အကျိုးဆက်များ
Vol. 5 Ch. 20
ရှန်းယန်ခရိုင် မြို့လယ်ခေါင်မှာဖြစ်သွားတဲ့ လူသတ်မှုကြောင့် ဆုဗာနာတစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်လို့ပြောရင် မမှားဘူး။ အခုမီဒီယာတွေအကုန်လုံးက အဲဒီကိစ္စကိုပဲ တင်နေကြတာ။
အခင်းဖြစ်ပွားပြီး သိပ်မကြာခင်မှာပဲ ရှန်းယန်ခရိုင်က အခင်းဖြစ်ပွားရာကို မြို့စောင့်တပ်ဖွဲ့ရောက်လာပြီး ရာဇဝတ်မှုခင်းရေးရာကို လွဲပေးလိုက်ပါတယ်။ မက်ဒါနာနဲ့ဒီပတို့ကတော့ အချိန်တစ်ခုကြာတဲ့အထိ ရဲတပ်ဖွဲ့ကို ထွက်ဆိုချက်ပေးခဲ့ရပါတယ်။ သူတို့တွေက အခင်းဖြစ်ပွားရာမှာရှိနေခဲ့တဲ့ မျက်မြင်သက်သေတွေပါ။
"သေဆုံးသူနဲ့ လုံးဝချွတ်စွတ်တူတဲ့ လူတစ်ယောက်၊ တရားခံကရုပ်ဖျက်ထားတယ်လို့ ပြောချင်တာလား။"
အမှုစစ်အရာရှိက မှတ်တမ်းသေချာယူပြီးမှ ဆုဗာနာနန်းမွေခံမင်းသားနဲ့မင်းသမီးကို ပြန်လွှတ်တယ်။ သူတို့ရှန်းယန်ခရိုင် မြို့လုံခြုံရေးစခန်းအပြင်ကိုရောက်တော့ ဗီအိုင်ပီကားတန်းနဲ့နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ဝင်ဆယ်ယောက်က သူတို့ကိုစောင့်နေတာ တွေ့လိုက်ရတယ်။
"ဒီပရေ၊ ဒါက ဘယ်လိုဖြစ်တာလဲ။" မက်ဒါနာက ဒီပရဲ့အင်္ကျီလက်အနားကို သာသာလေးဆောင့်ဆွဲပြီး မေးလိုက်တယ်။ ဒီပက သူ့အစ်မကြီးအမေးကြောင့် သိပ်ပြီး အခက်တွေ့ပုံမရဘူး။
"ကြည့်ရတာ ရှန်းယန်ခရိုင်လူသတ်မှုကို နယ်စားဖိုးဖိုးသိသွားပြီး ကျွန်တော်တို့ကို စိုးရိမ်နေတာဖြစ်လိမ့်မယ်။"
အခုနယ်စားကြီးက နယ်စပ်တံတိုင်းပေါ်မှာပါ။ ပုံမှန်ဆိုရင် ကိုယ်ရံတော်တပ်ဖွဲ့ဝင်အများစုက နယ်စပ်တံတိုင်းပေါ်မှာ နယ်စားကြီးနဲ့အတူရှိနေရမှာဖြစ်ပြီး တချို့တစ်ဝက်ကတော့ နန်းတော်ကိုစောင့်ရမှာပါ။ ဖြစ်နိုင်တာက နန်းတော်စောင့်နေတဲ့အထဲက တချို့ကို သူတို့ဆီပို့လိုက်ပုံပဲ။
"ထားပါ၊ ကျွန်တော်တို့ အရင်နယ်စားနန်းတော်ကို ပြန်ရအောင်။" ဒီပက သူ့အစ်မကြီးရဲ့ဝှီးချဲကိုတွန်းပြီးအထူးကားနားခေါ်သွားတယ်။ ကိုယ်ရံတော်တစ်ယောက်ကကားတံခါးဖွင့်ပေးလိုက်ပြီး ဒီပကတော့ မက်ဒါနာကို ကားပေါ်တက်နိုင်အောင် ကူညီပေးတယ်။ ဝှီးချဲကိုတော့ ကိုယ်ရံတော်က ခေါက်လိုက်ပြီး ကားနောက်မှာချိတ်တယ်။ တံခါးပိတ်လိုက်ပြီးနောက် ဗီအိုင်ပီကားတန်း စထွက်တယ်။
ကားထဲရောက်ပေမဲ့ မက်ဒါနာကတော့ လူသတ်မှုအကြောင်း စဥ်းစားလို့မကုန်နိုင်သေးဘူး။ "အဲဒီလူရဲ့လှုပ်ရှားမှုနဲ့တုံ့ပြန်ပုံက ကျွမ်းကျင်သူတစ်ယောက်ရဲ့ပုံစံမျိုးပဲ။ ဒါကြောင့် နစ်နာသူက ရည်ရွယ်ချက်ရှိရှိ အသတ်ခံရတာပဲ။"
