လိုအပ်နေသောအချိန်
Vol. 5 Ch. 8
စက်ရုံအတွက် မြေနေရာရှာဖို့ မက်ဒါနာတို့တွေ ရှန်းယန်မြို့ပေါ်ကို ပြန်ရောက်လာကြပြန်တယ်။ လမင်းစန္ဒါမြို့တော်က စစ်ရေးကြောင့် ပြည်သူတွေအားလုံးကို ပြန်လွှတ်လိုက်ပြီဖြစ်တာကြောင့် စျေးဆိုင်တွေလည်း ဟာလာဟင်းလင်းဖြစ်နေပါတယ်။ ဒါကြောင့် ကုန်သွယ်ရေးမြို့တော် ရှန်းယန်ကို ရောက်လာတာပါ။ သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် ဆုဗာနာနံပါတ်တစ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဆိုတဲ့ ဆိုင်ငန်းပိစိလေးတစ်ခုဆီ ရောက်လာကြတယ်။
ဆိုင်ခန်းက ဆယ်ပေပတ်လည်ပဲရှိတာဖြစ်ပြီးတော့ ကုန်သွယ်ရေးလမ်းမထဲက တခြားဆိုင်ကြီးတွေကြားထဲမှာ နစ်မြုပ်နေပါတယ်။ ပြီးတော့ တဲသာသာဆိုင်ခန်းလေးဖြစ်ပြီး အတော်လေးစုတ်ပြတ်နေတာ။ မက်ဒါနာက ဆိုင်အဝင်ဝမှာ ဝှီးချဲလေးကိုရပ်ရင်း ဆိုင်းဘတ်ကိုဖတ်ကြည့်ပြီး ပြောလိုက်တယ်။
"ဆုဗာနာ နံပါတ်တစ်တဲ့ တင်စီးလိုက်တာ။ ကြည့်တော့ ဆိုင်ခန်းက တော်တော်လေးအိုဟောင်းနေရော။"
ဒီပကတော့ သူ့အစ်မကြီးကို လက်မထောင်ပြရင်း အဲဒီကိစ္စကို သဘောတူကြောင်း ပြသလိုက်ပါတယ်။ နောက်တော့ မက်ဒါနာနားလည်အောင်လို့ ရှင်းပြတယ်။
"တကယ်တော့ ဆုဗာနာမှာက ဦးလေးဗထူးကြီးတစ်ယောက်ပဲ အိမ်ခြံမြေအလုပ်ကို ဇောက်ချလုပ်တာလေ။ တော်တော်များများက မိသားစုအလုပ်နဲ့တွဲလုပ်ကြတာ၊ ဥပမာအနေနဲ့ အသိတွေထဲမှာ ခြံဝယ်မယ့်သူရှိမှ ရောင်းမယ့်ခြံတွေ လိုက်ပြပေးတာမျိုးပဲ လုပ်ကြတာလေ။ ပြီးတော့ မြို့ပေါ်မှာ အိမ်တွေခြံတွေဝယ်ဖို့လိုပေမဲ့ နယ်ဘက်မှာက ဘိုးဘွားပိုင်မြေတွေမှာပဲ အိမ်ဆောက်နေကြတာဆိုတော့ ဆုဗာနာအိမ်ခြံမြေစျေးကွက်က အတော်လေးကျဥ်းမြောင်းတယ်။"
"နည်းနည်းတော့ အဓိပ္ပါယ်ရှိသားပဲ။" ဆုဗာနာမှာက မြို့တော်ကြီးတွေမှာတောင် လူသိပ်မစည်ဘူးမဟုတ်လား။ ဒီတော့ ရပ်ရွာတွေမှာပဲ လူနေများကြပြီးတော့ မြို့ပေါ်က အိမ်တွေကို ဝယ်ချင်တဲ့သူရှားတယ်။ ဒီလိုနဲ့ အိမ်ခြံမြေစျေးကွက်က သိပ်ကိုကျည်းသွားတယ်။
သူတို့နှစ်ယောက် ဆိုင်ခန်းထဲကိုဝင်လိုက်တော့ အိပ်ငိုက်နေတဲ့ အသက်ငါးဆယ်ကျော် ဦးလေးကြီး လန့်နိုးလာပြီး မျက်လုံးဖွင့်ကြည့်တယ်။ နောက်တော့ ပျာပျာသလဲ နှုတ်ဆက်တော့တာပဲ။
"နယ်... နယ်စားမင်းသားလေးနဲ့ မင်းသမီးလေးပါလား။" မက်ဒါနာကတော့ ဦးလေးဗထူးကို ခုမှတွေ့ဖူးတာပါ။ ဒါပေမဲ့ ဦးလေးဗထူးကတော့ သူ့ကိုသိပြီးသားဖြစ်ပုံပဲ။ ဒါပေမဲ့ သိပ်တော့မထူးဆန်းလှပါဘူး။
