← Chapters

ဆန္ဒ

Vol. 5 Ch. 12

ဆန္ဒ

Vol. 5 Ch. 12

ဒီရက်က မတ်လနောက်ဆုံးနေ့ပါ။

မက်ဒါနာနဲ့စီမံကိန်းအတွက် လိုအပ်တဲ့အချိန် နှစ်ပတ်အနက် တစ်ပတ်ကုန်ဆုံးသွားခဲ့ပါပြီ။ နောက်ရက်ဆိုရင် ဧပြီလတစ်ရက်နေ့ဖြစ်သွားတော့မှာပါ။

"အမေ၊ ဧပြီလမှာ သင်္ကြန်ဆိုတဲ့ဟာကြီးရှိတယ်မဟုတ်လား။" မက်ဒါနာတစ်ယောက် ပြင်လို့ပြီးသွားပြီဖြစ်တဲ့ ငွေရောင်စစ်သည်ချပ်ဝတ်ကို စစ်ဆေးကြည့်နေရင်း အခန်းထဲမှာအတူတူရှိနေတဲ့ မေမေသီတာကို မေးလိုက်တယ်။

"ဟုတ်တယ်လေ သမီးရဲ့။" မေမေသီတာက ပြန်ဖြေလိုက်တယ်။

သင်္ကြန်က မြန်မာနိုင်ငံရဲ့နှစ်သစ်ကူးပွဲဖြစ်ပြီးတော့ ပွဲတော်ကြီးတစ်ခုပါ။ တောင်ငူအင်ပါယာကို ဆက်ခံပြီး ဒုတိယအင်းဝလက်အောက်မှာ အမှုထမ်းခဲ့တဲ့ ဆုဗာနာအနေနဲ့ ဒီယဥ်ကျေးမှုကို ဆက်ခံတာကလည်း ပုံမှန်ပါပဲ။ မူလကတော့ တောင်ငူအင်ပါယာနဲ့အတူပါလာတဲ့ ဗမာလူမျိုးတချို့ပဲ ကစားခဲ့ကြတာဆိုပေမဲ့ ခုတော့ ဆုဗာနာနိုင်ငံတွင်းက တရုတ်တွေရောအိန္ဒိယလူမျိုးတွေပါ ပါဝင်ကစားနေကြတယ်။

ဆုဗာနာမှာတော့ သင်္ကြန်ဟာ လူမျိုးဘာသာမရွေး နှစ်သစ်ကူးတဲ့နေ့ဖြစ်ပြီး ဂရီဂိုရီးယန်းပြက္ခဒိန်အရ နှစ်သစ်ကူးတဲ့ Happy New Year ထက်တောင် ပိုကျော်ကြားပါသေးတယ်။ ဒါပေမဲ့ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားက ပွဲတော်တွေနဲ့ယှဥ်ရင်တော့ ဆုဗာနာသင်္ကြန်က အတော်လေးရိုးရာဆန်ပါတယ်။ ငွေဖယားနဲ့ရေပတ်တာက အခုထိခေတ်စားတုန်းဖြစ်ပြီး အများဆုံးမှာ ရေဖလားလိုက်ပဲ လောင်းကြတာပါ။

"ဒါပေမဲ့ ကျူးကျော်စစ်ဖြစ်နေတာဆိုတော့ နယ်စားနယ်မြေအစိုးရက ပွဲခမ်းပွဲနားအနေနဲ့မလုပ်ဖို့ ဆုံးဖြတ်ထားတယ်။ အကျဥ်းချုံးအနေနဲ့ပဲ လုပ်ကြမှာ။ လူစုလူဝေးလုပ်မိရင် ကြေးစားစစ်တပ်ရဲ့ဒုံးကျည်တွေရန်ကို ကြောက်ရတယ်လေ။"

မက်ဒါနာက မျက်လုံးကိုလှန်ပြီး ခဏစဥ်းစားကြည့်တယ်။ စစ်ပွဲကာလက လူတွေရဲ့ပျော်ရွှင်မှုကို လုံးဝ ဖျက်ဆီးပစ်တာမဟုတ်လား။ ဘာရယ်တော့မဟုတ်ပေမဲ့ မက်ဒါနာရဲ့ယောက်ျားစိတ်အကြွင်းအကျန်လေးက ဆုဗာနာမိန်းကလေးတွေ ရေရွဲနေတဲ့ပုံလေးကို မြင်ချင်နေတာပါ။ ဒါပေမဲ့ မဖြစ်နိုင်ဘူးနဲ့တူပါရဲ့။

"ပြီးသွားပြီ၊ သမီးဒီပကို သွားရှာလိုက်ဦးမယ်။"