ဒီပလည်း မက်ဒါနာဘေးမှာဝင်ထိုင်ရင်း ခေါင်းညိတ်လိုက်တယ်။ "ဦးလေးဗထူးက ရန်ငြိုးရန်စရှိတဲ့လူမဟုတ်ဘူး၊ ဒါကြောင့် သာမန်အကြောင်းအရင်းမျိုးနဲ့တော့ လုပ်ကြံခံရမှာမဟုတ်ဘူး။"
"ပိုအရေးကြီးတဲ့ကိစ္စလား၊ အား..." မက်ဒါနာစဥ်းစားကြည့်ပေမဲ့ ချက်ချင်းကြီးတော့ အဖြေထွက်မလာပါဘူး။ မက်ဒါနာက ဉာဏ်ကောင်းတယ်ဆိုပေမဲ့ မှုခင်းရဲတွေရောက်လာတာကြောင့် အခင်းဖြစ်ပွားခဲ့တဲ့နေရာကို ကိုယ်တိုင်မထောက်လှမ်းဖြစ်ခဲ့ပါဘူး။ အခုအချိန်မှာတော့ ဒါက နစ်နာမှုတစ်ခုလို့ဆိုနိုင်တယ်။
မက်ဒါနာအခုလုပ်နိုင်တာဆိုလို့ သူတို့ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေအပေါ်အခြေခံပြီး ကောက်ချက်ဆွဲဖို့တစ်ခုပဲ တတ်တာပါ။
"ဒါပေမဲ့ ဘာအတွက်လဲ၊ ငါကိုယ်တိုင် စုံစမ်းကြည့်လို့ရရင်ကောင်းမှာ။" ဒီစကားကို မက်ဒါနာပြောလိုက်တော့ ရှေ့ခုံမှာထိုင်နေတဲ့ ကားဒရိုက်ဘာက ပြောလိုက်တယ်။
"အဲဒါတော့မဖြစ်ဘူး မင်းသမီးလေး၊ နယ်စားကြီးက မင်းသမီးလေးကို အခြေအနေတွေ မငြိမ်သက်မချင်း နယ်စားနန်းတော်မှာနေဖို့ စေခိုင်းထားတယ်။"
"ဒါပေမဲ့ ဘာဖြစ်လို့လဲ၊ ငါက အားနည်းတဲ့ မင်းသမီးလေးမှမဟုတ်တာ။ ငါ့ကိုယ်ငါ ကာကွယ်နိုင်တယ်၊ ပြီးတော့ ငါ့မှာစေဘာစတိန်းလည်းရှိသေးတယ်။"
မက်ဒါနာရဲ့စိတ်ကူးထဲမှာတော့ လက်ရှိဆုဗာနာမှာ စေဘာစတိန်းကိုယှဥ်နိုင်တဲ့သူ မရှိသေးဘူး။ ဒါ့အပြင် SilverKnight ချပ်ဝတ်လည်း သူ့မှာရှိနေသေးတယ်။ ရန်သူက A rank တစ်ယောက်ဖြစ်မယ်ဆိုရင်တောင် သူ့မှာပူစရာ ဘာမှမရှိပါဘူး။
"တောင်းပန်ပါတယ်မင်းသမီးလေး၊ နယ်စားကြီး အမိန့်မလို့ပါ။" မက်ဒါနာက အဲဒီစကားကြောင့် သူ့ရဲ့မလှုပ်ရှားနိုင်တဲ့ ခြေထောက်တွေကို ငုံကြည့်လိုက်မိတယ်။ အဲဒီနောက် နာကျည်းစွာနဲ့ ပြောလိုက်မိတယ်။
"နယ်စားဖိုးဖိုးက ကျွန်မလမ်းမလျှောက်နိုင်လို့ စိတ်ပူနေတာလား။"
"ဟုတ်ကဲ့၊ မင်းသမီးလေးကို ကာကွယ်ပေးမယ့်အရာတွေရှိပေမဲ့ မင်းသမီးလေးကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်စွမ်းရှိမနေတော့ မင်းသမီးလေးမှာရှိတဲ့ ပစ္စည်းတွေထက် ပိုအင်အားကြီးတဲ့တစ်ခုခုနဲ့ရင်ဆိုင်မိမှာကို နယ်စားကြီးက စိုးရိမ်နေတာပါ။"
ခံပြင်းနေပေမဲ့လည်း မက်ဒါနာစိတ်လျှော့လိုက်ရတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ ဒီကိစ္စကို အခဲမကျဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ဒီပက ဖုန်းဖွင့်လိုက်ပြီး မက်ဒါနာကို ပြောလိုက်တယ်။
