ငါ့သမီးလေး သူများတွေကို ဒုက္ခပေးရအောင်သွားပြီ
Vol. 5 Ch. 4
နောက်တစ်နေ့မနက်ရောက်တော့ မက်ဒါနာက ခွေးကြီးစေဘာစတိန်းကို ပြင်ပြီးသွားပြီ။ တကယ်က ထွေထွေထူးထူး ဘာမှလုပ်ခဲ့တာတော့မဟုတ်ဘူး။ Core တစ်ခုအသစ်လုပ်ပြီး ပြန်တပ်ပေးခဲ့ရုံပဲ။ ဒါပေမဲ့ အခုစေဘာစတိန်းရဲ့Coreက BH 2 ဖြစ်သွားပြီမလို့ သူလည်းအလင်းဒြပ်စင်ကိုသုံးပြီး Force Shield ထုတ်နိုင်တယ်။ ဒါက သူ့ရဲ့ဒီဇိုင်းအဆင့်မှာပဲရှိနေသေးတဲ့ ဆုဗာနာနည်းပညာချပ်ဝတ်တွေမှာသုံးမယ့် Force Shield အောင်မြင်နိုင်ခြေရှိတယ်ဆိုတဲ့ သက်သေဖြစ်တယ်။
စေဘာစတိန်းက အဲဒီစွမ်းအင်ဒိုင်းကိုသုံးပြီး သူ့ကိုယ်သူရော သူ့အနားကလူတွေကိုပါ ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ အများဆုံးမှ A rank တိုက်ခိုက်မှုကို တစ်ချက်ခုခံပေးနိုင်ရုံပဲရှိသေးတယ်။
ပြီးတော့ မက်ဒါနာက စေဘာစတိန်းကို နောက်ထပ်ခေါင်းနှစ်ခေါင်း ထပ်တပ်ပေးထားတာမလို့ အခုခေါင်းသုံးလုံး ငရဲခွေးကြီးဖြစ်နေပြီ။ အပိုတပ်ထားတဲ့ ခေါင်းနှစ်လုံးက ဒဏ္ဍာရီထဲကနဲ့မတူဘဲ စဥ်းစားဉာဏ်မရှိဘူးဆိုပေမဲ့ အထူးလုပ်ဆောင်ချက်တွေတော့ရှိတယ်။
ဥပမာအနေနဲ့ အလင်းဒြပ်စင်တွေကိုသုံးပြီး လေဆာအလင်းတန်းသဖွယ် ပစ်ခတ်နိုင်တဲ့ Laser Brust လိုမျိုးပေါ့။ ဒီလေဆာတန်းက တင့်ကားတွေကိုတောင် ဖောက်ခွဲပစ်နိုင်လောက်တဲ့အထိ အားပြင်းပါတယ်။ အခုစေဘာစတိန်းက A rankကို တရားဝင်ရောက်သွားပြီ။
"ကောင်းပြီ၊ ဒီလိုဆိုရင် အနည်းဆုံးတော့ ငါ့ကိုယ်ငါ ကာကွယ်နိုင်သွားပြီ။" မက်ဒါနာက စေဘာစတိန်းရဲ့ခလုတ်ကို ဖွင့်လိုက်တယ်။ BH2က အလိုလိုစွမ်းအင်ပြန်ဖြည့်နိုင်လို့ အလွန်အကျူးသုံးမပစ်မချင်း စွမ်းအင်ကုန်မယ့်ကိစ္စကို စိတ်ပူစရာမလိုဘူး။ Silverknightဝတ်စုံမှာလည်း BH2 ထည့်ခဲ့ပေမဲ့ ဝတ်စုံက နောက်ပိုင်းထပ်ဖြည့်ထားတဲ့ ဖန်ရှင်တွေကြောင့် BH2ရဲ့စွမ်းအင်ပြန်ပြည့်နိုင်စွမ်းထက် များသွားပါတယ်။
အခုခွေးကြီးက ဝှီးချဲနဲ့မက်ဒါနာနားမှာ ပတ်ပြေးနေပြီး ပျော်ရွှင်စွာ ဟောင်ပြနေတယ်။
"ဝုတ်...ဝုတ်..." သူ့ကို သူ့သခင်မက အဆင့်မြှင့်ပေးခဲ့တာ သိပ်မကြာသေးဘူးလေ။ အခုလည်း ထပ်မြှင့်ပေးပြန်ပြီမဟုတ်လား။
