← Chapters

ဇာစ်မြစ်အမှန်

Vol. 58 Ch. 809

ဇာစ်မြစ်အမှန်

Vol. 58 Ch. 809

အခန်း (၈၀၉) ဇာစ်မြစ်အမှန်

နောက်ထပ် ရန်ကျောက်ကဲအတု (၂)ယောက် ရောက်မလာခဲ့လျှင်တောင်မှ အချိန်ကြာမြင့်သွားမည်ဆိုလျှင် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်အကြောင်း ဖော်ထုတ်နိုင်မည် ဖြစ်သည်။

အမှန်တော့ သူ၏အသွင်အပြင်က ရန်ကျောက်ကဲနှင့် အတော်ပင်ကွာခြားသည် မဟုတ်ပါလား။

ရန်ကျောက်ကဲအစစ်ကို မြင်ဖူးသူများ သို့မဟုတ် ရန်ကျောက်ကဲ၏အလင်းပုံရိပ်ကိုမြင်ဖူးသူတိုင်းက ထိုလူငယ်မှာ ရန်ကျောက်ကဲမဟုတ်ကြေင်း သတိပြုမိမည်ပင်။

နောက်မှရောက်လာသော အနက်ရောင်ဝတ်လူငယ်သည်လည်း အတူတူပင် ဖြစ်သည်။

သို့ပေသိ ဤတတိယလူငယ်ကတော့ မည်သည့်နေရာသို့သွားပြီး ရန်ကျောက်ကဲအဖြစ် သရုပ်ဆောင်ပါစေ ပြဿနာရှိမည် မဟုတ်ပေ။ ဝေလငါးမျှားမြို့တော်နှင့် ‘ရှဲ့’အိမ်တော်သာမက ကြီးမားကျယ်ပြန့်သောကမ္ဘာတစ်ခွင် ရန်ကျောက်ကဲအဖြစ်ဟန်ဆောင်ရင်း လှည့်လည်သွားလာနိုင်ပေသည်။

ရန်ကျောက်ကဲ၏ အသိအကျွမ်း ၊ ရင်းနှီးသူများနှင့် မတွေ့ဆုံသရွေ့ သူ့ကိုအတုဟုပြောရန် ခက်ခဲပေမည်။

ရန်ကျောက်ကဲက သိုင်းပညာပေါင်းများစွာကို ကျင့်ကြံထားသူ ဖြစ်သည်။ သို့သော် ဤလူငယ်၏သိုင်းပညာများက ရန်ကျောက်ကဲနှင့်တူညီသည့်တိုင် သူ့အနေဖြင့် အခြားသူမသိအောင် ဖုံးကွယ်ထားနိုင်ဆဲ ဖြစ်သည်။

တတိယ ‘ရန်ကျောက်ကဲ’ က သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိပြီး ကျူတောပင်လယ်ဒေသမှလွဲပြီး အခြားနေရာတိုင်းသို့ ရန်ကျောက်ကဲအဖြစ် ဟန်ဆောင်သွားလာနိုင်မည်ဟု ယုံကြည်ထားဟန်ပင်။

ခရီးလမ်းက ရှည်လျားသည်ဖြစ်ရာ ရန်ကျောက်ကဲ ကျူတောပင်လယ်ဒေသမှ ထွက်ခွာခြင်းမရှိကြောင်း သို့မဟုတ် အခြားနေရာတစ်ခုသို့မသွားရောက်ကြောင်း အခြားသူများသတင်းရရှိချိန်တွင် သူက ဝေလကျွန်းသို့ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။

အမှန်တော့ တတိယ’ရန်ကျောက်ကဲ’ အမှန်တကယ် ကံမကောင်းခဲ့ရှာပေ။ ရန်ကျောက်ကဲအဖြစ်ဟန်ဆောင်သော ပထမဆုံးအကြိမ်မှာပင် ရန်ကျောက်ကဲအစစ်နှင့် ပက်ပင်းတိုးမိခဲ့သည်။

သေဆုံးနေသည့် မောက်လျန်သတ္တဝါကိုကြည့်ရင်း သူ မချိပြုံးပြုံးလိုက်မိသလို ကျောရိုးထဲစိမ့်သွားသလိုလည်း ခံစားလိုက်ရသည်။

ရန်ကျောက်ကဲ ဤသို့ပြုလုပ်လိုက်ရသည်က ဤသို့သောအတုအယောင်များ ထပ်မံထွက်ပေါ်လာမည်ကို ကာကွယ်ရန် ဖြစ်သည်။ ပြီးတော့ အတုအယောင် ဘယ်နှစ်ယောက်ရှိနေဦးမည်လဲ ရန်ကျောက်ကဲ မသိနိုင်ပေ။

ယနေ့ ဝေလငါးဖမ်းမြို့တော်တွင် သူပြုလုပ်ခဲ့သော အပြုအမူများနှင့် ဖြစ်ရပ်များက အခြားသော ရန်ကျောက်ကဲအတုများကို သတိပေးခြင်းနှင့် ညီမျှသည်။

အနာဂတ်တွင် အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားလာဦးမည်ဆိုလျှင်လည်း ထိုသူကို နောက်တစ်ကြိမ် သူ့လက်အောက်မှထွက်ပြေးသည့် မိစ္ဆာဟု သတ်မှတ်ရုံသာ ရှိသည်။

ရန်ကျောက်ကဲက တစ်ဖက်လူကို စိတ်ဝင်တစားဖြင့် အကဲခတ်လိုက်သည်။

ရန်ကျောက်ကဲအတွက်တော့ အသက်ရှင်လျှက်လူတစ်ယောက်ကို မိစ္ဆာအဖြစ်ပြောင်းလဲလိုက်ခြင်းက ‘အနောက်သို့ခရီးသွားမှတ်တမ်း’ စာအုပ် ကို သတိရသဖြင့် ပြုလုပ်လိုက်ခြင်းသာပင်။

အရင်တစ်ခေါက်က လမ်းတွင် မောက်လျန်သတ္တဝါ (၂)ကောင်ဖြင့် ရင်ဆိုင်တွေ့ခဲ့ပြီး တစ်ကောင်းကိုသတ်ဖြတ်ကာ ကျန်တစ်ကောင်ကို အရှင်ဖမ်းထားခဲ့သည်။

မောက်လျန်၏အရိုးနုက ချက်ပြုတ်လိုက်သည့်အခါ အလွန်အရသာရှိသည့် အစားအသောက်ဖြစ်သဖြင့် ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် အခြားသူများက လမ်းတစ်လျှောက်စားသောက်ရန် သိမ်းဆည်းလာကြသည်။

လတ်လတ်ဆတ်ဆတ်စားသောက်နိုင်ရန် အသက်ရှန်ကျန်ရစ်သော မောက်လျန်ကို လှောင်အိမ်ထဲထည့်ပြီး ဖမ်းဆည်းထားသော်လည်း ယခုတော့ ဤနေရာတွင် ဤသို့နှယ် ပြဿနာဖြေရှင်းရန် အဆင်ပြေစွာအသုံးပြုနိုင်မည်ဟု ထင်မထားခဲ့ပေ။

ပြောရမည်ဆိုလျှင်...

“မိစ္ဆာလေး... ပုံစံအမှန်ပြစမ်း”

ဆိုသည့်အဓိပ္ပါယ်မှာ...

“တာအိုရောင်းရင်း... နောက်ဆုတ်စမ်း”

ဟု ပြောလိုက်ခြင်းပင် ဖြစ်၏။

ရန်ကျောက်ကဲက တစ်ဖက်လူကိုကြည့်ရင်း ပြုံးလိုက်သည်။

“မင်း ရုပ်ပြောင်းရုပ်လွှဲလုပ်ဖို့အသုံးပြုထားတာက ရတနာပစ္စည်းတစ်ခုခု မဖြစ်နိုင်ဘူး ၊ ဆေးတစ်မျိုးမျိုးပဲ ဖြစ်ရမယ်”

ထိုသူက ပွင့်ပွင့်လင်းလင်းပင် ခေါင်းညိတ်ရင်း...

“ငါသောက်ခဲ့တာ အသွင်ပြောင်းဆေးလုံးတစ်မျိုးပါ ၊ သခင်လေးကို စော်ကားသလိုဖြစ်သွားရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် ၊ လျော်ကြေးပေးရမယ်ဆိုရင်လည်း နှစ်ဆပေးဖို့ သဘောတူပါတယ်”

ရန်ကျောက်ကဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လှမ်းကြည့်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လူငယ်ထံမှ ရရှိထားသော အရိပ်ကျုံ့အိတ်လေးကိုဖွင့်လိုက်သည်။ သို့သော သာမန်မဟုတ်ဘဲ အတော်လေးကြိုးစားပြီးမှသာ ထိုအိတ်ငယ်ကို ဖွင့်နိုင်ခဲ့သည်။

ရန်ကျောက်ကဲက ပြုံးလျှက်...

“ဒီ အရိပ်ကျုံ့အိတ်ကို ချိတ်ပိတ်ဖို့ မင်းရဲ့အကြီးအကဲတွေ စီရင်ထားတာလား”

ထို့နောက် သူက အရိပ်ကျုံ့အိတ်အတွင်းမှ ပါဝင်ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။

ခဏအကြာမှာတော့ အိတ်အတွင်းမှ မွှေးပျံ့သည့်ဆေးရနံ့နှင့်အတူ ပုလင်းတစ်လုံး ထွက်ပေါ်လာသည်။ ရန်ကျောက်ကဲက ပုလင်းအဖုံးကိုဖွင့်ပြီး ရွှေအပ်တစ်ချောင်းအသုံးပြုကာ အတွင်းထဲသို့ထိုးစိုက်ပြီး ကြယ်တာရာချီစွမ်းအား အနှစ်သာရကို အသုံးပြုကာ အတွင်းမှအပြောင်းအလဲများကို အာရုံခံလိုက်သည်။

ခဏကြာမှာ ရန်ကျာက်ကဲက...

“ဒီဆေးလုံးက အတော်သိမ်မွေ့တာပဲ ၊ ဒီဆေးလုံးရအောင်ဖော်ဆပ်ထားတဲ့ အဂ္ဂိရတ်ဆရာက အတော်လေး အဆင့်အတန်းမြင့်မားတယ်”

သူက ဆက်ပြောသည်။

“ငါထင်တာမမှားဘူးဆိုရင်... ဒီဆေးကအချိန်ကန့်သတ်ချက်ရှိတယ် ၊ အချိန်တစ်ခုအထိပဲ ရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်တယ် ၊ အခြေအနေကိုဆက်ပြီးထိန်းထားချင်ရင် ဆေးစွမ်းမပြယ်ခင် နောက်ဆေးတစ်လုံး ထပ်သောက်မှရလိမ့်မယ်”

တစ်ဖက်လူက ခေါင်းညိတ်ရင်း...

“အမှန်ပါပဲ”

ရန်ကျောက်ကဲက ဆေးလုံးတစ်လုံးကိုကိုင်လိုက်ရင်း...

“သိပ်ပြီးမသေချာတာတစ်ခုက... ဒီဆေးကိုသောက်လိုက်ရင် လူတစ်ယောက်က ပုံသေလူတစ်ယောက်ရဲ့အသွင်သဏ္ဌန်ကိုပဲ ပြောင်းလဲနိုင်လိမ့်မယ် ၊ နောက်တစ်လုံးထပ်သောက်ရန် ဆေးစွမ်းကဆက်ရှည်သွားမယ် ၊ ဒါပေမဲ့ နောက်ထပ်လူတစ်ယောက်အဖြစ် ပြောင်းလဲလို့တော့ မရနိုင်လောက်ဘူး”

ထိုစကားကြားတော့ တစ်ဖက်လူ မှင်တက်သွားသည်။

“သူက ဆေးလုံးကိုစားမကြည့်ဘဲနဲ့တောင် အသွင်ပြောင်းဆေးလုံးအကြောင်း အများကြီးနားလည်နေပါလား”

ထိုသူ၏အမူအရာကိုမြင်တော့ ရန်‌ကျောက်ကဲကပြုံးလိုက်ပြီး ဆေးလုံးများကို မသိမ်းဆည်းခင် မေးခွန်းထုတ်လိုက်သည်။

“ဟို ကျောက်စိမ်းလက်ဝတ်ကရော ဘာအကြောင်းရှိလို့လဲ”

သူက ဆက်မေးသည်။

“ဟိုကောင် (၂)ယောက်ကိုအသာထားလိုက် ၊ ဒါပေမဲ့ မင်းရဲ့နောက်ခံကတော့ သာမန်မဟုတ်ဘူးလေ ၊ ဘာလို့ ‘ရှဲ့’အိမ်တော်လို နေရာသေးသေးလေးကို မျက်စိကျရတာလဲ”

“မင်းတို့ (၃)ယောက်လုံးက တန်ခိုးစွမ်းအားအသုံးပြုပြီး ‘ရှဲ့’အိမ်တော်ကို လုယက်ရင်တောင် ဝေလငါးမျှားမြို့တော်မှာ မင်းတို့ကိုတားဆီးနိုင်တဲ့သူ တစ်ယောက်မှမဟုတ်ဘူး ၊ ဘာလို့ အရှက်ကွဲခံပြီး ငါ့လိုမျိုးဟန်ဆောင်ချင်ရတာလဲ”

ရန်ကျောက်ကဲက ပြုံးရင်း...

“သိပြီ... မင်းက ငါနဲ့တွေ့လိမ့်မယ်လို့ တွက်ထားပုံမရဘူး ၊ ဒီတော့ ငါ့ပုံစံအသုံးပြုပြီး တခြားသူတွေကို လှည့်စားဖို့ စီစဉ်ထားတာမဟလား”

သူ့အရှေ့မှလူငယ်က လိမ်ညာဟန်ဆောင်၍မရနိုင်သော အခြေအနေကိုနားလည်လိုက်သဖြင့် အရိုးသားဆုံးပင် ပြန်ဖြေလိုက်သည်။

“အဲဒီ ကျောက်စိမ်းလက်ဝတ်က လျှို့ဝှက်ရတနာတစ်ခုနဲ့ ဆက်စပ်နေပုံရပါတယ် ၊ ဒါကြောင့် အဲဒီကအကျိုးအမြတ်ရဖို့ကို စိတ်ဝင်စားမိတယ် ၊ တခြားနှစ်ယောက်လည်း အစကတည်းက အဲဒီပစ္စည်းကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်ပါတယ်”

“ပြီးတော့ ဝေလဂိုဏ်းက ဝေလငါးမျှားမြို့တော်က ‘ရှဲ့’ အိမ်တော်မှာ အထူးယန္တရားတွေတပ်ဆင်ထားတယ် ၊ တစ်ယောက်ယောက်က အိမ်တော်ကိုတိုက်ခိုက်တာနဲ့ ဝေလဂိုဏ်းက ချက်ချင်းသိသွားမှာပါ ၊ သူတို့ဂိုဏ်းမှာ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ရှိတယ်လေ ၊ ငါတို့ရဲ့နောက်ပိုင်းလုပ်ရပ်တွေကို ထိခိုက်မှာစိုးလို့ ဘယ်သူမှ ဝေလဂိုဏ်းနဲ့ရင်ဆိုင်ချင်ကြမှာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“အခု ငါတို့ (၃)ယောက် တိုက်ခိုက်တာတောင်မှ အဲဒီယန္တရားက ပွင့်သွားလောက်ပြီ ၊ ဒါပေမဲ့ ဝေလဂိုဏ်းကစစ်ကူတွေ ရောက်မလာတာပဲ ကျေးဇူးတင်ရမယ်”

ထိုသို့ပြောပြီးသည်နှင့် ထိုလူငယ်က အတော်လေးစိတ်သက်သာရာရသွားဟန် ရှိသည်။

ရန်ကျောက်ကဲက သူ၏နဖူးထက်မှ သင်္ကေတကို လက်ညှိုးညွှန်ပြရင်း...

“ဒီသင်္ကေတကို မင်းဘယ်လိုရတာလဲ”

တစ်ဖက်လူက...

“ငါ့ရဲ့အကြီးအကဲတစ်ယောက် ချန်ထားပေးခဲ့တာပါ ၊ ငါကိုယ်တိုင်လည်း အဲဒါနဲ့ပတ်သက်လို့ သိပ်မရှင်းလင်းပါဘူး”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ဆိုတော့... နေဝန်းထက်ယံအရှင်သခင်က စန့်ချင်အဆက်အနွယ်တွေထဲက တန်ခိုးစွမ်းအားကြီးမားသူတွေနဲ့ တွေ့ဆုံခဲ့တာပဲ”

ရန်ကျောက်ကဲက မသိသလိုပင် ရေရွတ်လိုက်ခြင်း ဖြစ်သော်လည်း သူ့အရှေ့မှလူငယ်၏နားထဲတွင်တော့ မိုးကြိုးပစ်ချသည့်အလား ခံစားလိုက်ရ၏။

ရန်ကျောက်ကဲ၏ ဖမ်းဆီးခြင်းခံရသည့်တိုင် တည်ငြိမ်မှုကို ထိန်းထားနိုင်ဆဲဖြစ်သော အနှီလူငယ်သည် ယခုတော့ အတော်လေးတုန်လှုပ်ပြီး ပျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြင့် ငေးစိုက်ကြည့်နေတော့သည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ဘာလဲ... ၊ မင်း အသုံးပြုလိုက်တဲ့ ‘နတ်ဘုရားအဆံးသတ်ဓာသိုင်း’ က မူကွဲတစ်ခုဆိုပေမယ့် စန့်ချင်အဆက်အနွယ်က ဆင်းသက်လာတဲ့ နတ်ဘုရားအဆုံးသတ်ဓားသိင်းပဲ ၊ စစ်မှန်တဲ့ နတ်ဘုရားအဆုံးသတ်ဓားသိုင်းကိုသာ နက်နက်ရှိုင်းရှိုင်းနားမလည်ထားဘူးဆိုရင် သိမ်မွေ့တဲ့ပညာရပ်တစ်ခုနဲ့ မင်းရဲ့ဓားသိုင်းကို ဘယ်လိုလုပ် ဖုံးကွယ်ထားနိုင်မှာတဲ့လဲ”

သူက ဆက်ပြောသည်။

“မင်းရဲ့သိုင်းပညာက နက်ရှိုင်းတယ် ၊ မင်းနဲ့ငါ့ကြားမှာလည်း ရန်ငြိုးဆိုတာမရှိဘူး ၊ ဒီတော့... မင်း ငါ့ကို တမင်သက်သက် အကောက်ကြံဖို့ မင်း ငါ့ပုံစံဟန်ဆောင်ခဲ့တာတော့ မဖြစ်နိုင်ဘူး ၊ မင်း ငါ့လိုဟန်ဆောင်တာက အထက်ဘုံကမ္ဘာမှာ ဆက်ပြီးလျှောက်လှမ်းဖို့ အဆင်ပြေဖို့အတွက်လား ၊ ဒါမှမဟုတ် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ အဆင်ပြေဖို့အတွက်လား”

“မင်းကို ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်လို့ရနိုင်တယ် ၊ ပြီးတော့ မာနလည်းကြီးတယ် ၊ မင်းမှာ အကျပ်အတည်းတစ်ခုခု ဒါမှမဟုတ် ရည်မှန်းချက်တစ်ခုခု မရှိဘူးဆိုရင် မင်းကိုယ်မင်း တခြားသူလိုဟန်ဆောင်မှာ မဟုတ်ဘူး”

တကယ်တော့ ဝေလငါးမျှားမြို့တော်တွင် တွေ့ဆုံခဲ့ရသော အတု (၃)ကောင်လုံး၏ အရည်အချင်းများနှင့် အားသာချက်များက အလွန်ထူးခြားသည်ဟု ဆိုနိုင်သည်။

သူတို့အားလုံးက သိုင်းသူတော်စင် ဒုတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း အလယ်ဆင့် ဖြစ်ကြပြီး တူညီသောကျင့်ကြံခြင်းအဆင့်မှာပင် အခြားသူများထက် သာလွန်သူများဖြစ်ကြသည်။

သို့သော် သာမန်ထက်ထူးခြားသာလွန်သူ (၃)ယောက်ထဲတွင် ဤ တတိယ’ရန်ကျောက်ကဲ’ ကတော့ စွမ်းအားအမြင့်မားဆုံး ဖြစ်၏။

စန့်ချင်အဆက်အနွယ်မှဆင်းသက်လာသူတစ်ယောက်သည် သာမန်လူတစ်ယောက် ဖြစ်နိုင်ပါမည်လား။

ထိုသူနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကျင့်ကြံခြင်းအဆင့် ကွာခြားလွန်းသောကြောင့်သာ ယခုကဲ့သို့ ဖမ်းဆီးလာနိုင်ပြီး မောက်လျန်သတ္တဝါကိုအသုံးပြုကာ လှည့်စားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ရန်ကျောက်ကဲက...

“တိဟွမ်မြေကမ္ဘာဧကရာဇ်အမိန့်ထုတ်ထားတယ်မဟုတ်လား ၊ စန့်ချင်အဆက်အနွယ်တွေ အထက်ဘုံကမ္ဘာမှာ ခြေမချနိုင်အောင် တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ် ၊ စည်းကမ်းဖောက်သူတွေကို သတ်ပစ်လိမ့်မယ် ၊ မင်းက ဒီလောက်အန္တရယ်များတဲ့နေရာမှာ ဘာလာလုပ်နေတာလဲ”

တစ်ဖက်လူ၏မျက်နှာထက်မှ ထိတ်လန့်တုန်လှုပ်နေသောအမူအရာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။

“နာမည်ကြီး နေဝန်းထက်ယံသခင်လေးကလည်း စန့်ချင်အဆက်အနွယ်ဖြစ်နေမယ်လို့ ထင်မထားမိဘူး ၊ စန့်ချင်အဆက်အနွယ်မှန်းမသိလို့ မရိုမသေလုပ်မိတာပါ”

တစ်ဖက်လူက ငြိမ်သက်စွာဖြင့်...

“မင်းရဲ့တန်ခိုးစွမ်းအားက ငါ့ထက်သာတယ်ဆိုပေမယ့် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ငါနဲ့အတူတူပဲ ၊ မင်းသာ ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ ကိုလေ့ကျင့်မထားရင် ငါ့ရဲ့ဇာစ်မြစ်ကို ဘယ်လိုလုပ်သိမြင်နိုင်မှာလဲ”

ထိုစကားကြားတော့ ရန်ကျောက်ကဲနှုတ်ခမ်းများတွန့်ကွေးသွားသည်။

“ငါက မင်းနဲ့မတူဘူး ၊ မင်းတို့ဂိုဏ်းက အကြီးအကဲတွေနဲ့လည်းမတူဘူး ၊ ငါက မင်းတို့နဲ့မတူတဲ့ တခြားသူတစ်ယောက်ပဲ”

လူငယ်က...

“မင်းက ဆရာဘိုးဘိုး’လုန်’ ရဲ့ အဆက်အနွယ်လား”

***

***(Note - အရင်အပိုင်းတွေအားလုံးမှာ Eng အတိုင်း စန့်ချင်ကို ထိပ်တန်းသလင်း ၊ ယွိချင်ကို သလင်းကျောက်စိမ်း ၊ ထိုက်ချင်ကို မဟာသလင်းဆိုပြီး ဘာသာပြန်ဆိုခဲ့ပါတယ် ၊ ဒါပေမဲ့ နောက်ပိုင်းတရုတ်လိုကနေဘာသာဆက်ပြန်တော့ Eng နာမည်တွေကို  အဲဒီလို ဘာသာပြန်ထားတာတွေက တာအိုဝါဒရဲ့ ထိပ်တန်းတာအိုဆရာသခင်ကြီး (၃)ပါးဖြစ်တဲ့ စန့်ချင် ၊ ယွိချင်နဲ့ ထိုက်ချင်တို့အကြောင်းတွေ မပေါ်လွင်တော့သလို ဖြစ်သွားတာကြောင့် နောက်ပိုင်းတစ်လျှောက်လုံးမှာ စန့်ချင် (လင်ပေါင်ထျန်းကျွင်း) ၊ ယွိချင် (ယွမ်စီထျန်းကျွင်း) ၊ ထိုက်ချင် (ထိုက်စန့်လောင်ကျွင်း) လို့ပဲ ဆက်လက် ဘာသာပြန်ဆိုသွားပါတော့မယ် ၊ ဖတ်ရအဆင်မပြေဖြစ်သွားရင် ဘာသာပြန်သူရဲ့အားနည်းချက်သာဖြစ်ပါသဖြင့် အနူးအညွတ်တောင်းပန်အပ်ပါတယ် - ဘာသာပြန်သူ)

All Chapters