သွေးစွန်းမုန်တိုင်း ရောက်လာခြင်း
Vol. 5 Ch. 7
နောက်တစ်နေ့မနက်ရောက်တော့ မက်ဒါနာပထမဆုံး လုပ်ဖြစ်တဲ့အရာက အေမီရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်တာပါ။ ပျက်စီးနေတဲ့ အစိတ်အပိုင်းတော်တော်များများကို အစားမထိုးနိုင်သေးပေမဲ့ သေချာလေး စနစ်တကျရှိစေချင်မိလို့လေ။
အားလုံးလုပ်ပြီးပြန်သွားပြန်တော့ မက်ဒါနာတစ်ယောက် အေမီရဲ့မျက်နှာကိုကြည့်ရင်း အကြာကြီး ငိုင်နေမိပြန်တယ်။
"လူတစ်ယောက်ရဲ့တန်ဖိုးကို အဲဒီလူမရှိတော့မှ သိလာတယ်ဆိုတာ တကယ်မှန်တာပဲ။ တကယ်ပဲအသားကျမနေဘူး။"
အေမီရှိနေတုန်းက မက်ဒါနာရဲ့ဘဝက အတော်လေးအဆင်ပြေနေခဲ့တာ။ အရာရာတိုင်းကို အေမီကစီစဥ်ပေးတတ်ပြီး သူ့မှာပူပင်စရာ အတော်ရှားခဲ့ပါတယ်။ ဒီကောင်မလေးကို သူဘယ်လိုပဲ အသုံးမကျဘူးပြောပြော စိတ်ဆိုးမသွားဘဲ အမြဲတမ်းပြန်ပြုံးပြလေ့ရှိတယ်။ အချိန်ကြာလာတဲ့နောက်တော့ အေမီက သူ့ရဲ့အရင်းနှီးဆုံး မိသားစုတစ်ယောက်လို ဖြစ်လာခဲ့ပါပြီ။
တကယ်တော့ အခုနောက်ပိုင်းဆိုရင် သူ့ရဲ့မိသားစုဝင်အစစ်တွေထက်တောင် အေမီနဲ့ပိုပြီး အချိန်ကြာကြာကြာ နေဖြစ်ပါတယ်။
"အစ်မကြီးရေ၊ လွှတ်တော်သွားရမယ်လေ။" အပြင်ဖက်ကအသံကြောင့် မက်ဒါနာလှည့်ကြည့်လိုက်မိတယ်။ ဂျက်ထိုးမထားတဲ့ အခန်းတံခါးက ပွင့်သွားပြီး ကောင်လေးဒီပဝင်လာတယ်။
ဒီပက မက်ဒါနာကို လွှတ်တော်တက်ဖို့ လာခေါ်တာ။ ဒါပေမဲ့ မက်ဒါနာက အေမီရဲ့ခေါင်းလေးကိုပွတ်သပ်ရင်း မျက်ရည်ကျနေတာမြင်တော့ ဒီပအံ့ဩသွားပါတယ်။
"အစ်... အစ်မကြီးက မိန်းကလေးတစ်ယောက်အတွက် ငိုနေတာလား။"
"ငါ... ငါမငိုပါဘူးဟ..." မက်ဒါနာက ချက်ချင်းပဲ ပြောင်လိမ်လိုက်ပြီး မျက်ရည်တွေကို သုတ်ပစ်လိုက်တယ်။ ဒါပေမဲ့ ကောင်လေးဒီပက သူမျက်ရည်ကျနေတာကို မြင်ပြီးသားမလို့ အရှက်ပြေမျက်ရည်သုတ်ပစ်ရုံထက် ဘာမှမပိုဘူးရယ်။
ဒီပကတော့ ဘာမှစိတ်ထဲမှာထားမနေဘဲ လာရင်းကိစ္စကို ပြောလိုက်ပါတယ်။ "ဒီနေ့ ချန်းအမတ်ကြီးရဲ့အမှုကို လွှတ်တော်မှာ ကြားနာစစ်ဆေးမှာလေ။ နယ်စားဖိုးဖိုးက အစ်မကြီးကိုပါ လိုက်လာဖို့မှာလိုက်တယ်။"
ဒါပေမဲ့ မက်ဒါနာကတော့ သူ့ကိုကြိုဆိုမယ့်သူမရှိတဲ့ လွှတ်တော်ကို မသွားချင်ပါဘူး။ လောလောဆယ်ဆုဗာနာလွှတ်တော်နဲ့သူနဲ့က သိပ်အစေးမကပ်ဘူးရယ်။ "အစ်မက လွှတ်တော်ကို သွားမယ့်အစား ကျန်တဲ့သူကောင်းမျိုးတွေဆီကနေ အလှူငွေလိုက်တောင်းမလားလို့။ အဲဒါက ပိုအကျိုးရှိမယ်ထင်တာပဲ။"
