← Chapters

ချန်းမိသားစု ဓားပြတိုက်ခံရပြီ

Vol. 5 Ch. 6

ချန်းမိသားစု ဓားပြတိုက်ခံရပြီ

Vol. 5 Ch. 6

စစ်ပွဲဖြစ်နေတာဆိုတော့ ကျုပ်တို့မိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေလည်း အခက်တွေ့နေတယ်လေ။ ကုန်စျေးနှုန်းတွေက အကုန်တက်ကုန်တာကိုး။"

ချန်းအမတ်ရဲ့လုပ်ဇာတ်ကို နားထောင်ပြီးတဲ့နောက် မက်ဒါနာက မျက်ခုံးပင့်လိုက်တယ်။ ဒီလူက ယုတ္တိလုံးဝမရှိတဲ့ မုသားစကားကို မျက်နှာပြောင်နဲ့ပြောနိုင်တာပဲ။ မက်ဒါနာက ရှည်လာလို့ မျက်နှာကိုလာဖုံးနေတဲ့ ငွေရောင်ဆံစတချို့ကို ဖယ်လိုက်ပြီး မေးခွန်းပြန်ထုတ်လိုက်လေရဲ့။

"ရှင်တို့ရှန်းယန်ခရိုင်က တရုတ်ထိန်းချုပ်ထားတဲ့ တိဗက်နဲ့ နယ်ချင်းစပ်နေတာ။ စစ်ပွဲကတော့ အိန္ဒိယနယ်စပ်မှာလေ။ စစ်ပွဲကြောင့် ရှင်တို့ရှန်းယန်ခရိုင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲမနေဘူး၊ ငွေဖောင်းပွမှုက ရှင်တို့အပေါ်လည်း ရိုက်ခတ်နိုင်တယ်ဆိုပေမဲ့ တကယ်စဥ်းစားကြည့်ရင် ရှင်တို့အမြတ်ပဲမဟုတ်လား။ ရှန်းယန်ခရိုင်ရဲ့လက်ရှိကိုယ်စားလှယ်တစ်ယောက်က စီးပွားရေးဝန်ကြီးမလို့ ရှင်တို့က နိုင်ငံခြားငွေလဲလှယ်မှုကို ထိန်းချုပ်နိုင်စွမ်းရှိနေတယ်။ ဒီတော့ နိုင်ငံခြားငွေနဲ့တရုတ်ကပစ္စည်းတွေကို စျေးချိုချိုနဲ့သွင်းပြီး စစ်ပွဲကြောင့်စျေးတက်ပါတယ်ဆိုပြီး လိမ်ရောင်းနေတာမဟုတ်လား။"

မက်ဒါနာရဲ့ဘွင်းဘွင်းရှင်းရှင်းသုံးသပ်စကားကြောင့် ချန်းအမတ်ကြီး ကြောင်ကြည့်နေမိတယ်။ အတော်ကြာတဲ့အထိ ဘာပြန်ပြောရမှန်း မသိရှာဘူး။ ရေတစ်ငုံသောက်ပြီးချိန်ကြာမှ ချန်းအမတ်က ပြန်ပြောစရာစကား ရှာတွေ့တော့တယ်။

"စီးပွားရေးလုပ်နေတာဆိုတော့ အမြတ်မရဘဲနဲ့ ဘယ်လိုလုပ် အလုပ်လုပ်ရမှာလဲ။"

"ရှင့်စီးပွားရေးက အတော်အမြတ်ကြီးပုံပဲနော်၊ သန်းနှစ်ရာကျော်အနည်းဆုံးတန်တဲ့ ကျောက်စိမ်းကို မိသားစုနာမည်ထွင်းဖို့သုံးတယ်ဆိုတော့လေ။ ရှင့်ရဲ့ချမ်းသာမှုက တစ်ဘီလီယံထက်တောင် များနေမလားလို့။"

ဆုဗာနာလိုနိုင်ငံမျိုးမှာ ဘီလီယံတာဆိုတဲ့တည်ရှိမှုက အင်မတန်ရှားပါတယ်။ ဆုဗာနာနယ်စားကိုယ်တိုင်တောင် သန်းရာဂဏန်းအနည်းငယ်ပဲ ချမ်းသာနိုင်တဲ့အချိန်မှာ အထက်မူးမတ်တစ်ယောက်က ဘီလီယံတာဖြစ်နေပြီတဲ့။

"ဒါတောင် တိုင်းပြည်အကျိုးအတွက် ထမ်းဆောင်ဖို့ ဝန်လေးနေသေးတာလား။ တခြားသူကောင်းမျိုးတွေကြားရင်တော့ ရှင့်ကိုကပ်စေးနည်းတယ် ထင်နေတော့မှာပဲ။"

