← Chapters

ရှန်းယန်ခရိုင်

Vol. 5 Ch. 5

ရှန်းယန်ခရိုင်

Vol. 5 Ch. 5

အိန္ဒိယ - ဆုဗာနာ နယ်စပ်ရှိ တောင်တန်းများပေါ်တွင်ဖြစ်သည်။

မြူတန့်မဟာမိတ်တပ်ဖွဲ့မှ စစ်သားများက သူတို့ခန္ဓာကိုယ်ကို နွေးထွေးစေရန် သားမွှေးအင်္ကျီများ ဝတ်ဆင်ထားရသည်။ ဆုဗာနာ၏တောင်တန်းများက နာမည်ကျော်ဟိမဝန္တာတောင်တန်းများနှင့်ထိစပ်နေပြီး မြင့်မားသောကြောင့် အောက်စီဂျင်ပါးလွှာခြင်းနှင့် အေးချမ်းခြင်းဒဏ်နှစ်ခုလုံးကို သူတို့ခံစားနေရ၏။ ယင်းက ဆုဗာနာအတွက် ဘုရားပေးသော သဘာဝခံစစ်တစ်ခုသဖွယ် ယူဆနိုင်ပါသည်။

ပလာဒင်ချပ်ဝတ်များက ဝတ်ဆင်သူကို ရာသီဥတုဒဏ်မခံရအောင် ကာကွယ်ပေးနိုင်သော်လည်း ယင်းချပ်ဝတ်များအတွက် လိုအပ်သည့် လောင်စာပမာဏကို ကြေးစားတပ်ဖွဲ့ပင် အကန့်အသတ်မဲ့ မတတ်နိုင်ပါ။ Prototype 01 အမျိုးအစား Coreမှ စွမ်းအင်ထုတ်ပေးနိုင်စွမ်းမှာ အကန့်အသတ်ရှိပြီး BH02 ကဲ့သို့ စွမ်းအင်အလိုလိုပြန်မပြည့်ပါ။ အတွင်းအူတိုင်မှ နျူကလီးယားပေါင်းစည်းခြင်းလောင်စာမှာ ယနေ့ခေတ်တွင် အလွယ်တကူရနိုင်သည့်တိုင် ထောင်ချီသည့် စစ်သည်များအတွက် ထောက်ပံပေးရမည်ဆိုပါက ကုန်ကျစရိတ်ထောင်းလာမည်မှာ သေချာသည်မဟုတ်ပါလား။ ထို့ကြောင့် စစ်စခန်းအတွင်းရှိစစ်သည်များမှာ ထိုဝတ်စုံများကို ဝတ်မထားကြဘဲ စွမ်းအင်ခြွေတာလျက်ရှိ၏။

စစ်သည်ငါးထောင်ခန့်စုဝေးနေသော စစ်စခန်းအလယ်တွင်တော့ အမိန့်ပေးရွက်ဖျင်တဲရှိနေပြီး လက်ရှိစစ်ကြောင်း၏အဓိက ခေါင်းဆောင်လေးဦးက ခေါင်းချင်းဆိုင်လျက် ဆွေးနွေးနေကြပေသည်။

သူတို့အားလုံးက ဂျာမန်SSတပ်ဖွဲ့ဝတ်ဆုံနှင့် အနည်းငယ်တူညီသော အနက်ရောင်စစ်အရာရှိဝတ်စုံများ ဝတ်ဆင်ထားကြပြီး ရာထူးကြီးမြင့်သူများ ဖြစ်ဟန်ပေါ်၏။

"လော့ဒ်မာရှယ်က ဆုဗာနာကို ငါတို့မြန်မြန်မသိမ်းနိုင်လို့ ဒေါသထွက်နေတယ်။ စစ်ပွဲနှင်းဆီရဲ့တပ်မဟာ ၃၀၃နဲ့၃၀၄က နိုင်ငံတွေအများကြီးကို တစ််ခဏလေးနဲ့ သိမ်းနိုင်ပေမဲ့ ငါတို့တပ်မဟာ ၃၁၀က ဆုဗာနာမှာ အချိန်ဖြုန်းလွန်းအားကြီးနေတယ်တဲ့။" ဗိုလ်မှူးကြီးအဆင့် အရာရှိက သူတို့ဗိုလ်ချုပ်လော့ဒ်မာရှယ်ထံမှ သဘောထားကို ဖော်ပြလိုက်ရာ ကျန်အရာရှိသုံးဦးလုံး မျက်နှာများဖြူဖွေးသွားကြသည်။

လော့ဒ်မာရှယ်က စိတ်မထင်ရင်မထင်သလို ပြုမူတတ်သူဖြစ်ရာ သူတို့လေးယောက်ကိုယ်တိုင်ကလည်း A rank များဖြစ်သည့်တိုင်အောင် မကြောက်ဘဲမနေနိုင်ကြ။

