လူသတ်မှု
Vol. 5 Ch. 19
ချပ်ဝတ်စက်ရုံကို ဆုဗာနာအစိုးရက တရားဝင်လွဲပြောင်းရယူပြီးတဲ့နောက်တော့ ဆုဗာနာနိုင်ငံရဲ့နယ်စားမင်းသမီးလေးတစ်ဖြစ်လည်း ဂုဏ်ထူးဆောင်စစ်သေနာပတိကြီး မက်ဒါနာတစ်ယောက် တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ် ဖြစ်သွားလေရဲ့။
တကယ်တော့ လုံးဝကြီး အားယားသွားတာတော့ မဟုတ်ဘူးရယ်။ ချပ်ဝတ်နည်းပညာကိစ္စက အထိုင်ကျသွားပြီဆိုပေမဲ့ အလင်းဒြပ်စင်သေနတ် ထုတ်လုပ်ရေးကိစ္စကိုတော့ မက်ဒါနာကိုယ်ဖိရင်ဖိလုပ်နေရသေးတယ်။ ဒီလက်နက်တွေက ဆုဗာနာအတွက် လုံးဝနည်းပညာသစ်တစ်ခုဖြစ်နေပြီး ပုံမှန်မီးပေါက်လက်နက်တွေနဲ့ လုံးဝမတူတော့ဘူးလေ။
"အလင်းဒြပ်စင်သေနတ်တွေမှာလည်း ကိုယ်ပိုင်စွမ်းအင်ဗဟိုချက်ရှိတယ်။ သူ့ချည်းပဲ သုံးလို့ရသလို ဆုဗာနာချပ်ဝတ်တွေနဲ့လည်း တွဲဖက်သုံးလို့ရနိုင်တယ်။ ဆက်တိုက်ပစ်နိုင်သလို အမြောက်ပစ်အားမျိုးရအောင် စွမ်းအားတွေအများကြီး စုစည်းပစ်လို့ရနိုင်တယ်။ CNCစက်တွေကြောင့် အစိတ်အပိုင်းတစ်ခုချင်း ထုတ်လုပ်ရမယ့်ကိစ္စကို ကျွန်မရှင်းပြစရာမလိုတော့ပေမဲ့ ဘယ်လိုတပ်ဆင်ရမလဲဆိုတော့ ရှင်းပြရင်း လက်တွေ့လုပ်ခိုင်းမယ်။"
ဒီနေ့လည်း မက်ဒါနာစက်ရုံကိုရောက်နေပြီး ဝန်ထမ်းတွေကို ထုတ်လုပ်နည်းတွေ ရှင်းပြနေရတယ်။ ပုံမှန် သေနတ်တွေနဲ့မတူတာက အလင်းဒြပ်စင်သေနတ်တွေက ကျည်ဆန်မလိုပါဘူး။ အဲဒီအစား စွမ်းအင်အူတိုင်က နျူကလိယပေါင်းစည်းစွမ်းအားကိုသုံးပြီး အလင်းဒြပ်စင်မှုန်တွေကို လေဆာအဖြစ်ဖန်တီးယူပါတယ်။
Star War ဇာတ်ကားထဲက သေနတ်တွေနဲ့နည်းနည်းဆင်ပေမဲ့ ပိုအသုံးဝင်တယ်။ ထုတ်လုပ်ဖို့လိုအပ်တဲ့ကုန်ကျစရိတ်လည်း မများဘူး။
"စွမ်းအင်ဗဟိုချက်နဲ့ အတွင်းပိုင်းက ဖြူးရှင်း Recieverတွေတပ်တဲ့အပိုင်းက အရေးအကြီးဆုံးပဲ။ ကျန်တဲ့အစိတ်အပိုင်းတွေကတော့ သာမန်သေနတ်တွေနဲ့ အတူတူပါပဲ။"
ဒီသေနတ်တွေက ဇက်သတ္တုတောင်ပါတာမဟုတ်ဘူး။ တန်ဖိုးကြီးအစိတ်အပိုင်းဆို စွမ်းအင်ဗဟိုချက်ပဲ ပြစရာရှိတယ်။ ဒါပေမဲ့လည်း သမရိုးကျလက်နက်တွေထက်တော့ အနည်းငယ်စျေးများပါသေးတယ်။
