← Chapters

တပ်ဆုတ်ခြင်း

Vol. 5 Ch. 17

တပ်ဆုတ်ခြင်း

Vol. 5 Ch. 17

ခွေးနက်ကြီးက ချက်ချင်းတံတိုင်းပေါ်က ခုန်ချသွားပြီး အရိုးမျက်နှာတွေဆီ တိုက်ရိုက်ပြေးဝင်သွားပြီ။

စေဘာစတိန်းဟာ အားအကောင်းဆုံး တိုက်ခိုက်ရေးစက်ရုပ်တွေထဲမှာပါတယ်။ အဆင့်မြင့်တင်ပြီးနောက်သူ့ရဲ့စွမ်းအားကလည်း အများကြီးမြင့်လာတယ်။ တခြားတစ်ဖက်မှာတော့ အရိုးမျက်နှာတွေက ထောင်နဲ့ချီရှိနေပြီး တစ်ကောင်ချင်းစီတိုင်းက မြူတန့်စွမ်းအားသုံးနိုင်ကြတယ်။ ဒီပက မက်ဒါနာကိုပြန်ခေါ်ပြီး လိပ်ပြာနဲ့လေပေါ်ပျံတက်သွားတဲ့အချိန်မှာ ခွေးနက်ကြီးက လမ်းမှာခံနေသမျှ အရိုးမျက်နှာတွေကို တိုက်ခိုက်နေပါပြီ။

ပထမဆုံးတွေ့တဲ့ အရိုးမျက်နှာတစ်ကောင်ဆီကို ခွေးနက်ကြီးက ခုန်အုပ်လိုက်တယ်။ လေးလံလှတဲ့ သတ္တုခန္ဓာကိုယ်ကြောင့် အရိုးမျက်နှာဟာ ဟန်ချက်မထိန်းနိုင်ဘဲ လဲကျသွားတယ်။

အဲဒီနောက် ခွေးနက်ကြီးက သူ့ရဲ့သတ္တုသွားတွေနဲ့ လည်ပင်းကိုကိုက်ကာ အရိုးမျက်နှာရဲ့ခေါင်းကိုဆွဲဖြုတ်ပစ်တယ်။ အရိုးမျက်နှာတွေလည်း အင်အားကောင်းတဲ့ ရန်သူတစ်ယောက် စစ်မြေပြင်ထဲဝင်လာတာကို သတိထားမိပြီး စေဘာစတိန်းဆီ ပြေးလာကြတယ်။ ဒါပေမဲ့ စေဘာစတိန်းကတော့ သူ့ဆီပြေးလာနေတဲ့ ရာနဲ့ချီတဲ့ အရိုးမျက်နှာတွေကို မကြောက်ပါဘူး။ အဲဒီအစား အလျင်အမြန်စပြေးပြီး လက်သည်းတွေနဲ့ကုတ်ဖဲ့၊ သွားတွေနဲ့ကိုက်ဖြဲ၊ အမြီးနဲ့ရိုက်ခတ်ပြီး တစ်ကောင်ပြီးတစ်ကောင် နှိမ်နင်းပစ်တယ်။

အဝေးမှာရှိနေတဲ့ အရိုးမျက်နှာတွေက စေဘာစတိန်းကို အရိုးဆူးချွန်တွေနဲ့ စတင်ပစ်ခတ်တယ်။ အရိုးဆူးချွန်တချို့က စေဘာစတိန်းရဲ့ကိုယ်ထည်ကို လာထိမှန်ပေမဲ့ စေဘာစတိန်းရဲ့ကိုယ်ထည်က ပိုထူတဲ့ဇက်သတ္တုကိုယ်ထည်ဖြစ်တာကြောင့် အရိုးဆူးချွန်တွေ တိုးမပေါက်သလို အနည်းငယ်ဖောင်းကြွနေတဲ့ ကိုယ်ထည်တည်ဆောက်ပုံကြောင့် တချို့ဆူးချွန်တွေက ချော်ထွက်ပြီး လမ်းလွှဲခံကြရတယ်။

"အာဝူး...."

ဒါပေမဲ့ စေဘာစတိန်းက သူ့ကိုယ်ကိုထိမှန်နေတဲ့ အရိုးဆူးချွန်တွေကြောင့် သည်းမခံနိုင်အောင်ဖြစ်သွားပြီး ဝံပုလွေတစ်ကောင် အူသလိုမျိုး ခေါင်းကိုမော့ကာ အူလိုက်တယ်။ နောက်တော့ သူ့ခန္ဓာကိုယ်ကနေ လေယာဥ်ပစ်စက်သေနတ်တွေထွက်လာပြီး အဝေးရောအနီးမှာပါရှိနေတဲ့ အရိုးမျက်နှာတွေကို စတင်ပစ်ခတ်တိုက်ခိုက်တယ်။