"အေးအေး၊ သမီးလေး။" မက်ဒါနာက ငွေရောင်စစ်သည်ဝတ်စုံကို သေတ္တာအဖြစ်ပြောင်းလိုက်ပြီး ခွေးနက်ကြီးကို လှမ်းခေါ်လိုက်တယ်။ အဲဒီနောက် အာဝုကြီးရဲ့ကျောပေါ်မှာ သေချာပြုတ်မကျအောင် တပ်လိုက်ပြီး ဝှီးချဲလေးကိုတွန်း အခန်းထဲကထွက်သွားလိုက်တယ်။

မေမေသီတာကတော့ ပြုံးမိသွားတဲ့နှုတ်ခမ်းကို လက်ဖဝါးနဲ့အုပ်ရင်း တစ်ယောက်တည်းပြောလိုက်လေရဲ့။

"အာလေလေ၊ အမေ့သမီးလေးက တခြားအပျိုမလေးတွေလိုမျိုး သင်္ကြန်ကဲချင်လို့ မေးတယ်နဲ့တူပါရဲ့။ အဖေ့ကိုနည်းနည်းလေး တိုက်တွန်းပေးဦးမှာပါ။"

မက်ဒါနာတစ်ယောက်တော့ သူကိုယ်တိုင်ဖိတ်ခေါ်မိခဲ့တဲ့ ချဥ်းကပ်လာတော့မယ့် ကပ်ဘေးကြီးကို ကြိုမသိခဲ့ပါဘူး။

...

"ဟော၊ နင်က ဒီရောက်နေတာကိုး။" လိပ်ပြာကြီးကို ပန်းပွင့်ကြီးတစ်ပွင့်ပေးနေတဲ့ ကောင်စုတ်လေးဒီပကို မက်ဒါနာက ဆုဗာနာရင်ပြင်တစ်နေရာမှာ ရှာတွေ့ပါတယ်။

စက်ရုံတည်ဆောက်ရေးလုပ်ငန်းတွေ စနေပြီဖြစ်ပေမဲ့ သူတို့ကိုယ်တိုင်ကြီးကြပ်ရမယ့်ကိစ္စတွေ မပါသေးတဲ့အတွက် ဒီရက်ပိုင်း သူတို့အားနေကြပါတယ်။ ဒီပလည်း ရှေ့တန်းကို မကြာခဏသွားကွပ်ကဲတယ်ဆိုပေမဲ့ ညနေဖက်ဆိုရင် နယ်စားနန်းတော်မှာပဲနေပြီး မက်ဒါနာအနားမှာပဲ ရှိနေတတ်တာ။

အစကတော့ မက်ဒါနာက ရှေ့တန်းအခြေအနေကို နေ့တိုင်းသိရအောင်ဆိုပြီး ဒီပကိုခေါ်လိုက်တာဖြစ်ပေမဲ့ ရက်နည်းနည်းကြာတော့ ဒီပနဲ့တမင်အချိန်ဖြုန်းဖို့ ခေါ်သလိုဖြစ်လာတယ်။ ဒီနေ့လည်း ဒီပက ရှေ့တန်းကပြန်လာပြီး လိပ်ပြာကို အစာကျွေးနေတာပါ။

မက်ဒါနာက ကြီးမားလှတဲ့ ဖြူပြာရောင်ပန်းပွင့်ကြီးကိုတွေ့တော့ မနေနိုင်ဘဲ မျက်လုံးပြူးသွားတယ်။ ဒီပန်းပွင့်က တကယ်ပဲလူမျက်နှာလောက်ကြီးတယ်။ လိပ်ပြာက အဲဒီပန်းပွင့်ထဲက ဝတ်ရည်တွေကို လူလက်မောင်းနီးပါးရှိတဲ့ ဖောက်ထွင်းမြင်နိုင်တဲ့နှာမောင်းနဲ့ စုပ်ယူနေတာပါ။

"မှော်ဝင်လိပ်ပြာတောင်ကြားမှာပေါက်တဲ့ Giant Yarrow ပန်းပွင့်ကြီးတွေလေ။ မြူတန့်လိပ်ပြာတွေက တစ်နေ့ကို အနည်းဆုံးအပွင့်နှစ်ဆယ်လောက်သောက်တယ်။ ဒါပေမဲ့ ဒီပန်းပွင့်တွေက တောင်ကြားထဲမှာဆို နေ့တိုင်းထောင်နဲ့သောင်းနဲ့ချီပြီးပွင့်နေတာ။"

ဆုဗာနာက တကယ်ပဲ မြူတန့်သားရဲတွေအတွက် သုခဘုံကြီးပါ။ သူတို့ရဲ့မြေဆီလွှာကိုယ်တိုင်ကကို မြူတန့်သားရဲတွေ ကြီးထွားဖို့အတွက် ဖြည့်ဆည်းပေးနေတာပါ။