မက်ဒါနာက လွှတ်တော်အတွင်းမှာ တရားဝင်ရာထူးမရှိတဲ့သူမလို့ မသွားချင်ပေမဲ့ ကောင်စုတ်လေးဒီပကဒီလိုပြောလာတယ်။
"အစ်မကြီးကို နယ်စားဖိုးဖိုးကိုယ်တိုင်ဆင့်ခေါ်ထားတာ။ ပြီးတော့ အစ်မကြီးက ဒီကိစ္စမှာ အရေးအကြီးဆုံးသက်သေလေ။"
ဆုဗာနာက ရာထူးကြီးတဲ့ချန်းအမတ်ကို အရေးယူဖို့အတွက် အထူးခုံရုံးတစ်ခုဖွင့်ထားတယ်။ ဆုဗာနာတရားစီရင်ရေးစနစ်က အမေရိကန်ဖက်ဒရယ်တရားရုံးတွေနဲ့ သိပ်မတူဘူး။ ဂျူဒီအဖွဲ့မရှိဘဲ အဲဒီအစား တရားသူကြီးအဖြစ်ဆုံးဖြတ်ရပါတယ်။ အခုလို သူကောင်းမျိုးတွေပါလာတဲ့ကိစ္စမျိုးကျတော့ ဆုဗာနာနယ်စားကိုယ်တိုင် တရားသူကြီးလုပ်ပေးဖို့လိုပါတယ်။ တခြားသူကောင်းမျိုးမိသားစုတွေလည်း ရှိနေမှာမလို့ မတရားဆုံးဖြတ်ရင်တော့ အားလုံးဝိုင်းဆန့်ကျင်ကြမှာပါ။
မက်ဒါနာ တွေဝေနေသေးတာတွေ့တော့ ကောင်စုတ်လေးဒီပက အခုလိုမျိုး လှည့်ပြီးဗျူဟာသုံးလာပါတယ်။ "ပြီးတော့ အထူးတရားရုံးကို အစ်မကြီးတွေ့ချင်နေတဲ့ တခြားသူကောင်းမျိုးတွေလည်း ကြားနာဖို့လာကြမှာ။ တရားရုံးမှာ ချန်းမိသားစုကို အနိုင်ယူခဲ့တဲ့ အစ်မကိုယ်တိုင်ရှိနေရင် မျောက်ကိုခြောက်တဲ့အကွက်က ပိုပြီးပီပြင်သွားမယ်မဟုတ်လား။"
ဒီလိုနဲ့ နယ်စားမင်းသမီးလေးတစ်ယောက် အထူးတရားရုံးကို အဓိကသက်သေအဖြစ်နဲ့ တက်ရောက်ကြားနာဖို့ ဖြစ်လာလေတော့တယ်။
...
မနက်ကိုးနာရီထိုးပြီ။
ဆုဗာနာရဲ့လွှတ်တော်ခန်းမထဲမှာတော့ ကြားနာပွဲစဖို့ အသင့်ဖြစ်နေပြီ။ နယ်စားကြီးက တရားသူကြီးနေရာမှာထိုင်နေပြီး သူကောင်းမျိုးနဲ့လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်တွေ လွှတ်တော်ခုံတွေမှာ အသင့်နေရာယူထားကြပြီးပြီ။ နယ်စပ်လုံခြုံရေးကို တာဝန်ယူထားတဲ့ စစ်တပ်အရာရှိတွေကလွဲရင် ဒီနေရာမှာ ဆုဗာနာအစိုးရက အရေးကြီးပုဂ္ဂိုလ်တွေအားလုံး ရှိနေပါတယ်။
အဲဒီအချိန်မှာပဲ လွှတ်တော်တံခါးကြီးက ပွင့်လာပြီး ခေါင်းသုံးလုံး ခွေးနက်ကြီးတစ်ကောင်ပြေးဝင်လာပြီး အားလုံးကြားအောင် အသံကျယ်ကျယ်နဲ့ဟောင်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သံတော်ဆင့်က လွှတ်တော်ထဲက လူတွေအားလုံး သိအောင်လို့ ကြေညာလိုက်ပါတယ်။
"ဆုဗာနာနန်းမွေခံမင်းသားလေးဒီပနဲ့ မင်းသမီးမက်ဒါနာတို့ ရောက်ရှိလာပါပြီ။"
နောက်တော့ မင်းညီမင်းသားဝတ်စုံဝတ်ထားတဲ့ဒီပနဲ့အတူ မက်ဒါနာက မော်တာတပ်ဝှီးချဲလေးကို မောင်းပြီးဝင်လာတယ်။ ငရဲခွေးနက်ကြီးကတော့ သူတို့ရှေ့မှာ မော်ကြွားစွာနဲ့ လျှောက်သွားနေပါတယ်။