ရာနဲ့ချီတဲ့အရိုးမျက်နှာတွေဟာ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ချေမှုန်းခံလိုက်ရပြီး စေဘာစတိန်းရှိနေတဲ့ ပတ်ပတ်လည်မီတာအနည်းငယ်ဟာ အရိုးမျက်နှာကင်းမဲ့ဇုန် ဖြစ်လာပါတယ်။

မကြာခင်မှာပဲ အရိုးမျက်နှာတွေကို တားဆီးဖို့အတတ်နိုင်ဆုံး ကြိုးစားနေတဲ့ ကိုယ်ရံတော်တပ်ဖွဲ့လည်း ခွေးနက်ကြီးရောက်နေတာကို သတိထားမိသွားပြီး လက်ပြအော်ဟစ်ကြတယ်။

"ခွေးသခင်ကြီး ကျွန်တော်တို့ဒီမှာ။"

"ခွေးသခင်ကြီးရောက်လာပြီ၊ ငါတို့လုံခြုံပြီ။" ဘာပဲပြောပြော ကိုယ်ရံတော်တပ်ဖွဲ့ထဲက တချို့စစ်သည်တွေက နန်းတော်ထဲမှာ လှည့်ကင်းတာဝန်ကျဖူးပြီး မက်ဒါနာ ချပ်ဝတ်အသစ်စမ်းတုန်းက ခွေးနက်ကြီးကို မြင်ဖူးတယ်လေ။ ပြီးတော့ ခွေးနက်ကြီးအစွမ်းထက်တာလည်း သူတို့သိကြတယ်။

"စေဘာစတိန်း၊ ကိုယ်ရံတော်တပ်ဖွဲ့ကို ပြန်စုစည်းနိုင်အောင်ကူညီပြီး တံတိုင်းထဲက အရိုးမျက်နှာတွေကို ဖျက်ဆီးပစ်။ ဒါမှသူတို့တံတိုင်းကို ပြန်ပြင်နိုင်လိမ့်မယ်။" စမတ်မျက်မှန်တပ်ထားပြီး စေဘာစတိန်းရဲ့အမြင်အာရုံနဲ့ချိတ်ဆက်ထားတဲ့ မက်ဒါနာက အမိန့်ပေးလိုက်တယ်။

"ဝုတ်...ဝုတ်..."

ခွေးနက်ကြီးကလည်း သာမန်စကားနားထောင်တဲ့ ခွေးလိမ္မာလေးတစ်ကောင်လို ဟောင်လိုက်ပြီး သူ့ရဲ့အရံခေါင်းနှစ်လုံးက ပါးစပ်တွေဖွင့်ဟလာတယ်။ တစ်ချိန်တည်းမှာပဲ သူ့တစ်ကိုယ်လုံးကို အလင်းဒြပ်စင်တွေက ဖုံးလွှမ်းထားတယ်။

[System: Cerberus' breathing started.]

နောက်တော့ ငွေရောင်အလင်းတန်းကြီးတစ်ခုက တံတိုင်းအတွင်းရောက်နေပြီဖြစ်တဲ့ အရိုးမျက်နှာတွေအားလုံးကို လိုက်လံဖျက်ဆီးပစ်တယ်။ အလင်းတန်းက ရှေ့ကိုတည့်တည့်သွားရုံပဲမဟုတ်ပါဘူး။ အဲဒီအစား ပဲ့ထိန်းလို့ရနိုင်ပြီး အရိုးမျက်နှာတွေကိုလိုက်ချိန်လို့ရတယ်။

ရှီး....။

စေဘာစတိန်းက သူ့ခေါင်းအပိုတွေထဲမှာရှိတဲ့ ပြောင်းဝတွေ ပူပြီးနီရဲလာချိန်မှ အလင်းဒြပ်စင်ပစ်ခတ်မှုကို ရပ်တည့်လိုက်တယ်။ အရိုးမျက်နှာတွေက တိုးဝင်လာနေဆဲဖြစ်ပေမဲ့ ကိုယ်ရံတော်တပ်ရင်းအနေနဲ့ ကျိုးပျက်နေတဲ့တံတိုင်းရှေ့မှာ နေရာယူပြီး အလင်းဒြပ်စင်ဒိုင်းတွေနဲ့ ယာယီတံတိုင်းတစ်ခုပြုလုပ်နိုင်လောက်တဲ့အထိ အချိန်လုံလောက်သွားတယ်။

ကိုယ်ရံတော်တပ်ဖွဲ့က အလင်းဒိုင်းတွေနဲ့ ရောမစစ်သည်တွေလိုမျိုး ဒိုင်းတံတိုင်းဖော်ဆောင်ထားချိန်မှာ အင်ဂျင်နီယာပုရွက်ဆိတ်တွေက တံတိုင်းကိုစပြုပြင်တယ်။ ခွေးနက်ကြီးကလည်း စိတ်ချသွားဟန်နဲ့ ခေါင်းညိတ်လိုက်ပြီး ခံတပ်ဆီကို ပြေးသွားလိုက်တယ်။ နယ်စားကြီးတို့အုပ်စုနဲ့ ရေနွေးငွေ့ခေါင်းက တိုက်ခိုက်နေကြဆဲပါ။

