နောက်ဆက်တွဲများ
Vol. 5 Ch. 24
စက်ရုံပျက်စီးသွားတဲ့သတင်းက မက်ဒါနာနားထဲကို ကန့်လန့်ကြီးဝင်လာတယ်။
မြေပုံတစ်ခုပါသွားတာသိပေမဲ့ ရန်သူက ချက်ချင်းလှုပ်ရှားလာလိမ့်မယ်လို့တော့ သူတို့မခန့်မှန်းနိုင်ကြပါဘူး။ စစ်ကူတွေရောက်သွားချိန်မှာ အစောင့်တစ်စိတ်တစ်ခုနဲ့ အလုပ်သမားတစ်ရာဟာ ပြာပုံဖြစ်သွားတဲ့ စက်ရုံထဲမှာပဲ အသက်ပျောက်သွားပြီလို့ အတည်ပြုလိုက်နိုင်တယ်။
အဲဒီထဲမှာ မက်ဒါနာကိုယ်တိုင် လေ့ကျင့်ပေးခဲ့တဲ့ ဝန်ထမ်းအယောက်နှစ်ဆယ်လည်းပါပါတယ်။ ဒီသတင်းကို ကြားကြားချင်းမှာပဲ မက်ဒါနာက စက်ရုံကို မရအရလိုက်ပို့ပေးဖို့ တောင်းဆိုခဲ့တယ်။
နိုင်ငံက မငြိမ်မသက်ဖြစ်နေပေမဲ့ မက်ဒါနာက စိတ်အားထက်သန်နေတာကြောင့် မေမေသီတာနဲ့ဒီပတို့ပါလိုက်ပို့ပေးတယ်။ သူတို့နဲ့အတူ ကိုယ်ရံတော်အဖွဲ့ပါ ပါလာသေးတယ်။
အခုတော့ မက်ဒါနာဟာ မြေတွင်းချိုင့်ကြီးဖြစ်နေတဲ့စက်ရုံတည်နေရာဟောင်းရှေ့မှာ ရပ်နေတယ်။ ဆုဗာနာရဲ့အဓိကအကျဆုံး ချပ်ဝတ်ထုတ်လုပ်ရေးစက်ရုံဆိုတဲ့ သက်သေဆိုလို့ စက်ရုံရဲ့ခြံစည်းရိုးတိုင်တချို့သာ ကျန်ရစ်ခဲ့တယ်။
နေမွန်းလွဲချိန်နေရောင်ချည်က မက်ဒါနာရဲ့ပါးပြင်နုနုပေါ် ဖြာကျနေတယ်။ မက်ဒါနာက ဝှီးချဲလက်ရမ်းကို တင်းတင်းဆုပ်ကိုင်ထားပြီး နှုတ်ခမ်းကိုဖိကိုက်ထားမိတယ်။
"ငါ့ရဲ့ကြိုးစားမှုတွေအကုန်လုံးက အခုလိုပဲ လွယ်လွယ်လေးနဲ့ ပြာမှုန့်ဖြစ်သွားပြီပေါ့။"
ဒီစက်ရုံတည်ဖို့က မက်ဒါနာအတွက် တကယ်ပဲမလွယ်ကူခဲ့ဘူး။ အေမီကို ကယ်တင်နိုင်ဖို့အတွက် တိုင်းပြည်နဲ့ အပေးအယူတစ်ခုလုပ်ဖို့ သူကြိုးစားတည်ဆောက်ခဲ့တာ။ အခုတော့ သနားစရာမြေမှုန်လေးတွေအဖြစ် တစ်စစီကြေမွသွားခဲ့ပါပြီ။
"သတင်းပို့ပါတယ်၊ တရားခံက ဘလေဇာရီအက်တာဗုံးကို အသုံးပြုသွားတယ်လို့ ယူဆရပါတယ်။ စက်ရုံထဲက နာနိုCNC တွေအပါအဝင် ကျွမ်းကျင်ဝန်ထမ်းအားလုံး ပါသွားပါပြီ။" စစ်သည်တစ်ယောက်က ဒီပဆီရောက်လာပြီး အစီအရင်ခံပါတယ်။
မက်ဒါနာက မြေပြင်ပေါ်မှာရှိနေတဲ့ စက်ပစ္စည်းအပိုင်းအစတွေကို လှမ်းကြည့်နေမိတယ်။ အရာအားလုံးက မနေ့တစ်နေ့က မက်ခဲ့တဲ့အိပ်မက်လိုပဲ။
