← Chapters

လွှတ်တော်

Vol. 5 Ch. 3

လွှတ်တော်

Vol. 5 Ch. 3

မက်ဒါနာက လွှတ်တော်လိုက်တက်ပြီး အခြေအနေလိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆုဗာနာကို ကူညီမယ်ဆိုရင် ဒီနေရာကနေ စမှဖြစ်မယ်။ မေမေသီတာပြောသလောက် ပလာဒင်ချပ်ဝတ်တွေကို ဆုဗာနာမှာ အလုံးအရင်းထုတ်လုပ်နိုင်တဲ့ စက်မှုစွမ်းအားမျိုး မရှိဘူးဆိုပေမဲ့ ကြိုးစားကြည့်မှ တကယ်ဟုတ်မဟုတ် သိရမှာပေါ့။

လွှတ်တော်ထဲရောက်တော့ မက်ဒါနာအတွက် သီးသန့်နေရာတစ်ခုမရပါဘူး။ အစကတည်းက သူဟာနန်းမွေခံနေရာကို လက်လွှတ်ပြီးဖြစ်တာကြောင့် ရာထူးရာခံမရှိသလို ပြောရေးဆိုခွင့်လည်း ရှိမနေပါဘူး။ ဒါပေမဲ့ သူ့ဝှီးချဲလေးကိုတွန်းပြီး ကောင်စုတ်လေးဒီပဘေးမှာ သွားရပ်နေလိုက်တယ်။

"အစ်မကြီး... လွှတ်တော်မှာ ဘာလာလုပ်တာလဲ။"

"နင်တို့ကို ကူညီမလို့လေ။"

"....." ကောင်စုတ်လေးက တစ်ခုခုပြောချင်ပုံရပေမဲ့ ဝန်ကြီးတွေရဲ့မျက်လုံးနီကြီးတွေ ကျရောက်လာတဲ့အတွက် ပါးစပ်ပိတ်သွားတယ်။ နယ်စားကြီးလည်း သူတို့ဖက်ကို ကြည့်ပြီးပြောတယ်။

"မြေးမလေး... နောက်နည်းနည်းဆုတ်လိုက်ပါလား။ ထုံးတမ်းအရဆိုရင် သာမန်မင်းသားမင်းသမီးတွေကနန်းမွေခံမင်းသားနဲ့ အဆင့်မတူဘူးလေ။"

ဒါကြောင့် ဒီလူတွေငါ့ကို ဝိုင်းကြည့်နေတာကိုး၊ မက်ဒါနာ စိတ်ညစ်ညစ်နဲ့ ဝှီးချဲကိုနောက်ပြန်တွန်းရင်း ဒီပနောက်မှာ ရပ်ထားလိုက်တယ်။ 'ချီး၊ ဒီပဒေသရာဇ်စနစ်ကြီးက အလုပ်ရှုပ်လိုက်တာ။ ဝှီးချဲတွန်းရတာ မောရော။' မက်ဒါနာတစ်ယောက် လွှတ်တော်တက်ပြီးရင် ဝှီးချဲကိုမော်တာအရင်တပ်ဖို့ ဦးစားပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

မေမေသီတာကတော့ လွှတ်တော်တံခါးမပိတ်ခင် သူ့သမီးလေးကို ကံကောင်းပါစေဆိုတဲ့အထာနဲ့ လက်ပြပြီး ထွက်သွားတယ်။

သိပ်မကြာခင်မှာပဲ လွှတ်တော်ကြားနာမှုကို စတင်ပါတယ်။ ဝန်ကြီးတွေနဲ့အမတ်တွေက စစ်ရေးအခြေအနေကို စရှင်းပြပြီး မက်ဒါနာလည်း နားထောင်နေပါတယ်။ တော်တော်များများက ရှုပ်ထွေးတယ်ဆိုပေမဲ့ အကြမ်းဖျင်းပြောရရင် ဆုဗာနာရဲ့အခြေအနေက တော်တော်ဆိုးဝါးနေတာ။

"ဆုဗာနာပြည်တွင်းမှာသုံးနေတဲ့ မောင်းပြန်ရိုင်ဖယ်တွေက ကြေးစားစစ်တပ်နဲ့ယှဥ်ရင် ခေတ်နောက်ကျနေပါပြီ။ အမေရိကန်ကို လက်နက်ရောင်းပေးဖို့တောင်းဆိုထားပေမဲ့ သူတို့ဖက်က ဘာမှမတုန့်ပြန်သေးပါဘူး။" ဦးမောင်မောင်နေရာမှာအစားဝင်တဲ့ နိုင်ငံခြားရေးဝန်ကြီးအသစ်က ပြောလိုက်တယ်။

"ရန်သူ့ဖက်က ပလာဒင်ချပ်ဝတ်က အကာအကွယ်ပေးနိုင်ရုံတင်မကဘဲ ဝတ်ဆင်သူတွေကိုပါ အားပိုကောင်းစေလို့ ဒီနေ့ပုရွက်ဆိတ်စီးတပ်ဖွဲ့က အများကြီးထိခိုက်ခဲ့ပါတယ်။ ပုရွက်ဆိတ် အကောင်သုံးရာသေပြီး၊ နှစ်ရာကျော်က ပြန်သုံးလို့မရအောင် ထိခိုက်သွားပါတယ်။" ဆုဗာနာ ပုရွက်ဆိတ်တပ်ဗိုလ်ချုပ်။

