← Chapters

မင်းသမီးလေး တရားဝင်ရာထူးရပြီ

Vol. 5 Ch. 18

မင်းသမီးလေး တရားဝင်ရာထူးရပြီ

Vol. 5 Ch. 18

အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဆုဗာနာခံစစ်တိုက်ပွဲပြီးသွားခဲ့ပြီ။

မက်ဒါနာတို့လေတပ်က ရန်သူ့လေတပ်ကို ရှောင်ဖို့အတွက် အရင်ပြန်ဆုတ်ခဲ့တာဖြစ်လို့ အခုမက်ဒါနာက နန်းတော်မှာရောက်နေပါပြီ။ ဒီပနဲ့မက်ဒါနာက အခုတိုက်ပွဲအကြောင်း အနည်းအကျင်းဆွေးနွေးဖြစ်တယ်။

"အရိုးမျက်နှာတွေက ငါတို့ထင်ထာထက် အများကြီးပိုစောပြီး စစ်မြေပြင်မှာပေါ်လာတာပဲ။ အဖိုးက မြေသားတံတိုင်းတွေကို အမြန်ဆောက်ဖို့ စဥ်းစားမိခဲ့တာ ကံကောင်းတယ်။"

အစကတော့ မက်ဒါနာက နှစ်ပတ်အတွင်းစက်ရုံလည်ပြီး ဆုဗာနာရှေ့တန်းခံစစ်အတွက် လုံလောက်တဲ့ နည်းပညာမြင့်ချပ်ဝတ်တွေ ထုတ်လုပ်ပေးနိုင်ဖို့ မျှော်မှန်းခဲ့တာပါ။ ဒါပေမဲ့ ဆုဗာနာကိုယ်ရံတော်တပ်ဖွဲ့နဲ့ အခြားတပ်ရင်းနှစ်ခုအတွက်ထုတ်ပေးပြီးချိန်မှာပဲ အရိုးမျက်နှာတွေရောက်လာခဲ့ပါတယ်။

မက်ဒါနာသာ နယ်စားကြီးကို အရိုးမျက်နှာတွေအကြောင်း အစမဖော်မိရင် ဘာတွေဖြစ်လာမလဲမသိဘူး။ နယ်စားကြီးက သူ့မြေးသတိပေးခဲ့တဲ့အတွက် အရေအတွက်သာတဲ့ရန်သူကို ခုခံနိုင်မယ့်ဗျူဟာတစ်ခုကို စဥ်းစားခဲ့မိပြီး ပုရွက်ဆိတ်တွေနဲ့ မြေသားတံတိုင်းတစ်ခုကို သူ့စိတ်ကူးနဲ့သူဆောက်ခဲ့တယ်။ ဒီတံတိုင်းက ဆုဗာနာနိုင်ငံနယ်စပ်ကို ကယ်ခဲ့တယ်လို့ပြောရင်မမှားဘူး။

မက်ဒါနာက သူ့မျက်မှန်ကနေတစ်ဆင့် စေဘာစတိန်းဆီကနေ အရိုးမျက်နှာတွေဆုတ်ခွာသွားတာကို မြင်နေရတယ်။ အင်အားနဲ့အသာစီးရယူမယ့်ဗျူဟာ မအောင်မြင်ဖြစ်သွားပြီးနောက် ကြေးစားတပ်ဖွဲ့က ဆက်မစွန့်စားရဲတော့ပါဘူး။

နယ်စားကြီးကို လုပ်ကြံမယ့်ကိစ္စလည်း ကျရှုံးသွားတဲ့အတွက် နယ်စားကြီးရဲ့ပုရွက်ဆိတ်တွေကိုခေါ်နိုင်တဲ့ ဝှက်ဖဲကိုကြောက်ပြီး သူတို့ပြန်ဆုတ်သွားကြတာ။

ဒီပကတော့ လက်ရှိအောင်ပွဲအပေါ် သိပ်ဂုဏ်မယူနိုင်သေးပါဘူး။ "အစ်မကြီး၊ ဒီတစ်ခေါက်က နောက်ဆုံးမဟုတ်သေးဘူးလို့ ကျွန်တော်ခံစားနေရတယ်။ သူတို့ပြန်လာဦးမယ်ထင်တယ်။"

မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ "ဟုတ်တယ်၊ သူတို့ကို ဆုဗာနာနယ်မြေကနေ မောင်းမထုတ်နိုင်မချင်း ဒီစစ်ပွဲက ပြီးမှာမဟုတ်ဘူး။ ငါတို့အနေနဲ့ ချပ်ဝတ်တွေကို တတ်နိုင်သမျှများများထုတ်သင့်ပြီ။"

နံရံနောက်မှာပုန်းပြီး ခုခံနေတာက ဒီစစ်ပွဲရဲ့အဖြေမဟုတ်ပါဘူး။ သူတို့အနေနဲ့ ရန်သူတွေကို ဖြစ်နိုင်သမျှ မြန်မြန်ရှင်းထုတ်ရမှာပါ။