ဒီကဝန်ထမ်းတွေအားလုံးကို သူကိုယ်တိုင်သင်ကြားပေးခဲ့တာပါ။ အတူရယ်မောခဲ့ဖူးတယ်၊ အတူပျော်ရွှင်ခဲ့ဖူးတယ်။ မသက်သာတဲ့ ခံစားချက်က ကြီးထွားလာတာကြောင့် မက်ဒါနာရဲ့ညာဖက်မျက်လုံးကနေ မျက်ရည်တစ်စက် စီးကျလာတယ်။ အဲဒီနောက် နောက်ထပ်မျက်ရည်စက်တွေက လိုက်ပါလာတော့တယ်။
မေမေသီတာက သမီးလေးရဲ့ပခုံးပေါ် လက်တင်လိုက်တယ်။
"သမီးလေး၊ အားမလျှော့ပါနဲ့။ အမေတို့နိုင်ငံမှာ ဒီစက်ရုံကို ပြန်တည်ထောင်ဖို့အတွက် အရင်းအမြစ်တွေရှိဦးမှာပါ။"
ဒါပေမဲ့ မက်ဒါနာက ခေါင်းခါလိုက်တယ်။ သူငိုနေတာ အဲဒီအတွက်မဟုတ်ဘူး။ သူတည်ဆောက်ထားတဲ့ အရာတစ်ခုပျက်စီးသွားတာထက် အများကြီးပိုပါတယ်။
"မဟုတ်ဘူး၊ သမီးငိုနေတာ အဲဒီအတွက်မဟုတ်ဘူး။သူတို့တွေ၊ ဒီနိုင်ငံအတွက် အလုပ်လုပ်ပေးရလို့ ပျော်နေခဲ့တဲ့သူတွေရဲ့မျက်နှာကို တွေးမိခဲ့ရုံပါ။"
ပြီးတော့ လက်ရှိဆုဗာနာရဲ့အရင်းအမြစ်တွေနဲ့ဆိုရင်အခုလိုစက်ရုံမျိုး ပြန်တည်ဆောက်ဖို့ဆိုတာ အချိန်ပိုယူရလိမ့်ဦးမယ်။ အထူးသဖြင့် စစ်ပွဲပိုပြင်းထန်လာတဲ့ အချိန်မျိုးမှာပေါ့။
ဒီပက ငိုနေတဲ့ သူ့အစ်မကိုကြည့်လိုက်တယ်။ အဲဒီနောက် ပြတ်သားတဲ့မျက်နှာနဲ့ သူ့ရှေ့က စစ်သည်တွေအားလုံးကို အမိန့်ပေးလိုက်တယ်။
"ဆုဗာနာနိုင်ငံရဲ့နန်းမွေခံမင်းသားတစ်ပါးအနေနဲ့ရော ဟီးရိုးအစည်းအရုံးဥက္ကဋ္ဌအနေနဲ့ပါ ငါမင်းတို့ကို အမိန့်ပေးတောင်းဆိုမယ်။ လူတွေကြားထဲမှာ ပုန်းနေပြီး ပြစ်မှုကျူးလွန်နေတဲ့ သူလျှိုကိုသတ်ဖြတ်ဖို့ မင်းတို့ကို အခွင့်အာဏာကုန်ပေးအပ်မယ်။ ဖြစ်နိုင်သမျှ မြန်မြန်လှုပ်ရှားကြ။"
"ဟုတ်ကဲ့၊ မင်းသားလေး။"
ဒီပအမိန့်ပေးလိုက်ပြီး သိပ်မကြာခင်မှာပဲ ခံတပ်တံတိုင်းဘက်ကနေ လေကြောင်းသတိပေး ဥဩသံ ထွက်ပေါ်လာတယ်။ ဒီအသံက ဘာကိုဆိုလိုလည်းဆိုတာ သူတို့သိကြပါတယ်။ ရန်သူက လေကြောင်းကနေ တိုက်ခိုက်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
"အစ်မ၊ ကျွန်တော်တို့ နယ်စားနန်းတော်ကို ပြန်ဖို့သင့်ပြီ။" ဒီပက ပြောလိုက်ပေမဲ့ မက်ဒါနာက ပြန်မဖြေဘူး။
မေမေသီတာကတော့ သမီးလေးအဖြေကိုစောင့်မနေဘဲ ဝှီးချဲကိုဆွဲကာ ဗီအိုင်ပီကားရှိတဲ့နေရာကို တွန်းသွားတယ်။ ဒီပနဲ့ကိုယ်ရံတော်တွေလည်း နောက်ကနေ လိုက်လာရတော့တာပေါ့။
...
