မက်ဒါနာစုံထောက်လုပ်ပြီ
Vol. 5 Ch. 22
ဥစာကီကိုယ်တိုင်ပေါ်လာတော့မှပဲ မိုးကောင်းကင်ပေါ်က ဆရာတပည့်နှစ်ယောက်ရဲ့တိုက်ပွဲလည်း ပြီးသွားတော့တယ်။
ကြောင်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် သည်းခံနိုင်မှုဆိုတာ အတိုင်းအတာရှိမှန်း သိကြပါတယ်။ သူတို့ဒီထက်လွန်လာရင် ဥစာကီက သူတို့ကို တကယ်တိုက်တော့မှာ။ ပြီးတော့ ကိုင်းတိုဆိုတဲ့ ဂျပန့်နံပါတ်တစ်ဟီးရိုးလည်းရှိနေသေးတယ်။
ဟီးရိုးအစည်းအရုံး အမှန်တကယ်အန္တရာယ်ကျပြီး လူတိုင်းအတွက်အန္တရာယ်ရှိနေပြီဆိုရင် ကိုင်းတိုထွက်လာလိမ့်မယ်။ ပြီးတော့ နေအိမ်အကျယ်ချုပ်ကျနေတဲ့ အိခဲဒကိုလည်း သူတို့သတိထားရဦးမယ်။
မလိုအပ်ဘဲ အကျယ်ကျယ်ဖြစ်မယ့်ကိစ္စကို သူတို့မလုပ်ချင်ကြဘူး။
မကြာခင်မှာပဲ သူတို့နှစ်ယောက်လုံး ဟီးရိုးအစည်းအရုံးပါသွားပြီး မနည်းလှတဲ့ ဝန်ခံကတိလက်မှတ်တွေကို ထိုးလိုက်ရတယ်။ ဖရက်ကတော့ နိုင်ငံသားလက်မှတ်နဲ့ တခြားအထောက်အထားတွေရှိပေမဲ့ ဆရာကြောင်ကတော့ မရှိတဲ့အတွက်ကြောင့် လက်ကိုမင်ခုံထဲနစ်ပြီး စာရွက်ပေါ်တံဆိပ်ရိုက်သလို ရိုက်ချပေးလိုက်တယ်။
ရုံးခန်းထဲမှာ ဥစာကီနဲ့အတူရှိနေတဲ့ ဒရုန်းဇုန်ကတော့ခံဝန်ကတိစာချုပ်ပေါ်က ကြောင်လက်ဖဝါးကိုကြည့်ရင်း စိတ်ပျက်ပျက်နဲ့မဲ့လိုက်မိတယ်။
'မင်တွေအဲဒီလောက်တောင် ဖြုန်းပစ်ရသလား။' ဒရုန်းဇုန်က ဒီလိုပြောချင်ပေမဲ့ ကြောင်ကတော့ ဂရုမစိုက်ဘဲ ဆုံလည်ရုံးထိုင်ခုံကို ဒရုန်းဇုန်ဘက်လှည့်ပြီး ပြောလိုက်တယ်။
"ဘာလဲမိန်းမလှလေး၊ အရင်က ဒီလိုချောမောခန့်ညားတဲ့ ကြောင်သခင်ကြီးရဲ့လက်မှတ်ကို မမြင်ဖူးဘူးလား။ အော်တိုတွေဘာတွေ ယူဦးမလား။"
ပြောပြောဆိုဆိုနဲ့ကြောင်က ရုံးစားပွဲပေါ်မှာတင်ထားတဲ့ တစ်ရှူးဘောက်ထဲက တစ်ရှူးတစ်ရွက်ကို နှိုက်ပြီးမင်တွေပေနေသေးတဲ့လက်ဖဝါးနဲ့ တံဆိပ်ရိုက်လိုက်ရင်း ဒရုန်းဇုန်လက်ထဲထည့်ပေးလိုက်တယ်။ ဒရုန်းဇုန်ကတော့ သူ့လက်ထဲရောက်လာတဲ့ ကြောင်လက်ဖဝါးရာနဲ့ တစ်ရှူးကို မျက်မှောင်ကြုတ်ပြီးကြည့်နေတယ်။
ဖရက်ကတော့ ဒဏ်ကြေးကို သူ့ဘဏ်အကောင့်ထဲကနေ ဆရာကြောင်ပခုံးကိုဖက်ကာ အခန်းပြင်ဆွဲသွားလိုက်တယ်။
"ဆရာ၊ သူတို့ကို ပြဿနာမရှာနဲ့တော့။ အဲဒီမာဆယ်မက ဆရာ့ကိုရောကျွန်တော့်ကိုပါ အမှုန့်ကြိတ်ပစ်ချင်နေတာကြာပြီ။"
ဒါပေမဲ့ ဆရာကြောင်ကတော့ ဆင်ခြေအပြည့်နဲ့ပါ။ "သူတို့ ဘာမကျေနပ်စရာရှိလို့လဲ။ ဒီကြောင်သခင်ရဲ့လက်မှတ်ကို လူတိုင်းလိုချင်ကြတာပဲလေ။ အရင်ကဆို ငါ့သခင်ဟောင်းရဲ့အိမ်ရှေ့မှာ ကွန်ကရစ်လမ်း လာလာခင်းတဲ့ ဗော့ဒကာကောင်တွေကို နေ့တိုင်းနီးပါးလက်မှတ်ထိုးပေးရလွန်းလို့ ခြေတွေကိုညောင်းရော။"
