နည်းလမ်းက ရှိပြီးသား
Vol. 5 Ch. 10
ဖရက် သတိပြန်ဝင်လာတော့ သူရှုံးသွားပြီဆိုတာ သိလိုက်ရပြီ။
သူ့တစ်ကိုယ်လုံးကနေ ညှော်နံတွေထွက်နေပြီး သူ့ကျောက စိုစွတ်ကြမ်းတမ်းတဲ့မြေပြင်ပေါ်ကို ရောက်နေမှန်း ခံစားမိတယ်။ ဆရာကြောင်ကတော့ သူ့ရင်ဘတ်ပေါ်မှာရှိနေပြီး လောလောဆယ်တော့ သာမန်အိမ်မွေးကြောင်တစ်ကောင်အရွယ်နဲ့ သူ့အပေါ်မှာရပ်ပြီး မျက်လုံးဝါကြီးတွေနဲ့ သူ့ကိုစိုက်ကြည့်နေတာပါ။
ဒါပေမဲ့ ဆရာကြောင်ရဲ့လျှပ်စီးဓာတ်ပါဝင်တဲ့ခြေနဲ့ စုံကန်ခံခဲ့ရတာမလို့ သူ့ရင်ဘတ်တစ်ခုလုံး ကြေကွဲလုမတတ် ခံစားနေရပြီးတော့ သူ့ကြွက်သားတွေလည်း မလှုပ်နိုင်လောက်အောင်ကို နာကျင်နေပါတယ်။
"ဒီတော့ ငါတို့ကြောင်ပေါက်သေးက မသေသေးဘူးပေါ့။ ငါပြောခဲ့သားပဲ၊ မင်းက ငါ့စာမေးပွဲကိုအောင်ဖို့ အများကြီးလိုပါသေးတယ်လို့။"
ဆရာကြောင်က ဖြည်းဖြည်းချင်းပြောလိုက်ပြီး ရင်ဘတ်ပေါ်ကနေ ဖယ်ပေးလိုက်တယ်။ တကယ်လို့ ဒီကြောင်နက်သာ သူ့ခန္ဓာကိုယ်အရွယ်အစားကို ပုံမှန်အရွယ်အထိ မလျှော့ချခဲ့ဘူးဆိုရင် ဖရက်သေသွားနိုင်တယ်။ သူ့ခန္ဓာကိုယ်က သာမန်လူတွေထက် အဆပေါင်းများစွာ ခံနိုင်ရည်မြင့်ပါးပေမဲ့ ဒီကြောင်နက် တစ်နည်း အမွှေးဖွားဖွားနတ်ဆိုးကြီးက S rank တွေထဲမှာတောင် အတော်သန်မာတဲ့အထဲမှာပါပါတယ်။
ဒီကြောင်က ရုရှားမှာပေါ်လာတဲ့ လိပ်ကြီးကိုတောင် သူ့ပြိုင်ဖက်ဆိုပြီး ကြွားဝါနေတဲ့သူမဟုတ်လား။ ဒါကြောင့် A rankကနေတောင် မတက်သေးတဲ့ ဖရက်နဲ့ယှဥ်ရင်တော့ အတော်ကိုဝေးကွာတဲ့ အဆင့်တစ်ခုမှာရှိနေတာပါ။
"ထပြီး ရေမိုးချိုးအိပ်ရာဝင်တော့၊ နောက်နေ့ကျရင် လေ့ကျင့်ခန်းပြန်စမယ်။ စောစောထွက်သွားမယ့်ကိစ္စကို လက်လျှော့ပြီး သုံးနှစ်သုံးမိုးသာ ပညာသင်စမ်းပါ။"
ဒါပေမဲ့ ဖရက်ကတော့ သုံးနှစ်အထိမစောင့်နိုင်ပါဘူး။ သူ့ရဲ့ကြင်နာတတ်တဲ့ နတ်သမီးလေးက စစ်မြေပြင်မှာဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းမရှိတာကြောင့် ကူရာမဲ့နေပါတယ်။ သူအမြန်ဆုံးသွားကူရမယ်။
"ဆရာ၊ မနက်ဖြန်လည်း စစ်ဆေးမှုကို စိန်ခေါ်ခွင့်ပေးပါ။" ဖရက်က သူနစ်ဝင်နေတဲ့ မြေကျွင်းကြီးထဲကနေကုန်းထလိုက်ပြီး ကြောင်နက်ရှေ့မှာ ဒူးထောက်ချလိုက်တယ်။