စေဘာစတိန်းရောက်လာတော့ ဓားရံနှစ်ယောက် တစ်ကိုယ်လုံးသွေးတွေစိုရွဲနေပြီး အချိန်မရွေးလဲကျတော့မလိုဖြစ်နေပြီ။ နယ်စားကြီးကလည်း ကိုယ်တိုင်ဓားတစ်လက်နဲ့ ဝင်ရောက်တိုက်ခိုက်နေရပြီး သုံးယောက်တစ်ယောက်တောင်မှ ရေနွေးငွေ့ခေါင်းကို မဖိနှိပ်နိုင်ပါဘူး။

"နယ်စားကြီး၊ ပြေးပါတော့။ တံတိုင်းလည်းပေါက်သွားပြီ။ ဒီနေရာမှာ ဘာမျှော်လင့်ချက်မှ မကျန်တော့ဘူး။" ကိုယ်ရံတော်တပ်မှူးကတော့ ခံတပ်ထဲရောက်နေပြီဖြစ်တဲ့ အရိုးမျက်နှာတချို့နဲ့ရင်ဆိုင်ရင်း အော်ဟစ်နေတယ်။

ခံတပ်ထဲကလူတွေက အပြင်မှာစေဘာစတိန်းကြောင့် အပြောင်းအလဲကြီးတစ်ခုဖြစ်သွားမှန်း မသိသေးကြသေးဘူး။ သူတို့ရင်ဆိုင်နေရတဲ့ အရိုးမျက်နှာတွေက ခံတပ်အပြင်က ကိုယ်ရံတော်တပ်ဖွဲ့နဲ့ရင်ဆိုင်ရင်း ဖောက်ထွက်လာနိုင်တဲ့ အရိုးမျက်နှာတွေဖြစ်ပြီးတော့စေဘာစတိန်းနှိမ်နင်းတာခံရမယ့်ဘေးနဲ့ မရင်ဆိုင်ရသေးပါဘူး။

ပြီးတော့ ဒီကအရိုးမျက်နှာအုပ်ကလည်း ရာနဲ့ချီရှိနေတာဖြစ်ပြီး နယ်စားကြီးရဲ့အနီးကပ်ကိုယ်ရံတော်တစ်ဒါဇင်ကျော်လောက်ကို ရှင်းပစ်ဖို့လုံလောက်ပါတယ်။ပြီးတော့ အပြင်ကနေလည်း ဘာသတင်းမှ သူတို့ဆီဝင်မလာသေးတဲ့အတွက် တံတိုင်းကိစ္စပြေလည်သွားပြီဆိုတာလည်း သူတို့မသိကြသေးဘူး။

"တိတ်စမ်း၊ ငါက ဒီနိုင်ငံရဲ့နယ်စားပဲ။ တိုက်ပွဲကနေ ထွက်ပြေးပြီး ကိုယ်လွတ်ရုန်းစရာလား။ အဲဒီအစား မင်းတို့နဲ့ပဲ တိုက်ပွဲမှာအသေခံမယ်။"

နယ်စားဖိုးဖိုးက ရေနွေးငွေ့ခေါင်းရဲ့တင်းပုတ်ကို ရှောင်ရှားရင် ပြန်အော်ပြောလိုက်တယ်။ သူ့ငယ်သားတွေကတော့ နယ်စားကြီးရဲ့စကားတွေကြောင့် သူတို့သေရေးရှင်ရေးနဲ့ကြုံနေရတယ်ဆိုတာတောင် မေ့နေပြီ။

"နယ်စားမင်းကြီး... အရှင်က သိပ်ကြီးမြတ်တာပဲ။"

"အရှင်သက်တော်ရာကျော်ရှည်ပါစေ။" အကုန်လုံးက နယ်စားကြီးရဲ့စကားတွေကြောင့် နှလုံးသားထဲအထိ ထိမိကုန်ပြီး သူတို့လက်နက်တွေကို နောက်တစ်ကြိမ်မြှောက်ကာ အရိုးမျက်နှာတွေကို အားမာန်အပြည့်နဲ့ တိုက်ခိုက်ဖို့လုပ်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ စက်သေနတ်သံထွက်ပေါ်လာပြီး ရာချီတဲ့ အရိုးမျက်နှာတွေအကုန်လုံး ခေါင်းတွေပြုတ်ထွက်၊ ကိုယ်အင်္ဂါတွေ တစ်စစီဖြစ်ပြီး ကိစ္စချောကုန်ရော။

နယ်စားကြီး "......"