"ရှန်းယန်အမှုစစ်ဌာနကို ကျွန်တော့်နာမည်နဲ့ သူတို့ရှာတွေ့သမျှ သဲလွန်စတွေပို့ပေးဖို့ တောင်းဆိုပေးမယ်။ ဟီးရိုးအစည်းအရုံးက မူခင်းကိစ္စတွေမှာလည်း ပါဝင်စစ်ဆေးနိုင်တယ်လေ။ အထူးသဖြင့် မြူတန့်တွေပါဝင်နေရင်ပေါ့။"
အဲဒီစကားကြောင့် မက်ဒါနာ သက်ပြင်းချလိုက်မိတယ်။ "ဟုတ်သားပဲ..." နိုင်ငံအများစုမှာ ဟီးရိုးတွေက ရဲတွေနဲ့အတူတူပဲ တရားစီရင်ရေးအရာရှိတွေအဖြစ် သတ်မှတ်ခံထားရတယ်။ ဆုဗာနာမှာလည်း အလားတူပဲဖြစ်တာကြောင့် ဆုဗာနာအစည်းအရုံးခေါင်းဆောင်ဖြစ်ခါစ ဒီပမှာအဲဒီလိုလုပ်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။
"ဒါဆိုရင်တော့ သူတို့ရလာမယ့် သဲလွန်စတွေအပေါ်မူတည်ပြီး ကောက်ချက်ဆွဲကြည့်ကြတာပေါ့။"
ကိုယ်တိုင်သွားမကြည့်ရလို့ စိတ်ဓာတ်ကျနေပေမဲ့ မက်ဒါနာက ရသလောက်နဲ့ပဲ ကျေနပ်လိုက်ပါတယ်။ နန်းတော်ပြန်ရောက်တော့ မေမေသီတာက အမြန်ပြေးလာတယ်။
"သမီးလေး၊ လူသတ်သမားနဲ့ ကြုံခဲ့ရသေးတယ်ဆို။ ဘာဖြစ်သွားသေးလဲ။" မက်ဒါနာကတော့ မေမေသီတာ စိုးရိမ်နေတာကိုမြင်ပြီး ပြုံးလိုက်မိလေရဲ့။
"ဘာမှမဖြစ်ပါဘူး၊ သမီးက ဟီးရိုးပဲဥစ္စာ။ အရင််လိုသာဆိုရင် အဲဒီလူသတ်သမားကို ရိုက်နှက်ဆုံးမပြီးနေလောက်ပြီ။"
ဟုတ်တယ်၊ သူ့ခြေထောက်တွေ မလှုပ်ရှားနိုင်တော့ကတည်းက မက်ဒါနာမှာ ကင်းမဲ့သွားတာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်စွမ်းပါ။
'နောက်ဆုံးတော့ ငါကိုယ်တိုင်တောင် မသိလိုက်ရတဲ့ အချိန်တိုအတွင်းမှာ၊ ငါဟာ တခြားသူတွေအပေါ် အများကြီး ပိုမှီခိုလာနေရပါလား။' အပြင်ပန်းမှာတော့ ပြုံးနေခဲ့ပေမဲ့ မက်ဒါနာက စိတ်ထဲမှာ တစ်မျိုးကြီးခံစားနေရတယ်။
အခန်းထဲပြန်ရောက်တော့ တစ်ပိုင်းတစ်စတပ်ဆင်ပြီးနေပြီဖြစ်တဲ့ အေမီရဲ့ဇက်သတ္တုအရိုးသစ်တွေကို ကြည့်ပြီးခေါင်းညိတ်လိုက်မိတယ်။ ဒီရက်ပိုင်းမှာတင် သူအလုပ်တော်တော်ပြီးနေပြီ။ အစားထိုးရမယ့်အစိတ်အပိုင်းတွေ မရသေးဘူးဆိုပေမဲ့ ရနိုင်တဲ့အရာတွေနဲ့ လုပ်နိုင်တဲ့အပိုင်းတွေကို သူအရင်စလုပ်နေပြီ။အခုမြင်နေရတဲ့ သတ္ထုအရိုးတည်ဆောက်ပုံလိုပေါ့။
"ဟုတ်ပြီ၊ ငါအလုပ်ဆက်ရဦးမယ်။" အဲဒီနောက်တော့ မက်ဒါနာက သူအလုပ်လုပ်ဖို့လိုအပ်တဲ့ စက်တွေအားလုံးကို ဖွင့်လိုက်ပြီး စအလုပ်လုပ်ပါတယ်။ ဒီနေ့ကတော့ အေမီအတွက် လုံးဝကွဲပြားတဲ့ စွမ်းအင်ဗဟိုချက်အသစ်ကို ပြုလုပ်ပေးဖို့ သူဆုံးဖြတ်ထားပါတယ်။
"အခု BattleHeart 3 ကိုစပြီးစမ်းသပ်ကြည့်ဖို့ အချိန်ရောက်ပြီ။"
...
