စာမေးပွဲ (၁)
Vol. 5 Ch. 9
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ အာကီဟာဘရာရှိ အိမ်စေကဖေးလေးတွင်ဖြစ်သည်။
အိမ်စေကဖေးအများစုမှာ အမျိုးသားများအတွက်ဖြစ်သော်လည်း ယခုဆိုင်လေးတွင်တော့ အမျိုးသမီးများက ပိုများနေပေသည်။ ဆိုင်ရှင်မိန်းကလေးက လှပသောညိုချောလေးတစ်ယောက်ဖြစ်ပြီး ယခုအခါတွင်တော့ ပိုမိုရင့်ကျက်သော အခြားအမျိုးသမီးတစ်ယောက်ပါ လာရောက်ဆိုင်ထိုင်နေပြီး အလွန်သဘောကောင်းသော ထိုသားအမိကြောင့် ကြောင်မိသားစုအိမ်စေကဖေးလေးမှာ ကျားမမရွေးသဘောကျသည့်နေရာတစ်ခု ဖြစ်လာလေတော့သည်။
သို့သော်လည်း မိန်းကလေးအများစု ထိုဆိုင်ကိုသဘောကျရသည့် အကြောင်းအရင်းမှာကား အခြားတစ်ခုကြောင့်ဖြစ်ပေ၏။ လူမည်းဝါကန်ဒါမင်းသားလေးနှင့် လူအရွယ်ကြောင်နက်ကြီးတစ်ကောင်ကြောင့်ဟုဆိုလျှင် ပိုပြီးတိကျပေလိမ့်မည်။
ယနေ့လည်း ထိုဆရာတပည့်နှစ်ယောက်က ဆိုင်အပြင်ဖက်တွင် လေ့ကျင့်ခန်းအတူလုပ်နေကြပြီး လူအများ၏အာရုံကို ဖမ်းစားထားပေသည်။ ဖရက်က လက်တစ်ဖက်တည်းနှင့် ဒိုင်ထိုးနေပြီး ဆရာကြောင်ကတော့ သူ့လူအရွယ်ထက် အနည်းငယ်ကြီးသည့် အရွယ်အစားဖြင့် ဖရက်ကျောပေါ်တွင် မိန့်မိန့်ကြီးထိုင်လျက် ရေခဲချောင်းစားနေ၏။
"ဆရာ၊ ကြောင်တွေက အချိုကိုအာရုံမခံနိုင်ဘူးဆို။ ဆရာကျတော့ ဘာလို့အချိုပါတဲ့ ရေခဲချောင်းတို့ရေခဲမုန့်တို့ ကြိုက်တာလဲ။"
"အေးလို့လေကွာ... ငါက အအေးဓာတ်ကြိုက်တယ်။"
"ယုံပါတယ်ဆရာရယ်..."
မတ်လရောက်ပြီဖြစ်၍ ဂျပန်တွင်ဆောင်းရာသီကုန်ပေတော့မည်။ အအေးဓာတ်လျော့ကျလာပြီဖြစ်သည့်တိုင်အောင် အခက်မသင့်လျှင် အအေးမိနိုင်သေးသည်။ သို့သော်လည်း ဆရာကြောင်က အအေးဓာတ်ကိုကြောက်ပုံမရဘဲ ဖရက်ကိုအပေါ်ပိုင်းဗလာကျင်းခန္ဓာကိုယ်နှင့် လမ်းရှေ့ထွက်ပြီး လေ့ကျင့်ခန်းလုပ်ခိုင်းနေခြင်းဖြစ်၏။
ဖရက်ကတော့ အေးစက်စက်လမ်းမျက်နှာပြင်ကို လက်တစ်ဖက်တည်းဖြင့်ထောက်ပြီး အကြိမ်ရေထောင်ချီအောင် ဒိုက်ထိုးနေရသောကြောင့် လက်မှသွေးများပင် စီးကျနေပြီဖြစ်သည်။
ဆိုင်ထိုင်နေသည့် အဒေါ်ကြီးနှစ်ယောက်ထံမှ စကားသံတချို့ကိုပင် သူတို့ကြားရသေးသည်။