သူကောင်းမျိုးတွေကတော့ ငရဲခွေးနက်ကြီးနဲ့မက်ဒါနာကို လက်ညိုးထိုးရင်း အချင်းချင်းတုန်လှုပ်စွာနဲ့ စကားပြောနေကြတာမလို့ လွှတ်တော်တစ်ခုလုံး ဆူညံ့နေပါတယ်။
နောက်ဆုံး မင်းသားနဲ့မင်းသမီးနှစ်ယောက်က သက်သေတွေနေဖို့ပေးထားတဲ့ ရှေ့ဆုံးခုံတန်းမှာ နေရာဝင်ယူလိုက်တော့မှ အကုန်လုံးတိတ်ဆိတ်သွားပြီး နယ်စားကြီးကို ကြည့်လိုက်ကြတယ်။ တရားရုံးစတင်ဖို့ အချိန်ရောက်လာပါပြီ။
အစပိုင်း ရုံးလုပ်ငန်းအစီအစဥ်တွေကတော့ အတော်လေးပျင်းဖို့ကောင်းပါတယ်။ တရားလိုတရားခံတွေကို ဆင့်ခေါ်ပြီး တစ်ခုချင်းစီစစ်ဆေးကြတာတယ်။ နောက်တော့ သက်သေတွေထွက်ဆိုတဲ့အလှည့်ရောက်လာပြီး မက်ဒါနာက သူတွေ့ခဲ့ရသမျှကို ပြောတော့တာပဲ။
"သန်းနှစ်ရာကျော်တန် ကျောက်စိမ်းကျောက်တိုင်ကြီးရယ်၊ အလွန်အကျူးဖြစ်နေတဲ့ ပရိဘောဂတွေကိစ္စကတော့ ကျွန်မဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ သေနတ်ထဲက ဇက်သတ္တုကျည်တွေကိစ္စကတော့ လုံးဝထူးခြားသွားပြီလေ။"
ဇက်သတ္တုကျည်က ဆုဗာနာနိုင်ငံမှာတောင်မှ ရှားပါးပြီး ရှေ့တန်းတွေမှာပဲ အသုံးပြုတဲ့အရာပါ။ ဒါကြောင့် ဆုဗာနာအထက်မူးမတ်အနေနဲ့ ဒီကျည်တွေကို သူ့ကိုယ်ကျိုးအတွက်သုံးတာဟာ ပြစ်မှုကျူးလွန်ရာရောက်တယ်။
နောက်ဆုံးတော့ နယ်စားကြီးက သက်သေပေါင်းစုံကိုစစ်ဆေးပြီးတဲ့နောက် ချန်းမိသားစုကို ရာထူးကနေ နှုတ်ထွက်စေပြီး ၂၄နာရီအတွင်း တိုင်းပြည်ထဲက ထွက်သွားဖို့ အမိန့်ချလိုက်ပါတယ်။ ကုမ္ပဏီတွေမှာ ချန်းမိသားစုပါဝင်ထားတဲ့ ရှယ်ယာတွေကိုတော့ အစိုးရက အခြားစီးပွားရေးလုပ်ငန်းရှင်တွေဆီ ရောင်းချမှာဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် အသုံးပြုမှာပါ။
နယ်စားကြီးက ရှယ်ယာရောင်းရငွေထဲက တစ်စိတ်တစ်ပိုင်းကို မက်ဒါနာရဲ့ပရောဂျက်မှာ ရင်းနှီးမြုပ်နှံချင်ပေမဲ့ မက်ဒါနာငြင်းလိုက်တယ်လေ။ အဲဒီအစား မက်ဒါနာက တခြားသူကောင်းမျိုးတွေကို သတိပေးတဲ့အနေနဲ့ ကြည့်လိုက်ပြီး ပြုံးပြုံးလေးပြောလိုက်တယ်။ ဒါပေမဲ့ ငွေရောင်မင်းသမီးလေးရဲ့အပြုံးက သူကောင်းမျိုးတွေအတွက် မရဏဆောင်းရာသီကျဆင်းလာသလို ခံစားရစေပါတယ်။
"ခိုင်လုံတဲ့ ငွေကြေးအရင်းအမြစ်ရှိနေပြီမလို့ ဆုဗာနာအစိုးရကို ဒုက္ခမပေးတော့ပါဘူး။ ချပ်ဝတ်အဆင့်မြှင့်တင်တဲ့ပရောဂျက်ကို အထက်တန်းလွှာတွေရဲ့စေတနာအလျှောက် ထည့်ဝင်ငွေနဲ့ပဲ ဆက်လုပ်ပါမယ်။"