လူနေများပြီး ကိစ္စပေါင်းစုံဖြစ်ပျက်နေတဲ့ နယူးယောက်မြို့ထက်စာရင် ဆုဗာနာမှာ မက်ဒါနာကပိုပြီးပေါ်ပြူလာဖြစ်ပါတယ်။ ဘာကြောင့်မှန်းမသိပေမဲ့ ဆုဗာနာက ပုဂ္ဂိလက သတင်းဌာနတွေရော နိုင်ငံပိုင်သတင်းဌာနတွေကပါ မက်ဒါနာအကြောင်းကို တစ်နေ့တစ်ခါလောက်တော့ ပုံမှန်လွှင့်လေ့ရှိပါတယ်။ ပြီးတော့ လူမှုကွန်ယက်မှာဆိုရင်လည်း ဆုဗာနာပြည်သူတွေက သူတို့မှာ မင်းသမီးလှလှလေးရှိတယ်ဆိုပြီး ဗြိတိန်နဲ့အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင် စကားပြိုင်လုကြပါသေးတယ်။
တဖြည်းဖြည်းနဲ့ မက်ဒါနာဟာ သူ့ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ ဗြိတိန်မင်းသမီးလေး လီလီယာနဲ့အပြိုင် အလှဆုံးတော်ဝင်မျိုးမိန်းကလေးများစာရင်းမှာ ထိပ်ဆုံးဆယ်ယောက်ထဲပါနေပြီ။
ဒီတော့ ဆုဗာနာပြည်သူတစ်ယောက်က မက်ဒါနာကို မင်းသမီးမှန်းတန်းသိတာ မထူးဆန်းဘူး။ အထူးသဖြင့် သူ့မှာတခြားသူတွေနဲ့မတူတဲ့ ပိုးနှင်းဖြူလိုမျိုး ဆံပင်ဖြူတွေရှိတယ်လေ။ ဆုဗာနာတချို့ဆိုရင် မက်ဒါနာဆိုတဲ့နာမည်ကို နိုင်ငံခြားသားဆန်ပြီး ခေါ်မကောင်းလို့ဆိုပြီး ပိုးနှင်းဖြူမင်းသမီးလေးလို့ ကွယ်ရာမှာ ခေါ်ကြတယ်။
ပြီးတော့ သူကောင်းမျိုးတွေကို ဓားပြသွားတိုက်တဲ့ကိစ္စကိုလည်း ဆုဗာနာပုဂ္ဂလိကပိုင် တီဗီချန်နယ်တစ်ခုက ဆုဗာနာပိုးနှင်းဖြူမင်းသမီးလေး လူတန်းစားညီမျှရေးအတွက် သူကောင်းမျိုးတွေကို နှိပ်ကွက်ဆိုပြီး သတင်းတင်ဆက်ထားသေးတယ်။ အင်္ဂလိပ် ဆုဗာနာဗမာ နှစ်ဘာသာနဲ့တင်ဆက်တာမလို့ Youtube မှာ Viewer 1M ကျော်သွားပြီးတော့ အာရှမှTrend ဖြစ်နေပြီ။ ပိုဆိုးတာက ပန်းချီဆရာတစ်ယောက်က မက်ဒါနာ ဝှီးချဲပေါ်မှာထိုင်နေပြီး လက်ညိုးထိုးအမိန့်ပေးနေဟန်နဲ့ ခေါင်းသုံးလုံးခွေးကြီး သူကောင်းမျိုးတွေကို လိုက်ကိုက်နေဟန်ဆွဲပြီး အင်စတာဂရမ်မှာ တင်ထားတဲ့ Postလည်း Reach တစ်သန်းကျော်နေပြီ။
"ဦးလေးဗထူး၊ ကျွန်တော်တို့က အလုပ်ကိစ္စနဲ့လာတာ။ စက်ရုံဆောက်ဖို့အတွက် မြေနေရာပြပေးလို့ရမလား။" ဦးလေးဗထူးဆိုသူက ခေါင်းညိတ်ပြပြီးတော့ ဆုဗာနာမြေကွက်တွေကို အဓိကထားဆွဲထားတဲ့ မြေပုံကြီးကို ထုတ်လိုက်တယ်။ နောက်တော့ တစ်နေရာချင်းစီ ထောက်ပြီးတော့ ရှာတော့တာပဲ။ မက်ဒါနာလည်း ဦးလေးဗထူးရဲ့လက်မှာ လက်ချောင်းအစစ်တချို့ပျောက်နေပြီး သတ္တုစက်လက်ချောင်းတွေနဲ့ အစားထိုးထားရမှန်း မြင်လိုက်ရတယ်။