ဆယ့်ငါးမိနစ်လောက် ကြာပြီးတဲ့နောက်တော့ နယ်စားကြီးတို့အုပ်စုလည်း ပြန်ရောက်လာကြပြီ။ ဒါပေမဲ့ခါတိုင်းထက် ပိုပြီးသုန်မှုန်နေကြတယ်။ ပုဆိန်စောင့်ရှောက်သူမှာ လက်တစ်ဖက်မရှိဖြစ်နေပြီး သူ့လက်ကိုပတ်ပေးထားတဲ့ ပက်တီးတွေမှာတောင် သွေးတွေစွန်းထင်းနေတယ်။

"ပုဆိန်စောင့်ရှောက်သူ၊ မင်းဒီနေ့လွှတ်တော်မတက်ဘဲ ဆေးရုံမှာသွားနေသင့်တယ်။ ကျန်တာ ငါတို့တာဝန်ထားလိုက်။ အပြန်လမ်းစိတ်ချရအောင် စစ်သားနှစ်ယောက်လောက်ခေါ်သွားလိုက်ဦး။"

"ဟုတ်ကဲ့၊ နယ်စားကြီး။" နောက်တော့ ပုဆိန်စောင့်ရှောက်သူက နန်းတော်ထဲကနေ ထွက်ခွာသွားတယ်။

ပုဆိန်စောင့်ရှောက်သူက လက်တစ်ဖက်ဆုံးရှုံးထားပြီး ရှေးဦးသူနာပြုစုနည်းနဲ့ပဲ အရင်စောင့်ရှောက်ခံထားရပေမဲ့ လွှတ်တော်ထဲဝင်ဖို့ တက်ကြွနေဆဲပဲ။ ဒါပေမဲ့ နောက်ထပ်တိုက်ပွဲဆက်ဝင်ဖို့တော့ မဖြစ်နိုင်သေးဘဲ လပိုင်းကနေ နှစ်ပိုင်းအထိ သူအနားယူဖို့လိုလိမ့်မယ်။ ကုသရေးမြူတန့်တွေအနေနဲ့ သူ့လက်ကို ပြန်ထွက်လာအောင်လုပ်ဖို့ဆိုတာက သိပ်မဖြစ်နိုင်ဘူး။ ဒါကြောင့် လက်အတုတပ်ရဖို့ပဲများနေတယ်။

နောက်တော့ နယ်စားကြီးက လွှတ်တော်အဝင်ဝမှာစောင့်နေတဲ့ မက်ဒါနာနဲ့ဒီပကို ကြည့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ နန်းတော်ကို ကိုယ်ရံတော်တပ်နဲ့အတူပြန်လာတဲ့ ခေါင်းသုံးလုံးခွေးကြီး စေဘာစတိန်းကလည်း မက်ဒါနာဆီရောက်လာပြီး ပတ်ဟောင်နေတယ်။

"ဝုတ်... ဝုတ်..."

"သိပ်ကောင်းတယ်၊ မင်းတို့ကြောင့်သာမဟုတ်ရင် ဒီနေ့ ဆုဗာနာဆိုတာ ရှိတော့မှာမဟုတ်ဘူး။ ဒီတော့ ဒီနေ့ မင်းတို့လည်း လွှတ်တော်ထဲဝင်ရမယ်။ ငါမင်းတို့ကို ပေးစရာရှိတယ်။"

နောက်တော့ လွှတ်တော်တံခါးပွင့်သွားပြီး အသင့်စောင့်နေကြပြီဖြစ်တဲ့ လွှတ်တော်ကိုယ်စားပြုအမတ်တွေ၊ ဝန်ကြီးဌာနဝန်ကြီးတွေအကြား ဆုဗာနာစစ်တပ် အဆင့်မြင့်အရာရှိတွေက ဖြတ်လျှောက်သွားပြီး နေရာယူလိုက်ကြတယ်။ မက်ဒါနာနဲ့ဒီပပလည်း သူတို့နေရာတွေမှာ ဝင်နေရာယူလိုက်တယ်။

နယ်စားကြီးကတော့ အမြင့်ဆုံးနေရာမှာနေနေရင်း လွှတ်တော်ထဲက လူတွေအားလုံးကို ကြည့်လိုက်ပါတယ်။

"စစ်ပွဲတွေကြောင့် လွှတ်တော်ကြားနာမှုကို ငါရှေ့တန်းကပြန်ချိန်တိုင်းကျင်းပဖို့ ချမှတ်ထားတာ သုံးလကျော် လေးလနီးပါးရှိလာပြီ။"