မက်ဒါနာက သူ့စကားကို အဆုံးသတ်ပြီးတဲ့နောက်တော့ နယ်စားကြီးက ရှယ်ယာရောင်းရငွေတွေကို ပြန်လည်တည်ထောင်ရေးနဲ့ပရဟိတလုပ်ငန်းတွေအတွက် အသုံးပြုဖို့ အထူးရန်ပုံငွေအဖြစ် သတ်မှတ်လိုက်တယ်။
ယနေ့အချိန်အထိ ခရိုင်နဲ့မြို့တော်က တချို့နေရာတွေမှာ လေးပွင့်ဆိုင်စစ်ပွဲကြောင့် ပျက်စီးနေတဲ့နေရာတွေ အများကြီးရှိနေသေးတယ်။ မြူတန့်မဟာမိတ်ဘက်က လေကြောင်းတိုက်စစ်ကြောင့် အခြေအနေပိုဆိုးလာတယ်။ ဆုဗာနာနယ်စားကြီးက အပျက်အစီးတွေအားလုံးကို ချက်ချင်းပြင်ဖို့နဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို အဆင့်မြှင့်ဖို့အတွက် ချန်းမိသားစုရှယ်ယာ သန်းရာချီကို သုံးဖို့ဆုံးဖြတ်လိုက်တာပါ။ ဒီပမာဏက လုံလောက်တာထက် ပိုပါတယ်။
ကြားနာစစ်ဆေးမှုပြီးတဲ့နောက်တော့ ဆုဗာနာနယ်စားနယ်မြေရဲ့သူကောင်းမျိုးတွေက မက်ဒါနာဆီရောက်လာပြီး အလှူငွေတွေအများကြီးလာထည့်ကြတယ်။ ကြည့်ရတာ မျောက်ကိုခြောက်ဖို့ ကြက်ကိုသတ်ပြတဲ့ဗျူဟာက အလုပ်ဖြစ်ခဲ့ပုံပဲ။ သိပ်မကြာခင်မှာပဲ လိုအပ်ရံပုံငွေ ၂၈ သန်းထက်ကျော်ပြီး ၃၅ သန်းအထိရခဲ့ပါတယ်။ အများကြီးပိုတာမဟုတ်ပေမဲ့လို့ မက်ဒါနာအနေနဲ့ အလုပ်သမားငှားခ နေရာငှားခတွေအပြင် လိုအပ်တဲ့ တပ်ဆင်ရေးပစ္စည်းအဖိုးအခတွေမှာ ပေးရဦးမှာမလို့ အနေတော်လောက်ပါပဲ။
"နောက်ဆုံးတော့ အဆင်ပြေသွားပြီပဲ။" မက်ဒါနာက သူ့လက်ထဲမှာရှိနေတဲ့ ပိုက်ဆံအထပ်လိုက်ကြီးကို ထိုင်ရေတွက်ရင်း သွားရည်ကျနေတဲ့မျက်နှာနဲ့ ပြောလိုက်တယ်။ ကောင်လေးဒီပကလည်း မက်ဒါနာအနားရောက်လာတယ်။
"ဒါဆို အစ်မကြီးက ချပ်ဝတ်အဆင့်မြှင့်တင်ရေးစီမံကိန်း စတော့မှာလား။" မက်ဒါနာက ခေါင်းညိတ်ပြပြီး အသေးစိတ်ရှင်းပြတယ်။
"ဟုတ်တယ်၊ လွယ်တော့မလွယ်ပေမဲ့ ဒီလအတွင်း ချပ်ဝတ်တစ်ရာလောက် အပြီးအဆင့်မြှင့်ပေးဖို့ ဆုံးဖြတ်ထားတယ်။ ငါတို့မှာက ချပ်ဝတ်တစ်ထောင်ကျော်အတွက် ဘားဂျက်ရှိတယ်ဆိုပေမဲ့ ကျွမ်းကျင်လုပ်သားတွေ ချက်ချင်းရလာဖို့ကခက်တယ်။ ဒီတော့ လူနှစ်ဆယ်လောက်ကို ငါအရင်ဆုံးလေ့ကျင့်ပေးမယ်။ အဲဒီကနေတစ်ဆင့် အခုတစ်ရာလောက်လုပ်ပြီးမှ လူအင်အားကိုတိုးပြီး များများထုတ်ဖို့ကြိုးစားမယ်။"
ဒါပေမဲ့ မက်ဒါနာ သူ့ဘာသာသူ စိတ်ကူးယဥ်နေတုန်း ကောင်စုတ်လေးဒီပက ဖြတ်ပြောလိုက်ပါတယ်။
"အစ်မရေ၊ အစ်မတစ်ခုခုမေ့နေလားလို့။ စက်ရုံတည်ဖို့အတွက် မြေနေရာမရသေးဘူးလေ။"