ကောင်စုတ်လေးဒီပကတော့ ဦးလေးဗထူးအလုပ်ရှုပ်နေတုန်း မက်ဒါနာကို ရှင်းပြတယ်။
"ဦးလေးဗထူးက ပင်စင်ရ စစ်မှုထမ်းဟောင်းလေ၊ လေးပွင့်ဆိုင်တိုက်ပွဲတုန်းက နယ်စားကြီးကိုယ်တိုင် ဦးဆောင်တဲ့တပ်မှာပါတဲ့ တပ်သားပေါ့။ ရဲစွမ်းသတ္တိဘွဲ့ရသွားပြီး နယ်စားကြီးရဲ့ထောက်ပံငွေတွေနဲ့ ဆိုင်ခန်းလေးတစ်ခန်းဖွင့်ပြီး အိမ်ခြံမြေအကျိုးဆောင်လုပ်နေတာ။ ဦးလေးကြီးသမီးကတော့ ဆုဗာနာတက္ကသိုလ်ကနေ ဥပဒေဘွဲ့ရလာပြီး အရာရှိဖြစ်နေပြီ၊ ဒါပေမဲ့အခုအရွယ်အထိ ပြောမရဆိုမရ အကျိုးဆောင်လုပ်နေတုန်း။"
မက်ဒါနာက ဒီပစကားကြောင့် သူ့ရှေ့က ဦးလေးကြီးကို ထပ်ကြည့်လိုက်တယ်။ 'ဒီတော့ ဒီလူက အလုပ်နဲ့လက်နဲ့မပြတ်ချင်တဲ့ ပြောမရဆိုမရ စစ်မှုထမ်းဟောင်း ဦးလေးကြီးပေါ့။'
နောက်တော့ ဦးလေးကြီးက သူတို့ကို မြို့နဲ့သိပ်မဝေးတဲ့နေရာက မြေကွက်ကြီးတစ်ကွက်ကို ထောက်ပြတယ်။ ပြီးတော့ စျေးကိုလည်း တိတိကျကျပြောလိုက်တယ်။
"ပေသုံးရာပတ်လည်ရှိတဲ့ စက်မှုလက်မှုမြေကွက်၊ ရှန်းယန်မြို့နဲ့သိပ်မဝေးလို့ အကာအကွယ်ရှိပြီး မြူတန့်သားရဲတွေရန်နဲ့လည်းဝေးတယ်။ လောလောဆယ်ရနိုင်သမျှထဲမှာတော့ အကောင်းဆုံးပဲ။"
"စျေးကရော..."
"ဆုဗာနာငွေသန်းငါးရာ.." ပြောရရင်တော့ ခန့်မှန်းခြေ ဒေါ်လာတစ်သန်းပဲပေါ့။ မက်ဒါနာထင်သလောက်တော့ စျေးမကြီးခဲ့ဘူး။ များသောအားဖြင့် စက်မှုလုပ်ငန်းတွေအတွက် မြေဝယ်မယ်ဆိုရင် စျေးကြီးတာများတယ်။ ဒါကြောင့် လုပ်ငန်းရှင်အများစုက မြေငှားတာလောက်ပဲ လုပ်ကြတယ်။ မက်ဒါနာကတော့ ဘားဂျက်ရှိလို့ဝယ်တာပါ။
"ကောင်းပြီလေ၊ အပေးအယူဖြစ်ပြီ။"
မြေနေရာဝယ်ပြီးတော့ နောက်တစ်ခုလုပ်ရမယ့်အလုပ်က အလုပ်သမားရှာတာပါ။ ဒါပေမဲ့ မက်ဒါနာက အဲဒီကိစ္စအတွက် အသေးစိတ်လုပ်မနေတော့ဘဲ အတွေ့အကြုံရှိတဲ့ မန်နေဂျာတစ်ယောက်နဲ့ရုံးအဖွဲ့တချို့ကို ကောင်လေးဒီပအကူအညီနဲ့ငှားပြီး လုပ်သားနှစ်ဆယ်ရဖို့ တစ်ပတ်အတွင်း အင်တာဗျူးတစ်ခု စီစဥ်ခိုင်းလိုက်တယ်။
ဒါပေမဲ့ ဒီလောက်နဲ့တင်မပြီးသေးဘဲ စက်ရုံဆောက်ရဦးမှာပါ။ ဒီလိုနဲ့ဆောက်လုပ်ရေးပစ္စည်းတွေရောင်းတဲ့နေရာကိုပါ ထပ်ရောက်သွားတယ်။
