စိန်ခေါ်မှု
Vol. 5 Ch. 2
သတိကောင်းကောင်းရလာပြီးတဲ့နောက်တော့ မက်ဒါနာ မက်ဒါနာစပြီး အစာစားဖို့လုပ်ရတယ်။ ဒါပေမဲ့ အူက ကျင့်သားမရသေးတော့ မေမေသီတာက ကြက်သားဆန်ပြုတ် အရည်ကျဲကိုပဲ ပြင်ဆင်ပေးထားတာ။
အရည်ကျဲကျဲဆန်ပြုတ်ပေမဲ့ ခံတွင်းပျက်နေသူတွေ ခံတွင်းလိုက်ဖို့အတွက် ဂျင်းနည်းနည်းထည့်ပေးထားတာမလို့ တကယ်ပဲသောက်ကောင်းပါရဲ့။ မက်ဒါနာက ပထမတစ်ဇွန်းကို အားပါးတရမြည်းကြည့်ပေမဲ့ နောက်တစ်ဇွန်းကိုတော့ သူ့ပါးစပ်ထဲ မထည့်နိုင်တော့ဘဲ မြေပြင်ပေါ်မှာ သူလှဲထားခဲ့တဲ့ အိမ်စေမလေးရဲ့ခန္ဓာကိုယ်ကိုမြင်တော့ သူ့အစာစားချင်စိတ်တွေ အငွေ့ပျံပျောက်ကွယ်သွားသလိုပဲ။
"သမီးသူငယ်ချင်းအတွက် စိတ်မကောင်း ဖြစ်နေသေးတာလား။" မေမေသီတာက မက်ဒါနာနဲ့ဆံနွယ်လေးတွေကို ထိကိုင်လိုက်ရင်း မေးလိုက်တယ်။
မက်ဒါနာကလည်း သက်ပြင်းချလိုက်ပြီး အေမီကို ထပ်ကြည့်မိလိုက်တယ်။ "ဟုတ်တယ်၊ သူ့ကို မကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် သမီးကိုယ်သမီး စိတ်ပျက်မိတယ်။"
ဒီစကားကိုကြားတော့ မေမေသီတာက မက်ဒါနာရဲ့ခေါင်းကို ခေါက်လိုက်တယ်။ "ကောင်မစုတ်လေး၊ အမေ့သမီးက အများကြီးသန်မာလာပေမဲ့ နောက်ဆုံးတော့ သာမန်လူသားတစ်ယောက်ပဲလေ။ ဘယ်လိုလုပ် အရာအားလုံးကို လုပ်နိုင်မှာလဲ။ အမှားတွေကို သင်ခန်းစာယူပြီးတော့ နောက်ထပ်မမှားအောင်လုပ်၊ ပြီးတော့ အဲဒီကောင်မလေးကို သမီးကယ်နိုင်တယ်ဆိုတာ အမေယုံတယ်။"
မေမေသီတာက မက်ဒါနာကို ဝမ်းနဲ့လွယ်မွေးထားတာမလို့ အူဘယ်နှစ်ခွေရှိသလဲဆိုတာ သိထားပြီးသား။ တကယ်လို့ သားလေးကနေ သမီးလေးဖြစ်သွားပြီး အူအခွေအရေအတွက် ပြောင်းမသွားဘူးဆိုရင်ပေါ့။ မက်ဒါနာကလည်း ထပ်သက်ပြင်းချလိုက်ပြီး နောက်ထပ် စွပ်ပြုတ်တစ်ဇွန်းကို ခပ်လိုက်တယ်။
"ဟုတ်တယ်... ခက်ခဲတယ်ဆိုပေမဲ့ သမီးသေချာပေါက်လုပ်နိုင်မှာ။"
စားလို့ပြီးသွားတော့ မက်ဒါနာက မေမေသီတာကို နယ်စားနန်းတော်ရဲ့စာကြည့်ဆောင်ဆီ လိုက်ပို့ပေးခိုင်းတယ်။ အေမီကို ကယ်ဖို့ဆိုရင် ဆုဗာနာနိုင်ငံကြီးကို အကျပ်အတည်းထဲကနေ ကယ်မပေးဖို့လိုတယ်။ ဒီတော့ ဒီနိုင်ငံအကြောင်းကို အများကြီးသိနေဖို့လိုပါတယ်။ မေမေသီတာက ခုမှနိုးခါစ သမီးလေးကို ပြန်အိပ်စေချင်ပေမဲ့ စိတ်အားထက်သန်လွန်းနေသူမလို့ လိုက်ပို့ပေးရတော့တယ်။
နန်းတော်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ တူညီစွာပဲ စာကြည့်တိုက်ထဲမှာ လူရှိမနေဘူး။ အစောင့်ဝန်ထမ်းပါ ရှိမနေတာ။ ကံကောင်းစွာနဲ့ မက်ဒါနာက စာကြည့်တိုက် အညွန်းကတ်တွေကို ဖတ်တတ်နေတဲ့အတွက် သူရှာချင်တဲ့ စာအုပ်တွေကို အလွယ်တကူရှာလို့ရသွားတယ်။
