← Chapters

လူတွေလေ့ကျင့်ဖို့ အရူးအမူးဖြစ်နေကြတယ်

Vol. 5 Ch. 21

လူတွေလေ့ကျင့်ဖို့ အရူးအမူးဖြစ်နေကြတယ်

Vol. 5 Ch. 21

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖရက်က နေရာကနေ ပျောက်သွားတယ်။ အဲဒီနောက် ကြောင်ရဲ့ရှေ့မှာ ညာဝိုက်လက်သီးနဲ့အတူပေါ်လာတယ်။ သူ့လက်သီးမှာ မိုးကြိုးလျှပ်စီးစွမ်းအား အပြည့်ပါဝင်နေပြီး လေထုတောင်မှ ပုံပျက်နေတယ်။

ဒါပေမဲ့ကြောင်က သူ့ဖဝါးကို သာသာလေးမြှောက်ပြီး တားဆီးလိုက်တယ်။

"ဟမ်... ဒီတော့ မင်းက လျှပ်စီးလှုပ်ရှားမှုပုံစံကို အောင်မြင်သွားပြီပေါ့။ ဒီအတိုင်းဆို အသံမြန်နှုန်းကို လိုက်မီသွားပြီပဲ။ ဒါပေမဲ့ မလုံလောက်သေးဘူးကွ။"

ကြောင်က သူ့ဒူးကိုမြှောက်လိုက်တယ်။ ဖရက်က သူ့တံတောင်ကိုသုံးပြီး ဆရာကြောင်ရဲ့ဒူး သူ့ရင်ဝကိုလာမထိအောင် တားဆီးလိုက်တယ်။ ဒူးက ဘေးကိုချော်ထွက်သွားပေမဲ့ ကြောင်ရဲ့ညာလက်သည်းက သူ့မျက်နှာနားကနေ ဖြတ်သွားတယ်။ ဖရက် သီသီလေးရှောင်လိုက်နိုင်လို့သာ ပါးမှခြစ်ရာတစ်ခုတိုးမလာတာ။

အဲဒီနောက် ဖရက်က ညာခြေနဲ့ကြောင်ခါးကို

အခြေပျက်သွားအောင်ကန်တယ်။ ဒါပေမဲ့ ကြောင်ရဲ့ကြွက်သားတွေက ရုတ်တရက်ထွားကြိုင်းလာပြီး ဖရက်ရဲ့မိုးကြိုးစွမ်းအားပါဝင်တဲ့ ကန်ချက်က ဘာမှအရာမရောက်တော့ဘူး။

ဒါပေမဲ့ ကန်ချက်က အားမပျော့ဘူး။ လျှပ်စီးတချို့က ကန်ချက်ကနေ လျှံထွက်သွားပြီး ဆူနာမီအကာအုတ်နံရံကို သွားမှန်တယ်။ သိပ်မကြာခင်မှာပဲ နံရံကနေ အင်္ဂတေတချို့ ကွာကျလာတယ်။ သာမန်လူတစ်ယောက်ဆိုရင် လျှံထွက်လာတဲ့လျှပ်အားတချို့နဲ့တင်တန်းသေသွားနိုင်တယ်။

"ကောင်လေး၊ ငါအတည်တိုက်ပြီနော်။" ကြောင်ရဲ့အမွှေးတွေက ထောင်လာတယ်။ မိုးကြိုးစွမ်းအားတွေက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေပြီး ဖရက်ထက် နည်းနည်းပိုမြန်သွားတယ်။ ကြောင်ရဲ့လက်သည်းချက်က ဖရက်ရဲ့ရင်ဘတ်ကို ကုပ်ဆွဲဖို့ အားပြင်းတဲ့အရှိန်နဲ့ ဝင်ရောက်လာတယ်။

ဖရက်က နောက်ကိုဆုတ်လိုက်ပြီး ကိုယ်ကိုတစ်စောင်းအနေအထားထားလိုက်တယ်။ အဲဒီနောက် သူ့ညာတံတောင်ကိုမြှောက်ပြီး လက်သည်းတွေကို ပုတ်ထုတ်တယ်။ ဒါပေမဲ့ ဖရက်က ခုခံကာကွယ်ရုံတင် အားမရသေးဘဲ ဘယ်လက်သီးကိုဆုပ်ကာ ကြောင်ရဲ့မျက်နှာကို ထိုးချဖို့ကြိုးစားတယ်။