"ဒီမှာ လွယ်လွယ်နဲ့တပ်ဆင်လို့ရတဲ့ စမတ်ဘုတ်ပြားတွေရှိတယ်မဟုတ်လား။" မက်ဒါနာ မေးလိုက်တော့ ကံကောင်းစွာနဲ့ ဆုဗာနာမှာ အဲဒီလိုပစ္စည်းမျိုးတွေလည်းရှိနေတယ်။ ဒီတော့ စက်ရုံတည်ဆောက်ရေးကလည်း အချိန်သိပ်မယူရလောက်တော့ဘူး။
သူတို့အနေနဲ့ သာမန်သေးငယ်တဲ့စက်ရုံလေးတစ်ရုံအတွက် အမိုးအကာလုံအဆောက်အဦးတစ်ခုသာ လိုမှာဖြစ်ပြီးတော့ သိပ်အခိုင်အခံကြီးမလိုပါဘူး။ စစ်လည်းဖြစ်နေတာမလို့ မြန်မြန်ဆန်ဆန်ပြီးမြောက်ဖို့ကသာ အရေးကြီးတာဖြစ်ပြီး တခြားကိစ္စတွေကတော့ အရေးမကြီးပါဘူး။
နောက်လုပ်ရတာက ချပ်ဝတ်တွေကို အဆင့်မြှင်တင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတန်ဆာပလာတွေပါ။ ဒီပစ္စည်းတွေထဲက စက်ပစ္စည်းတချို့က သူတို့ရဲ့သိပ်သဘောမကောင်းလှတဲ့ အိမ်နီးချင်းတိုင်းပြည်ကိုမှာရမှာ။ ထုံးစံအတိုင်း တရုတ်ပြည်ပေါ့။
ပုံမှန်ဆိုရင်တော့ စက်ပစ္စည်းတွေကို ဝယ်ပြီးပြီးချင်း ဆုဗာနာလေဆိပ်ကို ပို့ခိုင်းလို့ရတာမလို့ ရက်နည်းနည်းပဲ ကြာမှာဖြစ်ပေမဲ့ ကြေးစားစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လေကြောင်းခရီးသွားလာရေးက စိတ်မချရတော့ဘူး။ ဒီတော့ ဆုဗာနာနဲ့ဆက်စပ်နေတဲ့ တိဘက်ကုန်းမြေမြင့်ကနေပြီး စက်ပစ္စည်းတွေကို သယ်ရမယ်။
လိုအပ်တဲ့စက်အလုံးရေကလည်း ငါးဆယ်လောက်ရှိပြီး အဲဒီအတွက်ဒေါ်လာသုံးသန်းလောက်ထပ်ကုန်သွားတယ်။ တရုတ်ပြည်မကနေ လေယာဥ်နဲ့တိဘက်နယ်စပ်ကိုပို့ပြီး တိဘက်ကုန်းမြေမြင့်အတိုင်း ကုန်းကြောင်းဖြတ်လာရမှာမလို့ နှစ်ပတ်လောက်တော့ကြာမှာပါ။
ပြောရရင်တော့ မက်ဒါနာရဲ့လက်နက်စက်ရုံအစီအစဥ်က ထုတ်လုပ်ရေးစဖို့အတွက် နှစ်ပတ်ကျော်စောင့်ရလိမ့်မယ်။ အဲဒီအချိန်မတိုင်ခင်တော့ မက်ဒါနာအားနေမှာပါ။
လုပ်စရာရှိတာတွေ အားလုံးလုပ်ပြီးတဲ့နောက်တော့ မက်ဒါနာက ဝှီးချဲလေးကိုမောင်းပြီး ရှန်းယန်ကုန်သွယ်ရေးလမ်းထဲကနေ ထွက်ဖို့စဥ်းစားလိုက်တယ်။ ကောင်စုတ်လေး လိပ်ပြာရပ်ထားတဲ့နေရာပြန်ပြီ အိမ်မှာနားတော့မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ပေါ့။ ဒါပေမဲ့ ကောင်စုတ်လေးက ရုတ်တရက်ပြီး ပြုံးနေတဲ့မျက်နှာနဲ့ ပြောလိုက်တယ်။
"မမကြီး၊ ကျွန်တော်တို့နှစ်ယောက်လုံး လုပ်စရာမရှိဘူးဆိုတော့ မြို့ထဲလျှောက်လည်ကြမယ်လေ။"
ဒါပေမဲ့ မက်ဒါနာကတော့ လျှောက်မလည်ချင်ဘူးရယ်။ မြန်မြန်အခန်းပြန်ပြီး အေမီရဲ့အပျက်အစီးတွေကို စစ်ဆေးကြည့်ချင်နေပြီ။ ဒါပေမဲ့ မက်ဒါနာဘာမှမလုပ်ရသေးခင်မှာဘဲ ကောင်စုတ်လေးက ဝှီးချဲရဲ့နောက်လက်ကိုင်ကိုဆုပ်ကိုင်ပြီး ရှေ့ကိုတွန်းနေပြီ။