"အမေ့သမီးက ဆုဗာနာစာဖတ်တတ်လို့လား၊ အမေကူဖတ်ပေးရဦးမလား။" စာအုပ်စင်ပေါင်းစုံကနေ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ယူနေတဲ့ မက်ဒါနာကို ဝှီးချဲတွန်းပေးနေရတဲ့ မေမေသီတာက မေးလိုက်တော့ မက်ဒါနာငြင်းတယ်။
"သမီးခဏလောက်သင်လိုက်ရင် ဖတ်တတ်သွားလိမ့်မယ်။ မြန်မာစာနဲ့ အတူတူပဲမဟုတ်လား။"
မက်ဒါနာက သူ့ပေါင်ပေါ်တင်ထားတဲ့ ဆုဗာနာ သဒ္ဒါ
စာအုပ်ကို ပုတ်ပြလိုက်ရင်း ပြောလိုက်တယ်။ ဆုဗာနာစာက မြန်မာစာနဲ့အတူတူနီးပါးဖြစ်ပြီး အက္ခရာသုံးဆယ့်သုံးလုံးလုံး အတူတူပဲ။ ဗြိတိန်အင်္ဂလိပ်စာနဲ့ အမေရိကန်အင်္ဂလိပ်စာမတူသလိုမျိုး စာလုံးတချို့ရှိပေမဲ့ ဆုဗာနာသားနဲ့မြန်မာနိုင်ငံသား စကားပြောမယ်ဆိုရင် တစ်ဦးကိုတစ်ဦး နားလည်နိုင်ကြပါတယ်။
တကယ်တော့ မက်ဒါနာက ပထမတစ်ခါဆုဗာနာကိုလာကတည်းက ဂျပန်စကားနည်းတူ ဆုဗာနာစကားကို ပြောတတ်ခဲ့ပြီး စာလုံးဖတ်တတ်အောင် သင်ဖို့ပဲလိုနေတာပါ။ ဒီအတွက်ကလည်း သူ့ဉာဏ်ရည်ကြောင့် အခက်အခဲမရှိဘူး။
စာအုပ်တစ်ဒါဇင်လောက်ကို ပေါင်ပေါ်တင်ပြီးတဲ့နောက်မှာတော့ မက်ဒါနာနဲ့မေမေသီတာက စာကြည့်တိုက်ရဲ့စာကြည့်စားပွဲတွေဆီ ရောက်လာကြတယ်။ မက်ဒါနာယူလာတဲ့ အထဲမှာ ပေမူတစ်ချပ်လည်းပါပြီး အများစုက ဆုဗာနာပြည်ထောင်သမိုင်းမှတ်တမ်းတွေပါ။
"ဒီနိုင်ငံအကြောင်းသိချင်ရင် သမိုင်းစာအုပ်တွေကနေစတာ အကောင်းဆုံးပဲ။"
ပထမတစ်ကြိမ်လာကတည်းက မက်ဒါနာက Wiki အားကိုးပြီး ယေဘုယျအချက်အလက်တွေ လေ့လာထားပေမဲ့ တကယ်တမ်းမလုံလောက်သေးဘူး။ စွယ်စုံကျမ်းဆိုတာက အထွေထွေဗဟုသုတအတွက်သာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားခြင်း မရှိတတ်ပါဘူး။ ဒီတော့ သူသိထားဖို့ လိုတာတွေအများကြီးရှိနေသေးတယ်။
ပြီးတော့ ဆုဗာနာစာကြည့်တိုက်မှာက အွန်လိုင်းဝပ်ဆိုက်မရှိတာမလို့ သူ့မျက်မှန်ကစနစ်ကို အားကိုးမရဘူး။ ဒီတော့ ကိုယ်တိုင်လေ့လာ ဖတ်ရှုရလိမ့်မယ်။
"အမေ့သမီးဆံပင်တွေက ရှည်ပြီး ရှုပ်ပွနေတာပဲ၊ အမေဘီးသွားယူလိုက်ဦးမယ်။ အေးအေးဆေးဆေး စာဖတ်ပြီး ကျန်နေရစ်ခဲ့။"
မက်ဒါနာ ဆုဗာနာသဒ်ဒါဖတျစာကို ဖတ်ဖို့ဖွင့်လိုက်တုန်း မေမေသီတာက ပြောလိုက်တယ်။ မက်ဒါနာကတော့ အသာအယာသာ ခေါင်းညိတ်ပြပြီး စာဆက်ဖတ််တယ်။
"အယ်... ဒီတော့ ထင်မထားလောက်အောင် မြန်မာစာနဲ့ ကွဲပြားမှုတွေရှိနေတယ်ပေါ့။"