အလုပ်သမားတွေကို သင်ပေးပြီးနောက် မက်ဒါနာက ဝှီးချဲလေးကိုမောင်းကာ စက်ရုံအပြင်ဘက် ထွက်လိုက်တယ်။ ဆုဗာနာရဲ့မပျက်စီးသေးတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ စိမ်းစိမ်းစိုစိုတောင်တန်းတွေကိုကြည့်ရင်း မက်ဒါနာသက်ပြင်းချလိုက်မိရဲ့။
"လှလိုက်တာ၊ ပြီးတော့ ရာသီဥတုကလည်း အေးနေတာပဲ။"
တိုကျိုနဲ့ယှဥ်ရင် ဆုဗာနာက ပူအိုက်စိုစွတ်ပေမဲ့ ခိုနားစရာ အရိပ်မရှိ ပူလောင်အိုက်စပ်ပြီး ကားတွေလူတွေပြည့်ကျပ်နေတဲ့ နယူးယောက်နဲ့စာရင် သာပါသေးတယ်။
"တစ်နေ့ကျ တောင်ကြားထဲမှာ အိမ်လေးဆောက်ပြီးမိသားစုနဲ့အတူ နေချင်လိုက်တာ။" မက်ဒါနာလည်း အေးမြတဲ့ ရာသီဥတုကိုခံစားရင်း ပေါက်ကရတွေ စိတ်ကူးယဥ်နေမိတယ်။
ကလေးတွေက သူ့အိမ်ထဲမှာ ခုန်ပေါက်ပြေးလွှားနေပြီး သူ့ရဲ့ကြင်ယာတော်က သူ့အတွက်စားကောင်းတဲ့ ဟင်းလျာတွေချက်ပေးနေတဲ့ မြင်ကွင်းကို စိတ်ကူးယဥ်ရင်း သွားရည်တောင်ကျလာတယ်။ ဒါပေမဲ့ ခဏနေတော့ ပြန်သတိဝင်လာပြီး...
"နေစမ်းပါဦး ငါက ဘာကိစ္စဖြစ်မလာသေးတဲ့ အိမ်ထောင်ရေးကိစ္စတွေကို ကြိုတွေးနေတာလဲ။ ပြီးတော့ ကြင်ယာတော်ဆိုတာက မဖြစ်နိုင်တာတွေ။" အဆိုးဆုံးက မက်ဒါနာရဲ့နေ့ခင်းကြောင်တောင်အိပ်မက်ထဲမှာပါလာတဲ့ အဲဒီကြင်ယာတော်က အထီးလားအမလား သူကိုယ်တိုင်တောင် မသိတာပဲ။
ရုတ်တရက် မက်ဒါနာမျက်နှာကြီးနီရဲလာပြီး ရှက်လွန်းလို့ မျက်ရည်စတွေတောင် မျက်လုံးထောင့်မှာ တွဲလွဲခိုလာတယ်။
"မဟုတ်မှလွဲရော... ဒါ... ဒါ... မိန်းကလေးတွေခံစားရတတ်တဲ့ အပျိုကြီးရောဂါဆိုတာများလား။"
အပျိုကြီးရောဂါဆိုတာက ယောက်ျားမရတဲ့သူတွေ သူတို့ရဲ့အထီးကျန်ဘဝကိုမေ့ထားဖို့ စိတ်ကူးထဲမှာ တကယ်မရှိတဲ့ အိမ်ထောင်ရေးဘဝကို ဖန်တီးလိုက်တဲ့ စိတ်ရောဂါ။ ပြီးတော့ စိတ်ရောဂါကုဆရာဝန်တွေနဲ့တောင် တော်ရုံနဲ့ကုလို့မပျောက်ဘူး။ လင်ကောင်းသားကောင်းရမှာ သူ့အလိုလိုပျောက်သွားတာမျိုး။
"ဘုရားဘုရား... ငါလည်းဘယ်လိုလုပ်ရမလဲ။"
မက်ဒါနာတစ်ယောက်တည်း ဟိုတွေးဒီတွေးနဲ့ စိုးရိမ်စိတ်ဝင်နေတုန်း နောက်ကနေ တစ်ယောက်ယောက် ရောက်လာပြီး ပြောလိုက်တယ်။
"အစ်မကြီး၊ တစ်ယောက်တည်း ဘာတွေစဥ်းစားနေတာလဲ။" ဒီပပါ။ ပြီးတော့ သူ့လက်ထဲမှာ အငွေ့တထောင်းထောင်းထနေတဲ့ စားစရာတစ်ခုပါလာသေးတယ်။
"ဘာမှမဟုတ်ပါဘူး၊ တစ်ယောက်တည်း ပျင်းလို့ လျှောက်တွေးနေရုံပါ။"