"လိပ်ပြာစီးတပ်ဖွဲ့ကလည်း ရန်သူ့လေတပ်ကိုတားဆီးဖို့ ကျဆုံးခဲ့ပါတယ်။ တိုက်လေယာဥ်တွေရှေ့မှာ မြန်ပါတယ်ဆိုတဲ့လိပ်ပြာတွေတောင် ပြိုင်ဘက်မဟုတ်တော့ဘူး။ လိပ်ပြာအကောင်ရေငါးဆယ်လောက် ပစ်ချခံရပြီး လိပ်ပြာစီးတပ်ဖွဲ့ဝင်အရေအတွက် ငါးဆယ်နီးပါးသေသွားပါတယ်။" လိပ်ပြာတပ်ဗိုလ်ချုပ်က ပြောလိုက်တယ်။

'ကြည့်ရတာ ဆုဗာနာလေတပ်မှာသုံးနေတဲ့ မြူတန့်လိပ်ပြာတွေက ခုခေတ်လေယာဥ်တွေကို မယှဥ်နိုင်တော့ဘူးထင်တယ်။ နည်းပညာက တိုးတက်လာပြီကိုး။' မက်ဒါနာက နားထောင်နေရင်းတွေးလိုက်တယ်။ ဆုဗာနာက တကယ်ပဲ မှန်ကန်တဲ့လေတပ်ဆောက်သင့်ပြီး ကြည်းတပ်ကိုလည်း အဆင့်မြှင့်သင့်တယ်။ အထူးသဖြင့် သူတို့မှာ စက်ယန္တရားတပ်မရှိဘူး။

"ဆုဗာနာဟီးရိုးအစည်းအရုံးကလည်း ဟီးရိုးတချို့သေခဲ့ပါတယ်။ ဆုဗာနာစောင့်ရှောက်သူတွေက ရန်သူ့ဖက်က A rank လေးယောက်နဲ့ တိုက်ခိုက်နေရတဲ့အတွက် ကျွန်တော်တို့ဟီးရိုးအစည်းအရုံးသားတွေက ရန့်သူဘက်က အားကောင်းတဲ့မြူတန့်တွေကို အတတ်နိုင်ဆုံး တားဆီးဖို့ကြိုးစားခဲ့ပေမဲ့ သူတို့ဘက်က မြူတန့်အရေအတွက်က များလွန်းနေပါတယ်။" ဒီပကလည်း ဟီးရိုးအစည်းအရုံးကိုယ်စားပြုအနေနဲ့ ပြောလိုက်တယ်။

"အဆိုးဆုံးကတော့ ရန်သူတွေ မနက်ကနေ ညအထိပစ်နေတဲ့ ဒုံးကျည်တွေပါ။ ကျွန်တော်တို့လေကာတွေက အများစုကိုပစ်ချနိုင်ပေမဲ့ ဒုံးခွင်းဒုံးတွေ နည်းလာနေပြီ။ ပြီးတော့ ခွင်းဖို့ကျရှုံးခဲ့တဲ့ ဒုံးကျည်တွေက မြို့ရွာတွေထဲကျလို့ အရပ်သားသေဆုံးမှုကလည်း တစ်ရက်တစ်ရက်ကို ဆယ်နဲ့ချီရှိနေပါတယ်။ ဒီနေ့ နန်းတော်နံရံတစ်ခုကိုလည်း ဒုံးကျည်မှန်သွားတာကြောင့် စိုးရွံမိပါတယ်။" ဆုဗာနာစီးပွားရေးဝန်ကြီးက ပြောလိုက်တယ်။ ရန်သူတွေက သာမန်ပြည်သူတွေရဲ့အသက်ကို နည်းနည်းလေးမှ ထည့်တွေးတဲ့သူတွေ မဟုတ်ကြပါဘူး။

မက်ဒါနာက ဒီစကားကိုကြားတော့ ငိုင်ကျသွားတယ်။ နယ်စားကြီးလည်း အလားတူပါပဲ၊ နန်းတော်တစ်ခုလုံးကို ဝမ်းနည်းမှုက လွှမ်းမိုးထားပါတယ်။ သူတို့ကျဆုံးသွားပြီး မြူတန့်မဟာမိတ်လက်အောက်မှာနေရမယ်ဆိုရင် အခြေအနေက ပိုဆိုးသွားဖို့ပဲရှိတော့တယ်။ ဆုဗာနာဟာ ဒီစစ်ပွဲကနေ နောက်ဆုတ်လို့မရတဲ့ အခြေအနေကိုရောက်နေပါပြီ။

နောက်ဆုံးတော့ နယ်စားကြီးက အမိန့်ချလိုက်တယ်။ "ခံတပ်တွေကို တတ်နိုင်သမျှအထောက်အပံပေးကြ။ ငါတို့ခံတပ်ကျသွားလို့မဖြစ်ဘူး။ ပြီးတော့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ပြည်သူတွေကို ကူညီပေးပြီး မြို့နဲ့ဝေးတဲ့နေရာမှာ စစ်ရှောင်စခန်းတွေဆောက်ပေးလိုက်ပါ။ မြို့တော်က ရန်သူ့လေကြောင်းတိုက်စစ်ရဲ့အဓိကပစ်မှတ်ပဲ။"