ဗျည်း၃၃လုံးနဲ့သရတွေကို လေ့လာပြီးတဲ့နောက် သဒ်ဒါကို မက်ဒါနာဆက်လေ့လာရတယ်။ နာရီဝက်မပြည့်ခင်မှာပဲ သဒ်ဒါတှပွေီးသှားပွီး ဝေါဟာရတွေအလှည့်ရောက်လာတယ်။ ဗျည်းနဲ့စာလုံးအတွဲအစပ်တွေအားလုံး လေ့လာပြီးနောက် မက်ဒါနာက သူ့ရဲ့နားထောင်စွမ်းရည်နဲ့သင်ယူထားတဲ့ ဝေါဟာရတွေနဲ့ စာကိုဆက်ဖတ်ခဲ့တာပါ။ ဖတ်နေရင်း သဒ္ဒါကိုလေ့လာခဲ့ပြီး ပိုပိုတိုးတက်လာတယ်။ အားလုံးဖတ်ပြီးချိန်မှာတော့ သာမန်သူလိုငါလို ရေးတတ်ဖတ်တတ်သွားပြီ။
ပြောရရင်တော့ အင်္ဂလိပ်စကားကို ကြားဖူးနားဝ ရှိနေတဲ့ကလေးတစ်ယောက်က အသံထွက်နဲ့ဗျည်းတွေသင်ပြီးတဲ့နောက် Appleဆိုတာကို ပန်းသီးလို့တန်းသိနေသလိုပဲ။
"ဆုဗာနာတွေက အိန္ဒိယနဲ့ပိုနီးတော့ ဘာသာစကားမှာ အိန္ဒိယဝေါဟာရတွေကို ပိုပြီးမွေးစားတတ်တယ်။ဒီကနေတစ်ဆင့် မတူညီတဲ့ ဝေါဟာရတွေဖြစ်ပေါ်လာတယ်။ အထူးသဖြင့် အာသံဘာသာစကားကိုယူပြီး မွေးစားတတ်တာကြောင့် ပါဠိကိုအဓိကမွေးစားတဲ့ ပြည်မဘာသာနဲ့ ကွာခြားမှုများလာတယ်။ ဥပမာအနေနဲ့ ရှပ်အင်္ကျီကို ချိုလာ၊ မျက်မှန်ကို ရှဇက်မား။ အင်း... နာရီကိုတော့ ဂါရီလို့ထွက်ကြပေမဲ့ ပြည်မသားတွေတော့ နားလည်နေကြတုန်းပဲ။ တချို့မသုံးတော့တဲ့ ထီးသုံးနန်းသုံးတွေကို ဒီမှာပုံမှန်အနေနဲ့ သုံးနေတုန်းပဲ။ မြန်မာမှာက မင်္ဂလာဆောင်တယ်လို့ အဓိကသုံးပြီး ထိမ်းမြားကို တမင်ခမ်းနားအောင်ပြောမှသုံးတယ်။ ဒီမှာကတော့ သူတို့ထိမ်းမြားသွားကြပြီ၊ စသည်ဖြင့် ပုံမှန်လိုပြောကြတယ်ပေါ့။"
နောက်ဖတ်တဲ့စာအုပ်ကတော့ တောင်ငူသမိုင်းစာအုပ်ပါ။ ဆုဗာနာနဲ့မြန်မာပြည်က တောင်ငူမင်းဆက်က အဓိကဆက်စပ်မှုရှိပြီး ဆုဗာနာရဲ့မူလအစလည်း ဖြစ်ပါတယ်။
ဘုရင့်နောင်လက်ထက်က အာသံကိုစစ်ချီခဲ့ဖူးပြီး တစ်မူထူးခြားတဲ့ ဆုဗာနာပြည်ဆီ တောင်ငူစစ်သည်တွေရောက်လာခဲ့တာပါ။ ခုနစ်အတိအကျနဲ့ဆိုရင်တော့ ၁၅၅၉ ခုနစ်မှာဖြစ်ပြီး ဆုဗာနာစတင်တဲ့ကာလကိုလည်း အဲဒီတစ်ဝိုက်မှာ စတင်ပါတယ်။
ဆုဗာနာနန်းတော်ကို အဲဒီကတည်းက တည်ဆောက်ခဲ့ပေမဲ့ အခုလိုနန်းတော်ကြီးမဟုတ်ဘဲ သာမန်အင်းဝစတိုင် အိမ်ကြီးတစ်ခုအနေနဲ့ပါ။ နောက်ပိုင်းနယ်စားတွေက တဖြည်းဖြည်းချင်း တိုးချဲ့ခဲ့လို့ အခုလိုကြီးမားလာတာပါ။ ဒီတော့ နှစ်ငါးရာသမိုင်းနဲ့နန်းတော်ဆိုတာ ချဲ့ကားရာပဲရောက်တယ်။