သူတို့နှစ်ယောက်က ရပ်ကွက်ပန်းခြံတစ်ခုထဲမှာရှိနေတာဖြစ်ပြီး ကြောင်နက်က အများပိုင်ပစ္စည်းမထိခိုက်စေဖို့အတွက် တမင်သက်သက် ဒီနေရာကိုရွေးပြီး ကန်ချခဲ့တာပါ။ ဒါပေမဲ့ ဖရက်နိုးမလာခင် ဒီနေရာမှာ တော်တော်လေးအထိတ်တလန့်ဖြစ်ခဲ့ပုံပေါ်ပြီး ဟီးရိုးအစည်းအရုံးက ဟီးရိုးတွေက ပန်းခြံအဝင်ဝမှာ စောင့်နေကြပါတယ်။ တိုကျိုအစည်းအရုံးက သူတို့ကို တိုက်ရိုက်မတားဆီးပါဘူး။ တိုကျိုအစည်းအရုံးက လက်ရှိအချိန်မှာ ဖိအားအမျိုးမျိုးနဲ့ရင်ဆိုင်နေရတဲ့အတွက်ကြောင့် အမွှေးဖွားဖွားနတ်ဆိုးကြီး အမှန်တကယ်သောင်းကျန်းမှသာ ဝင်ပါဖို့မူဝါဒချမှတ်ထားပါတယ်။
ကြောင်နက်က ဖရက်ရဲ့အပြုအမူကြောင့် မျက်ခုံးပင့်လိုက်ပြီး 'မလွယ်တဲ့ကောင်ပါ့လား။'ဆိုတဲ့ မျက်နှာမျိုးလုပ်လိုက်တယ်။
"ကောင်းပြီလေ၊ မင်းဒီတစ်ခါမသေဘူးဆိုရင် နောက်တစ်ခါ သေရင်သေသွားမှာနော်ကောင်လေး။ ပြီးမှ ငိုပြမနေနဲ့။" အဲဒီနောက်တော့ ဆရာကြောင်က လူအရွယ်အစားအတိုင်းဖြစ်သွားပြီး ပန်းခြံထဲကနေ ထွက်သွားတယ်။
ဖရက်လည်း ဆရာကြောင်နောက်ကိုလိုက်ဖို့လုပ်နေတုန်း ဒရုန်းဇုန်ရောက်လာပြီး ကုန်ကျစရိတ်စာရွက်ကြီးကို ထိုးပေးလိုက်တယ်။ ပျက်စီးမှုစုစုပေါင်းက တစ်သန်းတော့မကျော်သေးပေမဲ့ သာမန်ကဖေးဆိုင်တစ်ခုအတွက်တော့ ပေးဆောင်ဖို့အတော်များတယ်။
ဒရုန်းဇုန်က ဖရက်ကိုပခုံးပုတ်လိုက်ပြီး ပြောလိုက်တယ်။ "ဌာနမှူးက ရှင်တို့လေ့ကျင့်နေတာကို အနှောင့်အယှက်မပေးချင်ဘူး။ ဒါပေမဲ့ နောက်တစ်ခါမြို့ပြင်ထွက်ပြီးလေ့ကျင့်တဲ့၊ မဟုတ်ရင် နှစ်ယောက်လုံးကို မြို့ထဲက နှင်ထုတ်ပစ်တော့မှာတဲ့။"
ဒီစကားကြောင့် ဖရက်မျက်နှာကြီးမဲ့ရွဲ့သွားတယ်။ တိုကျိုအစည်းအရုံးက လောလောဆယ် အထီးကျန်နေပြီး အရှေ့ပင်လယ်ဒေသတွင်း လူသားမဟာမိတ်ရဲ့ဝင်ရောက်စွတ်ဖက်မှုတွေကို ဖြေရှင်းနေရပါတယ်။ဒီတော့ သူတို့နှစ်ယောက်ကိုဂရုစိုက်ဖို့ အားယားမနေဘူးဆိုပေမဲ့ S rankရှိတဲ့ အစည်းအရုံးတစ်ခုကို သွားမစတာကောင်းပါတယ်။
နောက်တစ်ခါ စာမေးပွဲကိုစိန်ခေါ်မယ်ဆိုရင် တခြားနေရာသွားလုပ်ဖို့ သတိထားရမယ့်ပုံပဲ။
...