ကိုယ်ရံတော်များ "......"

နိုင်ပြီထင်နေတဲ့ ရေနွေးငွေ့ခေါင်း "...."

သူတို့အကုန်လုံး စက်သေနတ်သံထွက်လာတဲ့ နေရာကို ကြည့်လိုက်တော့ ခန့်ညားတဲ့ ခေါင်းသုံးလုံးခွေးစက်ရုပ်ကြီးက ခံတပ်ဟောင်းထဲကို စတိုင်ကျကျ ဖြည်းဖြည်းချင်းလမ်းလျှောက်ပြီးဝင်လာတယ်။

အဲဒီနောက် နယ်စားကြီးရဲ့တပ်ဖွဲ့တွေနဲ့ ရေနွေးငွေ့ခေါင်းကြားထဲ ဝင်ရပ်လိုက်ပြီး ဟန်ပါပါအူလိုက်တယ်။

"အာဝူး...ဝုတ်...ဝုတ်...။"

နယ်စားကြီးအပါအဝင် ခံတပ်ထဲမှာရှိနေတဲ့ လူတွေအကုန်လုံးက မသေခင်ရဲစွမ်းသတ္တိအပြည့်နဲ့တိုက်ရင်း နောက်ဆုံးအချိန်ကိုဖြတ်ကျော်ရတော့မယ်လို့ ထင်နေတဲ့သူတွေပါ။ ဒါပေမဲ့ ရုတ်တရက်ကြီး ကယ်တင်ရှင်ရောက်လာမယ်လို့တော့ ထင်မထားမိဘူး။

"ခွေး... ခွေးနတ်ဘုရား...." ကိုယ်ရံတော်တွေထဲက တစ်ယောက်က ပထမဆုံး သတိဝင်လာပြီးပြောလိုက်တယ်။ မက်ဒါနာနဲ့ရင်းနှီးနေတဲ့ ကိုယ်ရံတော်တပ်မှူးကလည်း ခွေးကြီးကို လက်ညိုးထိုးလိုက်ရင်း...

"ဒါ...ဒါက မင်းသမီးလေးဘေးက ခွေးသခင်ကြီးပဲ။"

"ခွေးသခင်ကြီးရောက်လာပြီ၊ ငါတို့ကယ်တင်ခံရပြီ။"

နယ်စားကြီးကိုယ်တိုင်လည်း ရုတ်တရက်ရောက်လာတဲ့ အကူအညီကြောင့် သက်ပြင်းချရင်း ပြုံးလိုက်မိတယ်။ "မြေးမလေးက ငါ့ကို ဘယ်တုန်းကမှာစိတ်မပျက်စေခဲ့ဘူးဘဲ။"

ခွေးနက်ကြီးနဲ့ရေနွေးငွေ့ခေါင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်နေကြပြီး အကဲခတ်နေကြပါတယ်။ ခွေးနက်ကြီးကတော့ လွန်စွာဝင့်ကြွားနေပြီး ရေနွေးငွေ့ခေါင်းကောင်ကို သေချာပေါက်အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။

ရေနွေးငွေ့ခေါင်းက တင်းပုတ်ကိုမပြီး ခွေးခေါင်းကို ထုချဖို့ကြိုးစားတယ်။ ခွေးနက်ကြီးကလည်း ခေါင်းအထုခံရမယ့်ဘေးကနေရှောင်ဖို့ နောက်ကိုတိမ်းလိုက်ပြီး ကိုယ်ကိုယိမ်းကာ ခန္ဓာကိုယ်နောက်ပိုင်းနဲ့ ရိုက်ချတယ်။

ဘုန်း....။

ထိပ်သီး A rank နှစ်ယောက်ရဲ့တိုက်ပွဲစပါပြီ။ တိုက်ပွဲစစချင်းပဲ ရေနွေးငွေ့ခေါင်းက စေဘာစတိန်းကို အသာစီးရယူဖို့ ကျဆုံးခဲ့ပြီး စေဘာစတိန်းရဲ့တိုက်ကွက်ကြောင့် ဟန်ချက်ပျက်သွားပြီး နံရံကိုဝင်တိုက်မိတယ်။ ခံတပ်နံရံတွေက အမြောက်နဲ့အပစ်ခံရရင်တောင် တော်ရုံမပြိုအောင်လုပ်ထားပေမဲ့ ဒီနှစ်ယောက်ရဲ့အားက ပြင်းထန်တဲ့အတွက်ကြောင့် အက်ကွဲကုန်ပါတယ်။

အမိုးအက်ကွဲရာကနေ ကျောက်စကျောက်နတွေလည်း ကျဆင်းလာတဲ့အတွက် ခံတပ်အတွင်းမှာ ဘိလပ်မြေမှုန်မျိုး ရွာသွန်းနေတယ်။

"အားလုံးနောက်ဆုတ်ကြ၊ သူတို့လွတ်လွတ်လပ်လပ်တိုက်ပါစေ။" နယ်စားကြီးက အမိန့်ပေးလိုက်ပြီး ကိုယ်ရံတော်တပ်ဖွဲ့က ခံတပ်ထဲကနေ စနစ်တကျထွက်ခွာတယ်။ A rank အချင်းချင်းတိုက်ခိုက်နေတဲ့တိုက်ပွဲမှာ သူတို့က အရေးမပါတော့ပါဘူး။ ခွေးနက်ကြီးကို အနှောင့်အယှက်မဖြစ်အောင် ရှောင်ထွက်နေတာ အကောင်းဆုံးပါ။

"Streampunker Rush!" ပထမတစ်ကြိမ်တိုက်ကွက်ဖလှယ်ရာမှာ ရှုံးနိမ့်သွားတဲ့ ရေနွေးငွေ့ခေါင်းက ဒေါသအကြီးအကျယ်ထွက်သွားပုံပဲ။

သူ့ရဲ့ဝတ်စုံက ရေနွေးငွေ့ပိုက်လိုင်းတွေကနေ ရေနွေးငွေ့တွေအူထွက်လာပြီး ဝတ်စုံကလည်း တဖြည်းဖြည်း အနီရောင်သန်းလာနေပြီ။ အဲဒီနောက် သူ့ရဲ့တင်းပုတ်ကြီးကို ဝေ့ယမ်းလိုက်တယ်။ ရေနွေးငွေ့ခေါင်းရဲ့အမြန်နှုန်းနဲ့ခွန်အားကလည်း အဆမတန်တိုးမြင့်သွားတယ်။

တင်းပုတ်ကြီးက အမြန်အဆန်လှုပ်ရှားနေပြီး ထိမိသမျှ ခံတပ်ရဲ့အမာခံကွန်ကရစ်သားတိုင်တွေနဲ့နံရံတွေကို အမှုန့်ဖြစ်သွားစေတယ်။ တင်းပုတ်ကြီးရဲ့ပစ်မှတ်က ခွေးနက်ကြီးဖြစ်ပြီး ခွေးနက်ကြီးက တင်းပုတ်နဲ့မရိုက်မိအောင် အတတ်နိုင်ဆုံး ရှောင်ရှားနေတယ်။

ခံတပ်ဟာ ဟောင်းနေပြီဆိုပေမဲ့ ဘန်ကာတစ်ခုကိုတည်ဆောက်တဲ့နည်းပညာနဲ့ တည်ဆောက်ထားတာဖြစ်လို့ အလွယ်တကူမပျက်စီးနိုင်ပါဘူး။ ဒါပေမဲ့လည်း ရေနွေးငွေ့ခေါင်းရှေ့မှာတော့ သာမန်တိုက်အိုကြီးတစ်လုံးလိုမျိုး ဖြစ်နေလေရဲ့။

"လုံလောက်ပြီ၊ သူ့ကိုမြန်မြန်ပွဲသိမ်းလိုက်တော့ စေဘာစတိန်း။" လိပ်ပြာပေါ်မှာရှိနေတဲ့ မက်ဒါနာက အမိန့်ပေးလိုက်တယ်။ ပွဲမြန်မြန်မသိမ်းလို့လည်း မဖြစ်တော့ပါဘူး။

အကြောင်းကတော့ လိပ်ပြာပေါ်ကနေတစ်ဆင့် မက်ဒါနာတို့က မြေပြင်တပ်ဖွဲ့တွေ သတိမထားမိတာတစ်ခုကို သတိထားမိနေလို့ပါ။ ဒီပက မက်ဒါနာကိုလှည့်ပြီးပြောလိုက်တယ်။

"အစ်မကြီးရေ၊ သူတို့တဖြည်းဖြည်း ပိုနီးလာပြီ။ သေချာကိုင်ထား၊ ဆုဗာနာလေတပ်က ဒီနေရာကနေ ဆုတ်မှဖြစ်တော့မယ်။"

အဲဒီနောက်တော့ ဆုဗာနာလေတပ်က လိပ်ပြာတွေအားလုံး ဂငယ်ကွေ့ကွေ့ပြီး ပြေးဖို့လုပ်ရတော့တယ်။ အကြောင်းကတော့ ကြေးစားတပ်ဖွဲ့ဖက်က တိုက်လေယာဥ်တွေရဲ့အသံကို သူတို့စကြားနေရပြီဖြစ်လို့ပါ။ ဆုဗာနာလိပ်ပြာတွေက အတော်လေးမြန်ပြီး ဘက်စုံသုံးတိုက်ခိုက်ရေးလေတပ်အနေနဲ့ အသုံးဝင်ပါတယ်။ ဒါပေမဲ့ သူတို့က ဂျက်လေယာဥ်တွေကိုတော့ ယှဥ်လို့မရဘူးလေ။

တံတိုင်းကိုသိမ်းပိုက်ဖို့ ကြန့်ကြာနေတဲ့အတွက် ကြေးစားစစ်တပ်ထိပ်သီးပိုင်းက ဒေါသထွက်လာပြီး လေတပ်အကူခေါ်ဖို့ ဆုံးဖြတ်လိုက်ပုံပါပဲ။ အခုကနေစပြီး တိုက်ပွဲစကြမ်းလာတော့မယ်။

အကျအဆုံးနည်းစေဖို့အတွက် ဆုဗာနာလေတပ် ဆုတ်ခွာသွားတဲ့အချိန်မှာပဲ တံတိုင်းပေါ်မှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေကလည်း သူတို့အတွက်လုပ်ပေးထားတဲ့ ဗုံးခိုဘန်ကာငယ်တွေထဲကို ပြန်ဆုတ်ပြီး တံတိုင်းမကျအောင် ဆက်လက်ခုခံကြတယ်။ ဒီအတိုင်းခုခံနေတာက အရိုးမျက်နှာတွေကို တားဖို့အလုပ်ပိုဖြစ်ပြီး ဘန်ကာတွေထဲဝင်နေရင် အရိုးမျက်နှာတချို့ တံတိုင်းကို ကျော်ဖြတ်သွားနိုင်တဲ့ အန္တရာယ်ရှိနိုင်တယ်ဆိုပေမဲ့ တံတိုင်းပေါ်မှာ ငွေရောင်တောက်နေတဲ့ ချပ်ဝတ်တွေနဲ့ ဆက်ရပ်နေရင် သေချာပေါက် ဗုံးစာမိကုန်မှာပါ။

...

မကြာခင်မှာပဲ အပြင်ဖက်မှာ ဂျက်လေယာဥ်တွေ ဖြတ်ပျံနေတဲ့အသံတွေ၊ လေကာသေနတ်သံတွေ၊ ဒုံးခွင်းဒုံးတွေ ပေါက်ကွဲတဲ့အသံတွေနဲ့ ဆူညံ့လာတော့တယ်။

ဒါပေမဲ့ ခွေးတစ်ကောင်နဲ့လူတစ်ယောက်ကတော့ ပြိုပျက်လုဆဲဆဲ ခံတပ်ဟောင်းထဲမှာ ရှိနေဆဲပါ။ သူတို့က ဆက်တိုက်တိုက်ခိုက်နေကြဆဲဖြစ်ပြီး စေဘာစတိန်းက တဖြည်းဖြည်းအသာရလာတယ်။

တစ်ခါတော့ စေဘာစတိန်းက သတ္တုတင်းပုတ်ကြီးကို ပါးစပ်နဲ့ကိုက်ဖမ်းလိုက်ပြီး ကြေမွသွားတဲ့အထိ ကြိတ်ခွဲပစ်လိုက်တယ်။ ဒါကြောင့် ရေနွေးငွေ့ခေါင်းလည်း လက်နက်မဲ့သွားပါပြီ။

"သေစမ်း...." ပထမဆုံးအကြိမ်အနေနဲ့ ရေနွေးငွေ့ခေါင်း ထိတ်လန့်သွားတယ်။ အပြင်လောကမှာက ဆုဗာနာလိုမဟုတ်ဘဲ ဇက်သတ္တုရှားတဲ့အတွက်ကြောင့် သူ့ချပ်ဝတ်ကို ဇက်သတ္တုအစစ်နဲ့ပြုလုပ်ထားခဲ့ပေမဲ့ တင်းပုတ်ကိုတော့ အဲဒီလိုမလုပ်နိုင်ခဲ့တာကြောင့် သတ္တုစပ်တစ်မျိုးကိုသုံးပြီး ဇက်သတ္တုရည်ပဲစိမ်ထားခဲ့တယ်။ ဒါပေမဲ့ အလွန်မာကျောနေဆဲဖြစ်ပြီးတော့ တော်ရုံဖျက်ဆီးလို့ရတဲ့အထဲမှာမပါဘူး။

စေဘာစတိန်းကတော့ အခုလိုတင်းပုတ်ကြီးကို ကိုက်ခွဲပစ်လိုက်နိုင်တယ်။ ဒါကြောင့် သူ့မေးရိုးအားက ဘယ်လောက်အထိပြင်းထန်နေပြီလဲဆိုတာ ဘုရားမှပဲသိလိမ့်မယ်။

အခွင့်မသာတော့တဲ့နောက် ရေနွေးငွေ့ခေါင်းက ထွက်ပြေးဖို့အတွက် နောက်လှည့်လိုက်တယ်။ ဒါပေမဲ့ စေဘာစတိန်းက သူ့ရန်သူကို ထွက်ပြေးခွင့်ပေးမှာမဟုတ်ပါဘူး။ အဲဒီအစား ရော့ကတ်လောင်ချာတွေကို ဖွင့်ပြီးတိုက်ရိုက်ပစ်ခွင်းလိုက်တယ်။