မက်ဒါနာရဲ့လေသံအေးစက်လာတာနဲ့အမျှ ငရဲခွေးကြီးရဲ့မာန်ဖီသံက ပိုပြင်းလာလေလေပဲ။ မူးမတ်ချန်းလည်း ဖိအားဒဏ်ကို မခံနိုင်တော့တဲ့ပုံပဲ သက်ပြင်းချလိုက်ပြီး အိမ်စေတစ်ယောက်ကို ပိုက်ဆံတွေယူလာခိုင်းတယ်။

"ဒေါ်လာတစ်သိန်းခွဲဆိုရင် အဆင်ပြေမလား။" ဒေါ်လာအရွက်စိမ်းအစစ်တွေကို အထပ်လိုက်ရှေ့မှာလာပုံပေးတဲ့အတွက် မက်ဒါနာမျက်ခုံးပင့်လိုက်မိတယ်။ အမေရိကန်ဘဏ်စနစ်ကိုနားလည်ရင် မက်ဒါနာဘာလို့ အံ့ဩနေလဲဆိုတာကို သတိထားမိနိုင်မှာပါ။ အမေရိကန်ရဲ့ဒေါ်လာကိုးဆယ်ရာခိုင်နှုန်းက ငွေစက္ကူအနေနဲ့ရှိနေတာမဟုတ်ဘဲ ဒီဂျစ်တယ်ကိန်းဂဏန်းတွေပါ။

ရှေးခေတ်လူတွေက ရွှေဒင်္ဂါးတွေကိုသုံးပြီး စီးပွားရေးလုပ် ကူးသန်းရောင်းဝယ်ကြတယ်။ ဒါပေမဲ့ ရွှေဒင်္ဂါးတွေက သယ်ရလေးလံတဲ့အတွက် အစိုးရဘဏ်၊ ဒါမှမဟုတ် ပုဂ္ဂိလိကဘဏ်တွေမှာအပ်ပြီး ရှေးဦးငွေစက္ကူဖြစ်လာမယ့် ဘဏ်ဖြတ်ပိုင်းတွေနဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်တယ်။ ဘဏ်ဖြတ်ပိုင်းတွေက တဖြည်းဖြည်းငွေစက္ကူအဖြစ်ပြောင်းလဲပေမဲ့ ယနေ့အချိန်မှာတော့ E market ဖွံဖြိုးလာမှုကြောင့် ငွေစက္ကူတွေကိုကိုယ်စားပြုတဲ့ ဒေတာကိန်းဂဏန်းတွေနဲ့ရောင်းဝယ်နေပါပြီ။

ဒါပေမဲ့ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ငွေစက္ကူတွေရဲ့အရေအတွက်ဟာ ရွှေပေါင်ထားတဲ့ပမာဏထက် များလာသလိုပါပဲ ယနေ့ခေတ်မှာတော့ ငွေစက္ကူအမှန်တကယ်ရှိတဲ့ပမာဏထက် ဒီဂျစ်တယ်ကိန်းဂဏန်းတွေက ပိုများနေတယ်။ ဆိုလိုတာက ဒီဂျစ်တယ်ကိန်းဂဏန်းတွေကဖော်ပြတဲ့ ဒေါ်လာဆယ်သန်းမှာ တစ်သိန်းသာလျှင် ငွေစက္ကူအဖြစ်တည်ရှိပါတယ်။

ပြီးတော့ ယနေ့ခေတ်မှာ ဘယ်သူမှငွေသားသီးသန့် မသုံးကြတော့ပါဘူး။ ငွေသားသီးသန့်သုံးတဲ့သူတွေက အကောင်ပါ။ အကောင်မှသေးသေးမဟုတ်ဘဲ သူတို့ငွေစာရင်းတွေကို အစိုးရစုံစမ်းမှာကြောက်ကြတဲ့ မှောင်ခိုသမားတွေပဲ ငွေကိုအထုပ်လိုက်အထည်လိုက်ကိုင်ကြတာ။

"ရှင်မှောင်ခိုလုပ်နေတာတော့ မဟုတ်ပါဘူးနော်။"

မက်ဒါနာဆီက နောက်ထပ်ခပ်ဘွင်းဘွင်းစကားကြောင့် ရှန်းယန်မူးမတ်ချန်း လန့်သွားပြန်တယ်။ မက်ဒါနာကတော့ သူ့သုံးသပ်ချက်ကို မိုးလေဝသသတင်းကြေညာနေသလိုမျိုး သာမန်လေသံနဲ့ဆက်ပြောနေပါတယ်။

"နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်ထားမယ်ဆိုရင်တောင် ရှင်အခုချမ်းသာနေသလိုမျိုး ချမ်းသာဖို့ဆိုတာက အတော်ကြိုးစားရမှာ။ ဇက်သတ္တုတွေကို တရုတ်နဲ့ခိုးကုန်သွယ်မနေရင်ပေါ့။"

