← Chapters

စစ်မြေပြင်

Vol. 5 Ch. 15

စစ်မြေပြင်

Vol. 5 Ch. 15

"သခင်မလေး၊ အကုန်လုံး အဆင်ပြေတယ်။ ဒီမှာစက်တွေစလည်နေပြီမလို့ အများကြီးထုတ်နေပြီ။"

မက်ဒါနာ စက်ရုံကိုထပ်သွားလည်တော့ သက်လတ်ပိုင်း ဦးလေးကြီးက သူ့ဆီကိုပြေးလာပြီး အစီရင်ခံတယ်။ မက်ဒါနာနဲ့အတူ ဒီပလည်းပါလာပြီး မက်ဒါနာရဲ့တိုးတက်လာတဲ့ စက်ရုံစီမံကိန်းကြောင့် အံ့ဩနေပါတယ်။

နာနို CNC စက်တွေအားလုံးရောက်နေပြီ။ မက်ဒါနာက ဝန်ထမ်းတွေအားလုံးထဲက လုပ်သက်အရင့်ဆုံးတစ်ယောက်ကို စက်ရုံမှူးခန့်လိုက်တာမလို့ စီမံရတဲ့အခက်အခဲတွေ တစ်ဝက်သက်သာသွားတယ်။ ကောင်းမွန်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် လူကဲခတ်တော်ရမယ်တဲ့။

ဖလေရာတစ်ယောက် မန်နေဂျာဘယ်လိုလုပ်လဲတော့မသိပေမဲ့ မက်ဒါနာကတော့ အင်တာနက်ပေါ်က ၂၄နာရီ MBA စာအုပ်ကို ဒေါင်းလုပ်ခ်လုပ်ပြီးလေ့လာနေတာ။ သူ့ရဲ့ဉာဏ်ရည်တုစနစ်တွေက ဝိဇ္ဇာပညာတွေကို အလွယ်နည်းနဲ့မှတ်စုထုတ်ပေးနိုင်စွမ်းမရှိပေမဲ့ လိုအပ်တဲ့စာအုပ်တွေကိုတော့ ရှာပေးနိုင်တယ်လေ။ ပြီးတော့ မက်ဒါနာကိုယ်တိုင်ကလည်း ဉာဏ်ကောင်းတဲ့အတွက် ရက်အနည်းငယ်အတွင်းမှာပဲ လက်တွေ့နဲ့သီအိုရီပိုင်းကို ပေါင်းစပ်နိုင်သွားပြီ။

Operation Managementပိုင်းမှာဆိုရင် တကယ့် MBAရထားတဲ့သူတွေနဲ့တောင် ပြိုင်စကားရည်လုနိုင်စွမ်းရှိတယ်။

"ထင်ထားသလောက်တော့မဟုတ်ပေမဲ့ တစ်နေ့ကို နှစ်ရာလောက်ထုတ်နိုင်တယ်ဆိုတာက တကယ့်ကိုအံ့ချီးဖွယ်ပဲ။ ဆုဗာနာအစိုးရကို စက်ရုံလွှဲပေးဖို့ကလည်း အသင့်ဖြစ်နေပြီဆိုတော့ ငါ့မှာသိပ်စိတ်ပူစရာမရှိတော့ဘူးပဲ။" မက်ဒါနာက သူ့ဆံပင်ရှည်လေးတွေကို လက်နဲ့သပ်ကြည့်ရင်း ခေါင်းညိတ်လိုက်တယ်။

ဒီပလည်း မက်ဒါနာရဲ့ဝှီးချဲကို နောက်ကနေတွန်းပြီး စက်ရုံအတွင်းပိုင်းပို့ပေးတယ်။ ကိုယ့်ဘာသာကိုယ် မောင်းသွားလို့ရပေမဲ့ သူများလိုက်ပို့ပေးတော့လည်း တစ်မျိုးတော့ ဇိမ်ရှိသားရယ်။

"အစ်မကြီးစက်ရုံကထွက်တဲ့ ဝတ်စုံတွေကို နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့အပြင် တပ်ရင်းနှစ်ခုမှာပါ တပ်ပြီးသွားပြီ။ အဖိုးကလည်း လွှတ်တော်ကို စက်ရုံလွဲမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဖိအားပေးနေတယ်။ စက်ရုံက အစိုးရလက်အောက်ကိုရောက်တာနဲ့ အစ်မကြီးမျှော်လင့်ထားသလိုပဲ ငွေအင်အားဖြည့်ပြီး အလုံးအရင်းထုတ်လုပ်လိမ့်မယ်။"

တကယ်တော့ ဇက်သတ္တုချပ်ဝတ်တစ်ထောင်ကျော်ကို ရက်သတ္တပတ်အနည်းငယ်အတွင်း စက်ရုံတည်ပြီး တန်းထုတ်နိုင်စွမ်းရှိတဲ့ နိုင်ငံဆိုတာက အတော်ရှားပါးပါတယ်။ အမေရိကန်တောင်မှ ဒီလိုအဆင့်အတန်းမျိုးအတွက် ရုန်းကန်ရမှာဖြစ်ပြီး ဆုဗာနာမှာ သတ္တုအရင်းအမြစ်ကောင်းကောင်းရှိနေလို့သာ မက်ဒါနာအနေနဲ့ ဒီလိုလုပ်နိုင်တာပါ။