နယ်စားကြီးက သူ့စကားကို အစချီလိုက်တယ်။ "ဒီနေ့စစ်ပွဲမှာ ဆုဗာနာက ရဲဝင့်တဲ့စစ်သည်သုံးထောင်ကျော် အသက်ဆုံးရှုံးခဲ့တယ်။ ရန်သူခုနစ်ထောင်ကို ဖျက်ဆီးနိုင်ခဲ့ပေမဲ့ ငါတို့စစ်သည်သုံးထောင်က ဆုဗာနာသွေးသားနဲ့ဖွဲ့စည်းထားတာမလို့ ပိုတန်ဖိုးရှိတယ်။"

သိတဲ့အတိုင်းပဲ အရိုးမျက်နှာတွေက ဗီဇစိတ်နဲ့လှုပ်ရှားနေတဲ့ စက်ရုံထုတ်တိုက်ခိုက်ရေးဇီဝလက်နက်တွေပါ။ ဆုဗာနာစစ်သည်တွေကတော့ တကယ့်ခံစားချက်ရှိတဲ့ လူသားတွေဖြစ်ပြီး သူတို့တွေမှာ ကိုယ်ပိုင်မိသားစုတွေရှိကြတယ်။

လွှတ်တော်တစ်ခုလုံး ဒီနေ့ရဲ့အကျအဆုံးစာရင်းကြောင့် တအုံးအုံးဖြစ်ကုန်ကြတယ်။ ဆုဗာနာခံတပ်တွေမှာ တပ်စွဲထားတဲ့ စစ်သည်တစ်သောင်းရှိတယ်။ အခုတစ်နေ့တည်းတင် သုံးထောင်သေခဲ့တာဖြစ်လို့ ဆယ်ယောက်မှာ သုံးယောက်သေတဲ့သဘောပါပဲ။ ဒီအရေအတွက်က လေးပွင့်ဆိုင်စစ်ပွဲတုန်းက အကြီးဆုံးတိုက်ပွဲထက်တောင် ကျော်နေပါပြီ။

"ဒီနေ့ ဆုဗာနာဆက်ပြီးတည်ရှိနေရတဲ့ တစ်ခုတည်းသောအကြောင်းအရင်းက ငါ့မြေးမလေးတီထွင်ထားတဲ့ ချပ်ဝတ်သစ်တွေနဲ့ သူ့ရဲ့ကိုယ်ရံတော်ခွေးကြောင့်ပဲ။ မဟုတ်ရင် ငါကိုယ်တိုင်တောင် တိုက်ပွဲကျသွားပြီးပြီ။" နယ်စားကြီးက လိမ်ပြောနေတာမဟုတ်ဘူး။ အခြေအနေက ဒီအတိုင်းဖြစ်ခဲ့တာ။ သူတို့ရဲ့ခေတ်နောက်ကျနေတဲ့ နည်းဗျူဟာတွေက ကြေးစားစစ်တပ်ကို ရင်ဆိုင်ရာမှာ နည်းနည်းလေးမှ အသုံးမဝင်တော့ဘူး။

"ဒါကြောင့် အခုကနေစပြီး ဆုဗာနားစစ်တပ်ရဲ့ချပ်ဝတ်တွေအဆင့်မြှင့်မယ့်ကိစ္စနဲ့ပတ်သက်လို့ ငါမင်းတို့ဆီကနေ ဘာဆန့်ကျင်သံမှမကြားချင်ဘူး။ ရှိသမျှအရင်းအမြစ်တွေကိုသုံးပြီး စစ်တပ်ချပ်ဝတ်တွေကို အစားထိုးမယ်။ ငါ့မြေးတော်မင်းသမီးတည်ဆောက်ထားတဲ့စက်ရုံက အခုကနေစပြီးနိုင်ငံပိုင်ဖြစ်သွားပြီ၊ နိုင်ငံတော်အစိုးရဘားဂျက်နဲ့ အခုဧပြီအတွင်း ချပ်ဝတ်တစ်သောင်းထုတ်နိုင်အောင် ကြိုးစားရမယ်။"

ဒီနေ့က ဧပြီလရှစ်ရက်နေ့ပါ။ မက်ဒါနာက ဧပြီသုံးရက်နေ့မှာ အလုပ်သမားအနည်းငယ်နဲ့လက်နက်စထုတ်တယ်။ စက်ပစ္စည်းတွေရလာပြီး ငါးရက်အကြာမှာတော့ ကိုယ်ရံတော်တပ်ဖွဲ့နဲ့ တပ်ရင်းနှစ်ခုအတွက်

ချပ်ဝတ်တစ်ထောင်ကျော် ထုတ်လုပ်တပ်ဆင်ခဲ့ပါတယ်။ အကြမ်းဖျင်း တစ်ပတ်အတွင်း တစ်ထောင်သာထုတ်နိုင်တာဖြစ်လို့ တစ်လကို ငါးထောင်အထိထုတ်နိုင်ရင်တောင် အံ့ဩစရာကြီးဖြစ်နေပြီလေ။ ဒါပေမဲ့ နယ်စားကြီးက တစ်လတည်းနဲ့ တစ်သောင်းထွက်ချင်နေတယ်။

