← Chapters

နောက်ဆုံးခံစစ်

Vol. 5 Ch. 25

နောက်ဆုံးခံစစ်

Vol. 5 Ch. 25

လွန်ခဲ့သောနှစ်ရက်က။

ပုဆိန်စောင့်လျှောက်သူက သူရောက်လာတဲ့နေရာမှန်မမှန် သိရဖို့အတွက် ဖုန်းကိုဖွင့်ပြီး မေမေသီတာပို့ထားတဲ့ မက်ဆေ့ကို ကြည့်လိုက်တယ်။ မေမေသီတာက တိိဗက်ဒေသရဲ့ဆန်ရီဘုန်းကြီးကျောင်းကို သွားခိုင်းလိုက်တာ။

"သူညွန်တဲ့အတိုင်းဆိုရင် ဒီနေရာထင်တာပဲ။" ပုဆိန်စောင့်ရှောက်သူက နာကျင်နေတဲ့ပခုံးကို ဖြေလျှော့လိုက်ရင်း ဖုန်းနဲ့ဘုန်းကြီးကျောင်းနာမည်ကို ဓာတ်ရုံရိုက်ဂိုဂဲလ်နဲ့ဘာသာပြန်လိုက်တယ်။

"အမှန်ပဲ၊ ဆန်ရီဘုန်းကြီးကျောင်းက ဒီနေရာပဲ။" စစ်ပွဲမှာ ဒဏ်ရာအကြီးအကျယ်ရသွားလို့ နယ်စားကြီးက ပုဆိန်စောင့်ရှောက်သူကို နားရက်ရှည်ပေးလိုက်တယ်။ ဒါပေမဲ့ မေမေသီတာက ဆုဗာနာတိုက်ပွဲတွေပြင်းထန်လာနေတဲ့အတွက် စိုးရိမ်လာပြီး တိုင်းပြည်ပြင်ပရောက်နေတဲ့ မိတ်ဆွေဟောင်းတချို့ကို အကူအညီတောင်းဖို့နဲ့ရောဂါကုသဖို့အတွက် တိဗက်ကုန်းမြေမြင့်ကို လွှတ်လိုက်တာ။

"ပုဆိန်စောင့်ရှောက်သူ၊ သေချာနားထောင်။ တိဗက်မှာ ငါ့ကျောင်းတုန်းက သူငယ်ချင်းချန်းဖန်နဲ့ ပါဗာတီရှိတယ်။ သူတို့က သိပ်အဆင့်မမြင့်ပေမဲ့ ပါဗာတီက နင့်ဒဏ်ရာကိုကုပေးနိုင်ပြီး ချန်းဖန်ကတော့ ဆုဗာနာကို တစ်ဖက်တစ်လှမ်းကနေ ကူညီပေးနိုင်လိမ့်မယ်။ ဆန်ရီဘုန်းကြီးကျောင်းကိုသာ ရအောင်ရှာ။"

ဒါက မေမေသီတာပြောခဲ့သမျှအကုန်ပဲ။ ပုဆိန်စောင့်ရှောက်သူ ဘုန်းကြီးကျောင်းဂိတ်မှာရပ်နေတုန်း မေမေသီတာနဲ့ သက်တူရွယ်တူ အမျိုးသမီးကြီးတစ်ယောက် အနားရောက်လာပြီး ဗမာလိုမေးတယ်။

"နင်က ဆုဗာနာကနေလာတာလား၊ ဘာကိစ္စရှိလို့လဲ။" ဆုဗာနာတွေရဲ့ဝတ်ပုံစားပုံက တိဗက်နဲ့မတူတာကြောင့် လူတွေကြားထဲမှာ ထင်းထွက်နေတယ်လေ။

ပုဆိန်စောင့်ရှောက်သူကလည်း အမျိုးသမီးကို ပြန်ကြည့်လိုက်တယ်။ အတော်လေးလှတဲ့ သက်လတ်ပိုင်းအမျိုးသမီးဖြစ်ပြီး တိဗက်ရိုးရာဝတ်ရုံရှည်ကိုဝတ်ထားပေမဲ့ G Cup အရွယ်ရှိတဲ့ရင်ဘတ်နေရာက သိပ်ကိုထင်ရှားထွက်နေတယ်။ တိဗက်လိုဝတ်ထားပေမဲ့ တိဗက်ဒေသခံတွေနဲ့ နည်းနည်းမှမတူဘူး။

"အစ်မကြီး၊ ဘုန်းကြီးကျောင်းရှေ့မှာ ဘယ်လိုလုပ်ပြီး မာတုဂါမတစ်ယောက် ရှိနေရတာတုန်း။"

လာမားဘုန်းကြီးကျောင်းတချို့က ဒီလိုကိစ္စမျိုးမှာ တင်းကျပ်တယ်လေ။ ဒါပေမဲ့ အမျိုးသမီးကြီးကတော့ လက်ပိုက်လိုက်ပြီး "အမလေး၊ ဂိတ်တံခါးရှေ့ရပ်တာကတော့ ဘာမှမဖြစ်ပါဘူး။ ငါက နင်ဂိတ်တံခါးရှေ့မှာ အကြာကြီးရပ်နေလို့ တစ်ခုခုများဖြစ်နေလားလို့ သိရအောင် လာစကားမေးတာ။"