"ဟဲ့... သူတို့က လူလာအောင် ရှိုးပြရုံပဲမဟုတ်ဘူးလား။ ဒီလောက်ကြီးကျ မပြင်းထန်ဘူးလား။"
"ဘယ်က လူလာအောင် ရှိုးပြရမှာလဲ ကောင်မရ၊ အဲဒီကြောင်နဲ့လူက ဇန်နဝါရီလချမ်းချမ်းစီးစီးကြီးမှာတောင် နှင်းတောထဲလေ့ကျင့်ခန်းလုပ်နေကြတာ။ လူတွေက သူတို့လေ့ကျင့်ခန်းလုပ်နေတာကို စိတ်ဝင်စားလို့ လာကြည့်ရုံပဲ ပရိုမိုးရှင်းဆင်းနေတာမဟုတ်ဘူး။"
လူနှင့်ကြောင့် လေ့ကျင့်ရေးဆင်းနေသည့်မြင်ကွင်းကို နေ့တိုင်းလာကြည့်သူများတွင် တိုကျိုဟီးရိုးအစည်းအရုံးမှ ဒရုန်းဇုန်ပင်ပါသေးသည်။ S rankနှင့် A rank ဗီလိန်နှစ်ကောင်ကို လာစောင့်ကြည့်သည့် တာဝန်နှင့်ဆိုပေမယ့်ပေါ့။
ဆရာတပည့်နှစ်ယောက်က သတိထားမိဟန်မတူသော်လည်း သူတို့လေ့ကျင့်မှုက ကြောင်အိမ်စေကဖေးအတွက် နာမည်ကြီးစေမည့် ကြော်ငြာဖြစ်လာဟန်တူသည်။ ကြောင်နက်သားအမိကတော့ ပြုံးလို့မဆုံး ပျော်လို့မဆုံးရယ်။
'နောက်ဆုံးတော့ ငါ့ယောက်ျားအားကိုးရပြီ။'ဆိုပြီး ခုမှပြန်ရောက်လာသည့် ကြောင်မေမေက ကဖေးသို့လာသူများကို ကြွားတတ်သေးသည်။
"၂၀၉၆"
"၂၀၉၇"
"၂၀၉၈" "၂၀၉၉" "၂၁၀၀"
လက်တစ်ဖက်တည်းနှင့်ဒိုက်ထိုးသည့်အကြိမ်ရေ ၂၁၀၀ ပြည့်သည့်နောက်တွင် ဖရက်က နားလိုက်ပြီး ဆရာကြောင်ကို လှမ်းပြောလိုက်သည်။
"ဆရာ၊ ဆရာပြောသလိုပဲ မနေ့ကထက် အကြိမ်တစ်ရာ ပိုတိုးလုပ်ပြီးပြီ။"
ဆရာကြောင်ကတော့ ဘာမှဂရုမစိုက်ဘဲ စားလို့ပြီးသွားသည့် ရေခဲချောင်းကို အမှိုက်တောင်းထဲ လှမ်းပစ်ထည့်လိုက်ပြီး လက်ဖဝါးပေါ်ပေကျံနေသည့် ပျော်ရည်အကျန်များကို လျှာနှင့်လိုက်လျက်နေ၏။
ဖရက်ကတော့ အခုထိမနားရသေးဘဲ ဆရာကြောင်ကို လက်တစ်ဖက်တည်းနှင့်သယ်ပိုးထားရသောကြောင့် နဖူးမှချွေးများတတောက်တောက်စီးကျနေလေသည်။ ဆရာကြောင်က ပေကျံနေသောပျော်ရည်များအားလုံးကို ဖယ်ရှားပြီးသွားမှ ပြောလိုက်၏။
"ကောင်းပြီ၊ ဒါဆိုတခြားလက်တစ်ဖက်နဲ့ တစ်ရာတိုးပြီး ထပ်လုပ်ချေ။"
"ဟုတ်ကဲ့။"
ထို့နောက် ဖရက်က ညာလက်မှဘယ်လက်ကိုပြောင်းပြီး နောက်ထပ် အကြိမ်နှစ်ထောင်ကျော်စဒိုက်ထိုးပြန်သည်။ ဆိုင်ထဲမှ အဒေါ်ကြီးများကတော့ ဖရက်ကိုယ်ပေါ်မှ ကြွက်သားအဖုအထစ်ကြီးများကိုကြည့်ရင်း စိတ်လှုပ်ရှားနေကြလေ၏။