မက်ဒါနာက အံ့ဩနေတာကိုရပ်လိုက်ပြီး ခွေးနက်ကြီးကျောပေါ်က သေတ္တာကို ကောင်လေးဒီပဆီ ပေးလိုက်တယ်။ ကောင်လေးဒီပကတော့ ဒီသေတ္တာကို လက်ခံရရှိတဲ့အတွက် အံ့ဩသွားပါတယ်။

"အစ်မကြီး ဒါအစ်မကြီးဝတ်စုံမလား။" မက်ဒါနာက ခေါင်းညိတ်ပြလိုက်ပြီး

"အင်း၊ ငါPlan B အနေနဲ့ ပြန်ပြင်ထားတဲ့ဝတ်စုံလေ။ ဒီဝတ်စုံရဲ့ဇက်သတ္တုအစိတ်အပိုင်းတွေကို အစားထိုးပြီးပြီဆိုပေမဲ့ Void Stream အစိတ်အပိုင်းတချို့တော့ အစားမထိုးရသေးဘူး။ ဒါပေမဲ့ လူအထဲမှာရှိနေရင် Full Rush လုပ်လို့ရတယ်။ အလင်းဒြပ်စင်တွေ သေချာမစီးဆင်းရုံပဲ။ Void Streamစနစ်ကို ပြန်ပြင်ဖို့ဆိုရင် အမေရိကန်က ပလာဒင်ကုမ္ပဏီကို မှာမှရမယ်။ ဒီမှာပစ္စည်းစုံမရှိဘူး။"

လောလောဆယ် မက်ဒါနာက စက်ရုံဆောက်နေပြီဖြစ်တာကြောင့် ဆုဗာနာမှာပေါတဲ့ပစ္စည်းတွေကလွဲလို့ တခြားပစ္စည်းတွေကို မက်ဒါနာမှာလို့မရပါဘူး။ သူတို့ရထားတဲ့ဘားဂျက်က နည်းနည်းပိုတယ်ဆိုပေမဲ့ မျှော်လင့်မထားနိုင်တဲ့ အဖြစ်အပျက်တွေကြောင့် အရေးပေါ်လိုလာနိုင်တာမျိုးလည်းရှိတယ်။ အခုက စစ်ဖြစ်နေတာပါ၊ အကြောင်းအမျိုးမျိုးကြောင့် စက်ရုံတစ်ခုခုဖြစ်သွားနိုင်တာမလို့ အရံငွေထားရပါမယ်။

"အစ်မကြီး ဒီဝတ်စုံကို မသုံးတော့ဘူးလား။" ဒါပေမဲ့ဒီပက စကားကို ပြောပြီးပြီးချင်းမှာပဲ နောင်တရသွားတယ်။ မက်ဒါနာက လမ်းမလျှောက်နိုင်တဲ့အတွက် ဒီဝတ်စုံက အလကားဖြစ်နေပါတယ်။

"အင်း၊ နင်ငါ့အစား သုံးလို့အဆင်ပြေမလားကြည့်ချင်လို့။" မက်ဒါနာက စိတ်မဆိုးဘဲ ရှင်းပြတယ်။

"ဒီဝတ်စုံက Auto Pilot စနစ်နဲ့မောင်းနှင်လို့ရပေမဲ့ အခြေခံလှုပ်ရှားမှုတွေပဲရမှာမလို့ စစ်ပွဲမှာဘာမှသုံးလို့မရဘူး။ ဥပမာ မြေဆွဲအားဓားကို အလေးချိန်လေးဆလောက်ပဲတင်လိုက်ရင်တောင် လူမပါတဲ့ဝတ်စုံက ဒူးထောက်ကျသွားလိမ့်မယ်။"

မြေဆွဲအားရဲ့ပုံမှန်အလေးချိန်ကတင် သာမန်လူတစ်ယောက် မလို့မရတဲ့အထိလေးပါတယ်။ နှစ်ဆဆိုတာက မက်ဒါနာအနေနဲ့ မြေဆွဲအားဓားကို ပုံမှန်ခုတ်လွှဲတဲ့အခါ သုံးတဲ့အားဖြစ်ပါတယ်။ ဒီတော့ ဒီဝတ်စုံက ပုံမှန်ဓားချက်တွေကိုပဲ ထုတ်သုံးနိုင်တယ်လို့အဓိပ္ပါယ်သက်ရောက်တယ်။

"ဒါပေမဲ့ နင်ဝတ်နိုင်တယ်ဆိုရင်တော့ ကွာခြားသွားပြီလေ။ နင့်အနေနဲ့ Herricane Rushနဲ့ Hyper Sonic Speed ကိုသုံးနိုင်တယ်ဆိုရင် ကြေးစားစစ်တပ်က ခေါင်းဆောင်တွေကို ရှင်းပစ်လို့ရလိမ့်မယ်။"