မက်ဒါနာက ချက်ချင်းပဲ အပြုံးတုလေးတစ်ခုကို ဆင်မြန်းလိုက်ပြီး ဒီပကို ပြုံးပြတယ်။ ဒီပကတော့ သူ့အစ်မကြီးကို သူ့စိုးရိမ်နေပုံရဘဲ အဲဒီအစား စက္ကူအိတ်လေးထဲမှာ ထည့်ထားတဲ့ မုန့်လေးတွေကို ထိုးပေးလိုက်တယ်။
"စားဦးမလား၊ ရှန်းယန်ခရိုင် အစားအသောက်တန်းကနေ ဝင်ဝယ်လာတာ။" မက်ဒါနာ မုန့်အိတ်ထဲကို ကြည့်လိုက်တော့ သူတစ်ခါမှမမြင်ဖူးတဲ့ မုန့်တချို့ကို တွေ့လိုက်ရတယ်။
သူငယ်ငယ်တုန်းကဆို မေမေသီတာက ဆုဗာနာမုန့်တချို့ လုပ်ကျွေးတတ်လို့ တချို့စားစရာတွေကိုသိတယ်။ ဒါပေမဲ့ ဒီတစ်ခုကိုတော့ မသိဘူး။
"ဒါက ဘာလေးတွေလဲ။ မုန့်လေးတွေက ဂုံးကောင်လေးတွေနဲ့တူပြီး နှမ်းလည်းဖြူးထားသေးတယ်။" အဲဒီနောက် မက်ဒါနာက မုန့်အိတ်ထဲ လက်နှိုက်လိုက်ပြီး ပါးစပ်ထဲတစ်ခုထည့်မြည်းကြည့်တယ်။
"အွန်း... ကြွပ်ရွပြီးတော့ အတွင်းပိုင်းမုန့်နှစ်ဖြူဖြူလေးတွေက နူးညံ့နေတာပဲ။ ပဲနည်းနည်းနဲ့ ငုံးဥလည်းပါတယ်ထင်တယ်။ တကယ့်ကို နတ်သုဒ္ဒါပဲ။"
မက်ဒါနာက ပြောလည်းပြော နှိုက်လည်းစားနဲ့ ဒီပအိတ်ထဲက မုန့်တွေတဖြည်းဖြည်းနည်းလာပြီ။ ပြီးတော့ တစ်ခုစားပြီးတိုင်း ထူးဆန်းပြီးနားဝင်ချိုတဲ့အသံလေးနဲ့ ညည်းနေသေး။ နောက် မုန့်လေးတွေကိုမျိုချရင်း လှုပ်ရှားသွားတဲ့ လည်တိုင်ဖြူဖြူလေးကို ဒီပအနီးကပ်မြင်နေရသေးတယ်။ ပိုဆိုးတာက မုန့်နှိုက်စားနေတဲ့ ဆီပေနေတဲ့ လက်ချောင်းလေးတွေက ဒီပလက်ကို လာလာထိနေတာ။
ဒီပတစ်ယောက်တော့ အသံပေါင်းစုံထွက်နေတဲ့ မက်ဒါနာကြောင့် မျက်နှာကြီးနီရဲလာပြီး.... "စားရင်လည်းပါးစပ်ပြီးစားပါလားဗျ။ ရှက်စရာကြီး။" မျက်နှာလွဲကာ အော်ဟစ်လိုက်တော့တယ်။
"အာလေလေ၊ ငါ့မောင်လေး နေရထိုင်ရခက်သွားတာလား။" မက်ဒါနာက နှုတ်ခမ်းကို လက်နဲ့ကာရင်း သူ့မောင်ကို နောက်လိုက်တယ်။ ဒီပကတော့ မဲ့ရွဲ့ပြီး ခေါင်းညိတ်ပြတယ်။
ဒီတော့ မက်ဒါနာက ခပ်ဟဟပြုံးလိုက်ပြီး မုန့်ကျန်လေးတွေ လက်စသတ်လိုက်တယ်။ ဒီပအတွက် ဘာမှမကျန်တော့လို ကောင်လေးငိုမိလုဆဲဆဲရယ်။
သူ့လက်မှာကပ်နေတဲ့ နောက်ဆုံးကျန်တဲ့မုန့်ရဲ့အမှုန်လေးတွေကို မက်ဒါနာက လျှာနဲ့တို့လိုက်ပြီးနောက် ဒီပကို အလင်းရောင်တွေတောက်နေတဲ့ မျက်လုံးတွေနဲ့ တက်ကြွစွာမေးလိုက်တယ်။
"မောင်လေးရေ၊ ခုနကမုန့်ကို ဘယ်လိုခေါ်လဲဟင်။"