"ဘုရားရေ၊ အကိတ်ကြီးတော့။ အိမ်က ယောက်ျားသား ဒီလိုမျိုးဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။"
"အားကိုးချင်စရာကြီး... ရင်အုံကလည်းတောင့်တောင့် ဗိုက်ကလည်း ဆစ်ပက်အပြည့်နဲ့ လက်မောင်းလုံးကလည်း တို့ပေါင်လုံးလောက်ဖြစ်နေပြီအေ့။"
"အောင်မလေး... သူ့ပခုံးပေါ်တွယ်တက်ပြီး လိုက်ချင်လိုက်တာအေ။"
အဒေါ်ကြီးများပြောနေသည့်စကားများကြောင့် ဖရက်မှာ သေချင်စော်နံနေပြီဖြစ်၏။ သို့သော် ဆရာကြောင်ကတော့ ဖရက်ကို လေ့ကျင့်ခန်းနေရာ နည်းနည်းလေးမှ ပြောင်းခွင့်မပေးခဲ့။ မေးသည့်အခါတိုင်း ယခုကဲ့သို့သာ ပြန်တုံ့ပြန်လေ့ရှိ၏။
"ဒါကလည်း မင်းကိုငါလေ့ကျင့်ပေးမယ့် စိတ်ကိုလေ့ကျင့်နည်းတစ်မျိုးပဲကွ။"
နောက်ဆုံးတော့ ဖရက်လည်း မထူးဇာတ်ခင်းကာ အဒေါ်ကြီးများ၏နှာဘူးစကားများကို လစ်လျူရှုရန် ကြိုးစားရတော့သည်။
လေ့ကျင့်ရေးကာလက သုံးလကျော်ခဲ့ပေပြီ။ ဖရက်လည်း ယခင်ကထက် အတော်လေး သန်မာလာ၏။ တကယ်တမ်း သာမန်လူများမြင်နေရသော ဒိုက်ထိုးလေ့ကျင့်ခန်းမှာ ဆရာကြောင်စီစဥ်ထားသည့် သူ၏ လေးဆယ့်ကိုးမျိုးသော လေ့ကျင့်ခန်းများထဲမှ အပျော့ဆုံးတစ်ခုသာ ဖြစ်ပေသည်။
ပြင်းထန်သော လေ့ကျင့်ခန်းများအနေနှင့်ဆိုပါက လူတစ်ယောက်ကို လေ့ကျင့်ခန်းဆင်းနေရင်း သေဆုံးသွားစေနိုင်သည်အထိ ပြင်းထန်သော လေ့ကျင့်ခန်းများပင် ပါဝင်ပေသည်။ ဥပမာအားဖြင့် ကောင်းကင်အမြင့်ပေ တစ်သောင်းကျော်မှနေ၍ အလွတ်ခုန်ချစေကာ မြေပြင်နှင့်အလွန်နီးကပ်မှ ဖရက်၏တောင်ပံများကို ဖွင့်စေခြင်း၊ ပင်လယ်ရေအောက် ပေနှစ်ရာအနက်တွင် ကြိုးများဖြင့်တုပ်ထားကာ မိနစ်သုံးဆယ်ကျော်နေစေခြင်း စသည့်နည်းလမ်းများကို အသုံးပြုလေ့ကျင့်စေသည်။
ထိုနည်းလမ်းဖြင့် ဖရက်ခန္ဓာကိုယ်မှာ တဖြည်းဖြည်းကြံ့ခိုင်လာပြီး အလက်စကာတွင် သူစုပ်ယူထားခဲ့သည့် သလင်းကျောက်ကို အစာခြေလာနိုင်ပြီဖြစ်၏။
တဖြည်းဖြည်း သူ့စွမ်းအားကလည်း ပိုမိုအင်အားကြီးလာပြီး S rank နားသို့ကပ်လာပြီဖြစ်သည့်တိုင် ဆရာကြောင်ကို နည်းနည်းလေးမှယှဥ်မရသေးပေ။
...