"လိုအပ်တဲ့ စက်ပစ္စည်းနဲ့လုပ်အားခကို အစိုးရက ကျခံရမယ်။" နယ်စားကြီးက ပဒေသရာဇ်ဆန်ဆန် ဆုံးဖြတ်ချက်ချလိုက်ပြီး အမတ်တွေကို ဆန့်ကျင်ခွင့်မပေးတော့ဘူး။

တိုင်းပြည်သေရေးရှင်ရေးဖြစ်နေပြီမလို့ အခုလိုကိစ္စကို သူတို့ငြင်းလို့လည်းမရတော့ဘူး။ နယ်စားကြီးက သူ့စကားကို ခဏနားလိုက်ပြီး မက်ဒါနာကို လှည့်ကြည့်တယ်။

"ပြီးတော့ ငါ့မြေးမလေးက လောလောဆယ် နယ်စားမင်းသမီးဆိုတဲ့ဂုဏ်ပုဒ်ကလွဲလို့ တခြားဘာမှရှိမနေဘူး။ ဒါပေမဲ့ သူ့ရဲ့အရည်အချင်းတွေကြောင့် တရားဝင်ရာထူးတစ်ခုပေးချင်တယ်။ မင်းတို့ဘယ်လိုသဘောရလဲ။"

အဲဒီနောက်တော့ ဆုဗာနာဝန်ကြီးတွေက စတိုင်ပင်ပြီးနောက်ဆုံးမှာ သူတို့ဆုံးဖြတ်ချက်ကို တရားရေးဝန်ကြီးက ရှေ့ထွက်ပြီး တင်ပြလိုက်တယ်။

"နယ်စားကြီးခင်ဗျား၊ နယ်စားမင်းသမီးလေးက လောလောဆယ် လက်နက်ထုတ်လုပ်ရေးစက်ရုံကို ကွပ်ကဲနေပြီး ဆုဗာနာခံစစ်ကို အားဖြည့်ပေးနေတာဆိုတော့ သူ့အတွက်ရာထူးက အရပ်ဘက်ရာထူးထက် စစ်ဘက်ရာထူးဖြစ်သင့်တယ်လို့ နယ်စားလွှတ်တော်က ထင်မြင်ပါတယ်။ ဒါပေမဲ့ မင်းသမီးလေးက စစ်မြေပြင်ကို ကိုယ်တိုင်လိုက်ပါတိုက်ခိုက်နိုင်စွမ်းမရှိတာကြောင့် အစစ်အမှန်တာဝန်ယူမှုရှိတဲ့ ရာထူးမျိုးလည်း မဖြစ်သင့်ပါဘူး။ ဒါကြောင့် ဆုဗာနာဂုဏ်ထူးဆောင်စစ်သေနာပတိရာထူးက အသင့်တော်ဆုံးပါ။"

မက်ဒါနာလည်း အဲဒီပါဠိလိုခေါ်တဲ့ရာထူးနာမည်ကြီးကို မနည်းနားလည်အောင် ပြန်စဥ်းစားရတယ်။

နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သေနာပတိဆိုတာက ဗိုလ်ချုပ်အဆင့်ကိုပြောတာပါ။ ဆုဗာနာမှာ ဒီရာထူးရှိတဲ့သူက နှစ်ဦးပဲရှိပါတယ်။ တစ်ယောက်ကတော့ နယ်စားကြီးကိုယ်တိုင်ပါ။ နယ်စားကြီးက အစိုးရရဲ့အကြီးအမှူးဖြစ်သလို စစ်တပ်ရဲ့အကြီးအမှူးလည်းဖြစ်ပါတယ်။ ဒုတိယတစ်ယောက်ကတော့ မက်ဒါနာမတိုင်ခင်ကမှ လောလောလတ်လတ်ခန့်အပ်ထားတဲ့ ဆုဗာနာခံစစ်ကြောင်းမှူးပါ။ ကျန်တဲ့စစ်အရာရှိတွေကတော့ တပ်မှူးကြီးတွေ၊ တပ်မှူးချုပ်တွေပါပဲ။

ဆုဗာနာမှာက သေနာပတိရာထူးကို အရေးကိစ္စတစ်ခုခုရှိမှ ဝါရင့်အထက်အရာရှိတွေထဲကတစ်ယောက်ကို ခန့်အပ်လေ့ရှိပါတယ်။ စစ်တပ်အရွယ်သေးတာကြောင့် ပုံမှန်အချိန်တွေမှာ နယ်စားကပဲ တာဝန်မျှဝေထမ်းဆောင်ရတယ်။