ဆုဗာနာမှာတော့ မက်ဒါနာက သူ့မန်နေဂျာတွေ စုဆောင်းထားတဲ့ အလုပ်သမားအသစ်လေးတွေကို လူကိုယ်တိုင်သွားကြည့်တုန်း တီဗီမှာလာနေတဲ့ နိုင်ငံတကာသတင်းတစ်ခုကို ကြည့်လိုက်မိပါတယ်။
လူမည်းမင်းသားလေးတစ်ယောက်နဲ့ကြောင်အိုကြီးတစ်ကောင် တိုကျိုကောင်းကင်ယံမှာတိုက်ခိုက်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ ဒဏ်ကြေးတပ်ခံရတဲ့ကိစ္စပါ။ အမျိုးသမီးသတင်းတင်ဆက်သူက ရယ်ချင်ချင်မျက်နှာနဲ့ ဒီသတင်းကိုတင်ဆင်နေပါတယ်။
"အရပ်သားတွေကို ထိခိုက်မှုမရှိခဲ့တာကြောင့် ရဲဘက်ကရော ဟီးရိုးအစည်းအရုံးကပါ ပြစ်မှုမြောက်တယ်လို့ မဆုံးဖြတ်ခဲ့ကြပါဘူး။ အဲဒီအစား ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်စေမှုနဲ့ဒဏ်ကြေးတပ်ခဲ့ပါတယ်။ဒီကြောင်နဲ့လူက တိုကျိုအာကီဟာဘရာက နာမည်ကျော် ကြောင်အိမ်စေကဖေးဆိုင်က လာဘ်ကောင်နှစ်ယောက်ဖြစ်ပြီး မြူတန့်စတန့်ပြကွက်တွေကို နေ့တိုင်းပြသပြီး အရောင်းမြှင့်တင်ရေးလုပ်နေတာပါ။ ယနေ့လည်း ကဖေးဆိုင်မှာ လူတွေပုံခံနေပြီး မြို့နေလူထုက ဒီမြူတန့်တိုက်ပွဲအစစ်နီးပါးလေ့ကျင့်မှုကိုကြောက်မသွားမယ့်အပြင် ကိုယ်တိုင်မြင်ချင်လို့ လာရောက်ကြည့်ရှုနေကြတာပါ။
ဒါပေမဲ့ တိုကျိုအစည်းအရုံးရဲ့သတိပေးချက်အရ ဒီနှစ်ယောက်ဟာ အခုကနေစပြီး တိုကျိုမြို့ပြင်မှာပဲ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။"
မက်ဒါနာတစ်ယောက် တီဗီမှာပါနေတဲ့ ကြောင်နဲ့လူကိုကြည့်ရင်း မျက်နှာမဲ့လိုက်မိတယ်။ နှစ်ယောက်လုံးကို သူတော်တော်ရင်းနှီးနေတာမလို့ပါ။
လူမည်းကောင်လေးက သူ့ရဲ့အထက်တန်းတုန်းက အတန်းဖော် ဖရက်ဖြစ်ပြီးတော့ သူ့ကိုကျိတ်ကြွေနေတာကြာပါပြီ။ တကယ့်မင်းသမီးလေးလိုတောင် သူ့ကိုဆက်ဆံနေသေးတယ်။ ဟိုကြောင်နက်ကတော့ ယူဂျင်းထောင်ကိုဖောက်ပြေးတဲ့ S rank မြူတန့်တွေထဲကတစ်ယောက်ဖြစ်တဲ့ အမွှေးဖွားဖွားနတ်ဆိုးကြီးမဟုတ်လား။
"ဒီတော့ သူအခုတလောပျောက်နေတာ အဲဒီကြောင်နဲ့ လေ့ကျင့်ရေးဆင်းနေလို့ပေါ့။"
မက်ဒါနာက စပိန်ကျွန်းစစ်ဆင်ရေးမှာ ဖရက်သူ့ကိုလာပြီးကူနိုင်တယ်လို့ စဥ်းစားခဲ့ဖူးပေမဲ့ တကယ်ပေါ်မလာခဲ့ပါဘူး။ တကယ်တော့ စပိန်ကျွန်းစစ်ဆင်ရေးရဲ့အခြေအနေအရ ဖရက်ရဲ့လက်ရှိအင်အားနဲ့ဆိုရင် ပင်လယ်ထဲ ရေတစ်ပေါက်ကျသလောက်ပဲရှိမှာဖြစ်ပြီး အသုံးမဝင်ပါဘူး။
တီဗီကတော့ အင်တာဗျူးဗီဒီယိုတစ်ခုကို ဆက်ပြတယ်။ ရုပ်ချင်းဆင်တူတဲ့ ကြောင်တစ်ပိုင်းလူတစ်ပိုင်း ကောင်မလေးနှစ်ယောက်ကို အင်တာဗျူးနေတာဖြစ်ပြီးတော့ အသက်နည်းနည်းပိုကြီးတဲ့အမျိုးသမီးကတော့ အိမ်နီးချင်းတွေကို နှောင့်ယှက်မိတာနဲ့ပတ်သက်ပြီး သိပ်စိတ်ပူပုံမပေါ်ပါဘူး။
"ကျွန်မတို့ကြောင်မိသားစုက ခါတိုင်းလည်း ဒီလိုပဲခုံပေါက်ပြီး ဆော့ကစားနေကျပဲလေ။ သူများတွေကို မကုတ်မိရင် ပြီးရောမဟုတ်လား။"
"...." မက်ဒါနာတစ်ယောက် ကြည့်နေရင်းနဲ့ တိုကျိုလမ်းပေါ်မှာ ဖရာလီတာနဲ့ပွဲကြမ်းခဲ့မိတဲ့ အတိတ်ဆိုးကြီးကို ပြန်သတိရလာမိတယ်။