တစ်ယောက်က ခေါင်းဆောင်တွေကိုရှင်းပစ်ပြီး မြေပြင်တပ်တွေက အဆင့်မြှင့်ထားတဲ့ ချပ်ဝတ်တွေနဲ့ သာမန်ရန်သူတွေကိုခြေမှုန်းမယ်။ ဒါက မက်ဒါနာရဲ့ Combo Planပါ။ ဒါပေမဲ့ အောင်မြင်နိုင်ခြေရှိမရှိတော့ သူမသိပါဘူး။

"ကောင်းပြီလေ၊ စမ်းကြည့်ကြတာပေါ့။"

ဒီလိုနဲ့ မက်ဒါနာတို့အုပ်စုက နန်းတော်နောက်မှာရှိတဲ့ စစ်ရေးပြကွင်းအသေးစားလေးဆီ ရောက်လာကြပါတယ်။ နန်းတော်မှာရှိနေတဲ့ တချို့သူတွေလည်း လာကြည့်ကြတယ်။ နယ်စားကြီးကတော့ ရှေ့တန်းမှာပဲရှိနေဆဲပါ။

ကောင်စုတ်လေးက သေတ္တာကခလုတ်ကို နှိပ်လိုက်ရင်ပဲ ဝတ်စုံက သူ့ခန္ဓာကိုယ်မှာ အလိုလိုစတပ်ဆင်ပါတယ်။ ကောင်စုတ်လေးက နည်းပညာမြင့်ဝတ်စုံတွေတစ်ခါမှ မဝတ်ဖူးတဲ့အတွက် လန့်နေပေမဲ့ မက်ဒါနာက နှစ်သိမ့်လိုက်တယ်။

"မပူနဲ့၊ ဝတ်စုံက အလိုလိုအာရုံခံပြီး နင်နဲ့လိုက်ဖက်တဲ့ဆိုက်ဒ်ကို ပြောင်းပေးလိမ့်မယ်။" Void Stream တွေက ပြောင်းလွယ်ပြင်လွယ်တာမလို့ ဆိုက်ဒ်ကိုခြောက်လက်မလောက်အထိ အပြောင်းအလဲလုပ်နိုင်ပါတယ်။

နောက်ဆုံး မက်ဒါနာနဲ့ပရိသတ်တွေရှေ့မှာ မူရင်းငွေရောင်စစ်သည်ထက် အများကြီးအရပ်ပိုပုတဲ့ ငွေရောင်စစ်သည်ထွက်ပေါ်လာတယ်။

"ကောင်းပြီ၊ ပထမဆုံး ရှေ့ကိုတည့်တည့်လျှောက်ကြည့်။" ကောင်စုတ်လေးက ခေါင်းညိတ်ပြီး ရှေ့ကိုလျှောက်ကြည့်ပေမဲ့ သူ့ခြေလှမ်းတွေက သိပ်ကိုနှေးကွေးလွန်းတယ်။

"အစ်မကြီး၊ ဒီဝတ်စုံက သိပ်လေးတာပဲ။"

မက်ဒါနာက ခေါင်းကိုစောင်းလိုက်မိတယ်။ "အဲဒီလောက်ထိ မဟုတ်ပါဘူး။"လို့ သူ့ပါးစပ်ကနေ အလိုလိုပြောမိလိုက်သေးတယ်။ ငွေရောင်စစ်သည်ချပ်ဝတ်က ဇက်သတ္တုအစစ်နဲ့လုပ်ထားတာဖြစ်လို့ အလေးချိန်တိုင်းမယ်ဆိုရင် ပလာဒင်ချပ်ဝတ်တွေက လေးဆနီးပါးပိုလေးပါတယ်။ Void Streamတွေရဲ့ထောက်ပံပေးထားမှုကြောင့်သာမဟုတ်ရင် လူတစ်ယောက်က လွယ်လွယ်နဲ့ဝတ်စုံတွင်းမှာ လှုပ်ရှားနိုင်မှာမဟုတ်ဘူး။

"ဒါဆိုရင် Void Streamတွေမှာ အားဖြည့်ပြီးတော့ ရှေ့ကိုပြေးကြည့်။"

"ဟုတ်ကဲ့။" မက်ဒါနာပြောတဲ့အတိုင်းပဲ ကောင်စုတ်လေးက ဝတ်စုံစနစ်အကူအညီနဲ့ ခြေထောက်တွေကိုကွေးပြီး Void Streamနဲ့ပြေးဖို့လုပ်ကြည့်တယ်။ Full Rushမဟုတ်ပေမဲ့ ပုံမှန်ပြေးတာထက်တော့ ပိုမြန်သင့်တဲ့ လုပ်ဆောင်မှုပါ။ ဒါပေမဲ့ ကောင်စုတ်လေးက ခြေလှမ်းနှစ်ဆယ်လောက်ပြေးပြီးနောက် မခံနိုင်တော့ဘဲ ချော်လဲသွားပြီး မြေပေါ်မှာတုန်းလုံးလဲသွားတယ်။