သေနာပတိရာထူးက နယ်စားကြီးပြီးရင် ဩဇာအရှိဆုံးလို့ ဆိုနိုင်ပါတယ်။ အထက်မှူးမတ်တွေက အစိုးရဖွဲ့စည်းပုံအရ ခရိုင်အကြီးအမှူးတွေဖြစ်ကြတယ်ဆိုပေမဲ့ စစ်တပ်အာဏာမရှိကြဘူးလေ။ ဒါကြောင့် အခုမက်ဒါနာက နယ်စားကြီးပြီးရင် အာဏာအရှိဆုံးဖြစ်နေပြီ။

ဒီလိုတွေးမိတော့ မက်ဒါနာတစ်ယောက် ပြုံးလိုက်မိတယ်။ နောက်ဆုံးတော့ ဆုဗာနာလွှတ်တော်က သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို အသိအမှတ်ပြုလိုက်ပြီပေါ့။

ဒါပေမဲ့ ရာထူးမှာထပ်တွဲပါနေတဲ့ ဂုဏ်ထူးဆောင်ဆိုတဲ့ စကားလုံးကို ပြန်တွေးမိတဲ့ ချက်ချင်းမဲ့သွားပြန်ရော။ ပုံမှန်အားဖြင့် ဂုဏ်ထူးဆောင် စစ်ရာထူးတွေက စစ်တပ်က အနားယူသွားတဲ့သူတွေနဲ့ ကျဆုံးသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ပေးတာ။ အထူးသဖြင့် ဒဏ်ရာရပြီး တပ်ကထွက်ရတော့မယ့်သူတွေဖို့။ တစ်ခါတလေလည်း စစ်တပ်အတွက်အကျိုးဆောင်ပေးတဲ့ သာမန်အရပ်သားတွေကို ချီးမြှင့်လေရှိတယ်။

နာမည်တော့ ကြားကောင်းသယောင်ရှိပေမဲ့ တကယ့်အရာရှိတွေနဲ့မတူတာက ပင်စင်ကြေးတို့ လခတို့မရဘူး။ ပြီးတော့ ဂုဏ်ထူးဆောင်အရာရှိတွေမှာက ဦးဆောင်စရာ တပ်ရင်းတပ်ဖွဲ့တွေမရှိတော့ သူ့ရဲ့အခွင့်အာဏာကလည်း သုညလို့ဆိုရမှာ။ နောက်ဆုံးပိတ်ကျ Holy Roman Empireလိုပဲ အရာရှိလည်းမဟုတ် စစ်သားလည်းမဟုတ် အမှုထမ်းလည်းမဟုတ်တဲ့ ရာထူးပဲ။ အာပဲရှိတဲ့ လေရာထူးဆိုပါတော့။

ပထမဆုံးအနေနဲ့ မက်ဒါနာရဲ့တုံ့ပြန်မှုက ခေါင်းတညိတ်ညိတ်နဲ့ တပြုံးပြုံးလုပ်နေတဲ့ ဝန်ကြီးတွေကို မဲ့ပြုံးနဲ့ကြည့်မိတာ။ နောက်တော့ ဒေါသထွက်လွန်းလို့ ထဆဲမိလုနီးနီးဖြစ်သွားတယ်။

"ဟဲ့အကောင်စုတ်တွေ၊ နင်တို့ငါ့ကိုစော်ကားနေကြတာလား။" "ငါဒီလောက် အပင်ပန်းခံပေးထားတာကို။"

...

စစ်မြေပြင်ရဲ့တခြားတစ်ဖက်မှာလည်း အလားတူစုစည်းမှုမျိုး လုပ်နေကြပါတယ်။ ဒါပေမဲ့ ဆုဗာနာ ဘက်ခြမ်းနဲ့မတူတာက ကြေးစားစစ်တပ်ရဲ့အရာရှိတွေချည်းပဲပါတဲ့ အစည်းအဝေးပါ။ ခါတိုင်းတော့ အရာရှိလေးယောက်ပဲပါပေမဲ့ ဒီနေ့မှာတော့ စီစီလီယာပါပါလို့ ငါးယောက်ဖြစ်နေပါတယ်။

"ဒီတော့ မင်းပြောချင်တာက ဘယ်ကမှန်းမသိတဲ့ ခေါင်းသုံးလုံး ခွေးစက်ရုပ်တစ်ကောင် မင်းကိုလာတိုက်လို့ နယ်စားကို မသတ်နိုင်ခဲ့တာပေါ့။"

တပ်မှူးရော့ဝဲလ်က စီစီလီယာနဲ့တစ်ထပ်တည်းတူနေတဲ့ ရေနွေးငွေ့ခေါင်းကို ကြည့်ပြီးပြောလိုက်ပါတယ်။ ရုတ်တရက် ရေနွေးငွေ့ခေါင်းရဲ့ရုပ်သွင်က ရော့ဝဲလ်နဲ့တူသွားပြီး ရော့ဝဲလ်ရဲ့လေသံအတိုင်း ပြောလိုက်ပါတယ်။

