ပြင်ဆင်မှုများ
Vol. 5 Ch. 13
စက်ရုံဆောက်တာပြီးသွားပြီ။ အခုက ဧပြီလ သုံးရက်နေ့ပါ။
တိဗက်ကုန်းမြေမြင့်ကနေမှာထားတဲ့ စက်ပစ္စည်းတွေရောက်မလာသေးပေမဲ့ မက်ဒါနာက ဝန်ထမ်းသစ်တွေကို ကိုယ်တိုင်လေ့ကျင့်ပေးဖို့အတွက် ရှိတဲ့လက်လုပ်တွင်ခုံတွေနဲ့ အစမ်းပြပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ဆောက်ပြီးကာစ စက်ရုံအသေးလေးထဲကို မက်ဒါနာဝင်လိုက်တော့ အသစ်ခန့်ထားတဲ့ လုပ်သားနှစ်ဆယ်က အကုန်မြေပေါ်မှာကျုံကျုံလေးတွေနေပြီး မက်ဒါနာကို ဂါရဝပြုဖို့လုပ်နေကြတယ်။
"ရှင်... ရှင်တို့ဘာလုပ်နေကြတာလဲ။" မက်ဒါနာက မေးလိုက်တော့ လုပ်သားတွေအကုန်လုံးက ပြိုင်တူပဲ ထူးဆန်းတဲ့နည်းလမ်းနဲ့ နှုတ်ဆက်လိုက်တယ်။
"မင်းသမီးလေးမက်ဒါနာ သက်တော်ရာကျော်ရှည်ပါစေ။" ဒီမြင်ကွင်းကြောင့် ဝှီးချဲပေါ်မှာရှိနေတဲ့ မက်ဒါနာတစ်ယောက် တစ်ကိုယ်လုံးမာတောင့်သွားပြီး မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ မက်ဒါနာက အတင်းလုပ်ပြုံးထားရင်း အလုပ်သမားတွေကို ကြမ်းပြင်ကနေထခိုင်းလိုက်တယ်။
"ကျ... ကျွန်မက မင်းသမီးဆိုပေမဲ့ ဒီလောက်ကြီး အရေးတယူလုပ်စရာမလိုပါဘူး။ ဒီအတိုင်းရိုးရိုးမိန်းကလေးတစ်ယောက်လို့ပဲမှတ်ပြီး လုပ်စရာရှိတာ လုပ်ကြပါ။"
"အမိန့်တော်အတိုင်းပါ မင်းသမီးလေး။" ဒါပေမဲ့ ဒီအလုပ်သမားတွေက နည်းနည်းလေးမှ ဂရုမစိုက်ကြဘူးရယ်။ နောက်ဆုံးတော့ မက်ဒါနာလည်း သူ့ကိုတော်ဝင်မျိုးတစ်ယောက်လိုမျိုး ဆက်ဆံနေတဲ့ ဝန်ထမ်းတွေကို လစ်လျူရှုဖို့ကြိုးစားရင်း ဆုဗာနာစစ်တပ်က ထုတ်ပေးလိုက်တဲ့ ဇက်သတ္တုချပ်ဝတ်တွေထဲကတစ်ခုကို ကောက်ကိုင်လိုက်ပြီး လက်တွင်ခုံအောက်မှာ ထားလိုက်တယ်။
"ဆုဗာနာချပ်ဝတ်တွေကို အဆင့်မြှင့်ဖို့တစ်ခုတည်းသောနည်းလမ်းက နည်းပညာမြင့်Coreကို ဝတ်စုံရဲ့ရင်ဘတ်မှာ မြုပ်နှံဖို့အတွက် နေရာတစ်ခုကိုဖန်တီးတာပဲ။ ဒီအတွက် ရင်ဘတ်မှာအပေါက်တစ်ခုဖောက်ရမယ်။ သာမန်တွင်ခုံစက်တွေကတော့ ဇက်သတ္တုကိုအပေါက်မဖောက်နိုင်တာမလို့ ဒီတွင်ခုံစက်တွေမှာ အထူးသတ္တုလွန်သွားကို တပ်ဖို့လိုလိမ့်မယ်။"
နောက်တော့ မက်ဒါနာက ချပ်ဝတ်ရင်ဘတ်မှာအပေါက်တစ်ခုဖြစ်သွားအောင် လုပ်လိုက်ပြီး သူထွင်ထားတဲ့ အလင်းဒြပ်စင်ထုတ်ပေးနိုင်တဲ့ ဗဟိုစွမ်းအင်အူတိုင်ကို ထည့်လို့ရမရ စမ်းကြည့်တယ်။ ကျဥ်းနေလို့ ထည့်မရတဲ့အတွက် မက်ဒါနာက အပေါက်ကိုနည်းနည်းထပ်ချဲ့လိုက်တယ်။ အဲဒီနောက် အားလုံးကို လှည့်ကြည့်ပြီး ပြုံးပြလိုက်လေရဲ့။