နောက်ထပ်နှစ်နာရီခန့် လေ့ကျင့်ပြီးသည့်နောက် ဆရာတပည့်နှစ်ယောက်သား ဆိုင်ထဲသို့ပြန်လာကြပြီး ရေမိုးချိုးဖြစ်သည်။ ဖရက်အဝတ်အစားလဲပြီး ဆိုင်စားပွဲထိုးအဖြစ်ကူရန် ရှေ့ထွက်လာစဥ်တွင် တီဗီလိုင်းတစ်ခုမှ နိုင်ငံတကာသတင်းကြေညာနေသဖြင့် ရပ်ပြီးနားထောင်ဖြစ်သည်။
"ဆုဗာနာနိုင်ငံဟာ လွန်ခဲ့တဲ့အပတ်ကနေစပြီး မြူတန့်မဟာမိတ်အဖွဲ့ဝင် ကြေးစားစစ်တပ်ရဲ့ကျူးကျော်မှုကို ခံနေရတာပါ။ ထောင်ချီတဲ့စစ်သည်တွေပါဝင်တဲ့ တိုက်ပွဲတစ်ခုနဲ့ တိုက်ပွဲငယ်ပေါင်း ငါးဆယ်ကျော်ထက်မနည်း ဖြစ်ပွားပြီးပါပြီ။ ကြေးစားစစ်တပ်ဘက်က သေဆုံးနှုန်းကိုမသိရပေမဲ့ တစ်ပတ်အတွင်းဆုဗာနာစစ်သည် ငါးရာကျော်ဆုံးရှုံးခဲ့ရပြီး ပြည်သူတစ်ရာလည်း သေဆုံးခဲ့ပါတယ်။ ဆုဗာနာဟာ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အကြီးအကျယ်ခံစားနေရပြီး စစ်ပွဲတာရှည်လေ ခုခံနိုင်စွမ်းကျဆင်းလာလေဖြစ်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။"
ဖရက်က သတင်းကိုနားထောင်ရင်း ကြောင်ကြည့်နေမိတယ်။ မက်ဒေါ်ဝဲလ်ဆိုင်ကငနှဲပြောသလောက်တော့ အခုမက်ဒါနာက ဆုဗာနာပြန်ရောက်နေပြီလို့ သူသိထားတယ်။
"ဒါဆို မက်ဒါနာက အခုစစ်ပွဲထဲမှာ ရောက်နေတာလား။" သူသိသလောက် နောက်ဆုံးတိုက်ပွဲမှာ မက်ဒါနာ ဒဏ်ရာရထားပြီး တိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာပါ။ ဖရက်က ဒီအတိုင်းကြည့်မနေနိုင်တော့ဘဲ ဆရာကြောင်ကို သွားရှာတယ်။
"ဆရာ... ကျွန်တော်ဒီကနေ ထွက်သွားတော့မယ်။"
ဆရာကြောင်ကို ရှာတွေ့တော့ ဖရက်က အော်ပြောလိုက်တယ်။ လောလောဆယ် ဆရာကြောင်က ကဖေးဆိုင်ရဲ့ကောင်တာမှာရှိနေပြီး ခုံမှာထိုင်နေတဲ့ သူ့မိန်းမကို ဇက်ကြောနှိပ်ပေးနေရတယ်။
ညိုချောကြောင်မေမေကတော့ မျက်လုံးမှိတ်ထားပြီး သဘောတကျနဲ့ပေါ့။ ဆရာကြောင်ကတော့ သူ့မျက်လုံးဝါကြီးတွေနဲ့ ဖရက်ကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ဟမ်... မင်းက ပညာမစုံသေးဘဲ ထွက်သွားတော့မလို့လား။ ငါပြောထားတယ်လေ၊ မင်းငါ့ရဲ့စစ်ဆေးမှုကို အောင်ပြီးမှ အဲဒီကောင်မလေးအနားကို ပြန်သွားလို့ရမယ်လို့ပေါ့။ မင်းက အခုသုံးလပဲလေ့ကျင့်ထားရသေးတာ။ ငါ့စစ်ဆေးမှုကို အောင်ဖို့အဝေးကြီးလိုသေးတယ်။"
"တကယ်လို့ ကျွန်တော့်ရဲ့လက်ရှိအဆင့်က ဆရာမျှော်မှန်းထားသလိုမဖြစ်ဘူးဆိုရင်တောင် စမ်းကြည့်ချင်ပါတယ်။"
...
နောက်ဆုံးတော့ လူတစ်ယောက်နဲ့ကြောင်တစ်ကောင် စီးချင်းထိုးတော့မယ့်အနေအထားနဲ့ အထပ်မြင့်တိုက်ခေါင်မိုးတစ်ခုပေါ် ရပ်နေကြပြီ။ ဆရာကြောင်က တပည့်ကျော်ဖရက်ကို မျက်လုံးမှေးကြည့်လိုက်ပြီး သူ့လက်သည်းတွေကို ဆန့်ထုတ်လိုက်တယ်။
"နားထောင်စမ်း ကောင်လေး၊ ဒီစမ်းသပ်မှုက ငါတို့ကြောင်နက်တွေအားလုံး မိဘအုပ်ထိန်းမှုအောက်က မလွတ်ခင် ဖြတ်သန်းရတဲ့အရွယ်ရောက်စစ်ဆေးမှုပဲ။ ပုံမှန်ဆိုရင် သုံးနှစ်သုံးမိုးလေ့ကျင့်ပြီးမှ ပြီးမြောက်တာ။ စောပြီးအဆုံးသတ်ချင်လို့ သေသွားတဲ့ ကြောင်တွေမနည်းဘူး။
အခုနေပြန်လှည့်ချင်ရင် အချိန်မီသေးတယ်။"
ဖရက်ကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လိုက်တယ်။လောလောဆယ် သူဆရာကြောင်ကိုယှဥ်ချမယ်ဆိုရင် သူရှုံးနိမ့်ဖို့ပဲများတယ်။ ဒါပေမဲ့... ဒါပေမဲ့....