"ဒါပေမဲ့ ဆုဗာနာကို သာမန်နိုင်ငံလေးတစ်ခုလို့ ခေါ်လို့ရနိုင်ပါဦးမလား။ ကျုပ်တို့မှာ ခေတ်အမီဆုံး အကောင်းဆုံးစစ်လက်နက်ပစ္စည်းတွေရှိနေတာတောင်မှ သူတို့ရဲ့နှစ်တစ်ရာလောက်သုံးလာတဲ့ ချပ်မိန်ညိုတွေနဲ့ ယှဥ်တိုက်နေနိုင်သေးတယ်။"

ဆုဗာနာချပ်မိန်ညိုတွေက မာတာကလွဲပြီး တခြားနည်းပညာအကူအညီမပါတဲ့ ရိုးရိုးချပ်ဝတ်တွေပါ။ ပလာဒင်ချပ်ဝတ်တွေကတော့ မာတာအပြင် ဝတ်ဆင်သူရဲ့ခွန်အားကိုပါ တိုးမြှင့်ပေးသေးတယ်။ ဒါပေမဲ့ သူတို့တွေက အပြတ်အသတ်အသာစီးမရခဲ့ပါဘူး။

"အဲဒီ ပုရွက်ဆိတ်တွေကလည်း တကယ့်ငရဲပဲ။ နေရာတိုင်းကနေ ပေါ်လာနိုင်တယ်။ ပြီးတော့ သူတို့မှာ ကျုပ်တို့ထက် ပိုများတဲ့ A rank အရေအတွက်ရှိနေတယ်။ နောက်တစ်ခုက အဲဒီလက်စွပ်...."

ဗျူဟာမှူးရဲ့မျက်လုံးထဲမှာတော့ အကြောက်တရားတစ်ခုလင်းလဲ့နေတာကို မြင်နိုင်တယ်။ မနေ့ညက သူတို့အပေါ်ကျရောက်လာတဲ့ ငွေရောင်အလင်းတန်းကြီးက သူ့ကိုထိတ်လန့်စေခဲ့တယ်လေ။

အဲဒီအလင်းတန်းက ကြေးစားစစ်တပ်ရဲ့ရာနဲ့ချီတဲ့ စစ်သည်တွေကို လေပေါ်မြောက်တက်သွားစေပြီး သိပ်မကြာခင်မှာပဲ ပုရွက်ဆိတ်တွေ ထွက်ပေါ်လာခဲ့တာပါ။

"အဲဒီလက်စွပ်က ပုရွက်ဆိတ်တွေကို စေခိုင်းနိုင်စွမ်း ရှိနေတာများလား။ အချက်ပြမီးရှူးတစ်ခုလိုမျိုးလေ။" ဗျူဟာမှူးရဲ့စကားကို ကျန်တဲ့အရာရှိတွေလည်း ထောက်ခံကြတယ်။

"သူတို့အားမနည်းတာတော့ သေချာတယ်။ လေးပွင့်ဆိုင်စစ်ပွဲတုန်းက ဒေသအင်အားကြီးနှစ်နိုင်ငံနဲ့ကမ္ဘာ့စူပါပါဝါနိုင်ငံတစ်ခုကို တားဆီးနိုင်ခဲ့တာ ဒီလိုနည်းလမ်းတွေကြောင့်ဖြစ်မယ်။"

"ကံမကောင်းတာက ငါတို့မှာ ကြည်းတပ်မဟာတစ်ခုနဲ့ အမြောက်တပ်လေတပ် ပစ်ကူတချို့ပဲရှိတယ်။ ပြီးတော့ အိန္ဒိယနယ်စပ်မှာအခြေစိုက်နေတဲ့ လေတပ်ကလည်း ဆုဗာနာတောင်တန်းတွေကို ဖြတ်ပျံပြီးစစ်ကူပေးရတာ သိပ်မလွယ်ဘူး။ ဒီကိုတပ်မဟာတစ်ခုတည်းလာမိတာ မှားတာပဲ။" တပ်မဟာဗိုလ်မှူးကြီးက ပြောလိုက်တယ်။

ကြေးစားစစ်တပ်ရဲ့အင်အားက မနည်းလှပါဘူး။ ပုံမှန်အားဖြင့် တပ်မဟာတစ်ခုမှာ စစ်သည်ဦးရေသုံးထောင်ကနေ ငါးထောင်ရှိတတ်တယ်။ သူတို့တပ်မဟာနံပါတ်က ၃၁၀ ဖြစ်တာကြောင့် အနည်းဆုံးကြေးစားစစ်တပ်မှာ ဒီလိုတပ်မဟာမျိုး အခုသုံးရာကျော်ရှိနေပြီ။ အားလုံးပေါင်းလိုက်ရင် ခန့်မှန်းချေ စစ်သည်တစ်သန်းခွဲဖြစ်ပြီး လူဦးရေသက်သက်နဲ့တင် ကမ္ဘာ့စူပါပါဝါတွေနဲ့တန်းတူစစ်သည်အရေအတွက်ကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိကြေးစားစစ်တပ်အနေနဲ့ ဒီတစ်သန်းခွဲလုံးအတွက် ပလာဒင်ချပ်ဝတ်တွေ ပေးနိုင်မပေးနိုင်ကတော့ တခြားမေးခွန်းတစ်ခုဖြစ်သွားပြီ။

"ဒါပေမဲ့ တခြားတပ်မဟာတစ်ခုကို ဖိတ်ခေါ်လိုက်ရင် ငါတို့၃၁၀က နိုင်ငံငယ်တစ်ခုကို ကိုယ့်ဘာသာမသိမ်းနိုင်ဘူးဆိုတဲ့ သဘောရောက်သွားလိမ့်မယ်။" ဒုဗိုလ်မှူးကြီးက ပြောလိုက်တော့ အားလုံးတိတ်ဆိတ်သွားပြန်တယ်။

အခုကြေးစားစစ်တပ်က မဟာမိတ်ရဲ့ပူးတွဲဥက္ကဋ္ဌပါ။ သူတို့လုပ်နိုင်စွမ်းကို ပြသဖို့အတွက် အဖွဲ့ဝင်တိုင်းက ပြိုင်ဆိုင်နေကြပါတယ်။ ၃၁၀က ကြေးစားစစ်တပ်ရဲ့အားကိုးရတဲ့ အထူးတပ်မဟာတစ်ခုဖြစ်ပြီးအကောင်းဆုံးလက်နက်တွေ တပ်ဆင်ပေးထားတဲ့ တပ်မဟာတစ်ခုပါ။ သူတို့ကိုဦးဆောင်နေတဲ့ အရာရှိတွေကလည်း အကောင်းဆုံးတွေဖြစ်ပြီး A rank အဆင့်တွေပါ။ ဒါပေမဲ့ သူတို့က ဆုဗာနာကို တစ်ဦးတည်း မသိမ်းပိုက်နိုင်ဘူးဖြစ်နေပါတယ်။

"ဆုဗာနာရဲ့လူဦးရေက ရှစ်သိန်းကျော်လောက်ပဲရှိပေမဲ့ သူတို့ရဲ့အမြဲတမ်း စစ်သည်အင်အားက အနည်းဆုံးတစ်သောင်းရှိနိုင်တယ်။ အရံအင်အားတော့ ငါတို့မသိနိုင်ဘူး။ မနေ့က ငါတို့တွေ့ခဲ့တဲ့စစ်သည်နှစ်ထောင်က သူတို့ရဲ့ခံစစ်လိုင်းသက်သက်ပဲဖြစ်ပြီး ငါတို့ကလည်း တိုက်စစ်နှစ်ထောင်ပဲသုံးခဲ့တာ။ ဒါပေမဲ့ ငါတို့က ပုရွက်ဆိတ်တွေကြောင့် ပြန်ဆုတ်လာရတယ်။ ဒီနေ့တော့ သူတို့စစ်ကူတွေနဲ့ ခံစစ်လိုင်းကို ထပ်အားဖြည့်ပြီးလောက်ပြီမလို့ အခုသွားတိုက်လည်း အလားကားပဲဖြစ်နေမှာပဲ။ ငါတို့တပ်မဟာတစ်ခုတည်းသွားတိုက်ရင် အင်အားက နှစ်ဆကနေ သုံးဆအထိကွာသွားနိုင်တယ်။"

တကယ်တော့ ကြေးစားစစ်တပ်တပ်မဟာတစ်ခုက ဒီနေရာကို တစ်ဦးတည်းလာခဲ့ရတဲ့ အကြောင်းအရင်းက သူတို့အင်အားကိုသူတို့ ယုံကြည်လို့ပါ။ ပလာဒင် ချပ်ဝတ်ပြည့်တပ်ဆင်ထားတဲ့ တပ်မဟာတစ်ခုကို သာမန်တပ်မဟာငါးခုက အနိုင်မယူနိုင်ပါဘူး။ ဒါပေမဲ့ ဆုဗာနာစစ်တပ်ကတော့ လုပ်နိုင်ပါတယ်။

"စိတ်မပူပါနဲ့၊ ငါတို့သူတို့ကို အနိုင်ယူနိုင်မယူနိုင်ဆိုတာက ပြောဖို့စောပါသေးတယ်။ တောင်အာရှစစ်ဌာနချုပ်ကို ငါဆက်သွယ်ပြီး အရိုးမျက်နှာနှစ်သောင်းတောင်းခံထားတယ်။ ဇက်သတ္တုတိုက်က ကြေးစားစစ်တပ်အာရှတိုက်ကို လွှမ်းမိုးဖို့အချက်အချာအကျဆုံးဆိုတော့ သူတို့ကူညီမှာပါ။"

ကျန်တဲ့သူတွေအားလုံး ခေါင်းညိတ်လိုက်ကြတယ်။ သူတို့ကိုယ်တိုင်က မစွမ်းကြပေမဲ့ အရိုးမျက်နှာတွေကတော့ စွမ်းနိုင်တယ်မဟုတ်လား။

...

ကြေးစားစစ်တပ်က သူတို့ရှေ့ဆက်မယ့်ဗျူဟာတွေ ဆွေးနွေးနေတဲ့အချိန်မှာတော့ မက်ဒါနာက ရှန်းယန်ခရိုင်ကို လိပ်ပြာကြီးစီးပြီးရောက်လာပါတယ်။

ရှန်းယန်ခရိုင်မြို့တော်က မြို့တော်လမင်းစန္ဒာထက် အတော်အတန်သေးပေမဲ့ ဆုဗာနာရဲ့ရှန်ဟိုင်းမြို့လို့ တင်စားရလောက်တဲ့အထိ ခေတ်မီပါတယ်။ ဒီနေရာက စီးပွားရေးမြို့တော်ဖြစ်ပြီး လမင်းစန္ဒာခရိုင်မှာတွေ့ရမှာမဟုတ်တဲ့ ခေတ်မီအထပ်မြင့်တိုက်တာတွေကို မြင်တွေ့နိုင်ပါတယ်။ နိုင်ငံခြားကုန်စည်အတော်များများလည်း ဒီနေရာမှာရှိနေပြီး ကုန်တိုက်ငယ်တချို့ကိုလည်း မြင်တွေ့နိုင်ပါတယ်။

လိပ်ပြာက တဖြည်းဖြည်းနိမ့်ဆင်းလာချိန်မှာ မက်ဒါနာက နေရာတစ်နေရာကို လက်ညိုးထိုးပြပြီးပြောလိုက်တယ်။ ကိုကာကိုလာအမှတ်အသားနဲ့ဆိုင်ငယ်လေးတစ်ခုကို တွေ့ရလို့ပါ။ ဒါပေမဲ့ ဝယ်သူမရှိဘူးရယ်။

"မောင်လေး၊ ငါတို့နိုင်ငံမှာလည်း ကိုလာရတာလား။"

"အင်းလေ၊ ဒါပေမဲ့ သိပ်မရောင်းရဘူး။ ဆုဗာနာမှာက နွားနို့ကို ကိုလာထက်စျေးချိုချိုနဲ့ရတာဆိုတော့ ဘယ်သူမှ အာဟာရမရှိတဲ့အချိုရည်ကို စျေးကြီးပေးမသောက်ချင်ကြဘူးလေ။ ဒီတော့ အဲဒီပုလင်းသွပ်စက်ရုံက ဒေဝါလီခံခါနီးဖြစ်နေတာ။"

"အင်း... ဒါလည်းဟုတ်တာပဲ။" မက်ဒါနာက အမေရိကန်ကအခြေအနေနဲ့ ယှဥ်ထိုးပြီး စဥ်းစားကြည့်ပါတယ်။ အမေရိကန်မှာဆိုရင် နွားနို့တစ်လီတာက ကိုလာသုံးလီတာဖိုးလောက် ပေးရတယ်။ လူတွေဆိုဒါစွဲကုန်တာ ဒါကြောင့်လည်းပါတယ်။

"အာဟာရတန်ဖိုးမြင့်တဲ့စားစရာတွေကို စျေးပေါပေါနဲ့ရနိုင်တော့ ဘယ်သူက ကျန်းမာရေးနဲ့မညီညွတ်တဲ့ဟာတွေ စားတော့မှာလဲ။" မက်ဒါနာက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ခါးကိုမတ်ပြီး ပြောလိုက်တယ်။ ဒါကြောင့် ရှေ့မှာထိုင်နေတဲ့ ကောင်စုတ်လေးကျောကို ရင်ဘတ်နဲ့ပွတ်မိသွားပြီး ဒီပလိပ်ပြာပေါ်ကနေ ပြုတ်ကျတော့မလိုဖြစ်သွားသေးတယ်။

...