ဘုန်း....။

ပေါက်ကွဲမှုတစ်ခုနဲ့အတူ ဘန်ကာခံတပ်ကြီးက လုံးဝပြိုလဲသွားတယ်။ ဒါပေမဲ့ မျက်မှန်ကနေတစ်ဆင့် စေဘာစတိန်းရဲ့အမြင်ကို မျှဝေကြည့်နေတဲ့ မက်ဒါနာက သူခန့်မှန်းထားတဲ့ မြင်ကွင်းမျိုးကို မမြင်လိုက်ရပါဘူး။

စေဘာစတိန်းက အငွေ့တလူလူထွက်ပြီး ပျက်စီးနေတဲ့ ရေနွေးငွေ့ခေါင်းရဲ့ဝတ်စုံကို ခြေထောက်နဲ့လှန်လိုက်တယ်။ ဝတ်စုံက လုံးဝပျက်စီးနေပြီဆိုပေမဲ့ အတွင်းထဲမှာ သွေးတလူလူနဲ့အကင်ခံထားရသင့်တဲ့ လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ် ရှိမနေဘူး။

"ထွက်ပြေးသွားတာလား။" မက်ဒါနာ မျက်မှောင်ကြုတ်လိုက်တယ်။ စေဘာစတိန်းက ဘေးပတ်ဝန်းကျင်ကို အနံခံပြီးလိုက်ရှာသေးပေမဲ့ ဘာသဲလွန်စမှမရဘူး။

...

စစ်မြေပြင်ရဲ့တခြားတစ်ဖက်မှာတော့ ရော့ဝဲလ်က ပုဆိန်စောင့်ရှောက်သူကို လုံးဝဖိနှိပ်ထားနိုင်တယ်။ အရင်တစ်ကြိမ်က ဆုဗာနာစောင့်ရှောက်သူတွေဟာ ရော့ဝဲလ်ကို လက်ရည်တူယှဥ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အရိပ်ထဲကအကောင်ကြီးက သက်ရှိတွေကိုစားရင်း ပိုပိုကြီးမားလာတဲ့အတွက် ရင်ဆိုင်ရပိုခက်ခဲလာတယ်။

ပုဆိန်စောင့်ရှောက်သူက လက်မောင်းတုံးတိဖြစ်နေပြီဖြစ်တဲ့ သူ့ဘယ်လက်ကို သွေးထွက်မလွန်အောင် ဖိကိုင်ထားရတယ်။ နာကျင်မှုက သည်းမခံနိုင်လောက်အောင်ပဲ။ သူ့ချပ်ဝတ်ကလည်း လုံးဝနီးပါးစုတ်ပြတ်နေပြီး သူ့မှာရှိနေခဲ့ဖူးတဲ့ လက်တစ်ဖက်ကတော့ အခုရော့ဝဲလ်ရဲ့လက်ထဲမှာရှိနေပြီး အသားတွေတစ်စက်မှမကျန်တော့ဘဲ အရိုးဖြူဖြူသာကျန်ပါတော့တယ်။

"ထင်ထားတဲ့အတိုင်းပဲ ဆုဗာနာက A rank တစ်ယောက်ရဲ့အသားက အများကြီးပိုချိုတာပဲ။ မင်းကိုငါသတ်နိုင်ရင် ငါ့စွမ်းအားအများကြီးတိုးလာမယ်ထင်တယ်။"

ပုဆိန်စောင့်ရှောက်သူက သူ့ရဲ့အသွားတွေပွန်းပဲ့နေတဲ့ ပုဆိန်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင် နောက်တစ်ချီအတွက် အသင့်ပြင်လိုက်တယ်။ ရော့ဝဲလ်က သိပ်ကိုကြောက်ဖို့ကောင်းတဲ့ A rank တစ်ယောက်ပါ။ ဒီလူက ဓားနတ်ဆိုးနဲ့တောင် ယှဥ်လို့ရလောက်တယ်။

"တပ်မှူး၊ မြေပြင်တပ်တွေ အခြေအနေမကောင်းတော့ဘူး။ ကျုပ်တို့ခဏဆုတ်မှဖြစ်မယ်။ ဆက်ဖိအားပေးနေရင် တပ်ဦးကျိုးသွားလိမ့်မယ်။"

ရော့ဝဲလ်က ပုဆိန်စောင့်ရှောက်သူကို အဆုံးသတ်မလို့လုပ်နေတုန်း ဗျူဟာမှူးကားလ်က သူ့ဖဲချပ်တွေနဲ့အတူ ပြန်ရောက်လာတယ်။ ကားလ်နဲ့ရင်ဆိုင်နေတဲ့ လေးစောင့်ရှောက်သူလည်း အတူပါလာပြီး ပုဆိန်စောင့်ရှောက်သူကို ဖေးမထားလိုက်တယ်။