ဒါပေမဲ့ သူတို့ပျော်လို့မဆုံးသေးခင်မှာပဲ ကောင်လေးဒီပရဲ့စစ်သုံးဂြိုဟ်တုက မြည်လာလို့ ဒီပကိုင်လိုက်တယ်။ တစ်ဖက်ကနေ အရေးတကြီးစကားသံထွက်လာတာကို မက်ဒါနာနားစွန်နားဖျားကြားရတယ်။

"ဌာနမှူး၊ ရန်သူ့တပ်ဖွဲ့တွေ ဒီနေ့ခံစစ်ကို အလုံးအရင်းထိုးစစ်ဆင်လာတယ်။ အရိုးမျက်နှာလို့ယူဆရတဲ့ သတ္တဝါတချို့လည်းပါလာတယ်။"

မက်ဒါနာလည်း သူကြားလိုက်ရတဲ့အရာကြောင့် အံ့ဩသွားတယ်။ အရိုးမျက်နှာတွေ ရောက်လာလိမ့်မယ်လို့ သူဟောကိန်းထုတ်ထားပေမဲ့ ဒီလိုစောပြီးရောက်လာလိမ့်မယ်လို့တော့ ထင်မထားပါဘူး။ အခုမှ သူ့စက်ရုံက ချပ်ဝတ်တစ်ထောင်ကျော်ရုံသာ ထုတ်နိုင်သေးတာဖြစ်ပြီး ဆုဗာနာစစ်တပ်တစ်ခုလုံးကို အစားထိုးပေးဖို့အတွက်တော့ ဝေးကွာနေပါသေးတယ်။

ဆုဗာနာတစ်ခုလုံးကို အလင်းဒြပ်စင်ဒိုင်းတွေဖုံးလွှမ်းနိုင်ဖို့ဆိုရင်တော့ အများကြီးလိုပါသေးတယ်။ နယ်စားဖိုးဖိုးကို သူက နှစ်ပတ်အတွင်း ဆုဗာနာခံစစ်ကို ပြင်ဆင်ပေးမယ်လို့ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ ပြောတဲ့အတိုင်းလုပ်နိုင်ပေမဲ့ ဆုဗာနာကိုယ်တိုင်က နှစ်ပတ်မခံတော့ရင်တော့ ပြဿနာရှိလာပြီလေ။

"ဒီပ နင်ရှေ့တန်းပြန်မလို့မလား၊ ငါ့ကိုပါခေါ်သွားပေး။"

"ဒါပေမဲ့ အစ်မကြီးက...." ဒီပက မက်ဒါနာကို မတိုက်ခိုက်နိုင်သေးဘူးလို့ ပြောချင်ပေမဲ့ မက်ဒါနာရဲ့မျက်လုံးအိမ်ထဲက ပြတ်သားတဲ့ဆုံးဖြတ်ချက်ကြောင့် မပြောဖို့ဆုံးဖြတ်လိုက်ပြီး ခေါင်းညိတ်လိုက်တယ်။

နောက်တော့ သူပုလွေမှုတ်လိုက်တာနဲ့ စစ်သုံးလိပ်ပြာကြီးက စက်ရုံခေါင်မိုးပေါ်မှာ နားနေရာကနေ စက်ရုံရှေ့က ပါကင်ကွင်းကို ချက်ချင်းပျံဆင်းလာတယ်။

မက်ဒါနာကလည်း ကောင်စုတ်လေးကို ပြုံးပြလိုက်ပြီး ဝှီးချဲကိုလိပ်ပြာဆီမောင်းသွားတယ်။ ဒီပကတော့သူ့အစ်မကြီးရဲ့ထူးဆန်းတဲ့ အမူအကျင့်တွေနဲ့ပတ်သက်ပြီး အသားကျဖို့ မနည်းကြိုးစားနေရပါတယ်။

'ငါ့အစ်မကြီးက ငါထင်သလိုမျိုး နူးညံ့တဲ့မိန်းကလေးမျိုးမဟုတ်ဘူးပဲ၊ သူ့လက်သီးက ငါ့ထက်ပိုမာတယ်။' ဒါက သူ့အတွေးပါ။

...

တပ်မှူးကြီးရော့ဝဲလ်က တောင်ကုန်းတစ်ခုပေါ်မှာ ရပ်လိုက်ပြီး တောင်ခြေက တိုက်ပွဲကို စီးကြည့်နေတယ်။ သူနဲ့အတူ အခြားအထက်အရာရှိတွေလည်း ရှိနေပြီးတော့ ဆုဗာနာရဲ့တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေတာပါ။ သူတို့အနေနဲ့ ဒီအဆင့်တိုက်ပွဲမှာ ဝင်ပါစရာမလိုသေးဘဲ ရန်သူ့ဘက်က စောင့်ရှောက်သူတွေ ရောက်လာမှသာ လှုပ်ရှားမှာဖြစ်ပါတယ်။