ရှန်းယန်ခရိုင်အုပ်ချုပ်ရေးမှူး အထက်မူးမတ်ချန်းမိသားစုရဲ့ ရှန်းယန်အုပ်ချုပ်ရေးမှူးစံအိမ်ကိုရောက်တော့ သူတို့လိပ်ပြာကြီးကို စံအိမ်ရင်ပြင်မှာ ဆင်းလိုက်တယ်။

မက်ဒါနာလှည့်ပတ်ကြည့်တော့ ဒီနေရာက အတော်လေးလှပတဲ့ နေရာတစ်ခုပါ။ တရုတ်ရိုးရာစံအိမ်ဖြစ်ပြီး သစ်သားတွေနဲ့ဆောက်ထားကာ ရင်းနှီးနေတဲ့ အုတ်ကြွပ်အမိုးတွေလည်းရှိတယ်။ အိမ်ရဲ့ရင်ပြင်ကိုတော့ ကျောက်ပြားဖြူဖြူတွေခင်းထားပြီး စံအိမ်ရဲ့အလယ်မှာ ရေကန်ငယ်တစ်ခုရှိကာ သစ်သားစံအိမ်က အဲဒီရေကန်ကို ဝန်းရံပြီးတည်ဆောက်ထားတာဖြစ်တယ်။ ပြီးတော့ စံအိမ်ကိုသန့်ရှင်းရေးလုပ်ပေးနေတဲ့ မိန်းကလေးအစေခံတစ်ရာလောက်ကိုလည်း မြင်ရသေးတယ်။

မက်ဒါနာက ချက်ချင်းပဲ မျက်မှောင်ကြုတ်လိုက်ပါတယ်။ "ဟမ်... ဘယ်လိုလုပ်ပြီး သူတို့မှာ နယ်စားစံအိမ်ထက်များတဲ့ အစေခံတွေရှိနေရတာတုန်း။ ပြီးတော့ စံအိမ်ကလည်း နယ်စားနန်းတော်လောက်မကြီးဘူးမဟုတ်လား။ ဒီလောက်ကြီး မလိုဘူးလေ။"

တကယ်ပဲ ရှန်းယန်စံအိမ်က ဆုဗာနာစံအိမ်ရဲ့တစ်ဝက်လောက်ပဲရှိတာ။ အများဆုံးရှိလှ ပန်ဒရာဂွန်တွေရဲ့ခြံဝင်းနဲ့တန်းတူလောက်ပါပဲ။

"အထက်အမတ်ဦးလေးချန်းဟွမ်က နယ်စားမိသားစုနဲ့ယှဥ်ရင်တော့ နည်းနည်းအသုံးလက်ဖွာတယ်လေ။" ကောင်စုတ်လေးဒီပက ဖာထေးပြောချင်ပေမဲ့ မက်ဒါနာကတော့ ရင်ပြင်အလယ်မှာစိုက်ထူးထားတဲ့ ကျောက်စာတိုင်ကြီးဆီ ဝှီးချဲလေးမောင်းသွားကြည့်တယ်။

"အမယ်... ချန်းမိသားစု စံအိမ်ဆိုပါ့လား။" နောက်တော့ မက်ဒါနာက ကျောက်စာတိုင်ကြီးကိုလုပ်ထားတဲ့ ကျောက်သားကို စမ်းသပ်ကြည့်တယ်။

"ကျောက်စိမ်းအစစ်ဟ၊ အနည်းဆုံး B rank လောက်ရှိတဲ့ ကျောက်စိမ်းပဲ။ ပြီးတော့ လူတစ်ရပ်လောက်မြင့်တယ်လေ။" မက်ဒါနာတစ်ယောက် အတော်အံ့ဩသွားတယ်။ ဒါပေမဲ့ ဒီပကတော့ သိပ်အရေးတယူရှိလှတဲ့ပုံမပေါ်ဘူး။

"ဒီဥစ္စာကို ဦးလေးချန်းက မြန်မာကျောက်စိမ်းမြေကိုသွားပြီး တရုတ်တွေနဲ့အပြိုင်လေလံစွဲလာတာလေ။ အစတုန်းကတော့ ကျောက်ရိုင်းတုန်းကြီးပေမဲ့ အရင်နှစ်က မော်ကွန်းကျောက်စာတိုင်အဖြစ် ပြောင်းလဲပစ်ခဲ့တာ။" မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောတယ်။

"နင်ပြောတဲ့အတိုင်းဆို တန်ဖိုးအတော်ကြီးမယ့်ပုံပဲ၊ ကြည့်ပါဦး။ ကျောက်စိမ်းတိုင်ရဲ့ဘေးအနားသပ်တွေမှာ ပန်းကနုတ်တွေဖော်ထားသေးတယ်။ ထိပ်ဆုံးမှာလည်း တရုတ်ခြင်္သေ့လေးတစ်ကောင်ပုံ ရုပ်ထုရှိသေးတယ်။"