ကြည့်ရတာ လေးစောင့်ရှောက်သူနဲ့ကားလ်တို့ရဲ့တိုက်ပွဲက အဖြေမပေါ်ခဲ့ပုံပဲ။

တခြားသူတွေဖြစ်တဲ့ အပြုံးမျက်နှာ၊ သွေးစွန်းမုန်တိုင်းတို့လည်း ပြန်ရောက်လာပြီး သူတို့ပြိုင်ဘက်တွေဖြစ်တဲ့ ဓားစောင့်ရှောက်သူ၊ လှံစောင့်ရှောက်သူတို့လည်း သူတို့နဲ့ဆန့်ကျင်ဖက်မှာ ရပ်လိုက်ကြတယ်။

ဓားစောင့်ရှောက်သူရဲ့ရင်ဘတ်ချပ်ဝတ်က ပြုတ်ထွက်နေပြီး သူ့ပခုံးကနေ သွေးတွေစီးကျနေတယ်။ ဒါပေမဲ့ သွေးစွန်းမုန်တိုင်းလည်း ဒဏ်ရာရထားပြီး သူ့ခါးက ဓားဒဏ်ရာကိုဖိနှိပ်ထားရတယ်။

"အရိုးမျက်နှာတွေက နှစ်ကြိမ်တံတိုင်းကိုဖောက်နိုင်ပေမဲ့ နှစ်ကြိမ်လုံးနယ်စားနယ်မြေက ပြန်ပိတ်နိုင်ခဲ့တယ်။ အခုအရိုးမျက်နှာ ခုနစ်ထောင်ကျော်သေပြီးပြီ၊ ဆက်တိုက်နေရင် အရေအတွက်အသာစီးရမှု ပျောက်သွားလိမ့်မယ်။"

ဗျူဟာမှူးကားလ်က ရော့ဝဲလ်နားလည်အောင်လို့ တီးတိုးသတင်းပို့လိုက်တယ်။ ရော့ဝဲလ်က မျက်မှောင်ကြုတ်ပြီး စောင့်ရှောက်သူတွေကို ကြည့်လိုက်တယ်။ အခုထိ ကြေးစားစစ်တပ်အရာရှိလေးယောက်ကလည်း စောင့်ရှောက်သူတစ်ယောက်ကိုမှ တကယ်မသတ်နိုင်ခဲ့ဘူး။ စစ်ပွဲဆိုတာမျိုးက အချိန်ကြာကြာတိုက်လေ အနိုင်အရှုံးခန့်မှန်းရခက်လေပါ။ သူတို့အနေနဲ့ ဆက်ပြီးမစွန့်စားလိုတော့ဘူး။

"ရေနွေးငွေ့ခေါင်း ဘယ်မှာလဲ။" ရော့ဝဲလ်က သူတို့နောက်ဆုံး အဖွဲ့ဝင်ကိုမေးလိုက်တယ်။ "အဲဒီကောင် တံတိုင်းကိုကျော်တက်ပြီး နယ်စားကိုလုပ်ကြံဖို့သွားတယ်မဟုတ်လား။"

ရော့ဝဲလ်စကားမဆုံးခင်မှာပဲ အရည်သဏ္ဍာန်အရာတစ်ခုက မြေပြင်ကိုလျှောတိုက်လာပြီး စီစီလီယာနဲ့ပုံစံတူလူတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။ သူ့မျက်လုံးတွေက ခံစားချက်မဲ့နေတာကလွဲရင် သွေးစွန်းမုန်တိုင်း စီစီလီယာနဲ့လုံးဝထပ်တူပဲ။

စီစီလီယာကတော့ သူနဲ့တစ်ထပ်တည်းတူနေတဲ့လူကို မနှစ်မျို့ဟန်နဲ့ကြည့်လိုက်ပေမဲ့ ဘာမှမပြောဘူး။ ရော့ဝဲလ်ကလည်း အပိုတွေမပြောတော့ဘဲ...

"လူစုံပြီဆိုတော့ လေတပ်ပစ်ကူရှိတုန်း ပြန်ဆုတ်ကြစို့။" အဲဒီနောက် စီစီလီယာက ယပ်တောင်ကိုခပ်ပြင်းပြင်းခတ်လိုက်တယ်။ လေပြင်းတွေကြောင့် စောင့်ရှောက်သူတွေ မျက်လုံးမဖွင့်နိုင်ဖြစ်သွားတဲ့ စက္ကန့်ပိုင်းလေးမှာတင် ကြေးစားစစ်တပ်အရာရှိတွေ ပျောက်ကွယ်သွားတယ်။

All Chapters