"ကျွန်တော် တစ်စုံတစ်ယောက်ကို စိုးရိမ်နေတယ်။ ကျွန်တော် သူ့အနားမှာရှိမနေတုန်း တစ်ခုခုဖြစ်သွားရင် ကျွန်တော် ဘယ်လိုစိတ်နဲ့ ရှင်သန်ရမှာလဲ။ သူ့အနားကိုသွားပြီး ကူညီပေးချင်တယ်။"
ဆရာကြောင်က တစ်ခဏလောက် တိတ်ဆိတ်သွားပြီး သက်ပြင်းချတယ်။ "ကောင်းပြီလေ၊ မင်းက ဒီလောက်တောင် စိတ်အားထက်သန်နေမှတော့။"
"ငါက စမ်းသပ်ပေးရသေးတာပေါ့။"
ဆရာကြောင်က သူ့စကားဆုံးတာနဲ့ နေရာကနေ ပျောက်ကွယ်သွားပြီး ဖရက်ရှေ့မှာပေါ်လာတယ်။ သူ့လက်က ငွေရောင်လက်သည်းတွေက ဖရက်ရဲ့လည်ပင်းကို တည့်တည့်ချိန်ထားပြီး ကုတ်ချလိုက်တယ်။
ဖရက်လည်း မျက်လုံးပြူးသွားပြီး ဘယ်ခြေကိုနောက်ဆုတ်ကာ ကိုယ်ကိုတစ်ခြမ်းစောင်းပေးလိုက်ပေမဲ့ သူ့ပါးကနေ သွေးတွေစီးကျလာပြီး ပူစပ်စပ်နာကျင်မှုကို ခံစားလိုက်ရတယ်။ သူ့မျက်နှာပေါ်မှာ စင်တီမီတာဝက်လောက်နက်တဲ့ ကြောင်ကုတ်ရာကြီးတစ်ခုရှိနေပြီ။ ဒါပေမဲ့ နာကျင်မှုကို ဂရုမစိုက်နိုင်သေးဘဲ ဆရာကြောင်နဲ့နောက်တိုက်ကွက်တွေကနေ သူရှောင်ဖို့ကြိုးစားနေရတယ်။
"ဟားဟား... မင်းက လေ့ကျင့်ဖို့လိုပါသေးတယ်လို့ ငါပြောခဲ့သားပဲ။ ကြောင်နက်မိသားစုရဲ့စစ်ဆေးမှုမှာ ကျဆုံးပြီးသေသွားတဲ့ ကြောင်ပေါက်လေးတွေ မနည်းဘူးနော်။"
ဆရာကြောင်က လှောင်သံပါပါရယ်သံနဲ့ ပြောင်နေတဲ့အတွက် ဆက်တိုက်ရှောင်ရှားနေရတဲ့ ဖရက်တစ်ယောက် အံ့ကြိတ်လိုက်တယ်။ လက်ရှိဆရာကြောင်ရဲ့မြန်နှုန်းက A- rankတွေရဲ့ပုံမှန်အနေအထားမှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ တိကျလွန်းတဲ့တိုက်ကွက်တွေကြောင့် A rankမှာ အချိန်ကြာမြင့်စွာရှိနေပြီးဖြစ်တဲ့ ဖရက်ကိုကောင်းကောင်းခြိမ်းခြောက်နေတယ်။
နောက်ဆုံးတော့ ဖရက်သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီး အားကုန်အော်ဟစ်ကာ တန်ပြန်တိုက်စစ်ဆင်တယ်။
"ကျုပ်က ကြောင်ပေါက်လေးမဟုတ်ဘူးဗျ။" ဖရက်ရဲ့သားနောက်က အရိုးတွေ ရုတ်တရက်ဖောင်းကားထွက်လာတယ်။ သူ့ရဲ့နဂိုအသားရေအောက်မှာဖုံးကွယ်ထားတဲ့ သိမ်းငှက်တောင်ပံက ပေါ်ပေါက်လာပြီး သူ့တစ်ကိုယ်လုံးကို လျှပ်စီးကြောင်းတွေဖြတ်ပြေးတယ်။ နောက်တော့ ဖရက်ရဲ့အမြန်နှုန်းက နှစ်ဆနီးပါး မြင့်တက်သွားတယ်။
ဖရက်ရဲ့တန်ပြန်တိုက်စစ်ကြောင့် ဆရာကြောင်ပြန်ဆုတ်နေတယ်။ ဖရက်ရဲ့လက်သီးချက်တွေက ဆရာကြောင်ရဲ့ခံစစ်ကို ဖောက်ထွက်ဖို့ ကြိုးစားနေပေမဲ့ ဒီကြောင်နက်ကတော့ ကောင်းကောင်းကြီးခုခံနေဆဲပါ။