ပုဆိန်စောင့်ရှောက်သူကလည်း တကယ်အခက်တွေ့နေတာမလို့ သူရှာနေတဲ့လူတွေအကြောင်း ပြောလိုက်ပါတယ်။ "ကျုပ်က ကျုပ်ဒဏ်ရာတွေကိုကုဖို့နဲ့ ဆုဗာနာကိုကူညီဖို့ ပါဗာတီနဲ့ချန်းဖန်ဆိုတဲ့ တိဗက်ရောက်နေတဲ့ ဆုဗာနာသားနှစ်ယောက်ကို လာရှာတာပါ။"

ဒီစကားကိုကြားတော့ အိန္ဒိယသူရုပ်ပေါက်နေတဲ့ အမျိုးသမီးက မျက်လုံးကိုလှန်လိုက်ပြီ။ "ပါဗာတီဆိုရင်တော့ ငါပဲ။ ချန်းဖန်ကတော့ အဲဒီဘုန်းကြီးကျောင်းထဲမှာ လာမားဝတ်နေတဲ့ အူတူတူကောင်။ နင်က နင့်ဒဏ်ရာတွေကုချင်တာမလား၊ ငါကုပေးမယ်။ ငါနဲ့လိုက်ခဲ့ချေ။"

နောက်တော့ ပါဗာတီက တောင်ခြေက တဲတစ်လုံးဆီခေါ်သွားပြီး ပုဆိန်စောင့်ရှောက်သူရဲ့လက်ကို ပြန်ပေါက်အောင်လုပ်ပေးတယ်။ ပုံမှန်ဆိုရင်တော့ ဆုဗာနာက ကုသရေးမြူတန့်တွေက ဒီလိုမတတ်နိုင်ပါဘူး။ ဒါပေမဲ့ ပါဗာတီကတော့ ထူးခြားတဲ့တည်ရှိမှုတစ်ခုပါ။ သူ့ကုသရေးအစွမ်းက အင်မတန်အားကောင်းပြီး တိုက်ခိုက်ရေးမှာ သိပ်မတော်ရုံပဲရှိတာပါ။

ဒဏ်ရာပြန်ကောင်းသွားပြီးနောက်တော့ ပုဆိန်စောင့်ရှောက်သူက ဆုဗာနာမှာကြုံနေရတဲ့ အကြောင်းတွေကို ရှင်းပြတယ်။ ဘာကြောင့် သူတို့ပြန်လာရမယ်ဆိုတာကိုရောပေါ့။

ပါဗာတီက နားထောင်ပြီးတဲ့နောက် သက်ပြင်းချလိုက်တယ်။ "ငါတို့အမိမြေ တိုက်ခိုက်ခံနေရတာတော့သိပေမဲ့ ဒီလောက်ပြင်းထန်လိမ့်မယ်လို့တော့ ထင်မထားဘူး။ ငါလည်း ဆုဗာနာကိုပြန်ပြီး ကူချင်ပေမဲ့ အခုတော့မပြန်နိုင်သေးဘူး။"

"ဒါပေမဲ့ အကြောင်းအရင်းက ဘာကြောင့်များလဲ။" ပုဆိန်စောင့်ရှောက်သူက မေးလိုက်တော့ ပါဗာတီက လေအများကြီးကို ရှိုက်သွင်းလိုက်ပြီး စပြောပြပါတယ်။

"ဒါတွေအားလုံးက နယ်စားသမီးတော်သီတာနဲ့အချစ်ရှုံးသမားကြီး ချန်းဖန်တို့ကနေ စတာပဲ။" ပါဗာတီက စရှင်းပြတယ်။

"တစ်ခါတုန်းက ငါရယ်၊ သီတာရယ်၊ ချန်းဖန်ရယ်က ဆုဗာနာဟီးရိုးကျောင်းမှာ အတူတူတက်ခဲ့တာ။ သီတာကတာ တိုက်ရခိုက်ရတာ ဝါသနာမပေမဲ့ အဆင့်ကတော့ အမြဲတမ်းထိပ်ဆုံးမှာချည်းပဲ။ ချန်းဖန်ကတော့ သူ့အိပ်မက်ထဲက မင်းသမီးလေးကို အရယူနိုင်ဖို့ အမြဲကြိုးစားခဲ့တာပေါ့။ ငါလည်း ချန်းဖန်ကိုမှ ကြိုက်မိလေတော့ သူတို့ကိုလိုက်မီအောင် ကြိုးစားခဲ့ရတယ်။ နောက်တော့ စိတ်မချမ်းသာစရာတွေ ဖြစ်လာတော့တာပဲ။"

ပုဆိန်စောင့်ရှောက်သူက မေမေသီတာတို့ရဲ့ရင်နင့်ဖွယ်ရာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို စနားထောင်ရတယ်။ ဒီအကြောင်းက အခုလိုထူးခြားအစွမ်းရှိတဲ့ B rank နှစ်ယောက်ရဲ့ဆုဗာနာကို စွန့်ခွာမှုကို ဖြစ်စေခဲ့တာမလို့ပါ။

