← Chapters

Prologue

Vol. 5 Ch. 1

Prologue

Vol. 5 Ch. 1

အာရေဗျကျွန်းဆွယ်ပေါ်ရှိ ကမ်းခြေတစ်ခုတွင်ဖြစ်သည်။

မတူညီသည့်အလံများကို တပ်ဆင်ထားသည့် ရေတပ်သင်္ဘောအုပ်စုသုံးစုက ပင်လယ်ရေပြင်ကျယ်ထဲတွင် နေရာယူထားကြပြီး ဖိုခနောင့်ဆိုင်ထားကြသည်။

အားလုံးထဲတွင်တော့ အမေရိကန်အလံနှင့်လေယာဥ်တင်သင်္ဘောများနှင့် ဖျက်သင်္ဘောများက အထင်ရှားဆုံးဖြစ်နေပါသည်။ ဥရောပသမဂ္ဂအလံများတပ်ဆင်ထားသည့် သင်္ဘောအုပ်စုကတော့ အနည်းငယ်ပိုသေးသောသင်္ဘောများနှင့်ပြည့်နေပြီး အရေအတွက်ပိုများသည်။ အကျပ်အတည်းကာလတွင် ြဗိတိန်က ဥရောပသမဂ္ဂအတွင်း ပြန်လည်ဝင်ရောက်ပြီး အခြားတော်ဝင်နိုင်ငံများနှင့် မဟာမိတ်ပြန်ဖွဲ့လိုက်၏။ သူတို့၏မဟာမိတ်ခေါင်းဆောင်နေရာက သိပ်မတည်ငြိမ်သော်လည်း ရေတပ်အင်အားအများဆုံးဖြစ်နေသေးသဖြင့် အာရေဗျကျွန်းဆွယ်အရေးတွင်တော့ပြောရေးဆိုခွင့် ရှိနေဆဲပင်။

အခြားအုပ်စုတစ်ခုကတော့ ဟောင်းနွမ်းနေသော ပင်လယ်ဓားပြသင်္ဘောများဖြင့်ပြည့်နေကာ အိုမီဂါအမှတ်တံဆိပ်ကို တပ်ဆင်ထားသည့် မြူတန့်မဟာမိတ်အဖွဲ့ဖြစ်သည်။

သူတို့စစ်သင်္ဘောများက ဟောင်းနွမ်းနေသည့်တိုင် အခြားအုပ်စုနှစ်ခုလုံးက သူတို့ကိုအထင်မသေးရဲကြပေ။ ဗီလိန်မဟာမိတ်က အမေရိကန်၏မီတာလူသား ဖိနှိပ်ရေးအစီအစဥ်စတင်ပြီးနောက် သူတို့ကိုယ်ပိုင် မြူတန့်များလွတ်မြောက်ရေး အစီအစဥ်ကိုစတင်ခဲ့သည်။ ထိုအစီအစဥ်နှင့်အတူ နိုင်ငံတချို့ကို သူတို့ဖက်ပါအောင် စည်းရုံးနိုင်ခဲ့ပြီး အမေရိကန်မြူတန့်ထိန်းချုပ်ရေးအစီအစဥ်ကြောင့် ထိခိုက်နစ်နာသူအများစုမှာ မြူတန့်မဟာမိတ်ဘက်သို့ ဘက်ပြောင်းလာကြသည်။

ယခုစစ်သင်္ဘောအုပ်စုကိုလည်း A+ ရေစွမ်းအားပိုင်ရှင် ဆယ်ကျော်သက် အမြွှာမိန်းကလေးနှစ်ယောက်က ဦးဆောင်ထားခြင်းဖြစ်ပြီး အထက်အမိန့်ရသည်နှင့် ကျန်ရေတပ်ဖွဲ့နှစ်ခုလုံးကို လှိုင်းလုံးများအတွင်း နစ်မြုပ်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိကြသူများဖြစ်သည်။ ထိုမိန်းကလေးနှစ်ယောက်ပေါင်းစွမ်းအားက S rank အစစ်များနီးနီးရှိပြီး လူကန်ဖရန့်အဖွဲ့နီးပါး အင်အားကြီးမားသည်။ လူကန်ဖရန့်အဖွဲ့မှာ ဟီးရိုးအေးဂျင့်လူကန်၏သေဆုံးခြင်းနှင့် ဖရန့်၏နားလည်ရခက်သော ပျောက်ဆုံးသွားခြင်းတို့ကြောင့် ပျက်စီးသွားပြီးဖြစ်ရာ အိုရှန်နီယာအမြွှာနှစ်ယောက်က သူတို့နေရာကို ဝင်နေရာယူထားသည်။

ကမ်းခြေပေါ်တွင်တော့ တိုက်ရေယာဥ်အုပ်စုသုံးခုလုံးကို စောင့်ကြည့်နေသည့် အာရေဗျအမြောက်တပ်ရှိနေသည်။ အာရေဗျနိုင်ငံများကလည်း သူတို့မြေပထဝီအနေအထားအရ မဟာမိတ်သုံးဖွဲ့အကြား ကျရောက်နေခြင်းကို သတိထားမိခဲ့ပြီး ရက်ပိုင်းအတွင်း အာရေဗျမဟာမိတ်ကို ဖွဲ့စည်းခဲ့သည့်တိုင် အမှန်တကယ် အင်အားချင်းယှဥ်သည့်အခါတွင်တော့ သူတို့အင်အားက ထိုအဖွဲ့သုံးခုထဲမှာ အားအနည်းဆုံးဖြစ်သည့် ဥရောပမဟာမိတ်ကိုပင် အနိုင်ယူနိုင်စွမ်းမရှိပေ။

သို့သော် စစ်ပွဲကိုရှောင်ရှားရန်အလို့ငှာ လေးပွင့်ဆိုင်ဆွေးနွေးရေးအတွက် အာရေဗျမဟာမိတ်ဥက္ကဋ္ဌ UAE မင်းသားအဘူဟေတင်က ကမ်းလှမ်းလာရသည်။

အမေရိကန်ဘက်မှ သစ္စာဖောက်ဟီးရိုး ဖလိမ်းဂါးဒီးယမ်းနှင့်နိုင်ငံခြားရေးဝန်ကြီးတို့ ကိုယ်စားပြုတက်ရောက်ပြီး မြူတန့်မဟာမိတ်ဘက်ကတော့ လက်ရှိပူးတွဲဥက္ကဋ္ဌ ကြေးစားစစ်တပ်ခေါင်းဆောင် စစ်ပွဲနှင်းဆီနှင့်အဖွဲ့က ကိုယ်စားပြုသည်။ ဥရောပမဟာမိတ်ဘက်ကတော့ ဗြိတိန်မင်းသမီးလီလီယာတက်ရောက်ပြီး သူတို့က ခန်းမကြီးတစ်ခုအတွင်း အတူရှိနေကြသည်။

မင်းသမီးလီလီယာက အသုဘအခမ်းအနားတွင်သာတော်ဝင်မျိုးတို့ဝတ်ဆင်သော အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင်တော့ တော်ဝင်ကျူဒါအိမ်တော် အမှတ်တံဆိပ်ကို ဝတ်ဆင်ထားပြီး ဒူဘိုင်းမင်းသား၏ညာဖက်ခုံတွင် ထိုင်နေသည်။ ဘယ်ဖက်ခုံတွင်တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရှိနေပြီး သူ့နောက်တွင်တော့ ဖလိမ်းဂါးဒီးယမ်းက အရိပ်လိုရှိနေ၏။ လအနည်းငယ် ကြာပြီးချိန်တွင် သူ့ဒဏ်ရာများက ပြန်ကောင်းလာပုံပေါ်သည်။ ကံကောင်းစွာဖြင့် ဥစာကီက သူ့စွမ်းအားကိုပိတ်ရန်ကျဆုံးခဲ့ပြီး ခြေလက်များကိုသာ ဖြတ်နိုင်ခဲ့၍သာ အမေရိကန်ဘက်တွင် S rank မြူတန့်တစ်ဦးရှိနေခြင်းဖြစ်၏။

မြူတန့်မဟာမိတ်ကိုယ်စားပြု စစ်ပွဲနှင်းဆီကတော့ စားပွဲဝိုင်းထောင့်စွန်းတွင် ထိုင်နေကြပြီး သူ့နောက်တွင်တော့ သူယုံကြည်ရသည့် တစ်ဦးတည်းသောအဖွဲ့ဝင် ဂွမ်ရပ်နေတယ်။ ဂွမ်က သာမန်မြူတန့်ပေမဲ့ စစ်ပွဲနှင်းဆီကိုယ်တိုင်က စွမ်းအားကြီးမြူတန့်မလို့ အထူးတလည် ကိုယ်ရံတော်တွေမလိုပါဘူး။

ဒူဘိုင်းမင်းသားကတော့ အာရေဗျစော်ဘွားနိုင်ငံတွေအားလုံးကို ကိုယ်စားပြုတဲ့အနေနဲ့ရှိနေပြီး သူ့နောက်မှာတော့ အော့စမန်အိမ်တော်ကလာတဲ့ သဲမြေတွေကိုထိန်းချုပ်နိုင်သူ S rank အဆင့်မြူတန့် မာမွတ်ရှိနေတယ်။

အော့စမန်တွေက အော့တိုမန်အင်ပါယာကြီးရဲ့တော်ဝင်မျိုးတွေ ဖြစ်ခဲ့ပေမဲ့ ပထမကမ္ဘာစစ်တွင်း ရှုံးနိမ့်မှုကြောင့် ဆိုးဆိုးဝါးဝါးဆုတ်ယုတ်ခဲ့ပြီး တူရကီနိုင်ငံတွင်းမှာ အာဏာမရှိတော့ပါဘူး။ ဒါပေမဲ့ဆွေကြီးမျိုးကြီးပီပီ ချမ်းသာကြွယ်ဝမှုရှိနေသေးပြီး မာမွတ်လို S rank တစ်ယောက်ကို မွေးထုတ်ပေးလိုက်နိုင်တယ်။ နောက်ပြီး သူက ဒူဘိုင်းမင်းသားရဲ့ကိုယ်ရံတော်မဟုတ်ပါဘူး။ အာရေဗျရဲ့တော်ဝင်အိမ်တော်ခြောက်ခုကို ပြင်ပအင်အားစုတွေရန်ကနေ ကာကွယ်ပေးဖို့အတွက် အထူးရောက်ရှိလာခြင်းပါ။