အဲဒီအချိန်မှာပဲ အခန်းတံခါးပွင့်လာပြီး မေမေသီတာဝင်လာတယ်။ မနက်စာလာပို့တာပါ။ ဒီနေ့မနက်စာကတော့ ဆုဗာနာထွက် သဘာဝနွားနို့ပူပူလေးတစ်ခွက်နဲ့ ပဲပြုတ်ဆီစမ်းထမင်းပါ။
မေမေသီတာက ခွေးကြီးကိုမြင်တော့ လန့်သွားပေမဲ့ချက်ချင်းပြန်သတိဝင်လာပြီး မနက်စာကို စားပွဲပေါ်တင်ပေးလိုက်တယ်။
"ဟယ်... သမီးက သမီးခွေးကြီးကို အဆင့်မြှင့်လိုက်တာလား။" မက်ဒါနာက ခေါင်းညိတ်ပြရင်း နွားနို့ကို တစ်ငုံသောက်တယ်။ နောက်တော့ သူ့ရင်ဘတ်သူငုံကြည့်ရင်း လက်နဲ့ကိုင်ကြည့်မိတယ်။
"အမေ... သမီးသတိလစ်နေတုန်း နွားနို့တွေဘာတွေ တိုက်ခဲ့သေးလား။" မေမေသီတာကတော့ နားမလည်နိုင်စွာနဲ့ ခေါင်းခါပြပြီး ပြန်ဖြေတယ်။
"သမီးရယ် ပေါက်ကရ၊ သတိလစ်နေတဲ့သူကို နွားနို့ဘယ်လိုလုပ်တိုက်လို့ရမှာလဲ။ ဘာဖြစ်လို့လဲ။"
"မသိပါဘူး၊ သမီးနည်းနည်းထွားလာလားလို့ပါ။"
တကယ်ပဲဆံဖြူစုန်းမလေးတစ်ယောက် အခုရက်ပိုင်း သူ့ကိုယ်သူထွားလာတယ်လို့ သတိထားမိတယ်။ အန်တီလေးအိုလီဗာနဲ့အတူသွားဝယ်ခဲ့တဲ့ ဇာနက်လေးတွေက နည်းနည်းကျပ်နေတယ်လို့ ခံစားရလို့။ ဇာနက်လေးတွေ ရေနဲ့လျော်တာများပြီး ကျုံဝင်သွားတာမဟုတ်ရင် သေချာပေါက် မက်မွန်သီးလေးတွေ ရင့်မှည့်လာတာပဲနေမှာ။
"ဟုတ်ရင်ဟုတ်မှာပေါ့၊ အမေ့သမီးက ကြီးထွားဆဲအရွယ်မဟုတ်လား။ အကြီးဆုံးချွေးမလေး အဲဒီနေ့က ရှင်းပြသေးတယ်လေ။"
ဆိုဖီယာရှင်းပြသလောက်တော့ မက်ဒါနာက မိန်းကလေးဖြစ်သွားရုံတင်မကဘူး၊ ဇီဝအသက်ပါနည်းနည်းငယ်သွားတာတဲ့။ မက်ဒါနာရဲ့တကယ့်အသက်က ၂၂နှစ်ဖြစ်ပေမဲ့ ပြောင်းလဲပြီးတဲ့နောက် ၁၆ နှစ်သမီးလေးဖြစ်နေတာ။ ဒီတော့ ဖွံဖြိုးမှုက ပုံမှန်ပဲ။
"အမေ... ဒါဆိုသမီးက ပိုထွားလာဦးမှာလား။"
"အင်းလေ၊ တောင်လိုကိတ်တဲ့ အစ်မကြီးမဖြစ်မချင်း ထွားရင်ထွားနေမှာ။ အမေတူသမီးလေးဖြစ်ရင်ဖြစ်လာမှာပေါ့။"
မက်ဒါနာက မေမေသီတာရဲ့ဖွံထွားလှတဲ့ရင်ကိုကြည့်ရင်း မျက်နှာကြီးရှက်သွေးဖြာသွားတယ်။ တစ်ခဏလောက်ကြာတော့ နည်းနည်းမာန်တက်သွားတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ကိတ်တာက ဂုဏ်ယူစရာပဲမဟုတ်လား။ ဒါပေမဲ့ နောက်နည်းနည်းကြာတော့ ကိုယ့်ခေါင်းကိုယ် စားပွဲနဲ့ဆောင့်ချလိုက်ပြီး မျက်နှာကိုစားပွဲနဲ့ကပ် ငိုကြွေးနေတယ်။
"အမေရေ... အမေ့သမီးက ယောက်ျားလေးလေလို့။"
"ယောက်ျားလေးဖြစ်ဖူးတာပါ၊ အခုတော့ သမီးလေးက သမီးလေးပဲဥစ္စာ။"
မက်ဒါနာတစ်ယောက် အငိုတိတ်သွားပြီး စားပွဲနဲ့မျက်နှာကိုခွာလိုက်တယ်။ နောက်တော့ နီရဲနေတဲ့ မျက်လုံးတွေနဲ့ မေမေသီတာကိုကြည့်လိုက်တယ်။
'ဟုတ်သားပဲ၊ ငါက မိန်းကလေးလေ။ ထွားလာတာ ဂုဏ်ယူရမှာမဟုတ်ဘူးလား။' ကြည့်ရတာ မင်းလွင်တစ်ယောက်တော့ လုံးဝယောက်ျားစိတ်ကုန်ခမ်းသွားပုံပဲ။
"ကဲကဲ... စားစရာရှိတာစား၊ သမီးက အပြင်သွားဦးမှာမဟုတ်လား။" မေမေသီတာ သတိပေးလိုက်မှ မက်ဒါနာ မနက်စာဆက်စားတယ်။ မက်ဒါနာက မနေ့က စဥ်းစားမိတဲ့အတိုင်း ဒီနေ့သူကောင်းမျိုးတွေဆီ လှည့်ပတ်သွားပြီး ဆက်ကြေးကောက်၊ အဲလေ အလှူငွေတောင်းမလို့။
ဒါမှ ဆုဗာနာကိုကယ်တိုင်နိုင်မှာ။ မေမေသီတာပြောသလောက်တော့ ဆုဗာနာသူကောင်းမျိုးတွေက ဆွေစဥ်မျိုးဆက် စုဆောင်းလာတဲ့ဥစ္စာဓနတွေကြောင့် အတော်လေးချမ်းသာတယ်တဲ့။ ဒါပေမဲ့ စစ်ဖြစ်နေချိန်မှာ တစ်ယောက်မှနိုင်ငံကိုထောက်ပံဖို့ စဥ်းစားကြပုံမပေါ်ဘူး။
ကပ်ဘိနပ်ဝန်ကြီးအများစုက ဆုဗာနာသူကောင်းမျိုးတွေ။ သူတို့က အကြိမ်တိုင်းဘားဂျက်မလောက်လို့ဆိုပြီး မက်ဒါနာရဲ့အကြံတွေကို ပယ်ချနေပေမဲ့ သူတို့ကိုယ်တိုင်က မီလျံနာတွေပါ။ ပြီးတော့ မက်ဒါနာလိုမျိုး မီလျံနာအမည်ခံမမလေးမဟုတ်ဘူး။
ပုံမှန်အားဖြင့်တော့ လူတစ်ယောက်က ဒေါ်လာတစ်သန်းချမ်းသာရင် မီလျံနာဖြစ်တာပဲ။ ဒါပေမဲ့ ပိုချမ်းသာတဲ့ မီလျံနာတွေလည်းရှိတယ်လေ။ ဥပမာအနေနဲ့ သန်းကိုးရာနီးနီးချမ်းသာတဲ့ ဟယ်ရီပေါ်တာ ဆရာမ JK.rowling နဲ့ သန်းနှစ်ဆယ်လောက်ပဲချမ်းသာတဲ့ ဒေသစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို ယှဥ်ကြည့်လေ။ နှစ်ယောက်လုံးကိုတော့ လူတွေက မီလျံနာလို့ခေါ်ကြတာပဲ၊ ဒါပေမဲ့အဆင့်က အကွာကြီးကို။
မက်ဒါနာကိုယ်တိုင်လည်း ပလာဒင်ချပ်ဝတ်တွေကြောင့် မီလျံနာဝင်ငွေရှိသူတစ်ဦးပါ။ ဒါပေမဲ့ အခုမွဲတေနေပြီး အိမ်စေမလေးကိုတောင် ပြန်မပြင်နိုင်ဘူးလေ။
ဒါပေမဲ့ဆုဗာနာသူကောင်းမျိုးတွေထဲက ထိပ်သီးတချို့ရဲ့Net Worthက သန်းလေးရာနီးပါးလောက်ရှိမယ်။ မေမေသီတာပြောသလောက်တော့ ဆုဗာနာနယ်စားကြီးက နယ်စားကြီးပေမဲ့ သူကောင်းမျိုးတွေထဲမှာ အချမ်းသာဆုံးမဟုတ်ဘူး။ သူ့ပိုင်ငွေက သန်းရှစ််ဆယ်ကနေ တစ်ရာကြားပဲရှိမယ်။
နယ်စားမိသားစုမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမရှိတာကြောင့် တိုင်းပြည်ကပေးတဲ့ လစာနဲ့ခွင့်ပြုငွေကိုပဲရပါတယ်။ ဒါပေမဲ့ အဲဒီခွင့်ပြုငွေကိုက တစ်နှစ်လုံးစာအတွက် ဒေါ်လာ ၁၂သန်းရှိတယ်။ များသောအားဖြင့် နယ်စားကြီးက အဲဒီငွေထဲက တော်တော်များများကို စစ်ဘေးဒဏ်ခံရသူတွေနဲ့ နိုင်ငံအနှံကဆေးရုံဆေးခန်းတွေအတွက် အသုံးပြုပါတယ်။
အရင်တစ်ခါ မက်ဒါနာတိုကျိုမှာ ဖျက်ဆီးနှိပ်စက်ရေးလုပ်မိတော့ ဆုဗာနာနယ်စားကြီးက အဲဒီခွင့်ပြုငွေထဲကနေ လှမ်းပေးလိုက်တာပါ။ ဒါကြောင့် မက်ဒါနာကို အသုံးအဖြုန်းကြီးတဲ့ မင်းသမီးလေးတစ်ပါးလိုကပ်ဘိနပ်ဝန်ကြီးအဖွဲ့က မြင်ကြပြီး တကယ်တမ်းသိပ်အကောင်းမြင်မနေပါဘူး။ လွှတ်တော်ထဲမှာ သူ့တောင်းဆိုမှုကို လိုက်လျောမပေးခဲ့တာက ဘားဂျက်အကျပ်အတည်းတင်မကဘဲ အဲဒါကြောင့်လည်းပါပါတယ်။ သူတို့က နိုင်ငံခြားမှာနေပြီး သုံးဖြုန်းနေတဲ့ နယ်စားမင်းသမီးအပေါ် အယုံအကြည်သိပ်မရှိကြဘူး။
"အမေ.. ဒါနဲ့၊ ဆုဗာနာသူကောင်းမျိုးတွေက အစိုးရကနေ ခွင့်ပြုငွေမရဘူးမဟုတ်လား။ စီးပွားရေးလုပ်ငန်းတွေလုပ်နေလို့ဆိုရင်တောင် သူတို့က အချမ်းသာဆုံးမဖြစ်သင့်သေးဘူးမဟုတ်လား။ တစ်ခုခုလွဲနေသလိုပဲ။"
ဆုဗာနာမှာ သူကောင်းမျိုးနဲ့မသက်ဆိုင်တဲ့ လုပ်ငန်းရှင်တချို့ရှိတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းရှင်တွေက အချမ်းသာဆုံးဖြစ်မနေဘူး။ မေမေသီတာက မနက်စာစားနေဆဲဖြစ်တဲ့ မက်ဒါနာကို ရှင်းပြလိုက်တယ်။
"အဓိကက လေးပွင့်ဆိုင်စစ်ပွဲရဲ့အကျိုးသက်ရောက်မှုကြောင့်ပဲ။ စစ်ပွဲမတိုင်ခင်က သူကောင်းမျိုးတွေ စီးပွားရေးကဏ္ဍကို လက်ဝါးကြီးအုပ်မယ့်ဘေးကနေ ကာကွယ်ဖို့အတွက် ပြည်သူ့လွှတ်တော်ကနေ ဥပဒေတစ်ခုတင်သွင်းခဲ့ဖူးတယ်။ သူကောင်းမျိုးတွေအနေနဲ့ မျိုးရိုးစဥ်ဆက်အလိုက် ခွင့်ပြုငွေခံစားရမှာဆိုပေမဲ့ စီးပွားရေးလုပ်ကိုင်ခွင့်မရှိဘူးဆိုပြီးတော့ပေါ့။"
မက်ဒါနာလည်း ဆုဗာနာရဲ့အစိုးရအုပ်ချုပ်ပုံကို လေ့လာဖူးတယ်။ အဓိကအားဖြင့် ကပ်ဘိနပ်၊ အထက်လွှတ်တော်၊ အောက်လွှတ်တော်ဆိုပြီးရှိတယ်။
မေမေသီတာက ဆက်ရှင်းပြတယ်။
"ဒါပေမဲ့ လေးပွင့်ဆိုင်စစ်ပွဲဖြစ်တော့ အခုလိုပဲဘဏ္ဍာငွေ အကျပ်အတည်းဖြစ်လာပြီး ထောက်ပံကြေးမပေးနိုင်တော့ နယ်စားကြီးကလွဲလို့ ကျန်သူကောင်းမျိုးတွေကို ထောက်ပံကြေးမပေးတော့ဖို့ လွှတ်တော်နှစ်ရပ်လုံးက သဘောတူခဲ့တယ်။ အဲဒီတုန်းက နယ်စားကြီးအပြင် သူ့ရဲ့သစ္စာခံသူကောင်းမျိုးအားလုံးက ဒီဥပဒေကိုသဘောတူခဲ့ကြတယ်။"
သစ္စာခံသူကောင်းမျိုးတွေဆိုတာက နယ်စားကြီးအိမ်နိမ့်စံဘဝကတည်းက နယ်စားဖြစ်တဲ့အထိ သူ့နောက်ကနေ ထောက်ပံပေးခဲ့တဲ့သူတွေကို ဆိုလိုတာ။ ဒါပေမဲ့အခုတော့ နယ်စားကြီးက အသက်ကြီးလာသလို သစ္စာခံတွေထဲကတချို့လည်း သေဆုံးကုန်ကြပြီ။ အခုသူကောင်းမျိုးအများစုက နောက်မျိုးဆက်တွေဖြစ်နေပြီး နယ်စားကြီးအပေါ် သစ္စာရှိမှုက အရင်မျိုးဆက်တွေလောက် မရှိတော့ဘူး။
"နားလည်ပြီ၊ ဒီတော့ လေးပွင့်ဆိုင်စစ်ပွဲမှာ နယ်စားကလွဲလို့ သူကောင်းမျိုးတွေကို ခွင့်ပြုငွေမပေးတော့ဘဲ စီးပွားရေးလုပ်ခွင့်ပေးလိုက်တယ်ပေါ့။ ကြာလာတော့ သူတို့က နယ်စားထက်ပိုချမ်းသာလာပြီး စီးပွားရေးလက်ဝါးကြီးအုပ်မှုဖြစ်လာတယ်။" မက်ဒါနာလည်း စပြီးသဘောပေါက်လာတယ်။
"အဲဒီအတိုင်းပဲ။" မေမေသီတာက သူ့စကားကို အဆုံးသတ်လိုက်တယ်။ မက်ဒါနာနားလည်သလောက်တော့ စစ်ပွဲပြီးချိန်မှာ အောက်လွှတ်တော်က သူကောင်းမျိုးစီးပွားရေးလုပ်ခွင့်ကို ပြန်ရုပ်သိမ်းဖို့ ကြိုးစားခဲ့မှာပဲ။ ဒါပေမဲ့ မအောင်မြင်ခဲ့တာဖြစ်လိမ့်မယ်။
"ဆုဗာနာအစိုးရတည်ဆောက်ပုံကြောင့် အဲဒီစီးပွားရေးလုပ်ခွင့်က အခုထိတည်တည့်နေတာမဟုတ်လား။" မက်ဒါနာ မေးခွန်းထုတ်တော့ မေမေသီတာက သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။
ဆုဗာနာလက်ရှိဖွဲ့စည်းပုံက ဗြိတိန်စည်းမျဥ်းခံစနစ်ကို အခြေခံယူထားတာမလို့ ကပ်ဘိနပ်ဟာ နယ်စားရဲ့အနီးကပ် အစိုးရအဖွဲ့ဖြစ်ပြီး ဝန်ကြီးတွေနဲ့ လွှတ်တော်နှစ်ရပ်က ထိပ်သီးကိုယ်စားလှယ်တွေပါပါတယ်။ ဒါပေမဲ့ ကပ်ဘိနပ်က နယ်စားအမိန့်ကို အကောင်အထည်ဖော်ပေးဖို့နဲ့ နယ်စားကိုအကြံပေးဖို့ရှိနေတာပါ။ ကိုယ်ပိုင် ဥပဒေပြဌာန်းခွင့်မရှိပါဘူး။
အောက်လွှတ်တော်ကတော့ နိုင်ငံသားတွေရွေးကောက်ထားတဲ့ အမတ်တွေနဲ့ပြည့်နေတာဖြစ်ပြီး တိုင်းပြည်လိုအပ်ချက်ကိုသိမြင်ကာ ဥပဒေတင်သွင်းခွင့်ရှိပါတယ်။ ဒါပေမဲ့ ဥပဒေပြဌာန်းခြင်းဖြစ်စဥ်ဟာ အောက်လွှတ်တော်တစ်ခုတည်းတင်မဟုတ်ဘဲ ကပ်ဘိနပ်၊ အထက်အောက်လွှတ်တော် သုံးခုလုံးနဲ့သက်ဆိုင်ပါတယ်။ အောက်လွှတ်တော်မှာ မဲခွဲပြီးတဲ့ ဥပဒေကို အထက်လွှတ်တော်က ဆက်မဲခွဲရပါတယ်။ အထက်လွှတ်တော်မှာ မဲနိုင်ပြီးမှ ကပ်ဘိနပ်ဆီရောက်လာပြီး နယ်စားက အတည်ပြုလက်မှတ်ထိုးရတာပါ။ နယ်စားကလည်း သူ့ဩဇာကိုသုံးပြီး ဥပဒေတစ်ခုခုကို ပြင်ဆင်ပိုင်ခွင့်ရှိပေမဲ့ အလားတူလွှတ်တော်နှစ်ရပ်ရဲ့မဲခွဲမှုကို စောင့်ရပါတယ်။
အခြားတစ်ဖက်မှာတော့ အထက်လွှတ်တော်တစ်ခုလုံးက သူကောင်းမျိုးတွေနဲ့ဖွဲ့စည်းထားပါတယ်။ ဒီတော့ အောက်လွှတ်တော်ကတင်သွင်းတဲ့ သူတို့ကိုထိခိုက်စေမယ့် ဥပဒေမှန်သမျှအထက်လွှတ်တော်ကို ဖြတ်သန်းနိုင်တော့မှာမဟုတ်ဘူး။
ဒီတော့ သူကောင်းမျိုးစီးပွားရေးလုပ်ခွင့်က ဆုဗာနာမှာဆက်ရှိနေပြီး လက်ရှိစစ်ပွဲချိန်မှာတောင် အတ္တကြီးတဲ့ သူကောင်းမျိုးတွေက သူတို့ငွေတွေနဲ့ တိုင်းပြည်ကို ကူညီချင်ပုံမရဘူး။ စင်စစ် စီးပွားရေးလုပ်ခွင့်က ဘာပြဿနာမှမရှိသလိုထင်ရပေမဲ့ သူကောင်းမျိုးတွေက နိုင်ငံရေးဩဇာရှိပြီးဖြစ်တာကြောင့် သူတို့စီးပွားရေးလုပ်ရင် သာမန်လုပ်ငန်းရှင်တွေအတွက် ဘယ်လိုမှမျှတတော့မှာမဟုတ်လို့ မျှတတဲ့ပြိုင်ဆိုင်မှုမဖြစ်နိုင်တော့ဘူး။
မက်ဒါနာ ထပ်ပြီးစဥ်းစားကြည့်လိုက်တယ်။ ဒီဥပဒေက ပြဿနာအကြီးကြီးဖြစ်စေပြီး ဆုဗာနာစီးပွားရေးတိုးတက်မလာတော့တဲ့ တရားခံဖြစ်နိုင်တယ်။
ဥပမာအနေနဲ့ သာမန်လုပ်ငန်းရှင်တစ်ယောက်က နိုင်ငံခြားကနေ စပျစ်ဝိုင်တင်သွင်းပြီး အလုပ်ဖြစ်နေတယ်ဆိုပါတော့။ သူကောင်းမျိုးတွေကလည်း စပျစ်ဝိုင်ရောင်းချင်တယ်၊ လုပ်ငန်းရှင်ကို မျှတတဲ့စျေးကွက်မှာ ယှဥ်မရဘူးထားတော့။ သူတို့ဘာလုပ်မယ်ထင်လဲ၊ စပျစ်တင်သွင်းဖို့ လိုင်စင်လိုပါတယ်ဆိုပြီး ဥပဒေထုတ်မယ်လေ။ ပြီးရင် အဲဒီလုပ်ငန်းရှင်ကို ဘယ်လိုလျှောက်လျှောက် လိုင်စင်မပေးဘဲနေလိုက်မယ်။ သူကောင်းမျိုးတွေက စပျစ်ဝိုင်လုပ်ငန်းကိုရသွားမှာဖြစ်ပြီး လုပ်ငန်းရှင်ကတော့ တခြားလုပ်ငန်းပြောင်းလုပ်ရတော့မယ်။
"အမေ... သမီးထမင်းစားပြီးပြီ၊ သွားတော့မယ်။"
မက်ဒါနာက ထမင်းစားပြီးတာနဲ့ မော်တာတပ်ထားပြီးဖြစ်တဲ့ ဝှီးချဲလေးကိုမောင်းပြီး အခန်းထဲကနေ ထွက်သွားတယ်။
"ဝုတ်...ဝုတ်..." လက်ဆွဲတော်အာဝုကြီးကလည်း နောက်ကနေလိုက်လို့ပေါ့။ မေမေသီတာကတော့ သူ့သမီးလေးကို လက်ပြနှုတ်ဆက်ရင်း အတင်းပြုံးထားရတဲ့မျက်နှာနဲ့။
"ငါ့သမီးလေးတော့ သူများတွေကို ဒုက္ခပေးရအောင် သွားတော့မယ်။"
...
နန်းတော်ရှေ့ကိုရောက်တော့ နယ်စားမင်းသားလေးဒီပက စိတ်မရှည်တော့တဲ့ပုံစံနဲ့ မက်ဒါနာကိုပြောလိုက်တယ်။
"အစ်မကြီး မနက်စာစားတာကလည်း ကြာလိုက်တာ ကိုးနာရီထိုးတော့မယ်။" မက်ဒါနာက နယ်စားနယ်မြေရဲ့သူကောင်းမျိုးတွေဆီ လည်ပတ်ဖို့ စဥ်းစားထားတာမလို့ မေမေသီတာကို လမ်းပြပေးမယ့်လူတစ်ယောက် ပို့ပေးဖို့ပြောထားတယ်။ ဒါပေမဲ့ရောက်လာတာက ဒီပဖြစ်နေမယ်လို့တော့ ထင်မထားဘူး။
"အဟားဟား... ငါ့ခွေးကြီးကို အဆင့်မြှင့်နေတာနဲ့ ညက အိပ်တာနောက်ကျသွားတယ်လေ။ ပြီးတော့ စားနေတုန်းလဲ စဥ်းစားခန်းဝင်နေသေးတာဆိုတော့။"
"အစ်မကလည်း... ကိုယ့်ကျန်းမာရေးကိုယ် ဂရုမစိုက်ရင်တောင် တခြားစောင့်နေရတဲ့သူတွေကို အားနားပါဦးလား။"
"နင်လိုက်ပို့မယ်မှန်းမှမသိတာ။ ပြီးတော့ ဒီနေ့ရှေ့တန်းမသွားဘူးလား။"
မက်ဒါနာက သံသယနဲ့မေးလိုက်တယ်။ ဒီကောင်လေး သူ့ကိုတမင်လိုက်ပို့ချင်လို့ ဉာဏ်ဆင်ပြီး တာဝန်ကနေ လစ်ထွက်လာတာများလား။ ကောင်စုတ်လေးဒီပကတော့ သူ့ခေါင်းသူကုတ်ရင်း ရှက်ရှက်နဲ့ပြန်ဖြေတယ်။
"ဒီနေ့ မြူတန့်မဟာမိတ်ဘက်ကတပ်တွေ ငြိမ်နေပြီး ဘာလှုပ်ရှားမှုမှ မတွေ့ရဘူးလေ။ ပြီးတော့ ကျွန်တော်တို့ ဟီးရိုးအဖွဲ့က စစ်မြေပြင်ကို တိုက်ရိုက်အမိန့်ပေးရတာမျိုးမဟုတ်တော့ နန်းတော်ခဏပြန်လာတာ။ ဒေါ်လေးသီတာက အစ်မကြီးအပြင်သွားချင်တယ်ပြောတာနဲ့ လုပ်စရာမရှိတဲ့အတူတူ တစ်ခါတည်း ပို့ပေးမလားလို့။"
"ကောင်းပြီလေ၊ နင့်သဘောပဲ။" မက်ဒါနာက ခွင့်ပြုပေးလိုက်တော့ ကောင်စုတ်လေးဒီပရဲ့မျက်နှာက ဝင်းလဲ့သွားတယ်။
"ဒီတော့ အစ်မကြီးက ဘယ်ကိုအရင်သွားဖို့ စဥ်းစားထားလဲ။"
"ရှန်းယန်ခရိုင်၊ သူတို့က တရုတ်နဲ့ကုန်သွယ်မှုအဓိကလုပ်ပြီး ချမ်းသာနေတာမဟုတ်လား။"
ရှန်းယန်ခရိုင်က ဟန်နဲ့မန်ချူးမျိုးနွယ်တွေ မတည့်အတူနေကြတဲ့နေရာ။ လူမျိုးတူတွေမလို့ တရုတ်ပြည်မနဲ့ အတော်လေးအစပ်အဟပ်တည့်ပြီး ပစ္စည်းတွေ တင်သွင်းတင်ပို့တာနှစ်ခုလုံးလုပ်ကြတယ်။
အဓိကကဆုဗာနာထွက် ပန်းသီးတွေကို တင်ပို့ကြတာ။ ခုတော့ မက်ဒါနာကျေးဇူးနဲ့ ပန်းသီးဝိုင်တွေတင်ပို့နေကြပြီ။
"ရှန်းယန်စီရင်စုက အထက်မူးမတ်အဆင့် ချန်းမိသားစုပိုင်နက်ပဲ။ ဆုဗာနာရဲ့အချက်အချာအကျဆုံး ကူးသန်းရောင်းဝယ်ရေးပိုင်နက်မဟုတ်လား။"
မက်ဒါနာစကားကို ကောင်စုတ်လေးလည်း ခေါင်းညိတ်ထောက်ခံပြီး သူ့ပုလွေတွေကို မှုတ်လိုက်တယ်။ မကြာခင်မှာပဲ တိုက်လေယာဥ်တစ်စီးစာနီးပါးရှိတဲ့ အပြာရောင်လိပ်ပြာကြီးတစ်ကောင်က နယ်စားနန်းတော်ရှေ့မှာရောက်နေပြီ။