"ချန်းဖန်က ရှန်းယန်ခရိုင်အထက်မူးမတ်ရဲ့သားတစ်ယောက်ပေမဲ့ နယ်စားသမီးတော်ထက်တော့ အဆင့်နိမ့်တယ်။ ဒါပေမဲ့ နယ်စားကြီးက သူ့ကိုအထင်ကောင်းရှိလာပြီး မင်းသမီးလေးနဲ့စေ့စပ်ပေးဖို့ လုပ်တော့တာပေါ့။ ဒါပေမဲ့ သီတာက ချန်းဖန်ကို ရက်ရက်စက်စက်ငြင်းပြီး နိုင်ငံခြားထွက်သွားတယ်လေ။ အဲဒီကတည်းက လူ့လောကကြီးကို စိတ်ကုန်သွားပြီဆိုပြီး ဒီမှာလာမားဝတ်နေတာလေ။ ငါကတော့ သူ့ကိုစိတ်မကုန်နိုင်သေးတော့ သူနေတဲ့နေရာလိုက်နေရာကနေ နှစ်ယောက်လုံး ဆုဗာနာပြင်ပရောက်နေတာ။"

"....." ပုဆိန်စောင့်ရှောက်သူကတော့ ဘာပြောရမှန်းမသိတော့ဘူး။ ဒီနှစ်ယောက်လုံးက B+ အဆင့်ရှိသူတွေဖြစ်ပေမဲ့ အဲဒီကိစ္စသေးသေးလေးကြောင့် လေးပွင့်ဆိုင်စစ်ပွဲမှာ လာမကူကြပါဘူး။ သူတို့သာ ပြန်လာခဲ့မယ်ဆိုရင် ကီလိုမန်းမရှိတော့ရင်တောင် ဆုဗာနာရဲ့ဟီးရိုးအစည်းအရုံးက ကလေးတစ်ယောက်ကို ဌာနမှူးတင်ရတဲ့အထိ အားနည်းနေမှာမဟုတ်ဘူး။

ပုဆိန်စောင့်ရှောက်သူလည်း အတ္တကြီးလွန်းတဲ့လူနှစ်ယောက်ကို ဆဲချင်နေပေမဲ့ ဝေသန္တရာထုံးနှလုံးမူပြီး ဆက်စကားပြောရတယ်။

"အခုဆုဗာနာက ခင်ဗျားတို့ကို လိုအပ်နေပြီဆိုတော့ ပြန်လာဖို့ စဥ်းစားပေးနိုင်မလား။" ဒီစကားကြားတော့ ပါဗာတီက ခေါင်းခါပြတယ်။ သူ့ကြည့်ရတာ နည်းနည်းလေးမှ စိတ်ဝင်စားပုံမရဘူး။

"ဟင့်အင်း၊ ငါနဲ့အတူ ချန်းဖန်ပါ ပြန်လိုက်မယ်ဆိုမှ လိုက်မယ်။"

"....." ဒီတော့ ဒီမယ်တော်ကြီးကို ပင့်ဖို့ဆိုရင် ချန်းဖန်ကို အရင်ပင့်ရမယ်ပေါ့။

ဒီလိုနဲ့ပုဆိန်စောင့်ရှောက်သူလည်း ဘုန်းကြီးကျောင်းရှေ့ ရောက်လာပြန်တယ်။ ဆန်ရီဘုန်းကြီးကျောင်းက ကြီးကြီးမားမားမဟုတ်ပါဘူး။ ဒီနေ့တော့ ပွဲအခမ်းအနားရှိပုံရပြီး ကျောင်းထဲမှာ ကိုယ်တော်တွေစုပြီးဘုရားစာရွတ်နေတယ်။

ပုဆိန်စောင့်ရှောက်သူက တံခါးခေါက်တော့ ကိုရင်လေးတစ်ပါး လာဖွင့်ပေးပြီး ပြောပါတယ်။ "ဒီနေ့က ကျောင်းထိုင်ဆရာတော် လွှဲပြောင်းပွဲမလို့ ဧည့်သည်လက်မခံပါဘူး၊ ဒကာကြီး။"

ဒါပေမဲ့ ပုဆိန်စောင့်ရှောက်သူက ကိုရင်လေးကို စာတစ်စောင်လက်ထဲထည့်ပေးပြီး ပြောလိုက်တယ်။ "ဒီစာကို လူနာမည်ချန်းဖန်ဆိုတဲ့ ကိုယ်တော်ကိုပေးလိုက်။ တပည့်တော် အထဲမဝင်ပါဘူး။ တိုင်းပြည်တစ်ခုရဲ့ သေခြင်းရှင်ခြင်းနဲ့ပတ်သက်နေလို့ပါ။"

"ကိုရင် ချက်ချင်းသွားပေးလိုက်ပါမယ် ဒကာကြီး။"

စာကအရေးကြီးမှန်းသိတော့ ကိုရင်လေးက ကျောင်းထိုင်ခန်းမထဲကို အပြေးဝင်လာတယ်။ ကျမ်းစာတွေ ရွတ်နေတဲ့ ကိုယ်တော်တွေလည်း အာရုံပျက်ကုန်တာပေါ့။ ကိုရင်က ကျောင်းထိုင်နဲ့ ကျောင်းထိုင်အသစ်ဖြစ်လာမယ့်ကိုယ်တော်တို့ကို ဦးပေါက်ဆိန်ချတယ်။