"မုန့်... မုန့်လင်မယားလေ အစ်မကြီး။ အရင်က တစ်ခါမှ မစားဖူးဘူးလား။" ဒီပက အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ဖြေတယ်။
"နင် ရှန်းယန်အစားအသောက်တန်းကနေ ဝယ်လာတယ်လို့ပြောတယ်မဟုတ်လား။ အခုသွားဝယ်လို့ရသေးလား။" မက်ဒါနာက ရိုးရိုးမေးရုံတင် အားမရလို့ ကောင်စုတ်လေး ညာပခုံးကို လက်တင်လိုက်ပြီး အားနဲ့ဖျစ်ညှစ်ပြီး မေးလိုက်တယ်။ ဒီပကတော့ ကြောက်လွန်းလို့ နဖူးကနေ ဇောချွေးတွေပါ ပျံလာပြီ။
'ငါ့အစ်မကြီး ဒီနေ့စိတ်ပုံမှန်ဟုတ်ပါတယ်နော်။'လို့တောင် သူ့စိတ်ထဲ ကိုယ့်ကိုယ်ကိုယ်မေးနေမိသေးတယ်။
"ရ... ရသေးတယ်လေ၊ အဲဒီမှာ ဒီလိုမုန့်တွေတစ်နေကုန်ရောင်းတယ်။" ဒီပအဖြေလည်းရရော မက်ဒါနာတစ်ယောက် အစားသရမ်းတော့မယ့် ဘီလူးမကြီးလေသံနဲ့ ပြောလိုက်လေရဲ့။
"ဒါဆို တို့မောင်နှမနှစ်ယောက် အဝသွားစားကြမယ်လေ၊ နော်... နော်လို့။"
"......" ပခုံးနာလို့ ထအော်ချင်စိတ်ပေါက်နေတဲ့ ဒီပကတော့ သူ့အစ်မကြီးကို ဘာပြောရမှန်းမသိတော့ဘူး။
....
"အူးဟူး... ဒီနေရာမှာ မုန့်တွေအများကြီးပဲဟ။"
ရှန်းယန်ခရိုင်၊ အစားအသောက်စျေးတန်းလမ်းရှိ ဆုဗာနာရိုးရာမုန့်အရောင်းဆိုင်တစ်ဆိုင်မှာ ဒီပနဲ့မက်ဒါနာတို့ရောက်နေကြတယ်။
စုံလင်လွန်းတဲ့ ဆုဗာနာမုန့်တွေကို မြင်လိုက်ရပြီးတဲ့နောက် မက်ဒါနာအရူးအမူးကို ဖြစ်သွားတော့တာပဲ။ ကောင်စုတ်လေးဒီပဘာမှ ရှင်းမပြရသေးခင်မှာပဲ စားကောင်းမယ်ထင်သမျှ မုန့်တွေအကုန်ယူပြီး မြည်းကြည့်နေတော့တာပဲ။
ဝတုတ်တုတ်ဆိုင်ရှင်အဒေါ်ကြီးကတော့ မက်ဒါနာစားပုံသောက်ပုံကိုကြည့်ပြီး တပြုံးပြုံးနဲ့ပါ။ "အောင်မလေး၊ အောင်မလေး။ တို့ရှန်းယန်ခရိုင်ကို အခုလိုမျိုး အစားသရမ်းတဲ့ကောင်မလေးမျိုး ရောက်မလာတာ ဘယ်လောက်ကြာပြီလဲ။"
ကောင်လေးဒီပကတော့ အကြော်မျိုးစုံ မုန့်မျိုးစုံကို ပါးစပ်ထဲ ထိုးထည့်နေတဲ့ မက်ဒါနာကိုကြည့်ပြီး မျက်လုံးကိုသာ လှန်လိုက်မိတော့တယ်။
တစ်နာရီလောက်ကြာတော့ ဆိုင်ရှေ့မှာခင်းထားတဲ့ မုန့်ဗန်းကြီးထဲက မုန့်တွေတစ်ဝက်လောက်လျော့သွားပြီ။ ဝှီးချဲပေါ်ထိုင်ပြီး အကြာကြီးစားသောက်နေခဲ့တဲ့ မက်ဒါနာလည်း ဗိုက်ကားနေပြီ။
"အား... ခုမှပဲ တင်းတိမ်သွားတော့တယ်။ နောက်တစ်နေ့ ပြန်လာဦးမယ်။ ဒီပ ငါ့ကိုလိုက်ပို့ဖို့မမေ့နဲ့ဦး။"
ဒါပေမဲ့ ဒီပကတော့ ဆိုင်ရှင်အဒေါ်ကြီးကို ဆုဗာနာငွေငါးထောင်နီးပါး ရှင်းပေးပြီးတဲ့နောက် ဆူပုတ်နေတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။
"အစ်မကြီးကို ပြောရဦးမယ်၊ ဆုဗာနာရိုးရာမုန့်တွေက တအားကယ်လိုရီများတာ။ အခုလိုဆက်တိုက်စားနေမယ်ဆိုရင် လအနည်းငယ်အတွင်း အစ်မကြီးလဲ အဲဒီဆိုင်က အဒေါ်ကြီးလို ဝတုတ်တုတ်ဖြစ်လာလိမ့်မယ်။"
ဝလာမယ်ဆိုတဲ့စကားကြောင့် မက်ဒါနာတစ်ယောက်ကောင်စုတ်လေးဒီပမျက်နှာကို မယုံသင်္ကါနဲ့ကြည့်လိုက်တယ်။ 'နောက်များနောက်နေတာလား ဆိုတဲ့သဘောပါ။'
"အစ်မကြီးကို အတည်ပြောနေတာနော်၊ ဒီကမုန့်တွေအကုန်လုံးက အစာကြေဖို့ခက်တဲ့ ကောက်ညှင်းဆန်နဲ့လုပ်တာများတယ်။ ပြီးတော့ မုန့်လင်မယားလိုမုန့်မျိုးက ဆီတအားစုပ်ပြီး များများစားရင် ကျန်းမာရေးနဲ့မညီညွတ်ဘူး။"
"တ... တကယ်ကြီးလား။" မက်ဒါနာတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဝတုတ်မလေးဖြစ်သွားမယ့်အကြောင်းတွေးမိတော့ ပြည့်အင့်နေတဲ့ဗိုက်က တရစ်ရစ်နဲ့နာလာသလိုမျိုး ခံစားရတော့တယ်။
အခုလောလောဆယ် သူက လမ်းမလျှောက်နိုင်တဲ့အတွက် လေ့ကျင့်ခန်းမလုပ်နိုင်သေးဘူး။ ဒီတော့ စားသမျှ အကုန်ဗိုက်ထဲမှာပဲ လာစုနေတော့မှာ။ တစ်နည်းအားဖြင့် တအားစားမိရင် အိုးပုတ်မင်းသမီးလေးအဖြစ် အချိန်အနည်းငယ်အတွင်း ပြောင်းသွားမှာပဲ။
ဒါဆိုရင် သူဟီးရိုးပြန်လုပ်တဲ့အခါ ဘယ်လိုလုပ်မလဲ။ SilverKinght ဝတ်စုံက သူနဲ့တော်ရောတော်ပါဦးမလား။ လေ့ကျင့်ခန်း ဘယ်လောက်လုပ်လုပ် ဝိတ်ပြန်မကျတော့ရင်ရော ဘယ်လိုလုပ်မလဲ။
တဖြည်းဖြည်းအစိုးရိမ်လွန်လာပြီး မက်ဒါနာတစ်ယောက် သူ့စိတ်ကူးထဲမှာ ဆိုဖီယာနဲ့ဖလေရာတို့ သူ့ဗိုက်ကထွက်နေတဲ့ ဗိုက်ခေါက်တွေကို ကိုင်ကြည့်ပြီး သူ့ကို ဟားတိုက်ရယ်နေတယ်လို့ ပုံဖော်မိသွားတယ်။
"အား... အဲဒီလိုဖြစ်သွားလို့မရဘူးလေ၊ အိပ်မက်ဆိုးကြီးပဲ။ ငါတစ်ခုခုလုပ်မှဖြစ်တော့မယ်။"
နောက်ဆုံးတော့ အကြောက်လွန်သွားတဲ့ မက်ဒါနာတစ်ယောက် ဝှီးချဲလေးမောင်းကာ လမ်းတစ်ဖက်ကိုပြေးသွားပြီး စည်ပင်ရေမြောင်းရှေ့ထိုးရပ်ပြီး စားထားသမျှ ပြန်အန်ထုတ်ဖို့ကြိုးစားတော့တယ်။
"ဝေါ့... အဟွက်.... အဟက်အဟက်..."