ပြဿနာက ကြောင်တစ်ကောင်ရဲ့ခန္ဓာကိုယ်ဟာ လူထက် အများကြီးပြောင်းလွယ်ပြင်လွယ်လုပ်နိုင်တာပဲ။ ကြောင်က ရုတ်တရက်ထခုန်လိုက်ပြီး လေထဲမြှောက်သွားတယ်။ သူ့ခြေထောက်တွေက ဖရက်ဘက်ကိုရောက်လာပြီး ခြေဆုံကန်ပစ်လိုက်တယ်။

ဘုန်း....။ ကျယ်လောင်တဲ့အသံနဲ့အတူ ဖရက်တစ်ကိုယ်လုံး လွင့်ထွက်သွားပြီး ရေထဲပြုတ်ကျသွားပြီ။

ဒါပေမဲ့ လူငယ်လေးက သတိမလစ်ဟင်းဘဲ သူ့အတောင်တွေကိုဖြန့်ကာ ရေထဲကနေ ပြန်တက်တယ်။ ကြောင်ကလည်း သူ့အရှိန်နှုန်းနဲ့ ရေပြင်မှာဖြတ်ပြေးလာပြီး ရေပေါ်ကနေ ထွက်လာရုံရှိသေးတဲ့ ဖရက်ရင်ဝကို လက်သီးနဲ့ထိုးချတယ်။

ဖရက်ကလည်း သူ့လက်နှစ်ဖက်ကို မြှောက်လိုက်ပြီးလက်ဖျံနှစ်ခုကို ပူးကပ်ကာ ခုခံလိုက်တယ်။

ဝုန်း....။ မြစ်အသေးစားလေးရဲ့ရေမျက်နှာပြင်က အင်အားကြီးသက်ရှိနှစ်ယောက်ဆီက စွမ်းအင်လှိုင်းတွေကြောင့် မုန်တိုင်းထန်သွားတယ်။ ရေလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး မြစ်ရေစီးကြောင်းကို ပုံပျက်သွားစေတယ်။

ဒါပေမဲ့ လူနှစ်ယောက်ကတော့ ဆက်ပြီးတိုက်ခိုက်နေကြဆဲပါ။ သူတို့ရဲ့လက်သီးထိုးချက်တွေတိုင်းက လေထုကိုထွင်းဖောက်သွားနေပြီး လေထုပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့အသံတွေက ကြောက်စရာကောင်းလောက်အောင် ပဲ့တင်သံထွက်နေတယ်။

စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက် ကြိုးစားပန်းစားတိုက်ခိုက်နေတဲ့ ဖရက်တစ်ယောက် တဖြည်းဖြည်း အသာစီးပြန်ရလာတယ်။ သူ့မှာအတောင်ပံရှိနေတာကြောင့် လျှပ်စီးစက်ကွင်းကိုသုံးပြီး မြေပေါ်ကနေ ကြွရုံပဲကြွနေတဲ့ ဖရက်ထက်စာရင် ပိုအားသာချက်ရှိတယ်။ ဖရက်ဟာ တောင်ပံကိုသုံးပြီး အန္တရာယ်များတဲ့ အချိုးအကွေ့တွေကို လုပ်နိုင်စွမ်းရှိပြီး ဟန်ချက်ထိန်းနိုင်စွမ်းမြင့်တယ်။

ကြောင်ကတော့ အဲဒီလိုလွယ်လွယ်ကူကူနဲ့မလုပ်နိုင်ပါဘူး။ ဖရက်ဆီကနေ လက်သီးတစ်ချက်ကို ခံယူပြီးတိုင်းမှာ သူအခြေပျက်ပျက်သွားပြီး ဖရက်အတွက် အဖိုးတန်တဲ့ လစ်ကွက်ဟာကွက်တွေကို ဖန်တီးပေးနေတယ်။

တစ်ခါလည်း ဖရက်ရဲ့ကန်ချက်တစ်ချက်က ကြောင်ကို ရေပြင်ပေါ်မှာ ယိမ်းယိုင်သွားစေတယ်။ ဖရက်က အခွင့်အရေးကို လက်လွှတ်မခံဘဲ တောင်ပံအားကုန်ခတ်ကာ ညာပင့်လက်သီးနဲ့အတူဝင်လာတယ်။

ဟန်ချက်ပျက်နေတဲ့ ကြောင်က ခုခံဖို့ကြိုးစားပေမဲ့ သေချာမလုပ်နိုင်ဘူး။ ဖရက်ရဲ့လက်သီးက ကြောင်မေးကို ထိမိလုဆဲဆဲဖြစ်နေပြီ။ ကြောင်က ထိလုထိခင်လေးမှာ ကောက်ကျစ်စွာပြုံးလိုက်တယ်။

"တိုးတက်လာသားပဲ။"