"အဲဒီခွေးစက်ရုပ်က A rankပဲ။ ပြီးတော့ သိပ်ကောင်းတဲ့ လက်နက်တွေကိုတပ်ဆင်ထားတယ်။ အရိုးမျက်နှာအများစုကို သူပဲဖျက်ဆီးပစ်ခဲ့တာ။"

A rankတွေထဲမှာတောင် ဘက်စုံထူးချွန်တဲ့ မြူတန့်ရှားတယ်။ ဒါပေမဲ့ ခွေးစက်ရုပ်ကတော့ လူအများကိုတိုက်ခိုက်ရာမှာရော တစ်ဦးချင်းတိုက်ခိုက်ရာမှာပါ ကျွမ်းကျင်ပါတယ်။

"SilverKnightက ဆုဗာနာမင်းသမီးမက်ဒါနာရဲ့ကိုယ်ရံတော်လုပ်ဖူးတယ်လို့ကြားတယ်။ S rank နည်းပညာဟီးရိုးတစ်ယောက်အနေနဲ့ ဆုဗာနာကိုကာကွယ်ဖို့ စစ်သုံးစက်တစ်ခုထွင်ပေးခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။" ဗျူဟာမှူးကားလ်က သုံးသပ်လိုက်တယ်။ ဒါပေမဲ့ စီစီလီယာကတော့ တစ်ချက်ရယ်မောလိုက်ပြီး...

"တကယ်တော့ အဲဒီလိုမဟုတ်ဘူး။ ဆုဗာနာမင်းသမီးမက်ဒါနာကိုယ်တိုင်က Silverknightပဲ။ ဗိုလ်ချုပ်လော့ဒ်မာရှယ်က သူ့မျက်နှာကို စပိန်ကျွန်းတိုက်ပွဲမှာ မြင်ဖူးတယ်။" စီစီလီယာရဲ့စကားကြောင့် ကားလ်လုံးဝအံ့ဩသွားတယ်။

ဒီလိုကိစ္စမျိုးဖြစ်လာလိမ့်မယ်လို့ သူလုံးဝထင်မထားခဲ့ဘူး။ ကားလ်က တဖြည်းဖြည်းချင်းသုံးသပ်ပြီး ပြောလိုက်ပါတယ်။

"ဒီတော့ S Rank ဟီးရိုးတစ်ယောက် ဆုဗာနာမှာရှိနေပြီးတော့ ကိန်းရှင်ဖြစ်လာတာလား။ မဟုတ်သေးဘူး၊ ကျုပ်အထင် Silverknightတစ်ဖြစ်လည်း မက်ဒါနာက လက်ရှိ S rank မှာရှိတော့မယ်မထင်ဘူး။ ဒီလိုမှမဟုတ်ရင် ကျုပ်တို့ကို သူကိုယ်တိုင်လာသတ်ပြီးသွားလောက်ပြီ။"

S rank တစ်ယောက်ရဲ့လုပ်နိုင်စွမ်းက A rank တွေထက် အများကြီးသာလွန်ပါတယ်။ Silverknightက လည်းသာမန် S rankတွေထက် အများကြီးပိုစွမ်းပါတယ်။ သူသာလုပ်ချင်ရင် လက်ရှိဒီမှာရှိနေတဲ့ ငါးဦးစလုံးကို ခဏလေးအနိုင်တိုက်နိုင်တယ်။

"မင်းပြောသလို မက်ဒါနာက Silverknightဆိုရင် သူဘာလို့ ငါတို့ကိုလာရှင်းမပစ်တာလဲဆိုတာက တွေးစရာဖြစ်နေပြန်တယ်။ ငါစဥ်းစားမိတာကတော့ စပိန်ကျွန်းတိုက်ပွဲမှာ သူတစ်ခုခုဖြစ်လာပြီး ကိုယ်တိုင်တိုက်ပွဲမဝင်နိုင်သေးတာဖြစ်လိမ့်မယ်။ ပြောခါမှ Silverknight ဟီးရိုးလောကမှာပျောက်နေတာ လေးလနီးပါးရှိနေပြီလေ။"

ကားလ်က စကားကိုခဏရပ်ပြီး ဆက်ပြောပြန်ပါတယ်။ "တိုက်ပွဲဖြစ်နေတုန်း အရိုးမျက်နှာတွေက တံတိုင်းကို ချိုးလိုက်နိုင်ပေမဲ့ စွမ်းအင်ဒိုင်းထုတ်နိုင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ရောက်လာပြီး တံတိုင်းကိုပြန်ပိတ်ခဲ့တယ်။ သူတို့ဝတ်စုံတွေက သာမန်ဆုဗာနာချပ်ဝတ်တွေထက် ပိုအဆင့်မြင့်တယ်။ ဖြစ်နိုင်တာက SilverKnightရဲ့တီထွင်သူက ကိုယ်တိုင်ရောက်မလာနိုင်ပေမဲ့ သူ့ရဲ့တီထွင်မှုတွေနဲ့ ငါတို့ကိုဒုက္ခပေးနိုင်နေပုံပဲ။"