ဖရက်က အကြိမ်ရေနှစ်ဆယ်ထက်မနည်း တိုက်ခိုက်ပြီးနောက်မှတော့ ဆရာကြောင်ရဲ့ခံစစ်ကိုဖောက်နိုင်သွားပြီး သူ့လက်သီးချက်က ကြောင်ခေါင်းကိုထိုးမိလုမတက်ဖြစ်သွားတယ်။ ဆရာကြောင်က သာမန်လူတွေအနေနဲ့ လှုပ်ရှားဖို့မဖြစ်နိုင်တဲ့နည်းလမ်းနဲ့အတူ နောက်ကျွမ်းထိုးပြီး ရှောင်ထွက်သွားတဲ့အထိ ဖရက်လက်သီးချက်က သူ့ကိုထိမသွားဘူး။ အဲဒီအစား ဖရက်လက်သီးက တိုက်ခေါင်မိုးထပ်ပေါ်က လှေကားအမိုးဆောင်နံရံကိုသာ ထိမှန်သွားတယ်။
သူ့ခန္ဓာကိုယ်ထဲက လျှပ်စစ်စွမ်းအားတွေက လျှပ်မလိုက်အကာဖြစ်တဲ့ ကွန်ကရစ်နံရံတွေကိုပါ ဖြတ်စီးဆင်းသွားပြီး အထပ်မြင့်တိုက်တစ်ခုလုံးမှာရှိသမျှ လျှပ်စစ်ပစ္စည်းတွေအားလုံးကို ပျက်စီးသွားစေပါတယ်။ အခုဆယ်ထပ်တိုက်ခန်းကြီးတစ်ခုလုံး ဖရက်ရဲ့လက်သီးချက်ကြောင့် အမှောင်အတိကျသွားပြီ။
ဆရာကြောင်ကတော့ လှေကားဆောင်အမိုးရဲ့အပေါ်
ရပ်နေပြီး ဖရက်ရဲ့လက်သီးချက်မှာပါတဲ့အားကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက်တော့ သူက လက်ပိုက်လိုက်ပြီး...
"မဆိုးဘူး...မဆိုးဘူး... ဒီလိုလက်သီးချက်မျိုးနဲ့ဆိုရင် တော်ရုံပြိုင်ဖက်ကတော့ နည်းနည်းလေးထိမိရုံနဲ့ နှလုံးရပ်ပြီးတော့ သေသွားမှာပဲ။ ဗာဂျာရာလက်သီးလို့ နာမည်ပေးလိုက်မယ်။"
ဆရာကြောင်က စကားဆုံးတဲ့နောက် သွားပေါ်တဲ့အထိပြုံးလိုက်တယ်။ ရုတ်တရက် သူ့ခန္ဓာကိုယ်က ကြွက်သားတွေက ကြီးထွားလာပြီး သူ့တစ်ကိုယ်လုံးက မိုးကြိုးလျှပ်စီးတွေက ပိုမိုပြင်းထန်လာတယ်။
"ဒါပေမဲ့ စစ်ဆေးမှုက ခုမှအစပဲရှိသေးတာကွ။"
အဲဒီနောက်တော့ ဆရာကြောင်ရဲ့မြန်နှုန်းက အသံထက်ကျော်လွန်သွားပြီး ဖရက်ရဲ့ရှေ့မှာ ချက်ချင်းပေါ်လာတယ်။ အသံမြန်နှုန်းထက် ကျော်နေတဲ့အမြန်နှုန်းကြောင့် ဆရာကြောင်သွားရာနောက်မှာ လေထုကပေါက်ကွဲကျန်နေရစ်ပြီး အထပ်မြင့်တိုက်က မှန်တွေကွဲကုန်တယ်။ တိုက်ခန်းထဲကလူတွေကတော့ အော်ဟစ်ပြေးလွှားပြီး တိုက်ထဲကနေ ထွက်သွားဖို့ ကြိုးစားနေကြတယ်။
ဘာပဲပြောပြော ဆရာကြောင်ရောဖရက်ကပါ ဗီလိန်စစ်စစ်တွေဖြစ်ပြီးတော့ အများပိုင်ပစ္စည်းဖျက်ဆီးမိမမိ ဂရုစိုက်မယ့်သူတွေမဟုတ်ပါဘူး။ သူတို့အဖျက်စွမ်းအားကြောင့် ဘေးပတ်ဝန်းကျင်ကို ထိခိုက်ပြီး လူတွေမသေရင်တောင် ကံကောင်းလို့ပါ။
...