ဝုန်း....။

ရုတ်တရက် ကြောင်ရဲ့မြန်နှုန်းက အသံမြန်နှုန်းရဲ့နှစ်ဆအထိရောက်သွားတယ်။ သူ့ညာလက်မောင်းကလည်း အကြီးကြီးဖြစ်လာပြီး ဖရက်ကိုဝိုက်လက်သီးနဲ့ ရိုက်ချပစ်လိုက်တယ်။

ကြောင်ကြည့်နေမိတဲ့ဖရက်ဟာ ရေပြင်ပေါ်မှာရှပ်တိုက်ပါသွားပြီး မြစ်နံရံတစ်ဖက်အထိ ရောက်သွားတယ်။ သူပြန်ထလိုက်တော့ တစ်ကိုယ်လုံးစိုရွဲနေတဲ့အပြင် မြစ်ကမ်းဘေးက ညစ်ပတ်တဲ့ ရွံမည်းမည်းတွေပါ ပေကျံနေတာကြောင့် တော်တော်ကြည့်ရဆိုးနေတယ်။

ဆရာကြောင်ကတော့ ရယ်မောလိုက်ပါတယ်။ "ဒီလိုအားနည်းတဲ့ လက်သီးချက်လေးတွေနဲ့ ငါ့ကိုအနိုင်ယူနိုင်မယ် ထင်နေတာလား။ စိတ်ကူးယဥ်လွန်းတယ်။"

အဲဒီနောက် ကြောင်က တစ်ဖန်တိုက်စစ်ပြန်စတယ်။ ဒီတစ်ခါတော့ မြန်လွန်းအားကြီးလို့ ဖရန့်တုံ့ပြန်ချိန် လုံးဝမရလိုက်ဘူး။

တစ်ချက်က သူ့ညာပခုံးကိုလာထိပြီး နာကျင်မှုကြောင့် အံ့ကျိိတ်မိလိုက်တယ်။ ဖရက်က သူ့ရှေ့မှာရှိနေတဲ့ ကြောင်ကိုလက်သီးနဲ့ပြန်ထိုးဖို့လုပ်ပေမဲ့ သူ့ရှေ့ကနေပျောက်သွားပြီး နောက်ကနေ ပြန်ပေါ်လာတယ်။

"သတိလစ်ဟင်းလွန်းတယ်။" နောက်တော့ သူ့ကျောကနေ နာကျင်မှုကို ခံစားလိုက်ရပြီး မေ့မျောသွားလုမတတ်ဖြစ်သွားတယ်။ ပါးစပ်ကနေတောင် သွေးတချို့ကို အန်ထုတ်လိုက်မိတယ်။ သူ့ခန္ဓာကိုယ်ကလည်း မြစ်တစ်ဖက်ကမ်းအထိ ထပ်လွင့်ပါသွားပြန်တယ်။

"ငါမင်းကို ပြောထားပြီးသားမဟုတ်လား။ ကြောင်တွေရဲ့စာမေးပွဲမှာ ညှာတာတာမျိုးမရှိဘူး။"

ဆရာကြောင်က ပြောပြီးတာနဲ့ ဖရက်ရဲ့ညို့သကျီးကို ထိုးချလိုက်တယ်။ ဖရက်မခုခံနိုင်တော့ဘူး။ ကြောင်ရဲ့လက်သီးတွေက အခုတော့ ဖရန့်ရဲ့ခန္ဓာကိုယ်ပေါ်ကို မိုးစက်မိုးပေါက်တွေလိုမျိုး ကျဆင်းနေပြီ။

နံရိုးတစ်ချောင်းကျိုးသွားတဲ့အသံကို ဖရက်ကြားရတယ်။ အဲဒီနောက် သူ့နှာခေါင်းမွှန်သွားပြီး အရည်တချို့ သူ့ပါးစပ်ထဲ စိမ့်ဝင်လာတာကို သူသတိထားမိတယ်။ နောက်တော့ ဆက်ရပ်တည်ဖို့ အားမရှိတော့ဘဲ မြစ်ကမ်းပါးပေါ် ဒူးတစ်ဖက်ထောက်ကျသွားတယ်။

"ဘယ်လိုလဲ၊ မင်းလက်လျှော့တော့မှာလား။" ကြောင်က ပြောပြောဆိုဆိုနဲ့ ဖရက်ရဲ့ခေါင်းကို ခြေထောက်နဲ့ ကန်လိုက်တယ်။ ဖရက် တုံးလုံးလဲသွားပြီ။ ဒီကြောင်ကို နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သူက တအားမြန်လွန်းတယ်။

ဒါပေမဲ့ ဒီအမှောင်ထုထဲမှာ တလဲ့လဲ့တောက်ပနေတဲ့ အရာတစ်ခုကို သူသတိထားမိသွားတယ်။ တောက်ပနေတဲ့ ကြယ်လေးတစ်စင်းပါ။ အဲဒီကြယ်လေးက သူ့ကို ခွန်အားတွေ ပေးစွမ်းနေသလိုပဲ။ ဖရက်က အဲဒီအလင်းရောင်ကို ဆုပ်ကိုင်ဖို့ကြိုးစားလိုက်တယ်။

"ဂျိန်း...." အာကီဟာဘရာတစ်မြို့လုံး အချိန်မဟုတ်အခါမဟုတ် မိုးတိမ်တောင်တွေ မြို့ကိုဖုံးအုပ်သွားတာကို ခံစားမိလိုက်တယ်။

ဟီးရိုးအစည်းအရုံးထဲမှာရှိနေတဲ့ ဥစာကီလည်း စာရွက်စာတမ်းတွေကိုင်တွယ်နေရင်း ပြတင်းပေါက်အပြင်ကို ကြည့်လိုက်မိတယ်။

"ဒီနှစ် မိုးကျတာစောလှချေလား။"

အပြင်လောကကြီးတစ်ခုလုံး မှောင်ကျသွားချိန်မှာတော့ ဖရက်ရဲ့အသိစိတ်က တခြားနေရာတစ်ခုကို ရောက်သွားတယ်။

ဒီနေရာက ကြယ်တွေကင်းမံနေတဲ့ ကောင်းကင်ယံကြီးရှိတဲ့နေရာပါ။ ကမ္ဘာကြီးတစ်ခုလုံးက ဆွဲငင်အားကင်းမဲ့နေသလိုဖြစ်နေပြီး ကျောက်စိုင်ကျောက်ခဲတွေက အဆုံးမဲ့မှောင်မိုက်တဲ့ အာကာသထဲကို ပဲ့ကြွေမျောလွင့်နေတယ်။

ဒီနေရာမှာ အလင်းရောင်မရှိသင့်ပေမဲ့ ထူးဆန်းတဲ့ အဖြူရောင်အလင်းတစ်မျိုးက ဂြိုဟ်ကမ္ဘာကြီးပေါ်ကို ကျဆင်းနေတယ်။ အလင်းရောင်ရဲ့အရင်းအမြစ်ကိုရှာကြည့်တော့ အင်မတန်ကြီးမားတဲ့ လူရုပ်ထုကြီးတစ်ရုပ်ရဲ့မျက်လုံးတွေဆီကနေ လာနေတယ်လို့ သူခံစားရတယ်။

ရုပ်ထုကြီးက အဆုံးအစမဲ့လေဟာနယ်ထဲမှာ ရပ်တန့်နေပြီး ဖရက်နောက်နေတဲ့ ဂြိုဟ်ပျက်ကြီးအပါအဝင် အခြားဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုက သူ့ကိုရစ်ပတ်နေတယ်။

ရုပ်ထုကြီးဆီက လာတဲ့အလင်းရောင်ဟာ အမှောင်ထုထဲမှာ အားကိုးစရာတစ်ခု ဖြစ်သင့်တယ်ဆိုပေမဲ့ အဲဒီအလင်းရောင်က ဖရက်ရဲ့ဝိညာဥ်ကို စုပ်ယူနေတယ်ဆိုတဲ့ ထူးခြားတဲ့ခံစားချက် တစ်မျိုးကိုလည်း ရနေပြန်တယ်။

"ဒီနေရာကို ဘယ်သူဖျက်ဆီးခဲ့တာလဲ၊ ဘယ်အရာကဒီလိုလုပ်ဖို့ တတ်နိုင်တဲ့အထိ အင်အားကြီးရတာလဲ။"

ဖရန့်ရဲ့စိတ်ထဲမှာ ဒီမေးခွန်းက အရင်ပေါ်လာတယ်။ သိပ်မကြာခင်မှာပဲ လူတစ်ယောက်ရဲ့စကားလုံးတွေက သူ့အတွေးထဲကို တိုက်ရိုက်ဝင်လာတယ်။

"ဘယ်သူရှိရမလဲ၊ ကောင်းကင်ထက်က ရန်သူကြီးပေါ့။ ငါ့ရဲ့အနာဂတ်က ငါ။"

ဖရက်က အသံလာရာကို ကြည့်လိုက်တော့ ထူးဆန်းတဲ့သစ်ပင်ကြီးတစ်ပင်ရဲ့အောက်ခြေမှာ တပလ္လင်ခွေထိုင်နေတဲ့ လူကြီးတစ်ယောက်ကို သူမြင်တွေ့လိုက်ရတယ်။

ဒီလူဟာ အနက်ရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ထားပြီး ခေါင်းမြီးခြုံထားတဲ့အတွက် သူ့ရဲ့ရုပ်သွင်မှန်ကို မမြင်ရဘူး။ ဒါပေမဲ့ သူ့ဆီက လောကကြီးတစ်ခုလုံးနဲ့ တစ်သားတည်းဖြစ်ခြင်းဆိုတဲ့ ခံစားချက်ကိုရနေပါတယ်။

"ငါရဲ့အနာဂတ်ကငါ... မင်းက ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ကာကွယ်ပေးဖို့အတွက် စွမ်းအားကို ရှာဖွေနေတာဆိုရင်တော့ ရောက်လာတာ မှန်သွားပြီလို့ပြောရမှာပဲ။" လူကြီးရဲ့အသံက နောက်တစ်ဖန် ထွက်ပေါ်လာပြန်တယ်။

သက်တံရောက်တောက်ပနေတဲ့ စွမ်းအင်တွေက သူ့ဆီကနေ ဖြာထွက်လာပြီး သူ့နောက်က သစ်ပင်ကြီးလည်း အသက်ဝင်လာပါတယ်။ ဒါပေမဲ့ အဲဒီသစ်ပင်ကြီးမှာ အရွက်တချို့တလေသာကျန်ပြီး အချိန်မရွေးသေသွားတော့မယ်ဆိုတဲ့ ခံစားချက်ကို ဖရက်ရနေတယ်။

"မင်းစောစောနိုးထလာရင်တော့ မင်းအတွက်ငါ့မှာ ပေးဖို့အများကြီး ကျန်ရစ်မှာပဲ။ ဒါပေမဲ့အခုတော့ မင်းအတွက် တစ်ခုပဲကျန်တော့တယ်။"

အပင်ကြီးကနေ သစ်ရွက်လေးတစ်ရွက် ကြွေကျလာသလို သူ့ရှေ့က ဝတ်ရုံနက်လူကြီးရဲ့စွမ်းအားကလည်း ဖျော့တော့မှေးမှိန်သွားတယ်။

"အဲဒါနဲ့ပေါင်းစပ်ပြီး မင်းအချစ်ဆုံးလူတွေကို ကာကွယ်။" သစ်ရွက်က ထူးဆန်းတဲ့ခရမ်းရောင်လျှပ်စီးတွေအဖြစ်ကို ပြောင်းလဲသွားပြီး ဖရက်ရဲ့ခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်လာတယ်။

"အား....." များပြားလွန်းတဲ့ စွမ်းအားတွေ သူ့ခန္ဓာကိုယ်ထဲ ရောက်ရှိလာတဲ့အတွက် ဖရက်တစ်ကိုယ်လုံးကနေ ညှော်နံတွေထွက်ပေါ်နေပါတယ်။ ခရမ်းရောင်လျှပ်စီးတွေ သူ့ခန္ဓာကိုယ်မှာ ထွက်ပေါ်လာပြီးနောက် ဖရက်မျက်လုံးဖွင့်လိုက်တယ်။ ကြောင်ကိုယ်တိုင်လည်း ဖရက်ရဲ့အခြေအနေကြောင့် အံ့ဩနေပုံပေါ်တယ်။

"မင်းက... ဪ... နောက်ဆုံးတော့ မင်းခန္ဓာကိုယ်ထဲက စွမ်းအားတွေကို အပြည့်အဝချေဖျက်နိုင်သွားပြီပေါ့။"

ဖရန့်ခန္ဓာကိုယ်ထဲက မိုးကြိုးတွေငြိမ်ကျသွားပြီးတဲ့နောက် သူ့နဖူးပေါ်မှာ ခရမ်းရောင်တောက်ပနေတဲ့ သစ်ပင်အမှတ်အသားပေါ်လာတယ်။ ဖရန့်က ပြန်ထလိုက်ပြီး သူ့လက်ကို ကောင်းကင်ပေါ် ညွန်ပြလိုက်တယ်။ မိုးကြိုးတွေက သူ့အမိန့်ကို နာခံနေဟန်နဲ့ ဝဲကတော့ထိုးလာပြီး တစ်နေရာတည်းမှာစုစည်းသွားတယ်။ တလဲ့လဲ့တောက်ပနေတဲ့ ခရမ်းရောင်လျှပ်စီးဓားက တိမ်တောင်တွေထဲကနေ ထိုးထွက်လာပြီး ဖရက်လက်ထဲရောက်လာတယ်။

"ဝိုးဟိုး... မင်းက မင်းရဲ့စွမ်းအားတွေနဲ့ လက်နက်တစ်ခုကို ဖန်ဆင်းလိုက်နိုင်တာလား။ သိပ်ကောင်းတယ်။"

ကြောင်ကလည်း သူ့လက်ကိုနဖူးမှာကပ်လိုက်တယ်။သူ့မျက်နှာပေါ်မှာ မျက်နှာဖုံးတစ်ခုပေါ်လာပြီး ခန္ဓာကိုယ်ကို ထူးဆန်းတဲ့သတ္တုနက်ချပ်ဝတ်က ဖုံးအုပ်သွားတယ်။

ဒီဝတ်စုံက အခုခေတ်နည်းပညာတွေနဲ့ ပြုလုပ်ထားတဲ့ပုံမပေါ်ဘဲ ရှေးကျလွန်းတဲ့စကားလုံးတချို့ကို ချပ်ဝတ်ပေါ်မှာထွင်းထားတယ်။ ချပ်ဝတ်ကနေ မိုးကြိုးလျှပ်စီးစွမ်းအားတွေ ထွက်ပေါ်လာပြီး ဖရက်ရဲ့ဓားကြီးနဲ့အပြိုင် တောက်ပနေတယ်။

"နည်းပညာချပ်ဝတ်လား၊ ဒါပေမဲ့ ဒီလောက်အားကောင်းတဲ့ချပ်ဝတ်မျိုးကို ဘာလို့အရင်က မကြာဖူးရတာလဲ။" ဖရက်က မေးခွန်းထုတ်လိုက်တယ်။ ဗီလိန်တစ်ယောက်အနေနဲ့ နှစ်ငါးဆယ်အတွင်း ပေါ်ထွက်ခဲ့တဲ့ အင်အားကြီးနည်းပညာဟီးရိုးတိုင်းကို ဖရန့်သိပါတယ်။ ဒါပေမဲ့ အခုလိုချပ်ဝတ်မျိုးက မြူတန့်ခေတ်မှာ ဘယ်တုန်းကမှ မပေါ်ထွက်လာခဲ့ဖူးပါဘူး။

"ဒါပေါ့၊ ဒီပစ္စည်းက ခရီးသွားနတ်ဘုရားဝတ်ရုံလေ။ နည်းပညာချပ်ဝတ်မဟုတ်ဘူး။ ကြောင်ဖြူမျိုးနွယ်က သူတို့သခင်ရဲ့အမှတ်တရပစ္စည်းအနေနဲ့ သိမ်းထားခဲ့တာ။ ပြီးတော့... ကြောင်ဖြူမျိုးနွယ်ရဲ့လက်ရှိခေါင်းဆောင်အနေနဲ့ ငါထိန်းသိမ်းရတဲ့ဝတ်စုံပဲ။ ဒီဝတ်စုံနဲ့ရင်ဆိုင်ရလို့ မင်းကိုယ်မင်း ဂုဏ်ယူလိုက်စမ်းပါ။"

ဖရက်ကတော့ ကြောင်ရဲ့စကားတွေကို လစ်လျူရှုပြီး မိုးကြိုးစွမ်းအင်ဓားကြီးကို လက်နှစ်ဖက်နဲ့ကိုင် ပခုံးပေါ်တင်ထမ်းကာ ကြောင်ဆီကို စပြေးတယ်။ ကြောင်ကလည်း သူ့လက်ကိုဆန့်ထုတ်လိုက်တယ်။ လေထဲမှာ မှော်ဆန်ဆန်ပဲ ထူးဆန်းတဲ့သေနတ်တစ်လက်ပေါ်လာပြီး ကြောင်က သေနတ်ကိုကိုင်လိုက်တယ်။

"မင်းဘယ်လောက် သန်မာလာလဲ ကြည့်ရအောင်။"

ကြောင်သေနတ်မောင်းကိုဆွဲတာနဲ့ အင်မတန်အားပြင်းထန်တဲ့ လျှပ်စီးတန်းတွေက သေနတ်ထဲကနေ ထွက်လာပြီး ဖရက်ကိုလာရောက်ထိမှန်တယ်။ ဖရက်က နောက်ကိုနည်းနည်းရွေ့သွားပေမဲ့ ဓားရဲ့လျှပ်စီးစက်ကွင်းက ကြောင်ရဲ့သေနတ်လျှပ်စီးကို တားဆီးထားတဲ့အတွက် ကြီးကြီးမားမား မထိခိုက်သွားဘူး။

ဒါကြောင့် ဖရက်က ရှေ့ကိုဆက်တက်တယ်။ ရှေ့ဆက်တက်လေ ကြောင်က သေနတ်နဲ့ပစ်လေဖြစ်ပြီး သူတို့ဆီက လျှံထွက်လာတဲ့ လျှပ်စီးကြောင်းတွေက ပတ်ဝန်းကျင်က ဆူနာမီနံရံနဲ့မြစ်ကမ်းပါးတွေကို ပျက်စီးပြိုကျသွားစေတယ်။

နောက်ဆုံးတော့ သူတို့နှစ်ယောက် ရင်ဆိုင်မိကြပြီး ဖရက်က ဓားနဲ့ကြောင်ကိုခုတ်လိုက်တယ်။ ကြောင်ကလည်း သူ့လက်ကိုမြှောက်လိုက်ပြီး လျှပ်စီးစက်ကွင်းတစ်ခုနဲ့ တားဆီးလိုက်တယ်။

နောက်တော့ ပေါက်ကွဲမှုကြီးတစ်ခုနဲ့အတူ ကြောင်နဲ့လူက မိုးပေါ်ကိုထောင်တက်သွားပြီး ဆက်လက်တိုက်ခိုက်ကြတယ်။ ဒီတိုက်ပွဲက ဟီးရိုးအစည်းအရုံးအနေနဲ့ လစ်လျူရှုလို့မရတဲ့ အနေအထားအထိရောက်နေပါပြီ။ ဥစာကီက ရုံးအလုပ်တွေပစ်ထားပြီး ဟီးရိုးအစည်းအရုံးခေါင်မိုးပေါ်တက်ပြီး အခြေအနေကြည့်တယ်။ နောက်တော့ ဘေးမှာရပ်နေတဲ့ ဒရုန်းဇုန်ကို ပြောလိုက်တယ်။

"ဒီအခြေအနေက ငါတို့ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ မရှိတော့ဘူး။ ကိုင်းတိုကို သွားခေါ်လိုက်။"

အခုတိုက်ခိုက်နေတဲ့နှစ်ယောက်လုံးက ဥစာကီထက် အများကြီးစွမ်းအားကြီးနေပြီ။ ဖရက်ရဲ့စွမ်းအားသစ်က အတော်လေးအားကောင်းပြီး တစ်ယောက်ချင်းရင်ဆိုင်မယ်ဆိုရင်တောင် ဥစာကီအနေနဲ့ အတော်ရုန်းကန်ရမှာပါ။

ကြောင်နက်ကလည်း အားကောင်းတယ်။ ဒါကြောင့်လည်း မြို့ထဲမှာ အပျက်အစီးတွေဖြစ်နေတာတောင် ဥစာကီက သူတို့ကိုတားဆီးဖို့ ထိရောက်တဲ့အစီအမံတစ်ခုမှ မလုပ်ခဲ့တာပေါ့။

ပြည်သူတွေက တိုကျိုဟီးရိုးအစည်းအရုံးကို သိပ်မကျေနပ်ကြပေမဲ့ ကြောင်နဲ့လူက လူတွေကိိုမထိခိုက်စေဖို့ ဂရုစိုက်ကြပြီး ကဖေးဆိုင်ရဲ့လူကြိုက်များတဲ့ လာဘ်ကောင်တွေဖြစ်ကြတဲ့အတွက် တရားခံနှစ်ယောက်ကိုတော့ သွားပြဿနာမရှာကြဘူးရယ်။

ပြီးတော့ သွားပြဿနာရှာရင်ရော ဘာရမှာလဲ။ ဥစာကီတောင် သူတို့ကိုမနိုင်လို့ လွှတ်ထားတဲ့ဥစ္စာကို။

မကြာခင်မှာပဲ ဒရုန်းဇုန်က ကိုင်းတိုနဲ့အတူရှိနေတဲ့ ကလေးနှစ်ယောက်ကို ဖုန်းခေါ်လို့ရသွားတယ်။ ဖုန်းကိုင်တဲ့သူက ယုဆပါ။

"ဟယ်လို၊ မမကြီးဒရုန်းဇုန်။ ဘာပြောစရာရှိလို့လဲ။"

"နင်တို့ဘုရားကျောင်းမှာ ကိုင်းတိုရှိလား၊ သူ့ကိုအာကီဟာဘရာဆီ မြန်မြန်လာခိုင်း။ ဒီမှာ အော်ကြောလန်နှစ်ကောင် အလွန်အကျွံတွေလုပ်နေကြပြန်ပြီ။"

ဒရုန်းဇုန်ရဲ့စကားကြောင့် ယုဆလေးက ဘုရားကျောင်းပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တယ်။ အပြင်မှာလည်း တိုက်ပွဲအသေးတစ်ပွဲရှိနေပြီးတော့ ကိုင်းတိုက မီးကြာပန်းသေးသေးလေးတွေနဲ့ မိရိုင်ကို ပစ်ခတ်နေပြီး မိရိုင်ကတော့ မီးကြယ်တွေနဲ့ ခုခံနေတယ်။ သူတို့တိုက်ပွဲကလည်း ကလေးတွေအတွက် ပြင်းထန်တယ်လို့ ပြောလို့ရနိုင်ပြီး အသစ်ဆောက်ထားတဲ့ ဘုရားကျောင်းကျောက်သားကြမ်းခင်းတချို့ဆို မီးဟပ်လို့မည်းတူးနေပြီ။

ယုဆလည်း မျက်လုံးကိုချာလည်လှည့်လိုက်ပြီး ဒရုန်းဇုန်ကို ပြန်ဖြေလိုက်တယ်။

"ခေါ်လို့ရမယ်မထင်ဘူး အစ်မကြီးရေ။ အစ်ကိုနတ်ဘုရားက မိရိုင်နဲ့လေ့ကျင့်ရေးဆင်းနေတယ်။ ဒီနေ့ သူတို့ကိုလာမနှောင့်ယှက်နဲ့လို့ မှာထားတယ်။"

ဒရုန်းဇုန်လည်း ဖုန်းချလိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ဥစာကီကို အခြေအနေပြောပြလိုက်တယ်။ ဥစာကီလည်း သက်ပြင်းချလိုက်ပြီး...

"အား... အခုတလော ဘယ်လိုလုပ်ပြီး လူတိုင်းက လေ့ကျင့်ဖို့ပဲ အသည်းအမည်းလုပ်နေကျပါလိမ့်။ ငါတစ်ယောက်တည်းပဲ ရေသာခိုပြီး အလုပ်တွေလုပ်နေမိတာလား။"

ဥစာကီ ဒီလိုပြောလိုက်တော့ ဒရုန်းဇုန်လည်း လိုက်သက်ပြင်းချတယ်။ "ဒီတော့ ဘယ်လိုလုပ်ကြမလဲ၊ သူတို့ကို ဆက်လွှတ်ထားဦးမလို့လား။"

"မလွှတ်ထားဘူး၊ မြစ်ကမ်းဘေးမှာ တိုက်ခိုက်နေတာမလို့ အပျက်အစီးက အရင်တစ်ကြိမ်ကထက် နည်းတယ်ဆိုပေမဲ့ သူတို့ဒီလိုဆက်လုပ်နေရင် ဟီးရိုးအစည်းအရုံးက အလုပ်မလုပ်ဘူးလို့ လူတွေထင်ကုန်လိမ့်မယ်။ ဒီတော့ ငါသွားတားမယ်။"

ဥစာကီက ပြောပြောဆိုဆိုနဲ့ သူ့ဓားကို ခါးမှာချိတ်၊ ပန်ဒရာဂွန်ထုတ် တိုက်ပွဲသုံးတောင်ပံကျောပိုးအိတ်ကို လွယ်ပြီး ကောင်းကင်ပေါ်ပျံတက်သွားတယ်။ ဦးတည်ရာကတော့ ကြောင်နဲ့လူတိုက်ခိုက်နေတဲ့ နေရာကိုပါ။

ဥစာကီ လာနေတုန်းမှာလည်း ကြောင်နဲ့လူက တိမ်တွေပေါ်မှာ ဆက်တိုက်ခိုက်နေကြပြီး တစ်ယောက်နဲ့တစ်ယောက်က မတိမ်းမယိမ်းပါ။ ဖြတ်သွားရာ လမ်းတစ်လျှောက်မှာတော့ လူတချို့က သူတို့ဖုန်းတွေထုတ်ပြီး ကောင်းကင်ပေါ်ကတိုက်ပွဲကို မှတ်တမ်းတင်နေကြတယ်။

မကြာခင်မှာပဲ ဥစာကီတိုက်ပွဲနေရာကိုရောက်လာပြီး သည်းကြီးမည်းကြီးတိုက်ခိုက်နေတဲ့ လူနှစ်ယောက်ကြားထဲဝင်ရပ်ကာ ဓားကိုထုတ်ပြီး အော်ပြောလိုက်တယ်။

"နင်တို့နှစ်ယောက် တော်သင့်ပြီ၊ မြို့ကလူတွေကိုလည်း အားနာဦးဟဲ့။" ဥစာကီက တကယ်ကြီးနှစ်ယောက်လုံးကို ဓားနဲ့ခုတ်သတ်တော့မယ့်လေသံနဲ့ အော်ဟစ်လိုက်မှ လူနဲ့ကြောင်လည်း ပတ်ဝန်းကျင်ကို သတိထားမိတော့တယ်။

All Chapters