"စွပ်စွဲခံရတာပါ။" ချန်းအမတ်ကြီးက ချက်ချင်းအော်ဟစ်ပြီးငြင်းတယ်။ ကောင်လေးဒီပလည်း မက်ဒါနာရဲ့စကားတွေကြောင့် တဖြည်းဖြည်းလန့်လာပြီ။ ဆုဗာနာမှာက ဇက်သတ္တုခိုးရောင်းတာလောက် ကြီးမားတဲ့အပြစ်မရှိဘူးလေ။

"ရှင်ကျွန်မကိုနောက်နေတာလား၊ ဘီလီယံတာသူဌေးတစ်ယောက်က ဒေါ်လာတစ်သိန်းခွဲပဲ နိုင်ငံအတွက်စေတနာရှိတယ်တဲ့။ ကျွန်မရှင့်အကြောင်းနဲ့ ရှင့်လုပ်ရပ်တွေကို သေချာစုံစမ်းကြည့်ရင်ကောင်းမလား။"

ကောင်လေးဒီပလည်း တဖြည်းဖြည်းနဲ့မနေနိုင်တော့ဘဲ ဝင်ပြောရတယ်။ "အစ်မရေ၊ နည်းနည်းလေးများ လွန်နေသလားလို့။ အစ်မလေသံက ကြောက်စရာကြီးဖြစ်လာပြီ။"

"ကလေးက ကလေးလိုနေစမ်းပါ၊ နင်ငါ့ကို ဓားပြတိုက်နေတယ်လို့ ပြောချင်တာမဟုတ်လား။"

မက်ဒါနာက ကောင်စုတ်လေးခေါင်းကို ထိုးဖွလိုက်ပြီး ရှန်းယန်အမတ်ကို ကြည့်လိုက်တယ်။ ရှန်းယန်အမတ်ကြီးခင်ဗျာ မျက်နှာဇီးရွက်လောက်ပဲရှိတော့တယ်။ ဒါပေမဲ့ သူ့မိန်းမတွေထဲကတစ်ယောက်က ရှေ့ထွက်လာပြီး မက်ဒါနာထင်မထားတဲ့ ကိစ္စတစ်ခုကိုလုပ်လိုက်တယ်။

"ဟဲ့၊ ကောင်မစုတ်လေး။ နင်က နင့်ကိုယ်နင်ဘာထင်နေတာလဲ။ နင့်ဘာသာနင် နယ်စားမင်းသမီးဖြစ်ဖြစ် ငါ့ယောက်ျားကို သက်သေမရှိဘဲ စွပ်စွဲပြီးငွေညစ်ခွင့်မရှိဘူး။ အစောင့်တွေ.."

အဲဒီမိန်းမစကားဆုံးတာနဲ့ ခေတ်မီလက်နက်အမျိုးမျိုးတပ်ဆင်ထားတဲ့ လူတစ်ဒါဇင်လောက် မက်ဒါနာတို့ကို ဝိုင်းထားလိုက်တယ်။ ဒါပေမဲ့ မလှုပ်ရှားသေးဘဲ စောင့်နေကြတုန်းပဲ။ ကောင်စုတ်လေးဒီပလည်း ဒေါသထောင်းခနဲထွက်သွားတယ်။

"ခင်ဗျားတို့ ဘာလုပ်တာလဲဗျ၊ နန်းမွေခံမင်းသားနဲ့ ဆုဗာနာပထမမင်းသမီးကို သေနတ်နဲ့ချိန်ရဲတာလား။" ဒီပက မက်ဒါနာရှေ့မှာရပ်လိုက်ပြီး သူ့ပုလွေကို လက်ထဲမှာ အသင့်ကိုင်ထားတယ်။ ဒါပေမဲ့မျက်နှာတော့မကောင်းဘူး။

"အစ်မရေ၊ အစ်မတော့ ဒီလူတွေကို လိုတာထက်ပိုပြီး ဖိအားပေးမိပြီနဲ့တူတယ်။" ဒီပရဲ့စွမ်းအားနဲ့ဆိုရင် အနားမှာရှိသမျှသားရိုင်းသတ္တဝါတွေကို ထိန်းချုပ်ပြီးရှန်းယန်ခရိုင်တစ်ခုလုံးကို မွှေနောက်ပစ်လို့ရတယ်။ ဒါပေမဲ့ သူတို့ကိုအနီးကပ်ချိန်ထားတဲ့ သေနတ်တွေက သူအဲဒီလိုမလုပ်နိုင်ခင် သူတို့အသက်ကိုခြွေနုတ်ပစ်မယ့် ကျည်ဆန်တွေကို ပစ်လွှတ်နိုင်ပါတယ်။ ဒီလိုဆိုရင် ဒီပအနေနဲ့ မက်ဒါနာကို ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။