"ဆရာ... သူများလမ်းခင်းထားတာကို ဒီတိုင်းတက်နင်းပြီး အနှောင့်အယှက်ပေးခဲ့ရုံပဲ မဟုတ်ဘူးလား။" ဖရက်က အမှန်အတိုင်းပြောလိုက်တော့ ကြောင်က မဲမှောင်နေတဲ့ မျက်နှာနဲ့ ဖရက်ကိုလှည့်ကြည့်လိုက်ပါတယ်။
"ဖရက်၊ အခုကစပြီး မင်းနဲ့ငါနဲ့သေခန်းပြတ်ပြီ။"
"....." ဖရက်မျက်လုံးပြူးသွားတယ်။ ဒီကြောင်က တကယ့်ကို လူကြီးလူကောင်းမဆန်ဘူး။
ကြောင်နဲ့လူက ဥစာကီရဲ့ရုံးခန်းကနေထွက်ပြီး စင်္ကြန်လမ်းအတိုင်းလျှောက်တယ်။ လမ်းအဆုံးမှာတော့ တိုကျိုဟီးရိုးအစည်းအရုံးရဲ့ဧည့်တွေ့ဆောင် ရှိနေတယ်။ ပြီးတော့ အဲဒီဧည့်တွေ့ဆောင်မှာ အသားညိုပြီး ဆွဲဆောင်မှုရှိတဲ့ သုံးဆယ်ကျော်အရွယ် မိန်းမတစ်ယောက်က ပေါင်ချိတ်ထိုင်နေပြီး သူတို့ကိုမျက်ထောက်နီကြီးနဲ့ စောင့်ကြည့်နေတယ်။
အမျိုးသမီးက ဆွဲဆောင်မှုရှိတဲ့ အနက်ရောင် လေဒီဂျက်ကပ်နဲ့ အနက်ရောင်စတော့ကင်ခြေအိတ်ကို ဆင်တူဝတ်ထားတယ်။ လူသားနားရွက်အပြင်ကို ကြောင်နားရွက်ပါ ခေါင်းပေါ်မှာပေါက်နေပြီးတော့ ကြောင်အမြီးနက်ကတော့ နောက်ကနေထိုးထွက်နေပါတယ်။
လက်ထဲမှာတော့ တက်ပလက်ကိုဖွင့်ပြီးတစ်ခုခုကြည့်နေပုံရပေမဲ့ စိတ်ပါပုံမပေါ်ဘဲ ဆရာကြောင်နဲ့တပည့်ကျော်ကြီးကိုပဲ စိုက်ကြည့်နေတာ။ ပြီးတော့ သူတို့တွေ အဲဒီအမျိုးသမီးကို ရင်းနှီးကြပါတယ်။
"မိန်း... မိန်းမ..."
"ဆ... ဆရာကတော်။" ဆရာကြောင်အသေကြောက်ရတဲ့ မိန်းမဖြစ်သူက ဆိုင်ကိုပစ်ထားခဲ့ပြီး ရုံးအထိလိုက်လာပုံပဲ။ ကြောင်ရုံးခန်းထဲက ထွက်လာတာမြင်တော့ ကြောင်နက်မေမေက ထိုင်ခုံကနေ ချက်ချင်းခုန်ထလိုက်ပြီး ကြောင်ရှေ့ကိုရောက်လာတယ်။
နောက်တော့ သူ့လက်ကို ကြောင်လက်သီးဆုပ်အတိုင်းဆုပ်လိုက်ပြီး နဲ့ကြောင်နက်ခေါင်းကို ဒေါင်ခနဲမြည်အောင် ခေါက်ပစ်လိုက်တယ်။
"ရှင်၊ ကြောင်ဆိုးကြောင်မိုက်။ ရုံးရောက်ဂတ်ရောက်ဖြစ်အောင် လုပ်ပြန်ပြီလား။ ရှင့်ကို အလွန်အကျွံမလုပ်ပါနဲ့လို့ ပြောထားရဲ့နဲ့။ ဒီမှာကြည့် ရှင်တို့အင်တာနက်ပေါ်မှာ နာမည်ကြီးနေပြီ။ မဟုတ်သေးဘူး၊ နာမည်ပျက်ကုန်တာ။ အများပိုင်ပစ္စည်းဖျက်ဆီးတဲ့ ကြောင်နဲ့လူတဲ့။ ခုတော့ ဖုံးမရဖိမရဖြစ်ကုန်ပြီ။"
အဲဒီနောက်တော့ ဆိုင်ကိုပြန်တဲ့ လမ်းတစ်လျှောက်လုံး ဆရာကတော်ပေါက်ပေါက်ဖောက်တာကို ဖရက်ပါရောခံရတော့တာပဲ။ ပြီးတော့ ဆရာကတော်က ဆိုင်ပြန်ဖို့ကို တက္ကဆီတို့ဘာတို့ငှားခွင့်မပေးဘဲ ဒီအတိုင်းလမ်းလျှောက်ပြန်ခိုင်းတာ။
"ရှင့်လိုလမ်းတေလေကြောင်ကို ကျွန်မယူမိတာမှားတယ်။ ခုတော့ ရှင်ကကြောင်မိုက်အထာနဲ့ ကမ္ဘာပတ်မွှေနေတာကို ကျွန်မကချည်း နောက်ကလိုက်ရှင်းနေရတယ်။ နည်းနည်းပါးပါး သမီးလေးမျက်နှာထောက်ပါဦးလား။"