နယ်စားကြီးကတော့ ခံတပ်လိုင်းအပေါ်ကနေ ဖြတ်ပျံသွားတဲ့ ရန်သူ့တိုက်လေယာဥ်တွေကို ကြည့်နေမိတယ်။ ဒီတစ်ခါပျံတက်လာတဲ့ ရန်သူ့လေယာဥ်တွေက ခါတိုင်းထက်ကို သုံးလေးဆလောက် ပိုများတယ်။
ဆုဗာနာလေယာဥ်ပစ်လက်နက်တွေ အမြန်အဆန်လည်ပတ်ပြီး စတင်ပစ်ခတ်နေပေမဲ့ လေယာဥ်တွေများလွန်းလို့ အားလုံးကိုပစ်မချနိုင်တော့ဘူး။ ပြီးတော့ ဒီတစ်ခါ ရန်သူတွေရဲ့ပစ်မှတ်က မြို့တော်မဟုတ်ဘဲ လက်နက်စက်ရုံတွေဆီကိုပါ။
"ကြည့်ရတာ စစ်ပွဲက ပိုပြင်းထန်လာတော့မယ့်ပုံပဲ။"
ဒီနေ့လယ်ပိုင်းက မက်ဒါနာအကြောင်းကြားတဲ့အတိုင်းဆိုရင် ရန်သူတွေက ဆုဗာနာရဲ့အချက်အချာစစ်ရေးပစ်မှတ်အားလုံးကို သိသွားပါပြီ။ ဒီတော့အခုလာတာ အဲဒါတွေအတွက်ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ချပ်ဝတ်စက်ရုံဖျက်ဆီးခံရတဲ့သတင်း ရောက်လာသေးတယ်။
"ဆိုလိုတာက ချပ်ဝတ်စက်ရုံကို ဦးစားပေးဖျက်ဆီးပြီး ကျန်တဲ့စက်ရုံတွေကို လေတပ်နဲ့ဖျက်ဆီးဖို့ စီစဥ်လိုက်တာပေါ့။"
ကံဆိုးစွာနဲ့ဆုဗာနာရေတပ်က ဂျက်လေယာဥ်တွေကိုယှဥ်မပစ်နိုင်ပါဘူး။ စက်ရုံတွေမှာ အကာအကွယ်ကင်းမဲ့သွားပါပြီ။
....
ဆုဗာနာစစ်ရေးပစ်မှတ်တွေ ဖျက်ဆီးခံလိုက်ရတဲ့ သတင်းက ကမ္ဘာ့သတင်းခေါင်းစည်းတစ်ခုဖြစ်လာပါတယ်။
နိုင်ငံတိုင်းလိုလိုက အင်တာနက်သတင်းဌာနတွေ၊ ရုပ်သံလိုင်းတွေက ဒီသတင်းကိုဖော်ပြကြပါတယ်။ တချို့ကျွမ်းကျင်သူတွေကလည်း ဆုဗာနာဟာ ရက်အနည်းငယ်အတွင်း သိမ်းပိုက်ခံရနိုင်တယ်ဆိုပြီး ဟောကိန်းထုတ်နေကြပါပြီ။
ဖရက်ကလည်း ဆုဗာနာကိုသွားမယ့် တိုက်ရိုက်လေယာဥ်ကိုစီးနေရင်း သတင်းကြည့်နေပါတယ်။
"မပူပါနဲ့၊ မင်းသမီးလေးကို ကျွန်တော်လာကူညီပေးမှာပါ။" ဖရက်က သူ့ပါးစပ်ကနေ တီးတိုးပြောလိုက်တယ်။
ရုတ်တရက် သူတို့စီးလာတဲ့လေယာဥ် လမ်းကြောင်းပြောင်းသွားပြီး ကပ္ပတိန်ရဲ့စကားသံ ထွက်ပေါ်လာပါတယ်။
"အားလုံးပဲ စိတ်မကောင်းပါဘူးခင်ဗျ၊ ဆုဗာနာမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့လေယာဥ်ကို အိန္ဒိယနယူးဒေလီလေဆိပ်မှာပဲ ဆင်းသက်ဖို့ အမိန့်ကျလာ့ာတယ်။ အဆင်မပြေမှုအတွက် စိတ်မကောင်းပါဘူးခင်ဗျ။"
ဖရက်က ဒီသတင်းကိုကြားတော့ ထူးမခြားနားပုံစံနဲ့ လုံခြုံရေးခါးပတ်ကိုဖြုတ်ပြီး ထိုင်ရာကနေ ထလိုက်တယ်။ အဲဒီနောက် လေယာဥ်စင်္ကြန်အတိုင်း နောက်ဖက်ကို စလျှောက်တယ်။
လေယာဥ်မယ်လေးတစ်ယောက်က အပြေးရောက်လာပြီး ဖရက်ကိုတားတယ်။
"လူကြီးမင်းရှင့်၊ လေယာဥ်ပျံက မကြာခင်နယူးဒေလီမှာ ဆင်းတော့မှာမလို့ ထိုင်ခုံမှာပြန်ထိုင်နေပေးပါ။"
ဒါပေမဲ့ ဖရက်ကတော့ ဂရုမစိုက်ပါဘူး။ အဲဒီအစား လေယာဥ်မယ်လေးကို ကြည့်လိုက်ပြီး ဒီလိုပြောလိုက်တယ်။
"ငါလေယာဥ်အရေးပေါ်တံခါးကနေဆင်းမလို့၊ အပြင်ကနေ ပြန်ပိတ်ပေးခဲ့မယ်။ ဒီတော့ မင်းပြုတ်မကျသွားအောင်လို့ ငါ့နေရာမှာသွားထိုင်နေလိုက်။"
ဖရက်က ပြောပြောဆိုဆိုနဲ့ ကောင်မလေးကို သူ့ထိုင်ခုံဆီ လှမ်းပစ်လိုက်တယ်။ အဲဒီနောက်တော့ သူ့ကျောက အတောင်ကိုဖွင့်လိုက်လေရဲ့။
"လူ... လူကြီးမင်း... လုံခြုံရေးတံခါးက ရှင်ဖွင့်ချင်တိုင်း ဖွင့်လို့မရဘူးလေ။"
ဒါပေမဲ့ ဖရက်ကတော့ နားမဝင်ဘဲ လေယာဥ်တံခါးရဲ့မောင်းတံကို ဆွဲလှန်လိုက်ပြီး တံခါးကိုဖွင့်တယ်။ အဲဒီနောက် လေယာဥ်ပျံပေါ်ကနေ ခုန်ချသွားပြီး တံခါးကို အပြင်ကနေ အားနဲ့အတင်းပြန်စေ့ပေးလိုက်တယ်။
လေယာဥ်မယ်နှင့် လေယာဥ်ပေါ်က ခရီးသည်များ : "....." (ငါတို့ဘာတွေ မြင်လိုက်ရတာလဲဟင်။)
...