"အို.... ဆုဗာနာမှာ ဘယ်တုန်းက နယ်စားမဟုတ်တဲ့ သူကောင်းမျိုးတွေက ကိုယ်ပိုင်စစ်တပ်ထောင်ခွင့်ရသွားတာလဲ။ သေချာပေါက် ဆုဗာနာဖွဲ့စည်းပုံအခြေခံဥပဒေမှာ နယ်စားအောက် သူကောင်းမျိုးတွေက ကိုယ်ပိုင်စစ်တပ်ဖွဲ့စည်းခွင့်နဲ့စစ်မှုရေးရာတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခွင့်မရှိဘူးလို့ ရေးထားတာပါ။" မက်ဒါနာက ထူးမခြားနားတဲ့မျက်လုံးတွေနဲ့ အဲဒီတပ်ဖွဲ့အသေးစားလေးကို ပျင်းရိစွာကြည့်ရင်း ပြောလိုက်တယ်။ သူက ဝှီးချဲပေါ်မှာဖြစ်နေပြီး လုံးဝအကာအကွယ်မဲ့နေပေမဲ့ နည်းနည်းလေးမှ မကြောက်ဘူးရယ်။

ချန်းအမတ်ကတော့ မိန်းမလုပ်တဲ့လူနောက်မှာဝင်ပုန်းနေပြီး အဲဲဒီမိန်းမက မက်ဒါနာလိုမင်းသမီးကိုတောင် ထီမထင်သလိုကြည့်လိုက်တယ်။

"သူတို့ကို သက်တော်စောင့်အနေနဲ့ငှားထားတာမလို့ စစ်တပ်လို့ပြောလို့မရဘူး။ ဒါကြောင့် ဥပဒေချိုးဖောက်ရာမကျဘူး။"

မက်ဒါနာကတော့ ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေတယ်။ "အကွက်လေးကတော့ မဆိုးဘူးပဲ၊ ဒါနဲ့ ရှင်ကဘယ်သူလဲ။ ရှင့်ကြည့်ရတာ အမတ်ချန်းထက်စာရင် ဒီအိမ်တော်မှာ ပိုဩဇာရှိတဲ့ပုံပဲ။"

မက်ဒါနာက ကျားသစ်မတဲ့တူတဲ့ လူလတ်ပိုင်းမိန်းမကို မေးလိုက်တယ်။ အဲဒီမိန်းမကလည်း ပြန်ဖြေပါတယ်။

"ဒီနိမ့်ကျတဲ့ အမျိုးသမီးက လီယွင်အာပါ။ ချန်းအမတ်ကြီးရဲ့ကိုယ်လုပ်တော်ပါ။"

"တရုတ်တွေရဲ့ယဥ်ကျေးမှုအရ တရားဝင်ဇနီးတစ်ယောက်နဲ့ ကိုယ်လုပ်တော်နှစ်ယောက်ထားခွင့်ရှိမှန်း ငါသိတယ်။ ဒါပေမဲ့ ကိုယ်လုပ်တော်တစ်ယောက်က မိသားစုတစ်ခုကို လျှို့ဝှက်ပြီးဦးဆောင်နေတာတော့ အံ့ဖွယ်ပဲ။" မက်ဒါနာက ပွင့်ပွင့်လင်းလင်းပဲ ချီးကျူးလိုက်တယ်။ အဲဒီအမျိုးသမီးကလည်း မန်ချူးရိုးရာပုံစံနဲ့ ဦးညွှတ်လိုက်ပြီး

"ငယ်သားသူကောင်းမျိုးတစ်ယောက်အနေနဲ့ ဒီအမျိုးသမီးက မင်းသမီးတို့ကို ထိခိုက်အောင်မလုပ်နိုင်ပါဘူး။ အဲဒီအစား ဒီမှာမြင်ခဲ့ကြားခဲ့ရသမျှကို လျှို့ဝှက်ထားဖို့ တောင်းဆိုပါရစေ။ အလျှူငွေကိုလည်း ဆယ်ဆပေးပါ့မယ်။"

မက်ဒါနာက သေချာစဥ်းစားလိုက်ပြီး ခေါင်းကိုခါယမ်းလိုက်တယ်။ ဒီပကတော့ မျက်လုံးပြူးနေပါပြီ။ 'အစ်မရေ၊ ကျွန်တော်တို့က အားနည်းနေတဲ့ဘက်ကလေ။'လို့သာ အော်ပစ်လိုက်ချင်တော့တယ်။