ရော့ဝဲလ်ကလည်း ဝင်ပြောလိုက်တယ်။ "အခုငါတို့ ဘယ်လိုဆက်လုပ်ကြမလဲ။ အရိုးမျက်နှာခုနစ်ထောင်နီးပါး ပျက်စီးသွားတယ်။ လက်ရှိအရိုးမျက်နှာတွေနဲ့ ဆုဗာနာတံတိုင်းကို ဖျက်ဆီးဖို့မလုံလောက်ဘူး။ ဌာနချုပ်ကို အရိုးမျက်နှာတွေ ထပ်ပို့ခိုင်းရမလား။"

ဒါပေမဲ့ စီစီလီယာက ခေါင်းကိုခါလိုက်ပြီ။ "ရှင်ရူးနေတာလား၊ အရိုးမျက်နှာနှစ်သောင်းဆိုတာက နည်းတဲ့အင်အားမဟုတ်ဘူးလေ။ မဟာမိတ်တစ်ခုလုံးတောင်မှ ဒီလောက်အရေအတွက်ထုတ်ဖို့ဆိုရင် လပေါင်းများစွာအချိန်ယူရတယ်။ ဌာနချုပ်က နိုင်ငံငယ်လေးတစ်ခုမှာတင် အခုထက်ပိုတဲ့အရေအတွက်ကို ဖြုန်းချင်မှာမဟုတ်ဘူး။ လက်ရှိအင်အားနဲ့နိုင်အောင်တိုက်ရင်တိုက် မဟုတ်ရင် ကျွန်မတို့အရှက်ကွဲဖို့ပဲရှိတော့တယ်။"

ရော့ဝဲလ်တိတ်သွားတယ်။ ဆုဗာနာလိုနိုင်ငံငယ်လေးက ဒီလောက်ထိသန်မာလိမ့်မယ်လို့ သူတို့ထင်မထားမိဘူး။ အခုတော့ သံပြားကိုသွားကန်မိမှန်း သိသာသွားပြီ။ ဒါပေမဲ့ ကားလ်ကတော့ ပြုံးလိုက်ပြီး...

"အခုလောက်နဲ့တော့ ကျုပ်တို့မနိုင်လောက်တော့ဘူးလို့ တွေးစရာမလိုသေးပါဘူး။ ကိန်းရှင်ရှိတယ်ဆိုရင် အဲဒီကိန်းရှင်ကို ကိန်းသေဖြစ်အောင် ကျုပ်တို့လုပ်လို့ရတာပဲမဟုတ်လား။"

ကားလ်ရဲ့စကားကြောင့် အရာရှိတွေအကုန်လုံး စိတ်လှုပ်ရှားလာကြတယ်။ အထူးသဖြင့် ရေနွေးငွေ့ခေါင်းက ကားလ်ပုံစံပြောင်းသွားပြီး ကားလ်လေသံနဲ့မေးလိုက်တယ်။

"ကားလ်၊ မင်းမှာ အကြံရှိသေးတာလား။"

"ဒါပေါ့၊ သိပ်ကိုရှိတာပေါ့။" အဲဒီနောက် ကားလ်က အားလုံးနားလည်အောင် သူလောလောဆယ်စဥ်းစားထားတဲ့အကြံကို ရှင်းပြတယ်။

"အခုလောလောဆယ် ငါတို့ကြောက်ရမှာက ချပ်ဝတ်နည်းပညာသစ်နဲ့ ကိန်းရှင်မင်းသမီးကိုယ်တိုင်ပဲ။ ရေနွေးငွေ့ခေါင်းတွေ့ခဲ့တဲ့ ခွေးကိစ္စက ဖြေရှင်းရလွယ်တယ်။"

"ပထမဆုံးအနေနဲ့ ဆုဗာနာရဲ့စက်မှုအဆင့်အတန်းက တော်တော်နိမ့်ကျတဲ့အထဲမှာပါတယ်။ ဒီလောက်အဆင့်မြင့်ပြီး အသုံးဝင်တဲ့နည်းပညာချပ်ဝတ်တွေကို သူတို့က တပ်ဖွဲ့ဝင်တချို့အတွက်ပဲ တပ်ဆင်ပေးနိုင်တဲ့အတွက် ဒီအချက်က သိပ်သိသာတယ်။ ဒါပေမဲ့ အချိန်ကြာလာလေလေ အဲဒီချပ်ဝတ်ဝတ်ဆင်တဲ့ တပ်သားတွေများလာလေလေဖြစ်ပြီး ငါတို့ရဲ့နည်းပညာအသာစီးရမှုကို ဆုံးရှုံးသွားလိမ့်မယ်။"

ကားလ်ပြောတာက တကယ်ကျိုးကြောင်းသင့်လျှော်တယ်။ လက်ရှိအချိန်ထိ ကြေးစားစစ်တပ်အသာစီးရနေတာက C rank တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ပလာဒင်ချပ်ဝတ်တွေနဲ့ အရိုးမျက်နှာတွေကြောင့်ပါ။ ရိုးရိုးဆုဗာနာချပ်ဝတ်တွေက D rank လောက်ပဲအသုံးဝင်တယ်။ နည်းပညာသစ်ကတော့ C rank အဆင့်ဝင်ပြီး ပိုရှုပ်ထွေးအသုံးဝင်တဲ့ နည်းစနစ်တွေလည်းပါပါတယ်။

"လက်ရှိဆုဗာနာရဲ့စွမ်းအားနဲ့ အဲဒီလိုလက်နက်ထုတ်တဲ့စက်ရုံမျိုး တစ်ခုနှစ်ခုအပြင်ပိုမရှိနိုင်ဘူး။ ငါတို့လုပ်ဖို့ကအဲဒီစက်ရုံတွေကိုဖျက်ဆီးပြီး ထုတ်လုပ်မှုဖြစ်စဥ်ကို နှောင့်ယှက်ဖို့ပဲ။ ဒါမှ သူတို့ရှေ့တန်းကို ငါတို့ဆက်ဖိအားပေးလို့ရလိမ့်မယ်။"

ကားလ်က ခဏနားလိုက်ပြီးမှ ရှေ့ဆက်ပြောပါတယ်။ "ခွေးကိစ္စကတော့ မင်းတို့ထင်သလောက် အရေးမကြီးဘူး။ တပ်မှူးကြီးရော့ဝဲလ်က သူ့ကိုရင်ဆိုင်လိမ့်မယ်။ ငါမှတ်မိသလောက် တပ်မှူးကြီးက ဆုဗာနာစောင့်ရှောက်သူတစ်ယောက်ကို လက်ဖြတ်နိုင်ခဲ့တယ်။ ဒီတော့ ဆုဗာနာဘက်က A rank တစ်ယောက်ရဲ့တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပြီး ငါတို့နဲ့အရေအတွက်အတူတူ ပြန်ဖြစ်သွားပြီ။ တကယ့်ပြဿနာက ကိန်းရှင်မင်းသမီးပဲ။"

ကားလ်က သူ့လက်နှစ်ဖက်ကို စားပွဲပေါ်တင်ပြီး အချင်းချင်းယှက်ထားလိုက်တယ်။ သူ့ပုံစံက ဖဲသမားတစ်ယောက် နောက်ဆုံးဖဲချပ်ကို ထုတ်သုံးတော့မယ့်ပုံစံမျိုးနဲ့ပါ။

"ကိန်းရှင်မင်းသမီးက ကမ္ဘာ့ဉာဏ်ကြီးရှင်တွေထဲကတစ်ယောက်ပဲ။ သူဘာလုပ်နိုင်လဲဆိုတာ ငါတို့ခန့်မှန်းကြည့်လို့တောင်မရဘူး။ ပြီးတော့ သူ့မှာ မဟာမိတ်တွေအများကြီးရှိနေသေးတယ်။ ဒီတော့ ဖြစ်နိုင်သမျှမြန်မြန် သူ့ကိုလုပ်ကြံပြီးတော့ ဖယ်ထုတ်ပစ်မှရလိမ့်မယ်။ သူတစ်မိနစ် အသက်ပိုရှည်လေ ငါတို့အတွက် အန္တရာယ်များလေပဲ။

အဲဒီနောက် ကားလ်ကက ရေနွေးငွေ့ခေါင်းကိုကြည့်ပြီး ပြောလိုက်တယ်။

"ရေနွေးငွေ့ခေါင်း ဒီတစ်ကြိမ်ကတော့ မင်းတောက်ပရမယ့်အချိန်ပဲ။ မင်းသမီးကို လုပ်ကြံဖို့အတွက် မင်းကြိုးစားကြည့်ပေး။ ဒီတစ်ခါတော့ လွဲလို့မရဘူးနော်။"

"ငါအကောင်းဆုံး ကြိုးစားပေးမယ်။" ကားလ်နဲ့ ခွဲမရအောင်တူနေတဲ့ ရေနွေးငွေ့ခေါင်းက လက်မထောင်ပြလိုက်တယ်။ အဲဒီနောက် စားပွဲခုံမှာ ထိုင်နေရင်း တန်းလန်းကနေ အရည်ပျော်သွားပြီး စေးကပ်ကပ်အရည်တွေအဖြစ်နဲ့ အရာရှိတဲထဲကနေ ထွက်ခွာပျောက်ကွယ်သွားတော့တယ်။

All Chapters