ဒီပရဲ့စကားကြောင့် မက်ဒါနာတစ်ခဏလောက် တိတ်ဆိတ်သွားတယ်။ 'ဟုတ်သားပဲ၊ ပိုက်ဆံတွေရပြီဆိုပြီးတော့ အရေးအကြီးဆုံးကိစ္စကို ငါမေ့နေတာပဲ။'
ဒါပေမဲ့ မက်ဒါနာက ဂရုမစိုက်ဘဲ ဒီလိုပြောလိုက်တယ်။
"ဒါပေမဲ့ ဆုဗာနာမှာက မြေနေရာပေါတယ်မဟုတ်လား။ ပြီးတော့ ငါက ဆုဗာနာအတွက်လုပ်ပေးနေတာမလို့ နင်တို့အစိုးရက မြေနေရာတစ်ခုလောက်တော့ ငှားပေးမှာပါ။"
ဒါပေမဲ့ ကောင်စုတ်လေးဒီပက စိတ်ပျက်စွာနဲ့ လက်ပိုက်လိုက်ပြီး သက်ပြင်းချတယ်။ နောက်တော့ မက်ဒါနာကို အဆုံးအစွန်အထိ အထင်သေးနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီးတော့ မာတောင့်တောင့်လေသံနဲ့ ပြောလိုက်တယ်။
"ပြောတော့ ဆုဗာနာအစိုးရကို ဒုက္ခမပေးတော့ပါဘူးဆို။"
"ဟေး... အဲဒါက စကားအဖြစ်ပြောတာလေလို့။" မက်ဒါနာက ဒေါသနဲ့နှာမှုတ်ပြီးပြောလိုက်တယ်။ သူ့ခန္ဓာကိုယ်လေးလည်း လှုပ်ရှားသွားပြီး ရင်ဘတ်ကလေးက တလှုပ်လှုပ်ဖြစ်သွားတာကြောင့် ဒီပမျက်နှာနီရဲသွားတယ်။ ဒါပေမဲ့ သူက လေသံကို တက်နိုင်သမျှ ငြိမ်အောင်ထိန်းရင်း...
"တကယ်တော့ ဆုဗာနာမှာက မင်းသားမင်းသမီးတွေ ပြောပြီးသားစကားတစ်ခွန်းကို ပြန်ပြင်လို့မရဘူးဆိုတဲ့ ဓလေ့တစ်ခုရှိတယ်။ အစ်မက အစိုးရအကူအညီမယူဘူးလို့ပြောထားတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မြေကွက်ဝယ်ရမှာပဲ။ ဆုဗာနာမှာက နေအိမ်စျေးမကြီးပေမဲ့ စက်ရုံတည်ဖို့မြေကတော့ ရှားတယ်။ ဆုဗာနာဆူညံမှုထိန်းသိမ်းရေးဥပဒေတွေအရ စက်ရုံတည်မယ်ဆိုရင် မြို့နဲ့ဝေးတဲ့နေရာမှာ တည်ဖို့လိုတဲ့အတွက် တောစပ်နဲ့နီးတဲ့နေရာတွေမှာပဲ စက်ရုံတည်လို့ရမှာ။ တောစပ်နဲ့နီးတော့ မြူတန့်သားရဲတွေ မကြာခဏလာလာနှောင့်ယှက်တာမျိုးနဲ့ ကြုံရတတ်တယ်။ အစ်မမှာ ခွေးနက်ကြီးရှိလို့ လုံခြုံပေမဲ့ စက်ရုံလုပ်သားတွေက A rank စွမ်းအားမရှိဘူးလေ။ ဒီတော့ မြို့နဲ့ဝေးလေ အလုပ်သမားတွေ အလုပ်လာလုပ်ချင်စိတ် နည်းလေပဲ။ မြို့နဲ့နီးပြီး တည်ငြိမ်တဲ့စက်မှုမြေတွေလည်းရှိပေမဲ့ မြေကွက်ကျယ်ကျယ်လိုလေ စျေးကြီးလေပဲ။"
"....." မက်ဒါနာတစ်ယောက် စျေးကြီးတယ်ဆိုတဲ့စကားကြောင့် ခဏလောက် မျက်နှာပြောင်နေတာရပ်သွားတယ်။
"နေပါဦး၊ ငါ့စကားငါ ရုပ်သိမ်းရင် ဘာဖြစ်မှာလဲ။"