"အစ်မကြီး၊ တစ်ခါလောက် အဝစားမိရုံနဲ့တော့ အဝလွန်စရာအကြောင်းမရှိတာမလို့ အဲဒီလောက်ကြီးလုပ်စရာမလိုဘူးလေ။" ဒီပက လက်မြှောက်ပြရင်း လှမ်းအော်ပြောပေမဲ့ မက်ဒါနာကတော့ နားမဝင်တော့ဘူး။ ကြည့်ရတာ မက်ဒါနာကို ဒီပက နည်းနည်းလေးစလိုက်ရုံဆိုပေမဲ့ မက်ဒါနာကတော့ တကယ်ကြီးအိပ်မက်ဆိုးတွေမက်ကုန်ပုံပဲ။
"ဝေါ့... တအားဝလာပြီး ကောင်မလေးတွေ ငါ့ကိုမကြိုက်တော့ရယ် ဘယ်လိုလုပ်မလဲ။ ကောင်စုတ်လေးဒီပ၊ နင်ငါ့ကို နည်းနည်းပါးပါး ကြိုပြောပါလားဟဲ့။"
"အစ်မကြီးပဲ ဇွတ်အတင်းလိုက်ပို့ဆိုပြီးတော့..." မက်ဒါနာရဲ့စကားကို ဒီပငြင်းလိုက်ပေမဲ့ ကျက်သီးဖြန်းလာသလို ခံစားမိတာကြောင့် ဒီပနောက်လှည့်ကြည့်တော့ ဆိုင်ရှင်အန်တီဝဝကြီးက သူ့ကိုသတ်တော့ဖြတ်တော့မယ့်မျက်နှာနဲ့ ကြည့်နေပြီ။
"နင်တို့တွေက ငါရောင်းတဲ့စားစရာတွေကို ပိုက်ဆံပေးစားကြတာဆိုပေမဲ့ ငါ့မုန့်တွေကိုစားပြီး ငါ့ဆိုင်ရှေ့မှာ အန်ပြတာတော့ ငါ့ကိုစော်ကားရာရောက်တယ်ဟဲ့။ ဘာအဝလွန်မယ်လေးဘာလေးနဲ့။ ငါ့ကိုကြည့်၊ ဒီမုန့်တွေ တစ်သက်လုံးစားတာလာတောင် အခုလိုစလင်းဘော်ဒီလေးနဲ့ လှနေတာဟဲ့။ ဘာဆိုးကျိုးမှမရှိဘူး။ နင်တို့အခုချက်ချင်း ငါ့ဆိုင်ရှေ့ကနေ ထွက်သွားရင်သွား... မဟုတ်ရင်တော့။"
အဒေါ်ကြီးက သူရွှေကျီလှီးတဲ့ဓားကြီးနဲ့ ဒီပကိုရွယ်ထားလိုက်တယ်။ ဒီပလည်း တံထွေးကို မျိုချရင်းမက်ဒါနာရဲ့ဝှီးချဲလေးကိုတွန်းပြီး ဆိုင်ရှေ့ကနေ ခပ်သုတ်သုတ် လစ်သွားလိုက်တယ်။
...
ရှန်းယန်ခရိုင်၊ ကုန်သွယ်ရေးလမ်းမ တစ်နေရာတွင်။
အနက်ရောင်ဝတ်ရုံခြုံထားတဲ့ လူတစ်ယောက်က တခြားသူတွေ သူ့ကိုသတိမထားမိအောင် ဂရုတစိုက်သွားလာရင်း ဆုဗာနာနံပါတ်တစ် အိမ်ခြံမြေလုပ်ငန်းလို့ ဆိုင်းဘုတ်ချိတ်ထားတဲ့ ဆိုင်ခန်းငယ်လေးထဲ ဝင်လိုက်တယ်။
ဦးလေးဗထူးကတော့ ရေဒီယိုနားထောင်နေရင်း ဝတ်ရုံနက်ကို တစ်ချက်မော့ကြည့်လိုက်ပါတယ်။ "ဆုဗာနာ နံပါတ်တစ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကနေ ကြိုဆိုပါတယ်။ ဘာများကူညီပေးရမလဲ၊ လူနေအိမ်လား ဆိုင်ခန်းလား။"
ဝတ်ရုံနက်က အချိန်အတော်ကြာတဲ့အထိ ဘာမှပြန်မဖြေဘူး။ အဲဒီအစား ရှေ့ကိုနည်းနည်းတိုးလာပြီး မူလအသံကို ခန့်မှန်းရခက်တဲ့ အသံဩဩနဲ့ပြောလိုက်တယ်။
"ဆိုင်ရှင်၊ ဆုဗာနာနိုင်ငံ စက်ရုံအလုပ်ရုံပြမြေပုံဝယ်လို့ရမလား။" ဦးလေးဗထူးက ခေါင်းညိတ်လိုက်ပြီး မြေပုံတစ်ခု ထုတ်ပေးလိုက်တယ်။
"ဒီမြေပုံက လက်ရှိဆုဗာနာမှာရှိတဲ့ စက်ရုံတွေကိုပြထားတဲ့မြေပုံပဲ။ တချို့စက်ရုံတွေက ရောင်းဖို့ဖြစ်ပြီးတချို့ကတော့ ငှားဖို့။ စက်ရုံဆောက်ခွင့်ပါမစ်ကျထားတဲ့ မြေကွက်တွေကိုလည်း မှတ်တမ်းတင်ထားတယ်။ တစ်စောင်ကို ဆုဗာနာကျပ်ငါးရာပဲကျမယ်။"
ဝတ်ရုံနက်က မြေပုံကို တစ်ခဏတာ ဂရုစိုက်ကြည့်တယ်။ ဒီမြေပုံက ဆုဗာနာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမယ့် လူတွေအတွက်တော့ တကယ်အသုံးဝင်မယ့်ပုံပါပဲ။ ဒါပေမဲ့ သူလိုချင်တာတော့မပါသေးဘူးလေ။
"ဆုဗာနာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေကရော။" ဝတ်ရုံနက်က မေးလိုက်တော့ ဦးလေးဗထူးက ခေါင်းခါပြလိုက်ရင်း သော့ခတ်ထားတဲ့ အံ့ဆွဲတစ်ခုကို ဖြည်းဖြည်းချင်း သော့ဖွင့်လိုက်တယ်။
"မိတ်ဆွေ နေရာမှားလာပြီနဲ့တူတယ်၊ လက်နက်ထုတ်စက်ရုံတွေအားလုံးက ဆုဗာနာကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိပြီး သိပ်ကိုလျှို့ဝှက်တယ်၊ တည်နေရာကိုမထုတ်ဖော်ဖို့လည်း ဥပဒေနဲ့တားမြစ်လျှို့ဝှက်ထားတယ်။"
"ဒါပေမဲ့ အဲဒီစကားက ခင်ဗျားမသိဘူးလို့ အဓိပ္ပါယ်မှ မသက်ရောက်တာပဲ။ မစ္စတာဗထူး၊ ခင်ဗျားက နယ်စားကြီးအင်မတန်အားကိုးရတဲ့ အမှုထမ်းဟောင်းတစ်ယောက်မဟုတ်လား။ အိမ်ခြံမြေလုပ်ငန်းလည်းလုပ်နေတာဆိုတော့ ခင်ဗျားတစ်ခုခုတော့ သိရမှာပေါ့။"
ဝတ်ရုံနက် စကားဆုံးတဲ့အချိန်မှာပဲ ဗထူးက အံ့ဆွဲထဲမှာ ဝှက်ထည့်ထားတဲ့ ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်လိုက်ပြီး ဝတ်ရုံနက်ကို ချက်ချင်းပစ်ခတ်လိုက်တယ်။
ဒိုင်း၊ ဒိုင်း...၊ ဒိုင်း။
သေနတ်ကို သုံးချက်ဆင့်ပစ်လိုက်ပေမဲ့ ဝတ်ရုံနက်က ဖြတ်လတ်စွာလှုပ်ရှားပြီး သေနတ်ကျည်သူ့ကိုမမှန်အောင် ရှောင်လိုက်နိုင်တယ်။ အဲဒီနောက်တော့ သူ့လက်တစ်ဖက်က လှုပ်ရှားသွားပြီး ဓားမြှောင်တစ်လက်က ဗထူးရဲ့လည်မျိုကို ထိုးဖောက်သွားတော့တယ်။
...
ဒိုင်း... ဒိုင်း... ဒိုင်း....။
ရှန်းယန်ခရိုင်၊ ကုန်သွယ်ရေးလမ်းမပေါ်က သေနတ်သံကြောင့် ဘေးချင်းကပ်နေတဲ့ အစားအသောက်တန်းက လူတွေပါ အကုန်လုံးထိတ်လန့်ကုန်ကြပါတယ်။
"အစ်မကြီး၊ ဒီမှာနေခဲ့။"
မက်ဒါနာနဲ့ဒီပက ပထမဆုံး စတင်လှုပ်ရှားတဲ့သူတွေဖြစ်ပြီး ဒီပက သူ့ခါးကြားမှာထိုးထားတဲ့ ပစ္စတိုသေနတ်နဲ့ ပုလွေကိုဆွဲထုတ်ကာ သေနတ်သံကြားရာကို ပြေးသွားတယ်။
ဒါပေမဲ့ မက်ဒါနာကတော့ နေ့ခဲ့ဖို့ အစီအစဥ်မရှိပါဘူး။ အဲဒီအစား ဖရာလီတာ သူ့အတွက်လုပ်ပေးထားတဲ့ သတ္တုလက်အိတ်ကိုဝတ်လိုက်ပြီး ဉာဏ်ရည်တုစနစ်ပါတဲ့ မျက်မှန်ကိုတပ်လိုက်တယ်။ အနည်းဆုံးတော့ အန္တရာယ်ကြားထဲ မဝင်မိအောင် မက်ဒါနာ ကိုင်တွယ်နိုင်တယ်။ ပြီးတော့ သူ့ဝှီးချဲပေါ်မှာ Silverknight ဝတ်စုံလည်းပါပါတယ်။
သေနတ်သံကြားတဲ့ ဆုဗာနာနံပါတ်တစ် အိမ်ခြံမြေလုပ်ငန်းဆီရောက်တော့ ဒီပက အရင်ဝင်သွားပြီး စစ်ဆေးကြည့်တယ်။ အားလုံးပုံမှန်ပဲ။
ထူးဆန်းတာဆိုလို့ ဆိုင်ရှင်ဦးလေးကြီးဗထူးက သူ့ခြောက်လုံးပြူးထဲက ကျည်တွေကိုထုတ်ပြီး သန့်ရှင်းရေးလုပ်နေတာပဲရှိတာ။
"ဦးလေးဗထူး၊ ခုနက သေနတ်သံကြားလိုက်လို့ ဘာဖြစ်တာလဲ။" ဒီပက သေနတ်ကို နှိမ့်လိုက်ပြီး ဆိုင်ရှင်နား ကပ်သွားတယ်။ မက်ဒါနာလည်း နောက်ကလိုက်ဝင်လာပါတယ်။
"ဘာမှမဟုတ်ပါဘူး။ သေနတ်မောင်းညပ်သွားပြီး ကျည်တွေထွက်ကုန်တာပါ။ အစိုးရိမ်လွန်ပြီး သေနတ်ကို မောင်းအမြဲတင်ထားတော့ ကြာပြီးကပ်ကုန်တယ် ထင်ပါတယ်ကွာ။"
ဘာမှမဟုတ်ဘူးဆိုတာ သိတော့မှပဲ ဒီပလည်းသက်ပြင်းချပြီး ပြောလိုက်တယ်။ "ဘာမှမဟုတ်ဘူးဆိုတော့လည်း တော်သေးတာပေါ့။ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်။"
ဒီပက စိတ်သက်သာရာရသွားပြီး မက်ဒါနာရဲ့ဝှီးချဲကို တွန်းကာ ဆိုင်ထဲကနေ လှည့်ထွက်သွားတယ်။ မသွားခင် ဆိုင်ရှင်ဦးလေးကြီးဗထူးကို နှုတ်ဆက်ခဲ့သေးတယ်။
ဒါပေမဲ့ ဆိုင်တံစက်မြိတ်က ထွက်ခါနီးတော့ မက်ဒါနာက မူမမှန်တာတစ်ခုခုကို သတိထားမိသွားပြီး ဒီပကို သတိပေးလိုက်တယ်။
"ဒီပ၊ မြေပြင်မှာ သွေးတွေရှိနေတယ်။ အခြေအနေက ပုံမှန်မဟုတ်ဘူး။" ဒီစကားကြောင့် ဒီပချက်ချင်း သေနတ်ကိုပြန်ကိုင်လိုက်ပြီး နောက်ကိုလှည့်ချိန်တယ်။ ဒါပေမဲ့ အဲဒီနေရာမှာ လူတစ်ယောက်မှမရှိတော့ဘဲ ပြတင်းပေါက်မှန်ကွဲသွားတဲ့အသံကိုသာ ကြားလိုက်ရတယ်။
ဒီပက ကွဲသွားတဲ့ပြတင်းပေါက်ကနေတစ်ဆင့် ခုန်ချပြီး သံသယဖြစ်စရာလူနောက်ကို လိုက်ချင်ပေမဲ့ မက်ဒါနာရှိနေတာကြောင့် လက်လျှော့လိုက်တယ်။ သူသွားရင် မက်ဒါနာအကာအကွယ်မဲ့သွားလိမ့်မယ်။
မက်ဒါနာက ဦးလေးဗထူးထိုင်နေကျ စားပွဲခုံနားရောက်လာပြီး စားပွဲခုံကို သတ္တုလက်အိတ်စွတ်ထားတဲ့လက်နဲ့ လှန်လိုက်တော့ ခုံအောက်ကနေ လက်တစ်ဖက် ထွက်လာတယ်။ ဒီပက ခုံကိုလုံးဝဖယ်ပစ်တော့ လည်ပင်းကနေ သွေးတွေပန်းထွက်နေပြီး မျက်လုံးပြူးပြူးနဲ့ ဆန့်ဆန့်ကြီးသေနေတဲ့ ဦးလေးဗထူးအစစ်ကို သူတို့မြင်လိုက်ရလေရဲ့။
"ဒီမှာဘာတွေဖြစ်သွားတာလဲ...."