Rank B ကျောက်စိမ်းဆိုတာက အရောင်ချွတ်ထားမှ အသွေးပေါ်တဲ့ အလယ်အလတ်ကျောက်စိမ်းကိုပြောတာ။ စျေးအကြီးဆုံး တော်ဝင်ကျောက်စိမ်းနဲ့ ချွတ်ဆေးသုံးစရာမလိုဘဲ အရောင်တောက်တဲ့ Rank A ကျောက်စိမ်းတွေနဲ့ယှဥ်ရင် စျေးမကြီး အရည်အသွေးမကောင်းပေမဲ့ တစ်ဂရမ်အပိုင်းအစလေးတစ်ခုတောင် ဒေါ်လာနှစ်ရာတန်နေတုန်းပဲ။ ဒီလိုလူတစ်ရပ်အရွယ်ဆိုရင်တော့ ကီလိုတစ်ထောင်ကျော်လောက် အလေးချိန်ရှိသင့်တယ်။

"ဒီတော့ ဒီလိုပေါ့၊ ဒီကျောက်စိမ်းပြားရဲ့တန်ဖိုးကို ငါအတိအကျမသိပေမဲ့ တစ်ကီလိုဂရမ် B rank ကျောက်စိမ်းက ဒေါ်လာနှစ်သိန်းတန်သင့်တယ်။ ဒါကို ကီလိုတစ်ထောင်နဲ့အတိတွက်မယ်ဆိုရင် ကာလပေါက်စျေး သန်းနှစ်ရာရှိသင့်တယ်။"

မက်ဒါနာနဲ့စကားကြောင့် ဒီပလည်းတုန်လှုပ်သွားတယ်။ ဆုဗာနာနိုင်ငံတစ်ခုလုံးရဲ့GDPက ၇ ဘီလီယံကျော်ရုံပဲရှိတာ။ အထက်မူးမတ်ချန်းက ဒီကျောက်တိုင်အတွက် သူတို့မိသားစုတစ်ခုလုံးရဲ့ချမ်းသာမှုကို သုံးခဲ့တာတော့ မဟုတ်နိုင်ဘူးမဟုတ်လား။

"ဒါ့အပြင် ဒီကျောက်စိမ်းပေါ်က ပန်းပုလက်ရာတွေက ကျွမ်းကျင်သူမှပြုလုပ်နိုင်တာ။ အဲဒီအတွက်လည်းကုန်ဦးမယ်။ အနုပညာလက်ရာတစ်ခုဖြစ်လာပြီမလို့ မှောင်ခိုစျေးကွက်မှာသွားရောင်းရင် ဒီကျောက်တိုင်ရဲ့တန်ဖိုးက ငါးဆနီးပါးတက်သွားလောက်တယ်။"

မက်ဒါနာရဲ့နက်မှောင်နေတဲ့အတွေးတွေကြောင့် ဒီပလန့်လာတယ်။ သူ့အစ်မက အထက်မူးမတ်ချန်းဆီကနေ အလှူငွေတောင်းမရရင် စံအိမ်ဝင်းထဲက ကျောင်စာတိုင်ကြီးကိုဖြုတ်သွားဖို့အထိ တွေးနေတဲ့ပုံပဲ။

သူတို့စကားကောင်းနေတုန်း မူးမတ်ချန်းမိသားစုကလည်း တော်ဝင်တပ်ဖွဲ့က လိပ်ပြာပျံကြီးကြောင့် သူတို့ရောက်နေမှန်း သိသွားပြီး အမတ်ချန်းကိုယ်တိုင် ထွက်လာကြိုပါတယ်။

"ဘယ်သူများလဲလို့ နန်းမွေခံမင်းသားလေးဒီပပါလား။ ဘယ်လိုလုပ်ပြီး မျက်စိလည်လာတာလဲ။"

မက်ဒါနာက အထက်မူးမတ်ချန်းကိုကြည့်လိုက်တယ်။ လူက အသက်ခြောက်ဆယ်ကျော်၊ ဗိုက်ကရွဲရွဲ။ နဖူးက ပြောင်နေရတဲ့အထဲ မန်ချူးစတိုင်ကျစ်ဆံမြီးနဲ့မလို့ အတော်ကြည့်ရဆိုးဆိုးရယ်။ သူ့ဗိုက်ကြီးက ချင်းပိုးအင်္ကျီကိုတောင် ပြဲထွက်တော့မလိုထင်ရတယ်။ ပြီးတော့ သူ့နောက်မှာ အရွယ်စုံအသားအရောင်မျိုးစုံနဲ့ မိန်းမကိုယ်လုပ်တော်သုံးယောက်ပါလာသေးတယ်။

"တကယ်တော့ ကျွန်တော်က ကျွန်တော့်အစ်မနဲ့အတူလာတာ။ သူက ရှန်းယန်ခရိုင်ကို တစ်ခါမှမရောက်ဖူးသေးဘူးလေ။"

ကောင်စုတ်လေးဒီပက ကျောက်စာတိုင်ကို စိတ်ဝင်စားနေဆဲဖြစ်တဲ့ မက်ဒါနာရဲ့ဝှီးချဲကို နောက်ကနေ ဆွဲယူလိုက်ပြီး အားလုံးရှေ့ထုတ်ပြပေးလိုက်တယ်။ ဒီတော့မှ ချန်းမိသားစုလည်း ဒီပနောက်က မက်ဒါနာကို သတိထားမိသွားတာ။