"ဒီတော့ စွမ်းအားယစ်မူးတဲ့ရောဂါဖြစ်နေတဲ့ မြူတန့်က ငါတစ်ယောက်တည်းမဟုတ်ဘူးပေါ့။" စွမ်းအားရပြီး မြောက်ကြွကြွဖြစ်ဖူးတဲ့အထဲမှာ မက်ဒါနာလည်းပါတယ်။ ခုတော့နောင်တတွေ တစ်သီကြီးရနေပေမဲ့ပေါ့။
မက်ဒါနာတစ်ယောက် အတွေးလွန်နေတုန်း ဘေးမှာရှိနေတဲ့ ကောင်လေးဒီပက မက်ဒါနာကိုလှမ်းခေါ်ပါတယ်။ "မမကြီး၊ မမကြီးပဲ ဝန်ထမ်းသစ်တွေကို ကိုယ်တိုင်စစ်ဆေးမလို့ဆို။ ဘာတွေအတွေးလွန်နေတာလဲ။"
"ဪ၊ ဟုတ်သားပဲ။" မက်ဒါနာလည်း ပြန်သတိဝင်လာပြီး စက်ရုံလုပ်သားတွေဖြစ်လာမယ့်သူတွေကို ကြည့်လိုက်ပါတယ်။
အကုန်လုံးနီးပါးက ပန်းပဲလုပ်ငန်းနဲ့ အတွေ့အကြုံရှိတဲ့သူတွေဖြစ်ပြီး နည်းပညာမြင့်စက်ပစ္စည်းတွေကို မသုံးတတ်ဘူးဆိုပေမဲ့ လက်တွင်ခုံနဲ့ရင်းနှီးပြီးသားသူတွေမလို့ နာနိုCNCစက်အသုံးပြုနည်း သူတို့ကိုသင်ပေးရတာက လွယ်ပါတယ်။ အခုအချိန်ထိ စက်တွေရောက်မလာသေးပေမဲ့ မက်ဒါနာက သူတို့တွေကို ကွာခြားချက်တွေအကြောင်း ကြိုရှင်းပြထားဖို့ ဆုံးဖြတ်ထားတာလေ။
ကံကောင်းစွာနဲ့ နယ်စားကြီးရဲ့လွှမ်းမိုးမှုကြောင့် နဂိုဆုဗာနာချပ်ဝတ်ထုတ်လုပ်ရေးမှာ ပါဝင်ဖူးတဲ့ ဝါရင့်ပန်းပဲဆရာဦးလေးကြီးနှစ်ယောက်လည်း ဝန်ထမ်းအုပ်စုထဲမှာပါတယ်။ ပုဂ္ဂိုလ်ရေးမိတ်ဆက်စာနဲ့ မက်ဒါနာဆီမှာ အလုပ်လျှောက်ဖို့အကြံပေးခဲ့တာဖြစ်လို့ ဆုဗာနာအစိုးရရဲ့အကူအညီလို့တော့ ပြောလို့မရနိုင်ပါဘူး။
နှစ်နာရီကြာအောင် လက်ချာပေးပြီးတဲ့နောက်တော့ မက်ဒါနာက ဝန်ထမ်းမိတ်ဆက်အခန်းအနားကနေပြီးထွက်လာခဲ့ပါတယ်။ နောက်နှစ်ပတ်လောက်နေမှ သူတို့လုပ်ငန်းကို စရမှာပါ။
မက်ဒါနာအခန်းကိုပြန်ရောက်တော့ အေမီကိုကြည့်မနေတော့ဘဲ ငွေရောင်စစ်သည်ဝတ်စုံရဲ့အပျက်အစီးတွေကို ကြည့်လိုက်တယ်။ အစိတ်အပိုင်းအများစုပျက်စီးသွားပြီး အသစ်ပြန်လုပ်ရမှာဖြစ်သလို သူကလည်း လောလောဆယ် ဒီဝတ်စုံကို သုံးလို့မရသေးပါဘူး။ ဒါပေမဲ့ လိုရမယ်ရ ပြင်ဆင်ထားဖို့ ဆုံးဖြတ်လိုက်တယ်။
ငွေရောင်စစ်သည်ဝတ်စုံက လူမပါတဲ့ အော့တိုပိုင်းလော့ဝတ်စုံနဲ့တောင်မှ အခြေခံတိုက်ကွက်တွေကို ထုတ်ဖော်လို့ရပါတယ်။ ဒါပေမဲ့ လူမပါတဲ့အတွက်ကြောင့် Void Stream Rush, မြေဆွဲအားဓားရဲ့အားကုန်ခုတ်ချက်၊ အသံထက်ပိုမြန်တဲ့အမြန်နှုန်း စတာတွေကိုတော့ ထုတ်ဖော်ဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဝတ်စုံရဲ့မာကျောမှုကလွဲရင် ဘာမှသုံးမရဖြစ်နေမှာဆိုပေမဲ့ စစ်ပွဲကနီးကပ်လာပြီဖြစ်တာကြောင့် Plan Bအနေနဲ့ ပြင်ဖို့ဆုံးဖြတ်လိုက်တာ။ ဒါပေမဲ့ ဘာအဆင့်မြှင့်တင်မှုမှ လုပ်လို့မရသေးပါဘူး။ ဝတ်စုံရဲ့ပျက်စီးနေတဲ့ဇက်သတ္တုပြားတွေကို ပြန်လဲရုံပဲ သူလုပ်လို့ရဦးမှာ။
"ဒီကိစ္စက စက်ရုံကိစ္စနဲ့ဘာမှမဆိုင်ဘူးဆိုတော့ နယ်စားဖိုးဖိုးဆီက သတ္တုနည်းနည်းလောက် သွားတောင်းရင်ကောင်းမလား။" မက်ဒါနာက အကြံဆိုးကြီးနဲ့ပြုံးလိုက်ပါတယ်။ ဆုဗာနာမှာ အပေါဆုံးက ဇက်သတ္တုလေ။
...