ဝတ်ရုံနက်က လမ်းကြိုလမ်းကြာတွေထဲဝင်ပြီး သွားလာနေတယ်။ အမှုလိုက်ရဲတွေနဲ့မြို့စောင့်တပ်က မသင်္ကါစရာလူတွေကို လိုက်ရှာနေပေမဲ့ သူ့ကိုအခုထိမတွေ့သေးဘူး။ သူ့လက်ထဲမှာလည်း ခြောက်လက်မလောက်ရှည်တဲ့ စာလိပ်ကလေးတစ်ခုပါလာတယ်။
တစ်နေရာရောက်တော့ လမ်းမပေါ်တက်ဖို့ သူဆုံးဖြတ်လိုက်ပုံရပြီး သူ့ခန္ဓာကိုယ်က ကျုံဝင်သွားပြီး ဝတ်ရုံနက်က မြေပေါ်ပုံကျသွားတယ်။
အဲဒီနောက် စေးပျစ်ပျစ်အရည်တွေက ပိန်သွယ်လှပတဲ့ ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝတ်ဗလာ သုံးဆယ်ကျော်အမျိုးသမီးတစ်ယောက်ရဲ့အသွင်က အိမ်နောက်ဖေးလမ်းကြားထဲမှာပေါ်လာတယ်။
အဲဒီနောက် အမျိုးသမီးရဲ့လက်တစ်ဖက်က ရှည်ထွက်သွားပြီး အိမ်တစ်အိမ်ရဲ့ဝရန်တာမှာလှန်းထားတဲ့ အမျိုးသမီးအဝတ်အစားတစ်စုံကို ဆွဲယူဝတ်ဆင်လိုက်တယ်။
အဲဒီနောက်တော့ အမျိုးသမီးယောင်ဆောင်ထားတဲ့ ရေနွေးငွေ့ခေါင်းက ရဲတွေရှေ့ကနေပဲ ဖြတ်လျှောက်သွားပြီး တက္ကဆီငှားလိုက်တယ်။
တက္ကဆီက အဲဒီအမျိုးသမီးကို ခေါ်ဆောင်သွားပြီးမြို့လယ်ခေါင်က အိမ်ကြီးအိမ်ကောင်းတစ်ခုရှေ့မှာ ချပေးပါတယ်။ နောက်တော့ အမျိုးသမီးက အိမ်သော့ကိုဖွင့်ကာ ဝင်သွားလိုက်ပြီး တံခါးကိုဆောင့်ပိတ်ပစ်လိုက်တယ်။
နောက်တော့ အမျိုးသမီးက ကောက်ကျစ်စွာရယ်မောလိုက်ပြီး အိမ်ဧည့်ခန်းဆီကို ဦးတည်သွားပါတယ်။
ထူးဆန်းတာတစ်ခုက အိမ်ထဲမှာ ဘာမီးမှဖွင့်မထားဘဲ ထူပိန်းပိန်းလိုက်ကာတွေနဲ့ ပြတင်းပေါက်တွေကို လုံးဝလုံအောင် ကာရံထားတယ်။ လူမရှိဘဲ အဲကွန်းကိုပါ မိုင်ကုန်ဖွင့်ထားသေးတယ်။
ဧည့်ခန်းထဲရောက်တော့ အမျိုးသမီးက စားပွဲပေါ်တင်ထားတဲ့ အဆင့်မြင့်လက်တော့ပ်ကို ဖွင့်လိုက်ပါတယ်။ အဲဒီနောက် ခလုတ်တစ်ခုကိုနှိပ်ပြီး ထူးဆန်းတဲ့ Appတစ်ခုကိုဖွင့်ကာ လျှို့ဝှက်ကုတ်တစ်ခုကိုနှိပ်လိုက်တယ်။
လက်တော့ပ်ရဲ့Web Camကနေ အစိမ်းရောင်အလင်းတစ်ခုထွက်လာပြီး အမျိုးသမီးရဲ့မျက်လုံးကို စစ်ဆေးတယ်။ နောက်တော့ တီခနဲအသံထွက်လာပြီး Zoom meetingနဲ့ဆင်တဲ့ ဗီဒီယိုကောလ်တစ်ခုကို Joinပြီးသားဖြစ်သွားတယ်။
Meetingခန်းထဲမှာ လူသုံးယောက်ရှိနေနှင့်ပြီးသားဖြစ်ပြီး ကားလ်၊ ရော့ဝဲလ်နဲ့ စီစီလီယာတို့ပါ။ သူတို့က ဒီအချိန်အစည်းအဝေးလုပ်ဖို့ ကြိုအချိန်းအချက်လုပ်ပြီးသားဖြစ်ပြီး မစ်ရှင်သွားနေတဲ့ ရေနွေးငွေ့ခေါင်း ပြန်ရောက်လာတာကို စောင့်နေတာပါ။
ကားလ်က ရေနွေးငွေ့ခေါင်းနောက်က မြင်ကွင်းကို သေချာပြူးပြဲကြည့်လိုက်ပြီး ရယ်မောလိုက်တယ်။
"ရေနွေးငွေ့ခေါင်း၊ မင်းမှာ အဲဒီဝါသနာဟောင်းကြီး ရှိနေသေးတာပဲ။ မစွန့်လွှတ်နိုင်သေးဘူးလား။"
ရေနွေးငွေ့ခေါင်းက နောက်လှည့်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။ "အေး၊ ငါက အရုပ်လှလှလေးတွေ လုပ်ရတာ ကြိုက်တယ်လေ။ အထူးသဖြင့် မိသားစုရုပ်တွေပေါ့။"
သူထိုင်နေတဲ့ ခုံကနေကြည့်ရင် နောက်ဖက်တစ်နေရာမှာ နံရံကိုကပ်ထိုင်နေတဲ့ မိသားစုတစ်စုရှိတယ်။ အဖေနဲ့အမေကြားထဲမှာ သမီးဖြစ်သူက ထိုင်နေပြီး သူတို့မျက်နှာတွေက ပြုံးနေတယ်။ ဒါပေမဲ့ သူတို့နှုတ်ခမ်းတွေမှာ အပ်ချုပ်ရာတွေရှိနေပြီး ပြုံးနေတဲ့ပုံစံဖြစ်အောင် တင်းတင်းဆွဲစေ့ခံရထားရသလိုပဲ။
သူတို့မျက်နှာတွေက သွေးခဲတဲ့လက္ခဏာအနေနဲ့ ပြာနှမ်းနေပြီဖြစ်ပြီးတော့ တစ်ကိုယ်လုံးတောင့်တင်းနေကြပါတယ်။ မျက်လုံးတွေကတော့ ဘာကိုမှမြင်နိုင်ဟန်မရှိဘဲ ငေးကြောင်လျက်။ သူတို့ရဲ့မျက်သူငယ်အိမ်တွေဟာလည်း ကျယ်ပြန့်လို့ပေါ့။
အဖေဖြစ်သူရဲ့လည်ပင်းမှာတော့ ပြတ်ရှဒဏ်ရာနက်နက်တစ်ခုရှိနေပြီး ချုပ်ရိုးကြီးကြီးနဲ့ပြန်စေ့ချုပ်ထားတယ်။ အမေဖြစ်သူရဲ့ဗိုက်ကတော့ ချုပ်ရိုးတွေပြေပြီးအူတွေထွက်ကျနေတယ်။
ကောင်မလေးရဲ့ဦးခေါင်းမှာတော့ တစ်ခုခုထိုးစိုက်ခံထားရတဲ့အရာကြီးရှိနေပြီး တော်ရုံမမြင်ရအောင်ဆံပင်နဲ့ဖုံးပေးထားဖို့လုပ်ပေမဲ့ ခေါင်းကဘေးကိုစောင်းကျလာတာကြောင့် အပေါက်ကိုမြင်နေရတယ်။
နောက်ပြီး လက်ရှိရေနွေးငွေ့ခေါင်းရဲ့မျက်နှာက သေနေတဲ့အမေရဲ့မျက်နှာနဲ့တူနေတာပါ။ ကားလ်ရဲ့စကားကို ရေနွေးငွေ့ခေါင်းက အကောင်းမြင်စိတ်နဲ့တုန့်ပြန်တယ်။
"ဒါက ဘာမှမဟုတ်ပါဘူး။ ငါက ပြီးပြည့်စုံတဲ့အရုပ်လေးတွေလုပ်ချင်ပေမဲ့ သူတို့က အတင်းရုန်းကြတာဆိုတော့ အခုလိုမလှမပ အပေါက်တွေအပြဲတွေနဲ့ဖြစ်ကုန်တော့တာပါပဲ။ နောက်ဆိုရင် အဆိပ်ခတ်ပြီးကုန်ကြမ်းယူရင်ကောင်းမလားလို့။"
ဒါပေမဲ့ ကျန်တဲ့အရာရှိလေးယောက်ကတော့ ဒီလူရဲ့အရုပ်လုပ်မယ့်အကြံတွေကို နားထောင်ချင်ပုံမပေါ်ပါဘူး။ အဲဒီအစား ကားလ်က စကားလမ်းကြောင်းကိုပြောင်းလိုက်ပြီး အလုပ်ကိစ္စစပြောတယ်။
"မင်းပျော်တာလည်း ပျော်တာပေါ့၊ ဒါနဲ့စက်ရုံဘယ်မှာရှိလဲ သိရပြီလား။" ဒီစကားကြားတော့ ရေနွေးငွေ့ခေါင်းက သူယူလာတဲ့စာလိပ်ကို ဖြန့်ထုတ်လိုက်ပါတယ်။
ဆုဗာနာရဲ့အလွန်တိကျတဲ့ လက်ရေးမူစာလိပ်ဖြစ်ပြီး လက်ရာမြောက်တဲ့ခဲပန်းချီနဲ့ဆွဲထားတာဖြစ်ပါတယ်။ ဆုဗာနာရဲ့အန္တရာယ်နယ်မြေတွေ၊ ရတနာသိုက်တွေအပါအဝင် တည်နေရာတွေအများကြီးကို မှတ်သားထားတယ်။ အဲဒီထဲက တစ်ခုကတော့ မကြာသေးခင်မှ ထပ်မံမှတ်သားထားပုံရတဲ့ စက်ရုံတစ်ခုပါ။ ဒါပေမဲ့ ရေနွေးငွေ့ခေါင်းအပါအဝင်ဒီအုပ်စုက အဲဒီအမှတ်အသားကို သတိမထားမိကြသေးဘူး။ အဲဒီအစား
"ဒီမြေပုံကိုဆွဲခဲ့တဲ့လူက တကယ့်ဂေါက်သီးပဲ။ နိုင်ငံရဲ့လျှို့ဝှက်ချက်တွေကို သူက လျှို့ဝှက်ပြီးရေးဆွဲနေခဲ့တာ။ ဝါသနာအရ မြေပုံလုပ်တဲ့သူဆိုပေမဲ့ ငါတို့အတွက်တော့ သိပ်အဖိုးတန်တဲ့ သတင်းအပိုင်းအစတစ်ခုကို ရဖို့အခွင့်အရေးဖြစ်လာတာပဲ။"
"ဒီတော့ တည်နေရာကို မင်းသိပြီပေါ့။"
"မသိဘူး၊ ငါက သိနိုင်မယ့်နည်းလမ်းကို ရလာရုံပဲ။"
ကားလ်ရဲ့မျှော်လင့်ချက်ကို ရေနွေးငွေ့ခေါင်းက ဖျက်ဆီးပစ်လိုက်တယ်။ ကားလ်မဲ့သွားတာတွေ့တော့ ရေနွေးငွေ့ခေါင်းက ရယ်မောလိုက်ပြီး...
"ဒီမြေပုံပေါ်မှာ ဆုဗာနာရဲ့စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံ ၂၃ ရုံကို မှတ်တမ်းတင်ထားတယ်။ ဒါပေမဲ့ ဘယ်စက်ရုံကဘာဆိုပြီး ရေးထားတာမျိုးမရှိဘူး။"
"ဒီတော့ မင်းအနေနဲ့ စက်ရုံတစ်ခုချင်းစီကို သွားစုံစမ်းရမယ်ပေါ့။" ကားလ်က ရေနွေးငွေ့ခေါင်းရဲ့စကားကို အဆုံးသတ်ပေးလိုက်တယ်။
"အေး၊ ဒါကလည်း အကြာကြီးမဟုတ်ပါဘူးကွ။ ငါ့အမြန်နှုန်းနဲ့ဆိုရင် တစ်နေ့တည်း စက်ရုံဆယ်ရုံလောက်ကို စစ်ဆေးနိုင်တယ်။ ဆုဗာနာက အကျယ်ကြီးမဟုတ်တော့ စက်ရုံတွေက လူခြေပြတ်တဲ့နေရာမှာတည်ကြတာဆိုပေမဲ့ နီးတော့နီးနေတုန်းပဲ။ အများဆုံးသုံးရက်လောက်ပေါ့။ ပြောရရင် ငါ့အရုပ်သစ်လေးတွေ ရုပ်ဆိုးမသွားခင် အမီပြီးလိမ့်မယ်။"
...
"အခုမြင်နေရတာကတော့ ရုရှားနိုင်ငံဆိုက်ဘေးရီးယားဒေသမှာရှိတဲ့ Tomsk မြို့ဖြစ်ပါတယ်။ လိပ်နက်ရဲ့တိုက်ခိုက်မှုကြောင့် တစ်မြို့လုံးရေခဲတွေဖုံးလွှမ်းသွားပြီး လူငါးသောင်းထက်မနည်း သေဆုံးခဲ့တယ်လို့ အနောက်ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသေဆုံးနှုန်းဟာ ထူးဆန်းတဲ့လိပ်နက်မြူတန့်သားရဲ စတင်ပေါ်ပေါက်လာပြီးကတည်းက အမြင့်ဆုံးလည်းဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ ကမ္ဘာ့မဟာမိတ်နှစ်ခုရဲ့စစ်ပွဲတွေအပြင် အခုလိုအန္တရာယ်များပြားတဲ့ မြူတန့်သတ္တဝါကြီးရဲ့ဒဏ်ကိုပါ ခံနေရတာဖြစ်ပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေအဆိုအရ ရုရှားနိုင်ငံမှာ ယခုလအတွင်း စစ်ဘေးရှောင်ရှစ်ထောင်ထက်တိုးလာပြီး စုစုပေါင်း စစ်ဘေးဒုက္ခသည်ဆယ့်ငါးသန်းရှိပြီဖြစ်ပါတယ်။"
ဆရာကြောင်က တီဗီရီမုကို လက်ထဲမှာကိုင်ထားရင်း နိုင်ငံတကာသတင်းအစီအစဥ်ကို တင်ဆက်နေတဲ့ တီဗီလိုင်းကိုကြည့်နေတယ်။ လိပ်နက်ကြီးရဲ့ပုံကိုပြတော့ သူမျက်မှောင်ကြုတ်လိုက်တယ်။
ခဏနေတော့ ကြောင်နက်မေမေရောက်လာပြီး ဆရာကြောင်ပခုံးကိုရိုက်လိုက်တယ်။
"ယောက်ျား၊ ရှင်ကလေ တစ်နေ့တစ်နေ့ ဒီနိုင်ငံတကာသတင်းပဲ ကြည့်နေတော့တာပဲ။ တခြားလုပ်စရာလေး ဘာလေးမရှိဘူးလား။"
လိပ်နက်ကတော့ ပခုံးတွန့်ပြရင်း... "ဘာမှမဟုတ်ပါဘူးမိန်းမရယ်။ ဒီလိပ်နက်အကြောင်းကို တစ်နေရာရာမှာ ကြားဖူးသလားလို့ပါ။ ဒါပေမဲ့ ဘယ်လိုမှစဥ်းစားမရဘူး။ အရင်တစ်ခါတည်းက ဒီကောင် ဘယ်ကကောင်လဲဆိုပြီး စဥ်းစားနေတာ။" ဆရာကြောင်စကားကိုကြားတော့ ညိုချောကြောင်မေမေက သက်ပြင်းချလိုက်ပြီး...
"ရှင်ကြီး ကျွန်မတို့အိမ်အဟောင်းမှာ မြင်ဖူးတယ်မဟုတ်ဘူးလား။ နံရံမှာဘိုးဘေးတွေထွင်းထားတဲ့ စာတွေမှာပါတယ်လေ။ အဲဒီလိပ်နာမည်က ပင်းဟူတဲ့။ သခင်နဲ့အတူပါလာတဲ့ သားရဲလေးကောင်ထဲက တစ်ကောင်ပဲ။" ဒီတော့မှာ ကြောင်ကြီးလည်း လေကိုရှိုက်သွင်းရင်း ပြောလိုက်တယ်။
"ဟုတ်သားပဲ၊ ဒီကောင်ကြီးကို ငါမှတ်မိပြီ။ အိပ်မက်ဆိုးသယ်ဆောင်သူ၊ ရေခဲခေတ်ရဲ့ပြယုဂ်သားရဲမဟုတ်လား။"
"အင်းလေ၊ လူတွေ လိပ်ကိုဒီအတိုင်းလွှတ်ထားရင် ကမ္ဘာကြီးကို ရေခဲတွေဖုံးသွားတဲ့အထိ သောင်းကျန်းနေမှာပဲ။"
"စိတ်မပူပါနဲ့ မိန်းမရဲ့၊ သူအဲဒီလိုမလုပ်နိုင်ခင် ယောက်ျားက သူ့ကိုလိပ်ဆူရှီလုပ်ပစ်မှာပေါ့။"
"ဒါဖြင့် ရှင်က ဘာလို့ဒီမှာထိုင်ပြီး ရှင့်သမီးဝင်ငွေနဲ့ အလကားစားသောက်နေတာလဲ။"
ဆရာကြောင်မှာ ဖြေစရာအဖြေမရှိဘူးနဲ့တူပါရဲ့။ သူ့မိန်းမကိုချွဲတဲ့အနေနဲ့ မျက်လုံးလေးပြူးပြီး သူ့မိန်းမမျက်နှာကို မော့ကြည့်လိုက်တယ်။ သူ့မျက်လုံးအိမ်ကလေးလည်း ကျယ်ပြန့်လာပြီး ဆရာကြောင်မျက်နှာက အခုအတော်ချစ်ဖို့ကောင်းနေတယ်။ "မိန်းမရယ်၊ ကိုယ့်ကို တကယ်ပဲရက်စက်တော့မှာလား။ လိပ်က အကြီးကြီးလေ၊ ကိုယ်က သေးသေးလေး။"
ဒါပေမဲ့ ညိုချောကြောင်မမကတော့ နည်းနည်းလေးမှ သနားပုံမရဘဲ လက်ဝါးနဲ့ကြောင်အိုကြီးကို တအားဖြတ်ရိုက်လိုက်တယ်။ အဲဒီအရှိန်နဲ့ကြောင်အိုကြီးတစ်ခါတည်း ခုန်ပေါ်ကနေ ပြုတ်ကျသွားရော။
"ဆရာ... ဒီနေ့လက်ရည်စမ်းရမယ့်နေ့လေ။"
ကြောင်အိုကြီး ခုံပေါ်ကို ရယ်စရာကောင်းတဲ့ပုံစံနဲ့ ပြန်တက်ထိုင်ခါနီး လူမည်းဝါကန်ဒါမင်းသားလေးက ဝယ်သူတွေကိုဧည့်ခံပြီး ပြန်ရောက်လာတယ်။ နေ့ခင်းဘက်ရောက်ပြီမလို့ ဆိုင်မှာလူပါးနေပြီ။ နဂိုဝန်ထမ်းအနည်းငယ်နဲ့တင် ကိုင်တွယ်လို့ရတာမလို့ သူတို့လေ့ကျင့်ချိန်ရောက်ပြီ။
"ငါ့တပည့်၊ မင်းက တကယ်ကြီး စာမေးပွဲထပ်ဖြေမလို့လား။"
"ကျွန်တော် ဒီရက်ပိုင်း တိုးတက်လာပြီလို့ ခံစားမိလို့ပါ။"
ဒီလိုနဲ့ ဆရာတပည့်နှစ်ယောက် မြို့ပြင်က မြစ်ကမ်းဘေးနား ရောက်လာကြတယ်။ သူတို့ရှိနေတဲ့နေရာက လူပြတ်တဲ့နေရာဖြစ်ပြီး မြစ်ရေပြင်က နေရောင်ကြောင့် ငွေတံလျှပ်တလဲ့လဲ့နဲ့ တောက်ပနေပါတယ်။
မြစ်က အကျယ်ကြီးမဟုတ်ဘဲ ချောင်းသာသာပါပဲ။ မြစ်ကမ်းတစ်ဖက်နဲ့တစ်ဖက် မြင်နေရပြီး မြစ်ကမ်းတစ်ဖက်တစ်ချက်စီမှာ ထူထပ်တဲ့မြက်ခြုံတွေ ပေါက်ရောက်နေပါတယ်။ သူတို့ရပ်နေတဲ့နေရာအနီးမှာတော့ မြစ်ကူးတံတားအသေးလေးတစ်ခုရှိနေပြီး မြစ်တစ်ဖက်ကမ်း ခပ်လှမ်းလှမ်းမှာတော့ ကားပြတ်တဲ့ တစ်လမ်းမောင်းကားလမ်းငယ်တစ်ခုနဲ့အပြိုင် မြို့ပတ်ရထားလမ်းတစ်ခုရှိတယ်။
ရထားလမ်းအချက်ပြမီးတိုင်က အသံကိုကြားရပြီးနောက် လေးခန်းတွဲရထားက ရထားလမ်းအတိုင်း ဖြတ်သန်းသွားတယ်။ ရထားသံ တဂျုံးဂျုံးကိုကြားနေရပြီး ညိမ့်ညောင်းတဲ့ရေစီးသံကလည်း ဂီတသံအလားပါ။
ဆရာတပည့်နှစ်ယောက်ကတော့ ကမ်းခြေမှာတစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်အကဲခတ်နေပြီး အတော်ကြာတဲ့နောက် ဖရက်က စလှုပ်ရှားလိုက်တော့တယ်။