"မမကြီး အခန်းပြန်အောင်းမလို့ကြံနေတာမလား။ ဒေါ်လေးသီတာတောင် ကျွန်တော့်ကိုပြောနေပြီး သူ့သမီးလေးက တဖြည်းဖြည်းကြောက်စရာကောင်းလာတယ်တဲ့။ စက်ရုပ်အပျက်အစီးတွေကြားထဲမှာ တစ်ယောက်တည်း အခန်းအောင်းနေလို့တဲ့လေ။ ထူးဆန်းတဲ့ မင်းသမီးလေးတို့ဘာတို့ လူတွေမထင်အောင် နင့်အစ်မကြီးကို မြို့ထဲပတ်ပြလိုက်ဦးလို့ မှာလိုက်သေးတယ်။"
"ဟဲ့ဟဲ့... နင်ငါ့ဝှီးချဲကိုတွန်းပြီး ဘယ်ခေါ်သွားမလို့ ကြံနေတာလဲ။" မက်ဒါနာကတော့ ကောင်စုတ်လေးရဲ့မျက်နှာပေါ်က ထူးဆန်းတဲ့အပြုံးကြောင့် ကြောက်လာပြီ။
"မမကြီးကို မြို့ထဲလိုက်ပတ်ပြပြီး စားချင်တာအကုန်ဝယ်ကျွေးမလို့လေ။" ကောင်စုတ်လေးက တကယ်ပျော်နေတဲ့လေသံနဲ့ ပြောလိုက်တာပေမဲ့ မက်ဒါနာကတော့ ရင်တထိတ်ထိတ်နဲ့ပါ။
တကယ်ဆိုရင် ဒီပကို သူစသိတုန်းက ဒီလိုမှမဟုတ်တာ။ ကောင်စုတ်လေးဒီပရဲ့မက်ဒါနာသိတဲ့ဗားရှင်းက ဒီလိုလေ။
"အတုမတစ်ယောက်ကို ဆုဗာနာမင်းသမီးအဖြစ် လက်မခံနိုင်ဘူး။ ရတဲ့နည်းလမ်းနဲ့ တော်လှန်ပြီးပြောင်းလဲပစ်ရမယ်။"ဆိုတာမျိုး။ အခုလိုမျိုး အင်မတန်ချစ်စရာကောင်းတဲ့ မောင်လေးပုံစံနဲ့ နေမှာမှမဟုတ်တာ။ တကယ်ကြောက်စရာပဲ။
'မဟုတ်မှလွဲရော... ငါ့ကိုအချိုသတ်ပြီး လုပ်ကြံဖို့ စဥ်းစားနေတာတော့ မဟုတ်ပါဘူးနော်။' ရုတ်တရက်ကြီး တွေးမိလိုက်တဲ့စိတ်ကူးကြောင့် မက်ဒါနာကျောရိုးထဲ စိမ့်တက်သွားအောင် ကြောက်သွားတော့တယ်။
ဒါပေမဲ့ တစ်နေ့တာက မက်ဒါနာထင်ထားသလိုမဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အဆုံးသတ်သွားတယ်။ ရိုးရာမုန့်တော်တော်များများကို မြည်းစမ်းခွင့်ရခဲ့ပြီးတော့ ရှန်းယန်ယဥ်ကျေးမှုရောစပ်နေတဲ့ မင်ချင်းမင်းဆက်နှစ်ခုပေါင်းထားသလို တရုတ်ဝတ်စုံတချို့လည်း သူရလာခဲ့သေးတယ်။ အန်တီလေးအိုလီဗာတို့နဲ့ စျေးဝယ်ထွက်တုန်းကလိုပဲ ဆိုင်ရှင်ဒေါ်လေးက သူ့ကိုအရုပ်မလေးလိုမျိုး ဝတ်စုံတွေအများကြီး ဆင်ပေးနေသေးတယ်။
နေဝင်ချိန်ရောက်မှပဲ သူတို့နန်းတော်ကို ပြန်လာဖြစ်ကြတော့တယ်။ ပုစွန်ဆီရောင်တောက်နေတဲ့ တိမ်တွေအောက်မှာ ပျံသန်းရတဲ့အတွေ့အကြုံကလည်း တကယ်အဖိုးတန်ခဲ့တယ်။ သူမသိလိုက်ရခင်မှာပဲ ဆုဗာနာက တကယ်ပဲ နေထိုင်ဖို့ကောင်းတဲ့နေရာတစ်ခုဆိုတာ သတိထားမိလိုက်တယ်။
...
အိမ်ပြန်ရောက်တော့ အေမီရဲ့ခန္ဓာကိုယ်မှာ အစားထိုးရမယ့် ပစ္စည်းအသစ်တွေကို ကိုယ်တိုင်ဖန်တီးဖို့အတွက် ပုံကြမ်းတွေဆွဲဖြစ်ပြန်တယ်။ အေမီကိုထုတ်ခဲ့တဲ့ကုမ္ပဏီက လုံးဝဒေဝါလီခံသွားပြီဖြစ်တာကြောင့် အရေးကြီးအစိတ်အပိုင်းတော်တော်များများကို မက်ဒါနာကိုယ်တိုင် ပြုလုပ်ရမှာပါ။
လိုအပ်တဲ့အရင်းအမြစ်တွေ ရရှိလာရင် ချက်ချင်းစတင်နိုင်ဖို့အတွက် မက်ဒါနာက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒီဇိုင်းဆွဲနေတာ။ သူပုံဆွဲနေတုန်းမှာပဲ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ ထင်မထားဘဲ ဖရာလီတာဖြစ်နေတယ်။ ပြီးတော့ ဖရာလီတာက မငြိမ်းချမ်းတဲ့နေရာတစ်ခုမှာ ရောက်နေတဲ့ပုံပဲ။ နောက်ကနေ အမြောက်သံတွေ ကြားနေရတယ်။
"ဟေး၊ ကောင်မစုတ်လေး နင်ခုမှ ငါ့ကိုဖုန်းခေါ်တယ်ပေါ့။" မက်ဒါနာက ဒေါသထွက်ထွက်နဲ့ လှမ်းပြောလိုက်တယ်။
ဖရာလီတာက သက်ပြင်းချလိုက်ပြီး "နင်နိုးလာမှန်း ငါခုမှသတိတာလေ။ နင်က ဆုဗာနာမှာ အတော်လေးအဆင်ပြေနေတဲ့ပုံပဲ။ နင့်ဒဏ်ရာတွေကြောင့် မတိုက်ခိုက်နိုင်တော့တာတောင် သူကောင်းမျိုးတွေကို လိုက်ဓားပြတိုက်နေနိုင်သေးတယ်ပေါ့။"
"အေး၊ အခြေအနေကတော့ နင်တွေ့တဲ့အတိုင်းပဲ။" ကြည့်ရတာ ဖရာလီတာတစ်ယောက် ဆုဗာနာကသတင်းတွေကို ဖတ်လိုက်မိပုံပဲ။
"နင်အခု စစ်မြေပြင်တစ်ခုမှာ ရောက်နေတာလား။" မက်ဒါနာမေးလိုက်တော့ ဖရာလီတာကလည်း ပြန်ဖြေတယ်။
"ဟုတ်တယ်၊ ငါအခုအီတလီရောက်နေတာ။ အီတလီမှာရှိနေတဲ့ မာဖီးယားဂိုဏ်းတွေက ဂျာမဏီဘက်ကိုချီတက်လာဖို့လုပ်နေလို့တားနေရတာ။ ထုံးစံအတိုင်း အီတလီက အမေရိကန်ရုပ်သေးဖြစ်နေပြီဆိုတော့ သူတို့လက်ချက်ပဲနေမှာ။"
လောလောဆယ် Archmegaက ဥရောပမဟာမိတ်ရဲ့အင်အားကြီးနောက်ခံပါ။ မက်ဒါနာနိုးလာမှန်းသိတာတောင် ဖရာလီတာ ကိုယ်တိုင်ရောက်မလာတဲ့အချက်က ဒါကြောင့်ဖြစ်ပါတယ်။
"ငါလည်း နင်တို့နိုင်ငံကို ကြေးစားစစ်တပ်လာတိုက်နေတဲ့သတင်းကြားတယ်။ ဒါပေမဲ့ လောလောဆယ် ငါလာကူလို့မရဘူး။ နင့်အဖိုးကိုလည်းပြောလိုက်ဦး ဥရောပမဟာမိတ်က တံခါးဖွင့်ထားပါတယ်လို့ပေါ့။"
လက်ရှိအချိန်မှာ ဆုဗာနာက ဘယ်မဟာမိတ်အဖွဲ့ထဲမှာမှမပါသေးဘူး။ ဒါပေမဲ့ ဖရာလီတာက တကယ်ပဲ ဆုဗာနာကို သူတို့မဟာမိတ်ထဲ ထည့်ချင်နေပါတယ်။ မက်ဒါနာတွေးကြည့်တော့ ဒါကလည်း နှစ်ဖက်လုံးအတွက် အကျိုးကြောင်းသင့်တယ်လို့ခံစားရတယ်။
ဆုဗာနာမှာက ဇက်သတ္တုရင်းမြစ်တွေရှိပြီး ဥရောပကတော့ စီးပွားရေးတောင့်တင်းမှုနဲ့ခေတ်မီလက်နက်တွေရှိတယ်။ ကျန်တဲ့မဟာမိတ်နှစ်ခုကတော့ ဆုဗာနာကို သူတို့အဖွဲ့ဝင်အဖြစ်လက်ခံမယ့်အစား သိမ်းပိုက်ချင်နေတယ်။ ဒါကြောင့် ဥရောပမဟာမိတ်ကသာ အကောင်းဆုံးရွေးချယ်မှုပါ။
"အင်း... ငါသူ့ကိုပြောလိုက်မယ်၊ ဒါပေမဲ့ ဆုဗာနာက နင်တို့ဥရောပဘက် ယိမ်းမယိမ်းတော့ ငါအာမမခံနိုင်ဘူး။" မက်ဒါနာက အမှန်အတိုင်းပြောလိုက်တာပါ။
ဆုဗာနာက တစ်ချိန်တည်းက ဗြိတိသျှ အိန္ဒိယလက်အောက်မှာ နေခဲ့ရဖူးတဲ့အတွက် ဗြိတိန်နဲ့မဟာမိတ်ဖွဲ့တာဟာ သူတို့မာနကိုထိခိုက်စေတယ်လို့ ယုံကြည်တဲ့ သူကောင်းမျိုးတွေရှိနေနိုင်သေးတယ်။ ဒါကြောင့် ဆုဗာနာအနေနဲ့ ဥရောပမဟာမိတ်ထဲပါမပါဆိုတဲ့ကိစ္စဟာ မက်ဒါနာတစ်ယောက်တည်း ဆုံးဖြတ်နိုင်တဲ့အရာမျိုးမဟုတ်ပါဘူး။
"ကိစ္စမရှိဘူး၊ ဒါနဲ့ နင်ကြေးစားစစ်တပ်ကိုဆန့်ကျင်နိုင်မယ့် အစီအစဥ်တစ်ခုအကောင်အထည်ဖော်နေတယ်မဟုတ်လား။ ငါဘာကူညီပေးရဦးမလဲ။"
"လောလောဆယ်တော့ ဆုဗာနာချပ်ဝတ်တွေကို အဆင့်မြှင့်ဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ သီးသန့်ကြီး အကူအညီလိုတာတော့မရှိဘူး။ ငါလိုသမျှကို နယ်စားအိမ်တော်ကနေ ရနိုင်တယ်။" တကယ်တော့ သူကောင်းမျိုးတွေဆီက လိုက်ဓားပြတိုက်တာဆိုပေမဲ့ပေါ့။
နောက်ဆုံးအနေနဲ့ ဖရာလီတာက မက်ဒါနာကို တစ်ခုထပ်သတိပေးလိုက်ပြန်တယ်။
"နင်အဆင်ပြေတယ်ဆိုရင်လည်း ပြီးတာပါပဲ။ ဒါနဲ့ ကြေးစားစစ်တပ်ကို လျှော့မတွက်နဲ့နော်။ သူတို့မှာက S rank တစ်ယောက်ပဲရှိတာမလို့ ငါတို့ရင်ဆိုင်ခဲ့တဲ့ မြူတန့်သိပ္ပံထက် အများကြီးအားနည်းတယ်ဆိုပေမဲ့ A rankတွေကတော့ မရေမတွက်နိုင်အောင်ရှိနေတာ။ ပြီးတော့ အရိုးမျက်နှာတွေက နိုင်ငံတစ်ခုကို ဖျက်ဆီးဖို့အတွက် သီးသန့်ဖန်တီးထားတဲ့အရာတွေဆိုတာမမေ့နဲ့။ နင်ကအခု တိုက်ပွဲဝင်နိုင်သေးတာမဟုတ်ဘူး။"
"ငါသိပါတယ်၊ ငါကြိုပြီးပြင်ဆင်ထားလိုက်မယ်။" နောက်တော့ မက်ဒါနာက ဖုန်းချလိုက်တယ်။ အဲဒီနောက်တော့ အခန်းပြင်ကိုထွက်သွားလိုက်ပြီး နယ်စားကြီးကို သွားရှာတယ်။ နယ်စားကြီးက စာကြည့်တိုက်ထဲမှာရှိနေပြီး အစီရင်ခံစာတစ်ခုကိုဖတ်နေပါတယ်။
"အဖိုး...." နယ်စားကြီးက သူ့မြေးမလေးဝင်လာတာကြောင့် မော့ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ သူ့မြေးမလေးက သူထင်ထားတာထက် အများကြီးပို အရည်အချင်းရှိတာကြောင့် နယ်စားကြီးပိုကျေနပ်နေတာလည်းပါပါတယ်။
"သမီးလေး ဝင်လာခဲ့လေ။" မက်ဒါနာက နယ်စားကြီးဆီကနေ ခွင့်ပြုချက်ရတော့မှ ဝှီးချဲလေးကိုမောင်းပြီး နယ်စားကြီးရှေ့မှာရပ်လိုက်တယ်။
"အဖိုး၊ အခုတလော နယ်စပ်အခြေအနေကရော ဘယ်လိုရှိလဲ။"
နယ်စားကြီးက ဆုဗာနာမြေပုံကို တစ်ချက်ပြန်ကြည့်လိုက်ပြီး အဖြေပေးလိုက်တယ်။ "အခုရက်ပိုင်းတော့ တိုက်ပွဲငယ်လေးတွေ မကြာခဏဖြစ်တယ်ဆိုပေမဲ့ တိုက်ပွဲကြီးတွေမရှိဘူး။ ဆုဗာနာက သူတို့ကိုတန်ပြန်တိုက်စစ်မဆင်နိုင်သလို သူတို့ကလည်း အဖိုးတို့ခံတပ်တွေကို ဝင်မသိမ်းနိုင်သေးဘူး။"
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီးတော့ ဖရာလီတာပြောခဲ့တဲ့စကားတွေကိုပြန်စဥ်းစားပြီး ပြောလိုက်တယ်။
"အဖိုးရဲ့စောင့်ရှောက်သူနှစ်ယောက်က သမီးနဲ့အတူ စပိန်တိုက်ပွဲမှာပါခဲ့တာဆိုတော့ သူတို့အရိုးမျက်နှာတွေအကြောင်းသိမယ်ထင်တယ်။ လောလောဆယ် အရိုးမျက်နှာထုတ်လုပ်မှုက ကြေးစားစစ်တပ်နဲ့အရိပ်အဖွဲ့လက်ထဲမှာ။ သူတို့စစ်တပ်တွေ ရှေ့တိုးမရဖြစ်နေတယ်ဆိုတော့ အရိုးမျက်နှာတွေကို နယ်စပ်ဖြတ်ကျော် စစ်ကူခေါ်မယ့်ဗျူဟာကို သုံးလာနိုင်တယ်။ အရိုးမျက်နှာတွေက အရေအတွက်များလေ အန္တရာယ်များလေပဲ။ ပြီးတော့ သမီးရဲ့ချပ်ဝတ်တွေပြီးဖို့က အချိန်တစ်လထက်မနည်းလိုတယ်။"
နယ်စားကြီးက ခေါင်းညိတ်လိုက်တယ်။ သူ့မျက်နှာက လေးနက်သွားပုံပေါ်တယ်။ "ဒါဆိုသမီးအတွက် ဆုဗာနာတပ်ဖွဲ့က တစ်လတိတိအချိန်ဆွဲပေးထားဖို့လိုတယ်ပေါ့။ အဖိုးသိပြီ။"
မက်ဒါနာကလည်း ပြန်ခေါင်းညိတ်ပြလိုက်ပြီး ဒုတိယကိစ္စကိုဆက်ပြောတယ်။ "ဒီနေ့ ဖရာလီတာ ဖုန်းဆက်လာပြီး သူတို့ဥရောပမဟာမိတ်က ဆုဗာနာကို အဖွဲ့ဝင်အဖြစ်လက်ခံဖို့ စိတ်ဝင်စားတဲ့အကြောင်းပြောလာတယ်။"
နယ်စားကြီးလည်း တစ်ချက်လောက်ပြန်စဥ်းစားကြည့်လိုက်တယ်။ ရက်စက်တဲ့ လောကြီးမှာရှင်ကျန်ဖို့ဆိုရင် ဆုဗာနာက မဟာမိတ်သုံးခုထဲက တစ်ခုကိုရွေးချယ်ရမှာပါ။ ဥရောပမဟာမိတ်ကတော့ လက်ရှိမှာ အသင့်တော်ဆုံးပါပဲ။
"သမီးဆိုလိုချင်တာ အဖိုးသိတယ်။ အဖိုးလွှတ်တော်မှာ ဒီကိစ္စကိုဆွေးနွေးကြည့်မယ်။ ဒါပေမဲ့ တစ်မျိုးကောင်းစွဲလွန်းတဲ့ သူကောင်းမျိုးတွေက သိတဲ့အတိုင်းပဲ ဗြိတိန်ကို အခုထိမုန်းနေကြတုန်းပဲ။ ဗြိတိန်နဲ့မဟာမိတ်လုပ်တာက အောက်ကျနောက်ကျခံရာရောက်တယ်လို့ သူတို့တွေးကောင်းတွေးမိနိုင်တယ်။"
"အင်း၊ သမီးလည်း အဲဒါကိုပဲစိုးရိမ်နေတာ။ ဒါပေမဲ့ အဲဒါက အကြံဆိုးတစ်ခုဖြစ်မယ်လို့တော့ သမီးမယုံဘူး။ မဟာမိတ်ဖွဲ့တယ်ဆိုတိုင်း သမီးတို့က ဗြိတိန်လက်အောက် ပြန်ရောက်သွားတဲ့သဘောမှမဟုတ်တာ။"