"ဆုဗာနာလွှတ်တော်က အစ်မကို တော်ဝင်မိသားစု ဂုဏ်သိက္ခာနဲ့မညီဘူးဆိုပြီး ရှုတ်ချလိမ့်မယ်။ ပြီးတော့ အစကတည်းက လွှတ်တော်က အစ်မကို အကောင်းမြင်တာမဟုတ်ဘူးလေ။ ဒီတော့ ခါတိုင်းလို မျက်နှာပြောင်တိုက်ပြီး သွားတောင်းရင်တောင် ရမှာမဟုတ်ဘဲ အွန်လိုင်းပေါ်မှာ ဆုဗာနာမင်းသမီးလေးမက်ဒါနာကို မကောင်းပြောထားတဲ့ ရှုတ်ချစာတွေအများကြီးကို သူတို့Bluemark ပေ့စ်တွေနဲ့ နေ့တိုင်းရှယ်ကြလိမ့်မယ်။" ပြောရရင်တော့ မက်ဒါနာကို တစ်ကမ္ဘာလုံးက ကိုယ့်စကားကိုယ်မတည်တဲ့ နာမည်ပျက်မင်းသမီးလေးအဖြစ်နဲ့ပဲ သိကြတော့မှာ။ သူများတံထွေးခွက်ထဲ တစ်သက်လုံးပက်လက်ရောမှောက်ခုံပါမျောတော့မှာ။
မက်ဒါနာတစ်ယောက် နောက်ဆုံးတော့ သက်ပြင်းချလိုက်ပြီး လက်လျှော့လိုက်တယ်။ "ဟူး... ထားတော့၊ ငါလည်း ပိုက်ဆံအပိုတွေအများကြီး ရထားတာပဲဆိုတော့ မြေကွက်ဖိုးတော့လောက်မှာပါ။ မြေကွက်မရ နာမည်လည်းဆုံးတော့ အဖြစ်မခံနိုင်ဘူး။"
ဒီလိုနဲ့ ကောင်စုတ်လေးဒီပနဲ့မက်ဒါနာတို့နှစ်ယောက် လမင်းစန္ဒာမြို့ပေါ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုကို သွားလည်ဖို့ဖြစ်လာတော့တယ်။
...
ဆုဗာနာနယ်စပ်မှာတော့ တိုက်ပွဲတွေငြိမ်သက်နေတာ လေးရက်ကျော်သွားပါပြီ။
ကြေးစားစစ်တပ်က ရှေ့တက်မလာလို့ ဆုဗာနာတပ်ကလည်း ရန်သူတွေကို လိုက်တိုက်တာမျိုး ရှိမနေပါဘူး။ ဆုဗာနာတပ်ဖွဲ့ဘက်က ခံစစ်ကိုအင်အားဖြည့်နေပြီး ခံတပ်တွေမှာ စစ်သည်အနည်းဆုံးရှစ်ထောင်ကနေ တစ်သောင်းအထိရှိနေပါပြီ။ တစ်နိုင်ငံလုံးက အမြောက်တွေကိုလည်း ရှေ့တန်းပို့ထားပြီဖြစ်ပြီး အသင့်အနေအထားနဲ့ရှိနေပါတယ်။
ဒါပေမဲ့ ကြေးစားတပ်ဖွဲ့မှာက ပိုကောင်းတဲ့လေတပ်ပစ်ကူနဲ့ ပိုကောင်းတဲ့ချပ်ဝတ်တန်ဆာတွေ ရှိနေတဲ့အတွက် ဆုဗာနာဟာ တန်ပြန်တိုက်စစ်မဆင်နိုင်သေးပါဘူး။ ကြေးစားစစ်တပ်ရဲ့ တပ်မဟာ ၃၁၀ကလည်း လူအင်အားအရေအတွက် ကွာခြားနေပြီဖြစ်တာကြောင့် ဆုဗာနာခံတပ်တွေကို တိုက်ရိုက်သိမ်းပိုက်ဖို့ မလုပ်သေးဘဲ တစ်စုံတစ်ခုကိုသာ စောင့်ဆိုင်းနေပါတယ်။
တပ်မဟာ၃၁၀ရဲ့ကွပ်ကဲရေးရုံးခန်းကတော့ ခါတိုင်းလိုပဲ တိတ်ဆိတ်နေပါတယ်။ ဒါပေမဲ့ အရာရှိငယ်တစ်ယောက် ကွပ်ကဲရေးရွက်ဖျင်တဲရှေ့ကိုရောက်လာပြီး သတင်းကို အစီရင်လာခံတယ်။
"ဗိုလ်မှူး၊ ဌာနချုပ်ကနေ အသိပေးစာရောက်လာပါတယ်။ နောက်ထပ် A rank အရာရှိတစ်ယောက်နဲ့ အရိုးမျက်နှာ တပ်ရင်းတစ်ရင်း ဆုဗာနာတောင်တန်းတွေကိုကျော်ပြီး ဒီနေ့ရောက်လာလိမ့်မယ်လို့ သိရပါတယ်။"
"ကောင်းပြီ၊ ငါတို့လိုအပ်တဲ့ အရိုးမျက်နှာအင်အားကို တစ်ပတ်အတွင်း အရောက်ပို့ပေးဖို့အတွက် သူတို့ကို ပြန်အကြောင်းပြန်ပေးပါ။ ရက်အတော်ကြာတဲ့အထိ တိုက်စစ်အဆင်ရင် ဆုဗာနာအထက်အရာရှိတွေက တစ်ခုခုမှားနေမှန်း သိသွားလိမ့်မယ်။"