"ဒီတော့ လူစုံပြီပေါ့၊ စလိုက်ကြရအောင်။" နိုင်ငံခြားရေးဝန်ကြီးက အချိန်ကုန်မခံချင်ဟန်နဲ့ သူပြောချင်ရာကို စပြောတယ်။

"အာရေဗျနိုင်ငံတွေအနေနဲ့ ကျုပ်တို့လူသားမဟာမိတ်ထဲကိုဝင်ပြီး ပုံမှန်မဟုတ်သူတွေကို ထိန်းချုပ်ဖို့လုပ်တာ အသင့်တော်ဆုံးပဲ။ သူတို့တွေက နိုင်ငံတစ်နိုင်ငံရဲ့အုပ်ချုပ်ရေးအာဏာကို မတည်မငြိမ်ဖြစ်စေတယ်။ အာရေဗျမဟာမိတ်အနေနဲ့ လုပ်စရာက နည်းနည်းပဲရှိပါတယ်။ ကျုပ်တို့အမေရိကန်မှာလုပ်ထားသလိုမျိုး မြူတန့်တွေအပေါ် ထိန်းချုပ်စောင့်ကြည့်တဲ့ဥပဒေ ပြဌာန်းပေးဖို့ပါ။ ပြီးရင်တော့ မသမာသူတွေ ခင်ဗျားတို့နိုင်ငံတွေကို မထိပါးနိုင်အောင်လို့ အမေရိကန်စစ်တပ်တွေနဲ့ လာစောင့်ရှောက်ပေးပါမယ်။ ပြီးတော့ လက်နက်နည်းပညာတွေလည်း အကူအညီပေးပါ့မယ်။"

ဒီကတိစကားကိုကြားတော့ ဒူဘိုင်းမင်းသားရဲ့မျက်နှာကြီး မည်းမှောင်သွားပြီး ခန်းမထဲက တခြားမိန်းကလေးနှစ်ယောက်က တခစ်ခစ်နဲ့ရယ်မောလိုက်ကြတယ်။

"ရှင့်စကားနဲ့ကတိတွေက တော်တော်လေးရယ်ရတာပဲ။ ရှင်တို့သိမ်းငှက်အိုကြီးက နိုင်ငံတွင်းမှာလျှောက်သွားနေတဲ့ နယူးယောက်အစည်းအရုံးဟောင်းကိုတောင် မဖျက်ဆီးနိုင်သေးတာကို အာရေဗျကို တကယ်ပဲ ရှင်တို့ရဲ့ရုပ်သေးနိုင်ငံ လုပ်လို့ရမယ်ထင်နေတာလား။"

စစ်ပွဲနှင်းဆီကတော့ နည်းနည်းပိုပြီးတည့်တိုးဆန်တယ်။ နိုင်ငံခြားရေးဝန်ကြီးက စကားကိုလှလှလေးရွေးသုံးနေပေမဲ့ တောင်ကိုရီးယား၊ အီတလီနဲ့ မက္ကဆီကိုတို့ ဘာဖြစ်သွားသလဲဆိုတာ လူတိုင်းမျက်မြင်ပါ။ သူတို့ကိုလက်ခံထားမိတဲ့ နိုင်ငံတစ်နိုင်ငံကို သူတို့သဘောမကျတော့တာနဲ့ တိုက်ရိုက်သိမ်းပိုက်လိမ့်မယ်။ ဒီလိုမှမဟုတ်လို့ အခြေအနေမကောင်းရင်လည်း အာဖကန်နဲ့ဗီယက်နမ်မှာလိုမျိုး ချက်ချင်းစွန့်ခွာပြီးထွက်ပြေးလိမ့်မယ်။ ဘယ်တုန်းကမှ ဒီနိုင်ငံဟာ မဟာမိတ်ကောင်းတစ်ခုမဟုတ်ခဲ့ဘူး။ သူတို့ဂရုစိုက်တဲ့အရာက အကျိုးအမြတ်နဲ့အကျိုးအမြတ်ရယ်ပဲရှိတယ်။ ဒါကို အာရေဗျရဲ့ကူဝိတ်နိုင်ငံကလည်း သက်သေခံခဲ့ပြီးသားပါ။

"ပထမဆုံးအနေနဲ့ စကားကိုပြီးစလွယ်မပြောပါနဲ့ ပူးတွဲဥက္ကဋ္ဌကြီး၊ ကျုပ်တို့က အမိမြေကိုကာကွယ်ဖို့ လိုအပ်သလိုလုပ်ရုံပါ။ ခင်ဗျားတို့မြူတန့်မဟာမိတ်ကလည်း အာဖရိကနဲ့အရှေ့အလယ်ပိုင်းနိုင်ငံအများစုကို စစ်ရေးနဲ့တိုက်ရိုက်ကျူးကျော်ပြီး သာမန်လူတွေကို ကျွန်ပြုထားတာ မမေ့ပါနဲ့ဦး။"

နိုင်ငံခြားရေးဝန်ကြီးက ပြန်ခံပက်လိုက်တယ်။ မြူတန့်မဟာမိတ်ရဲ့ဝါဒတစ်ခုက မီတာလူမျိုးကြီးဝါဒပါ။ သာမန်လူတွေထက် မီတာတွေက ပိုမြတ်တယ်လို့ယူဆတာကြောင့် သာမန်လူတွေရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကိုဖျက်သိမ်းပြီး မြူတန့်တွေကို ခွဲဝေပေးတာမျိုးလုပ်ထားပါတယ်။ မြူတန့်မဟာမိတ်သိမ်းတာခံရတဲ့ နိုင်ငံအများစုမှာ မြူတန့်တွေအတွက် သာမန်လူတွေက စစ်လက်နက်ထုတ်လုပ်ရေးနဲ့တခြားစက်မှုလုပ်ငန်းတွေမှာ ကျွန်ခံနေရတယ်။ USSR အနေနဲ့ ယူကရိန်းမှာကျူးကျော်ခဲ့တဲ့ အခြေအနေတွေအတိုင်းပဲ မြူတန့်မဟာမိတ်က ကျူးလွန်နေခဲ့တာပါ။

"ဘာပဲပြောပြော နိုင်ငံရေးမှာ လက်သီးအမာဆုံးသူက နိုင်တာပဲ။ ကျွန်မတို့က ရှင်တို့လင်းယုန်အိုကြီးကို ခြိမ်းခြောက်နိုင်စွမ်းရှိတယ်ဆိုတာကို ရှင်တို့ကိုယ်တိုင် ဝန်ခံနေတာပဲ။ နှစ်ရှည်ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ တရုတ်နဲ့ရုရှားကိုတောင် ရှင်တို့မဟာမိတ်အဖြစ် လက်ခံခဲ့တယ်မဟုတ်လား။ ပြီးတော့ရုရှားကလည်း ကျွန်မတို့မဟာမိတ်တွေကြောင့် နှစ်ခြမ်းကွဲပြီးနေပြီ။ ကြည့်ရတာ လင်းယုန်အိုကြီးက အထီးကျန်ပြီး ကောက်ရိုးတစ်မျှင်ကို ဖမ်းဆွဲဖို့ ကြိုးစားနေသလိုပဲ။"

နိုင်ငံခြားရေးဝန်ကြီးက ဒေါသထွက်သွားပေမဲ့ ဘာပြန်ပြောရမှန်းမသိတော့ဘူး။ မြေထဲပင်လယ်မှာ စပိန်ရေတပ်ကိုဖျက်ဆီးပြီး စပိန်ပိုင်ကျွန်းပေါ်နျူကျဲဖို့ လုပ်တဲ့ကိစ္စကြောင့် အမေရိကန်က အထီးကျန်နေတယ်။ ဒီအားနည်းချက်ကိုဖာထေးဖို့ အမေရိကန်က ကမ္ဘာ့အရှေ့အုပ်စုက စူပါပါဝါတွေနဲ့ မိတ်ဖွဲ့ခဲ့ရပါတယ်။ ဒါမှ သူတို့ရဲ့လူသားမဟာမိတ်အစီအစဥ်ကို ဆက်လုပ်နိုင်မှာပါ။

"ကျွန်မကတော့ လင်းယုန်အိုကြီးလို ဝေ့ဝိုက်ပြီးမပြောတတ်ဘူး။ ရှင်တို့အာရေဗျတော်ဝင်မျိုးတွေက အစတည်းက မြူတန့်တွေကိုမွေးထုတ်ဖို့ ကြိုးစားနေပြီးသားပဲမဟုတ်လား။ ဒီတော့ ကျွန်မတို့လမ်းစဥ်အတိုင်း လူသားတွေကို ရှင်တို့လူတန်းစားအလွှာရဲ့အောက်ဆုံးမှာထားပြီး မြူတန့်တွေကို သူကောင်းမျိုးအဖြစ် သတ်မှတ်ပေးလိုက်။ ဒါဆိုရင် ရှင်တို့ကိုကျွန်မတို့ရဲ့လက်အောက်ခံနိုင်ငံဖြစ်ခွင့်ပေးမယ်။ အရိုးမျက်နှာတစ်ထောင်ကိုလည်း လင်းယုန်အိုကြီးရန်ကနေ ကာကွယ်ဖို့ပေးဦးမယ်။"

မင်းသမီးလီလီယာကတော့ ပြိုင်ဘက်မဟာမိတ်အဖွဲ့

နှစ်ခုရဲ့စကားတွေကြောင့် သက်ပြင်းချလိုက်မိတယ်။အာရေဗျကျွန်းဆွယ်က ကမ္ဘာကြီးတစ်ခုလုံးနဲ့ယှဥ်ရင် သေးသေးလေးပါ။ ဒါပေမဲ့ မဟာမိတ်သုံးခုလုံးအတွက် အရေးကြီးပါတယ်။

အာရေဗျကျွန်းဆွယ်က အာဖရိက၊ အာရှနဲ့ဥရောပကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသောကုန်းမြေအစိတ်အပိုင်းပါ။ အာရေဗျကို ထိန်းချုပ်နိုင်ခြင်းဟာ ကုန်းမြေတိုက်ကြီးသုံးခုလုံးကို ခြိမ်းခြောက်နိုင်မယ့် အခွင့်အရေးကိုရရှိထားတာနဲ့ တူညီပါတယ်။

လက်ရှိမှာ အမေရိကန်နဲ့မြူတန့်မဟာမိတ်က အာဖရိကတိုက်ကို ထိန်းချုပ်ခွင့်ရဖို့အတွက် အားပြိုင်နေပါတယ်။ လက်ရှိမြူတန့်မဟာမိတ်က အာရှဖက်မှာ အမေရိကန်ထက် ပိုသာတဲ့လွှမ်းမိုးမှုရှိနေတာကြောင့် အမေရိကန်က အာဖရိကို ထိန်းချုပ်ပြီးမျှခြေဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတယ်။ မြူတန့်တွေရဲ့အာဖရိက ကိုလိုနီတွေကိုအပြတ်ရှင်းချင်ရင် အာရေဗျကျွန်းဆွယ်ကိုသိမ်းပြီး ကုန်းရေလေကူးသန်းမှုတွေကို အပြည့်အဝထိန်းချုပ်ပြီး မြူတန့်ထောက်ပို့တွေမရောက်အောင်လုပ်ရမယ်။ တစ်ဖက်မှာလည်း မြူတန့်မဟာမိတ်မှာ အာဖရိကကိုလိုနီတွေရှိနေပြီး အမေရိကန်ရဲ့နယ်ချဲ့လာမှုကို တားဆီးဖို့အတွက် အရှေ့အလယ်ပိုင်းကိုလိုနီတွေနဲ့ချိတ်ဆက်နိုင်ဖို့ အာရေဗျကျွန်းဆွယ်ကို ရဖို့လိုနေတယ်။ ဥရောပအတွက်ကတော့ ဒီနှစ်ဖွဲ့လုံးက သူတို့အတွက်မိတ်ဆွေမဖြစ်နိုင်တာမလို့ ဥရောပကိုအဲဒီနှစ်ဖွဲ့ရဲ့လွှမ်းမိုးမှု ပိုကြီးမလာအောင် အာရေဗျကို ကြားခံနယ်အဖြစ် ဆက်ထားရှိဖို့မျှော်လင့်နေတယ်။

လီလီယာက ရှေ့နှစ်ယောက်ပြောသွားတဲ့အချက်တွေကို နားထောင်ပြီး တောက်ပစွာပြုံးလိုက်တယ်။ အဲဒီနောက်တော့ ခေါက်ယပ်တောင်ကိုဖြန့်လိုက်ပြီး တဖျတ်ဖျတ်ခတ်တယ်။

"ဥရောပမဟာမိတ်ကတော့ ရှင်တို့ကို ရုပ်သေးနိုင်ငံတို့ဘာတို့အဖြစ်နဲ့ အလိုမရှိပါဘူး။ ရှင်တို့အနေနဲ့ နေမြဲတိုင်းနေဖို့ပဲ လိုလားတယ်။ အဲဒီလိုနေနိုင်ဖို့အတွက် ကျွန်မက ရှင်တို့ကိုလာနှောင့်ယှက်နေတဲ့ ဗရုတ်နှစ်ဖွဲ့ကို ရှင်းထုတ်ပေးမယ်။"

ပြိုင်ဘက်မဟာမိတ်နှစ်ဖွဲ့လုံးကို ရှင်းထုတ်မယ်ဆိုတဲ့စကားက ဘယ်လောက်ထိတာသွားသလဲဆိုတာ အရင်သိဖို့လိုတယ်။ လက်ရှိမဟာမိတ်သုံးခုထဲမှာ အားအနည်းဆုံးက ဥရောပပါ။ ကုန်းမြေလွှမ်းမိုးမှုအသေးဆုံးဖြစ်သလို စစ်ရေးအရလည်း အင်အားမရှိနေပါဘူး။ ပြီးတော့ ဘာဝှက်ဖဲမှလည်းရှိမနေဘူး။

အမေရိကမှာ မရေမတွက်နိုင်တဲ့ နျူကလီးယားထိပ်ဖူးတွေရှိတယ်။ မြူတန့်မဟာမိတ်မှာကတော့ နျူကလီးယားဒုံးကို လမ်းလွှဲပစ်နိုင်တဲ့ အိုမီဂါအဆင့်မြူတန့်ရှိတယ်ဆိုပြီး အသီးသီးဝါဒဖြန့်ထားကြတယ်။ ဒါပေမဲ့ ဥရောပမှာကတော့ ဘာမှရှိမနေပါဘူး။ သူလိုငါလိုနိုင်ငံတွေပေါင်းစုထားရုံပါ။ ပြီးတော့ အင်္ဂလန်ဟာ စီးပွားရေးဆက်တိုက်ကျဆင်းနေပြီး နှစ်စဥ် ဘဏ်ပေါင်းစုံဒေဝါလီခံနေတယ်၊ ပြင်သစ်ကလည်း စီးပွားရေးအဆင်မပြေဘဲ နှစ်စဥ်ပင်စင်လခလျှော့နေလို့ နိုင်ငံရေးတင်းမာမှုတွေရှိနေတယ်။

ပြောရရင် လျော့တိလျော့ရဲဖွဲအထားတဲ့ အာရေဗျမဟာမိတ်လိုပါပဲ။ ဒါပေမဲ့ လီလီယာမှာက ဒီနှစ်ဦးလုံးကို ကိုင်တွယ်နိုင်တဲ့ အရာတစ်ခုရှိနေသေးတယ်။

"ဪ... ဂရိတ်ဗြိတိန်ရဲ့အိမ်ရှေ့မင်းသမီးလီလီယာက မာနကြီးတယ်ဆိုတာကို ကြားဖူးရုံပဲ ကြားဖူးသေးတာ။ တကယ်ဖြစ်နေမယ်လို့ မထင်မိဘူး။ ဒါပေမဲ့ မာနကြီးတာနဲ့ အရည်အချင်းမရှိတာက ကွဲပြားတယ်ဆိုတာတော့ သိဖို့လိုသေးတယ်။ နင်က ဒီနေရာမှာရော တကယ်ပြောရေးဆိုခွင့်ရှိရဲ့လား။ ငါသိသလောက် နင်တို့ဗြိတိန်တော်ဝင်မျိုးတွေက ငှက် လှောင်အိမ်ထဲက အလှပြကြက်တူရွေးလေးတွေပါ။ အဝတ်အစားလှလှလေးတွေနဲ့ ပွဲခမ်းပွဲနားတက်မယ်၊ အရေးမပါတဲ့ မိန့်ခွန်းတွေပြောမယ်။ ဒါလောက်ပဲရှိတာမဟုတ်လား။ ပြီးတော့ အခုအစည်းအဝေးထဲမှာတောင် နင့်မှာငါတို့လို S rank တစ်ယောက်မှရှိမနေဘူး။ အရှက်ကွဲမခံချင်ရင် ဒီအတိုင်းပါးစပ်ပိတ်ခေါင်းညိတ်ပြီး ပြန်သွားလိုက်။"

စစ်ပွဲနှင်းဆီက ခပ်ရိုင်းရိုင်းတွေပြောလိုက်ပေမဲ့ မင်းသမီးလီလီယာကတော့ နည်းနည်းလေးမှ တုန်မလှုပ်မသွားဘဲ အဲဒီအစား ရယ်မောနေပါတယ်။

"နင်က ငါ့မှာ ကိုယ်ရံတော်မပါဘူးလို့ထင်နေတာလား။ ငါက သူ့ကို ဒီအထဲမဝင်ခိုင်းရသေးရုံတင်ပါ။"

အဲဒီနောက်တော့ မင်းသမီးက သူ့လက်မှာပတ်ထားတဲ့ Watch Clockကို နှိပ်လိုက်တယ်။ မကြာခင်မှာပဲ ခန်းမကြီးရဲ့ခေါင်မိုး ပြိုကျသွားပြီး အာရေဗျအစောင့်တွေရဲ့အထိတ်တလန့် အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။

ကျန်တဲ့သူတွေအားလုံး မော့ကြည့်လိုက်တော့ ခေါင်မိုးအပေါ်ကနေ ခန်းမထဲကို တဖြည်းဖြည်းပျံသန်းဝင်ရောက်လာတဲ့ လူနှစ်ရပ်စာမြင့်တဲ့ အနက်ရောင် စက်ရုပ်ကြီးကို မြင်လိုက်ရတယ်။

"S rank အမ်တီဟီးရိုး Archmegaက မင်းရဲ့ကိုယ်ရံတော်လား။" ဒူဘိုင်းမင်းသားက အံ့ဩတကြီးပြောလိုက်ပေမဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့စစ်ပွဲနှင်းဆီကတော့ အံ့ဩပုံမပေါ်ဘူး။ ရုတ်တရက်အင်အားကြီး

မြူတန့်တစ်ယောက် ရောက်လာနေလို့ စိတ်ရှုပ်နေရုံပဲ။ အရင်က Archmegaဟာ A rank ပဲရှိသေးတာမလို့ သူတို့မစိုးရိမ်ခဲ့ပေမဲ့ ဒီနှစ်ထဲမှာ ဒီနည်းပညာမြူတန့်က တအားတိုးတက်လာတာပြီး သူတို့အဖွဲ့အစည်းတွေက အစွမ်းဆုံးတွေနဲ့အဆင့်တူနေပါပြီ။

"ဟုတ်တာပေါ့၊ သူသာ ကျွန်မရဲ့ကိုယ်ရံတော်မဟုတ်ရင် သူ့ကိုဂရိတ်ဗြိတိန်က ဖမ်းဝရမ်းထုတ်ပြီးနေပြီပေါ့။" အာရေဗျထောက်လှမ်းရေးက မြူတန့်မဟာမိတ်ရဲ့ဗီလိန်ကွန်ယက်နဲ့ အမေရိကန်CIA လောက်အားမကိုးရဘူး။ သူတို့က ပြည်တွင်းမှာသာလှုပ်ရှားကြတာဖြစ်ပြီး ပြည်ပရေးရာကိစ္စတွေကိုမသိတာများတယ်။

"ပြီးတော့ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် ရှင်တို့မဟာမိတ်နှစ်ခုရဲ့အင်အားက ရှင်တို့ဝါဒဖြန့်ထားသလောက် အင်အားမရှိလှပါဘူး။" လီလီယာက အစချီလိုက်တယ်။

ကျန်တဲ့မဟာမိတ်နှစ်ဖွဲ့လုံး မျက်မှောင်ကြုတ်လိုက်ကြတယ်။

"ပထမဆုံးအနေနဲ့ ရှင်တို့အမေရိကန်က နျူလက်နက်ပေါင်း ၁၆၀၀ ရှိတယ်လို့ပြောတယ်။ ရှင်တို့အဲဒီလက်နက်တွေ စထုတ်ကတည်းက အခုထိရှိဆိုပါတော့။ ဒါပေမဲ့ လူအများစုမေ့နေကြတာက နျူလက်နက်တွေက အကောင်းဆုံးထိန်းသိမ်းမှုတွေ ပြုလုပ်ပေးရင်တောင် အများဆုံးနှစ်နှစ်ဆယ်ပဲခံတာ။ ဒီတော့ အလုံးထောင့်ခြောက်ရာထဲက အများစုက အခုအချိန်မှာ သုံးမရတဲ့ထိပ်ဖူးတွေဖြစ်နေလောက်ပြီ။ အသစ်တွေထုတ်ပြီး ထိန်းသိမ်းမယ်ဆိုရင် ရှင်တို့ရဲ့စီးပွားရေးအင်အားနဲ့တောင် အလုံးနှစ်ရာထပ် ပိုမထိန်းထားနိုင်ဘူး။ နိုင်ငံတစ်နိုင်ငံကိုအလုံးစုံဖျက်ဆီးဖို့ အလုံးတစ်ရာလိုတယ်ဆိုတော့ ရှင်တို့မှာ နိုင်ငံနှစ်ခုလောက်ကိုပဲ တိုက်ရိုက်ဖျက်ဆီးနိုင်စွမ်းရှိမှာ။ ဒါတောင် ပုံမှန်အရွယ်နိုင်ငံတွေကိုပြောတာ။ ရုရှားလို နယ်မြေအကျယ်ကြီးဆို ပိုဆိုးသွားပြီ။ ဗြိတိန်လေကြောင်းကာကွယ်ရေးကလည်း ဒီလောက်မညံ့ဘူး။ ဒီတော့ ရှင်တို့မှာ မြူတန့်မဟာမိတ်ကို အနိုင်ယူဖို့သေချာတဲ့ အာမခံချက်ရှိမနေဘူး။ ကျွန်မတို့ကိုပါ တိုက်ရိုက်ရင်ဆိုင်ရရင် ဟန်ချက်ပျက်သွားဖို့ပဲရှိတယ်။"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အရှိုက်ကိုအထိုးခံရသလိုမျိုး ရှူးရှူးရှားရှားဖြစ်သွားပေမဲ့ ဘာမှပြန်မပြောနိုင်ဘူး။ နျူအလုံးနှစ်ရာလုံးကို အမေရိကန်က ထုတ်သုံးမယ်ဆိုရင်တောင် စစ်ပွဲအဖြေက သိပ်မသေချာဘူးဆိုတာ အမှန်ပဲ။ ဒါပေမဲ့ လီလီယာရဲ့သုံးသပ်ချက်က မပြီးသေးဘူး။ မြူတန့်မဟာမိတ်ဘက်ပါ လှည့်လာတယ်။

"ရှင်တို့မြူတန့်မဟာမိတ်ကလည်း အလားတူပါပဲ။ နျူထိပ်ဖူးကိုလမ်းလွှဲနိုင်တဲ့ မြူတန့်ရှိတယ်ဆိုပြီး ကြွားဝါးနေပေမဲ့ ထိပ်သီးလျှို့ဝှက်ချက်ဆိုပြီး ရှင်တို့တရားဝင်မထုတ်ပြန်ဘူး။ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ အမေရိကန်တွေတောင် ဘယ်သူက ထိပ်ဖူးကို တားလိုက်မှန်းသိတာမဟုတ်ဘူး။ ပြီးတော့ကျွန်းပေါ်မှာ ရှင်တို့ဗီလိန်တွေချည်းရှိနေတာမဟုတ်ဘူး။ ဟီးရိုးတွေထဲက တစ်ယောက်ယောက်ကို မဖြစ်နိုင်ဘူးလား။ အဲဒါက အဖြစ်နိုင်ဆုံးလို့တော့ကျွန်မထင်တယ်။ မြူတန့်သိပ္ပံက အန်းနပ်စ်ဆိုတဲ့ ဇီဝလက်နက်ကို စမ်းသပ်နေမှန်း ကျွန်မတို့သိတယ်။ ဒါပေမဲ့ အဲဒါက ရှင်တို့လက်ထဲမှာရှိမနေတော့ဘဲ ဖျက်ဆီးခံလိုက်ရပြီ။ ဒီတော့ အခုရှင်တို့ဝှက်ဖဲက မရေမတွက်နိုင်တဲ့ အရိုးမျက်နှာတွေနဲ့ သာလွန်တဲ့မြူတန့်အရေအတွက်ပဲရှိတာ။ လက်နက်နည်းပညာပိုင်းမှာ ရှင်တို့က အများကြီးနောက်ကျကျန်နေခဲ့ပြီးသား။"

စစ်ပွဲနှင်းဆီလည်း ဘာမှပြန်မပြောဘူး။ သူတို့အသီးသီးမှာ အားနည်းချက်တွေနဲ့ဖြစ်နေပြီး သုံးဖွဲ့လုံးက အပြတ်အသတ်အင်အားကွာခြားတာမျိုးရှိမနေတဲ့ အခြေအနေမျိုးရောက်နေတယ်။

"ဒီတော့ ကျွန်မက အာရေဗျနိုင်ငံတွေကို နေမြဲတိုင်း နေစေချင်တယ်။ သူတို့ကို ကျူးကျော်ဖို့လုပ်တဲ့အဖွဲ့က လက်ရှိကြားနေနေသေးတဲ့ ဥရောပမဟာမိတ်နဲ့ရင်ဆိုင်ရပြီး စစ်မျက်နှာနှစ်ဖက်ဖြစ်မယ်။ ကျန်တာတော့ ရှင်တို့သဘောပဲ။"

အဲဒီနောက်တော့ ကျန်မဟာမိတ်နှစ်ဖွဲ့က ဒေါသထွက်နေပေမဲ့ စိတ်ကိုအတတ်နိုင်ဆုံးထိန်းပြီး ဥရောပမဟာမိတ်ရဲ့ဆန္ဒကို လိုက်နာဖို့သာ ရွေးချယ်လိုက်ရတော့တယ်။ အခုအချိန်မှာ ဘယ်သူမှ စစ်မျက်နှာနှစ်ခု ပြိုင်တူမတိုက်ချင်သေးပါဘူး။

နောက်ဆုံးတော့ ရန်လိုနေတဲ့မဟာမိတ်အုပ်စုနှစ်ခုက ပြန်သွားရပြီး မဟာမိတ်ဖွဲ့ဖို့ကြံထားတဲ့ အာရေဗျနဲ့ဥရောပ ကိုယ်စားလှယ်တွေပဲကျန်ခဲ့တယ်။

"ရှင်တို့နန်းတော်ခေါင်မိုးကို ဖျက်ဆီးမိတဲ့အတွက် စိတ်မကောင်းပါဘူး။" လီလီယာက အင်အားကင်းမဲ့သွားတဲ့ လေသံနဲ့ပြောလိုက်တယ်။ အစောပိုင်းက သံမဏိအမျိုးသမီးလို မာကျောခဲ့ပေမဲ့ အခုတော့ သာမန်မိန်းကလေးတစ်ယောက်လိုပဲ။

"ကိစ္စမရှိပါဘူး၊ ခင်ဗျားမှ မကူညီရင် ကျုပ်တို့က မြေစာပင်ဖြစ်တော့မှာ။" ဒူဘိုင်းမင်းသားကလည်း လီလီယာကို ကျေးဇူးတင်ကြောင်း ပြလိုက်တယ်။

"တကယ်တော့ သစ္စာရှိမိတ်ဆွေတစ်ယောက်ရဲ့အချက်အလက်တွေကြောင့်သာမဟုတ်ရင် သံတမန်တိုက်ပွဲကို ကျွန်မနိုင်မှာမဟုတ်ဘူး။ မင်းသမီးလီလီယာက အနက်ရောင်ဝါးဖရိန်ကြီးကို လှည့်ကြည့်ရင်း သက်ပြင်းချလိုက်တယ်။

ဖရာလီတာသာ အဲဒီမဟာမိတ်နှစ်ဖွဲ့လုံးရဲ့အားနည်းချက်တွေကို ပြောမပြခင်ရင် အာရေဗျကို အခုလိုရှိမြဲတိုင်းရှိနေစေဖို့က သွေးမြေကျဘဲ ဖြစ်နိုင်မှာမဟုတ်ဘူးရယ်။

All Chapters