"တစ်သိန်းခွဲကို တစ်ဆယ်နဲ့မြှောက်ရင်တောင် တစ်သန်းပဲရှိဦးမှာမလို့ ဘယ်နည်းနဲ့မှမလုံလောက်ဘူး။ ပြီးတော့ သာမန်သူကောင်းမျိုးတစ်ယောက်က ငါတို့ကို သေနတ်နဲ့ရွယ်ထားတာကို အလွယ်တကူမေ့ပျောက်ပေးစရာလား။ အစပိုင်း ငါ့ကိုသက်သေမရှိဘဲ စွပ်စွဲတာလို့ပြောတာက လက်ခံလို့ရသေးတယ်။ ဒါပေမဲ့ ငါတို့ကိုပါးစပ်ပိတ်ပြီးနေခိုင်းပြီဆိုမှတော့ ချန်းမိသားစုက ထင်သလောက်မရိုးရှင်းတော့ဘူးဆိုတဲ့သက်သေပဲ။"

တကယ်လို့ မက်ဒါနာပြောတာက မှားယွင်းနေတယ်ဆိုရင် သက်သေမရှိဘဲစွပ်စွဲတာမလို့ ပုံမှန်ငြင်းဆန်ပြီး ဖြေရှင်းရုံနဲ့ပြီးသွားမှာ။ ဒါပေမဲ့ နှုတ်ပိတ်ဖို့ပါ ကြိုးစားနေပြီဆိုတော့ သူတို့တစ်ခုခုမကောင်းတာလုပ်ထားမှန်း သေချာသွားပြီလေ။

"ပြီးတော့ နင်တို့ပြောတဲ့အတိုင်း ငါတို့လုပ်လိုက်ရင် သူကောင်းမျိုးတွေက ဒီလိုလုပ်လို့ရတယ်လို့ထင်ပြီး တိုင်းပြည်ရဲ့အုတ်မြစ်ကို ပျက်စီးစေလိမ့်မယ်။"

မက်ဒါနာက နည်းနည်းမှအလျော့ပေးတော့မယ်ပုံမပေါ်တာကြောင့် ဒီပလည်း သူ့အစ်မကြီးကို တတ်နိုင်သလောက် ကာကွယ်ပေးဖို့ပြင်လိုက်တယ်။ ချန်းမယားငယ်ကလည်း လက်ကိုဝေ့ယမ်းလိုက်ပြီး ကိုယ်ရံတော်အဖွဲ့ကို တက်ခိုင်းတယ်။

"သူတို့ကို အရှင်ဖမ်း၊ ပြီးရင် နယ်စားကို ခြိမ်းခြောက်ပြီး မြူတန့်မဟာမိတ်ဆီ လက်နက်ချခိုင်းရမယ်။" ချန်းမယားငယ်က ပြုံးပြုံးနဲ့ပဲအမိန့်ပေးလိုက်တာပါ။ သူ့စိတ်ကူးထဲမှာတော့ မြူတန့်မဟာမိတ်က လက်ရှိနယ်စားမင်းဆက်ကိုဖြုတ်ချပြီး သူတို့ကိုနန်းတင်ပေးလိမ့်မယ်လို့တွေးနေတယ်။ ရုပ်သေးနယ်စားဆိုရင်တောင် တန်တယ်လေ။

သူတို့ဖက်က လက်နက်ပစ္စည်းအပြည့်အစုံနဲ့ လူတစ်ဒါဇင်ရှိတယ်။ အခြားတစ်ဖက်ကတော့ တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းမရှိတဲ့အစွမ်းနဲ့မြူတန့်ဆယ်ကျော်သက်ရယ်၊ အောက်ပိုင်းသေနေတဲ့ မိန်းကလေးတစ်ယောက်ရယ်ပဲပါတယ်။

ဒါပေမဲ့ သူတို့အကုန်လုံးမှားသွားတယ်။ သူတို့မေ့နေတာက ခေါင်းသုံးလုံးခွေးနက်ကြီးဟာ အလှပြရုံပဲမဟုတ်ဘူးဆိုတာပါ။ ခွေးနက်ကြီးက သူ့သခင်မလေးဘေးကနေ ပြေးထွက်လာပြီး ကိုယ်ရံတော်တစ်ယောက်ရဲ့လည်ပင်းကို ခုန်အုပ်ပြီး ကိုက်ဖောက်ပစ်တယ်။

ကြေးစားလည်ပင်းကနေ သွေးတွေဖြာခနဲပန်းထွက်လာပြီး ကြက်လည်ဆံဖြတ်ခံရသလို အော်တောင်မအော်နိုင်ဘဲ စက္ကန့်ပိုင်းအတွင်းသေသွားတယ်။

တခြားကိုယ်ရံတော်တွေကလည်း ခွေးနက်ကြီးရဲ့အန္တရာယ်ကို သတိထားမိလာကြပြီး သူတို့လက်နက်တွေနဲ့ ဝိုင်းပစ်ကြတယ်။ မက်ဒါနာကို အံ့ဩစေတဲ့အချက်က ဆုဗာနာမှာပဲပြုလုပ်တဲ့ ရှားပါးဇက်သတ္တုကျည်တွေကို သူတို့သုံးနေတဲ့အချက်ပါ။ ရှားလွန်းလို့ နယ်စားအမိန့်မပါရင် သုံးခွင့်မရဘူး။

ဒီအချက်က ဒီလူတွေ ဇက်သတ္တုတွေကို တရုတ်ဆီခိုးရောင်းနေမှန်း သိသာစေတယ်။ ဒီသတ္တုတွေကို တရုတ်က အစိုးရကနေတစ်ဆင့် တိုက်ရိုက်မဝယ်ရတဲ့အကြောင်းအရင်းက သူခိုးစျေးနဲ့ရမယ့်ယိုပေါက်ရှိနေတာကြောင့် ဖြစ်တဲ့ပုံပါပဲ။ ဒါက ဆုဗာနာရဲ့အရေးပေါ်အခြေအနေမှာ အသက်ငင်သွားစေတဲ့ အဓိကအချက်တွေထဲကတစ်ခုပေါ့။

ထန်း... ထန်း... ထန်း....

ခွေးနက်ကြီးရဲ့ကိုယ်ထည်က တော်တော်လေးမာပေမဲ့ ဇက်သတ္တုအစစ်နဲ့ကျည်တွေကြောင့် တချို့နေရာတွေပိန်ကုန်တယ်။ ဒါပေမဲ့ ခွေးနက်ကြီးက သူ့မှာတပ်ထားတဲ့ နည်းပညာသစ်ဖြစ်တဲ့ အလင်းဒြပ်စင်ဒိုင်းကိုအသက်သွင်းလိုက်တယ်။ စွမ်းအင်ဒိုင်းကြောင့် ဇက်သတ္တုကျည်တွေက ဆက်တိုးမလာတော့ဘဲ ချော်ထွက်ကုန်တာကြောင့် စံအိမ်ကြမ်းပြင်ကို ကျည်လာမှန်တယ်။

နောက်တော့ ခွေးနက်ကြီးရဲ့အပိုခေါင်းနှစ်ခုကလှုပ်ရှားလာပြီး အလင်းဒြပ်စင်အမြောက်နဲ့ အစောင့်တစ်ယောက်ကို ပစ်လိုက်တယ်။ အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ထုတ်ခြင်းဖောက်သွားပြီး အဲဒီလူဟာ စက္ကန့်ဝက်အတွင်း ပြာမှုန့်တွေအဖြစ်ကို ပြောင်းလဲသွားပါတယ်။

ကျန်တဲ့အစောင့်တွေလည်း ဆက်မတိုက်ရဲတော့ဘဲ ထွက်ပြေးဖို့ကြိုးစားပေမဲ့ ခွေးနက်ကြီးက သူ့ခါးက စက်သေနတ်ကိုထုတ်ပြီး တစ်ယောက်ချင်းစီအပြုတ်ခြွေပစ်လိုက်တယ်။

"အခုတော့ ပြောစရာမရှိတော့ဘူးမဟုတ်လား။"

မက်ဒါနာက ချန်းမိသားစုရှေ့ကို ဝှီးချဲလေးမောင်းသွားပြီး မေးလိုက်တယ်။ ခွေးနက်ကြီးကတော့ ဘေးကနေ ဝင့်ကြွားစွာနဲ့ပါလာတယ်။ ချန်းအမတ်ကတော့နဂိုကတည်းက သတ္တိကောင်းသူမဟုတ်တော့ ခွေးကြီးနီးလာတာနဲ့ မခံနိုင်တော့ဘဲ ရှူးပေါက်ချလိုက်မိတာကြောင့် စံအိမ်တစ်ခုလုံးနံဟောင်သွားတယ်။

တိုက်ပွဲတစ်လျှောက်လုံး ဘာမှမလုပ်လိုက်ရတဲ့ဒီပလည်း နောက်ကနေလိုက်လာပြီး အမိန့်တစ်ခုကို သွေးအေးစွာနဲ့ ကြေညာလိုက်တယ်။

"အထက်မူးမတ်ချန်းမိသားစုက တိုင်းတစ်ပါးသားတွေနဲ့ပူးပေါင်းပြီး ဇက်သတ္တုတွေခိုးထုတ်ဖို့ ကြိုးစားတဲ့သက်သေ အတိအလင်းတွေ့ရတဲ့အတွက် စစ်ဆေးခံရမယ်။ ပုန်ကန်ပြီး တော်ဝင်မျိုးနှစ်ယောက်ကို ဖမ်းဆီးဖို့ကြိုးစားမှုအတွက် နယ်စားတရားရုံးက ဆုံးဖြတ်ပေးလိမ့်မယ်။ ဆုံးဖြတ်ချက်မချခင် ချန်းမိသားစုပိုင်ဆိုင်သမျှကို အစိုးရက ထိန်းချုပ်မယ်။"

...