သုံးရက်ကြာပြီးနောက် ဆုဗာနာနယ်စပ်တစ်နေရာ။
ဆုဗာနာကင်းထောက်တပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်သုံးယောက်က ကြေးစားစစ်တပ်ရဲ့တပ်စခန်းကို ရှာတွေ့ခဲ့ပါပြီ။ ဆုဗာနာရဲ့ပုရွက်ဆိတ်တွေကိုသုံးပြီး ခြေရာကောက်တဲ့နည်းလမ်းက ခေတ်မီနေဆဲပါ။ ဒါပေမဲ့ ဆုဗာနာတောင်တန်းတွေက အလွန်မက်စောက်ပြီး လမ်းကျွမ်းသူတွေတောင် တည်နေရာရှာဖို့ သိပ်မလွယ်ပါဘူး။ ကြေးစားစစ်တပ်က လမ်းမကျွမ်းပေမဲ့ စစ်ရေး အတွေ့အကြုံရှိသူတွေဖြစ်လို့ သူတို့စခန်းကို နေရာကောင်းတစ်ခုမှာ လျှို့ဝှက်ထားနိုင်ခဲ့ပါတယ်။
ရန်သူ့တပ်ဖွဲ့တွေ ခံစစ်ကြောင်းကိုလာတိုက်နေတဲ့ လမ်းကြောင်းတွေကိုသုံးသပ်ပြီး ကင်းထောက်အဖွဲ့က ရန်သူ့တပ်မဟာရဲ့ခြေချရာကို လိုက်လံရှာဖွေခဲ့ပေမဲ့ တစ်ပတ်ပြည့်မှသာ သူတို့ရှာတွေ့ခဲ့ကြတာဖြစ်ပါတယ်။
"အစ်ကိုကြီး၊ ဟိုနားက အကောင်ကြီးတွေက ထူးဆန်းတယ်မထင်ဘူးလား။ သူတို့ကိုယ်ပိုင် အသိစိတ်မရှိသလိုပဲ။"
ကင်းထောက်တပ်ဖွဲ့ဝင်တစ်ယောက်က မှန်ပြောင်းနဲ့ရန်သူ့စစ်ဌာနချုပ်ထဲကို လှမ်းကြည့်ရင်းပြောတယ်။ သွေးသောက်ဗိုလ်လေးကလည်း မှန်ပြောင်းနဲ့ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက် သူ့ဖုန်းမှာပါတဲ့ ပုံကိုထုတ်ကြည့်လိုက်ပြီး အတည်ပြုပါတယ်။
"နယ်စားအရှင် ငါတို့ကိုမျှဝေပေးခဲ့တဲ့ အချက်တွေအရဆိုရင် ဒါက မြူတန့်မဟာမိတ်ရဲ့ဝှက်ဖဲ အရိုးမျက်နှာစစ်သည်တွေပဲ။ သူတို့တွေက C အဆင့်စစ်သည်တွေနဲ့အဆင့်တူပဲ။"
သူတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်ပြီး သွေးသောက်က သူ့မှာပါလာတဲ့ စစ်သုံးကင်မရာလေးနဲ့စပြီး အရိုးမျက်နှာတွေကို ဓာတ်ပုံရိုက်ပါတယ်။ နောက်တော့ ရန်သူတွေမှာရှိနေတဲ့ အရိုးမျက်နှာကို သူတို့ချင်းခန့်မှန်းကြည့်ပြီးနောက် လေးထောင်ကျော် ငါးထောင်နီးပါးရှိနေပြီလို့ အဖြေထွက်လာတယ်။
ဒါ့အပြင် သူတို့ဓာတ်ပုံရိုက်နေစဥ်မှာပဲ တောင်တွေကိုကျော်ဖြတ်ပြီး ထပ်ရောက်လာတဲ့ အရိုးမျက်နှာတပ်ကြီးကိုပါ မြင်လိုက်ရပါတယ်။ ကင်းထောက်အဖွဲ့ထဲက သတ္တိနည်းတဲ့ တပ်သားလေးက တုန်တုန်ယင်ယင်နဲ့ ပြောလိုက်လေရဲ့။
"C rank စစ်သည်ငါးထောင်ကတင် ဆုဗာနာခံစစ်အတွက် တော်တော်လေးများနေပြီလို့ ပြောလို့ရနေပြီ။ ကြေးစားစစ်တပ်မှာ အရိုးမျက်နှာတွေ ဘယ်လောက်တောင်ရှိနေတာလဲ။"
သွေးသောက်က တအီအီငိုတော့မယ့်လေသံနဲ့ပြောနေတဲ့ စစ်သားလေးကို တိုးတိုးနေခိုင်းလိုက်ပြီး ပြောလာပါတယ်။