"တောင်ငူက ပုဂံခေတ်ကတည်းက ရှိခဲ့တာဆိုပေမဲ့ အဲဒီကတည်းက ပုဂံရဲ့လက်အောက်ခံ မြို့ပြတစ်ခုပဲ။ ပုဂံပြိုကွဲပြီးနောက် ပင်းယရဲ့အစိတ်အပိုင်းဖြစ်လာတယ်၊ သိမ်းပကားမင်းလက်ထက်မှာ ပင်းယကနေ ခွဲထွက်ပြီး ဘုရင့်နိုင်ငံဖြစ်လာတယ်။ မကြာခင်မှာပဲ အင်းဝလက်အောက်ရောက်သွားပြီး ဟံသာဝတီနဲ့အင်းဝကြားက ကြားခံနယ်ဖြစ်သွားတယ်။ အဲဒီကြားခံနယ်က အင်းဝကျဆင်းလာချိန်မှာ စီးပွားရေးအင်အားတောင့်တင်းလာပြီး မင်းကြီးညိုလက်ထက်မှာ အတိအလင်းပုန်ကန်တယ်။"
တောင်ငူမင်းဆက်သမိုင်းစာအုပ်ကို မက်ဒါနာက ခေါင်းညိတ်ပြီးဆက်ဖတ်နေတယ်။ ဆုဗာနာအကြောင်းတော့ မပါသေးပေမဲ့ တပင်ရွှေထီးမင်းနဲ့ဘုရင့်နောင်အကြောင်းဖတ်ရင်း အတော်သဘောကျလာတယ်။
"တောင်ငူရဲ့အထွတ်အထိပ်ကာလက ၁၅ နှစ်ပဲကြာခဲ့ပေမဲ့ အဲဒီကာလအတွင်းမှာ ဆုဗာနာကို ရှာတွေ့ခဲ့တယ်ပေါ့။ မက်ဒါနာက ဆုဗာနာရဲ့ပထမဆုံးနယ်စားအကြောင်းကို စတွေ့လာရတယ်။ မင်းခင်းအရပ်ကို ထိပါးလာတဲ့ မဏိပူရကသည်းစော်ဘွားကို ပြန်တိုက်ဖို့အတွက်နဲ့ ဘုရင့်နောင်က မြို့စားတွေကို စေလွှတ်လိုက်တယ်ပေါ့။"
မက်ဒါနာက စာအုပ်ထဲက စာတွေကိုကြည့်နေပေမဲ့ သိပ်ဘဝင်မကျတဲ့အပိုင်းတွေတော့ ရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် တောင်ငူရာဇဝင်ရဲ့တပ်တော်အင်အားမှတ်သားတဲ့စနစ်က ချဲ့ကားလွန်းတယ်ထင်ရတယ်။ ဒါပေမဲ့ အဲဒီတပ်နဲ့အတူပါလာတဲ့ စစ်သူကြီးတွေထဲက တစ်ယောက်က ဆုဗာနာရဲ့ဘိုးဘေးပါ။
"ဗညားဒလက စစ်ဆင်ရေးဗိုလ်ချုပ်။ တပ်ရှစ်တပ်၊ ဆင်သုံးရာနဲ့ မြင်းသုံးထောင်၊ ခြေလျင် ငါးသောင်း။
ကန္နှီစားက တပ်မကြီးကိုဦးစီးပြီး တပ်ရှစ်တပ်၊ တိုက်လှေ ငါးရာ၊ စစ်သည်ငါးသောင်း။
မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ် စော်ဘွားတွေနဲ့တခြားစော်ဘွားတွေလည်းပါသေးတယ်။ ညောင်ရမ်းသာလွန်မင်းရဲ့ပထမဆုံး သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့လူဦးရေက အဲဒီခေတ်မှာ နှစ်သန်းပဲရှိသေးတာ။ စစ်သည်တစ်သိန်းကျော်အထိ ဆင့်ခေါ်မယ်ဆိုရင် စိုက်ပျိုးရေးနဲ့စီးပွားရေးကို လုံးဝလစ်လျူရှုလိုက်မှရမယ်။ တရုတ်ရဲ့ဟန်နိုင်ငံမှာ လူသန်းခြောက်ဆယ်နီးပါးရှိပေမဲ့ အထွတ်အထိပ်ကာလတွေမှာတောင် သူတို့စစ်သည်အင်အားက တစ်သိန်းခွဲကနေ သုံးသိန်းအထိပဲ ရှိခဲ့တာ။ ဒီတော့ သုညတစ်လုံးလျှော့သင့်တယ်။"
နောက်တော့ မက်ဒါနာက ဆုဗာနာသမိုင်းစာအုပ်တစ်အုပ်ကို ကောက်လှန်ပြီး စလေ့လာတယ်။ ညနက်လာပြီး ချမ်းလာတဲ့အချိန်မှ မေမေသီတာပြန်ရောက်လာတယ်။
"အမေ၊ ဘယ်လိုလုပ်ပြီး ဘီးယူတာကြာနေရတာလဲ။"