မက်ဒါနာဝှီးချဲလေးကိုမောင်းသွားပြီး ခွေးကြီးကဒီပကို ကူထူပေးလိုက်တယ်။ ခေါင်းစောင်းကို ချွတ်ကြည့်တော့ ဒီပမျက်နှာတစ်ခုလုံး ချွေးတွေစီးကျပြီး ဟောဟဲဟောဟဲဖြစ်နေပြီ။

"အစ်မကြီး... ဒီဝတ်စုံနဲ့ဘယ်လိုတိုက်ပွဲဝင်လည်းတော့မသိဘူး၊ ဇက်သတ္တုအပြည့်နဲ့ဆုဗာနာချပ်ဝတ်တွေတောင် ဒီလောက်မလေးဘူး။"

မက်ဒါနာက သေချာစဥ်းစားကြည့်တယ်။ ငွေရောင်စစ်သည်ဝတ်စုံက လေးပေမဲ့ သူ့အတွက် အနေတော်ပဲ။ ပြီးတော့ သူကမိန်းကလေးပါ။ ဒီပကလည်း စစ်ရေးလေ့ကျင့်ထားသူမလို့ အားနွဲ့တဲ့လူငယ်တစ်ယောက်မဟုတ်ဘူး။

"ငါက ဒီဝတ်စုံကို စတီထွင်ပြီးကတည်းက ဝတ်နေခဲ့တာမလို့ ပြောင်းလဲမှုနဲ့အသားကျနေပြီး ပိုလေးလာတာကို သတိမထားမိဘဲ အသုံးပြုနိုင်နေတာလား။"

ဒီပလက်လျှော့ပြီးသွားတဲ့နောက်တော့ ကြည့်နေတဲ့ နန်းတော်အစောင့်တွေထဲက သန်သန်မာမာစစ်သည်တစ်ယောက်က ကွင်းထဲဝင်လာတယ်။ သူ့ကိုယ်ပေါ်မှာဝတ်ထားတဲ့ ဇက်သတ္တုချပ်ဝတ်က တချွင်ချွင်မြည်နေပါတယ်။

"မင်းသမီးလေး၊ စိတ်မရှိဘူးဆိုရင် ကျွန်တော်စမ်းကြည့်ချင်ပါတယ်။" စစ်သည်က ရဲဝင့်စွာထုတ်ပြောလိုက်တယ်။

မက်ဒါနာကလည်း ငြင်းစရာမရှိတဲ့အတွက် ခေါင်းညိတ်ပြပြီး ခွင့်ပြုလိုက်တယ်။ နောက်စက္ကန့်အနည်းငယ်ကြာတော့ စစ်သည်က ငွေရောင်သေတ္တာကိုကိုင်ပြီး ဝတ်စုံဝတ်လိုက်ပါပြီ။ သူက ဒီပရောမက်ဒါနာရောထက် ပိုအရပ်ရှည်တာကြောင့် ဝတ်စုံကလည်း မူရင်းSKထက်ပိုအရပ်မြင့်သွားတယ်။

ဒီစစ်သည်ကတော့ ပြေးတာနဲ့ လျှောက်သွားတာကို ကောင်းကောင်းလုပ်နိုင်ပါတယ်။ ဒါကြောင့် မက်ဒါနာက နောက်တစ်ဆင့်တက်ဖို့ ဆုံးဖြတ်လိုက်တယ်။

"မြေဆွဲအားဓားကိုသုံးပြီး ပစ်မှတ်တစ်ခုခုကို ခုတ်ကြည့်။"

နောက်တော့ စစ်သည်က မြေဆွဲအားဓားကို ပခုံးပေါ်တင်ပြီး ပြင်းအားလေးဆအထိတင်ကာ သစ်သားလူရုပ်ကို စမ်းခုတ်တယ်။

ဘုန်း....။ သစ်သားလူရုပ်က တစ်စစီကြေကွဲသွားတဲ့အတွက် မက်ဒါနာပြုံးလိုက်မိတယ်။ ဒါပေမဲ့ ခဏအကြာမှာပဲ မျက်မှောင်ကြုတ်လိုက်မိပြန်တယ်။

အကြောင်းကတော့ စစ်သည်က အရှိန်မထိန်းနိုင်တော့ဘဲ မြေဆွဲအားဓားက သူ့လက်ကနေ ချော်ထွက်သွားလို့ပါ။ ငွေရောင်စစ်သည်လည်း မြေပေါ်တုန်းခနဲလဲသွားပြီး ဓားကတော့ လူတွေထိုင်နေတဲ့ဘက် လွင့်သွားလို့ အကုန်ထပြေးရတယ်။ နောက်တော့ ဓားက နန်းတော်နံရံတစ်ခုကို ဖျက်ဆီးပစ်မိလိုက်ပြီး မေမေသီတာရဲ့အော်သံကျယ်ကြီး ထွက်လာတော့တာပဲ။

"မက်ဒါနာ၊ နင်ဘိုးဘေးတွေဆောက်ထားတဲ့ နန်းတော်ကို ဖျက်ဆီးနေတာလား။"

"....."