"နယ်စားမင်းသမီးလေးလည်း ပါတာကိုး၊ ချက်ချင်းမမှတ်မိလို့ တောင်းပန်ပါတယ်ဗျာ။" ရှန်းယန်အမတ်ကြီးက မက်ဒါနာကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။ မက်ဒါနာက ဒီလူကြီးကို နယ်စားပါတီမှာမြင်ဖူးပေမဲ့ ရှန်းယန်အမတ်မှန်းမသိဘူး။ ဂရုမစိုက်ခဲ့တာကြောင့်လည်းပါတယ်။

"ဒီနေ့ကျွန်မလာခဲ့တာက ရှင်တို့ကို အကူအညီတောင်းစရာရှိလို့ပါ။" တစ်ချိန်တည်းမှာပဲ မက်ဒါနာရဲ့အနားကို အာဝုကြီးစေဘာစတိန်းက ရောက်လာပြီး စက်ရုပ်လျှာတစ်လစ်ထုတ်ပြပြီး ဖားယားနေတယ်။

ချန်းမိသားစုကတော့ ခေါင်းသုံးလုံးခွေးကြီးကိုလန့်ပြီး နောက်ကိုနည်းနည်းဆုတ်သွားတယ်။

"ဟုတ်...ဟုတ်ကဲ့ခင်ဗျ၊ ကူညီနိုင်တဲ့အရာဆို ချန်းမိသားစုက ကူညီပေးပါ့မယ်။ အရင်ဆုံး ဧည့်ခန်းထဲ လိုက်ခဲ့ကြပါ။"

...

ဧည့်ခန်းထဲရောက်တော့လည်း မက်ဒါနာက အလကားမနေဘဲ ဧည့်ခန်းထဲက ပစ္စည်းတွေကို မျက်စိကစားနေတယ်။ အတုလားအစစ်လားမသိတဲ့ မင်ခေတ်ကြွေထည်တွေ၊ ရွှေစင်စစ်နဲ့လုပ်ထားတဲ့ ရုပ်ထုတွေ၊ တရုတ်ရိုးရာပန်းချီတွေ အကုန်လုံးက စျေးကြီးတဲ့အရာတွေချည်းပဲ။

'နယ်စားတစ်ယောက်က ပိုက်ဆံခြွေတာနေတုန်း မူးမတ်တစ်ယောက်က အစွမ်းကုန်သုံးဖြုန်းပြီး တိုင်းပြည်ကို ကူညီဖို့ စိတ်မဝင်စားဘူး။ ဘယ်လိုတောင်လဲ။' မက်ဒါနာက နှာမှုတ်လိုက်ပြီး သူတို့ကို လာချပေးတဲ့ လက်ဖက်ရည်ကိုသောက်ကြည့်တယ်။ လက်ဖက်ရည်ကလည်း မွှေးပြီးတော့ အနံကောင်းတယ်။

"ဆုဗာနာတောင်တန်းတွေပေါ်မှာစိုက်တဲ့ လင်္ကါလက်ဖက်ခြောက်လေ၊ ဆုဗာနာရဲ့ဘိုးဘေးတွေက ဒီလက်ဖက်ခြောက်ကိုသောက်ပြီး ရတုရကန်တွေရေးဖွဲ့ခဲ့ကြတာ။" အထက်မူးမတ်ချန်းက ပြောလိုက်တယ်။

ဆုဗာနာကလည်း တခြားအရှေ့တိုင်းနိုင်ငံတွေလိုပဲ လက်ဖက်ရည်သောက်ပြီး ကဗျာစာပေတွေမှာ မွေ့ပျော်တတ်တယ်။ ပြီးတော့ ဒီနယ်မြေရဲ့ကောင်းမွန်ပြီးမှော်ဆန်တဲ့မြေဆီလွှာက လက်ဖက်ကောင်းတွေကို ဖြစ်ထွန်းစေတယ်။ လင်္ကာလက်ဖက်ဟာ တရုတ်ပြည်မှာ တော်ဝင်အတန်းစားထဲဝင်ပြီး ဆုဗာနာမှာတောင်စျေးကြီးပါတယ်။ အနည်းဆုံး တစ်အောင်စကို ဒေါ်လာနှစ်ထောင်ကနေစတယ်။

မက်ဒါနာက အထက်မူးမတ်ရဲ့ဧည့်ခန်းထဲက ပစ္စည်းတွေရဲ့တန်ဖိုးကို တွက်ချက်နေတုန်း ဒီပနဲ့မူးမတ်ချန်းက တိုင်းရေးပြည်ရာတွေပြောနေကြတယ်။ မက်ဒါနာကတော့ တဖြည်းဖြည်းရေတွက်တဲ့အထဲ စိတ်နှစ်မိသွားပြီး ပါးစပ်ကနေပါ ထုတ်ရေရွတ်မိပါတော့တယ်။

"၄သန်း... ၄.၅သန်း... ၅သန်း..."

နောက်တော့ ဒီပလည်းပြောစရာကုန်သွားပြီး မက်ဒါနာကို တံတောင်နဲ့တွက်ပြီး သတိပေးလိုက်တယ်။ "အစ်မရေ၊ လာရင်းကိစ္စမေ့နေပြီလား။"

"ဪ... ဟုတ်သားပဲ။" မက်ဒါနာက သက်ပြင်းချလိုက်ပြီး အထက်မူးမတ်နဲ့သူ့မယားငယ်တွေကို ကြည့်ပြီးပြောလိုက်တယ်။

"အခုဆုဗာနာက တိုက်ခိုက်ခံနေရတယ်ဆိုတာ ရှင်သိမှာပါ။"

"ဟုတ်ကဲ့၊ ကောင်းကောင်းသိပြီးတော့ နိုင်ငံကိုကူညီနိုင်မယ့်နည်းလမ်းကို အကောင်းဆုံးရှာဖွေနေပါတယ်မင်းသမီးလေး။"

မက်ဒါနာက ဒီအဖြေစကားကြောင့် နှုတ်ခမ်းကိုကွေးညွှတ်လိုက်တယ်။ 'ဟွန့်၊ အပြောကတော့ ရွေမန်းပဲ။'ဆိုတဲ့သဘော။

"ဒါဆိုရင် ကျွန်မရှင့်ကို နိုင်ငံအတွက်ထမ်းဆောင်ဖို့ အခွင့်အရေးတစ်ခုပေးမယ်။"

"အမိန့်ရှိပါ၊ နယ်စားမင်းသမီးလေးခင်ဗျား။"

"ကျွန်မက ဆုဗာနာစစ်တပ်သုံးချပ်ဝတ်တွေကို အဆင့်မြှင့်ဖို့ စီမံကိန်းတစ်ခုရေးဆွဲနေတယ်။ ဆုဗာနာအစိုးရက စစ်ပွဲစရိတ်တွေကြောင့် ငွေပိုငွေလျှံမရှိတော့ ကျွန်မဘာသာ ရံပုံငွေရှာဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒါ ရှင်တို့ပါဦးမလား။"

"အဲဒါက... အဲဒါက..." အမတ်ချန်းက စကားအထစ်ထစ်အငေါ့ငေါ့ဖြစ်သွားပြီး အတော်ကြာမှပမာဏကို မေးတယ်။

"ဘယ်လောက်လိုတာလဲဟင်။"

"သန်းသုံးဆယ်..."

"အဲဒီလောက်ပမာဏကျတော့... လောလောဆယ် စစ်ဖြစ်နေတာဆိုတော့ စီးပွားရေးလုပ်ငန်းတွေအဆင်မပြေဘဲ ကျွန်တော်တို့ချန်းမိသားစုကလည်း အကျပ်အတည်းဆိုက်နေပါတယ်။ ဒါကြောင့်အဲဒီလောက်အများကြီးတော့ မရှိနေပါဘူး။"

ရှန်းယန်အမတ်ချန်းက သူ့ထပ်ပြောင်ပြောင်ကို လက်နဲ့ပွတ်ပြီး ရယ်ကျဲကျဲနဲ့အရှက်ပြေပြောတယ်။ ဒါပေမဲ့ မက်ဒါနာကတော့ စိတ်အလိုမကျစွာနဲ့မျက်မှောင်ကြုတ်လိုက်တယ်။ သခင်မလေး စိတ်အလိုမကျလို့လားတော့မသိပေမဲ့ ဝှီးချဲနားမှာ သာမန်ခွေးတစ်ကောင်လိုမျိုး လှဲနေတဲ့ ခေါင်းသုံးလုံးခွေးကြီးကလည်း ခေါင်းမော့ပြီး အမတ်ချန်းကို မာန်ဖီပြနေတယ်။

ဒါကြောင့် အမတ်ချန်းနဖူးကနေ ချွေးတွေစီးကျလာနေပြီ။

"ဪ... တကယ်ကြီး ရှင်စီးပွားရေးအဆင်မပြေတာလား။" မက်ဒါနာက သောက်လက်စ လက်ဖက်ရည်ပန်းကန်ကို ချပြီးပြောလိုက်တယ်။ သူ့လေသံက သရော်သလိုခနဲ့တဲ့တဲ့နဲ့မလို့ ဒီပတစ်ကိုယ်လုံး ကျက်သီးထသွားတယ်။ တစ်ခုခု မကောင်းတာ ဖြစ်တော့မယ်ထင်တယ်။

All Chapters