"နန်းတော်ရှေ့က ကိုယ်ရံတော်အဖွဲ့ဆီသွားပြီး တိုက်ပွဲအခြေအနေမေးနေတာလေ။ ကြေးစားစစ်တပ်က ဒုံးပစ်တာတော့ ရပ်သွားပြီ။ နယ်စားကြီးက နယ်စပ်တံတိုင်းနားမှာ ဆုဗာနာရဲ့နန်းစဥ်ရတနာစွမ်းအားကို ထုတ်သုံးလိုက်ရတယ်ပြောတယ်။ သမီးပြောသလိုပဲ ပလာဒင်ချပ်ဝတ်တွေနဲ့ယှဥ်ရင် အမေတို့ချပ်ဝတ်တွေက အသုံးမဝင်တဲ့ပုံပဲ။ ဒီနေ့ အမေတို့ဖက်က လူသုံးရာလောက်သေသွားတယ်။"
ဆိုလိုတာက တစ်ရက်တည်းနဲ့ ဆုဗာနာရဲ့တန်ဖိုးရှိတဲ့ လေ့ကျင့်ပြီးစစ်သည်သုံးရာ အသက်ပေးခဲ့ရပါတယ်။ တိုက်ပွဲဆယ်ရက်လောက်ဖြစ်ရင်ကိုပဲ လူသုံးထောင်လောက် သေသွားမယ့်ကိန်းရှိတယ်။ ဒီတိုင်းဆို ဆုဗာနာက သုံးလတောင်ခံမယ့်ကိန်းမပေါ်တော့ဘူး။ သူတို့စစ်သည်ဦးရေက အကန့်အသတ်ရှိတယ်လေ။
မေမေသီတာကလည်း မက်ဒါနာရဲ့အတွေးကို ခန့်မှန်းမိပုံပဲ။ "တကယ်တော့ ပုရွက်ဆိတ်ဘုရင်မရဲ့တပ်ကူတွေရောက်လာလို့ အမေတို့ခံသာသွားတာ။ သူတို့ရောက်လာတော့ ကြေးစားစစ်တပ်ဘက်က ရှစ်ရာနီးပါးသေတယ်။ နှစ်ဖက်ပါဝင်တဲ့တပ်အင်အားက နှစ်ထောင်လောက်ရှိတော့ တိုက်ပွဲကြီးတယ်လို့ ပြောလို့ရတယ်။"
ပြောရရင်တော့ ပုရွက်ဆိတ်ဘုရင်မကောင်းမှုနဲ့ ကြေးစားစစ်တပ်က တစ်ဝက်လောက်သေသွားပြီး ပြန်ဆုတ်လာရတဲ့ပုံပဲ။ ဒါပေမဲ့ ဆုဗာနာတပ်ဖွဲ့က ထင်သလောက် မစွမ်းဆောင်နိုင်ဘူးထင်တယ်။
"တကယ်တော့ ဆုဗာနာတပ်ဖွဲ့ရှုံးနေလို့ ပုရွက်ဆိတ်ဘုရင်မဝင်ပါရပြီး ဆုဗာနာတပ်ဖွဲ့က ကြေးစားတပ်ကိုသတ်လိုက်တဲ့ဦးရေက ဆယ်ပုံပုံတစ်ပုံတောင်မပြည့်ဘူးမဟုတ်လား အမေ။"
"ငါ့သမီးပြောတာ အမှန်ပဲ... အခုနယ်စားကြီးဒေါသထွက်နေလောက်ပြီ။"
ဆုဗာနာရဲ့လက်နက်တွေက အရင်နှစ်လေးဆယ်လောက်မှာ နောက်ကောက်ကျကျန်ခဲ့ပြီလေ၊ ကမ္ဘာ့အင်အားအကြီးဆုံး မဟာမိတ်တစ်ခုနဲ့တိုက်နေတာမလို့ ဒီလိုခါးသီးတဲ့အရှုံးက မရှောင်လွဲနေတဲ့ကိစ္စပါ။ ကြေးစားစစ်တပ်က အသေအပျောက်ပိုများပေမဲ့ ဆုဗာနာက လေ့ကျင့်ပြီးစစ်သည်တွေကို အသက်ပေးလိုက်ရတာဖြစ်ပြီး ကြေးစားစစ်တပ်ကတော့ သူတို့လူတွေကို အချိန်မရွေးပြန်ဖြည့်နိုင်တယ်။
"ဟုတ်သားပဲ၊ ကြေးစားစစ်တပ်နဲ့အတူ အရိုးမျက်နှာတွေ ပါလားသေးလား။"
"ကိုယ်ရံတော်တပ်ကတော့ မသိရသေးဘူးပြောတာပဲ။"
"လူရှစ်ရာသေရုံနဲ့ အလွယ်တကူဆုတ်သွားတယ်ဆိုတော့ အရိုးမျက်နှာတွေ မပါလောက်သေးဘူး။ ဒါပေမဲ့ ပုရွက်ဆိတ်တပ်ရဲ့အရေအတွက်များတဲ့အားသာချက်ကိုလွှမ်းမိုးဖို့ နောက်တစ်ခါ သူတို့အရိုးမျက်နှာတွေခေါ်လာဖို့ ဖြစ်နိုင်တယ်။"
မက်ဒါနာရဲ့သုံးသပ်ချက်ကို မေမေသီတာက သဘောတူပေမဲ့ ဒီလိုပြောလိုက်တယ်။ "ဒါတော့ နင့်အဖိုးကို သွားပြောချေ။ ဒီအမေအိုကြီးက ဘာမှလုပ်တတ်ကိုင်တတ်တာမဟုတ်ဘူး။"