ဆုဗာနာရဲ့ကျယ်ပြန့်လှတဲ့မြက်ခင်းပြင်ကြီးဟာ အခုတော့ မြေဆီလွှာတွေပြောင်းပြန်လန်ကုန်ပြီး အစိုဓာတ်များတဲ့ တောင်မြေတွေက နေရာတိုင်းမှာ ပွစာကျဲနေတယ်။ နှစ်ဖက်ပစ်ခတ်ထားတဲ့ အမြောက်ကျည်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ တွင်းချိုင့်ကြီးတွေဟာ နေရာတိုင်းမှာရှိနေပြီး တချို့နေရာတွေမှာတော့ အမြောက်ဆန်မီးမသေသေးတဲ့အလား ယမ်းငွေ့တွေ တထောင်းထောင်းထနေဆဲပါ။

ဒီစစ်မြေပြင်ပေါ်မှာ လူသားနဲ့တူပေမဲ့လည်း လူအသိစိတ်မရှိတဲ့ အရိုးပေါ်အရေတင် ထူးဆန်းတဲ့သတ္တဝါတွေဟာ အသည်းယားစရာကောင်းတဲ့မြင်ကွင်းမျိုးနဲ့ ဆုဗာနာခံစစ်ဆီကို ပြေးသွားနေပါတယ်။ သူတို့ရဲ့အရေအတွက်ဟာ များပြားလွန်းတာကြောင့် အဆုံးမရှိဘူးလို့တောင် ထင်ရပါတယ်။

ဆုဗာနာစစ်သည်တွေဟာ သူတို့ရဲ့မြေနံရံခံတပ်တွေနောက်မှာပုန်းကွယ်ရင်း အကြီးအကျယ် ပြန်လည်ပစ်ခတ်နေကြတယ်။ ဆုဗာနာစစ်တပ်ဟာ အလွန်ရှည်လျားလှတဲ့ နယ်စပ်နယ်မြေကြီးတစ်ခုလုံးကို ကာကွယ်ဖို့အတွက် ခေတ်မီဘန်ကာခံတပ်တွေဆောက်ထားပေမဲ့ ဘန်ကာတစ်ခုနဲ့တစ်ခုကြား အကွာအဝေးက အတော်လေးလှမ်းတာမလို့ ကြေးစားစစ်တပ်အနေနဲ့ ခံစစ်လိုင်းနောက်ကိုဖောက်ဝင်သွားပြီး ဘန်ကာအားလုံးကို ဝိုင်းဖြိုချတာမျိုးမလုပ်နိုင်စေဖို့အတွက် ဒီမြေနံရံအမြင့်ကြီးတွေကို တည်ဆောက်ခဲ့တာပါ။

မြေနံရံတွေက ခြောက်ပေကျော်လောက်မြင့်ပြီး ဆုဗာနာမှာ အများအပြားတွေ့ရတတ်တဲ့ သစ်မာတွေနဲ့ တိုင်စိုက်တန်းဖြည့်ပြီး ခိုင်မာအောင်သစ်တပ်ပြုထားပါတယ်။ ဆုဗာနာသစ်တပ်တွေက အလွန်အမင်းခိုင်ခံတဲ့အထဲမှာပါပြီး ဒီတံတိုင်းတွေကို အမြောက်နဲ့ပစ်ရင်တောင် အလွယ်တကူဖြိုချလို့မရနိုင်ပါဘူး။

လက်ရှိဆုဗာနာစစ်သည် တစ်သောင်းကျော်ဟာ တံတိုင်းပေါ်မှာရှိနေပြီး အမြဲတမ်းတပ်ဖွဲ့တွေနဲ့အရံတပ်ဖွဲ့ဝင် နှစ်ခုပေါင်းပြီး ဆုဗာနာရဲ့အသက်ပမာအရေးကြီးတဲ့ ခံတပ်ကိုနောက်မဆုတ်တမ်း ခုခံနေပါတယ်။ တံတိုင်းနောက်မှာလည်း ဟောင်ဝပ်ဇာ အမြောက်တပ်ရှိနေပြီး အရိုးမျက်နှာအုပ်စုတွေကို လုံးဝဖျက်ဆီးပစ်ဖို့ ကြိုးစားအားထုတ်နေကြပါတယ်။

အရိုးမျက်နှာကိုယ်ပွားတွေဟာ သာမန်C rank အမြန်နှုန်း၊ ခုခံစွမ်းအားနဲ့ တိုက်ခိုက်နိုင်စွမ်းတွေကို ပိုင်ဆိုင်ထားရုံတင်မကပါဘူး။ သူတို့စုပ်ယူထားတဲ့ မြူတန့်စွမ်းအားတွေကိုပါ သုံးနိုင်ကြပြီး ဆုဗာနာခံစစ်ကြောင်းအတွက် C rank မြူတန့်နှစ်သောင်းနီးပါးနဲ့ ရင်ဆိုင်နေရသလို ခံစားရပါတယ်။

ခံစစ်ကို အားကုန်ပြင်ဆင်ထားတဲ့အတွက် ဆုဗာနာစစ်သည်တွေက ဇက်သတ္တုချပ်ဝတ်အပြည့်ဝတ်ထားပြီး ဇက်သတ္တုကျည်တွေကိုသုံးပါတယ်။ ဇက်ကျည်တွေက အရိုးမျက်နှာတွေရဲ့ပြင်ပအရိုးခွံကို ထိုးခွဲနိုင်ပေမဲ့ ချက်ချင်းအသေမသတ်နိုင်ပါဘူး။

တစ်ကောင်တစ်ချက်ပစ်ပြီး သတ်နိုင်သူတွေရှိပေမဲ့ ရှားပါတယ်။ အချိန်ကြာလာတဲ့အခါမှာတော့ ဆုဗာနာစစ်သည်တွေဟာ အရိုးမျက်နှာတွေအပြင် ကြေးစားစစ်သည်တွေကိုပါ တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရပြီး အခက်အခဲကြုံတွေ့လာပါတော့တယ်။

ကားလ်က သူ့လက်ထဲရောက်လာတော့ ဆုဗာနာချပ်ဝတ်တစ်ခုကို ကောက်ကိုင်ကြည့်လိုက်တယ်။ စစ်ပွဲတွင်းကျဆုံးသွားတဲ့ ဆုဗာနာစစ်သည်တစ်ယောက်ဆီကနေ အရိုးမျက်နှာတစ်ကောင်ကို ကောက်လာခိုင်းခဲ့တာပါ။

"တပ်မှူး၊ ကောလာဟလတွေထဲကအတိုင်းပဲ ဒီနိုင်ငံက စစ်သည်တွေက ရေမရောတဲ့ဇက်သတ္တုအစစ်ကို စစ်သည်တိုင်းအတွက် ထုတ်ပေးထားတာပဲ။"

တပ်မှူးရော့ဝဲလ်လည်း ချပ်ဝတ်ကို ကိုင်ကြည့်ပြီး ခေါင်းညိတ်လိုက်ပါတယ်။ "အံ့ဩစရာပဲ၊ ကြေးစားတပ်ဖွဲ့တောင်မှ ပလာဒင်ချပ်ဝတ်တွေကို ဇက်သတ္တုရည်ပါးပါးပဲ စိမ်ပေးနိုင်တာ။ သူတို့ကတော့ ကမ္ဘာ့အမာဆုံးသတ္တုကို လူတိုင်းလိုလိုဝတ်နိုင်ကြတယ်။"

"ဒါပေမဲ့ ဒီဝတ်စုံတွေက နည်းပညာမပါတဲ့ ရိုးရိုးဝတ်စုံတွေဖြစ်နေလို့ ကံကောင်းသွားတယ်။ တပ်ဖွဲ့တွေကို ခံစစ်လိုင်းဖောက်ဖို့ အမြန်ကြိုးစားခိုင်းလိုက်တော့။" ရော့ဝဲလ်က ကားလ်ကိုအမိန့်ပေးလိုက်တယ်။

ရော့ဝဲလ်က သိပ်စိတ်မရှည်ပါဘူး။ သူတို့ဘက်က အားအားနှစ်ဆကျော်လောက်ရှိပေမဲ့ ဆုဗာနာရဲ့လျော့တိလျော့ရဲမြေတံတိုင်းကို အကြာကြီးသိမ်းပိုက်နေရတယ်မဟုတ်လား။

...

"ထင်ထားတဲ့အတိုင်းပဲ အရိုးမျက်နှာတွေက တကယ့်စစ်မြေပြင်မှာ ပိုကြောက်ဖို့ကောင်းတာပဲ။" လိပ်ပြာပေါ်မှာပါလာတဲ့ မက်ဒါနာက မြေပြင်က ခံစစ်လှိုင်းကိုကြည့်ပြီး ပြောလိုက်တယ်။

အခုသူတို့က ဆုဗာနာပင်မလေတပ်ဖြစ်တဲ့ လိပ်ပြာတပ်ဖွဲ့နဲ့အတူရှိနေပြီး ဒီအဖွဲ့က ဆုဗာနာခံစစ်ကို အားဖြည့်ဖို့အတွက် မြို့တော်ကနေ ထွက်လာကြတာပါ။

အဇူရာကောင်းကင်ပြာထက်မှာ ဒါဇင်နဲ့ချီတဲ့ လိပ်ပြာကြီးတွေ ပျံသန်းနေကြပြီးတော့ အင်မတန်ပဲ ခမ်းနားပါတယ်။ ဆုဗာနာရဲ့တော်ဝင်လေတပ်ဟာ မြူတန့်သားရဲတွေကို တွင်တွင်ကျယ်ကျယ်သုံးတဲ့ ကမ္ဘာ့တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။

အဝေးကြည့်မှန်ပြောင်းနဲ့ မက်ဒါနာက အောက်ကအခြေအနေတွေကို လေ့လာနေတာဖြစ်လို့ ခံတပ်ပေါ်က တပ်သားတချို့ အရိုးမျက်နှာတွေကြားထဲရောက်ပြီး တစ်စစီဖြစ်သွားတဲ့မြင်ကွင်းကို အသေးစိတ်မြင်နေရတယ်။

တချို့ဆိုရင် အရိုးမျက်နှာတွေရဲ့ကင်းမြီးကောက်လက်မတွေနဲ့ ထက်ပိုင်းအပိုင်းခံလိုက်ရတာဖြစ်ပြီး သူတို့ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့အောက်ပိုင်း အိုးစားကွဲကုန်တယ်။ မသတီစရာမြင်ကွင်းဖြစ်ပေမဲ့ မက်ဒါနာက တိုက်ပွဲအတွေ့အကြုံအတော်ရှိပြီးသားမလို့ သိပ်မခံစားရပါဘူး။

ကောင်လေးဒီပကတော့ သူ့အစ်မကြီးကို ပြုံးပြလိုက်ပြီး "မပူပါနဲ့၊ ဆုဗာနာခံစစ်ကို အလွယ်လေး ဖောက်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"

ဒီပက ပြောလိုက်ရင်း စစ်သုံးရေဒီယိုလိုင်းကနေတစ်ဆင့် လေတပ်တစ်ခုလုံးကို စကားတစ်ခွန်းမျှဝေလိုက်တယ်။

"အဇူရာ ၁ မှ အဇူရာ ၅ သို့၊ ငါတို့ရဲ့အထူးဧည့်သည်က ရန်သူတွေပြိုကွဲသွားတာကို မြင်ချင်နေတယ်။ စလိုက်ရအောင်။"

"ရော်ဂျာ..." အဲဒီနောက်တော့ ဆုဗာနာလိပ်ပြာတွေက ကောင်းကင်အမြင့်ကနေပြီး အောက်ကိုစတင်ထိုးဆင်းကြတယ်။ တစ်ချိန်တည်းမှာပဲ လိပ်ပြာတွေရဲ့ဝမ်းဗိုက်ကနေ အစိမ်းရောင်မီးစုန်းအလင်းတွေထွက်ပေါ်လာပြီး အလွန်တရာတောက်ပနေတယ်။

မက်ဒါနာက ဒီအစိမ်းရောင်အလင်းတွေက ဘာတွေမှန်းမသိပေမဲ့ တတိယခုံမှာရှိနေတဲ့ ခွေးကြီးကိုလေယာဥ်ပစ်သေနတ် အသင့်ပြင်ခိုင်းထားလိုက်တယ်။ အခုသူတို့က တိုက်ပွဲထဲဝင်တော့မှာမဟုတ်လား။

အောက်မှာရှိနေတဲ့ ကြေးစားစစ်တပ်ဘက်က စစ်သည်တွေလည်း လေကြောင်းတိုက်ခိုက်မှုကို သတိထားမိသွားကြပြီး တန်ပြန်ပစ်ဖို့ကြိုးစားတယ်။ အရိုးမျက်နှာတချို့က သူတို့လက်တွေကို ကောင်းကင်ပေါ် မျက်နှာမူပြီး အရိုးချွန်တွေနဲ့ စတင်ပစ်ခတ်တယ်။ ဒီအရိုးချွန်တွေက သိပ်ကိုအန္တရာယ်များမှန်း မက်ဒါနာသိပါတယ်။ အကာအကွယ်မရှိဖြစ်နေတဲ့ အခုလိုအချိန်မျိုးမှာ သူ့ကိုမှန်ရင် ကျိန်းသေပေါက်မှန်မှာပါ။

ဒါပေမဲ့ ဆုဗာနာလေတပ်က ကောင်းကောင်းမွန်မွန် ရှောင်တိမ်းနိုင်ခဲ့ပြီး လိပ်ပြာတစ်ကောင်နှစ်ကောင် ဒဏ်ရာရသွားတာကလွဲလို့ တခြားအထိအခိုက်မရှိပါဘူး။ မြေပြင်နဲ့အန္တရာယ်ရှိလောက်အောင် နိမ့်ဆင်းပြီးတဲ့နောက်တော့ လိပ်ပြာတပ်ဖွဲ့က လိပ်ပြာတွေက စိမ်းပြာရောင်တောက်နေတဲ့ တံထွေးတွေကို ထွေးချပစ်ခဲ့တယ်။

ဖြစ်စဥ်က မြန်ဆန်လွန်းလို့ မက်ဒါနာ စိမ်းပြာရောင်အလင်းတန်းတချို့ကို မြင်တွေ့လိုက်ရပြီးသိပ်မကြာခင်မှာပဲ လိပ်ပြာတွေက အပေါ်ကိုပြန်ထောင်တက်နေကြပြီ။ လေတပ်အနေနဲ့ ဗုံးကျဲပြီးရင် လေပေါ်ပြန်တက်ဖို့က အရေးအကြီးဆုံးပါပဲ။ ဒီလိုမှမဟုတ်ရင် မြေပြင်တပ်ဖွဲ့တွေ ဝိုင်းအမဲဖြတ်တာကို ခံရလိမ့်မယ်။

လိပ်ပြာက လေပေါ်ကို ဆက်တိုက်ထောင်တက်နေတုန်း မက်ဒါနာက အဝေးကြည့်မှန်ပြောင်းနဲ့ မြေပြင်အခြေအနေကို လှည့်ကြည့်တယ်။

စိမ်းပြာရောင်အရည်တွေက အရိုးမျက်နှာတွေကို စက္ကန့်ပိုင်းအတွင်း အရည်ဖြစ်သွားတဲ့အထိ တိုက်စားသွားတာကို သူမြင်လိုက်ရတယ်။

"မြူတန့်လိပ်ပြာတွေရဲ့အဆာခြေအက်စစ်တွေလေ၊ ဇက်သတ္တုတောင်မှ ဒီအက်စစ်ထဲမှာ အချိန်အကြာကြီး အစိမ်ခံရရင် ပျက်စီးကုန်လိမ့်မယ်။"

ပြောရရင်တော့ ဒီနည်းလမ်းက ဆုဗာနာလေတပ်က နှစ်ရာနဲ့ချီသုံးခဲ့တဲ့ ဗုံးကျဲနည်းပါ။ မက်ဒါနာတို့တပ်ဖွဲ့ ဗုံးကျဲပြီးတဲ့နောက်တော့ နောက်ထပ်လိပ်ပြာတစ်ဖွဲ့တစ်ခု ထပ်ရောက်လာပြီး အလားတူထပ်လုပ်တယ်။ အကြိမ်တိုင်းမှာ အရိုးမျက်နှာရာနဲ့ချီသေဆုံးကုန်တယ်။ စုစုပေါင်းလိပ်ပြာတပ်ဖွဲ့လေးဖွဲ့ပါတဲ့ ဆုဗာနာတော်ဝင်လေတပ်က အကြိမ်ပေါင်းတစ်ဒါဇင်ထပ်မနည်း အရိုးမျက်နှာတွေအပေါ် ဗုံးကျဲခဲ့ပြီးတော့ ထောင်နဲ့ချီသတ်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆုဗာနာစစ်သည်တွေကို အရိုးမျက်နှာတွေက ဖိအားပေးနိုင်နေဆဲဖြစ်ပြီး အရေအတွက်သာလွန်နေဆဲပါ။

...

တစ်ဖက်မှာတော့ ရော့ဝဲလ်က အခုထိခံစစ်ကို မဖောက်နိုင်သေးတဲ့အတွက် ဒေါသတွေအလိပ်လိုက်ထွက်နေပါပြီ။

"ကြည့်ရတာ ငါတို့တွေကိုယ်တိုင် ဝင်ပါရတော့မယ့်ပုံပဲ။ စလိုက်ရအောင်။"

အဲဒီနောက် သူက အနက်ရောင်စစ်ဝတ်စုံကိုချွတ်ဖြစ်ပြီး အပေါ်ပိုင်းကိုယ်ဗလာနဲ့တိုက်ပွဲထဲကို စဝင်ပြေးတယ်။ သူ့အောက်ကအရိပ်ကတော့ တဖြည်းဖြည်းချင်း အကောင်ကြီးတစ်ကောင်လိုမျိုး ကြီးထွားလာပြီး အရိပ်လက်ကြီးတွေက နေရာအနှံကိုပြန့်နှံလာတယ်။

အရိပ်လက်တွေထဲက တချို့က မြေသားတံတိုင်းပေါ်မှာ ရန်သူတွေကိုခုခံနေတဲ့ ဆုဗာနာစစ်သားတွေဆီရောက်သွားပြီး အကောင်အထည်ဖြစ်ပေါ်လာတယ်။ အကောင်အထည်ဖြစ်လာတဲ့ အရိပ်လက်တွေက စစ်သည်တွေကို ဖမ်းဆုပ်ပြီး ရော့ဝဲလ်ရဲ့ခြေထောက်အောက်က တွင်းနက်လိုပါးစပ်ကြီးထဲကို ပစ်ထည့်ခံရတယ်။ ပြီးတော့ တွင်းနက်ပါးစပ်ကြီးက လူတွေကိုစားလေ ပိုကြီးလာလေ၊ လက်တွေထွက်လာလေလေပါပဲ။

"ရပ်စမ်း...." ဆုဗာနာစောင့်ရှောက်သူလေးယောက်လည်း ရန်သူ့A rankတွေ ပါလာပြီဖြစ်တဲ့အတွက် ရပ်ကြည့်မနေတော့ဘဲ ဝင်လာကြပါပြီ။ အခုတိုက်ပွဲက အထွတ်အထွပ်အခြေအနေပါ။ နှစ်ဖက်လုံးက စစ်သည်သောင်းနဲ့ချီပါဝင်တိုက်ခိုက်နေကြပြီး ခံစစ်ကျိုးပျက်သွားတာနဲ့ ဆုဗာနာဟာ ချက်ချင်းကျဆုံးသွားမယ့်အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ကြေးမျက်နှာဖုံးတပ်၊ ဗျဥ်းတိုဗျဥ်းရှည် ဇက်သတ္တုချပ်ဝတ်အပြည့်ဝတ် စစ်သည်တော်လေးဦးက သူတို့ကိုင်ဆောင်ထားတဲ့ ငွေရောင်တလက်လက် လက်နက်တွေနဲ့အတူ ရော့ဝဲလ်ကို ဝိုင်းရံဖို့ကြိုးစားလိုက်ကြတယ်။

ဆုဗာနာမှာက စောင့်ရှောက်သူလေးဦးက လက်ရှိအင်အားအကြီးဆုံးပါ။ စကော်ပီယိုက ဆုဗာနာနယ်စားနယ်မြေမှာ ခဏနေပြီး နေရာတစ်ခုရှာဖို့ကြိုးစားခဲ့တဲ့အတွက် စောင့်ရှောက်သူဦးရေက ငါးဦးဖြစ်သွားဖူးသေးတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ လေးယောက်ပဲရှိတာဖြစ်ပြီး ကြေးစားစစ်တပ်နဲ့ရင်ဆိုင်ရချိန်တိုင်းမှာ အရေအတွက်တူခဲ့ပါတယ်။ နယ်စားကြီးကလည်းကိုယ်တိုင်က A rank စွမ်းအားပိုင်ဆိုင်မထားပေမဲ့ သူ့လက်စွပ်ရဲ့ထူးခြားတဲ့စွမ်းအားကြောင့် စောင့်ရှောက်သူတွေကို တန်းတူထောက်ပံပေးနိုင်စွမ်းရှိတယ်။ ဒါကြောင့် အရင်ရက်သတ္တပတ်မှာ ကြေးစားစစ်တပ်က လုံးဝအသာစီးမရခဲ့ပါဘူး။

ဒါပေမဲ့ ဒီနေ့တော့ ကြေးစားစစ်တပ်က အခြေအနေကို ပြောင်းပြန်လှန်ဖို့အတွက် ဆုံးဖြတ်ထားပြီးပါပြီ။

'သွေးစွန်းမုန်တိုင်း' စီစီလီယာက အရိုးမျက်နှာအုပ်ထဲကနေ ထွက်လာပြီး ဓားနဲ့ဒိုင်းကိုင်ထားတဲ့ ဓားစောင့်ရှောက်သူကို ဦးစွာတိုက်ခိုက်လိုက်တယ်။ သူ့ယပ်တောင်ကနေ လေပြင်းတစ်ချက်ထွက်လာပြီး တိုက်ပွဲမြေပြင်မှာ ဘေးချင်းယှဥ်လျက် စီတန်းရပ်နေတဲ့ ဆုဗာနာစောင့်ရှောက်သူအုပ်စုကို လူစုကွဲသွားစေပါတယ်။

လေးစောင့်ရှောက်သူက စီစီလီယာကို လေပေါ်ကနေလေးနဲ့ပစ်ခတ်ဖို့လုပ်ပေမဲ့ ရုတ်တရက် မရပ်မနားပြုံးနေတဲ့ အရာရှိတစ်ယောက်က ရှေ့မှာဝင်ရပ်လိုက်ပြီး မြားကို သူ့ပါးစပ်သက်သက်နဲ့ ကောက်ဖမ်းလိုက်တယ်။ ဒီတစ်ယောက်က ဒုတပ်မှူးဖြစ်ပြီး အရာရှိလေးယောက်ထဲမှာမခေတဲ့ အပြုံးလူသားပါ။

လေးစောင့်ရှောက်သူက မြားတွေနဲ့ ဆက်တိုက်ပစ်ပြီး အပြုံးမဲ့လူသားကို အသေသတ်ဖို့ကြိုးစားပေမဲ့ မြားတွေက သူ့ခန္ဓာကိုယ်ကို ရေပြင်လိုမျိုးဖြတ်သွားပြီး ဘာမှမထိရောက်ပါဘူး။ အပြုံးလူသားက ခြေကုပ်မရသေးလို့ တိုက်ကွက်တွေကို မရှောင်ရှားနိုင်ဖြစ်နေတဲ့ လေးစောင့်ရှောက်သူဆီပြေးလာပြီး သူ့လက်ဝါးကိုမြှောက်ကာ တိုက်ခိုက်ဖို့ပြင်တဲ့အချိန်မှာပဲ လှံစောင့်ရှောက်သူရဲ့လှံဖျားက အပြုံးလူသားရဲ့ပခုံးကို ထိုးဖောက်သွားတယ်။

"ဒီလူက 'အပြုံးလူသား' ခရစ်ပဲ။ ဒီလူက သူ့ခန္ဓာကိုယ်ကို တကယ်မရှိသလိုမျိုးပြောင်းနိုင်တယ်။ ဒါပေမဲ့ အမြဲတမ်းမဟုတ်ဘူး။ တိုင်ပင်ရှာပြီးတိုက်ခိုက်။"

နောက်တော့ လှံနဲ့လေးစောင့်ရှောက်သူက အပြုံးလူသားကို ဖိတိုက်ခိုက်တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ငွေရောင်ဖဲချပ်တွေက သူတို့ဆီကို ဦးတည်လာနေတဲ့အတွက် လူစုခွဲလိုက်ရပြန်တယ်။

ကားလ်ကတော့ သူတို့ရှေ့မှာပေါ်လာပြီး လှံစောင့်ရှောက်သူကို ရွေးပြီးဆက်တိုက်ခိုက်ပါတယ်။

"ငါတို့အဆင့်နဲ့ဆိုရင် တစ်ယောက်ချင်းယှဥ်တိုက်တာက ပိုပြီးသဘာဝကျတယ်မဟုတ်လား။ အဖိုးကြီးရဲ့။"

ဆုဗာနာစောင့်ရှောက်သူတွေအားလုံးလိုလိုက သက်လတ်ပိုင်းတွေပါ။ ကားလ်ကတော့ သူတို့ထက် နည်းနည်းပိုငယ်တယ်။ ဒါကြောင့် အခုလိုပြောတာက သဘာဝကျတယ်။ တစ်ချိန်တည်းမှာပဲ မောက်မာရာလည်း ကျနေပြန်တယ်။

အခြားတစ်ဖက်မှာတော့ စောင့်ရှောက်သူတွေထဲက ခွန်အားအကောင်းဆုံး ပုဆိန်စောင့်ရှောက်သူက အရိပ်လက်တွေရဲ့ပိုင်ရှင်နဲ့ ရင်ဆိုင်တွေ့မိနေပါတယ်။ ပုဆိန်စောင့်ရှောက်သူက အရိပ်လက်တွေရဲ့အလုပ်လုပ်ပုံကို နားမလည်နိုင်ဖြစ်နေတဲ့အတွက် မျက်မှောင်ကြုတ်ထားပါတယ်။

သူ့ရှေ့ကလူက ရန်သူတွေထဲမှာ အသန်မာဆုံးလို့ ခံစားနေရပြီးတော့ သူကြည့်နေတဲ့အချိန်မှာတင် ဆုဗာနာစစ်သည်တွေကိုစားသုံးပြီး ပိုမိုအင်အားကြီးလာနေပါတယ်။ ဒါကြောင့် ပုဆိန်စောင့်ရှောက်သူ မချင့်မရဲဖြစ်မိနေတာပါ။

"ဘာကြည့်နေတာလဲ၊ မင်းက ငါ့ကိုမတိုက်ခိုက်ရဲဘူးလား။" ဒါပေမဲ့ 'အရိပ်လက်' ရော့ဝဲလ်ဆီကနေပြီး လှောင်ပြောင်တဲ့ စကားမျိုးကြားရပြီးတဲ့နောက်မှာတော့ ပုဆိန်စောင့်ရှောက်သူက ဆက်တုန့်ဆိုင်းမနေတော့ဘဲ တစ်ခါတည်းအော်ဟစ်ပြေးဝင်သွားလိုက်ပါတယ်။

ကားလ်နဲ့ လှံစောင့်ရှောက်သူ၊ စီစီလီယာနဲ့ ဓားစောင့်ရှောက်သူ၊ အပြုံးလူသားနဲ့ လေးစောင့်ရှောက်သူ၊ အရိပ်လက်နဲ့ ပုဆိန်စောင့်ရှောက်သူတို့ အချင်းချင်းရင်ဆိုင်မိကြတယ်။ ဒါပေမဲ့ ကြေးစားစစ်တပ်ဘက်မှ အခုအထိမလှုပ်ရှားသေးတဲ့ စစ်သည်တစ်ယောက်ရှိနေဆဲပါ။

ဒီလူက ရေနွေးငွေ့တွေကို တစ်ချိန်လုံးမှုတ်ထုတ်နေတဲ့ ထူးဆန်းတဲ့နည်းပညာချပ်ဝတ်ကို ဝတ်ဆင်ထားပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ထွင်ထားပုံမပေါ်ဘဲ ပလာဒင်ချပ်ဝတ်ကို စိတ်ကြိုက်ပြန်ပြင်ထားတာနဲ့တူနေတယ်။ ဒီလူက ဝတ်စုံအပေါ်ကနေမှ အရာရှိဝတ်စုံကို ခြုံဝတ်ထားတာဖြစ်ပြီး အသီးသီးတိုက်ခိုက်နေကြပြီဖြစ်တဲ့ သူ့ရဲ့ပါတနာတွေကို လှည့်ပတ်ကြည့်လိုက်ပါတယ်။

"ကြည့်ရတာ ငါလည်း ပြိုင်ဖက်တစ်ယောက်ရှာသင့်ပြီနဲ့တူတယ်။" နောက်တော့ သူ့ခြေလှမ်းတွေက တစ်ာနေရာကို စလှမ်းတယ်။

တိတိကျကျပြောရရင်တော့ ဆုဗာနာခံတပ်တံတိုင်းပေါ်က အမိန့်ပေးစင်တာတစ်ခုဆီကိုပါ။ အဲဒီမှာတော့နက်မှောင်တဲ့အကြည့်တွေနဲ့ တိုက်ပွဲအခြေအနေကို စောင့်ကြည့်အမိန့်ပေးနေတဲ့ အဖိုးအိုတစ်ယောက်ရှိနေပါတယ်။ အဖိုးအိုရဲ့အနီးမှာ တခြားအားကောင်းတဲ့ ကိုယ်ရံတော်တွေလည်းရှိနေပေမဲ့ ရေနွေးငွေ့ခေါင်းကတော့ ဂရုစိုက်ပုံမပေါ်ဘူး။

ဆုဗာနာနယ်စားနယ်မြေရဲ့အချုပ်အချာအာဏာကို ပိုင်စိုးသူ၊ နယ်စားကြီးပါ။ ကြေးစားစစ်တပ်က ပဥ္စမမြောက် A rankလို့ ညွန်းဆိုကြသူလည်းဖြစ်ပါတယ်။ဒါပေမဲ့ တကယ်တမ်းမှာ A rank စွမ်းအားကို ပိုင်ဆိုင်ထားခြင်းမရှိပေမဲ့ပေါ့။

All Chapters