...

နောက်ဆုံးတော့ မက်ဒါနာတစ်ယောက် အာဝုကြီးပေါ်ကို သေတ္တာပြန်တင်ပေးပြီး မြက်ထိဖို့ ဝှီးချဲနဲ့မြို့ထဲပတ်လည်ရတဲ့ကိန်း ပြန်ဆိုက်တော့တာပဲ။ ဒီပကတော့ သူ့နောက်ကနေ ဝှီးချဲတွန်းပေးနေပါတယ်။

ဝင်လုဆဲဆဲနေရောင်ကတော့ သူတို့နှစ်ယောက်နဲ့အာဝုကြီးပေါ် ဖြာကျလို့ရယ်။ လမင်းစန္ဒာမြို့တော်မှာက ပြည်သူတွေမရှိတော့တာကြောင့် ခြောက်ကပ်ပြီး သရဲမြို့တော်ကြီးနဲ့တူနေတာကလွဲရင် တကယ့်ကို ရိုးမန့်တစ်ဆန်မယ့် မြင်ကွင်းမျိုးပါ။

မက်ဒါနာက သက်ပြင်းချလိုက်ပြီး လေသံပြင်းပြင်းနဲ့ ပြောလိုက်မိတယ်။ "တကယ်ကြီး နယ်စားနယ်မြေမှာ ဒီဝတ်စုံကိုဝတ်နိုင်တဲ့သူမရှိတာ ငါမယုံနိုင်သေးဘူး။ ဒီဝတ်စုံကို သေချာထိန်းချုပ်နိုင်ဖို့ နှစ်နဲ့ချီလေ့ကျင့်ဖို့လိုတယ်ဆိုပဲ။ ပေါက်ကရတွေ။"

မက်ဒါနာတို့က အချိန်အတော်ကြာတဲ့အထိ စမ်းသပ်မှုကို မရပ်ခဲ့ကြပါဘူး။ အဲဒီအစား နန်းတော်အစောင့်တွေကို တစ်ယောက်ပြီးတစ်ယောက်ခေါ်ပြီး စမ်းသပ်ကြည့်ခဲ့ကြပါတယ်။ ဒါပေမဲ့ အကုန်လုံးကျရှုံးသွားတယ်။

တော်တော်များများက ဒီပလိုပဲ လမ်းလျှောက်ပြီးပြေးတဲ့အဆင့်မှာတင် မှောက်ကုန်တာဖြစ်ပြီးတော့ ပိုသန်မာတဲ့သူတွေကတော့ အဲဒီအဆင့်ကိုအောင်ပါတယ်။ ဒါပေမဲ့ အဲဒီလူတွေကလည်း ဓားကိုမှန်မှန်မလွဲနိုင်ကြဘူး။ နောက်ဆုံးတော့ မက်ဒါနာက မြေဆွဲအားဓားကို ခဏဖယ်ထားပြီး တခြားစမ်းသပ်မှုတွေလုပ်စေပါတယ်။

ပျံသန်းမှုနဲ့Sonic Speedပါ။

ပထမဆုံးအနေနဲ့ ဝတ်စုံကိုသုံးပြီးလေထဲမှာပျံဝဲတဲ့အဆင့်ကို တချို့တစ်ဝက်တော့အောင်ပေမဲ့ သူတို့တွေက Sonic Speedနဲ့မပျံသန်းနိုင်ကြပါဘူး။ ဆုဗာနာလေတပ်ကလူတွေအနေနဲ့တော့ ဒီအဆင့်ကိုအောင်မြင်ကောင်းအောင်မြင်မှာဖြစ်ပေမဲ့ ဒီပအဆိုအရ လေတပ်ဖွဲ့ဝင်အများစုက နန်းတော်အစောင့်တပ်လို ခန္ဓာကိုယ်မသန်စွမ်းပါဘူး။ ဒီတော့ ဝတ်စုံနဲပြေးဖို့ဆိုတာ သူတို့အတွက်မဖြစ်နိုင်ဘူးရယ်။

နောက်ဆုံးတော့ အစောင့်တပ်မှူးကြီးရောက်လာပြီး ဝတ်စုံကို ကိုယ်တိုင်ဝတ်ကြည့်ပါတယ်။ သူလည်းအဆင့်တချို့အောင်မြင်ပေမဲ့ ဝတ်စုံကို B rank အဆင့်အထိပဲသုံးနိုင်ခဲ့ပါတယ်။ Sonic Speedနဲ့မတိုက်နိုင် မြေဆွဲအားဓားကို အားကုန်မသုံးနိုင်တဲ့ ငွေရောင်စစ်သည်ဟာ အဆင့်မမြှင့်ရသေးတဲ့ Archmegaကိုတောင် ကောင်းကောင်းရင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ မက်ဒါနာလမ်းတေလေဟီးရိုးလုပ်တုန်းကလောက်ပဲ အားကောင်းမှာဖြစ်ပြီး ဆုဗာနာရဲ့လက်ရှိစစ်ပွဲမှာသုံးစားမရပါဘူး။

နှစ်နှစ်ဆယ်နီးပါး တိုက်ပွဲအတွေ့အကြုံရှိတဲ့တပ်မှူးက အခုလိုမှတ်ချက်ချလိုက်ပါတယ်။ "ဒီဝတ်စုံကို ဆုဗာနာရဲ့အတော်ဆုံးစစ်သည်ပဲ ဝတ်နိုင်လိမ့်မယ်။ ဒါ့အပြင် အဲဒီစစ်သည်အနေနဲ့ ဝတ်စုံရဲ့အမြင့်ဆုံးအဆင့်ကိုသုံးဖို့ အနည်းဆုံးသုံးနှစ်ကနေ ငါးနှစ်အထိ လေ့ကျင့်ရလိမ့်မယ်။"

နောက်ဆုံးတော့ မက်ဒါနာဟာ အားကောင်းတဲ့ဝတ်စုံတွေကို လူတိုင်းဝတ်နိုင်တာမဟုတ်ဘူးဆိုတဲ့အချက်ကို ကိုယ်တိုင်လက်ခံလိုက်ရတော့တယ်။ မဟုတ်ရင် ကမ္ဘာနိုင်ငံကြီးတွေမှာ အစိုးရထောက်ပံထားတဲ့ နည်းပညာဝတ်စုံဝတ် အဆင့်မြင့်ဟီးရိုးတွေအများကြီးရှိနေလောက်ပြီပေါ့။ နည်းပညာမြင့်ဟီးရိုးတွေက အကုန်အကျများတာအပြင် ဝတ်ဆင်မယ့်Pilot ကိုပျိုးထောင်ပေးဖို့ ခက်ခဲတာကြောင့်ပါ နိုင်ငံကြီးတွေမှာ မရှိခဲ့ပုံပါပဲ။

မက်တယ်ပလာဒင်တောင် ကိုယ်ထူကိုယ်ထဝတ်စုံတစ်ခုကို တီထွင်ခဲ့တာဖြစ်ပြီး သူ့အဆင့်က A ဖြစ်ကာ မက်ဒါနာနဲ့ဖရာလီတာမပေါ်ခင်ကအထိ အဆင့်အမြင့်ဆုံးနည်းပညာဟီးရိုးဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူ့ဝတ်စုံကလည်း လူတိုင်းဝတ်ဖို့အရည်အချင်းမပြည့်မီပါဘူး။ ဒီလိုဝတ်စုံမျိုးထုတ်ပေးနိုင်တဲ့ နည်းပညာမြူတန့်တွေကိုယ်တိုင်က အရေအတွက်နည်းတဲ့အပြက် ရှိတဲ့နည်းပညာမြူတန့်တွေကလည်း အစိုးရကိုသစ္စာခံတာအလွန်ရှားပါတယ်။ အများစုက မက်ဒါနာနဲ့ပလာဒင်လိုပဲ အစိုးရနဲ့မတူညီတဲ့အမြင်တွေရှိတတ်ကြပြီး တစ်သီးပုဂ္ဂိုလဟီးရိုးတွေဖြစ်လာပါတယ်။

"ဒီတော့ ဒီဝတ်စုံနဲ့ အစ်မကြီးဘာဆက်လုပ်ဖို့ စဥ်းစားထားလဲ။" အချိန်အတော်ကြာအောင် ဘာပြောရမှန်းမသိဖြစ်နေတဲ့ဒီပက စိတ်ဆိုးပြီးနှုတ်ခမ်းဆူထားတဲ့ မက်ဒါနာကို မေးလိုက်တယ်။

"မသိတော့ဘူး၊ အနည်းဆုံးတော့ လူရှိန်အောင် ငါ့နောက်မှာထားလို့ရမယ်ထင်တာပဲ။" မက်ဒါနာက ငိုမဲ့မဲ့မျက်နှာနဲ့ပြောလိုက်တော့ ဒီပကိုယ်တိုင်ပါ ငိုမဲ့မဲ့ဖြစ်လာတယ်။

"ကဲပါ၊ စိတ်ညစ်စရာတွေမေ့ထားပြီး မြို့ထဲလျှောက်လည်ရအောင် ဘာမှမရှိဘူးဆိုပေမဲ့ လိုက်ပြစရာနေရာတွေအများကြီးရှိပါသေးတယ်။"