သူကောင်းမျိုးတွေဆီက ဓားပြတိုက်မယ့်အစီအစဥ်က ထင်ထားသလိုတော့ ဖြစ်မလာခဲ့ပေမဲ့ မက်ဒါနာက ဆုဗာနာရဲ့ဖုံးကွယ်နေတဲ့ ရန်စွယ်တစ်ခုကို ထုတ်ဖော်ပေးနိုင်ခဲ့တယ်။ ဆုဗာနာက ပြင်ပရန်သူတွေနဲ့ တိုက်ခိုက်နေတာဖြစ်လို့ ချန်းမိသားစုလိုမျိုး သစ္စာမဲ့နေတဲ့ သူကောင်းမျိုးမိသားစုတစ်ခုကသာ အတွင်းကျိတ်လှုပ်ရှားနေမယ်ဆိုရင် အကြီးအကျယ်ဖြစ်လာချိန်မှာ အချိန်မီတုံ့ပြန်နိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် မက်ဒါနာရဲ့မတော်တဆရှာဖွေတွေ့ရှိမှုက နယ်စားကြီးအတွက် ကောင်းချီးမင်္ဂလာတစ်ခုလိုပါပဲ။ ချန်းမိသားစုအရေးယူခံရခြင်းက တခြားသူကောင်းမျိုးတွေအပေါ်မှာလည်း သက်ရောက်မှုရှိပြီး မျောက်ကိုခြောက်ဖို့ ကြက်ကိုသတ်လိုက်သလိုပါပဲ။ ဒါပေမဲ့ မက်ဒါနာကတော့ ဆုဗာနာနယ်စားကြီးကို တစ်ခုသတိပေးလိုက်တယ်။

"ဆုဗာနာရဲ့ခေတ်နောက်ကျနေတဲ့ ပေါ်လစီတွေကို ပြန်ပြင်သင့်ပြီ။"

မက်ဒါနာရဲ့သတိပေးချက်က နှစ်ပိုင်းပါဝင်ပါတယ်။ ပထမတစ်ချက်ကတော့ ရိုးရှင်းပြီး သူကောင်းမျိုးတွေရဲ့စီးပွားရေးအပေါ် လွှမ်းမိုးမှုကို လျှော့ချဖို့ပါ။ သူတို့က စျေးကွက်ကိုလက်ဝါးကြီးအုပ်ထားတဲ့အတွက် စီးပွားရေးက တိုးတက်သင့်သလောက် မတိုးတက်ဘူးဖြစ်နေတယ်။

ဒုတိယတစ်ချက်ကတော့ အောက်လွှတ်တော်ကိုအာဏာပိုပေးပြီး ကပ်ဘိနပ်ဝန်ကြီးတွေကို သူကောင်းမျိုးတွေကနေခန့်မယ့်အစား အောက်လွှတ်တော်အမတ်တွေထဲကနေ ဆွဲခန့်ဖို့ပါ။ ဒါက လွှတ်တော်နှစ်ရပ်ရဲ့အာဏာချိန်ခွင်လျှာကို ညီစေပါတယ်။

ဒါပေမဲ့ ဘယ်အချိန်မှအကောင်အထည်ပေါ်လာမလဲတော့ မက်ဒါနာလည်းမပြောတတ်ပါဘူး။ ဆုဗာနာရဲ့စနစ်က အရိုးထဲထိဆွေးနေတာမလို့ ပြောင်းလဲဖို့ခက်ပါတယ်။

မက်ဒါနာကတော့ တိုင်းပြည်အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်ပါမှာမဟုတ်ပါဘူး။ အစကတည်းက သူ့ဒဏ်ရာအခြေအနေကြောင့် ဆုဗာနာမှာခဏနေနေရတာဖြစ်ပြီး သူတကယ်စိတ်ဝင်စားတာက ဟီးရိုးအလုပ်ပါ။ ဒါကြောင့် မျက်စိထဲအချိုးမပြေတာတစ်ခုခုပေါ်လာရင် အကြံပေးမှာဖြစ်ပေမဲ့ ဘယ်တော့မှဆုဗာနာလွှတ်တော်ထဲမှာ တရားဝင်ရာထူးတစ်ခုကို ရယူမှာမဟုတ်ပါဘူး။

"အစ်မရေ၊ ချန်းမိသားစုရဲ့ပိုင်ဆိုင်မှုစာရင်းကို တွက်ချက်ပြီးသွားပြီ။ အနည်းဆုံးဒေါ်လာ ၁.၂ ဘီလီယံရှိသတဲ့။ နယ်စားဖိုးဖိုးရဲ့ပိုင်ဆိုင်မှုကို သုံးနဲ့မြှောက်ရင်တော့ သူ့ကိုမီမယ်မထင်ဘူး။"

သုံးရက်လောက်ကြာပြီးတဲ့နောက် မက်ဒါနာတစ်ယောက် သူ့အခန်းထဲမှာထိုင်ပြီး အေမီရဲ့အခြေအနေကို အသေးစိတ်ကြည့်နေတုန်း ကောင်လေးဒီပက လာအခြေအနေပြောတယ်။

"ငါအဲဒါတွေစိတ်မဝင်စားဘူး၊ သူတို့ဆီကနေ ငွေသားဘယ်လောက်ရလိုက်လဲ။ လွှတ်တော်ကနေ ငါ့ပရောဂျက်အတွက်တောင်းပေးလို့ရမလား။"

"တောင်းတောင်လာခဲ့ပြီးပြီ။" ဒီပက မက်ဒါနာကိုစာရင်းတစ်ခုပြလိုက်တယ်။ ဒါပေမဲ့ စာရင်းထဲမှာက ဒေါ်လာဆယ်သန်းပဲရှိတယ်။

"ဘီလီယံတာတစ်ယောက်ဆီကနေ အရေညှစ်ယူလာတဲ့ပိုက်ဆံပမာဏက ဘယ်လိုလုပ်ပြီး ဆယ်သန်းပဲရှိတာတုန်း လွှတ်တော်ကကောင်တွေ ဖြတ်စားသွားတာလား။"

"ဘယ်ကသာ အစ်မကလဲ။" ကောင်လေးဒီပလည်း လိုသလောက်ငွေမရလို့ နှုတ်ခမ်းကြည့်ဆူပုပ်ပြနေတဲ့ အစ်မကြီးကိုကြည့်ပြီး အော်ပြောလိုက်မိတယ်။

"ချန်းအမတ်ကြီးက တစ်သက်လုံးတန်ဖိုးကြီးပရိဘောဂတွေပဲ လိုက်စုဆောင်းနေခဲ့တာလေ။ သူက တအားချမ်းသာတယ်ဆိုပေမဲ့ သူ့ငွေအများစုက ငွေဖြစ်မလွယ်တဲ့ အနုပညာပစ္စည်းတွေအဖြစ် ပြောင်းကုန်ပြီ။ ငွေသားသက်သက်ကတော့ ဒီလောက်ပဲရှိမယ်။ ဆုဗာနာက အကျင့်ပျက်အမတ်ပိုင်တဲ့အရာတွေကိုရောင်းပြီး တိုင်းပြည်ပြန်တည်ထောင်ဖို့ သုံးမှာဆိုပေမဲ့ အချိန်တိုအတွင်းတော့ အစ်မလိုသလောက်ရမှာမဟုတ်ဘူး။"

"ဟူး... ဘယ်တတ်နိုင်ပါ့မလဲ။" မက်ဒါနာက သက်ပြင်းချလိုက်ပြီး ခေါင်းကိုကုတ်လိုက်တယ်။ နောက်တော့ ခေါင်းညိတ်လိုက်ပြီး...

"ဒါလည်းကိစ္စမရှိပါဘူး... ငါက အခုမှာရှန်းယန်ခရိုင်ကိုပဲ သွားလည်ရသေးတာလေ။ လမင်းစန္ဒာခရိုင်နဲ့ ပဟာလော့ခရိုင်ကို သွားမလည်ရသေးဘူး။"

မက်ဒါနာရဲ့စကားကြောင့် ကောင်လေးဒီပလည်း ဘာပြောရမှန်းမသိတော့ဘူး။ သူ့အစ်မကြီးက ရန်ပုံငွေ သန်းသုံးဆယ်မပြည့်မချင်း သူကောင်းမျိုးတွေကို ပြဿနာရှာတာ ရပ်မယ့်ပုံမပေါ်ဘူး။

"အစ်မကြီးရေ၊ မဟုတ်မှလွဲရော... ဆုဗာနာက သူကောင်းမျိုးအိမ်တော်တိုင်းကို ရိုက်နှက်ပြီးဓားပြတိုက်ဖို့ စဥ်းစားနေတာတော့ မဟုတ်ဘူးမလား။"

"ငါက သူတို့ကိုမရိုက်ပါဘူးဟဲ့၊ ခွေးနဲ့ရှူးတိုက်ရုံပါ။"

"အဲဒါက ပိုဆိုးတာပေါ့ဗျ။"

မမကြီးနဲ့ကောင်စုတ်လေး ရန်ဖြစ်နေတုန်း ခေါင်းသုံးလုံးနဲ့ခွေးနက်ကြီးကတော့ အခန်းထောင့်နားလေးမှာ သတ္တုအမြီးလေးနှံပြီးတော့ အိပ်ချင်ယောင်ဆောင်နေလေရဲ့။

All Chapters