လောလောဆယ် ဆုဗာနာအစိုးရက ကြေးစားစစ်တပ်ရဲ့လက်ရှိအင်အားနဲ့ ဗျူဟာတွေကို မသိသေးပါဘူး။ ဒါကြောင့် သတိကြီးကြီးနဲ့ငြိမ်နေတာပါ။ သူတို့သာ ဆုဗာနာကို တိုက်ရိုက်သိမ်းပိုက်နိုင်တဲ့ အင်အားမရှိဘဲ စစ်ကူစောင့်နေမှန်းသိသွားရင် ဆုဗာနာအစိုးရက စစ်ကူတွေရောက်မလာခင် တပ်မဟာ ၃၁၀ကို အရင်အမြစ်ဖြုတ်ဖို့ ကြိုးစားတော့မှာပါ။
ဒါဆိုရင် ကြေးစားစစ်တပ်အနေနဲ့ ကံဆိုးမိုးမှောင်ကျသွားနိုင်ပါတယ်။
"ဟုတ်ကဲ့ ဗိုလ်မှူး။" ဆက်သွယ်ရေးအရာရှိ အမိန့်ပေးတဲထဲကနေ ထွက်သွားပြီးတဲ့နောက်တော့ ဗိုလ်မှူးကြီးက တခြားအရာရှိတွေကို ဆင့်ခေါ်ပြီး သတင်းကို မျှဝေအသိပေးလိုက်တယ်။
"ဒီနေ့၊ ဌာနချုပ်က အရိုးမျက်နှာတပ်ရင်းတစ်ခုနဲ့ အရာရှိတစ်ယောက် ရောက်လာလိမ့်မယ်။ အရိုးမျက်နှာတပ်ရင်းတွေက သာမန်တပ်ရင်းတွေလိုမဟုတ်ဘဲ တိုက်ပွဲဝင်အင်အားတင် တစ်ထောင်ရှိတယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ ဆုဗာနာကိုသိမ်းဖို့ဆိုရင် အနည်းဆုံး အရိုးမျက်နှာ တစ်သောင်းခွဲကနေ နှစ်သောင်းရှိဖို့လိုတယ်။ ဒါပေမဲ့ ဆုဗာနာတောင်တန်းတွေကြောင့် ဌာနချုပ်က အရေအတွက်အများကြီးကို
တစ်ခါတည်းမပို့နိုင်ဘူး။ မင်းတို့ ဘယ်လိုလုပ်ဖို့စဥ်းစားထားလဲ။"
ဗိုလ်မှူးကြီးစကားကြောင့် ဗျူဟာမှူးက ခဏလောက်တွေးလိုက်ပြီး ဆုဗာနာမြေပုံကို အသေးစိတ်လေ့လာတယ်။ ပြီးမှ သူစဥ်းစားမိတဲ့အဖြေကို ပြောပြပါတယ်။
"ငါတို့ အင်အားပြည့်တာစောင့်ရင်းနဲ့ ဆုဗာနာရှေ့တန်းကိုတိုက်မယ်ဆိုရင် ဆုဗာနာရှေ့တန်းက ငါတို့ဗျူဟာကို ခန့်မှန်းမိတော့မှာမဟုတ်ဘူး။ အရိုးမျက်နှာတွေနဲ့အတူပါလာမယ့် A rank အရာရှိနဲ့ဆိုရင် ဆုဗာနာနဲ့ငါတို့ရဲ့A rank အရေအတွက်က အတူတူပဲဖြစ်သွားလိမ့်မယ်။ ဒီတော့ အရိုးမျက်နှာတွေ ရောက်လာတာကိုစောင့်ရင်းနဲ့ တိုက်ပွဲငယ်လေးတွေ ဖန်တီးကြတာပေါ့။"
ဗိုလ်မှူးကြီးလည်း ခေါင်းညိတ်လိုက်တယ်။ "မဆိုးဘူး၊ ငါတို့တွေ သူတို့ခံစစ်ကို ပစ်ပြေးပြေးရင်း တိုက်ပွဲငယ်တွေ ဖော်ဆောင်မယ်။ ဒီနည်းလမ်းနဲ့ဆိုရင် သူတို့ခံစစ်က အားနည်းတဲ့အပိုင်းတွေကိုလည်း ငါတို့ထောက်လှမ်းနိုင်လိမ့်မယ်။ အရိုးမျက်နှာ နှစ်သောင်းလုံး ရောက်လာပြီဆိုရင်တော့ တစ်ခါတည်း ခံစစ်ကိုဖျက်ဆီးပြီး လမင်းစန္ဒာမြို့တော်ကို ဝင်သိမ်းကြတာပေါ့။"
...