ကြေးစားစစ်တပ်ဘက်က လေကြောင်းစစ်ထိုးခြင်း ပြီးတဲ့နောက်တော့ ဒီပက ဆုဗာနာစစ်တပ်ဆီကနေ ကောက်ယူထားတဲ့ အပျက်အစီးစာရင်းကို မက်ဒါနာဆီလာပြတယ်။
မက်ဒါနာက ဂုဏ်ထူးဆောင် သေနာပတိကြီးဆိုပေမဲ့တကယ့်တကယ်တမ်း ဘာစစ်တပ်အာဏာမှ ကိုင်စွဲမထားလေတော့ သူ့ကိုတိုက်ရိုက်အစီအရင်ခံမယ့်လူမရှိပါဘူး။ ဒါပေမဲ့ ဒီပကတော့ သူ့အစ်မကြီးက နိုင်ငံကိုကယ်တင်ရာမှာ စွမ်းဆောင်နိုင်တဲ့သူတစ်ယောက်လို့ ယုံကြည်တဲ့အတွက်ကြောင့် အချက်အလက်မျှဝေပေးနေတာပါ။
"အစ်မကြီး၊ ဆုဗာနာရဲ့စစ်လက်နက်ထုတ်လုပ်ရေး ၂၃ ရုံမှာ အစ်မကြီးရဲ့စက်ရုံအပါအဝင် ၁၅ရုံပျက်စီးသွားတယ်။ ကျန်တဲ့စက်ရုံတွေကိုတော့ လေကြောင်းကာကွယ်ရေးလက်နက်တွေက ခုခံနိုင်ခဲ့တယ်။"
"ဒီလိုတာက နိုင်ငံရဲ့ကာကွယ်ရေးလက်နက်ထုတ်လုပ်မှုက လုံးဝနီးပါး ပျက်စီးသွားပြီပေါ့။" မက်ဒါနာရဲ့သုံးသပ်ချက်ကို ဒီပကလည်း ခေါင်းညိတ်သဘောတူလိုက်တယ်။
"ဟုတ်တယ်၊ ကျန်ခဲ့တဲ့စက်ရုံရှစ်ခုမှာ ငါးခုက ရိုးရိုးကျည်ဆန်ထုတ်လုပ်ရေးစက်ရုံတွေ။ ကျန်တဲ့သုံးခုကအမြောက်ဆန်တွေနဲ့တခြားလက်နက်ကြီးတွေထုတ်လုပ်တာ။"
"ပြောရရင်တော့ လက်ရှိဆုဗာနာနိုင်ငံရဲ့အခြေအနေက ပိုဆိုးလာပြီပေါ့။ ငါတို့တွေက ချပ်ဝတ်အသစ်မထုတ်နိုင်သေးတဲ့အပြင် ကျည်ဆန်ပြတ်လတ်မှုကိုတောင် ကြုံတွေ့ရတော့မယ်။"
ဆုဗာနာရှေ့တန်းခံစစ်ရဲ့ကျည်သုံးစွဲမှုက သိပ်များပါတယ်။ ကြီးမားတဲ့ စက်လက်နက်စက်ရုံကြီးတွေရဲ့ထုတ်လုပ်နိုင်စွမ်းသာမရှိရင် အချိန်တိုအတွင်းမှာပဲ ကျည်ပြတ်သွားပြီး ဓားခေတ်လှံခေတ် ပြန်ရောက်သွားတော့မှာ။
"ဆုဗာနာလွှတ်တော်ကတော့ တရုတ်ဖက်ကနေပြီး လက်နက်တင်သွင်းဖို့လုပ်နေတယ်။" ဒီပစကားကိုကြားတော့ မက်ဒါနာသက်ပြင်းချလိုက်တယ်။
"ဒါပေမဲ့ ဇက်သတ္တုကျည်တွေမှ အရိုးမျက်နှာတွေအပေါ် သေချာသက်ရောက်မှုရှိတာမဟုတ်ဘူးလား။ ဒီတော့ ဆုဗာနာက သူတို့ကို ဇက်သတ္တုကုန်ကြမ်းတွေပေးရမယ်။ ကောင်မရှင်ခဆိုပြီး အမြတ်တင်ခံရမယ့်အပြင် ကျည်ဆန်ကလည်း ပြည်တွင်းလုပ်လိုမျိုး အရည်အသွေးမီချင်မှမီတော့မှာ။ ပြီးတော့ အလင်းဒြပ်စင်ရိုင်ဖယ်တွေလည်း ငါတို့မှာအများကြီးရှိမနေပြန်ဘူး။"
မက်ဒါနာရဲ့စကားကြောင့် ဒီပခေါင်းငိုက်စိုက်ချထားလိုက်တယ်။ "အခုတော့ ကျွန်တော်တို့နိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်လေးရှိလာခါမှ ရေစုန်မျောသွားပြီ။"
မက်ဒါနာလည်း တစ်ခဏတော့ စိတ်ဓာတ်အတူကျနေပေမဲ့ ခနနေတော့ ပြုံးလိုက်ပြီး ဒီပကိုပြောလိုက်တယ်။
"ဒီပရေ၊ ငါ့အမေပြောတာ မှန်တယ်လို့ထင်တယ်။ ငါတို့ဆုဗာနာမှာ စက်ရုံပြန်ဖို့ အရင်းအမြစ်တွေရှိနေသေးတာပဲ မဟုတ်ဘူးလား။"
ဒီပလည်း ခေါင်းကိုမော့ပြီး သူ့အစ်မကြီးကို ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာတော့ မယုံနိုင်ခြင်းများစွာနဲ့ပါ။
"ဒါပေမဲ့ ကျွမ်းကျင်လုပ်သားတွေအားလုံး အသတ်ခံလိုက်ရပြီး နာနိုCNC စက်တွေအကုန်လုံး ပျက်စီးကုန်ပြီမဟုတ်ဘူးလား။"
ဒါပေမဲ့ မက်ဒါနာကတော့ ပြုံးနေဆဲဖြစ်ပြီး စာကြည့်တိုက်ရဲ့ပြတင်းပေါက်အပြင်က နေဝင်လုဆဲဆဲမြင်ကွင်းကို ကြည့်နေတယ်။
"မဟုတ်ဘူး၊ ငါတို့မှာ လက်တွင်ခုံတွေရှိနေတာပဲမဟုတ်လား။ စက်နဲ့ထုတ်တာထက် အရေအတွက် နည်းမယ်ဆိုရင်တောင် ငါတို့ဆက်လုပ်နိုင်ရမယ်။"
မက်ဒါနာရဲ့အနိုင်မခံအရှုံးမပေးချင်တဲ့စိတ်ကလည်းဒီပကို ကူးစက်လာပြီး ခေါင်းညိတ်လိုက်တယ်။
"ဒီလိုဆိုရင်တော့ ဖြစ်နိုင်လိမ့်မယ်ထင်တာပဲ။"
...
ဒီပအမိန့်ပေးလိုက်တဲ့အတွက် ဆုဗာနာတပ်ဖွဲ့တွေက ဒေသခံမှုခင်းရဲတပ်ဖွဲ့တွေနဲ့ပေါင်းပြီး မြို့ကြီးတွေမှာ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေပါပြီ။
သူလျှိုပုန်းအောင်းနေနိုင်တဲ့ ဟိုတယ်၊ တည်းခိုခန်းလိုနေရာမျိုးတွေကို အဓိကရှာဖွေကြပြီး သာမန်လူနေအိမ်တွေကိုတော့ သန်းခေါင်စာရင်းစစ်သလိုစစ်ရပါတယ်။ မက်ဒါနာက ဒီအဖွဲ့ဝင်တိုင်းကို ရထားသမျှ အချက်အလက်တွေ မျှဝေပေးထားတာကြောင့် လူသတ်သမားက ရုပ်ပြောင်းနိုင်မှန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သိကြပါတယ်။
ဒါကြောင့် သူတို့တွေက လူအရေအတွက်ကိုက်မကိုက် စစ်ဆေးရုံတင်မကဘဲ အစစ်ဟုတ်မဟုတ်သိနိုင်ဖို့ မေးခွန်းတချို့တလေပါ မေးကြတယ်။
လူပြတ်သော လူချမ်းသာရပ်ကွက်တစ်ခုရှိ အိမ်ကြီးတစ်လုံးရှေ့မှာတော့ အထူးလေ့ကျင့်ပေးထားတဲ့ တပ်ဖွဲ့ဝင်အနည်းငယ်က နေရာအသင့်ယူထားပြီး တပ်ဖွဲ့ရဲ့သွေးသောက်က တံခါးသွားခေါက်တယ်။
"ဆုဗာနာလုံခြုံရေးတပ်ဖွဲ့ကပါ၊ ကျွန်တော်တို့အမိမြေလုံခြုံရေးအတွက် မေးစရာနည်းနည်းလောက်ရှိလို့ပါ။"
ဒါပေမဲ့ အထဲကနေ ဘာဖြေသံမှ ထွက်မလာဘူး။
တကယ်တော့ ဒီလိုဖြစ်လာမယ်ဆိုတာ သူတို့မျှော်လင့်ပြီးသားပါ။ ဒီအိမ်နဲ့ပတ်သက်ပြီး မူမမှန်တဲ့သတင်းတွေ သူတို့ရထားပြီးသား။
အိမ်နီးချင်းတွေရဲ့အဆိုအရ ဒီအိမ်မှာ မိသားစုသုံးယောက်နေပေမဲ့ အခုရက်ပိုင်း ကလေးကျောင်းသွားတာမတွေ့ဘူး။ စစ်ပွဲတွေကြောင့် ကလေးကိုစိတ်မချလို့ ကျောင်းမလွှတ်တာ ဖြစ်နိုင်ပေမဲ့လည်း ယောကျ်ားဖြစ်သူပါ အလုပ်မသွားတော့ တစ်ခုခုထူးဆန်းသလိုဖြစ်နေပြီ။ ပိုထူးဆန်းတာက ညပိုင်းဆိုရင် လူနေတယ်လို့ကို မထင်လောက်အောင် အိမ်ကတိတ်ဆိတ်နေတာပါ။
အိမ်ရှင်မဖြစ်တဲ့ အမျိုးသမီးကိုတော့ ရံဖန်ရံခါတွေ့တတ်ပေမဲ့ အိမ်နီးနားချင်းတွေနှုတ်ဆက်ရင် ပြန်မဖြေတာမျိုးတွေ့ရတယ်။
အိမ်နီးချင်းတွေက အနည်းငယ်သံသယဝင်ရုံပဲဆိုပေမဲ့ ဆုဗာနာတပ်ဖွဲ့ကတော့ မင်းသမီးလေးဆီကနေ တရားခံရဲ့ရုပ်ပြောင်းနိုင်စွမ်းအကြောင်း သိထားပြီးဖြစ်လို့ ဆက်စပ်မိသွားပြီး အင်အားအလုံးအရင်းနဲ့ လာဝိုင်းတာပါ။
နောက်ဆုံးတော့ သွေးသောက်က သူ့တပ်ဖွဲ့တွေကို အချက်ပြလိုက်တယ်။ "ဝင်ကြစို့။"
အဲဒီနောက် သူတို့က အထူးတပ်ဖွဲ့လှုပ်ရှားပုံအတိုင်း တံခါးကိုသံတုံးနဲ့တိုက်ဖွင့်ပြီး အထဲကိုအမြန်ဝင်သွားတယ်။ ဒါပေမဲ့ သူတို့တွေ အသက်ရှင်နေတဲ့ လူတစ်ယောက်ကိုမှ မတွေ့ခဲ့ရဘူး။
အဲဒီအစား တစ်ကိုယ်လုံးမှာ အပ်ချုပ်ရာတွေနဲ့ပြည့်နှက်နေတဲ့ ပြာနှမ်းပြီး မကြာခင်မှာအပုပ်နံထွက်လာတော့မယ့် မိသားစုဝင်သုံးယောက်ကိုသာ နံရံမှာကပ်လျက်သား တွေ့လိုက်ရတော့တယ်။
သွေးသောက်က ဂြိုဟ်တုဖုန်းကိုသုံးပြီး ဖြစ်စဥ်ကိုစောင့်ကြည့်နေတဲ့ နယ်စားကြီးနဲ့ဒီပကို တိုက်ရိုက်အစီရင်ခံလိုက်တယ်။
"အရှင်တို့၊ လူအသေအပျောက် သုံးယောက်ရှိတယ်။သေဆုံးချိန်ကတော့ ခန့်မှန်းချေ သုံးရက်ပါ။ ကလီစာတွေအဖွင့်ထုတ်ခံရပြီး ဆိုးဆိုးဝါးဝါးအသတ်ခံထားရပုံပဲ။"
....
"ရေနွေးငွေ့ခေါင်း၊ မင်းလုပ်တာတော်တယ်။ ငါတို့အခု နယ်စားနယ်မြေရဲ့လက်နက်ထုတ်လုပ်ရေးယန္တရားတစ်ခုလုံးကို ပိတ်ချပစ်နိုင်ခဲ့ပြီ။"
"အားလုံးတော့ မဟုတ်ပါဘူး။ အနည်းအကျင်းတော့ ကျန်ပါသေးတယ်။" ကားလ်ရဲ့ချီးကျူးမှုကို ရေနွေးငွေ့ခေါင်းက ခပ်ဟဟရယ်မောရင်း တုံ့ပြန်လိုက်တယ်။
အခုသူက ကိုယ်ရံတော်တပ်သားတစ်ယောက်လို ဝတ်ဆင်ထားပြီး နောက်ခံကလည်း နန်းတွင်းထဲမှာပါ။ ကားလ်က မျက်ခုံးပင့်လိုက်ပြီး။
"ဝိုးလ်၊ မင်းက နန်းတွင်းထဲတောင် ခိုးဝင်လိုက်နိုင်ပြီလား။"
ရေနွေးငွေ့ခေါင်းကလည်း "သူတို့က ငါ့ကိုအမဲစလိုက်နေပြီဆိုတော့ အသိုက်ပြောင်းမှဖြစ်တော့မှာကိုး။ အန္တရာယ်အများဆုံးနေရာက စိတ်အချရဆုံးပဲလေ။ ပြီးတော့ ငါ့မစ်ရှင်ရဲ့ဒုတိယအဆင့်ကို စဖို့ဆိုရင် ဒီနေရာက အကောင်းဆုံးပဲ။"
ကားလ်ကလည်း ပြုံးလိုက်ပြီး "ညောင်သီးလည်းစား၊ လေးညို့သံလည်းနားထောင်ဆိုတဲ့ ဆုဗာနာ စကားပုံရှိတယ်မဟုတ်လား။ သိပ်အတင့်မရဲနဲ့၊ မင်းသမီးလေးနားမှာ ကာကွယ်ပေးမယ့်သူတွေ အများကြီးရှိတယ်။"
ရေနွေးငွေ့ခေါင်းကတော့ အဲဒီကိစ္စကို သိပ်စိတ်ပူပုံမပေါ်ပါဘူး။ သူ့မှာလည်း သူ့တွက်ကိန်းနဲ့သူ ရှိနေပြီးသားပါ။
"မင်းတို့တွေ ဒီနေ့ည ရှေ့တန်းကိုပြဿနာရှာမယ်မဟုတ်လား။ ရှေ့တန်းမှာ ပြဿနာဖြစ်နေမယ်ဆိုရင် ရှိသမျှပညာရှင်တွေအကုန်လုံး ခံတပ်တံတိုင်းကိုပြေးရလိမ့်မယ်။ ဒါဆိုရင် ငါအောင်မြင်ဖို့ ပိုအခွင့်အရေးများသွားမှာပဲ။"
ကားလ်လည်း ခေါင်းညိတ်ပြလိုက်တယ်။ "အေး၊ အရိုးမျက်နှာတွေအများကြီး ဆုံးရှုံးသွားတယ်ဆိုပေမဲ့ ငါတို့မှာ ဝှက်ဖဲတစ်ခုတော့ ရှိနေတုန်းပဲ။ တပ်မှူးကြီးကို အရိုးမျက်နှာတွေကျွေးလိုက်မယ်ဆိုရင် သူ့အရိပ်က အကြီးကြီးဖြစ်သွားပြီး ခံတပ်တစ်ခုလုံးကို ဝါးမျိုပစ်နိုင်လိမ့်မယ်။ ဒါဆိုရင် ဆုဗာနာရှေ့တန်းကို ရှိသမျှပညာရှင်တွေ ရောက်လာလိမ့်မယ်။ အဲဒီအချိန်မင်းလှုပ်ရှားပေါ့။"
ကားလ်ပြောလိုက်တော့ ရေနွေးငွေ့ခေါင်းလည်း သိပ်ပျော်သွားတယ်။ အဲဲဒီနောက် သူက ကားလ်ကိုပြန်မေးလိုက်တယ်။
"ဒါနဲ့ ငါမင်းသမီးလေးကို တကယ်သတ်ရမှာလား။ ဒါမှမဟုတ် မင်းတို့အကြံကိုထပ်ဆင့်ပြီး မင်းသမီးလေးကိုသုံးပြီး နယ်စားကိုလက်နက်ချခိုင်းပြီးမှ ပုရွက်ဆိတ်ဘုရင်မကို အကျပ်ကိုင်ကြမလား။"
ကားလ်ကလည်း "မင်းရုတ်တရက်ရလာတဲ့အကြံက သိပ်မဆိုးဘူးကွ။ ဒါပေမဲ့ အဲဒီမင်းသမီးက သိတဲ့အတိုင်း ကိန်းရှင်လေကွာ။ မင်းသူ့ကို အရုပ်လုပ်ပစ်လိုက်။ ငါတို့ကတော့ ရှေ့တန်းမှာပဲ နယ်စားကြီးကို ရအောင်ဖမ်းမယ်။"
"ကောင်းပြီလေ၊ အပေးအယူဖြစ်ပြီ။ ငါလည်း အရုပ်သစ်လိုချင်နေတာနဲ့ အတော်ပဲ။"
ရေနွေးငွေ့ခေါင်း ဖုန်းချသွားတယ်။ ကားလ်ကတော့ တစ်ဖက်ကို လှည့်ကြည့်လိုက်ပါတယ်။ ဒုဗျူဟာမှူးနဲ့ ဆီဆီလီယာက သူ့ကိုပခုံးတွန့်ပြတယ်။
"တပ်မှူးရော အစီအစဥ်စနေပြီလား။" ကားလ်မေးလိုက်တော့ ဆီဆီလီယာက ခေါင်းညိတ်ပြပြီး တဲအပြင်ထွက်လိုက်တယ်။ ကျန်တဲ့သူတွေလည်း သူ့နောက်က လိုက်လာကြတယ်။
သစ်တောရဲ့တစ်နေရာကိုရောက်တော့ သုံးယောက်လုံး ရပ်လိုက်ကြပြီး သူတို့ရှေ့က မြင်ကွင်းကိုကြည့်လိုက်ပါတယ်။
သစ်တောထဲမှာ ရိုးမျက်နှာတွေက ခံစားချက်မဲ့စွာနဲ့ စီတန်းရပ်နေကြတယ်။ အရိုးမျက်နှာတွေရဲ့အရေအတွက်က ထောင်သောင်းချီတဲ့အတွက်ကြောင့် ကြည့်ရတာ တစ်မျိုးကျက်သီးထစရာကောင်းနေပါတယ်။
အဲဒီအရိုးမျက်နှာတန်းကြီးရဲ့အဆုံးမှာတော့ ပုံသဏ္ဍာန်အတည်တကျမရှိတဲ့ အနက်ရောင်မွန်းစတားသတ္တဝါကြီးရှိနေပြီး အကောင်အထည်ဖြစ်တည်နေတဲ့ အရိပ်လက်တွေနဲ့ အရိုးမျက်နှာတွေကို မနားတမ်းစားနေပါတယ်။
မနေ့ကအထိ တပ်မှူးကြီးရော့ဝဲလ်ရဲ့အရိပ်မှာ ပါးစပ်တစ်ပေါက်ပဲ ရှိခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အခုတော့ပါးစပ်တွေ ဒါဇင်နဲ့ချီပေါက်နေပြီဖြစ်ပြီး လက်တွေကလည်း ရာနဲ့ချီနေပါပြီ။ အရွယ်အစားဆိုရင်လည်း အခုဆိုရင် ပေတစ်ရာလောက်အထိကို မြင့်တက်လာနေပါပြီ။
ပြီးတော့ အရိုးမျက်နှာတစ်ကောင်စားတိုင်းမှာ အရွယ်က နည်းနည်းထပ်ကြီးလာတယ်။ ဆီဆီလီယာက အရိုးမျက်နှာတွေကို အရိပ်ဆီကျွေးနေတဲ့ ရော့ဝဲလ်ကို ကြည့်လိုက်ပြီး လက်ပိုက်ကာ ကားလ်ကိုပြောလိုက်တယ်။
"အခုတင် အရိပ်ရဲ့အရွယ်က ပေတစ်ရာကျော်နေပြီ။ အရိုးမျက်နှာတစ်သောင်းခွဲလုံးကို စားပြီးသွားရင် ပေသုံးရာကျော်သွားမလားပဲ။ ရုရှားမှာပေါ်လာတဲ့ လိပ်နက်ကြီးနဲ့ယှဥ်ရင်တော့ ဟာသလိုဖြစ်နေပေမဲ့ ဆုဗာနာတံတိုင်းကိုဖြိုချဖို့တော့ လုံလောက်တာထက်ပိုတယ်။"
တကယ်တော့ ကားလ်က ဆီဆီလီယာထက်စာရင် လက်ရှိအခြေအနေကို ပိုကျေနပ်နေတယ်။ "တပ်မှူးကြီးရော့ဝဲလ်ရဲ့အရိပ်က S+ အဆင့်ထိတောင်ရောက်သွားလိမ့်မယ်ထင်တယ်။ ဆုဗာနာကိုသိမ်းပြီးရင် လော့ဒ်မာရှယ်တောင် သူ့ကိုထိန်းချုပ်နိုင်တော့မယ်မထင်ဘူး။"
ကြေးစားစစ်တပ်မှာ အင်အားကသာ အဓိကဖြစ်ပါတယ်။ ရော့ဝဲလ်သာ လော့ဒ်မာရှယ်ထက် ပိုစွမ်းလာရင် ရော့ဝဲလ်က လော့ဒ်မာရှယ်ရဲ့ရာထူးကို အဆုံးသတ်ပစ်ပါလိမ့်မယ်။