"ပထမတစ်ဆင့်တော့ပြီးသွားပြီး နောက်တစ်ဆင့်ကတော့ အရေးပိုကြီးပြီးခက်ခဲတယ်။ အလင်းဒြပ်စင်စီးကြောင်းတွေ ဖန်တီးပေးဖို့ပဲ။ ပညာရပ်အသုံးအနှုန်းကတော့ ခက်ခဲသလိုထင်ရပေမဲ့ တကယ်တော့ အလင်းမှုန်လေးတွေ ဝတ်စုံအနှံ ဖြတ်သန်းသွားနိုင်မယ့် မြောင်းလေးတွေကို ဖန်တီးပေးရမှာပါ။ ပထမဆုံးတော့ အလင်းဒြပ်မှုအူတိုင်တွေအကြောင်း ရှင်းပြပေးမယ်။"
အဲဒီနောက် မက်ဒါနာက သူ့လက်ထဲမှာကိုင်ထားတဲ့ ဗဟိုအူတိုင်ကို အားလုံးမြင်အောင်မြှောက်ပြလိုက်ပြီးအားလုံးနားလည်အောင် တဖြည်းဖြည်းရှင်းပြလိုက်တယ်။
"အလင်းဒြပ်မှုန်အူတိုင်တွေက လေထုထဲမှာရှိနေတဲ့ သန့်စင်တဲ့မော်လီကျူးနဲ့အက်တမ်တွေကို ဆွဲယူပြီး ထူးခြားတဲ့စွမ်းအင်ပုံစံတစ်ခုကို ဖော်ဆောင်ပေးပါတယ်။ အဲဒါက အလင်းဒြပ်စင်ဖြစ်ပြီးတော့ လိုချင်တဲ့ ပုံစံအမျိုးမျိုးကို ပရိုဂရမ်သွင်းပုံဖော်လို့ရနိုင်တယ်။ အလင်းဒြပ်မှုန်တွေကို သာမန်လေထုထဲက အက်တမ်တွေကနေ ဖန်တီးနိုင်ပေမဲ့ မြူတန့်သလင်းကျောက်ရဲ့အက်တမ်မှုန်တွေကတော့ အကောင်းဆုံးပဲ။ နျူကလီးယားပေါင်းစည်းခြင်းဖြစ်စဥ်နဲ့ ဆင်တူပေမဲ့ အများကြီးပိုနျူးညံ့ပြီး ဒြပ်သတ္တုကြွမှုကြောင့်လူကိုထိခိုက်မှာ မစိုးရိမ်ရဘူး။ အလင်းဒြပ်မှုန်အူတိုင်ကတော့ အက်တမ်တွေကို ဒြပ်စင်မှုန်အဖြစ် သန့်စင်ပေးတဲ့ ကြားခံပစ္စည်းပေါ့။ ဇက်သတ္တုကတော့ အလင်းဒြပ်စင်ရဲ့ပြင်းထန်တဲ့စွမ်းအားကို ခံနိုင်ရည်ရှိပြီး စီးဆင်းမှုကို ပိုအားကောင်းစေတဲ့ သတ္တိရှိတယ်။"
နောက်တော့ မက်ဒါနာက ဝတ်စုံပုံကြမ်းတစ်ခုကိုဆွဲထုတ်လိုက်ပြီး အဲဒီအပေါ်က မြောင်းတွေကို တစ်ချက်ချင်းရှင်းပြတယ်။ "အလင်းဒြပ်စင်မှုန်တွေ လွတ်လွတ်လပ်လပ်စီးဆင်းနိုင်ဖို့နဲ့ ဝတ်စုံရဲ့လိုအပ်တဲ့အစိတ်အပိုင်းတွေဆီကို ရောက်စေဖို့အတွက် ဝတ်စုံမှာ ဒီလိုမြောင်းလေးတွေနဲ့ ပုံဖော်ပရိုဂရမ်ဆွဲပေးဖို့လိုတယ်။ အတွင်းပိုင်းမှာဆွဲထားတာဖြစ်လို့ အပြင်ကနေကြည့်ရင်တော့ ဝတ်စုံတွေက သာမန်ချပ်ဝတ်တွေနဲ့အတူတူပဲလို့ထင်စရာရှိပေမဲ့ ဒြပ်စင်မှုန်သုံးနိုင်တဲ့ အထူးခြားဆုံးလက်နက်တွေဖြစ်လာမှာ။"
အဲဒီနောက်တော့ မက်ဒါနာက ပုံကြမ်းပေါ်ကအတိုင်းဝတ်စုံရဲ့အတွင်းပိုင်းမှာ မြောင်းတွေထည့်ဖို့ တွင်ခုံနဲ့စခုတ်တယ်။ ဆုဗာနာချပ်ဝတ်တစ်ခုအနေနဲ့ ဒီလိုဒြပ်စင်စီးဆင်းရာလမ်းကြောင်းမျိုး အနည်းဆုံး ၂၇ ခုအထိလိုအပ်ပါတယ်။
လမ်းကြောင်းအားလုံးကို ပုံသွင်းပြီးသွားတဲ့နောက်တော့ မက်ဒါနာက အလင်းဒြပ်စင်အူတိုင်နဲ့ ဝတ်စုံကိုချိတ်လိုက်ပြီး စတင်လည်ပတ်စေတယ်။ အဖြူရောင်အလင်းမှုန်တွေက ဆုဗာနာချပ်ဝတ်အနှံစတင်စီးဆင်းတယ်။
"ကျွန်မဒီဝတ်စုံတွေအတွက် ပရိုဂရမ်သွင်းထားတဲ့ အလင်းဒြပ်စင်မှုန်လုပ်ဆောင်ချက်တွေက နည်းနည်းတော့ အခြေခံဆန်ပေမဲ့ အသုံးတည့်တယ်။ ဝတ်စုံရဲ့အထွေထွေခံနိုင်ရည်ကိုမြင့်ပေးပြီး အလင်းတံတိုင်းတစ်ခုဖော်ထုတ်နိုင်တယ်။ နောက်ဆက်ထုတ်မယ့် အလင်းဒြပ်စင်ရိုင်ဖယ်နဲ့တွဲရင်တော့ အလင်းဒြပ်မှုန်ပစ်ခတ်တွေပါ ပစ်ခတ်နိုင်လိမ့်မယ်။"
မက်ဒါနာက ရှင်းပြပြီးတဲ့နောက် အားလုံးကိုနားလည်မလည်ကြည့်လိုက်တယ်။ ဝန်ထမ်းတချို့က သူတို့နားမလည်တဲ့အချက်တွေကို မေးကြပေမဲ့ မက်ဒါနာက တစ်ချက်ချင်းပြန်ရှင်းပြပေးတယ်။ သိပ်မကြာခင်မှာပဲ အားလုံးနားလည်သွားကြတယ်။
"ကောင်းပြီ၊ အခုကတော့ ရှင်တို့ကိုယ်တိုင်လက်တွေ့ထုတ်လုပ်ကြည့်ရမယ့်အချိန်ပဲ။ တွင်ခုံစက်ကတော့ တစ်လုံးပဲငှားထားပေမဲ့ တစ်ယောက်တစ်လှည့်စီလုပ်ကြည့်ကြပေါ့။ အဆင်မပြေတာရှိရင် ကျွန်မကူညီပေးမယ်။"
နောက်တော့ ဝန်ထမ်းတွေက တစ်ယောက်တစ်လှည့်စီလာစမ်းကြည့်ကြတယ်။ တချို့တလေမှားတာမျိုးရှိပေမဲ့ အရမ်းဆိုးဆိုးဝါးဝါးတော့မရှိဘူး။ ညနေစောင်းတော့ အောင်မြင်တဲ့ အဆင့်မြှင့်ပြီးချပ်ဝတ်နှစ်ဆယ်ကို သူတို့ထုတ်လုပ်နိုင်သွားပြီ။ မအောင်မြင်တဲ့ နမူနာဆယ်ခုလောက်ကိုတော့ မက်ဒါနာက ပြန်အရည်ကျိုပြီး အေမီအတွက်သိမ်းထားဖို့ ဆုံးဖြတ်လိုက်တယ်။
လောလောဆယ်တော့ မက်ဒါနာက အေမီကိုလုံးဝပြန်ကောင်းအောင်မလုပ်နိုင်သေးပေမဲ့ ဇက်သတ္တုတွေကိုသုံးပြီး ရိုးရှင်းတဲ့အရိုးတံတွေသွန်းလုပ်နိုင်ပါတယ်။
ဝန်ထမ်းတွေကို ပြန်လွှတ်လိုက်ပြီးတဲ့နောက် မက်ဒါနာက ဒီပနဲ့အတူ လိပ်ပြာကြီးစီးပြီး ပြန်လာတယ်။ သူတို့နဲ့အတူ နမူနာဝတ်စုံတချို့လည်းပါတယ်။ ဆုဗာနာနန်းတော်မှာရှိနေတဲ့ အစောင့်တပ်နဲ့အတူ ဝတ်စုံရဲ့ရလဒ်ကို စမ်းသပ်ဖို့အတွက်ပါ။
"ဒီဝတ်စုံတွေက အများကြီးတော့ သိပ်မပြောင်းလဲသွားဘူးပဲ။" နယ်စားနန်းတော်အစောင့်တပ်မှူးက မက်ဒါနာပေးတဲ့ နမူနာဝတ်စုံတွေကိုကြည့်ရင်း ပြောလိုက်တယ်။
တကယ်လည်း အပြင်ပန်းကကြည့်ရင်တော့ အတူတူလိုထင်ရပြီး ရင်ဘတ်မှာ ဗဟိုချက်တစ်ခုရှိနေတာပဲ ပိုပါတယ်။ အတွင်းပိုင်းက စွမ်းအင်မြောင်းတွေကို သာမန်အခြေအနေနဲ့ဆိုရင် မြင်နိုင်စွမ်းမရှိပါဘူး။
"စမ်းကြည့်ကြတာပေါ့။" တပ်မှူးက ဝတ်စုံဝတ်လိုက်ပြီး လေ့ကျင့်ရေးကွင်းအလယ်ကို လျှောက်သွားပါတယ်။ မက်ဒါနာကတော့ ခွေးကြီးစေဘာစတိန်းကို ခေါင်းညိတ်ပြလိုက်တယ်။ တကယ့်တိုက်ခိုက်ရေးအတွေ့အကြုံအတွက် စေဘာစတိန်းက စမ်းသပ်ခံတွေကို တိုက်ခိုက်မှာပါ။
ဒါပေမဲ့ တပ်မှူးကိုယ်တိုင်တောင် B- rank အဆင့်တိုက်ခိုက်ရေးစွမ်းအားပဲ ပိုင်ဆိုင်ထားတာဖြစ်လို့ စေဘာစတိန်းက သူ့လက်နက်ကြီးတွေသုံးမှာမဟုတ်ပါဘူး။ စေဘာစတိန်းက စက်သေနတ်ကိုထုတ်ပြီး စပစ်တယ်။ တပ်မှူးကတော့ ဝတ်စုံကို ဘယ်လိုသုံးရမှန်းမသိသေးတာကြောင့် ဒီအတိုင်းပဲရပ်ကြည့်နေမိပေမဲ့ လေယာဥ်ပစ်ကျည်နီးပါးဖောက်အားကောင်းတဲ့ ကျည်တွေကို အလင်းဒြပ်စင်ပါးပါးလေးက တားဆီးထားတာကြောင့် ခြစ်ရာတောင်မထင်ပါဘူး။
တပ်မှူးက ခေါင်းညိတ်ပြီးပြောလိုက်တယ်။ "အလင်းဒြပ်စင်က သေနတ်ကျည်ကြောင့်ဖြစ်လာတဲ့ သက်ရောက်အားကိုပါ လျှော့ပေးနိုင်တာပဲ။ သာမန်ချပ်ဝတ်သာဆိုရင် ချပ်ဝတ်က ကာပေးထားရင်တောင် လေယာဥ်ပစ်ကျည်ဆန်ရဲ့တွေရဲ့တွန်းအားကြောင့် အရိုးတွေကျိုးကြေကုန်မှာပဲ။"
မက်ဒါနာက ခေါင်းညိတ်ပြီးပြောလိုက်။ "ဟုတ်ပြီ၊ နောက်တစ်ဆင့် စမ်းကြည့်ရအောင်၊ တပ်မှူး ရှင့်လက်ကို မြှောက်ပြီး အလင်းဒြပ်စင်တွေကို ဒိုင်းအဖြစ်ဖွဲ့စည်းအောင် ထိန်းချုပ်ကြည့်။"
တပ်မှူးက ခေါင်းညိတ်လိုက်ပြီး လက်ကိုဆန့်ထုတ်ကာ မက်ဒါနာပြောတဲ့အတိုင်းလုပ်ကြည့်တယ်။ နောက်တော့ သူ့ရှေ့မှာစက်ဝိုင်းခုံးသဏ္ဍာန်အလင်းဒြပ်စင်ဒိုင်းတစ်ခုပေါ်လာတယ်။ အရွယ်အစားက လူတစ်ကိုယ်စာလုံလောက်တာထက်ပိုပါတယ်။
"ဒိုင်းရဲ့ခံနိုင်ရည်ကိုစမ်းသပ်မယ်။ စေဘာစတိန်း၊ နင့်ရဲ့ဗုံးလောင်ချာကိုသုံးကြည့်။"
ခွေးစက်ရုပ်ကြီးက ဗုံးလောင်ချာကိုထုတ်ပြီး တပ်မှူးကို ပစ်ခတ်ကြည့်တယ်။ အလင်းဒြပ်စင်ဒိုင်းက ဗုံးရဲ့ပေါက်ကွဲမှုကို တောင့်ခံလိုက်နိုင်ပြီး နည်းနည်းတုန်ခါသွားတာပဲရှိတယ်။
"စက်သေနတ်တွေနဲ့ ဆက်တိုက်ပစ်ကြည့်။" စေဘာစတိန်းက အမိန့်အတိုင်းစက်သေနတ်တွေနဲ့ ပစ်ခတ်ပေမဲ့လည်း ဒိုင်းက နည်းနည်းလေးလှုပ်ခါတာကလွဲလို့ ဘာမှမဖြစ်ပါဘူး။
နောက်ဆုံး မက်ဒါနာက RPGနဲ့ပစ်ခိုင်းမှပဲ ဒိုင်းက လုံးဝပေါက်ကွဲထွက်သွားတော့တယ်။
"သေချာပေါက် တင့်ကားတစ်စီးထက်တောင် သာလွန်တဲ့ ခံနိုင်ရည်ပဲ။ ဆုဗာနာစစ်တပ်က စစ်သည်တိုင်းသာ ဒီချပ်ဝတ်တွေကြောင့် တင့်ကားနီးပါးမာကုန်ရင် ကမ္ဘာကိုတောင်သိမ်းနိုင်လိမ့်မယ်။"
တပ်မှူးက ဝမ်းသာအားရနဲ့ ပြောလိုက်ပါတယ်။ ဒီဝတ်စုံတွေရဲ့စွမ်းအားအဆင့်အတန်းက C rank ထက်မကျော်ပေမဲ့ အလင်းဒြပ်စင်အလုပ်လုပ်ပုံက အဆင့်တူနည်းပညာချပ်ဝတ်တွေထက် တစ်ဆင့်မြင့်နေပါပြီ။
ဒါပေမဲ့ မက်ဒါနာက ပြုံးလိုက်ပြီး တပ်မှူးကိုပြောလိုက်တယ်။ "တပ်မှူးကြီး၊ ဒါက ဒီဝတ်စုံတွေရဲ့အလားအလာအပြည့်မဟုတ်သေးဘူး။ ဒီပ၊ တခြားစစ်သည်တွေကို ဝတ်စုံနှစ်စုံကိုပေးပြီး Legion effect စမ်းရအောင်။"
ခဏကြာတော့ စစ်သည်တော်သုံးယောက်က လေ့ကျင့်ရေးကွင်းမှာ ဘေးချင်းယှဥ်လျက်ရပ်နေကြပါပြီ။ မက်ဒါနာက သူတို့ကိုကြည့်ပြီး ပြောလိုက်ပါတယ်။
"ရှင်တို့ရဲ့အလင်းဒြပ်စင်ဒိုင်းတွေကို တစ်ပြိုင်နက်ထုတ်ကြည့်။"
သူတို့က ပြောတဲ့အတိုင်းလုပ်လိုက်တော့ ဒိုင်းသုံးခုက တစ်ခုတည်းအဖြစ်ပေါင်းသွားပြီး အရွယ်အစားပိုကြီးပိုထူတဲ့ ဒိုင်းကြီးတစ်ခုဖြစ်သွားတယ်။
"စေဘာစတိန်း၊ နင့်ခန္ဓာကိုယ်နဲ့ အားကုန်ဝင်တိုက်ကြည့်။" မက်ဒါနာရုတ်တရက်ပြောလိုက်တဲ့စကားကြောင့် တပ်မှူးလန့်သွားတယ်။ သူက ခွေးနက်ကြီးရဲ့စွမ်းအားအပြည့်ကို မမြင်ဖူးပေမဲ့ အရင်မက်ဒါနာရဲ့တိုက်ပွဲမှတ်တမ်းတွေအရ ဒီခွေးက အတော်အားကောင်းကြောင်းသိပါတယ်။ နောက်ဆုံးအဆင့်မြှင့်တင်မှုကို ထည့်မတွက်ရင်တောင် ဒီခွေးက သူ့ထက် အဆင့်သေးနှစ်ဆင့်နီးပါး ပိုမြင့်တယ်။
တကယ်တမ်း ရင်ဆိုင်ကြမယ်ဆိုရင် ခွေးကိုတပ်မှူးမနိုင်ပါဘူး။ ဒါပေမဲ့ အလင်းဒြပ်စင်ဝတ်စုံသစ်တွေရဲ့စွမ်းအားကို ယုံကိုးပြီးခုခံဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။
စေဘာစတိန်းက ထရပ်ကားတစ်စီးရဲ့အားအဟုန်မျိုးနဲ့ ဝင်ချလာပြီး လေထုထဲမှာ ၃၆၀ ဒီဂရီလှည့်ကာ သူ့ခန္ဓာကိုယ်နဲ့ဒိုင်းကိုဝင်တိုက်ပစ်လိုက်တယ်။ စွမ်းအင်ဒိုင်းက လှုပ်ခါပြီးပြိုပျက်သွားပေမဲ့ တပ်ဖွဲ့က ရှင်ကျန်ခဲ့ပါတယ်။
"မဖြစ်နိုင်တာ၊ ဆုဗာနာသုံးယောက်တပ်ဖွဲ့လေးက A rank တစ်ယောက်ရဲ့အစွမ်းကုန်တိုက်ကွက်ကို ကာလိုက်နိုင်တာလား။"
ဒါပေါ့၊ A rank တိုက်ကွက်တစ်ကွက်ကိုခံနိုင်ရုံနဲ့ ဆုဗာနာချပ်ဝတ်တပ်ဖွဲ့ဝင်သုံးယောက်က A rank တစ်ယောက်နဲ့ညီမျှပြီလို့တော့ ပြောလို့မရပါဘူး။ စေဘာစတိန်းရဲ့တိုက်ကွက်က ခွန်အားတစ်ခုတည်းပေါ်တာမူတည်လို့ ရိုးရှင်းပြီးခုခံရလွယ်တယ်။ ဒါပေမဲ့ A rank မြူတန့်တွေရဲ့တိုက်ကွက်တွေက တကယ့်လက်တွေ့မှာ ဒီလောက်မရိုးရှင်းပါဘူး။ တကယ်တည်း စေဘာစတိန်းသာ သူတို့အုပ်စုကိုတိုက်မယ်ဆိုရင် အနိုင်ယူနိုင်တဲ့နည်းလမ်းများစွာရှိနေပါသေးတယ်။
ပြီးတော့ သူတို့က ခံစစ်တစ်ခုပဲတတ်နိုင်တယ်ဆိုတာကို မေ့ထားလို့မရပြန်ဘူး။ မက်ဒါနာရဲ့အလင်းဒြပ်စင်သေနတ်တွေက ထုတ်လုပ်ရေးတောင်မစရသေးဘူး။
မက်ဒါနာက ပြောလိုက်တယ်။ "တပ်မှူး၊ ကျွန်မက ချပ်ဝတ်သစ်တပ်ဖွဲ့တွေကို လူငါးယောက်တစ်ဖွဲ့ထားချင်တယ်။ ဒါမှ A rank တိုက်ကွက်ကို ဒိုင်းမပျက်ဘဲကာကွယ်နိုင်မှာ။ လောလောဆယ် ချပ်ဝတ်နှစ်ဆယ်ထုတ်လုပ်ပြီးပြီမလို့ ဆုဗာနာတပ်တည်ဆောက်ပုံနဲ့ဆိုရင် လေးအိုးစားရလိမ့်မယ်။ နိုင်ငံတကာအဆင့်နဲ့ဆိုရင်တော့ တပ်စိတ်နှစ်ခုပေါ့။ နန်းစောင့်တပ်ဖွဲ့ကို အဲဒီချပ်ဝတ်တွေ ကျွန်မတို့အရင်လွဲပေးမယ်။ မနက်ဖြန်ထုတ်လုပ်ရေးတကယ်စမှာဆိုပေမဲ့ လက်လုပ်တွင်ခုံတွေပဲရှိသေးတော့ တစ်နေ့ကို အခုငါးဆယ်ပဲထုတ်နိုင်ဦးမယ်။ နိုင်ငံခြားကမှာထားတဲ့ နာနိုCNC တွေရရင်တော့ တစ်နေ့တည်းရာထောင်ချီထုတ်နိုင်လိမ့်မယ်မျှော်မှန်းရတာပဲ။"
တကယ်တမ်းမက်ဒါနာမှာက ဆုဗာနာစစ်တပ်တစ်ခုလုံးအတွက် ချပ်ဝတ်ဆင်ပေးနိုင်စွမ်းမရှိပါဘူး။ အဲဒီအစား လုပ်ငန်းစတင်ဖို့အတွက်ပဲတတ်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိသူလုပ်ဖို့လိုတာမှန်သမျှကို လုပ်ပြီးပြီဖြစ်ပြီး မကြာခင် စက်ရုံကိုကာကွယ်ရေးဝန်ကြီးဌာနဆီ လွဲပေးတော့မှာပါ။ နောက်ပိုင်းစီမံမှုကတော့ ဆုဗာနာအစိုးရအပေါ်မူတည်သွားပါပြီ။
...
ရုရှားနိုင်ငံ နှင်းများဖုံးလွှမ်းနေသော ဒေသတစ်ခု။
ဖရန့်က ဧရာမဝက်ဝံကြီးတစ်ကောင်နဲ့ တိုက်ခိုက်နေတယ်။ သူ့လက်ထဲမှာတော့ သစ်သားတောင်ဝှေးတစ်ချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဝက်ဝံကြီးရဲ့လက်သည်းချက်တွေကြားကနေ လွတ်အောင်ရှောင်နေရတယ်။
ဝက်ဝံက ပေခြောက်ဆယ်လောက်မြင့်ပြီး ပေတစ်ရာနီးပါး ရှည်လျားပါတယ်။ S အဆင့် မြူတန့်သားရဲတစ်ကောင်ဖြစ်ပြီး ရုရှားရဲ့နှင်းဖုံးဒေသတွေကို အုပ်စိုးထားတဲ့ ဝက်ဝံညိုဘုရင်ပါ။ ဖရန့်က ပန်းသီးလေးရဲ့သစ်သားစွမ်းအားကို ငှားယူရင်း ဝက်ဝံညိုကိုစိန်ခေါ်တိုက်ခိုက်နေတာဖြစ်တယ်။
"ကောင်လေး၊ မင်းက မင်းရဲ့ဆာလောင်မှုကိုဖိနှိပ်ဖို့ မြူတန့်သားရဲတွေကို အမဲလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ ဒါပေမဲ့ ကြည့်ရတာ အဆင်မပြေပုံပဲ။"
လိပ်နက်ကြီးရဲ့စကားသံက သူ့အတွေးထဲ ပဲ့တင်သံထွက်လာတဲ့အတွက် ဖရန့်အသံကုန်အော်ဟစ်လိုက်မိတယ်။ "ပါးစပ်ပိတ်...." ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဧရာမဝက်ဝံကြီးက သူ့ကိုလိုက်မီသွားပြီး ကားတစ်စီးစာနီးနီးကျယ်ပြန့်တဲ့ လက်ဝါးကြီးနဲ့ရိုက်ချတယ်။
ဖရန့်က ရှောင်ဖို့အချိန်မမီတော့တဲ့အတွက် သစ်သားတောင်ဝှေးကို မြေပေါ်ဆောင့်ချပြီး သစ်နွယ်တွေနဲ့နံရံတစ်ခုကို ဖန်တီးကာကွယ်လိုက်တယ်။ ဒါပေမဲ့ ဝက်ဝံညိုကြီးရဲ့လက်ဖဝါးကိုတော့ အပြည့်အဝမတားဆီးနိုင်ခဲ့ပါဘူး။ သစ်သားနံရံက ကြိုးပြတ်ခါနီးမှာပဲ သူ့လက်ထဲက တောင်ဝှေးက ပန်းသီးလေးအဖြစ်ပြန်ပြောင်းသွားပြီး ဖရန့်ကို သူ့ဆံပင်တွေနဲ့ရစ်ပတ်ကာဘေးလွတ်ရာကို စပြေးတယ်။
ဝက်ဝံညိုက သစ်နံရံကိုဖျက်ဆီးပြီးရုံနဲ့ ဖရန့်ကိုမမိတဲ့အတွက် ဒေါသထွက်ပြီး အော်ဟစ်လိုက်တယ်။ သူ့ကျောကုန်းမှာရှိနေတဲ့ ကျောက်တောင်ပုံစံအရာကြီးက စတင်အသက်ဝင်လာပြီး လူတစ်ရပ်နီးပါးမြင့်တဲ့ ကျောက်တုံးတွေနဲ့ ဖရန့်ကိုဆက်တိုက်ပစ်ခတ်ပါတော့တယ်။
ပန်းသီးလေးက ဖရန့်ကိုကာကွယ်နေရင်း ကျောက်ဆိုင်ကျောက်ခဲတွေကို ရှောင်ရှားတယ်။ သူ့ဆံပင်တွေက နွယ်ပင်တွေသဖွယ်လှုပ်ရှားသက်ဝင်နေပြီး သူတို့ဆီကို ပြေးဝင်လာနေတဲ့ ကျောက်တုံးတွေကို ချေမွပစ်တယ်။
"ဟားဟား... မင်းကိုအဲဒီကောင်မလေး ကယ်ရပြန်ပြီလား။ ဒါပေမဲ့ ငါကြိုပြောလိုက်မယ်၊ ဒီကောင်မလေးတောင်မှ အဲဒီဝက်ဝံညိုကို ယှဥ်နိုင်လောက်တဲ့အထိ စွမ်းအားမကောင်းဘူးဆိုတာပဲ။ အကောင်ကြီးရုံတင်မကဘဲ သီးခြားမြူတန့်အစွမ်းရှိတဲ့ မြူတန့်သားရဲဆိုတာ သိပ်ရှားတယ်။ သစ်တောအပျိုစင်က အထွက်အမြတ်မျိုးနွယ်တစ်ခုပေမဲ့ တိုက်ခိုက်ဖို့မွေးဖွားလာတာမဟုတ်ဘူး။ ငါ့စွမ်းအားကို မသုံးမချင်း မင်းရှုံးနိမ့်နေမှာပဲ။"
လိပ်နက်ကြီးက ဖရန့်ကို သူ့စွမ်းအားကိုသုံးဖို့ မြူဆွယ်နေပေမဲ့ ဖရန့်က မကြားချင်ယောင်ဆောင်နေတယ်။ 'သူ့စွမ်းအားကို ငါထပ်သုံးမိလို့ တစ်ခုခုထပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ။' ဖရန့်ကို အဲဒီလိပ်နက်ထိန်းချုပ်ခဲ့တဲ့အချိန်တိုင်းမှာ ကြောက်စရာတွေတစ်ခုပြီးတစ်ခု ဖြစ်ခဲ့တာပဲမဟုတ်လား။ လိပ်နက်ကြီးရဲ့အဆိုအရ သူ့စွမ်းအားက ကြီးမားလွန်းလို့ လူတွေရဲ့အသက်စွမ်းအင်ကို စုပ်ယူပြီး ဆာလောင်မှုကိုဖြည့်တင်းဖို့လိုတယ်။ ဒါပေမဲ့ ဖရန့်ရဲ့ခံယူချက်နဲ့က လုံးဝမဖြစ်ချင်တဲ့အရာတစ်ခုပါ။
"ကျုပ်ကိုယ်ကို ခင်ဗျားထိန်းချုပ်တာ လက်မခံနိုင်ဘူး။" သိပ်မကြာသေးခင်ကပဲ ဖရန့်က ရုရှားစစ်ပွဲက စစ်သားတော်တော်များများကို ဝါးမျိုခဲ့ရတယ်။
ဒါပေမဲ့ အသက်စွမ်းအင်ကို ရယူဖို့ဆိုတာက လူသားတွေရဲ့ဝိညာဥ်စွမ်းအားတစ်ခုတည်းကို အားကိုးစရာမလိုပါဘူး။ သက်ရှိတိုင်းမှာ အသက်စွမ်းအားရှိတယ်၊ စွမ်းအားကြီးတဲ့ မြူတန့်သားရဲတွေမှာက ကြွယ်ဝတဲ့ အသက်စွမ်းအားရှိတယ်။ ဒါကြောင့် ဖရန့်က ထပ်ပြီးလူသားတွေကို ဒုက္ခမပေးမိတော့အောင်လို့ မြူတန့်သားရဲတွေကို အမဲလိုက်ဖို့ဆုံးဖြတ်ခဲ့တာ။
ဒါက ခက်ခဲတယ်ဆိုပေမဲ့ သူတို့မှာ တခြားရွေးချယ်စရာမရှိဘူး။ တကယ်လို့ ဖရန့်သာ လိုအပ်တဲ့စွမ်းအင်ကိုမရရင် သူ့အသိစိတ်နဲ့ခန္ဓာကိုယ်က အားနည်းသွားပြီး လိပ်နက်ကြီးထပ်ထိန်းချုပ်တာ ခံရပါလိမ့်မယ်။ ဒီလိုဆိုရင် ဘာတွေဆက်ဖြစ်လာမလည်း ဖရန့်လည်းမတွေးတတ်တော့ဘူးရယ်။
ဘုန်း....။ အသံကျယ်ကြီးတစ်ချက်နဲ့အတူ ဖရန့်ကိုကာကွယ်ပေးနေတဲ့ ပန်းသီးလေးကို ကျောက်တုံးတစ်ခုက ထိမှန်သွားတယ်။ ပန်းသီးလေးက ဖရန့်ကိုကာကွယ်ပေးဖို့ပဲ အားသန်နေတာကြောင့် သူကိုယ်တိုင်ရဲ့ခံစစ် လစ်ဟင်းနေခဲ့တယ်မဟုတ်လား။
"မဟုတ်ဘူး...." ဖရန့်က သူ့ရဲ့ကြွက်သားစွမ်းအားကို အသုံးပြုပြီး ပန်းသီးလေးကို လေပေါ်မှာတင် ဖမ်းဆွဲလိုက်တယ်။ ဝက်ဝံရဲ့ကျောက်တုံးက ပန်းသီးလေးကို တိုက်ရိုက်ထိသွားတာကြောင့် ပန်းသီးလေးရဲ့သမင်ချိုတစ်ဖက်က ပဲ့ထွက်သွားပြီး နဖူးကနေ ထူးဆန်းတဲ့ ရွှေရောင်သွေးတွေစီးကျနေတယ်။
ဝက်ဝံက ဆက်လက်တိုက်ခိုက်နေဆဲမလို့ ဖရန့်က ပန်းသီးလေးကို ပွေ့ချီထားရင်း ဆက်လက်ရှောင်ရှားနေရတယ်။
"ငါ့ကိုပြန်ချပေး... နင်သူ့ကိုမနိုင်ဘူး...." ခဏကြာတော့ ပန်းသီးလေးက မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ပြီး ပြောလိုက်ပေမဲ့ ဖရန့်ကတော့ ပန်းသီးလေးကို အရူးတစ်ယောက်လိုမျိုး ဆုပ်ကိုင်ထားရင်း ဝက်ဝံညိုကြီးနဲ့ ဆန့်ကျင်ဖက်ကို ပြေးလွှားနေပါပြီ။
"အရူးမလေး... နင်လည်းဆက်မတိုက်နိုင်တော့ဘူးလေ။" ပန်းသီးလေးက နဖူးကနေ သွေးတွေစီးကျနေရုံတင်မကဘူး၊ သူ့ရဲ့ဘယ်လက်တစ်ဖက်ဆိုရင် လုံးဝကျိုးကြေနေတာ။ သစ်တောအပျိုစင်တွေရဲ့စွမ်းအားနဲ့တောင် အဲဒီဒဏ်ရာတွေက ပြန်ကောင်းမလာသေးဘူး။
ဖရန့်က သူတို့ကိုဆင့်ခေါ်နိုင်စွမ်းရှိပေမဲ့ သူ့ရဲ့ဆင့်ခေါ်ကောင်တွေ သေဆုံးသွားရင် ပြန်အသက်မသွင်းနိုင်ဘူး။ ဒါကြောင့် ပန်းသီးလေးကို ပြန်သိမ်းဖို့ဆုံးဖြတ်လိုက်တယ်။
"ငါ့အထဲကို ပြန်ဝင်နေတော့။" ဒါပေမဲ့ မကြာခင်မှာပဲ ဝက်ဝံညိုကြီးက သူ့ကိုလိုက်မီလာပြန်ပြီ။
"ကောင်လေး၊ မင်းငါ့ကို သုံးရင်သုံး မဟုတ်ရင် မင်းသေတော့မယ်။"
"ခင်ဗျား၊ ပါးစပ်ပိတ်ထား။" ဖရန့်က အရေးမသာပေမဲ့လည်း လိပ်နက်ကို လုံးဝထပ်မယုံကြည်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ရုတ်တရက် သူအားနည်းလာပြီး ဆာလောင်မှုကို စတင်ခံစားလာရတော့တယ်။
"မကောင်းတော့ဘူး..."
"ဟားဟား... ဘယ်နည်းလမ်းနဲ့မှ မင်းငါ့ကိုတားဆီးလို့မရပါဘူး။" လိပ်နက်ကြီးရဲ့အသံဩဩက ဖရန့်ရဲ့ပါးစပ်ကနေ ထွက်လာပြီးနောက်တော့ ဖရန့်ရဲ့အသိစိတ်က ဝေဝါးသွားတော့တယ်။