"သိပ်ကြောက်မနေနဲ့၊ နယ်စားနယ်မြေမှာလည်း ကိုယ်ပိုင်ဝှက်ဖဲရှိပါတယ်။ နယ်စားမင်းသမီးလေးက ငါတို့အတွက် ကြိုးစားပေးနေတာပဲ။ အခုတော့ ငါတို့ဒီသတင်းကိုသယ်ပြီး အထက်ကိုအကြောင်းကြားတာပေါ့။"
"ဟုတ်ကဲ့။" ကင်းထောက်တွေရဲ့တာဝန်က ရန်သူ့တပ်အခြေအနေကို စုံစမ်းပေးဖို့သက်သက်ပါ။ အခုရန်သူ့စခန်းနဲ့ ရန်သူ့လှုပ်ရှားမှုတွေကို သူတို့သိပြီမလို့ အထက်ကိုတင်ပြပြီးရင် သူတို့တာဝန်ပြီးပါပြီ။ ဒါပေမဲ့ ဒီကင်းထောက်တပ်ဖွဲ့လေး ပေါ့ဆမိခဲ့ပါတယ်။
"မင်းတို့ ပြန်ကြတော့မလို့လား၊ ဘလက်တီးသောက်သွားကြပါဦးလား။" နောက်ကနေ ထွက်လာတဲ့ အသံကြောင့် ကင်းထောက်သုံးယောက်လုံး ကြောက်ရွံစွာနဲ့လှည့်ကြည့်လိုက်ကြတယ်။
သူတို့ရောက်နေတာက ရန်သူ့နယ်မြေထဲမှာပါ အခုလို သူတို့အဖွဲ့သားမဟုတ်တဲ့ လူတစ်ယောက်ဆီက စကားသံကိုကြားရတာဟာ သူတို့ကို ရန်သူတွေသိသွားပြီဆိုတဲ့ သဘောပါပဲ။
လှည့်ကြည့်ပြီးနောက် သူတို့မြင်လိုက်ရတာက ငွေဖြူရောင်မျက်နှာဖုံးကို တပ်ထားတဲ့ လူတစ်ယောက် တောင်စောင်းပေါ်က ကျောက်တုံးကြီးတစ်တုံးပေါ်မှာ အေးအေးလူလူထိုင်ပြီး သူတို့ကိုစောင့်ကြည့်နေတဲ့ မြင်ကွင်းပါ။
ဒီလူက ကြေးစားစစ်တပ်ရဲ့အနက်ရောင်ယူနီဖောင်းကိုဝတ်ထားပြီး သူ့ပခုံးပေါ်က ကြယ်ပွင့်တွေက အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေပါတယ်။ သူ့ငွေရောင်မျက်နှာဖုံးက နှာတံတစ်ဝက်အထိပဲဖုံးတာဖြစ်လို့ ဒီလူရဲ့ခပ်နုနုနှုတ်ခမ်းသားကို သူတို့မြင်နေရတယ်။
ယောက်ျားတစ်ယောက်ဖြစ်ပေမဲ့ ရွှေအိုရောင်ဆံပင်ကို ပခုံးထိဖြာကျနေအောင် အရှည်ထားထားပြီး သူ့အနားမှာ မွန်မြတ်တဲ့အငွေ့အသက်တစ်ခုက ရစ်သိုင်းလို့ပါ။
သူ့လက်ထဲမှာတော့ ဖျော်ထားတာမကြာသေးပုံပေါ်တဲ့ ဘလက်တီးတစ်ခွက်ရှိနေပြီး ကော်ဖီရနံက နေရာအနှံသင်းပျံနေပါတယ်။ ဒါပေမဲ့ ကင်းထောက်အဖွဲ့အတွက်တော့ ဒါဟာသေမင်းရနံပါ။ သူတို့ရှေ့ကလူကလည်း သိပ်ကြောက်ဖို့ကောင်းတယ်လို့ သူတို့ခံစားမိကြပါတယ်။ ဆုဗာနာစောင့်ရှောက်သူတွေဆီကနေရတဲ့ ခံစားချက်မျိုးကို ဒီလူဆီကရနေတယ်။
"မ...မကောင်းတော့ဘူး... A... A rank ရန်သူ့အရာရှိ။" ဆုဗာနာသွေးသောက်က သူ့ခါးမှာချိတ်ထားတဲ့သေနတ်ကို ဆုပ်ကိုင်ဖို့ကြိုးစားလိုက်ပေမဲ့ ငွေရောင်အလင်းတစ်ချက်လက်သွားပြီးတဲ့နောက် သူ့လက်ကောက်ဝတ်က ထူးဆန်းစွာနဲ့ မြေပေါ်ကိုပြတ်ကျသွားတယ်။ နောက်တော့ သူ့လက်ကနေ သွေးတွေတလဟော စီးကျလာတော့တာပဲ။