ဒီအပျက်အစီးတွေကို ကဖေးဆိုင်ထဲမှာရှိနေတဲ့ ဒရုန်းဇုန် သတိမထားမိဘဲ ဘယ်နေပါ့မလဲ။ ဖုန်းကိုင်ပြီး ဟီးရိုးအစည်းအရုံးကို အကြောင်းကြားဖို့လုပ်ပေမဲ့ ဆိုင်ရှင်ကြောင်မိန်းကလေးရောက်လာပြီး သူ့လက်ကို ဖမ်းဆွဲလိုက်တယ်။
"အပျက်အစီးတွေအတွက် စိတ်မပူပါနဲ့၊ ကျွန်မအမေက ရှင်တို့မူဝါဒအတိုင်း လူတွေထိခိုက်မှုမရှိအောင် စီစဥ်ပေးပါလိ့မ်မယ်။"
ဒရုန်းဇုန်မျက်နှာကနေ ချွေးတွေစီးကျလာတယ်။ ဒီကြောင်မိန်းကလေးက သူ့ထက်အများကြီးသန်မာပါတယ်။ ကြောင်နက်မိသားစုက သူတို့ထင်ထားတာထက် အများကြီးသာလွန်နေပုံပဲ။
...
"ကဲ... နောက်တစ်ချီစတော့မလား။"
ဆရာကြောင်က မျက်နှာကို လက်ဝါးနဲ့ဖြတ်ရိုက်လိုက်တဲ့အတွက် ဖရက်ဒူးထောက်ကျသွားပြီး ကြောင်နက်ကြီးကို မော့ကြည့်လိုက်တယ်။ တကယ်လို့ ဆရာကြောင်သာ သူ့ကိုစမ်းသပ်နေတာမဟုတ်ရင် လက်သည်းကိုသုံးပြီး သူ့လည်ပင်းကို ဖောက်ပစ်မှာပါ။ ဒါပေမဲ့ စမ်းသပ်မှုမလို့ သူ့ကိုရိုက်ရုံပဲရိုက်တယ်။
"မင်းငါ့အင်အားကို သိအောင်လို့ ငါရိုက်ရုံပဲရိုက်တာ။ ဒုတိယအဆင့်စပြီလို့ အသိပေးတဲ့သဘောပဲ။ ငါ့ရဲ့ဒီအဆင့်အင်အားကို မင်းခံနိုင်တယ်လို့ထင်ရင် စစ်ဆေးမှု ဆက်လို့ရမယ်။ တကယ်လို့ မခံနိုင်ဘူးလို့ထင်ရင် ငါ့ကိုအရှုံးပေးလိုက်။"
ဒါပေမဲ့ ဖရက်ကတော့ အားလျှော့မယ့်ပုံမပေါ်သေးဘဲ ပြန်ထလာတယ်။ သူ့မှာအတောင်ပံရှိနေပြီး ဆရာကြောင်မှာမရှိပါဘူး။ ပျံသန်းနိုင်စွမ်းက သူ့အားသာချက်တွေထဲက တစ်ခုပါ။ သူတို့ပြန်မစခင်မှာပဲ တိုက်ခေါင်မိုးပေါ်ကို တတိယတစ်ယောက် ရောက်လာပြန်တယ်။ ကြောင်မေမေပါ။
"ရှင်တို့ယောက်ျားတွေ၊ ရှင်တို့လုပ်တဲ့ပြဿနာကြောင့် ဟီးရိုးအစည်းအရုံးက ကောင်မလေးသတိထားမိသွားပြီ။ အိမ်နီးချင်းတွေ အနှောင့်အယှက်မဖြစ်အောင် နည်းနည်းပါးပါး ဂရုစိုက်ပါဦးလား။"
ကြောင်မေမေရဲ့စကားကြောင့် ဆရာကြောင်လည်း ပခုံးတွန့်လိုက်ပြီး ဖရက်ကိုပြောလိုက်တယ်။
"ကောင်းကင်ပေါ်မှာ ဆက်ကြမလား။"
ဖရက်လည်း ခေါင်းကိုစောင်းလိုက်မိတယ်။ ဆရာကြောင်က ပျံနိုင်လို့လား။ ဒါပေမဲ့ သူကြောင်နက်ကို အထင်သေးမိကြောင်း ထက်သိလိုက်ရပြန်တယ်။ သူ့မျက်စိရှေ့မှာတင် ဆရာကြောင်က လျှပ်စစ်စွမ်းအားတွေနဲ့ သံလိုက်စက်ကွင်းတစ်ခု ဖန်တီးလိုက်ပြီး တိုက်ခေါင်မိုးနဲ့ခြေထောက်လွတ်နေပြီ။