"ရှင့်လုပ်စာ ဘယ်နှစ်ပြားရှိလို့ ဟိုလျှောက်ဖျက်ဆီး ဒီလျှောက်ဖျက်ဆီး လုပ်နေရတာလဲ။ တစ်ခါလည်း မဟုတ် နှစ်ခါလည်းမဟုတ်။ ဟိုတစ်ခါလည်း ကျွန်မရှင့်အတွက် လျော်ပေးပြီးပြီ။ သမီးလေးတစ်ယောက်တည်းသာဆို ဆိုင်ကြီးရောင်းပြီး ရှင့်အတွက်လိုက်ဖြေရှင်းပေးရတော့မှာ။"
"ရှင်ဟာလေ၊ ကျားဖြူအမွေအနှစ်ရထားပြီး ခုထိလေလွင့်ကြောင်လိုလုပ်နေတုန်း။"
နောက်ဆုံးတော့ ကြောင်နက်မေမေရဲ့ပါးစပ်သေနတ်ပစ်တဲ့ဒဏ်ကို မခံနိုင်တော့လို့လားမသိဘူး ကြောင်ရဲ့အမြီးတောင် မထောင်နိုင်တော့ဘဲ လမ်းပေါ်မှာတရွတ်တိုက်ဆွဲနေပြီ။
ကြည့်ရတာ ဆရာကြောင်တစ်ယောက် စိတ်ဓာတ်ပါကျသွားပုံပဲ။ ဆရာကြောင်က ထောင်ထွက်၊ ဆယ်နှစ်လုံးလုံးသမီးလေးကို မစောင့်ရှောက်နိုင်တဲ့သူ။ ထောင်ကလွတ်လာတော့လည်း အလုပ်မရှိအကိုင်မရှိ ဝင်ငွေလည်းတစ်ပြားမှမရှိဘဲ ထိုင်စားနေတာ။ တစ်ခုခုဆို မိန်းမကချည်းလိုက်ရှင်းနေရလို့ အစွမ်းရှိပါလျက်နဲ့ တဖြည်းဖြည်းမယားကြောက်ကြောင်ဖြစ်နေပြီ။ ဆရာကြောင်ရဲ့ကြောင်ထီးဂုဏ်သိက္ခါဟာ ရေစုန်ရောစေဆန်ပါမျောနေတာ။
လမ်းလျှောက်ရတဲ့ မိနစ်သုံးဆယ်လုံးလုံး ကြောင်နက်မေမေက မနားတမ်းဆူပူနေတာ။ ကြောင်ကြီးလည်း ဆက်နားမထောင်ချင်တော့ဘဲ နားရွက်နှစ်ဖက်ကို လက်နဲ့အုပ် ရှေ့ကိုပြေးထွက်သွားတယ်။ လမ်းဖြတ်အကူးမှာ လမ်းထောင့်ကနေ ထွက်လာတဲ့ကားနဲ့ တိုက်မိမလိုဖြစ်သွားပြီး ကားဟွန်းသံတွေ တစ်သီကြီးထွက်လာသေးတယ်။
"ယောက်ျား၊ ဒီမှာစကားပြောနေတာကို ရှင်က ဘယ်ထွက်ပြေးသွားပြန်တာလဲ။"
....
ဆိုင်ပြန်ရောက်တော့ ဆရာကြောင်တစ်ယောက် ကောင်တာမှာ မထိုင်ရဲတော့ဘူး။ အဲဒီအစား ဆိုင်ထဲကနေ စက္ကူပုံးကြီးကြီးတစ်ခုယူလာပြီး လမ်းမှာရှေ့မှာချ အဲဒီအထဲဝင်ထိုင်နေတယ်။
ဝင်ထိုင်နေရုံတင်မပြီးဘူး လက်ကိုင်တပ်သစ်သားပြားလေးတစ်ခုကို လက်သည်းနဲ့ခြစ်စာရေးပြီး စက္ကူပုံးထဲမှာထောင်လိုက်တယ်။
ဖရက်ဂျပန်စာသိပ်မဖတ်တတ်ပေမဲ့ ဖုန်းနဲ့ ဘာသာပြန်ကြည့်တော့ 'အခမဲ့ကြောင်' 'မွေးချင်ယူသွား'တဲ့။
အခုဆိုင်နားမှာအမြဲဝိုင်းနေတဲ့ ဆိုင်ဖောက်သည် သက်လတ်ပိုင်းအဒေါ်ကြီးတွေအကုန်လုံး စုပြုံပြီး တိုးကြည့်နေကြပြီ။ သူတို့မျက်လုံးတွေ ဘလင်းဘလင်းဖြစ်နေပြီး ကြောင်အကြီးကြီးကို အလကားလိုချင်နေကြပုံပဲ။
"ဆရာ... မိန်းမဆူလို့ စိတ်ဓာတ်ကျနေမှန်းသိပေမဲ့ ကိုယ့်ကိုယ်ကိုယ် လမ်းဘေးသွားပစ်တာတော့ မလုပ်သင့်ဘူးမဟုတ်လား။"
"တော်တိတ်၊ မင်းဘာသာမသိဘဲ လာမပြောနဲ့။ ငါဆိုတဲ့ကြောင်က အိမ်စရိတ်ပိစိလေးတောင် မရှာနိုင်တဲ့ကြောင်။ ဒီတော့ အိမ်ပေါ်ကဆင်းပြီး သခင်သစ်ရှာတာပဲကောင်းတယ်။"
"ဆရာ... ယောက်ျားတစ်ယောက်က အိမ်စရိတ်မရှာနိုင်ရင် အလုပ်သစ်ရှာရမှာလေ။ သူများအိမ်လိုက်ပြီးကပ်စားရမှာမဟုတ်ဘူး။"
ဖရက်စကားကြောင့် ဆရာကြောင်တော်တော်စိတ်ထိခိုက်သွားပုံပဲ။ သူ့ပုံးထဲကနေလက်ကိုဆန့်ထုတ်ပြီး ဖရက်ခေါင်းကို သာသာလေးလှမ်းပုတ်တယ်။