သူ့အဖော်နှစ်ယောက်လည်း မြေပေါ်ကိုလဲကျသွားတယ်။ သူ့အဖော်တွေကို ကြည့်လိုက်တော့ ငွေရောင်ဖဲချပ်တွေက သူတို့နဖူးကို ဖောက်ဝင်နေပြီး အော်ချိန်တောင်မရလိုက်ပုံပဲ။
"မဖြစ်နိုင်တာ...." အဲဒီနောက် သူလည်းစကားမဆုံးသေးခင်မှာပဲ မြေပေါ်လဲကျသွားတယ်။ သူ့နဖူးမှာတော့ အလားတူဖဲချပ်တစ်ချပ်စိုက်ဝင်နေပါတယ်။ A rank စစ်သည်တွေရဲ့စွမ်းအားက သူတို့လိုသာမန်စစ်သည်လေးတွေ နားမလည်နိုင်တဲ့ အဆင့်တစ်ခုကိုရောက်နေပြီဆိုပေမဲ့ အခုလိုမျိုးတုံ့ပြန်ချိန်တောင် မရလိုက်တဲ့အဖြစ်မျိုးကတော့ အတော်ရှားပါတယ်။
ကြေးစားစစ်တပ်အရာရှိကတော့ သူ့ရှေ့က လူသေသုံးယောက်ကို စိတ်မဝင်စားတဲ့ပုံစံမျိုးနဲ့ ကော်ဖီဆက်သောက်နေတယ်။ သူ့လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်တော့ ငွေရောင်ဖဲချပ်လေးချပ်က သူ့လက်ထဲ ပြန်ရောက်လာတယ်။ ပထမတစ်ချပ်က သွေးသောက်ရဲ့လက်ကိုဖြတ်ဖို့ သုံးလိုက်တာဖြစ်ပြီး ကျန်သုံးချပ်က သုံးယောက်လုံးရဲ့ဦးခေါင်းခွံကို ဖောက်ပြီးသတ်ဖို့သုံးခဲ့တာပါ။
သိပ်မကြာခင်မှာပဲ ယပ်တောင်ကြီးကျောပိုးထားတဲ့ အမျိုးသမီးက တောင်စောင်းပေါ်ရောက်လာပြီး သေဆုံးနေတဲ့ ဆုဗာနာစစ်သည်သုံးယောက်ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းက ကွေးညွှတ်သွားတယ်။
"ဗျူဟာမှူးကားလ်က မရဏဖဲမိစ္ဆာဆိုတဲ့နာမည်နဲ့ တကယ်လိုက်ပါတယ်။ ရှင်ဖဲဝေစဝေတာနဲ့ ထိုးသားအကုန် သေကုန်ကြတာပါပဲလား။"
ကားလ်ကတော့ ကော်ဖီကို နောက်တစ်ငုံသောက်ပြီးမှ အဖြေပေးတယ်။ "ဆုဗာနာရဲ့ငချွတ်လေးတွေက အတော်သတ္တိကောင်းတယ်လေ။ ဒီအဖွဲ့က ခုရက်ပိုင်းရောက်လာတဲ့ ခြောက်ဖွဲ့မြောက်ပဲ။"
သွေးစွန်းမုန်တိုင်းဆီဆီလီယာက ဗျူဟာမှူးကားလ်ထက် နည်းနည်းပိုအဆင့်မြင့်ပါတယ်။ ဒါပေမဲ့ ကားလ်ရဲ့ဖဲချပ်တွေက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ သိပ်ကြောက်စရာကောင်းတဲ့ လက်နက်တွေဖြစ်ပြီးတော့ ညအမှောင်ထဲမှာသာ တိုက်ခိုက်ရမယ်ဆိုရင် ဆီဆီလီယာသာလျှင် အသက်ဆုံးရှုံးမှာဖြစ်ပါတယ်။ ဒါကြောင့် ကားလ်က ဆီဆီလီယာထက် ပိုကြောက်ဖို့ကောင်းတယ်။
"ဒီတော့ ဆုဗာနာအထက်လူကြီးတွေက ဒီနေရာမှာ တစ်ခုခုမူမမှန်တာဖြစ်နေပြီမှန်း သိနေလောက်ပြီမဟုတ်လား။"
ကင်းထောင်တွေက သူတို့သွားချင်ရာသွားနေကြတာမဟုတ်ဘူး။ အထက်က ပေးတဲ့အမိန့်အတိုင်း နေရာခွဲရှာနေကြတာ။ တကယ်လို့ တစ်နေရာတည်းကိုစေလွှတ်လိုက်တဲ့ ကင်းထောက်အများအပြား ပြန်မလာတော့တာကို သတိထားမိရင် ကြေးစားစစ်တပ်ရဲ့စခန်းဘယ်နေရာမှာလဲဆိုတာကိုပါ ခန့်မှန်းနိုင်လိမ့်မယ်။
ဗျူဟာမှူးကားလ်ကတော့ ပြုံးလိုက်ပြီး "သူတို့ခန့်မှန်းမိကြပါလိမ့်မယ်။ ဒါပေမဲ့ ငါတို့ရဲ့တကယ့်အင်အားကို သူတို့မသိတဲ့အတွက် ငါတို့ကိုလာတိုက်ရဲမှာမဟုတ်ဘူး။ သူတို့က ဒီစခန်းရဲ့အင်အားကိုသိချင်လို့ ကြေးစားတွေဆက်လွှတ်နေရုံပဲ။ အလကားအရာမထင်တဲ့ နောက်ဆုံးရုန်းကန်မှုတွေ။"
ဗျူဟာမှူးကားလ်က သူတို့အင်အားနဲ့ ဆုဗာနာကိုတိုက်ရိုက်သိမ်းနိုင်စွမ်းမရှိတာသိပေမဲ့ သူ့စခန်းသူတော့ ကာကွယ်နိုင်သေးတယ်လို့ ယုံကြည်ချက်ရှိပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူတို့စခန်းကို ရှာတွေ့ပြီး နယ်စားကြီးက ပုရွက်ဆိတ်ဘုရင်မရဲ့တပ်တွေနဲ့လွှမ်းမိုးဖို့ကြိုးစားခဲ့မယ်ဆိုရင်တော့ သူတို့ပြေးကောင်းပြေးရမှာပါ။
ဒါပေမဲ့အခုတော့ သူတို့တွေမှာ အရိုးမျက်နှာထောင်နဲ့ချီရှိနေပြီဖြစ်ပြီးတော့ ပုရွက်ဆိတ်တွေတပ်ကိုမကြောက်တော့ပါဘူး။ ဗျူဟာမှူးက တစ်ချက်စဥ်းစားပြီးပြောလိုက်တယ်။
"အခုသုံးရက်ကုန်သွားပြီ၊ ဌာနချုပ်က ငါတို့ဆီကို သုံးရက်အတွင်း အရိုးမျက်နှာခြောက်ထောင်အထိ ပို့ပေးနိုင်တယ်ဆိုတော့ ဒီတစ်ပတ်မှာတင် တစ်သောင်းကျော်အထိ လက်ခံရရှိနိုင်ခြေရှိတယ်လို့ ဆိုလိုတာပဲ။ ဒီအခြေအနေက ငါတို့ခန့်မှန်းထားတာထက်ပိုကောင်းတယ်။ ဒီအတိုင်းဆိုရင် နှစ်ပတ်မပြည့်ခင်မှာပဲ ဆုဗာနာကို သိမ်းဖို့အတွက် အင်အားရလာလိမ့်မယ်။"
ဒါပေမဲ့ ဆီဆီလီယာက ဗျူဟာမှူးကို သတိပေးလိုက်တယ်။ "ကျွန်မရှင့်ကို ပြောစရာတစ်ခုရှိတယ်၊ ဆုဗာနာကို သိမ်းမိရင်တောင် ပုရွက်ဆိတ်ဘုရင်မကို ရှင်တို့ဘာလုပ်မှာလဲ။ သူက ဇက်သတ္တုသိုက်ကိုဆက်စောင့်ရှောက်နေရင် ဌာနချုပ်မျှော်မှန်းထားသလိုမျိုး ဖြစ်လာမှာမဟုတ်ဘူး။"
တကယ်လည်းကြေးစားစစ်တပ်က ဆုဗာနာကို ဇက်သတ္တုအတွက်လိုချင်တာဖြစ်ပြီး ဂူအောင်းပြီးထွက်မလာတဲ့ ပုရွက်ဆိတ်ဘုရင်မကို ဖြေရှင်းဖို့နည်းလမ်းမရှိရင် ဆုဗာနာကိုသိမ်းတာက အလကားပဲဖြစ်နေမှာပါ။ လက်ရှိတပ်မဟာ၃၁၀မှာက S rank တစ်ယောက်မှရှိမနေဘူး။
ဒါပေမဲ့ဗျူဟာမှူးက အဓိပ္ပါယ်ပါပါပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။ "တကယ်တော့ နည်းလမ်းက ရှိပြီးသား။"