အိန္ဒိယနဲ့ဆုဗာနာနယ်စပ်က ဟိမဝင်္န္တာတောင်တန်းတွေပေါ်မှာတော့ ကြောက်စရာကောင်းတဲ့ အရိုးမျက်နှာအုပ်စုကြီးတစ်ခုက မြန်ဆန်လွန်းတဲ့အရှိန်နဲ့ ချီတက်နေပါတယ်။
သူတို့ကိုခေါင်းဆောင်လာသူကတော့ အနက်ရောင်စစ်အရာရှိယူနီဖောင်းဝတ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မျက်လုံးတစ်ဖက်ကို သားရေမျက်လုံးကာနဲ့ ဖုံးအုပ်ထားတယ်။ သူ့ကျောမှာတော့ သိုင်းကြိုးနဲ့လွယ်ထားတဲ့ ဧရာမစက္ကူယပ်တောင်ကို တွေ့နိုင်ပြီးတော့ ဒီအမျိုးသမီးရဲ့အသက်က လေးဆယ်လောက်ရှိပါပြီ။
ပခုံးပေါ်က ကြယ်ပွင့်တွေအရတော့ ကြေးစားစစ်တပ်ရဲ့အထူးစစ်ဆင်ရေးတပ်ဖွဲ့ ဗိုလ်ဗှူးတစ်ယောက်ဖြစ်ပြီး ဘယ်တပ်မဟာနဲ့မှ သက်ဆိုင်ခြင်းမရှိတဲ့ လော့ဒ်မာရှယ်လက်အောက်ငယ်သားတစ်ယောက်ပါ။
ဒီအမျိုးသမီးကလည်း အမောအပန်းကိုမခံစားရတဲ့ အရိုးမျက်နှာတွေနည်းတူ ကြောက်စရာကောင်းတဲ့ အရှိန်မျိုးနဲ့ ပြေးလွှားနေတာဖြစ်ပြီး ဆုဗာနာနယ်စပ်တောင်တန်းတွေကို တစ်ရက်တည်းနဲ့ဖြတ်ကျော်ဖို့အတွက် ဆုံးဖြတ်ထားတဲ့ပုံပါပဲ။
ဒီအမျိုးသမီးနာမည်က ဆီဆီလီယာဖြစ်ပြီး ကြေးစားစစ်တပ်အထက်အရာရှိတွေရဲ့လက်စွဲတော် A+ rank တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ပါတယ်။ ဖျက်အားပြင်း လေအမျိုးအစားစွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ရက်စက်လွန်းတဲ့ လူသတ်ကွက်တွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ လော့ဒ်မာရှယ်နဲ့တန်းတူနီးပါး စွမ်းအားကြီးပေမဲ့လည်း ကြေးစားစစ်တပ်ခေါင်းဆောင်ပိုင်းအတွက် ပြိုင်ဆိုင်ဖို့ စိတ်မဝင်စားဘဲ လူသတ်ရတာကိုသာ ပျော်မွေ့သူပါ။
တစ်ခါက အာမေးနီးယားမြို့ငယ်လေးတစ်မြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် လေမုန်တိုင်းတစ်ခုကိုဖန်တီးပြီး အာမေးနီးယားစစ်သည်တွေကိုရော ပြည်သူတွေကိုပါမချန် သတ်ဖြတ်ပစ်ခဲ့တဲ့အတွက် ဆီဆီလီယာကို သွေးစွန်းမုန်တိုင်းလို့ ဗီလိန်ကွန်ယက်ရဲ့ဆိုက်ဘာခရိုးက နာမည်ပြောင်ပေးထားကြပါတယ်။