"ငတုံး၊ ငါက ကြောင်လေကွာ။ မင်းဘာတွေလာပြောနေတာတုန်း။ ကြောင်တွေအလုပ်က ချစ်ဖို့ကောင်းအောင်နေဖို့ပဲမဟုတ်ဘူးလား။"
"....." ဖရက်ပြောစရာစကားမဲ့သွားပြီ။ ဒါပေမဲ့ စာမေးပွဲကိစ္စအကြောင်းတွေးမိတော့ ဖရက်ဆရာကြောင်ကို မေးလိုက်တယ်။
"ဒါပေမဲ့ သခင်သစ်ရှာတော့မှာဆိုရင် ကျွန်တော့်စာမေးပွဲက ဘယ်လိုလုပ်မှာလဲ။"
ဒီလိုပြောတော့မှ ဆရာကြောင်က ဖရက်ကိုမော့ကြည့်ပြီး သူ့မျက်နှာသူလက်ဖဝါးနဲ့ရိုက်လိုက်တယ်။ "ဟုတ်သားပဲ၊ အဲဒီကိစ္စငါမေ့နေတာ။ မော်ဒရေးရှင်းနဲ့မင်းအောင်သွားပြီလို့ မှတ်လိုက်တော့။ သွားချင်ရာသွားပေတော့။"
ဒါပေမဲ့ ဖရက်က မကျေနပ်သေးဘူးရယ်။ "ဆရာ.. ကျွန်တော်တိုက်နေတုန်း အဆင့်တက်သွားမှ ဆရာ့ကိုနိုင်တာလေ။ ဂုဏ်ထူးမှတ်မဟုတ်တောင် ထူးချွန်တယ်လေးဘာလေး ပြောလို့မရဘူးလား။"
"မရဘူး၊ ငါက တကယ်တော့မတိုက်ရသေးဘူး ဟိုကလေးမရောက်လာလို့ ရပ်လိုက်ရတာလေ။ ပြီးတော့ အဲဒါကြီးသာမင်းရမသွားရင် စာမေးပွဲထပ်ကျဦးမှာပဲဥစ္စာ။" ဖရက်လည်း ဆရာကြောင်နဲ့ပြိုင်ငြင်းမနေတော့ဘဲ သက်ပြင်းသာချလိုက်လေရဲ့။
ခဏနေတော့ ဆိုင်ထဲကနေ ကြောင်နက်မေမေအဝတ်အစားလဲပြီးထွက်လာတယ်။ ဒီတစ်ခါတော့ ရိုးရိုးရှင်းရှင်းဝတ်စုံနဲ့။ ကြောင်အမြီးကတော့ အပြာနုရောင်ဂါဝန်နောက်ကနေ ထွက်ပြီးလမ်းလျှောက်တိုင်းယမ်းနေတုန်းပဲ။
မေမေကြောင်က ဆရာကြောင်ရဲ့စက္ကူပုံးရှေ့မှာရပ်လိုက်တယ်။ ဆရာကြောင်လည်း မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံးက အမွှေးတွေထောင်ထလာတယ်။
"အိုရား... ချစ်စရာကြောင်လေးတစ်ကောင်ကို ဘယ်သူဒီမှာလာထားသွားပါလိမ့်။ မပူနဲ့နော်၊ ဒီသခင်မကြီးက ကြင်နာတတ်တာမလို့ ကြောင်ပေါက်လေးတွေကို ကြင်ကြင်နာနာဆက်ဆံမှာပါ။ လိုက်ခဲ့နော်။"
နောက်တော့ ကြောင်မေမေက ဆရာကြောင်ရဲ့ဇက်ပိုးကို လက်ဝါးဇောင်းနဲ့ဖြတ်ခုတ်လိုက်တယ်။ 'ဂစ်...' ဆိုတဲ့အသံတစ်ချက်ထွက်လာပြီး စက္ကူပုံးထဲမှာတင်ဆရာကြောင် ခွေခွေလေးလဲသွားရော။ ပြီးတော့ ကြောင်မေမေက ဆရာကြောင်ရဲ့လက်တစ်ဖက်ကို ဆွဲယူပြီးကားလမ်းမပေါ်မှာ တရွတ်တိုက်ခေါ်သွားတယ်။ ဦးတည်ရာကတော့ အိမ်စေကဖေးထဲကို။
"အိမ်ကျမှ ကြောင်ပေါက်လေးကို နွားနို့ပူပူလေးနဲ့ အားပြည့်အောင်ကျွေးမယ်နော်။" ဖရက်ကတော့ ဆရာကြောင်ရဲ့ကံကြမ္မာကိုတွေးကြည့်ရင်း တံထွေးသာမျိုချမိလိုက်လေရဲ့။ ကြည့်ရတာ ဆရာကတော်က ဆရာကြောင်ရဲ့သခင်မအသစ် ဖြစ်သွားတဲ့ပုံပဲ။
ဆိုင်ထဲမဝင်ခင် တံခါးရှေ့ရောက်တော့ ကြောင်မေမေက ခနရပ်လိုက်ပြီး ဖရက်ကိုလှမ်းပြောပါတယ်။ "ဒါနဲ့၊ ဖရက်- ကွန်း။ ကောင်တာစားပွဲပေါ်မှာ နောက်နေ့ထွက်မယ့်လေယာဥ်လက်မှတ် တင်ထားပေးတယ်နော်။ ဆုဗာနာကို မြန်မြန်သွားသင့်ပြီမလို့လေ။"
....
ကိုးရက်နေ့ မနက်ရောက်လာပြီ။
မက်ဒါနာက ဒီပယူလာသေးတဲ့ အမှုတွဲဖိုင်ကို ဖွင့်လိုက်တယ်။ ရှန်းယန်ခရိုင်အမှုစစ်ရုံးနဲ့အမှုလိုက်အဖွဲ့က အသေးစိတ်စုံစမ်းထားပုံပဲ။
သူတို့ရဲ့အဆိုအရ မက်ဒါနာတို့ရောက်မလာသေးခင် ဝတ်ရုံနက်ခြုံထားတဲ့ လူတစ်ယောက် ဆုဗာနာနံပါတ်တစ် အိမ်ခြံမြေအကျိုးတော်ဆောင်ဆိုင်ခန်းထဲ ဝင်သွားခဲ့ပုံပဲ။
ဒါပေမဲ့ သေနတ်သံကြားရတာက နောက်နှစ်မိနစ်ခွဲလောက်မှဆိုတော့ သူတို့ချင်း အနည်းအပါးစကားဖလှယ်ပြီးမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပုံပဲ။ အမှုစစ်တွေရဲ့အဆိုအရ ကောင်တာစားပွဲရဲ့အံ့ဆွဲတစ်ခုက ပွင့်နေပြီး သော့တန်းလန်းရှိနေတယ်။ အထဲမှာ ဦးလေးဗထူးရဲ့ကျည်ပိုသေတ္တာရှိနေတာကြောင့် သေနတ်ထားတဲ့နေရာဖြစ်မယ်လို့ ခန့်မှန်းရတယ်။
ဒီအထိဖတ်ပြီးတဲ့နောက် မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ "ဆိုလိုတာက ဦးလေးဗထူးက ဒီလူဝင်လာပြီး သိပ်မကြာခင်မှာပဲ မသင်္ကါဖြစ်လာလိမ့်မယ်ထင်တယ်။ ဒါကြောင့် သေနတ်ကိုထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လုပ်ခဲ့ပေမဲ့ ရန်သူက သူ့ထက်ပိုကျွမ်းကျင်နေတယ်။"
မက်ဒါနာက ဖိုင်တွဲရဲ့နောက်တစ်မျက်နှာကို လှန်ကြည့်လိုက်တယ်။ အခင်းဖြစ်ပွားရာနေရာတဲ့ ဓာတ်ပုံတွေကို ဖော်ပြထားပြီး နံရံကိုထိမှန်တဲ့ ကျည်ဆန်ရာတွေကို သေချာရိုက်ပြထားတယ်။ ရဲလုပ်ငန်းစဥ်အနေနဲ့ဆိုရင် ဆုဗာနာမှုခင်းတပ်ဖွဲ့က နိုင်ငံတကာအဆင့်မီပါတယ်။ အွန်လိုင်းကနေ အချက်အလက်ပို့လို့ရပေမဲ့ သူတို့ကို နည်းလမ်းဟောင်းအတိုင်း အစီအရင်ခံလာတာတစ်ခုပဲ ထူးခြားတယ်ဆိုရမှာပါ။
"ဒီတော့ သေနတ်တစ်ချက်က ဦးလေးဗထူးထိုင်နေတဲ့ နေရာရဲ့ရှေ့တည့်တည့် ကိုးဆယ်ဒီဂရီကိုလာမှန်တယ်။ နောက်တစ်ချက်က လက်ဝဲဘက်လေးဆယ့်ငါးဒီဂရီ။ နောက်ဆုံးတစ်ချက်က ခေါင်မိုးကိုမှန်တာ။"
မက်ဒါနာက မျက်လုံးကိုခနမှတ်လိုက်ပြီး နည်းပညာမြင့်မျက်မှန်ကို ဖွင့်ကာ အမှုနေရာကို VRနည်းပညာနဲ့ ပြန်တည်ဆောက်လိုက်တယ်။
မြင်ကွင်းတုထဲမှာတော့ ကောင်တာနောက်မှာထိုင်နေတဲ့ စစ်မှုထမ်းဟောင်းဦးလေးကြီးက သူ့ရှေ့တည့်တည့်မှာရှိနေတဲ့ တရားခံကိုသေနတ်နဲ့စပစ်တယ်။
ဒါပေမဲ့ အဲဒီလူက ဘယ်ဖက်ကိုတိမ်းရှောင်တဲ့အတွက် ဦးလေးဗထူးက လိုက်ပစ်ရတယ်။ ဒါပေမဲ့ နောက်ဆုံးတစ်ချက်ကတော့ ခေါင်မိုးကိုပဲမှန်တယ်။ အကြောင်းက လူသတ်သမားရဲ့ထက်ရှတဲ့လက်နက်က သူ့လည်ပင်းကို ထိုးစိုက်မိပြီးသားဖြစ်ပြီး ရမ်းသန်းပစ်ခတ်မိခဲ့တာမလို့။
VR အမြင်ကိုပိတ်လိုက်ပြီးနောက် မက်ဒါနာကခေါင်းညိတ်လိုက်တယ်။ "နားလည်ပြီ၊ ဦးလေးဗထူးက အကောင်းဆုံးတုံ့ပြန်ခဲ့ပေမဲ့ ရန်သူက သိပ်မြန်တယ်။ ခြောက်လုံးပြူးသေနတ်ကျည်ရဲ့အမြန်နှုန်းက တစ်စက္ကန့်ကို ပေနှစ်ထောင့်ခြောက်ရာ။ သူတို့နှစ်ယောက်ရှိနေခဲ့တဲ့ ကြားအကွာအဝေးက ခြောက်ပေသာသာပဲရှိတာ။ ဒီတော့ တရားခံမှာ တုံ့ပြန်ဖို့အတွက် ၀.၀၀၂ စက္ကန့်ထက်နည်းတဲ့အချိန်ပဲရမယ်။ မြူတန့်တစ်ယောက်ဖြစ်နေရင်တောင် ဒီလိုတုံ့ပြန်နိုင်တဲ့မြန်နှုန်းမျိုးက သိပ်အံ့ဩဖို့ကောင်းတယ်။ ပြီးတော့ သူက နှစ်ခါတိတိ ကျည်ဆန်ကို ရှောင်နိုင်ခဲ့တာ။"
ဒီပလည်း မက်ဒါနာရဲ့စကားကြောင့် မျက်ခုံးပင့်လိုက်မိတယ်။ ဒီပက "ဒီလိုလုပ်နိုင်တဲ့သူက အမြန်နှုန်းအမျိုးအစား မြူတန့်ဆိုရင်တော့ ထူးဆန်းတယ်လို့ ပြောလို့မရနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေ့ခဲ့သလောက် သူက ရုပ်ပြောင်းနိုင်တဲ့ စွမ်းအားရှိတယ်။ တစ်ပြိုင်နက်တည်း စွမ်းအားနှစ်မျိုးပိုင်ဆိုင်ထားတဲ့သူ ဖြစ်နိုင်မလား။"
ဒီပက အတတ်နိုင်ဆုံး ခန့်မှန်းပြောဆိုလိုက်တယ်။ စွမ်းအားနှစ်မျိုးပိုင်ဆိုင်တဲ့သူတွေ ကမ္ဘာပေါ်မှာရှိတာတော့အမှန်ပဲ။ ဥပမာအနေနဲ့ ဥစာကီဆိုရင် ဓားကမ္ဘာကိုရော ဓားဆင့်ခေါ်ခြင်းကိုပါ သုံးနိုင်တယ်။ ဖရန့်ဆိုရင် ကြွက်သားအစွမ်းနဲ့ဆင့်ခေါ်အစွမ်းနှစ်ခုရှိတယ်။ ဒါပေမဲ့ ဒီလူတွေက ရှားရှားပါးပါးဖြစ်ရပ်တွေပါ။ မက်ဒါနာက ခေါင်းခါလိုက်တယ်။
"စွမ်းအားနှစ်မျိုးမြူတန့်ဖြစ်နိုင်တယ်ဆိုပေမဲ့ အတည်ယူလို့မရနိုင်ဘူး။ ဒီကိစ္စက ကြေးစားစစ်တပ်ပါဝင်ပတ်သက်နေတာမျိုး ဖြစ်နိုင်တယ်လို့ ငါခံစားနေရတယ်။"
မက်ဒါနာက ခွေးကြီးစေဘာစတိန်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဖက်အကြောင်းကို ပြန်စဥ်းစားမိတယ်။ နယ်စားဖိုးဖိုးအဆိုအရ အဲဒီသံချပ်ဝတ်ထဲကလူက နည်းပညာမြူတန့်မဖြစ်နိုင်ဘူးတဲ့။ နည်းပညာမြူတန့်ဆိုရင် ပလာဒင်ချပ်ဝတ်ကို အဆင့်မြင့်ဝတ်မယ့်အစား ကိုယ်ပိုင်ချပ်ဝတ်ထွင်မှာပဲ။ သူများချပ်ဝတ်ကို ကိုယ်တိုင်အဆင့်မြှင့်မယ်ဆိုရင် လိုက်ဖက်မှုမရှိဖြစ်တတ်ပြီး ထင်သလောက်အသုံးမဝင်ဘူး။ အဲဒီရေနွေးငွေ့ခေါင်းချပ်ဝတ်ကလည်း အလားတူပြဿနာမျိုးရှိခဲ့တယ်။
"အစ်မကြီးပြောတာ တပ်မဟာ ၃၁၀ရဲ့အရာရှိရေနွေးငွေ့ခေါင်းကိုလား။"
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး... "အဲဒီရက်တုန်းက စေဘာစတိန်း သူ့ကိုအနိုင်ပိုင်းခါနီးမှာလည်း အခုငါတို့ဖြစ်ခဲ့သလိုပဲ သူရုတ်တရက်ကြီး ပျောက်သွားတာ။ အနီးအနားပတ်ရှာပေမဲ့ ဘာသဲလွန်စမှမရဘူး။ ဆုဗာနာမှုခင်းတပ်ဖွဲ့ကလည်း ဝတ်ရုံနက်ကိုပုရွက်ဆိတ်တွေနဲ့ အနံခံရှာဖို့ကြိုးစားတယ်လို့ရေးထားပေမဲ့ လမ်းကြိုလမ်းကြားတွေထဲရောက်တော့ လေထဲမှာပျောက်သွားသလိုမျိုးဖြစ်ပြီး ခြေရာကောက်လို့မရတော့ဘူးတဲ့။"
မက်ဒါနာထောက်ပြတဲ့ဖြစ်နိုင်ခြေကို ဒီပလည်းသေချာတွေးတောကြည့်တယ်။ ဒီလိုပျောက်သွားပုံခြင်း တူရုံနဲ့တော့ တရားခံက နှစ်ယောက်ဆိုတာကို သူတို့သက်သေပြဖို့ခက်သေးတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေတစ်ခုတော့ ရှိလာနေပါပြီ။
"အဲဒီလူကို ရေနွေးငွေ့ခေါင်းလို့ပဲ ထားလိုက်ပါဦး။ ဒါပေမဲ့ကြေးစားစစ်တပ်အရာရှိတစ်ယောက်က ရှေ့တန်းစစ်မြေပြင်မှာရှိနေပေမဲ့အစား ဘာလို့ဆုဗာနာထဲ စိမ့်ဝင်နေရတာလဲ။ ဆုဗာနာမှာ အခြေချနေတဲ့ ကြေးစားစစ်တပ်သူလျှိုတွေတောင် အစိုးရစောင့်ကြည့်မှုကြောင့် မလှုပ်ရှားနိုင်ဖြစ်နေတဲ့အချိန် အပြင်က တစ်ယောက်ယောက်ဝင်လာရင် အစိုးရရဲ့မျက်စိထဲမှာ သိပ်သိသာနေမှာပဲမဟုတ်လား။"
ဒီပရဲ့မေးခွန်းကို မက်ဒါနာက ချက်ချင်းအဖြေပေးလိုက်တယ်။ တကယ်တော့ ဒီကိစ္စကို ခန့်မှန်းဖို့က ဒီလောက်မခက်လှပါဘူး။
"အဲဒီလူဒီထဲရောက်နေရတဲ့ ဖြစ်နိုင်ခြေက ရိုးရှင်းပါတယ်။ သာမန်သူလျှိုတွေ မလုပ်နိုင်တဲ့ကိစ္စတစ်ခုခုကိုလုပ်ဖို့ သူကိုယ်တိုင်ရောက်လာတာပဲ။ ပြီးတော့ သူ့ရဲ့ရုပ်ဖျက်စွမ်းရည်အပေါ် ယုံကြည်မှုလည်း ပါလိမ့်မယ်။"
"ဒါပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ။" ဒီပအကျပ်ရိုက်နေတယ်။ တကယ်တော့ ဆုဗာနာနိုင်ငံအပေါ် ရေနွေးငွေ့ခေါင်း ပစ်မှတ်ထားနိုင်တဲ့ ဖြစ်နိုင်ခြေတွေက အများကြီးပဲ။
ဥပမာအနေနဲ့ နယ်စားကြီးကို လုပ်ကြံတာ၊ စစ်ရေးမဟာဗျူဟာတွေနဲ့တပ်ချပုံတွေကို လေ့လာတာ စသည်ဖြင့်ပေါ့။ ကျယ်ပြန့်လွန်းတဲ့ ဖြစ်နိုင်ခြေကြောင့် သူတို့အနေနဲ့ တိတိကျကျခန့်မှန်းဖို့ ခက်ခဲစေပါတယ်။
ဒါပေမဲ့ မက်ဒါနာကတော့ ဒီပကို လက်ညိုးထောင်ပြလိုက်ပြီး ဒီပမျက်နှာရှေ့မှာပဲ ဘယ်ညာလှုပ်ယမ်းပြလိုက်တယ်။ "အဲဒီလောက်ကြီး ခေါင်းစားခံနေစရာမလိုဘူး၊ စုံထောက်ပညာရဲ့အရေးအကြီးဆုံးအချက်က မဖြစ်နိုင်ဆုံးအရာတွေကိုပယ်ပြီး အဖြစ်နိုင်ဆုံးတွေကို ရွေးချယ်တာပဲ။ တစ်နည်းအားဖြင့် ဖြစ်နိုင်ခြေတွေကို ခြုံကြည့်တာ။"
မက်ဒါနာက စာရွက်အလွတ်တစ်ရွက်ပေါ်မှာ ရေနွေးငွေ့ခေါင်း လုပ်နိုင်ခြေရှိတဲ့အရာတွေကို ချရေးလိုက်တယ်။
"ပထမဆုံးအနေနဲ့ နယ်စားကြီးကို လုပ်ကြံတာ။ ဒါကတော့ မဖြစ်နိုင်ဆုံးလို့ထင်တယ်။ သူက ပထမအကြိမ် ကျဆုံးပြီးသွားပြီ။ ဝတ်စုံနဲ့လုပ်ကြံတာတောင် နယ်စားကြီးကို အချိန်တိုအတွင်းမလုပ်ကြံနိုင်ခဲ့ဘူး။ ဒီတော့ သူတစ်ယောက်တည်းနဲ့ နယ်စားကြီးကိုလုပ်ကြံဖို့မဖြစ်နိုင်သေးတာ သိမှာပဲ။"
"ဒုတိယအနေနဲ့ တပ်ချပုံလေ့လာတာလည်း မဖြစ်နိုင်ဘူး။ ဒရုန်းတွေ ဂြိုဟ်တုတွေပေါနေတဲ့ခေတ်မှာ လူကိုယ်တိုင် ကင်းထောက်စရာလိုလို့လား။" စသည်ဖြင့် မက်ဒါနာက ဖြစ်နိုင်ခြေပေါင်းလေးဆယ်လောက်ကို ဖယ်ထုတ်လိုက်တယ်။
"ဒီတော့ အဖြစ်နိုင်ဆုံးဖြစ်နိုင်ခြေတစ်ခုက သူသွားခဲ့တဲ့ ဦးလေးဗထူးဆီကနေ တစ်ခုခုသိချင်တာပဲဖြစ်လိမ့်မယ်။ ဒါပေမဲ့ အိမ်ပွဲစားစစ်မှုထမ်းဟောင်းတစ်ယောက်ဆီကနေ သူဘာရမှာမလို့လဲ။"
ဒါပေမဲ့ ဒီပကတော့ မက်ဒါနာရဲ့အမြင်ကို သဘောမတူဘူး။ "အစ်မကြီး၊ ဦးလေးဗထူးက သာမန်စစ်မှုထမ်းဟောင်းမဟုတ်ဘူး။ နယ်စားရဲ့လူယုံတော်အနေနဲ့ သူက သာမန်လူတွေထက် ပိုသိနိုင်တယ်။"
ဒီစကားကြောင့် မက်ဒါနာက ဖိုင်တွဲကိုဆက်လှန်ကြည့်ပြီး တစ်ခုခုကိုလိုက်ရှာတယ်။ "ဒါဆိုရင် သူက ဦးလေးဗထူးဆီကနေ ငါတို့မသိတဲ့ လျှို့ဝှက်ချက်တစ်ခုခုကို သိချင်တာဖြစ်လိမ့်မယ်။ ချက်ချင်းဆိုသလို သူ့ကို သတ်လိုက်တာဆိုတော့ လူကိုယ်တိုင်ပြောပြမှသိနိုင်တာမျိုးမဟုတ်နိုင်ဘူး။ သူယူသွားလို့ရမယ့် ပစ္စည်းတစ်ခုအနေနဲ့ရှိနိုင်တယ်။ ပစ္စည်းတစ်ခုခုပျောက်နေတာကို မူခင်းတပ်ဖွဲ့က သတိထားမိလောက်တယ်။"
နောက်တော့ မက်ဒါနာက နောက်ဆုံးစာမျက်နှာဆီရောက်သွားပြီး အဲဒီမှာရှိနေတဲ့ ဓာတ်ပုံကိုကြည့်လိုက်တယ်။ မီးခံသေတ္တာကပွင့်နေပြီး တရားခံက ပိုက်ဆံတွေယူမသွားဘူး။ ဒါပေမဲ့ မီးခံသေတ္တာရဲ့ထောင့်တစ်နေရာမှာတော့ ဖုန်နည်းနည်းတက်နေတဲ့ အောက်ခြေမှာကွက်ပြီး ဖြစ်ပေါ်နေတဲ့ စက်ဝိုင်းပုံအကွက်တစ်ခုကိုမြင်ရတယ်။ ဒါက မက်ဒါနာတို့သိနိုင်တဲ့ တစ်ခုတည်းသော သဲလွန်စပါ။
"ဒီတော့ တကယ်ပဲတစ်ခုခုပျောက်သွားတယ်ပေါ့။ ဒါပေမဲ့ အဲဒီဖုန်မရှိတဲ့ အကွင်းလေးတစ်ခုကနေ ငါကဘယ်လိုလုပ်ပြီး အဲဒီပစ္စည်းကို ခန့်မှန်းလို့ရမှာလဲ။"
မက်ဒါနာစိတ်ပျက်စွာနဲ့ ပြောလိုက်မိတယ်။ အဲဒီနောက် မက်ဒါနာသက်ပြင်းချလိုက်ပြီး...
"ဒါပေမဲ့ မဖြစ်နိုင်တာတော့မဟုတ်ဘူး၊ ဦးလေးဗထူးသိထားတဲ့လျှို့ဝှက်ချက်ကို ခန့်မှန်းနိုင်ရင် ဒီပစ္စည်းကိုလည်း ငါတို့ခန့်မှန်းနိုင်တဲ့ ဖြစ်နိုင်ခြေ ရေးရေးလေးရှိနေသေးတယ်။ ဒါပေမဲ့ အဲဒါကနေ အားကိုးရလောက်တဲ့အချက်အလက်တွေ ရမယ်လို့တော့ အာမခံချက်မရှိဘူး။"