နောက်တော့ မေမေသီတာက မက်ဒါနာရဲ့ဆံပင်ကို စဖြီးပေးပြီး မက်ဒါနာက စာဆက်ဖတ်တယ်။ ဆုဗာနာသမိုင်းမှာ အဓိကဖြတ်သန်းခဲ့ရတဲ့ ကာလ ၅ ခုရှိပါတယ်။
ပထမဆုံးအနေနဲ့ကတော့ အရိုင်းဒေသမှာစတင်တည်ထောင်ခြင်းပါ။ ဆုဗာနာတည်ထောင်သူစစ်သူကြီးက ဒီမြေကိုရှာတွေ့ပြီးမကြာခင်မှာပဲ မြူတန့်သားရဲတွေကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ဆယ်နှစ်လောက် သောင်တင်နေပြီးမှ တောင်ငူကို စစ်ကူတောင်းခဲ့ပေမဲ့ တောင်ငူမှာ နန္ဒဘုရင် ဖြုတ်ချခံရပြီး နိုင်ငံရေးရှုပ်ထွေးနေတဲ့အတွက် အကူအညီမရခဲ့ဘူး။ ဒီတော့ သောင်တင်မြဲသောင်တင်နေပြီး သေဖို့ထိုင်စောင့်နေရတဲ့အချိန်မှာပဲ ပုရွက်ဆိတ်ဘုရင်မရဲ့အကူအညီကို သူတို့ရခဲ့တာပါ။
"ဒီလောက်အကူအညီမရတာတောင်မှ ညောင်ရမ်းမင်းတွေ တောင်ငူကိုပြန်တည်ထောင်တဲ့အထိ သူတို့က သစ္စာရှိနေခဲ့သေးတယ်။ လေးစားစရာပဲ။ ဒါပေမဲ့ နည်းနည်းများ ရူးရာကျနေမလားလို့။ နောက်ဆုံး ကုန်းဘောင်မြင့်တက်လာတော့မှ အဆက်အသွယ်ပြတ်သွားတယ်။ နားလည်ပြီ။"
တောင်ငူကို ပြန်လည်စုစည်းခဲ့တဲ့ ညောင်ရမ်းမင်းတရားကြီးက ဘုရင့်နောင်ရဲ့သားတော်မင်းသားမလို့ တောင်ငူအဆက်အနွယ်ပါ။ ဒါပေမဲ့ နန္ဒဘုရင်မရှိတော့တဲ့နောက် အင်းဝကိုဗဟိုပြု အုပ်ချုပ်တဲ့အတွက် ဒုတိယအင်းဝခေတ်လို့လည်း ခေတ်သမိုင်းပညာရှင်တွေက ဆိုကြပါတယ်။ ဒါကြောင့် ရံဖန်ရံခါမှာ ဆုဗာနာကို အင်းဝခစားတဲ့ ပဏ္ဍာဆက်နိုင်ငံအဖြစ်မြင်တတ်ကြပါတယ်။ တကယ်လည်း တောင်ငူကိုခစားတဲ့နှစ် ၁၅၅၉ ကနေ ၁၅၉၉ ခုနစ်အထိ နှစ်လေးဆယ်ပဲ ကြာခဲ့ပါတယ်။ ဒါပေမဲ့ ၁၇၅၂ အထိရှိတဲ့ ဒုတိယအင်းဝကိုကျ နှစ်ပေါင်း ၁၅၃ ခုနစ်အထိ ခစားခဲ့တာပါ။
ပဏ္ဍာဆက်ရုံပဲရှိပြီး စစ်ကူပေးလေ့မရှိပေမဲ့ ခေတ်သမိုင်းပညာရှင်တွေအဖို့ ဆုဗာနာကို အင်းဝကျွန်အဖြစ်သတ်မှတ်ဖို့ အတော်ကြီးအချိန်ရပါတယ်။ ဒီတော့ ဆုဗာနာနယ်စားနယ်မြေဟာ မူလက တောင်ငူ၊ နှောင်း ဒုတိယအင်းဝနဲ့သာသက်ဆိုင်ပြီး ယနေ့ခေတ်သစ် ကုန်းဘောင်မင်းဆက်နဲ့ဘာမှကိုမဆိုင်တာပါ။
ဒုတိယတစ်ခုကတော့ မင်မင်းဆက်အနွယ်များ ဝင်ရောက်လာခြင်းပါ။ ၁၆၄၄ ခုနစ် မန်ချူးတွေကြောင့် ထွက်ပြေးလာတဲ့ မင်မင်းဆက်အဆွေတော်တွေဟာ ထိုင်ဝမ်မှာလုပ်သလိုပဲ တိုင်းပြည်တစ်ခု ဆုဗာနာမှာတည်ဖို့လုပ်ပေမဲ့ ဆုဗာနာနယ်စားရဲ့ဖိနှိပ်တာကိုခံရပြီး မအောင်မြင်ခဲ့ပါဘူး။ အဲဒီအစား ဟန်တရုတ်ကိုယ်စားပြုအိမ်တော်အုပ်ချုပ်တဲ့ ရှန်းယန်ခရိုင် ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ ၁၉၁၆ တရုတ်ရဲ့စစ်ဘုရင်ခေတ် အသက်အန္တရာယ်စိုးရိမ်ရတဲ့ မန်ချူးမျိုးရိုးမြင့်အနွယ်ဝင်တွေပါရောက်လာပြီး ရှိရင်းစွဲမင်တွေနဲ့ပေါင်းစည်းပြီး နှစ်မျိုးနွယ်ပေါင်းစပ်ထားတဲ့ ရှန်းယန်ယဥ်ကျေးမှုဖြစ်လာတယ်။