ကောင်စုတ်လေးဒီပက မက်ဒါနာရဲ့ဝှီးချဲကို နောက်ကနေ ဆက်တွန်းတယ်။ တကယ်တော့ မော်တာတပ်ထားလို့ မလိုအပ်ပေမဲ့ တစ်ယောက်ယောက်ဒီလိုတွန်းပေးတော့ မက်ဒါနာတစ်ယောက် စိတ်ထဲမှာတစ်မျိုးနေကောင်းသလို ခံစားရတယ်။

'ဒီခံစားချက်က... ငါဒီမှာတစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့ ခံစားချက်မဟုတ်လား။' သူ့မှာ ကာကွယ်ပေးရမယ့် မိသားစုတစ်ခုရှိတယ်၊ နိုင်ငံတစ်ခုရှိနေတယ်။

အစကတော့ မက်ဒါနာတစ်ယောက် သူ့ဦးလေးကို အားကျတဲ့အတွက် သူရဲကောင်းဖြစ်ချင်ခဲ့ရုံပါပဲ။ တခြားတိုက်ခိုက်ရမယ့်အကြောင်းအရင်းတွေ သူ့မှာမရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ ဟီးရိုးတစ်ယောက်ဖြစ်လာပြီးတဲ့နောက် သူ့မှာရည်မှန်းချက်မယ်မယ်ရရမရှိတော့ဘဲ ဟီးရိုးမပီသတဲ့ အလုပ်တချို့ကို လုပ်ခဲ့မိတာ။

ဒါပေမဲ့ ပိုကောင်းတဲ့ဟီးရိုးဖြစ်လာဖို့ ဆုံးဖြတ်ချက်ချပြီးချိန်ကစလို့ သူစတင်သတိထားမိလာတဲ့ အရာတွေအများကြီးရှိတယ်။

မက်ဒါနာက ညနေခင်းနေရောင်ကြောင့် လမ်းပေါ်မှာထင်နေတဲ့ သူနဲ့ဒီပရဲ့အရိပ်ကို ကြည့်လိုက်မိလေရဲ့။ ဒီကောင်စုတ်လေးက သူ့ရဲ့မိသားစုဝင်တစ်ယောက်ပါ။ ပြီးတော့ အပြစ်ကင်းစင်တယ်။

'တွေးကြည့်တော့ ငါ့မှာငါချစ်တဲ့သူတွေ အများကြီးရှိတာပဲမဟုတ်လား။ ဆိုဖီယာ၊ ဖလေရာ၊ လင်ဒါ၊ ဖရာလီတာ၊ လီဆာ၊ မေမေသီတာ၊ နယ်စားဖိုးဖိုး၊ ကောင်စုတ်လေးဒီပ၊ အန်တီလေးအိုလီဗာ၊ မာဂရပ်... ပြီးတော့ အေမီ။' တဖြည်းဖြည်း သူရင်းနှီးတဲ့သူတွေရဲ့မျက်နှာတွေ သူ့စိတ်ထဲမှာ ထင်ဟပ်လာပါတယ်။

အေမီအကြောင်းကိုတွေးမိတော့ သူ့စိတ်ကူးထဲမှာ အေမီက သူ့ကိုလှည့်ကြည့်ပြီး ပြန်ပြုံးပြတယ်လို့ ခံစားမိလိုက်တယ်။

"ဟီးရိုးတွေက ဘာအတွက်တိုက်ခိုက်နေကြတာလဲ။"

အရင်ကတော့ မက်ဒါနာမှာ ဒီမေးခွန်းအတွက် ဖြေစရာအဖြေမရှိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ သူရဲရဲကြီးဖြေနိုင်ပြီလို့ ဆိုရမှာပဲ။

'သူတို့တွေက သူတို့ချစ်တဲပသူတွေသိတဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ထိန်းသိမ်းပေးချင်ကြရုံပဲ။ တခြားဘာမှမရှိဘူး။' သူတို့အနားကကမ္ဘာကြီးငြိမ်းချမ်းနေမှ သူတို့ချစ်တဲ့သူတွေ ပျော်နိုင်မှာမဟုတ်လား။

"ကီလိုမန်း၊ ရှင်ရော ဒီနိုင်ငံကို အဲဒီအတွက် ကာကွယ်ပေးချင်ခဲ့တာလား။"

မက်ဒါနာက ဟီးရိုးနာမည်တစ်ခုကို ရေရွတ်လိုက်မိတယ်။ အဲဒီနာမည်ပိုင်ရှင်က သူ့ရဲ့တစ်ဘဝတာစွဲလမ်းမှုကို အစပျိုးပေးခဲ့သူပါ။

All Chapters