ကျောင်းထိုင်က ကျောင်းထိုင်ဆရာတော်သစ်ကို အဆောင်အယောင်တွေ လွှဲပြောင်းဖို့အသင့်ဖြစ်နေပြီ။ ကိုယ်တော်အသစ်က တကယ့်ကိုကြည်ညိုစရာကောင်းတဲ့ မျက်နှာထားရှိပြီး အမူအရာသိမ်မွေ့တယ်။

ကိုယ်ရင်လေးက ကိုယ်တော်နှစ်ပါးကို ဝတ်ဖြည့်ပြီးနောက် စာကိုကျောင်းထိုင်ကိုယ်တော်လောင်းဆီ ပေးလိုက်တယ်။

"အရှင်၊ ဒီစာထဲမှာ တိုင်းပြည်တစ်ခုရဲ့သေရေးရှင်ရေးနဲပတ်သက်တာ ပါတယ်လို့ဆိုပါတယ်။" အဲဒီစကားကြောင့် ကိုယ်တော်လည်းဖောက်ဖတ်ကြည့်တယ်။ သိပ်မကြာဘူး၊ ဂုဏ်သိက္ခာအပြည့်နဲ့ကိုယ်တော်ဟာ အရူးလိုမျိုးထရယ်ပြီး ကျောင်းထိုင်ကိုယ်တော်ကြီးကို ဝတ်ဖြည့်ပြီးခွင့်တောင်းတယ်။

"အရှင်ဘုရား၊ တပည့်တော်ကို သိက္ခာချပြီး လူထွက်ခွင့်ပြုပါ။"

"....." ကျောင်းထိုင်အသစ်ကိုလွဲပေးပြီး နားလို့ရပြီဆိုပြီးပျော်နေသော ကျောင်းထိုင်လာမားကြီး။

....

နောက်တော့ လူဝတ်လဲပြီးပြီဖြစ်တဲ့ လာမားကိုယ်တော်က ဘုန်းကြီးကျောင်းထဲကနေ ခုန်ပေါက်ပြေးထွက်လာပြီး စာကိုအကြိမ်ကြိမ်အခါခါနမ်းလိုက်တယ်။ "အချစ်ရေ၊ မင်းခေါ်ပြီဆိုမှတော့ ကိုယ်တန်းလာခဲ့ပါမယ်ကွာ။"

"......" ကျောင်းအပြင်ကနေ စောင့်ကြည့်နေတဲ့ ပုဆိန်စောင့်ရှောက်သူ။

"မင်းသမီးကြီးသီတာရေးပေးလိုက်တဲ့စာက တကယ်အလုပ်ဖြစ်တာပဲဟ။"

....

ကြေးစားစစ်တပ်ရဲ့အဓိကအင်အားတွေက တံတိုင်းဆီကို အကုန်ဆင်းလာတယ်။

အားလုံးက ပလာဒင်ချပ်ဝတ်တွေကို ဝတ်ဆင်လာကြပြီး ရှေ့ဆုံးမှာတော့ အရာရှိလေးယောက်ရှိနေပါတယ်။ သူတို့တွေက အစီအစဥ်အတိုင်း ဆုဗာနာခံစစ်ကြောင်းကြီးဖြစ်တဲ့ မြေနံရံတံတိုင်းကြီးကို အပြီးသတ်ဖို့လာကြတာပါ။

ဆုဗာနာတံတိုင်းပေါ်က စစ်သည်တွေက လက်ညိုးထိုးပြီး သူတို့ဆီကိုလာနေတဲ့ ကြေးစားတပ်မကြီးကို ညွန်ပြနေတယ်။ နယ်စားကြီးလည်း သတင်းရပြီးထွက်ကြည့်တော့ ကြေးစားစစ်တပ်ရဲ့ပုံမှန်မဟုတ်တဲ့ အခြေအနေကြောင့် အံ့ဩသွားပါတယ်။

"သူတို့ရဲ့အရိုးမျက်နှာတွေ ဘယ်မှာလဲ။ သူတို့ဗျူဟာက ငါတို့ကို အရေအတွက်နဲ့ဖိနှိပ်ဖို့မဟုတ်ဘူးလား။"

ဆုဗာနာစစ်မြေပြင်က ထူးဆန်းပြီး အန္တရာယ်ရှိစွာနဲ့ တိတ်ဆိတ်နေတယ်။ နယ်စားကြီးက အရင်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည်တွေနေရာမှာ အရံအင်အားကို ဖြည့်တင်းပြီးဖြစ်လို့ တံတိုင်းပေါ်မှာ စစ်သည်အင်အား တစ်သောင်းတိတိရှိနေသေးတယ်။

အခြားတစ်ဖက်မှာတော့ ကြေးစားစစ်တပ်ဟာ အင်အားပြန်ဖြည့်ဖို့ အခွင့်အရေးမရခဲ့ပါဘူး။ အရိုးမျက်နှာတွေပါမပါလာတော့ သူတို့ရဲ့အင်အားစုစုပေါင်းက လေးထောင်နည်းနည်းကျော်ရုံလေးပဲ ရှိပါတယ်။

ဆုဗာနာမှာက ကိုယ်ရံတော်တပ်ရင်းကြီးအပါအဝင် တပ်ရင်းလေးခုမှာ အဆင့်မြှင့်ပြီးဆုဗာနာချပ်ဝတ်တွေကို တပ်ဆင်ပေးပြီးသားဖြစ်တာမလို့ ဒီအဆင့်တပ်မဟာလေးကို ရင်ဆိုင်နိုင်တာထက် ပိုနေပါပြီ။ အရိုးမျက်နှာတွေသာမရှိတော့ရင် ကြေးစားစစ်တပ် တပ်မဟာ ၃၁၀ ဟာ စက္ကူကျားတစ်ကောင်ပါပဲ။

ဒါပေမဲ့ ဒီလိုအင်အားနည်းနည်းလေးနဲ့ ရုတ်တရက်ပေါ်လာတဲ့ ကြေးစားစစ်တပ်ကို ဆုဗာနာဘက်က ရမ်းပြီးစမတိုက်ရဲဘူး။ ရန်သူက ဘာကြံနေလဲဆိုတာ သူတို့နသိနိုင်ဘူး။ ကြေးစားစစ်တပ်ဘက်ကလည်း အတန်ကြာတဲ့အထိ မလှုပ်ရှားဘဲနေတယ်။

မြက်ခင်းလွင်ပြင်ကျယ်ထဲမှာ အေးမြတဲ့ လေပြေတစ်ချက်တိုက်ခတ်သွားတယ်။ ကြေးစားစစ်တပ်အရာရှိတွေရဲ့အနက်ရောင်စစ်ယူနီဖောင်းဟာ လေနဲ့အတူ လှုပ်ခါနေတယ်။

ကားလ်က လက်ခါပြပြီး အချက်ပေးလိုက်တော့ ရေဒီယိုအော်ပရိက်တာက တစ်နေရာရာကို လှမ်းဆက်သွယ်တယ်။ မကြာခင်မှာပဲ ကြေးစားစစ်တပ်ဂျက်လေယာဥ်တွေရဲ့အသံကိုကြားရပြီး ခံတပ်တံတိုင်းပေါ်ကို ဗုံးစကျဲတယ်။

ဒါပေမဲ့ ဆုဗာနာစစ်သည်တွေထဲက ချပ်ဝတ်သစ်နဲ့သူတွေက စွမ်းအင်ဒိုင်းတွေထုတ်ဖော်ပြီး စွမ်းအင်တံတိုင်းကြီးအဖြစ် စုစည်းလိုက်ကာ.တခြားသူတွေကိုကာကွယ်ပေးရင်း ဗုံးဒဏ်ကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စီမံလိုက်နိုင်တယ်။

"အနည်းဆုံး ဆုဗာနာစစ်သားနှစ်ထောင်ကနေ သုံးထောင်အတွက် ချပ်ဝတ်သစ်ကို ဖြန့်ဝေပေးပြီးသွားပြီပဲ။ ငါတို့သာ လက်မဦးခဲ့ရင် သူတို့က ငါတို့စစ်တပ်ကို တကယ်ပဲ ဖျက်ဆီးနိုင်လိမ့်မယ်။"

ကားလ်က ပြောလိုက်တယ်။ တပ်မှူးကတော့ တခြားအရာရှိတွေကြားကနေ ရှေ့ထွက်လာပြီး ပြောလိုက်ပါတယ်။ "ဒါပေမဲ့ ငါတို့မှာ ဂျိုကာကတ်ရှိနေပြီမဟုတ်လား၊ သူတို့ဖဲချပ်တွေကို ဖျက်ဆီးပစ်ရအောင်။"

တပ်မှူးရော့ဝဲလ်က စစ်တပ်နဲ့အတော်ဝေးဝေးအထိ တစ်ယောက်တည်း လျှောက်သွားလိုက်တယ်။ မီတာရာနဲ့ချီ ဝေးသွားပြီးတဲ့နောက်တော့ သူက အပေါ်အင်္ကျီကိုချွတ်လိုက်ပြီး မုဆိုးဒူးထောက်ထိုင်ချလိုက်တယ်။ ရော့ဝဲလ်ရဲ့အရိပ်က လူတွေမျက်စိရှေ့မှာတင် ကြီးထွားလာပြီးပါးစပ်ပေါက်တွေအများကြီး ပေါ်လာတယ်။ ရာချီတဲ့လက်တွေကလည်း ငရဲကတက်လာတဲ့သူတွေလိုမျိုး လှုပ်ယမ်းနေတယ်။

ရော့ဝဲလ်က အရိပ်ကိုသူ့လက်နဲ့ထိလိုက်ပြီး တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်တယ်။ အရိပ်မွန်းစကားကြီးက အကောင်အထည်ဖြစ်လာပြီး ရော့ဝဲလ်ရဲ့ခန္ဓာကိုယ်နဲ့စတင်ပေါင်းစပ်တယ်။ အဲဒီနောက် ရော့ဝဲလ်တစ်ကိုယ်လုံးကို အနက်ရောင်အရိပ်ကြီးက ဖုံးအုပ်သွားပြီး အရပ်ကလည်း တဖြည်းဖြည်းပိုမြင့်လာတယ်။

ဆယ်ပေ... ဆယ့်ငါးပေ... ပေငါးဆယ်... ပေတစ်ရာ... သုံးရာ... လေးရာ... ငါးရာ...

လူသဏ္ဍာန်နဲ့တူတဲ့အရိပ်နက်ကြီးဟာ မီတာသုံးရာတိတိ၊တစ်နည်းအားဖြင့် အီဖယ်တာဝါကြီးနဲ့ အရွယ်တူနီးပါးထိ ကြီးလာပြီးမှ ရပ်တန့်သွားတယ်။ ခန္ဓာကိုယ်က ပါးစပ်ပေါင်းများစွာဟာ လူမျက်နှာနေရာကိုရွေ့လျားသွားပြီး အရိုးမျက်နှာဖုံးကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

ဧရာမကြီးမားလှတဲ့ လက်ကြီးနှစ်ဖက်အပြင် ကျက်သီးထဖွယ်ကောင်းလောက်အောင် လောက်လန်းတွေလိုမျိုး လှုပ်ယမ်းနေတဲ့ လက်ငယ်တစ်ရာကလည်း လှုပ်ရှားနေပါသေးတယ်။ အနက်ရောင်မွန်းစတားကောင်ကြီးဟာ ဆုဗာနာစစ်တပ်ရဲ့ရှေ့မှာ မိုးထိအောင်မြင့်မားနေပြီး ကမ္ဘာပျက်ကိန်းကို ကြေညာပေးတော့မယ့် နတ်သားတစ်ပါးလို ထင်ရပါတယ်။

"တပ်မှူးကြီးရော့ဝဲလ်ရဲ့Ultimate Skill: The Darkest Angelမှာသာ အချိန်အကန့်အသတ်မရှိဘူးဆိုရင် သူက နောက်ပိုင်းပေါ်လာတဲ့ မဟာသားရဲကြီးတွေကိုတောင် အချိန်အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်နိုင်လိမ့်မယ်။ ဒီအင်အားက ဆုဗာနာကိုဖျက်ဆီးဖို့ လိုအပ်တာထက် ပိုတယ်။" ကားလ်က မှတ်ချက်ချလိုက်တယ်။

တခြားတစ်ဖက်မှာတော့ နယ်စားကြီးက တံတိုင်းရှေ့မှာ ဧရာမကြီးမားလှတဲ့ မွန်းစတားကြီးပေါ်လာတဲ့အတွက် တုန့်နှေးမနေဘဲ အော်ဟစ်အမိန့်ပေးလိုက်တယ်။

"ပစ်.... ပစ်ကြ၊ ရှိသမျှအမြောက်တွေနဲ့ပစ်ကြ။ ပြီးတော့ ဆုဗာနာလေတပ်ကိုခေါ်တော့။" နယ်စားကြီး အမိန့်အတိုင်းပဲ တံတိုင်းနောက်က အမြောက်တပ်ကြီးက ကျန်တဲ့ပစ်မှတ်တွေကို လစ်လျူရှုပြီး အရိပ်မွန်းစတားကြီးကို စတင်ပစ်ခတ်ကြတယ်။

ဒါပေမဲ့ ဆုဗာနာရဲ့အမြောက်ကျည်ဆန်တွေဟာ အရိပ်ကြီးကို ဖျက်ဆီးနိုင်လောက်တဲ့အထိ အားမကောင်းခဲ့ပါဘူး။ ကျည်ဆန်တွေက အရိပ်ကြီးကိုထိမှန်ပေါက်ကွဲပေမဲ့ အရိပ်ကြီးကိုတော့ တစ်ချက်လေးမှလှုပ်ခါသွားအောင်

မစွမ်းဆောင်နိုင်ပါဘူး။

နောက်ဆုံးတော့ အရိပ်လက်ဝါးကြီးက မွန်းစတားရဲ့ပထမဆုံးတိုက်ခိုက်မှုအဖြစ် တံတိုင်းပေါ်ကျရောက်လာတယ်။ ရဲရင့်တဲ့စစ်သည်တချို့က ချပ်ဝတ်ရဲ့စွမ်းအင်တံတိုင်းတွေကို ထုတ်ဖော်ပြီးခုခံဖို့ကြိုးစားကြပေမဲ့ ဆုဗာနာချပ်ဝတ်သစ်တွေရဲ့အလင်းဒြပ်စင်တံတိုင်းဟာ ဒီလက်ဖဝါးကြီးကို စက္ကန့်ဝက်လောက်သာ တုန့်နှေးသွားစေပါတယ်။

ဘုန်း....။ ဝေါ၊ ဖလော....။ ဖြောင်း၊ ခရောင်း။

လက်ဝါးကြီး တံတိုင်းပေါ်ကြဆင်းလာတာနဲ့ ဆုဗာနာမြေတံတိုင်းကြီးဟာ မခံနိုင်တော့ဘဲ သဲနန်းတော်တစ်ခုလိုမျိုး ပြိုကျသွားလေတော့တယ်။ တံတိုင်းအတွင်းထည့်သွင်းထားတဲ့ သစ်သားတိုင်တွေရဲ့ကျိုးပဲ့သံတွေ၊ ရွံမြေအုတ်စိမ်းတွေရဲ့ကျိုးပဲ့ရာကနေ ထွက်ပေါ်လာတဲ့ ကျွတ်ဆတ်ဆတ်အသံတွေနဲ့ ဆူညံ့ကုန်တယ်။

ကံမကောင်းတဲ့ စစ်သည်တချို့ကတော့ လက်ဖဝါးကြီးအောက်မှာပဲ ပြားချက်ကုန်တယ်။ အသက်ရှင်တဲ့လူတချို့ရှိပေမဲ့ လက်ဝါးကြီးကနေ ဖြာထွက်လာတဲ့ အရိပ်လက်တွေက သူတို့ကိုဖမ်းဆွဲသွားပြီး အရိုးမျက်နှာဖုံးအောက်က ပါးစပ်ကြီးထဲ ပစ်ထည့်ခံရတယ်။

နယ်စားကြီးရဲ့နားထဲမှာ တံတိုင်းပြိုကျရာကနေ ဖြစ်လာတဲ့ ကျိုးပဲ့သံတွေ၊ စစ်သည်တွေရဲ့အော်ဟစ်သံတွေနဲ့ ပြည့်နှက်သွားတော့တယ်။

....

ဒီပဆီက ဂြိုဟ်တုဖုန်းမြည်သံကြောင့် မက်ဒါနာမော့ကြည့်လိုက်တယ်။ နန်းတွင်းထဲကနေ ထွက်ခွင့်မရှိတော့တဲ့အတွက် မက်ဒါနာက ဝန်ထမ်းသစ်တွေထဲက လုပ်သက်ရင့်တစ်ယောက်နှစ်ယောက်ကို နန်းတော်ထဲ ဝင်ခွင့်ပေးပြီး အဆင့်မြှင့်ထားတဲ့ ချပ်ဝတ်လုပ်နည်းနဲ့သေနတ်လုပ်နည်းကို လက်တွေ့ပြနေတယ်။

ဒီပက ဖုန်းပြောပြီးတဲ့နောက် အစ်မကြီးမက်ဒါနာဘက်ကိုလှည့်ပြီး ပြောလိုက်တယ်။

"အစ်မကြီး၊ ရှေ့တန်းမှာ အင်အားကြီးရန်သူတစ်ယောက်ပေါ်လာလို့ ကျွန်တော်လေတပ်နဲ့အတူလိုက်သွားရမယ်။ သတိရှိရှိနဲ့နေဦး။" ဒီပစကားကို မက်ဒါနာကြားတော့ သူလုပ်လက်စ သေနတ်ကိုထောင်ပြလိုက်တယ်။

"မပူနဲ့၊ ငါ့မှာဒါလေးရှိတယ်။ ပြီးတော့ စေဘာစတိန်းကို နင်နဲ့အတူခေါ်သွားဦး။" မက်ဒါနာပေးတဲ့အမိန့်ကြောင့် ခေါင်းသုံးလုံးခွေးကြီးက မင်းသမီးလေးခြေရင်းမှာအိပ်နေရာကနေ ထဟောင်ပြီး ဒီပဘေးမှာရပ်နေလိုက်တယ်။

"ဘယ်လောက်အင်အားကြီးတဲ့ ရန်သူဖြစ်ဖြစ်၊ စေဘာစတိန်းက ဆုဗာနာအတွက် ဖျက်ဆီးပေးလိမ့်မယ်။ မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့။"

ဒီပလည်း ခေါင်းညိတ်လိုက်ပြီး ပလွေကိုမှုတ်လိုက်ပါတယ်။ စီးတော်ယာဥ် လိပ်ပြာကြီးက ဆုဗာနာခေါင်မိုးမှာ နားနေရာကနေ လေသာဆောင်ဘေးမှာ ကပ်ပျံပြီး ဒီပခုန်တက်မှာကို စောင့်နေတယ်။

"ကောင်းပြီ၊ မင်းကို အားကိုးမယ်နော် စေဘာစတိန်း။ အစ်မကြီး၊ ကျွန်တော်သွားတော့မယ်။"

"အင်း...." မက်ဒါနာက ခေါင်းညိတ်ပြလိုက်ရင်း အလုပ်ကို ပြန်အာရုံစိုက်လိုက်တယ်။ သူ့စက်ရုံကို ပြန်တည်ဖို့က မက်ဒါနာရဲ့ဦးစားပေးကိစ္စပါ။ အမြန်ဆုံးအဆင်ပြေအောင် ပြန်မလုပ်နိုင်ရင် ဆုဗာနာအတွက် သိပ်အန္တရာယ်များသွားလိမ့်မယ်။

ဒီပထွက်သွားပြီး သိပ်မကြာခင်မှာပဲ မက်ဒါနာက ဝန်ထမ်းသစ်တွေကို သင်ပြတာပြီးသွားတယ်။ ဒါပေမဲ့ သူက ရှေ့ကလုပ်ပြရုံလေးနဲ့တင် တာဝန်ပြီးပြီလို့ မယူဆသေးပါဘူး။ ဝန်ထမ်းနှစ်ယောက်ကို ကြည့်လိုက်ပြီး

"နင်တို့ ကိုယ့်ဘာသာလုပ်ကြည့်ကြ၊ ငါက အဆင်ပြေမပြေ ကြည့်ပေးမယ်။ အဆင်ပြေတယ်မဟုတ်လား။"

ဝန်ထမ်းနှစ်ယောက်က ခေါင်းညိတ်ပြတယ်။ မင်းသမီးလေးတစ်ပါးက အခုလိုမျိုး ကိုယ်ဖိရင်ဖိသင်ပေးနေလို့ သူတို့တွေက မက်ဒါနာကိုအတော်လေး လေးစားကြတယ်လေ။ ဝန်ထမ်းနှစ်ယောက်က အခွင့်အရေးရတာနဲ့တစ်ပြိုင်နက် မင်းသမီးလေးကို သူတို့အတတ်ပညာတွေနဲ့ လက်စွမ်းပြဖို့ စတင်ပါတော့တယ်။

အဲဒီအချိန်မှာပဲ မေမေသီတာရောက်လာပြီး မက်ဒါနာရဲ့ဝှီးချဲနောက်က လက်ကိုင်ကို ဆုပ်ကိုင်လိုက်ပါတယ်။

"သမီးလေး၊ မနားသေးဘူးလား။ အမေသမီးအခန်းထဲမှာ စားဖို့ပြင်ပြီးသွားပြီ။" မေမေသီတာရဲ့စကားကိုကြားတော့ မက်ဒါနာက ခေါင်းခါလိုက်မိတယ်။

"သမီး အလုပ်လုပ်ရင်းစားမှာလို့ပြောထားပြီးသားလေ။ ဘာလို့ ဒီကိုယူမလာဘဲ အခန်းထဲသွားထားရတာလဲ။"

ဒါပေမဲ့ မေမေသီတာကတော့ သမီးလေးဆံပင်ကိုထိုးဖွရင်း ပြောလိုက်တယ်။ "အရုပ်မလေး၊ တစ်နေကုန်အနားမယူဘဲ အလုပ်လုပ်နေလို့ ဘယ်ဖြစ်မလဲဟဲ့။ အစာစားချိန်လေးတော့ ကောင်းကောင်းနားစမ်းပါ။"

"ဟုတ်ပါပြီ၊ အမေစိတ်တိုင်းကျရင်ပြီးရော။ ဟိုနှစ်ယောက်၊ နင်တို့ပြီးရင် ပစ္စည်းတွေကို အဲဒီမှာပဲထားခဲ့။ မနက်ဖြန်ကျရင် နင်တို့လိုအပ်တာတွေ ငါပြောပေးမယ်။" မက်ဒါနာက ဝန်ထမ်းနှစ်ယောက်ကို ညွန်ကြားလိုက်ပြီး ဝှီးချဲကို အခန်းပြန်မယ့်ဘက် လှည့်လိုက်တယ်။ မေမေသီတာကတော့ ဝှီးချဲကို နောက်ကနေတွန်းပေးတယ်။

"အမေ၊ ဒီနေ့ဘာဟင်းချက်လဲ။"

"ဂေါ်ရခါးသီးဟင်းချိုလေ။"

"ဟင်၊ အရင်က တစ်ခါမှလည်း အဲဒီလိုဟင်းချိုမချက်ဖူးဘဲနဲ့။"

"သမီးလေး စားစေချင်လို့ချက်ထားတာ၊ ဟုတ်ပြီလား။"

မက်ဒါနာကတော့ ဘာသံသယမှဝင်မနေဘဲ ပြုံးရုံလေးပဲပြုံးပြီး အမေအခန်းထဲလိုက်ပို့တာကို လက်ခံလိုက်ပါတယ်။ ခုမှလုပ်ပြီးရုံပဲရှိတဲ့ သေနတ်ကိုတော့ ပေါင်ပေါ်တင်ထားတယ်။ မေမေသီတာက သေနတ်ကိုငုံကြည့်ရင်းသမီးလေးကို ပြောလိုက်တယ်။

"ဒါနဲ့၊ သမီးက သေနတ်ကြီးကို အခန်းထဲဘာယူလုပ်မလို့လဲ။"

"ဘာမှတော့မဟုတ်ပေမဲ့ သမီးလက်တမ်းလုပ်ထားတဲ့လက်ရာ ကောင်းလားမကောင်းလား စစ်ဆေးချင်လို့ပါ။" မက်ဒါနာဆီက စကားကိုကြားတော့ မေမေသီတာက သေနတ်ကိုလှမ်းယူလိုက်တယ်။

"ကောင်းပြီလေ၊ အမေကိုင်ထားပေးမယ်။ တော်ကြာ သမီးလေးပေါင်ပေါ်ကနေ ပြုတ်ကျနေပါဦးမယ်။"

"အင်း၊ သမီးလည်း အဆင်ပြေတာပေါ့။" မေမေသီတာက မက်ဒါနာဆီကနေ သေနတ်ယူပြီးနောက်တော့ ဝှီးချဲကို ပိုပြီးခပ်သွက်သွက်တွန်းတယ်။ ပြီးတော့ မက်ဒါနာသတိမထားမိချိန်မှာပဲ ကောက်ကျစ်စွာပြုံးလိုက်တယ်။

အေးစက်ပြီး ကြောက်စရာကောင်းတဲ့ အပြုံးမျိုးပါ။

All Chapters