တကယ်တော့ မြို့ပေါ်ကအရပ်သားတွေကို နယ်ဘက်ပြောင်းရွေ့စစ်ရှောင်စေတာက စစ်ပွဲကာလမှာ ပုံမှန်လုပ်လေ့လုပ်ထရှိတဲ့ အရာတစ်ခုပါ။ ဒုတိယကမ္ဘာစစ်မှာလည်း ဗြိတိန်က အရပ်သားတွေကိုကာကွယ်ပေးဖို့ ဒီလိုလုပ်ခဲ့ဖူးတယ်။

"အစိုးရလည်ပတ်ဖို့ လိုအပ်တဲ့ နိုင်ငံဝန်ထမ်းတွေကလွဲလို့ မြို့တော်ထဲမှာ ဘယ်သူမှကျန်မနေစေချင်ဘူး။"

"ဟုတ်ကဲ့ပါ၊ နယ်စားကြီး။" အားလုံးက နယ်စားကို ဦးညွှတ်လိုက်ကြတယ်။ နယ်စားကြီးက သူ့အမတ်တွေကို ဝေ့ကြည့်လိုက်ပြီး ပြောလာတယ်။

"အခုငါတို့ဘက်က အားမသာတော့ပေမဲ့ မျှော်လင့်ချက်မဲ့နေတာတော့မဟုတ်ဘူး။ ငါ့မြေးတော်လေးက ငါတို့ကို လိုအပ်တဲ့နည်းပညာတွေ ထောက်ပံပေးဖို့ မျှော်လင့်နေတယ်။ မင်းတို့ သူနဲ့ဆွေးနွေးကြည့်ကြ။" နယ်စားကြီးက မင်းသမီးဂုဏ်ပုဒ်ကလွဲပြီး တရားဝင်ရာထူးမရှိတဲ့ မက်ဒါနာကို အမတ်တွေရှေ့မှာ တရားဝင် စကားပြောခွင့်ပေးလိုက်တာဖြစ်ပါတယ်။

မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး ဝှီးချဲကိုတွန်းကာ ရှေ့ထွက်လာတယ်။ သူ့လက်ထဲမှာတော့ ကိုယ်တိုင်လုပ်ထားတဲ့ မျက်နှာပြင်ကျယ်ကျယ် စူပါကွန်ပျူတာတစ်ပိုင်း Tabletရှိနေတယ်။ ဒါကို မင်းလွင်ဘဝကတည်းက သူကိုယ်တိုင်လုပ်ထားတာဖြစ်ပြီး အခုထိ ပစ္စည်းဒီဇိုင်းဆွဲဖို့ သုံးနေဆဲပါ။

"အားလုံးသိတဲ့အတိုင်းပဲ ကျွန်မက နည်းပညာမြူတန့်တစ်ယောက်ပါ။ အရင်နှစ်တွေက ပလာဒင်လုပ်ငန်းစုအတွက် ပလာဒင်ချပ်ဝတ်ကို ဒီဇိုင်းဆွဲတီထွင်ပေးခဲ့တယ်။ နည်းပညာပေါက်ကြားပြီး အင်အားကြီးနိုင်ငံတွေက ဒီဝတ်စုံတွေကို သုံးနေပြီဆိုပေမဲ့ပေါ့။ ဒီတော့ ကျွန်မမှာ အဲဒီဝတ်စုံဒီဇိုင်းရှိတယ်။ ဆုဗာနာစစ်တပ်ကို ဒီနည်းပညာပေးဖို့ ဆုံးဖြတ်ထားတယ်။"

မက်ဒါနာက ကာကွယ်ရေးဝန်ကြီးနဲ့စီးပွားရေးဝန်ကြီးကို ဖိုင်တွေကူးပေးလိုက်တယ်။ ငါးမိနစ်လောက်နေတဲ့အထိ သူတို့က အသေးစိတ်စဥ်းစားပြီးနောက် အကြောင်းပြန်လာတယ်။

"မင်းသမီးလေး ကျွန်တော်တို့ကို အခုလိုကူညီချင်စိတ်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ ဆုဗာနာရဲ့စက်မှုစွမ်းအားနဲ့ အခုလိုပစ္စည်းမျိုးကို နည်းပညာရှိတောင် အများအပြားထုတ်လုပ်ပေးဖို့ မဖြစ်နိုင်ဘူး။ အခုမှ အခြေခံအဆောက်အအုံတွေဖန်တီးမယ်ဆိုရင် လနဲ့ချီကြာမှာဖြစ်ပြီး သန်းတစ်ရာ့ငါးဆယ်လောက် ကုန်လိမ့်မယ်။ လက်ရှိအစိုးရက အဲဒီလောက်မတတ်နိုင်ဘူး။ ကုန်ကျစရိတ်များလွန်းပြီး အချိန်နဲ့လုပ်အားအများကြီးလိုလိမ့်မယ်။"

မက်ဒါနာ သက်ပြင်းချလိုက်တယ်။ 'ထင်ထားတဲ့ အတိုင်းပါပဲလား။' ဒါပေမဲ့ မန်နေဂျာဖလေရာ (ခုတော့ CEOပါ။)က သူတို့ဆုဗာနာမှာ စက်ရုံခွဲဖွင့်မယ်လို့ ပြောခဲ့သေးတယ်မဟုတ်လား။ အဲဒီစက်ရုံဆိုရင်ရော။

"မက်တယ်ပလာဒင်လုပ်ငန်းစုက ကျွန်မတို့ဆီမှာ စက်ရုံခွဲဖွင့်မယ်ဆိုတာကရော..."

"တကယ်တော့ သူတို့စက်ရုံဆောက်နေတာ မပြီးသေးပါဘူး။ ပြီးတော့ သာမန်အသေးစားဖြစ်ပြီး အပိုပစ္စည်းတွေ ထုတ်ဖို့သက်သက်ပါပဲ။"

မက်ဒါနာ နည်းနည်းစိတ်ပျက်သွားတယ်။ ပြောရရင် မက်တယ်ပလာဒင်ရဲ့အခြေခံအဆောက်အဦးတွေကိုသုံးပြီး ပလာဒင်ချပ်ဝတ်စက်ရုံတစ်ခု အချိန်တိုတိုနဲ့ လည်ပတ်စေဖို့ မဖြစ်နိုင်သေးဘူးပဲ။

မက်ဒါနာက သက်ပြင်းချလိုက်ပြီး တခြားဖြစ်နိုင်ချေတစ်ခုကို ထုတ်ပြောလိုက်တယ်။ "ကျွန်မမှာ အေမီဆိုတဲ့ တိုက်ခိုက်ရေးအိမ်စေရှိတယ်။ ပြင်ဆင်ဖို့အတွက် စရိတ်နည်းနည်းလိုပေမဲ့ သူက S rank တိုက်ခိုက်နိုင်စွမ်းရှိတာမလို့ အခြေအနေကိုပြောင်းပြန်လှန်ပစ်နိုင်တယ်။ ရှင်တို့သူ့အတွက် ပြင်ဆင်စရိတ်ပေးချင်ကြလား။"

စီးပွားရေးဝန်ကြီးက သိချင်စိတ်ပြင်းပြစွာနဲ့မေးလိုက်တယ်။ "အဲဒီအတွက် အကြမ်းဖျင်းဘယ်လောက်ကုန်မလဲ။"

"သန်းငါးဆယ်အနည်းဆုံးပါ။" မက်ဒါနာရဲ့အဖြေကြောင့် ကာကွယ်ရေးဝန်ကြီးနဲ့စီးပွားရေးဝန်ကြီးက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြန်ဖြေကြတယ်။

"သန်းငါးဆယ်က ကျွန်တော်တို့တတ်နိုင်တာထက် နည်းနည်းကျော်နေတယ်။ နည်းနည်းချင်းစီခွဲပေးမယ်ဆိုရင်တော့ တစ်နှစ်အတွင်းသန်းငါးဆယ်ကိုဒါကို ဖြည့်ပေးနိုင်မယ်ထင်ပါရဲ့။"

'ရှင်တို့နိုင်ငံက ဘာမှမရှိဘဲ မြူတန့်မဟာမိတ်ကို တစ်နှစ်ကြီးများတောင် ခုခံနိုင်မယ် ထင်နေတာလား။' မက်ဒါနာ စိတ်ရှိလက်ရှိသာ အော်ပစ်လိုက်ချင်တယ်။ ပြောရရင် အခုထိမြူတန့်မဟာမိတ်က သူတို့ကို အတည်တိုက်သေးတာမဟုတ်ဘူး။ အရိုးမျက်နှာတွေပါလာရင် ပုရွက်ဆိတ်တွေရဲ့အရေအတွက် အသာစီးရမှုလည်း ပျောက်သွားလိမ့်မယ်။

ဒါပေမဲ့ ဘာမှမပြောတော့ဘဲ ဝှီးချဲလေးကိုတွန်းကာ လွှတ်တော်ထဲကနေ ထွက်သွားဖို့ကြိုးစားတယ်။

"ကောင်းပြီလေ၊ ကျွန်မ တခြားနည်းလမ်းစဥ်းစားလိုက်ဦးမယ်။ ကံမကောင်းလို့ အကြံမထွက်ခင် ဆုဗာနာကျသွားရင်တော့ ဓားစာခံမင်းသမီးလေး ဖြစ်ရဦးမှာပေါ့။ တာ့တာ..." မက်ဒါနာ စိတ်အချဥ်ပေါက်ပြီးပြောလိုက်တဲ့စကားကြောင့် လွှတ်တော်တစ်ခုလုံး ဘာပြောရမှန်းမသိဖြစ်ပြီးကျန်ခဲ့တယ်။

...

"အား... စိတ်ညစ်လိုက်တာ... ပိုက်ဆံမရှိဘဲ ငါက ဘယ်လိုလုပ်ပြီး တိုင်းပြည်ကြီးကို ကယ်တင်နိုင်မှာလဲ။"

အခန်းထဲပြန်ရောက်တော့ မက်ဒါနာတစ်ယောက် စိတ်ပျက်ပျက်နဲ့ အကျယ်ကြီးအော်ဟစ်လိုက်မိတော့တာပဲ။ ဆုဗာနာရဲ့အခြေအနေက သူထင်တာထက် ပိုဆိုးဝါးတယ်။ ပလာဒင်ချပ်ဝတ်တွေကို ထုတ်လုပ်နိုင်စွမ်းမရှိသလို အေမီကိုပြန်ပြင်ဖို့လည်း ဘားဂျက်မရှိပါဘူး။

"ပိုက်ဆံကိစ္စပြေလည်သွားအောင် ဟိုအကောင့်ဖွင့်ပြီး ပိုက်ဆံရှာရင်ကောင်း..... အာ... ငါဘာတွေတွေးနေတာလဲ။" နောက်ဆုံးတော့ မက်ဒါနာတစ်ယောက် ပေါက်ကရတွေတွေးမိလာပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်ပေးတဲ့အနေနဲ့ ခေါင်းကိုစားပွဲနဲ့ ဆောင့်ချလိုက်တယ်။ ဒါကြောင့် နဖူးမှာ အာလူးဘူးသီးအကြီးကြီးထလာတယ်။

နောက်တော့ သူအိပ်ရာပေါ်မှာတင်ထားခဲ့တဲ့ အေမီရဲ့ခန္ဓာကိုယ်လေးကိုကြည့်ရင်း သူ့ရဲ့စိတ်တွေ ပြန်ပြီးတည်ငြိမ်သွားတယ်။

အေမီကိုပြန်ကောင်းအောင်ပြင်ဖို့က သူဖြစ်စေချင်တဲ့ဆန္ဒနဲ့ရော နိုင်ငံကိုကာကွယ်ဖို့အတွက်ပါ အရေးပါပါတယ်။ ဒါပေမဲ့ အကျပ်အတည်းထဲရောက်နေတဲ့ ဆုဗာနာအင်အားနဲ့က လုံးဝမဖြစ်နိုင်သေးပါဘူး။ ဒီနေ့လွှတ်တော်က ဒါကိုအတည်ပြုပေးလိုက်သလိုပဲ။

တကယ်တော့ မက်ဒါနာအနေနဲ့ Neon Valkyrie ဝတ်စုံကို နည်းနည်းပါးပါးပြန်ပြင်ပြီး ဆုဗာနာက ဟီးရိုးတစ်ယောက်ယောက်ကို ဝတ်ဆင်ခိုင်းဖို့ စဥ်းစားခဲ့သေးပေမဲ့ အသုံးမဝင်ပါဘူး။ Neon Valkyrieရဲ့အမြန်နှုန်းက သာမန်လူတစ်ယောက်ခံနိုင်မှာမဟုတ်တဲ့ ဖိအားမျိုးကို ပေးစွမ်းပါတယ်။ ဒါကြောင့် အဲဒီဝတ်စုံကို ဘယ်သူမှအားကုန်ထုတ်သုံးနိုင်မှာမဟုတ်ဘူး။

Silverknightဝတ်စုံကတော့ လုံးဝပျက်စီးသွားတာဖြစ်ပြီး အဲဒီဝတ်စုံကိုပြန်ပြင်ရမယ့်တန်ဖိုးကလည်း အေမီကိုပြင်ဖို့လောက်မများပေမဲ့ ဆုဗာနာအနေနဲ့မတတ်နိုင်ပါဘူး။ ပြင်လို့ရခဲ့ရင်တောင် တခြားတစ်ယောက် သူ့ဝတ်စုံယူသုံးမှာကို မက်ဒါနာမကြိုက်ဘူးရယ်။ နောက်ထပ်အမှန်တရားတစ်ခုလည်းရှိနေသေးပြီး SilverKnightပဲဖြစ်ဖြစ် Neon Valkyrieပဲဖြစ်ဖြစ် တစ်ယောက်ယောက်ရှိနေရင်တောင် လက်ရှိစစ်ပွဲတွေမှာ တောင့်ခံနိုင်ရုံပဲ ရှိဦးမှာဖြစ်ပြီးတော့ ဆုဗာနာရဲ့ရှိရင်းဆွဲစစ်ရေးစွမ်းဆောင်ရည်က တိုးလာဦးမှာမဟုတ်ဘူး။ ကြေးစားစစ်တပ်ဘက်က S rank တစ်ယောက်ရောက်လာပြီး SilverKnight ဒါမှမဟုတ် Neon Valkyrieကိုထိန်းထားမယ်ဆိုရင် ကြေးစားတပ်ဖွဲ့က မြေပြင်တပ်ဖွဲ့ကို အဲဒီအချိန်အတွင်း ဖျက်ဆီးပစ်နိုင်တယ်။ ဒါကြောင့် မက်ဒါနာက အေမီကိုပြန်ပြင်ဖို့ကို ဒုတိယရွေးချယ်စရာတစ်ခုအနေနဲ့ ဆုဗာနာလွှတ်တော်မှာ တင်သွင်းခဲ့တာပါ။

"ဟုတ်သားပဲ... ငါတအားစိတ်လောနေမိတာကိုး၊ အခြေအနေက ဒီလောက်မဆိုးသေးဘူး။ ငါစဥ်းစားမိထားတဲ့ နည်းလမ်းတွေက ဆုဗာနာနဲ့မကိုက်ညီမှတော့ဆုဗာနာနဲ့အဆင်ပြေမယ့် နည်းလမ်းတွေကို စဥ်းစားရမှာပေါ့။"

နောက်တော့ မက်ဒါနာက သူ့အခန်းထဲမှာပဲ ဆက်နေနေပြီးတော့ တက်ပလပ်ကနေတစ်ဆင့် အွန်လိုင်းပေါ်က အကြောင်းအရာတော်တော်များများကို စတင်လေ့လာတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရချိန်မှာတောင် တည်တည်ငြိမ်ငြိမ်နဲ့ကျော်ဖြတ်နိုင်ခဲ့တဲ့ နိုင်ငံတချို့ကိုတွေ့ပြီး မက်ဒါနာအားတက်လာတယ်။

"ဟုတ်သားပဲ... ဒီနိုင်ငံတွေရဲ့သမိုင်းက ဆုဗာနာအနေနဲ့ လက်ရှိအခြေအနေကနေ ချိုးဖောက်ထွက်နိုင်သေးတယ်ဆိုတဲ့ သက်သေပဲ။"

မက်ဒါနာရဲ့တက်ပလပ်ပေါ်မှာတော့ အဖြူပေါ်က အပြာကြယ်နဲ့ အစ္စရေးနိုင်ငံရဲ့အလံပေါ်နေပါတယ်။ အာရပ်မဟာမိတ်က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပေမဲ့ အခုထိ ဝင့်ဝင့်ကြွားကြွားရှိနေသေးတဲ့ အစ္စရေးနိုင်ငံပါ။

"မောင်းပြန်တွေမရှိလို့ ပစ္စတိုတွေကို မောင်းပြန်လိုပစ်လို့ရအောင်လုပ်တယ်။ လက်နက်တွေမရှိတော့ ဒုတိယကမ္ဘာစစ်က စစ်ကျန်လက်နက်တွေကို ဝယ်ယူခဲ့တယ်။" မက်ဒါနာက အစ္စရေးရဲ့အဖြစ်အပျက်ကိုကြည့်ပြီး သင်ခန်းစာယူဖို့ ကြိုးစားနေတယ်။

"ပစ္စတိုကို မောင်းပြန်လိုပစ်လို့ရအောင်လုပ်တယ်... စွမ်းဆောင်ရည်နိမ့်အရာတစ်ခုကို စွမ်းဆောင်ရည်မြင့်အောင်လုပ်တယ်။ ဟုတ်သားပဲ... အသစ်မထုတ်နိုင်ရင် ရှိပြီးသားအရာတစ်ခုကို အဆင့်မြှင့်လိုက်လို့ရတာပဲ။"

မက်ဒါနာက အကြံစရပြီးတော့ အရူးတစ်ယောက်လိုမျိုး စတင်ပြီးပုံကြမ်းတွေဆွဲတယ်။ တဖြည်းဖြည်းနဲ့ ပုံပေါ်လာတာက ဆုဗာနာနယ်စားနယ်မြေလက်ရှိသုံးနေတဲ့ ဇက်သတ္တုချပ်ဝတ်တွေပါ။

"ဆုဗာနာချပ်ဝတ်တွေက ဇက်သတ္တုအစစ်မလို့ မာကျောမှုအပိုင်းမှာဆိုရင် သာမန်မက်တယ်ပလာဒင်ချပ်ဝတ်တွေထက်သာတယ်။ မြူတန့်မဟာမိတ်က မက်တယ်ပလာဒင်တွေက ဇက်သတ္တုရည်စိမ်နည်းပညာကိုပဲ သုံးထားတာမလို့ ခံနိုင်ရည်အားနည်းတယ်။ အဓိကပြဿနာက Void Stream တွေက လူတစ်ယောက်ရဲ့ခွန်အားကို အကြီးအကျယ်တိုးတက်သွားစေပြီး ဆုဗာနာချပ်ဝတ်တွေထက် အများကြီးပိုသာသွားစေတယ်။"

ဆုဗာနာချပ်ဝတ်တွေမှာ Void Stream ထည့်ဖို့က အကြံကောင်းတစ်ခုပေမဲ့ ဆုဗာနာနိုင်ငံအနေနဲ့လုပ်ဖို့မဖြစ်နိုင်ဘူး။ Void Streamတွေကို အလုံးအရင်းထုတ်နိုင်မယ့် စက်မှုနည်းပညာမျိုးမရှိနေလို့ပါ။

"Void Streamကို စက်မှုလုပ်ငန်းအားနည်းချက်ကြောင့် မထုတ်လုပ်နိုင်ဘူးဆိုတော့ တခြားနည်းပညာတစ်ခုခုနဲ့ ပြင်ဆင်ဖို့စဥ်းစားကြည့်မှရမယ်။ လောလောဆယ်တော့ ငါဘာမှစဥ်းစားလို့မရသေးဘူး။"

နောက်တော့ မက်ဒါနာက ဘောပင်ထုတ်လိုက်ပြီး တက်ပလက်ပေါ်ကဒီဇိုင်းကို ထောက်ကူပေးနိုင်မယ့် နည်းပညာတွေကို စစဥ်းစားဖို့လုပ်တယ်။ စာရွက်ကြမ်းတစ်ခုပေါ်မှာ Mind Map တစ်ခုကိုရေးဆွဲပြီး သူသိထားသမျှနည်းပညာတွေနဲ့ ဆုဗာနာချပ်ဝတ်တွေကို အဆင့်မြှင့်တင်နိုင်မနိုင် စစဥ်းစားတယ်။

တဖြည်းဖြည်းနဲ့ ဝှီးချဲနဲ့ကောင်မလေးရဲ့အနားမှာ စာရွက်ပုံတွေနဲ့ ရှုပ်ပွလာနေတယ်။ အလုပ်လုပ်ရင်း အိုက်လာလို့ မက်ဒါနာက ပြတင်းပေါက်ကိုဖွင့်လိုက်တော့ ဆုဗာနာရဲ့ညလေညှင်းက အခန်းထဲဝင်လာပြီး သူ့ရဲ့ခါးအထိရှည်လျားနေပြီးဖြစ်တဲ့ ငွေဖြူရောင်ဆံနွယ်တွေကို လွင့်မျောနေစေတယ်။ နောက်တော့ သူအလုပ်ဆက်လုပ်တယ်။

မေမေသီတာက တံခါးဖွင့်ပြီး သူ့သမီးလေးအိပ်ပြီလား လာကြည့်ပေမဲ့ သမီးလေးအလုပ်ရှုပ်နေတာတွေ့တော့ ဘာမှပြောမနေတော့ဘဲ တံခါးကိုပြန်ပိတ်တယ်။

တကယ်တော့ သာမန်အမေတစ်ယောက်သာဆိုရင် ညမအိပ်ဘဲအလုပ်လုပ်ဖို့ကြိုးစားနေတဲ့ နာလန်ထခါစ ကောင်မလေးကို အတင်းပြန်အိပ်ခိုင်းမိမှာပါ။ ဒါပေမဲ့ မင်းလွင် (ဝါ) မက်ဒါနာအကြောင်းကို မေမေသီတာသိတယ်။ ဒီကောင်မလေးက တစ်ခုခုလုပ်ချင်လာပြီဆိုရင် သိကြားမင်းဆင်းတားတောင် ရပ်တော့မှာမဟုတ်ဘူး။

...

ငါးရက်ဆက်တိုက် မအိပ်ဘဲ ပုံကြမ်းအတွက်အကြံထုတ်ပြီးနောက်တော့ မက်ဒါနာက ပုံကြမ်းကို အပြီးသတ်နိုင်ခဲ့တယ်။ အေမီကိုပြန်ပြင်ဖို့အတွက် ဘီလူးစီးနေတာဆိုတော့ တစ်ဘရိတ်တည်းကို တန်းချမိတော့တာပဲ။ မေမေသီတာက နေ့တိုင်းစားစရာတွေပို့ပေးပြီး နားနားနေနေလုပ်ဖို့ပြောပေမဲ့ နည်းနည်းလေးမှ နားမဝင်ဘူး။

နောက်ဆုံးပြီးလည်းပြီးသွားရော တစ်ခါတည်းအိပ်ပျော်သွားတယ်။ နှစ်ရက်ဆက်တိုက်အိပ်ပျော်သွားတာဖြစ်ပြီး နိုးလာချင်းချင်းပဲ အိပ်ရာထဲကနေ တစ်ခါတည်းခုန်ထလိုက်တယ်။

"ဟုတ်ပြီကွ..." မက်ဒါနာရဲ့ရုတ်တရက်ဆန်တဲ့အပြုအမူကြောင့် မနက်စာလာပို့တဲ့ မေမေသီတာလည်းလန့်သွားတယ်။

"အောင်မလေး... သမီးလေးကလည်း လန့်လိုက်တာ။"

"ဟီးဟီး... နောက်ဆုံးတော့ အဆင်ပြေမယ့် နည်းပညာတစ်ခု ရှာတွေ့ခဲ့ပြီလေ။"

နောက်တော့ မေမေသီတာကိုယ်တိုင်လုပ်ထားတဲ့ မုန့်တွေကို မစားသေးဘဲ သူစဥ်းစားထားတဲ့ ဆုဗာနာချပ်ဝတ် အဆင့်မြှင့်ထားတဲ့ဗားရှင်းကို စရှင်းပြတော့တာပဲ။

"အမေရေ... သမီးနည်းပညာက ဆုဗာနာချပ်ဝတ်တွေမှာ အလင်းဒြပ်စင်စွမ်းအားကို ထုတ်ဖော်နိုင်တဲ့ စွမ်းအင်Coreတွေ တပ်ဆင်ဖို့ပဲ။ အဲဒီCoreတွေက အခြေခံပဲဖြစ်ပြီးတော့ စျေးလည်းပေါတယ်။ လွယ်လွယ်ကူကူလည်း ထုတ်လို့ရနိုင်တယ်။"

အလင်းဒြပ်စင်ကို ထုတ်ပေးနိုင်တဲ့ အသေးစားအက်တမ်ဒြပ်ပေါင်းဖိုနည်းပညာက မက်ဒါနာအတွက် မထူးဆန်းပါဘူး။ SilverKnightမှာသုံးတဲ့ Battle Heart 2ကလည်း အလားတူပစ္စည်းတစ်ခုပါ။

"သမီးက အစကတော့ Battle Heart 2 တွေကို ချပ်ဝတ်မှာတပ်ဆင်လို့ရအောင် ပြင်ဆင်မလို့ပဲ၊ ဒါပေမဲ့ အဲဒါတွေက စျေးကြီးတယ်လေ။ သေချာစဥ်းစားကြည့်တော့ အဲဒီလောက်မှမလိုတာပဲ။ Battle Heart 2 က အလင်းဒြပ်စင်ကိုထုတ်ပေးတဲ့အပြင် ငွေရောင်စစ်သည်ရဲ့ဝတ်စုံစနစ်တစ်ခုလုံးကို ထောက်ပံပေးရတာမလို့ Power Outputအများကြီးထွက်ဖို့လိုတယ်။ ဒါပေမဲ့ ဆုဗာနာချပ်ဝတ်တွေကျတော့ အခြေခံအလင်းဒြပ်စင်လက်နက်တွေကို သုံးနိုင်ရင်ရပြီ။ သူတို့ကိုမှာ S rank ချပ်ဝတ်တစ်ခုရဲ့စွမ်းဆောင်ရည်ရှိစရာမလိုဘဲ ပလာဒင်တွေနဲ့ယှဥ်နိုင်ဖို့ပဲလိုတာ။"

မက်ဒါနာက သူဆွဲထားတဲ့ပုံတွေကို ချပြလိုက်တယ်။ ဒီဝတ်စုံတွေရဲ့ထူးခြားချက်တစ်ခုက အလင်းဒြပ်စင်တွေကိုသုံးပြီး Force Shield တစ်ခုကိုဖန်တီးနိုင်တာပါ။ အလင်းဒြပ်စင်အက်တမ်တွေကိုသုံးပြီး ဝတ်စုံနဲ့အနီးတစ်ဝက်မှာ နှစ်မီတာအမြင့်၊တစ်မီတာအလျားနဲ့ လေးလက်မထူတဲ့ အပူစက်ကွင်းဒိုင်းတစ်ခုကိုဖန်တီးနိုင်တယ်။ ဒီစက်ကွင်းဒိုင်းက ကျည်ဆန်တွေ၊ အမြောက်ဆန်တွေနဲ့ ရန့်သူ့လက်နက်အများစုကို ကာကွယ်ပေးနိုင်ပါတယ်။

နောက်ထူးခြားတဲ့အရာတစ်ခုက ဖရာလီတာနဲ့အေမီရဲ့လက်နက်တွေလိုပဲ အလင်းဒြပ်စင်ကျည်တွေနဲ့ပစ်ခတ်လို့ရတဲ့ လက်နက်တွေပါ။ တအားတော့အားမကောင်းပေမဲ့ ဟီလီယံကျည်တွေနဲ့တန်းတူရှိပြီး အကုန်အကျသိပ်မများတာကြောင့် စစ်တပ်တစ်ခုလုံးကိုတပ်ဆင်ပေးနိုင်မယ်။

နောက်ဆုံးလက်နက်တစ်ခုကတော့ အလင်းဒြပ်စင်ဓားတွေဖြစ်ပြီး အလင်းဒြပ်စင်ရဲ့ဖိအားပေးမှုနဲ့အတူ ဓားချက်ကနေတစ်ဆင့် အလင်းပေါက်ကွဲမှုကိုဖြစ်စေပါတယ်။ အေမီရဲ့ဓားတွေနဲ့ဆင်တူပြီး အကုန်အကျသိပ်မများပါဘူး။ အခြေခံ Void Stream စနစ်နဲ့လည်ပတ်နေတဲ့ ချပ်ဝတ်တွေကို ဖျက်ဆီးဖို့အတွက် အင်မတန်သက်ရောက်အားကောင်းတဲ့ နည်းပညာလည်းဖြစ်ပါတယ်။

"ပိုပြီးအံ့ဩစရာကောင်းတဲ့အချက်က သမီးတို့အနေနဲ့ ချပ်ဝတ်အသစ်တွေထုတ်စရာမလိုဘူး၊ ရှိနေတဲ့ချပ်ဝတ်တွေကို ပြန်အဆင့်မြှင့်ရုံပဲမလို့ ဒေါ်လာနှစ်ဆယ့်ရှစ်သန်းနဲ့သန်းသုံးဆယ်ကြား သုံးနိုင်ရင်ကိုပဲ ၁လအတွင်း စစ်သည်တစ်ထောင်အတွက် ချပ်ဝတ်တွေအသင့်ဖြစ်သွားလိမ့်မယ်။ တကယ်လို့အဲဒီလောက်မရှိတောင် ရှိသလောက်နဲ့ တတ်နိုင်သမျှများများထုတ်လို့ရတယ်။"

မက်ဒါနာက ဒီဝတ်စုံတွေကို ဆုဗာနာBuster အဖြစ် နာမည်ပေးထားပြီး အရိုးမျက်နှာနဲ့ပလာဒင်ချပ်ဝတ်တွေကို အဓိကဖျက်ဆီးဖို့ ဒီဇိုင်းဆွဲထားတာပါ။

"ဒါပေမဲ့ ကုန်ကျစရိတ်အတွက်တော့ ဆုဗာနာလွှတ်တော်ကို ဒုက္ခမပေးတော့ဖို့ သမီးဆုံးဖြတ်ထားတယ်။" မက်ဒါနာနောက်ဆုံးပြောလိုက်တဲ့စကားကြောင့် မေမေသီတာမျက်လုံးပြူးသွားတယ်။

"ဘယ်လိုဘယ်လို... သမီးက သမီးပိုက်ဆံနဲ့သမီး ထုတ်လို့မလား။"

"မဟုတ်ပါဘူး... အမေတို့နိုင်ငံက သူကောင်းမျိုးတွေက ချမ်းသာတယ်မဟုတ်လား။" မက်ဒါနာ့စကားကို မေမေသီတာ သဘောမပေါက်သေးဘူး။ ဒါပေမဲ့ မက်ဒါနာကတော့ အကြံဆိုးကြီးနဲ့ပြုံးလိုက်ပြီး ပြောလိုက်တယ်။

"အခုက တိုင်းပြည်တစ်ခုလုံး ကျူးကျော်ခံနေရတာဆိုတော့ ချမ်းသာတဲ့သူတွေဆီကနေ အလှူငွေတောင်းဖို့ သင့်တော်တယ်မဟုတ်လား။"

All Chapters