မက်ဒါနာကတော့ ကြောင်ပြီးကြည့်နေမိတယ်။ "ကောင်စုတ်လေး၊ ငါတို့ရေကန်ကို စက်လှေနဲ့ကူးပြီး ကားနဲ့သွားမှာမဟုတ်ဘူးလား။"
"အဲဒါက ကြာတယ်လေ၊ ဒီတော့ စစ်တပ်သုံးလိပ်ပြာနဲ့ပဲ သွားကြမယ်။ ပြီးတော့ အစ်မအရင်က လိပ်ပြာမစီးဖူးဘူးမဟုတ်လား။" ကောင်စုတ်လေးက ပြောလိုက်တော့ မက်ဒါနာက လက်မထောင်ပြလိုက်တယ်။
"နေပါဦး၊ နင်ငါ့ကို လိပ်ပြာစီးဖူးချင်လို့ တမင်ဉာဏ်ဆင်တာတော့ မဟုတ်ပါဘူးနော်။" မက်ဒါနာက မခို့တရို့ပြုံးနေတဲ့ ကောင်စုတ်လေးကို မေးလိုက်တော့ ချက်ချင်းရှက်သွေးဖြန်းသွားပြီး စကားတွေ အထစ်အထစ်ဖြစ်သွားတယ်။
"အဲ.... အဲဒီလိုတော့... မ... မဟုတ်...ရပါဘူး။"
"ထင်တဲ့အတိုင်းပဲ၊ ငါ့မောင်လေးက Tsudereလေးပဲ။" မက်ဒါနာက ကောင်စုတ်လေးဒီပကိုခေါင်းခေါက်ပြီး လိပ်ပြာကြီးဆီတိုးသွားလိုက်တယ်။ အခုလိပ်ပြာက အတောင်ပံကို ခေါက်ထားပြီး ဆုဗာနာနန်းတော်ရင်ပြင်မှာ နားနေပါတယ်။ လိပ်ပြာရဲ့ကိုယ်ပေါ်မှာတော့ မြင်းကုန်းနှီးလိုမျိုးချည်ထားတဲ့ သားရေထိုင်ခုံသုံးလုံးကိုတွေ့ရတယ်။ ပြီးတော့ ကုန်းနှီးရှေ့မှာ လေယာဥ်ပစ်သေနတ်နှစ်လက်တပ်ထားပြီး နောက်မှာတော့ လူကိုယ်တိုင်ချိန်ရတဲ့ လောင်ချာအမြောက်တစ်လက်ပါတယ်။
"ဆုဗာနာလေတပ်က လိပ်ပြာစီးစစ်သည်တွေက လိပ်ပြာတစ်ကောင်ကို သုံးယောက်စီးရတာလေ။ သားရဲထိန်းရယ်၊ အမြောက်သမားရယ်နဲ့အရံသားရဲထိန်းရယ်ပေါ့။"
"ကြည့်ရတာ ဒုတိယကမ္ဘာစစ်တုန်းကတော့ အတော်အသုံးဝင်မယ့်ပုံပဲ။" မက်ဒါနာက နှိမ်ပြောလိုက်ပေမဲ့ ကောင်စုတ်လေးက စိတ်မဆိုးဘဲ မက်ဒါနာကို လိပ်ပြာကျောပေါ်က ထိုင်ခုံမှာထိုင်နိုင်အောင် ကူညီပြီးတင်ပေးလိုက်တယ်။ ဒါပေမဲ့ ကောင်စုတ်လေးက မက်ဒါနာရဲ့ခန္ဓာကိုယ်ကိုထိရတာ နည်းနည်းအသားမကျတဲ့ပုံနဲ့။ မျက်နှာတစ်ခုလုံး နီရဲနေပြီ။
"နင်ပေါက်ကရတွေလျှောက်တွေးနေရင်တော့ နင့်ညီလေးကို ညကျလာဖြတ်မယ်။"
"ဟုတ်...ဟုတ်ကဲ့..." နောက်တော့ ကောင်စုတ်လေးက မက်ဒါနာကို အပျော်စီးလေယာဥ်မှူးတွေတပ်တဲ့ လေကာမျက်မှန်ဦးထုပ်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း စောင်းလိုက်တယ်။ ခေါင်းသုံးလုံး အာဝုကြီးကို နောက်ဆုံးခုံမှာသေချာနေရာချပြီးတဲ့နောက် ကောင်စုတ်လေးက ပိုင်းလော့ခုံမှာထိုင်ပြီး ပုလွေနဲ့ အမိန့်ပေးလိုက်တယ်။
လိပ်ပြာက ချက်ချင်းအတောင်ပံခတ်လိုက်ပြီး ဆုဗာနာနန်းတော်က အောက်မှာကျန်ခဲ့တယ်။ စွေ့ခနဲခံစားချက် ပျောက်ကွယ်သွားပြီးတဲ့နောက်တော့ မက်ဒါနာတို့ ကောင်းကင်ပေါ်မှာ စတင်ပျံသန်းနေပါပြီ။