"ကောင်းပြီလေ။" ဖရက်လည်း ပြန်ဖြေလိုက်ပြီး အတောင်ပံကိုခတ်ကာ ကောင်းကင်ပေါ်ပျံတက်လိုက်တယ်။ ကြောင်နက်ကလည်း လျှပ်စီးစက်ကွင်းအားကိုးနဲ့ ဖရက်ပျံနေတဲ့အမြင့်အတိုင်း လိုက်ပျံလာတယ်။
သူတို့နှစ်ယောက် လေပေါ်ကိုရောက်တော့ တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်လိုက်ကြပြီး စတင်တိုက်ခိုက်ကြတယ်။
ဖရက်က အတောင်ပံကို အားကုန်ခတ်ပြီး ပျံသန်းလိုက်ပေမဲ့ သူ့အမြန်နှုန်းက အသံထက်မကျော်သေးဘူး။ နီးပါးအဆင့်ထိပဲရှိတယ်။ ဆရာကြောင်ကတော့အသံမြန်နှုန်းထက် ကျော်လွန်နေတဲ့အတွက် ဖရက်ကို ဖိအားပေးနိုင်စွမ်းရှိနေပါတယ်။
ဒါကြောင့် ဖရက်က သူ့ရဲ့ဝှက်ဖဲအကွက်ဖြစ်တဲ့ မိုးကြိုးဆင့်ခေါ်ခြင်းကို သုံးဖို့အတွက် မိုးတိမ်တောင်တွေကို စတင်စုစည်းလိုက်တယ်။ ဆရာကြောင်ရဲ့အမွှေးတွေက သူ့အနားမှာစုစည်းလာတဲ့ မိုးတိမ်တောင်တွေနဲ့ မိုးခြိမ်းသံတွေကြောင့် ထောင်ထလာတယ်။
"ကြည့်ရတာ တစ်ခုခုဆိုးဆိုးဝါးဝါး ဖြစ်တော့မယ်နဲ့တူတယ်။"
ဆောင်းရာသီမကုန်သေးခင်မှာပဲ စုဝေးလာနေတဲ့ မိုးတိမ်တွေကြောင့် တိုကျိုမြို့သားတွေ စိတ်ထဲလေးလံလာတယ်။ ဖရက်ရဲ့မိုးကြိုးစွမ်းအားက နောက်ဆုံးအကြိမ်ကထက် အများကြီးပိုအားကောင်းလာပြီး နယ်မြေစွမ်းအားအဖြစ်ကို ဆင့်ကဲပြောင်းလဲလုနီးနီးပဲ။
ဒါပေမဲ့ ဆရာကြောင်ကတော့ တကယ့်တကယ်တမ်းစိုးရိမ်နေသေးပုံမပေါ်ဘူး။ "မင်းသာ ငါပြောသလို နောက်သုံးနှစ်လောက် ဆက်လေ့ကျင့်လိုက်ရင် မိုးကြိုးဗာဂျာရာနယ်မြေကို ပိုင်ဆိုင်ရင်ပိုင်ဆိုင်မှာပဲ။ ဒါပေမဲ့ အခုကတော့ နှမျောစရာ။"
ရုတ်တရက် ဆရာကြောင်ရဲ့ခန္ဓာကိုယ်ကနေ မိုးကြိုးစက်ကွင်းက ပြန့်ကားထွက်လာပြီး သူ့အနားက အန္တရာယ်ပေးနိုင်တဲ့ မိုးတိမ်တောင်တွေကို ဖိအားပေး ဖယ်ရှားပစ်လိုက်တယ်။
မိုးတိမ်တောင်တွေအလယ်မှာ ပုန်းနေခဲ့တဲ့ဖရက်လည်း မျက်လုံးပြူးသွားပြီ။ ဆရာကြောင်မှာ လျှပ်စီးစက်ကွင်းမရှိတော့တာကြောင့် ပျံလို့မရတော့ပေမဲ့ သူက အရှိန်မကုန်ခင်မှာပဲ ဖရက်အနား
ရောက်လာပြီး ခြေထောက်နဲ့ဖရက်ရင်ဝကို စုန်ကန်လိုက်တယ်။ ဖရက်ကိုယ်တိုင်လည်း ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတာကြောင့် မခုခံနိုင်တော့ဘဲ ဆရာကြောင်ရဲ့အရှိန်ကြောင့် မြေပေါ်ကို တစ်ခါတည်း ပြုတ်ကျလာတော့တယ်။