားအပြည့်အသုံးပြုလိုက်သဖြင့် လွတ်ထွက်သွားမည်ကို စိုးရိမ်စရာ မရှိတော့ပေ။
တတိယရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ထက်မှ ထူးကဲယန်စွမ်းအားများ ပေါက်ကွဲထွက်သွားပြီး ရွှေရောင်အလင်းတန်းများက လောကတစ်ခွင် လင်းထိန်သွားပြီး သူ၏ပုံစံက နေတစ်စင်းပမာ တောက်ပသွားသည်။ ဤနေရာတွင် ထူးကဲယန်စည်းတံဆိပ်၏စွမ်းအား အချို့တည်ရှိနေသည် အမှန်ပင်။
ထူးကဲယန်စည်းတံဆိပ်ထွက်ပေါ်လာခြင်း မရှိသော်လည်း သူ၏နဖူးထက်တွင် တောက်လောင်နေသည့် နေသဏ္ဌန်ရှိသော သင်္ကေတတစ်ခု ပေါ်လာသည်။
ထိုသင်္ကေတက သူ့ခန္ဓာကိုယ်မှထွက်ပေါ်လာသော ထူးကဲယန်စွမ်းအား၏ အရင်းအမြစ်ဖြစ်သည်မှာ ထင်ရှားသည်။
ယခုတော့ ထိုလူငယ်မှာ သူ၏လျှို့ဝှက်ချက်များကို ထုတ်ဖော်ရန် ဂရုမစိုက်တော့ဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်မှ လွတ်မြောက်ချင်ရုံသာ ရှိတော့သည်။
သူက အလွန်တရာစွမ်းအားမြင့်မားသည့်တိုင် လက်ရှိမှာတော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ရှုံးနိုင့်နေဆဲ ဖြစ်သည်။ သူတို့ကြားမှ တန်ခိုးစွမ်းအား ကွာခြားမှုက တိုင်းတာမရနိုင်ပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်ဖဝါးက မိုးမြေတစ်ခုလုံးကို ထိန်းချုပ်ထားသည့်အလား ဆက်လက်ကျဆင်းလာသည့်အခါ တောက်ပသောနေရောင်ခြည်များ ခဏမျှရပ်တန့်သွားပြီးနောက် ဆက်လက်ပျက်ပြယ်သွားသည်။
တတိယ ‘ရန်ကျောက်ကဲ’ အကောင်းဆုံးကြိုးစားခဲ့သည့်တိုင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်ဝါးရိုက်ချက် သူ့ထံကျရောက်လာသည်ကို ကူရာကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရန်ကျောက်ကဲအတုကို မြေပြင်ထက်သို့ ရိုက်ချလိုက်သော်လည်း ‘ရှဲ့’ အိမ်တော်နှင့် ဝေလငါးမျှားမြို့တော်တစ်ခုလုံး တုန်လှုပ်သွားခြင်းကို မခံစားရပေ။ စွမ်းအားထိန်းချုပ်မှုအလွန်အဆင့်မြင့်မားသဖြင့် ပေါ့ပေါ့ပါးပါးသက်သောင့်သက်သာရှိသော လေပြင်းတစ်ချက်သာ တိုက်ခတ်လာသည်။
‘ရှဲ့’ အိမ်တော်မှလူအများကတော့ ယခုအချိန်တွင် အနည်းငယ် ထုံကျဉ်လျှက် ရှိကြသည်။
ဤလူများ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာပြီး သတ်ဖြတ်နေကြသည်မှာ ဘယ်တော့များမှ အဆုံးသတ်ပါမည်လဲ။
အချိန်ခဏအတွင်း နောက်ထပ်ရန်ကျောက်ကဲတစ်ယောက်ထပ်မံထွက်ပေါ်လာပြီး ဤနေရာမှတစ်ယောက်ကို ထပ်မံသတ်ဖြတ်ပစ်ဦးမည်လား။
သို့သော် တတိယ ‘ရန်ကျောက်ကဲ’ က ထူးကဲယန်စည်းတံဆိပ်ကို မထုတ်ယူနိုင်သော်လည်း သူ၏နဖူးထက်တွင် တောက်ပနေသည့်သင်္ကေတကိုတွေ့မြင်ရသည့်အခါ လူတိုင်း တဖြည်းဖြည်း နားလည်သွားကြသည်။
ဒီတစ်ယောက်လည်း အတုပါပဲ။
သို့သော် ယခု အနိုင်ရသွားသူက ရန်ကျောက်ကဲအစစ် ဖြစ်နိုင်ပါမည်လား။
စောစောကပြောခဲ့သလို တန်ခိုးစွမ်းအားပိုမိုမြင့်မားသူက ရန်ကျောက်ကဲအစစ်ဆိုသည်မှာ ဟုတ်ပါရဲ့လား။
နောက်ဆုံးမှာတော့ သူ့ထက်သူ တန်ခိုးစွမ်းအားပိုမိုမြင့်မားသူများ ထွက်ပေါ်လာပြီး အခြေအနေများက ရှုတ်ထွေးကုန်ပြီ ဖြစ်၏။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့လက်ဖဝါးကို ပြန်လည်ရုတ်သိမ်းလိုက်ချိန်မှာတော့ လူတိုင်းအော်ဟစ်လိုက်ကြသည်။
“ဒါ... ဘာကြီးလဲ”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား လက်ဝါးလက်ဝါးရိုက်ချက်ထုတ်ဖော်လိုက်သည့်နေရာတွင် တတိယ’ရန်ကျောက်ကဲ’ ကို မတွေ့ရတော့ပေ။ ထိုသူ၏ရုပ်အလောင်းကိုလည်း တွေ့မြင်ရခြင်းမရှိပေ။
မြေပြင်ထက်တွင် သေဆုံးနေသည့် ထူးဆန်းသောသားရဲကြီးတစ်ကောင်သာလျှင်ရှိနေသည်။
ဤသားရဲကြီးက သမင်တစ်ကောင်နှင့်တူသော်လည်း သမင်မဟုတ်သလို ၊ ဝံပုလွေတစ်ကောင်နှင့်တူသော်လည်း ဝံပုလွေ မဟုတ်ပေ။ သူ၏အမြီးက စပါးကြီးမြွေတစ်ကောင်၏အမြီးပမာ ရှိနေသည်။
ထိုသတ္တဝါထံမှထွက်ပေါ်နေသော ပြင်းထန်သည့် စွမ်းအားရောင်ဝါက တဖြည်းဖြည်းအားနည်းလျော့ကျသွားသည်။
ထူးဆန်းသောသားရဲကြီး၏နဖူးထက်တွင် သင်္ကေတတစ်ခု ထင်ရှားစွာတောက်ပနေပြီး လူတိုင်းက ထိုသေင်္ကတကို စူးစိုက်ကြည့်မိကြသည်။
ထိုသေင်္ကတက နေတစ်စင်းပမာပူပြင်းပြီး ထူးကဲယန်စွမ်းအားများ ထင်ရှားစွာထွက်ပေါ်နေသည်။
ဝေလဂိုဏ်းမှအကြီးအကဲက အံ့အားသင့်သွားပြီး...
“.... ဒါက မောက်လျန်သတ္တဝါလား”
မောက်လျန်သတ္တဝါ၏နဖူးထက်မှ နေရောင်သင်္ကေတကိုတွေ့ရသည့်အခါ လူတိုင်းအံ့အားသင့်သွားပြီး အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
“ဒီလူက မောက်လျန်သတ္တဝါက လူသားအသွင်ပြောင်းထားတာလား”
“ဖြစ်နိုင်တယ် ၊ ရှေးခေတ်အချိန်ကတည်းက ဒီလိုမျိုးဒဏ္ဍာရီတွေရှိတယ်လေ”
အခြားတစ်ယောက်က...
“သားရဲတစ်ကောင် လူသားအသွင်ပြောင်းဖို့ ဒီအဆင့်လောက်နဲ့ လုံလောက်ပါ့မလား ၊ မောက်လျန်ကို ငါ အရင်တုန်းက တွေ့ဖူးတယ် ၊ သူက ဉာဏ်ရည်မနိမ့်ပေမယ့် လူအသွင်တော့ ပြောင်းနိုင်မယ်မထင်ဘူး”
အခြားသူတစ်ဦးက...
“တရားသေတော့ ပြောလို့မရဘူး ၊ သားရဲကြီးတွေနဲ့ သားရဲငယ်တွေ လူသားအသွင်ပြောင်းဖို့ဆိုတာ ကျင့်ကြံခြင်းအဆင့်အပေါ်မူတည်တယ် ၊ ဒဏ္ဍာရီထဲမှာဆိုရင် တချို့သတ္တဝါတွေက ထူးဆန်းတဲ့ ပန်းပင်တွေ ဆေးဖက်ဝင်အပင်တွေကိုစားလိုက်ရင် လူသားအသွင်ပြောင်းသွားတာမျိုးလည်း ရှိတယ်လေ”
“သူ့နဖူးက သင်္ကေတကိုကြည့်လိုက် ၊ စောစောကလူငယ်ရဲ့နဖူးပေါ်ကသင်္ကေတနဲ့အတူတူပဲ မဟုတ်ဘူးလား”
“တူလား မတူဘူးလားဆိုတာ သေချာတော့မပြောနိုင်သေးပါဘူး”
ထိုအချိန် လူငယ်တစ်ယောက်က...
“ငါ နားလည်သွားပြီ ၊ ဒီသင်္ကေတက ပိုင်ရှင်က သူ့ကိုယ်ပိုင်အိမ်မွေးတိရစ္ဆန်ကို တံဆိပ်တုံးထုထားသလိုမျိုးပဲ ၊ ကြည့်ရတာ ဒီ မောက်လျန်သတ္တဝါက နေဝန်းထက်ယံသခင်လေးရဲ့ စီးတော် ဒါမှမဟုတ် မွေးထားတဲ့သားရဲဖြစ်ရမယ် ၊ သူက ထွက်ပြေးပြီး သူ့သခင်ရဲ့ပုံစံလိုမျိုး ဟန်ဆောင်ထားတာ”
ထိုသူ၏ဘေးနားမှလူက သံသယဖြင့်...
“ဒါပေမဲ့ သူက သိုင်းပညာလည်းတတ်တယ် ၊ ကြည့်ရတာ နေဝန်းထက်ယံသခင်လေးက သင်ပေးထားတာလား မသိဘူး”
ဘာမှန်းမသိသေးသော်လည်း အားလုံးက ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
“အဲဒီလိုပဲဖြစ်မှာပေါ့ ၊ အခုမှ နေဝန်းထက်ယံသခင်လေးက သူ့ကိုရှင်းပစ်ဖို့ လူတစ်ယောက်လွှတ်လိုက်တာ”
“ ‘မိစ္ဆာလေး... ပုံစံအမှန်ပြစမ်း’ လို့ပြောလိုက်တာ မအံ့သြတော့ပါဘူး”
သူတို့အားလုံး လေထဲတွင်ရှိနေသည့် အလင်းပုံရိပ်ကို ကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက သေရည်ခန်းမအတွင်းရှိ သီးသန့်အခန်းထဲတွင် အေးအေးဆေးဆေး အခါးရည်သောက်နေသည်။
အယောင်ဆောင်သားရဲကိစ္စ ဖြေရှင်းပြီးသည့်နောက် သူက အရေးမစိုက်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်လေ၏။