တတိယတစ်ခုကတော့ အိန္ဒိယနွယ်ဖွားများ ခိုလှုံလာခြင်းပါ။ အနောက်အုပ်စုနယ်ချဲ့မှုကြောင့် ကြောက်ပြီးပြေးလာတဲ့ မဂိုအင်ပါယာအုပ်ချုပ်မှုအောက်က အိန္ဒိယတိုင်းရင်းသားတွေ ဆုဗာနာကိုလာခိုလှုံပါတယ်။ ၁၈၅၇ ခုနစ်မှာဖြစ်ခဲ့တာဖြစ်ပြီး လက်ရှိ ပဟာလော့ခရိုင်ကို ပေါ်ထွန်းစေခဲ့ပါတယ်။
စတုတ္ထတစ်ခုကတော့ ၁၈၉၃ ခုနစ်မှာဖြစ်ခဲ့တာဖြစ်ပြီး စီးပွားရေးအရ မယှဥ်နိုင်တာကြောင့် အင်္ဂလိပ်အုပ်ချုပ်မှုအောက်ကို တစ်စိတ်တစ်ပိုင်းဝင်ခဲ့ရပါတယ်။ ဒါပေမဲ့ မဟာရာဇာတိုင်းပြည်တွေလိုပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါ။
နောက်ဆုံးတစ်ခုက ၂၀၁၂ ကနေ ၂၀၃၂ ခုနစ်အထိ ဖြစ်ပွားခဲ့တဲ့ လေးပွင့်ဆိုင်စစ်ပွဲပါ။ တကယ်တော့ ဒီမတိုင်ခင်ကာလတွေကတည်းက ဆုဗာနာနဲ့အိမ်နီးချင်းနိုင်ငံတွေက စစ်ဖြစ်လိုက်ငြိမ်းချမ်းလိုက်ဖြစ်နေပေမဲ့ လေးပွင့်ဆိုင်စစ်ပွဲမှာတော့ ဆုဗာနာနဲ့အိမ်နီးချင်းသုံးနိုင်ငံလုံး အပြည့်အဝစစ်ဖြစ်ခဲ့ပြီး နှစ်နှစ်ဆယ်ကြာအောင် တောင့်ခံနိုင်ခဲ့ပါတယ်။ ဆုဗာနာရဲ့သမိုင်းတစ်လျှောက် အကုန်အကျအများဆုံးနဲ့သွေးအစွန်းဆုံးတိုက်ပွဲပါ။ ကီလိုမန်းသာ နှစ်နှစ်ဆယ်လုံး ကာကွယ်မပေးခဲ့ရင် သမိုင်းက တစ်မျိုးတစ်ဖုံပြောင်းသွားနိုင်ပါတယ်။
နဂုံးချုပ်ရရင်တော့ ဆုဗာနာရဲ့နှစ်ပေါင်း ၄၈၅ကြာသမိုင်းတစ်လျှောက်လုံးမှာ ဆုဗာနာနယ်စားပေါင်း ၂၇ ဆက်စိုးစံခဲ့ပြီး လက်ရှိနယ်စားကြီးက ၂၇ဆက်မြောက်ပါ။ နန်းသက်အရှည်ဆုံးနယ်စားက ၄၅ နှစ်ဖြစ်ပြီး အတိုဆုံးက ၅ ရက်ပါ။ ပျှမ်းမျှနန်းစံသက်ကတော့ ၁၈ နှစ်ဖြစ်ပါတယ်။ ဆုဗာနာနယ်စားကြီးကလည်း နန်းစံသက်ရှည်တဲ့အထဲပါပြီး နန်းစံသက် ၃၆ နှစ်ရှိပါပြီ။
မက်ဒါနာနဲ့မေမေသီတာတို့ စာကြည့်ခန်းထဲမှာရှိနေတုန်း အပြင်ဖက်ဝါရန်တာကနေ ညီညာတဲ့ခြေသံတွေကို စကြားလာရတယ်။ ရှေးစစ်သည်တော်တွေ ချပ်ဝတ်ကနေ ထွက်လာတဲ့ သတ္တုချင်းထိခတ်သံကိုလည်း ကြားနေရပါတယ်။
မက်ဒါနာက မေမေသီတာကို ဝှီးချဲတွန်းခိုင်းပြီး စာကြည့်တိုက်အပြင် ထွက်လာခဲ့ပါတယ်။ နောက်တော့ ငွေရောင်ချပ်ဝတ်တွေကို ဝတ်ဆင်ထားတဲ့ စစ်သည်တချို့ စာကြည့်တိုက်ရှိတဲ့လမ်းကနေဖြတ်ပြီး လမ်းဆုံးလွှတ်တော်ရှိတဲ့နေရာကို သွားနေတာမြင်လိုက်ရတယ်။ သူတို့သံချပ်ဝတ်တွေမှာ ရန်သူ့သွေးတွေနဲ့ရွဲနေပြီး အင်မတန်ကြောက်စရာကောင်းနေတယ်။ ဒီလူတွေထဲမှာ ဆုဗာနာစောင့်ရှောက်သူလေးဦးပါသလို နယ်စားမင်းသားဒီပနဲ့နယ်စားကြီးလည်းပါတယ်။ မင်းသားလေးဒီပက အရင်နှစ်ကထက်စာရင် အများကြီးပိုရုပ်ချောပြီး ယောက်ျားဆန်လာတယ်။ ငွေရောင်ချပ်ဝတ်နဲ့ဆိုတော့ ပိုပြီးခန့်ညားနေသေးတယ်။
"အာလေလေ... ငါ့မောင်လေးက ဆုဗာနာစစ်ဝတ်စုံနဲ့ တကယ်လိုက်နေတာပဲ။" ရုတ်တရက် မက်ဒါနာက မနေနိုင်ဘဲ လှမ်းစလိုက်တော့ စစ်ပွဲအပြန်မှာပင်ပန်းပြီး ကြမ်းပြင်ကိုပဲ စိုက်ကြည့်ပြီးလျှောက်လာတဲ့ ဒီပတစ်ယောက် လန့်ဖြန့်သွားပြီး နယ်စားကြီးနောက်မှာ ဝင်ပုန်းမိတယ်။
"အ... အစ်မကြီး... ဘယ်လိုလုပ်ပြီး ရုတ်တရက်နိုးလာပြီး ဒီကိုရောက်နေတာလဲ။" ကောင်စုတ်လေးဒီပက မကြာခင် ၁၃ နှစ်ပြည့်တော့မှာ။ လူပျိုဖော်ဝင်စမလို့လားမသိဘူး၊ အရင်နှစ်ကထက် အတော်လေးထွားလာတယ်။ ပြီးတော့ မက်ဒါနာက သူ့ကိုရှေးဦးအသက်ကယ်နည်းနဲ့ ကယ်ဖို့လုပ်ထားဖူးသူမလို့ အကြီးအကျယ်သွေးလန့်နေရှာတယ်။
နယ်စားကြီးကလည်း မက်ဒါနာပြန်သတိရနေတာတွေ့တော့ အလိုလိုနေရင်း ပြုံးလိုက်မိတယ်။
"စစ်ပွဲအခြေအနေက မကောင်းပေမဲ့ ငါ့မြေးနိုးလာပြီဆိုတော့ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သေးတယ်။" နယ်စားကြီးစကားက မမှားဘူး။ မက်ဒါနာက စွမ်းအားအကြီးဆုံး နည်းပညာမြူတန့်ဖြစ်ပြီး အထောက်အပံကောင်းကောင်းသာရရင် ထိပ်သီးဗီလိန်အုပ်စုတွေကို ဖျက်ဆီးပစ်နိုင်စွမ်းရှိတဲ့သူပါ။
နယ်စားနယ်မြေစောင့်ရှောက်သူတွေလည်း မက်ဒါနာကို ဦးညွှတ်လိုက်ကြတယ်။ သူတို့ထဲက ပုဆိန်နဲ့လေးစောင့်ရှောက်သူတွေက ဝမ်းအသာဆုံးပါ။ မက်ဒါနာနဲ့သူတို့က ပခုံးချင်းယှဥ်တိုက်ခွင့်ရခဲ့သူတွေလေ။
"ဟုတ်တာပေါ့၊ အခုကနေစပြီး ကျွန်မက ကစားပွဲတစ်ခုလုံးကို မှောက်လှန်ပစ်တော့မှာမလို့လေ။"
မက်ဒါနာနဲ့အန္တရာယ်ရှိတဲ့အပြုံးနဲ့ အေးစက်စက်လေသံက စင်္ကြန်လမ်းပေါ်ကလူတိုင်းကို ကျက်သီးထသွားစေတယ်။ မက်ဒါနာရဲ့မျက်လုံးတွေကိုယ်တိုင်ကလည်း တလဲ့လဲ့တောက်ပနေတယ်။
အေမီကိုကယ်တင်ဖို့အတွက်ဆိုရင် စစ်ပွဲကြောင့်စစ်ပန်းနေပြီးဖြစ်တဲ့ ဒီနိုင်ငံငယ်လေးကို အနိုင်ရအောင်ကူညီပေးရမယ်။ ကမ္ဘာပေါ်မှာ အတော်ဆုံးစစ်သူကြီးတစ်ယောက်ဖြစ်တဲ့ ဟန်နဘဲလ်တောင် သူ့ရဲ့စစ်ပန်းနေတဲ့ ကာသေ့ချခ်ကို စစ်နိုင်အောင်မလုပ်ပေးနိုင်ခဲ့ဘူး။ ဒီတော့ ဒါက သိပ်ကိုကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုပါ။