ကယ်ဆယ်ရေးမစ်ရှင်
Vol. 5 Ch. 16
"နယ်စားကြီး၊ ဘယ်တောင်ပျံ မီတာသုံးရာတံတိုင်း ပေါက်ကွဲသွားပါတယ်။"
"ပြင်ဆင်ရေးတပ်ဖွဲ့တွေ စေလွှတ်ပြီး အမြောက်ပစ်ကူပေးလိုက်။"
တံတိုင်းပေါ်က အကြီးဆုံးနဲ့အဓိကအကျဆုံး ခံတပ်ကြီးအတွင်းမှာတော့ နယ်စားကြီးက တံတိုင်းတစ်ခုလုံးအတွက် အမိန့်တွေကို ဇယ်ဆက်နေသလိုမျိုး ဆက်တိုက်ပေးနေပါတယ်။ သူနဲ့အတူ နန်းတွင်းအစောင့်တပ်ရဲ့အင်အားတစ်ဝက်က အတူရှိနေပြီး B အဆင့် ကိုယ်ရံတော်နှစ်ယောက်က လက်ဝဲရံလက်ယာရံတွေအဖြစ် စောင့်ရှောက်ပေးနေပါတယ်။
ဆုဗာနာတံတိုင်းကြီးက အရေးပေါ်တည်ဆောက်ခဲ့တာဖြစ်လို့ မြေသားတံတိုင်းပါ။ ဗုံးဒဏ်အမြောက်ဒဏ်တွေကို ကြံကြံခိုင်နိုင်ပေမဲ့ လုံးဝဖျက်ဆီးလို့မရတာတော့ မဟုတ်ပါဘူး။ ရန်သူ့အရေအတွက်က သူတို့ထက် သုံးဆနီးနီးအထိ သာလွန်လာချိန်မှာတော့ တံတိုင်းဟာ ဖိအားတွေကို စခံစားလာရပါတော့တယ်။
နယ်စားအမိန့်အတိုင်းပဲ ဆုဗာနာရဲ့တည်ဆောက်ရေးနဲ့ပြင်ဆင်ရေးတပ်ဖွဲ့က စတင်လှုပ်ရှားတယ်။ ဒီတပ်ဖွဲ့က နိုင်ငံတကာအဆင့်အတန်းနဲ့ဆိုရင်တော့ စစ်ပွဲသုံးအင်ဂျင်နီယာတပ်ဖွဲ့လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ဆုဗာနာစတိုင်အနေနဲ့ဆိုရင်တော့ သူတို့နဲ့အတူမြူတန့်ပုရွက်ဆိတ်တွေပါဝင်ပြီး ဒီပုရွက်ဆိတ်တွေက နံရံတည်ဆောက်တဲ့နေရာမှာ အထူးကျွမ်းကျင်ကြပါတယ်။ မြင်ကွင်းရှေ့မှာတင် မြူတန့်ပုရွက်ဆိတ်တွေက ရွံမြေတွေကို တူးထုတ်ပြီး လေးထောင့်မြေစေးတုံးတွေအဖြစ်ဖြတ်ယူကာ တံတိုင်းပေါက်သွားတဲ့နေရာကို စတင်ပြေးသွားကြပါတယ်။
အဲဒီနောက်တော့ ဆုဗာနာအမြောက်တပ်ဖွဲ့က နံရံပြိုကျသွားတဲ့နေရာကနေ ထွက်လာနေတဲ့ အရိုးမျက်နှာတွေကို အားစိုက်ပစ်ခတ်ပြီး ရှင်းထုတ်ပစ်လိုက်ကြတယ်။ ပုရွက်ဆိတ်တွေကတော့ မြေစေးတုံးတွေကို ပျက်စီးနေတဲ့နံရံနေရာမှာ အစားထိုးယာယီတံတိုင်းဆောက်ဖို့ အမြန်ဆုံးကြိုးစားနေတယ်။ သူတို့နဲ့အတူပါလာတဲ့ စစ်သည်တွေကတော့ အရိုးမျက်နှာတွေ ထပ်ကျူးကျော်မလာအောင် အကောင်းဆုံးပစ်ခတ်တားဆီးနေကြတယ်။
ဒီလိုအမိန့်ပေးစင်တာမျိုးတွေက ကီလိုမီတာရာနဲ့ချီရှည်လျားတဲ့ ဆုဗာနာနယ်စပ်တံတိုင်းတစ်လျှောက်မှာရှိနေတာဖြစ်ပြီး အမိန့်ပေးစင်တာတွေကလည်း ဒါဇင်နဲ့ချီရှိပါတယ်။ စင်တာတချို့က အသစ်ဆောက်ထားတာဖြစ်ပြီး တချို့ကတော့ နဂိုရှိပြီးသားနယ်စပ်ခံတပ်တွေပါ။ စင်တာတွေအားလုံးမှာ အချင်းချင်းဆက်သွယ်သတင်းပို့နိုင်တဲ့ ဂြိုဟ်တုဆက်သွယ်ရေးဖုန်းတွေရှိကြတယ်။
နယ်စားကြီးရဲ့စင်တာကတော့ ခံတပ်ဟောင်းတစ်ခုနဲ့တွဲထားတာဖြစ်ပြီး ခံတပ်တစ်ကီလိုမီတာပတ်လည်က တံတိုင်းအခြေအနေကို ကွပ်ကဲရပါတယ်။ တစ်ချိန်တည်းမှာပဲ တံတိုင်းကြီးတစ်ခုလုံးက တပ်ဖွဲ့တွေနဲ့ မြေပြင်ဝေဟင်တပ်ဖွဲ့တွေကိုပါ ကွပ်ကဲရတဲ့ပင်မအမိန့်ပေးစင်တာဖြစ်တယ်။
"နယ်စားကြီး... နယ်စားကြီး..." ရုတ်တရက် အမိန့်ပေးစင်တာထဲကို ဆက်သားတစ်ယောက် ပြေးဝင်လာတာကြောင့် ဂြိုဟ်တုဖုန်းအော်ပရိတ်တာရော နယ်စားပါ လှည့်ကြည့်လိုက်မိကြတယ်။ ဆုဗာနာစစ်တပ်မှာ ဆက်သွယ်ရေးစနစ်ကနေ သတင်းပို့လို့မရတဲ့အရာမျိုးကိုသာ ဆက်သားလွှတ်ပြီး သတင်းပို့တာပါ။ ပြီးတော့ ဆက်သားလွှတ်ရတယ်ဆိုတော့ ဆက်သွယ်ရေးစနစ်ပြတ်တောက်တဲ့အခြေအနေမျိုးရှိနေပြီလို့ အဓိပ္ပါယ်ရတယ်။ ပြီးတော့ ဒီစစ်သည်တစ်ကိုယ်လုံးမှာ အရိုးမျက်နှာတွေကမဟုတ်တဲ့ သွေးတွေရွဲနေတာမလို့ အခြေအနေက ပြင်းထန်ပုံပဲ။
"အပြင်မှာ... " ဒါပေမဲ့ ဒီစစ်သည်က စကားဆုံးတဲ့အထိ မပြောလိုက်နိုင်ဘဲ သူ့ရင်ဘတ်ကနေ သတ္တုလက်တစ်ဖက် ထိုးဖောက်ထွက်လာတယ်။ အဲဒီလက်ပိုင်ရှင်က စစ်သည်ရဲ့ကျောနောက်မှာရှိနေတာဖြစ်ပြီးဇက်သတ္တုချပ်ဝတ်ကို လက်သက်သက်နဲ့ ထိုးဖောက်ပြီးသတ်ဖြတ်ပစ်ခဲ့တာဖြစ်တယ်။
"A rank..." နယ်စားရဲ့ကိုယ်ရံတော်နှစ်ယောက် နယ်စားရှေ့မှာ ပိတ်ရပ်လိုက်ကြပြီး အကာအကွယ်ပေးတယ်။ အော်ပရိတ်တာကတော့ လက်ရှိအခြေအနေကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေပါပြီ။ A rank ဆိုတာက နှစ်ဖက်လုံးမှာလက်ရှိရှိနေတဲ့ အစွမ်းအထက်ဆုံး စစ်သည်တွေပါ။ လက်ရှိခံတပ်ထဲမှာက A rank ရှိမနေတော့ သေခြင်းတရားနီးကပ်လာတာကိုလည်း ဖော်ပြနေတယ်။
"မကြောက်နဲ့၊ ငါတို့ထိန်းထားမယ်။ မင်းက ဆုဗာနာလေတပ်ကို အကြောင်းကြားလိုက်။ အဲဒီမှာရှိနေတဲ့ ဟီးရိုးအစည်းအရုံးကလူတွေက တစ်ခုခုကြံဖန်ပေးလိမ့်မယ်။"
ဆုဗာနာဟီးရိုးအစည်းအရုံးက လူအရေအတွက်နည်းတာကြောင့် တံတိုင်းပေါ်မှာ ဖြန့်ကျက်ထားတာမျိုးမလုပ်ပါဘူး။ လေတပ်နဲ့အတူပျံသန်းပြီး အကူလိုအပ်တဲ့နေရာကို ဆင်းသက်ကာ အချိန်မီကူညီတာမျိုး လုပ်ကြပါတယ်။
"မင်းတို့က အကူအညီခေါ်ဖို့စဥ်းစားနေတာလား၊ ဒါပေမဲ့ ဘယ်သူမှရောက်မလာသေးခင် ငါက မင်းတို့နဲ့မင်းတို့နယ်စားကို အမြစ်ဖြုတ်ပစ်နိုင်စွမ်းရှိတယ်။"
ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ ပလာဒင်ချပ်ဝတ်ကနေ ရေနွေးငွေ့တွေထွက်ပေါ်လာပြီးစက်လည်သံကြမ်းကြမ်းကို သူတို့ကြားနေရတယ်။ ကြေးစားတပ်ဖွဲ့အရာရှိက သူ့ကျောမှာချိတ်ထားတဲ့ ဧရာမသံတင်းပုတ်ကြီးကို ဖြုတ်ယူလိုက်ပြီး နယ်စားကြီးဆီ တည့်တည့်ပြေးလာတယ်။
နယ်စားကြီးကလည်း သူ့ဘေးမှာချထားတဲ့ ဆောင်ဓားကို ကောက်ယူလိုက်ပြီး သတ္တိရှိရှိနဲ့ကိုယ်ရံတော်တွေနဲ့အတူ စတင်တိုက်ခိုက်တယ်။ ဇက်သတ္တုအစစ်နဲ့ပြုလုပ်ထားတဲ့ ဓားသွားတွေကြောင့် လေထုထဲမှာ ငွေရောင်အလင်းတန်းတွေရှိနေပြီး မကြာခင်မှာပဲ ရန်သူ့ချပ်ဝတ်ကို ထိမိတာကြောင့် မီးပွားတွေ ထွက်ပေါ်လာတယ်။
နယ်စားကြီးနဲ့စစ်သည်တွေက A rank အရာရှိထက် အများကြီးပိုမြန်ပါတယ်။ ဒါပေမဲ့ A rank အရာရှိကလည်း အားနည်းတဲ့သူမဟုတ်ပါဘူး။ သူလက်ထဲက လေးလံတဲ့တင်းပုတ်ကြီးကို ဝေ့ယမ်းပြီး နယ်စားတို့သုံးယောက်ကို ပြန်တွန်းထုတ်လိုက်တယ်။ သူ့ချပ်ဝတ်မှာ အစင်းရာတချို့ကျန်ခဲ့ပေမဲ့ အများကြီးထိခိုက်သွားတာမျိုးမရှိပါဘူး။
ပလာဒင်ချပ်ဝတ်က ပုံမှန်အားဖြင့်ဆိုရင်တော့ C အဆင့်မှာပဲရှိပေမဲ့ ဇက်သတ္တုအကာတွေကိုသုံးရင် ပိုအင်အားကြီးလာတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အလုံးအရင်းထုတ်လုပ်ပြီး ဇက်ပလာဒင်တွေကို တပ်ဖွဲ့ဝင်တိုင်းအတွက် တပ်ဆင်ပေးဖို့ဆိုတာတော့ အင်အားကြီးနိုင်ငံတွေအတွက်တောင် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ထိပ်တန်းအရာရှိတွေအတွက် သီးသန့်ထုတ်ပေးဖို့တော့ ဖြစ်နိုင်ပါသေးတယ်။
ပထမတစ်ချီတိုက်ခိုက်ပြီးတဲ့နောက်တော့ နယ်စားနဲ့ကိုယ်ရံတော်တွေက ခဏနားပြီး အခြေအနေသုံးသပ်တယ်။ နယ်စားကြီးက အားလုံးကို အားပေးလိုက်တယ်။
"မကြောက်ကြနဲ့၊ ဒီကောင်က ကို့ရို့ကားယားအဆင့်မြှင့်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတာဆိုတော့ နည်းပညာမြူတန့်အစစ်မဖြစ်နိုင်သလို သူ့ရဲ့တကယ့်မြူတန့်စွမ်းအားကလည်း ထင်သလောက်အားမကောင်းနိုင်ဘူး။ ငါတို့ သူ့ဝတ်စုံကို ဖျက်ဆီးနိုင်တာနဲ့ ကိစ္စပြီးသွားလိမ့်မယ်။"
အဲဒီနောက် နယ်စားကြီးက လက်ပစ်ဗုံးတစ်ခုကို စနက်တံဖြုတ်လိုက်ပြီး ကိုယ်ရံတော်နှစ်ယောက်ကို ပြလိုက်တယ်။ နယ်စားကြီးအကြံက ရိုးရှင်းပါတယ်။
"မင်းတို့ ငါ့ကိုလမ်းဖွင့်ပေး။"
"အမိန့်အတိုင်းပါ အရှင်။"
ကိုယ်ရံတော်စစ်သည်နှစ်ယောက်က ဘေးချင်းယှဥ်ရပ်လိုက်ကြတယ်။ သူတို့နှစ်ယောက်က ဇက်သတ္တုအစစ်နဲ့ပြုလုပ်ထားတဲ့ ငှက်ကြီးတောင်အသွင်ဓားတွေကို ကိုင်ဆောင်ထားတာဖြစ်ပြီး ဓားရေး ၃၇ ချင်းကို အင်မတန်ကျွမ်းကျင်ကြသူတွေပါ။ ပြီးတော့ သူတို့ဝတ်ထားတာက အဆင့်မြှင့်ပြီးသား ဆုဗာနာချပ်ဝတ်တွေဖြစ်ပြီး အလင်းဒြပ်စင်က သူတို့လှုပ်ရှားမှုတွေကို ထောက်ပံပေးထားတယ်။
အဲဒီနောက် သူတို့နှစ်ယောက်က တစ်ချက်မာန်သွင်းအော်ဟစ်လိုက်ကြပြီး ဓားကိုဝေ့ယမ်းက ရှေ့တက်ကြတယ်။ နှစ်ယောက်လုံးရဲ့ဓားသွားလှုပ်ရှားပုံတွေက တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဖက်ဖြစ်နေပေမဲ့ တိကျပြီး တစ်ယောက်ဟာကွက်ကိုတစ်ယောက် ဖုံးကွယ်ပေးထားတယ်။ လက်ဝဲရံက ညာဖက်ကို တက်ပိုင်းဓားကွက်နဲ့ခုတ်ပြီး လက်ယာရံကတော့ လက်ဝဲဘက်ကို တက်စလွယ်တွက်ဓားကွက်နဲ့ခုတ်တယ်။
ရန်သူ A rankအတွက်တော့ ဒီသိုင်းကွက်ကာ ကပ်ကြေးနဲ့ညှပ်ခံရသလိုပါပဲ။ သံချပ်ဝတ်တွေသာ ခံမထားရင် သူအပိုင်းပိုင်းပြတ်ထွက်သွားမှာ။ ပြီးတော့ ဒီနှစ်ယောက်က အမှန်တကယ်အားပါပါ ခုတ်နေတာဖြစ်ပြီး ဇက်သတ္တုဓားတွေနဲ့ဖြစ်လို့ တင်းပုတ်ကိုကန့်လန့်ဖြတ်ထောင်ပြီး ခုခံလိုက်ရတယ်။
ထန်း...။ ဓားနဲ့တင်းပုတ်ထိမိသွားပြီး မီးပွားတွေထွက်လာပေမဲ့ ကိုယ်ရံတော်နှစ်ယောက်က မရပ်မနားတိုက်စစ်ဆင်နေဆဲပါ။ နယ်စားကြီးက လက်ပစ်ဗုံးကို စနက်တန်ဖြုတ် လုံခြုံရေးမောင်းကိုညှစ်ပြီး သူတို့ကို စောင့်နေပါတယ်။ ဒါကြောင့် သူတို့နယ်စားကြီးအတွက် အခွင့်အရေးတစ်ခုပေးဖို့လိုတယ်။ ရန်သူကို ဖိနှိပ်ပြီး လှုပ်ရှားလို့မရတော့အောင်လုပ်နိုင်မှ နယ်စားကြီးအကြံက အလုပ်ဖြစ်မှာပါ။
"မင်းတို့ ငါ့ကိုဒီလောက်နဲ့ အကွက်ဆင်နိုင်မယ်ထင်နေတာလား။" ရေနွေးငွေ့ခေါင်းက ဒေါသတကြီးအော်ဟစ်ပြီး တင်းပုတ်နဲ့ဆက်တိုက်ဇယ်ဆက်သလို ထုချတယ်။ ခံတပ်ကြမ်းပြင်တွေက အက်ကွဲနေပြီး ကိုယ်ရံတော်နှစ်ယောက်လည်း ဆုတ်ပင့်ဓားချက်တွေကိုထုတ်ကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရှောင်ရှားရင်း ဟာကွက်ကိုရှာတယ်။
ကံကောင်းတာက တစ်ချက်မှာ တင်းပုတ်ကြီးက ကြမ်းပြင်မှာ နစ်ဝင်သွားပြီး တော်တော်နဲ့ပြန်ထုတ်လို့မရတော့ဘူး။ ကိုယ်ရံတော်နှစ်ယောက်လုံး သူတို့အခွင့်သာပြီဆိုတာ သိလိုက်ပြီး တစ်ဟုန်ထိုးခုန်တက်ကာ ခုန်မိုးဓားတွေနဲ့ ရန်သူ့ပခုံးကို ပိုင်းချလိုက်တယ်။
နှစ်ယောက်လုံးက အားကုန်ပိုင်းချလိုက်တာဖြစ်လို့ ရန်သူရပ်နေတဲ့ ကျောက်သားကြမ်းခင်းတစ်ခုလုံးပါ အက်ကွဲသွားပြီး ဒူးအထိနစ်ဝင်သွားတယ်။
"အခုပဲ..." အဲဒီနောက် သူတို့နှစ်ယောက်က ချက်ချင်းခုန်ဆုတ်တယ်။ နယ်စားကြီးကလည်း လက်ပစ်ဗုံးနဲ့ နစ်ဝင်ပြီးမလှုပ်ရှားနိုင်ဖြစ်နေသေးတဲ့ ရန်သူရဲ့ချပ်ဝတ်ဂွကြားဆီ ပစ်ခတ်လိုက်တယ်။
အဲဒီနောက် သူတို့သုံးယောက်အပါအဝင် အော်ပရိတ်တာပါ အကာအကွယ်ယူလိုက်ကြတယ်။ သိပ်မကြာခင်မှာပဲ သူတို့ခန့်မှန်းထားတဲ့အတိုင်းပဲ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ခံတပ်တစ်ခုလုံးကို တုန်ခါသွားစေပါတယ်။ ပေါက်ကွဲမှုအပြီးမှာတော့ သူတို့မော့ကြည့်လိုက်တယ်။
ရန်သူ သေသွားသင့်ပြီမဟုတ်လား၊ ဇက်သတ္တုချပ်ဝတ်ဆိုရင်တောင် ရေနွေးငွေ့ခေါင်းရဲ့အမြန်နှုန်းက မလုံလောက်ပါဘူး။ သူက ဝတ်စုံကိုခွန်အားကြီးမားမှုကို အဓိကထားတဲ့ပုံစံအဖြစ် ပြောင်းလဲထားခဲ့တာဖြစ်ပြီး SilverKnightလိုမျိုး ပေါက်ကွဲစေတတ်တဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်စွမ်းမရှိဘူး။ နယ်စားကြီးရဲ့လက်ပစ်ဗုံးကလည်း အထူးစီမံထားတာဖြစ်လို့ တော်ရုံဇက်သတ္တုတွေကို ဖောက်ပစ်နိုင်ပါတယ်။ ဒါကြောင့် ရန်သူကို သူတို့နိုင်လောက်တယ်လို့ တွေးထားကြတာ။ ဒါပေမဲ့....
"ဒီလောက်ပေါက်ကွဲအားလေးနဲ့ ငါ့ကိုဘာလုပ်နိုင်မှာလဲ။" စကားသံတစ်သံကို သူတို့ကြားလိုက်ရပြီးနောက်တော့ ထင်သလိုမဟုတ်မှန်း သူတို့သိလိုက်ရတယ်။
ယမ်းငွေ့မြူတွေကြားထဲကနေ ရေနွေးငွေ့ခေါင်းရဲ့ခန္ဓာကိုယ်ကြီးက တရွေ့ရွေ့ထွက်လာတယ်။ သူ့ရဲ့ချပ်ဝတ်က အင်မတန်လေးလံပေမဲ့ မာကျောတဲ့ချပ်ဝတ်ပါ။
"ငါဒီချပ်ဝတ်အတွက် သန်းရာနဲ့ချီအကုန်ခံပြီး ဇက်သတ္တုနှစ်လက်မခွဲထူတဲ့ အကာပြားတွေလုပ်ခဲ့တာ။ မင်းတို့ဆုဗာနာချပ်ဝတ်တွေရော Silverknightရဲ့ ချပ်ဝတ်တွေထက်ပါ အများကြီးပိုလေးပြီးပိုဒဏ်ခံနိုင်တယ်။ မင်းရဲ့ချပ်ဝတ်ဖျက်ဗုံးက ငါ့အတွက်နည်းနည်းစူးရုံလေးပဲရှိတယ်။"
တကယ်လည်း ချပ်ဝတ်ပေါ်မှာ ဇက်သတ္တုဗုံးဆန်တွေကြောင့် ဖြစ်လာတဲ့အခြစ်ရာတွေရှိနေပေမဲ့ သူ့ကိုသေစေနိုင်လောက်အောင် မဖြစ်ပါဘူး။ မကြာခင်မှာပဲ အပြင်မှာရှိနေတဲ့ နယ်စားတပ်ဖွဲ့ဝင်တွေလည်း သတိထားမိသွားပြီး ခံတပ်ဘန်ကာထဲကိုဝင်လာကာ ဇက်သတ္တုကျည်ဆန်တွေနဲ့ ရေနွေးငွေ့ခေါင်းကို ဝိုင်းပစ်ခတ်တယ်။
"နယ်စားကြီး၊ ဒီနေရာက ဆုတ်မှဖြစ်မယ်။"
ခံတပ်ထဲက အင်အားနဲ့ A rank တစ်ယောက်ကို အနိုင်ယူဖို့မဖြစ်နိုင်သေးဘူး။ တကယ်တော့ ပြန်ဆုတ်ဖို့ဆိုတာတောင် အခက်အခဲရှိနေပြီ နယ်စားကြီးက သူ့လက်မှာရှိနေတဲ့ လက်စွပ်ကို စိုက်ကြည့်လိုက်တယ်။ လက်စွပ်က စွမ်းအားကိုသုံးရင်တော့ သူ့အနေနဲ့ A rank တစ်ယောက်ကို အနိုင်ယူကောင်းယူနိုင်ပါရဲ့။
"မဖြစ်သေးဘူး၊ ငါဒီမှာသုံးလိုက်လို့ ပုရွက်ဆိတ်တွေကို တပ်ကူခေါ်လို့မရတော့ရင် ဘာဖြစ်လာမလဲ။"
အခုသူတို့က စစ်မြေပြင်မှာပါ၊ ရန်သူက ခံစစ်တံတိုင်းကို ဘယ်အချိန်ထိုးဖောက်လာမလဲဆိုတာ မသိနိုင်ဘူး။ ရှေးဟောင်းပစ္စည်းတွေက ကိုယ်ပိုင်စွမ်းအားနဲ့မတူဘဲ အတွင်းမှာသိမ်းထားတဲ့စွမ်းအားကိုသုံးတာပါ။ ဒါကြောင့် တစ်ခါသုံးပြီးရင် ပြန်ပြည့်လာဖို့ အချိန်ယူရတယ်။
သူ့ကိုယ်သူကာကွယ်ဖို့သုံးလိုက်ရင် သူ့နိုင်ငံသားတွေကို ကာကွယ်ပေးဖို့အတွက် အင်အားကျန်တော့မှာမဟုတ်ပါဘူး။
နယ်စားကိုယ်ရံတော်တပ်ဖွဲ့မှာပါလာတဲ့ ဇက်သတ္တုကျည်ဆန်တွေကလည်း ဒီရန်သူရဲ့ချပ်ဝတ်ကို မဖျက်ဆီးနိုင်ပြန်ဘူး။ အခုတော့ ရေနွေးငွေ့ခေါင်းက ရှေ့တိုးလာပြီး ဧရာမတင်းပုတ်ကြီးနဲ့ တပ်သားတွေကို ထုချဖို့ကြိုးစားတယ်။
ကံကောင်းတာက ဒီစစ်သည်တွေက အဆင့်မြှင့်ထားတဲ့ ဆုဗာနာချပ်ဝတ်တွေနဲ့ပါ။ မက်ဒါနာရဲ့ချပ်ဝတ်တွေက စစ်သည်တိုင်းဝတ်ဆင်နိုင်တဲ့အထိ မထုတ်နိုင်သေးပေမဲ့ ကိုယ်ရံတော်တပ်ဖွဲ့တွေနဲ့ ပိုအရေးကြီးတဲ့ တပ်မတွေအတွက်တော့ လုံလောက်နေပါပြီ။
သူတို့အားလုံးက အားအင်တွေကို ပေါင်းစည်းလိုက်ပြီး စွမ်းအင်ဒိုင်းတွေကို ဖော်ထုတ်လိုက်တယ်။ ပထမတင်းပုတ်ချက်ကို ကာကွယ်လိုက်နိုင်ပေမဲ့ ဒိုင်းကအက်သွားပြီး နောက်တင်းပုတ်တစ်ချက် ကျဆင်းလာချိန်မှာတော့ ဒိုင်းက ပွင့်ထွက်သွားတယ်။
နယ်စားကိုယ်ရံတော်တပ်က A rank ရန်သူတစ်ယောက်ကို ခုခံဖို့ ဗျာများနေတဲ့အချိန်မှာပဲ ဂြိုဟ်တုဖုန်းကလေးပိုက်ပြီး ပြေးပေါက်မှားနေတဲ့ အော်ပရိတ်တာက နယ်စားကိုအစီရင်ခံလိုက်တယ်။
"နယ်စားကြီး၊ ကျွန်တော်တို့နဲ့ညာဖက်မီတာနှစ်ဆယ်အကွာမှာ တံတိုင်းပေါက်သွားပြီ။ အရိုးမျက်နှာတွေ ဒီခံတပ်ကိုရောက်လာတော့မယ်။"
"သေစမ်း..." နယ်စားကြီး မျက်လုံးပြူးသွားပြီး ပြောလိုက်တယ်။ မီတာနှစ်ဆယ်ဆိုတာက စစ်မြေပြင်မှာ သိပ်ဝေးလှတာမဟုတ်ဘူး။
သိပ်မကြာခင်မှာပဲ များပြားလှတဲ့ သတ္တဝါတွေရဲ့အော်သံကို သူတို့စကြားရပြီး ဇက်သတ္တုကျည်ဆန်တွေ ပေါက်ကွဲနေတဲ့အသံတွေနဲ့ ကိုယ်ရံတော်စစ်ကြောင်းက စွမ်းအင်တံတိုင်းထုတ်ဖော်သံတွေနဲ့ညံကုန်တယ်။ နယ်စားကြီး ခံတပ်ပြတင်းကနေ အပြင်ကိုတစ်ချက်ကြည့်ကြည့်တော့ အရိုးမျက်နှာငါးထောင်ကျော်လောက် တံတိုင်းအတွင်းရောက်နေပြီဖြစ်ပြီး တံတိုင်းနောက်မှာရှိနေတဲ့ အားကိုးရတဲ့ အမြောက်တပ်ဖွဲ့ကိုတောင် ဝါးမျိုဖို့လုပ်နေပါပြီ။
အဆင့်မြှင့်ထားတဲ့ချပ်ဝတ်တွေနဲ့ကိုယ်ရံတော်တပ်ဖွဲ့စစ်သည်တပ်ရင်းတစ်ခုက အဲဒီကိုပြေးပြီး စွမ်းအင်တံတိုင်းတွေနဲ့ခံစစ်တံတိုင်းကို အစားထိုးဖို့ကြိုးစားပေမဲ့ အရေအတွက်ကွာလွန်းတာကြောင့် အရာမရောက်ပါဘူး။ ဒီအတိုင်းဆိုရင် ခံတပ်တံတိုင်းက
မကြာခင်ကျဆုံးတော့မယ်။
"နယ်စားကြီး၊ တခြားအဆင့်မြင့်ဇက်သတ္တုချပ်ဝတ်ဝတ်ထားတဲ့ တပ်ရင်းနှစ်ခုက တံတိုင်းရဲ့ပိုဝေးတဲ့နေရာတွေမှာစောင့်ကြပ်နေတယ်။ သူတို့ဒီကိုလာကူမယ်ဆိုရင်တောင် အနည်းဆုံးဆယ့်ငါးမိနစ်လောက်ကြာလိမ့်မယ်။ လက်စွပ်ကိုသုံးပါတော့။"
တပ်မှူးတွေထဲကတစ်ယောက်က အော်ဟစ်ရင်းသတိပေးလိုက်တယ်။ နယ်စားကြီးမှာ ရွေးချယ်စရာများများမရှိတော့ဘူး။ နယ်စားကြီးက လက်စွပ်ကို ငုံကြည့်လိုက်ချိန်မှာပဲ ရေနွေးငွေ့ခေါင်းက ကိုယ်ရံတော်တပ်သားတချို့ကို သတ်ဖြတ်ပြီးရှေ့တက်လာနေပြီ။
"ငါ့ကိုမေ့မထားနဲ့၊ မင်းလက်စွပ်ကို ငါ့အတွက်ပဲသုံးရမယ်။"
သေချာပေါက် ရေနွေးငွေ့ခေါင်းက အရူးမဟုတ်ပါဘူး။ ဆုဗာနာတံတိုင်းတွေကို ရက်ပေါင်းများစွာကြာပြီးမှ သူတို့ပထမဆုံးချိုးဖောက်နိုင်တာပါ။ နယ်စားကြီးသာ အရင်တစ်ခါကလိုမျိုး ပုရွက်ဆိတ်ဘုရင်မကို အသိပေးလိုက်ရင် သူတို့ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ကုန်မှာပေါ့။
"ငါနဲ့လာတိုက်၊ မင်းအတွက်ပြိုင်ဘက်က ငါပဲ။"
ကြေးစားစစ်တပ်ခေါင်းဆောင်က တပ်ပျက်သွားပြီဖြစ်တဲ့ ကိုယ်ရံတော်တပ်သားဒါဇင်ဝက်လောက်ကို ကိစ္စဖြတ်လိုက်ပြီး တစ်ဟုန်ထိုးပြေးဝင်လာတာကြောင့် လက်ဝဲဓားတော်ရံနဲ့လက်ယာဓားတော်ရုံတို့က တားဆီးထားရတယ်။ ဒါပေမဲ့ သူတို့တွေလည်း အခြေအနေမလှပါဘူး။
အရိုးမျက်နှာတွေထဲက တချို့ကလည်း တံတိုင်းကိုပြန်ပိတ်ဖို့ကြိုးစားနေတဲ့ ကိုယ်ရံတော်တပ်ရင်းကိုကျော်တက်ပြီး ခံတပ်ထဲက ကိုယ်ရံတော်တပ်ဖွဲ့လက်ကျန်အနည်းငယ်ဆီကို လာတိုက်နေပြီ။ နယ်စားကြီးက အခုလုံးဝကို အကြပ်အတည်းတွေ့နေပါပြီ။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဆုဗာနာလေတပ်က ဒုတိယအကြိမ်အဖြစ် တိုက်စစ်ကိုစတင်လိုက်ပြီး အက်စစ်တံထွေးတွေနဲ့ ခံတပ်နားဝိုင်းလာနေတဲ့ အရိုးမျက်နှာတချို့အပေါ် ဗုံးကျဲချလိုက်တယ်။
....
"ဒီပ၊ အမိန့်ရတာ ကြာနေပြီမဟုတ်ဘူးလား။ ဘာလို့အခုမှ တံတိုင်းကိုပစ်ကူပေးတာလဲ။"
မက်ဒါနာက သဘောမကျစွာနဲ့ ခေါင်းကိုကုတ်ပြီးမေးလိုက်တယ်။ နယ်စားကြီး စစ်ကူတောင်းတဲ့အချိန်ကနေရေတွက်ရင် အခုဆိုရင် သုံးမိနစ်ကျော်သွားပါပြီ။ သုံးမိနစ်ဆိုတာက စစ်ပွဲတစ်ပွဲမှာ သေရေးရှင်ရေးသမျှ အရေးပါပါတယ်။
ဒါပေမဲ့ ဒီပကတော့ အရိုးရှင်းဆုံးအရာတစ်ခုကို ရှင်းပြနေတဲ့အလား မက်ဒါနာကို ပြန်ရှင်းပြလိုက်တယ်။ "ကျွန်တော်တို့လေတပ်ကသုံးတဲ့ လိပ်ပြာတွေက စက်ပစ္စည်းတွေမဟုတ်ဘူးလေ။ သူတို့အစာခြေအက်စစ်တွေကို ထပ်ပစ်နိုင်ဖို့အတွက် အချိန်တချို့အနားပေးဖို့လိုတယ်။ ကျည်ပြန်ဖြည့်သလိုပေါ့။"
"ဪ...." မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ ဒီပက တခြားလိပ်ပြာတွေလိုမျိုးအောက်ကိုဆင်းပြီး ဗုံးမကျဲသေးဘူး။ အဲဒီအစား သူက မက်ဒါနာကို ကြည့်လိုက်ပြီး...
"ကဲ၊ အစ်မကြီးကြားတဲ့အတိုင်းပဲ နယ်စားဖိုးဖိုး A rankတစ်ယောက်နဲ့ရင်ဆိုင်နေရတယ်။ အစ်မကြီးရဲ့ခွေးက အဲဒီအဆင့်ရန်သူလောက်ကိုတော့ ရင်ဆိုင်နိုင်တယ်မဟုတ်လား။"
ဒီပရဲ့မေးခွန်းကို မက်ဒါနာက ခေါင်းအကြိမ်ကြိမ်ညိတ်ပြီး ပြန်ဖြေလိုက်တယ်။ "ဒါပေါ့၊ ကိုင်တွယ်နိုင်တာထက်တောင် လွန်နေသေးတယ်။ သူ့ကို ငါကိုယ်တိုင် အဆင့်မြှင့်ထားတာလေ။"
"ဝုတ်ဝုတ်..." ခွေးနက်ကြီးကလည်း သခင်မစကားကို ထောက်ခံတဲ့အနေနဲ့ ဟောင်ပြတယ်။
"ကောင်းပြီ၊ ဒါဆိုရင် ကျွန်တော်တို့တွေ စစ်မြေပြင်နဲ့ အတော်နီးတဲ့အထိကပ်ပျံပြီး ခွေးကြီးကိုချပေးရမယ်။ ခွေးနက်ကြီး အကူအညီပေးမှ ဆုဗာနာခံတပ်ကို ကာကွယ်ပေးနိုင်မှာ။"
အဲဒီနောက်တော့ ဒီပက တခြားလိပ်ပြာတွေဆီကို သတင်းပို့လိုက်တယ်။ "ကောင်လေးတွေ၊ ဒီတစ်ခါတော့ ငါတို့ခံတပ်ကိုကယ်ဖို့အတွက် အထူးလက်နက်ကြီးတစ်ခုကို မြေပေါ်ချပေးဖို့ လုပ်ရမယ်။ အက်စစ်တံထွေးနဲ့ထွေးစရာမလိုဘူး။ မင်းတို့က ငါမြေပေါ်ဆင်းလို့ရအောင် သေနတ်တွေနဲ့ပစ်ကူပေးပြီး ကာကွယ်ပေးရုံပဲ။"
"ဌာနမှူး၊ ကျုပ်တို့ကို စိတ်ချထားလိုက်။"
အဲဒီနောက် ဆုဗာနာလေတပ်ရဲ့လိပ်ပြာတွေက ကောင်းကင်ပေါ်ကနေ စပြီးမြေပေါ်ကို စုန်ဆင်းကြတယ်။ လိပ်ပြာတွေက မြေပြင်ကနေပြီး လေတပ်ကို အရိုးချွန်တွေနဲ့ပစ်ခတ်နေတဲ့ အရိုးမျက်နှာတွေရန်ကနေ ဒီပရဲ့လိပ်ပြာကို ကာကွယ်ပေးဖို့အတွက်လုပ်ဆောင်နေကြပြီး လေယာဥ်ပစ်သေနတ်တွေနဲ့ ကာပစ်ပေးတယ်။
ဒါကြောင့် သိပ်မကြာခင်မှာပဲ ဒီပက အကောင်အတိုင်းရှိနေသေးတဲ့ တံတိုင်းတစ်နေရာမှာ လိပ်ပြာနဲ့ဆင်းသက်လိုက်နိုင်တယ်။ မက်ဒါနာကတော့ ခွေးကြီးကို ခေါင်းပုတ်ပေးလိုက်ပြီး...
"ကဲ၊ စေဘာစတိန်း။ အခုက နင်တစ်ကိုယ်တော်တောက်ပရမယ့်အချိန်ပဲ။"
"ဝုတ်... ဝုတ်...." ခွေးနက်ကြီးက အားမာန်အပြည့်နဲ့ဟောင်လိုက်ပြီး မက်ဒါနာရဲ့ရင်ဘတ်ကို သူ့ပင်မခေါင်းနဲ့တစ်ချက် တိုးဝေ့လိုက်ပြီး လိပ်ပြာကြီးပေါ်ကနေ ဆင်းသွားတယ်။
စေဘာစတိန်းက သူ့ရဲ့ကယ်ဆယ်ရေးမစ်ရှင်ကို ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပါပြီ။