← Chapters

စစ်မြေပြင်

Vol. 5 Ch. 26

စစ်မြေပြင်

Vol. 5 Ch. 26

တိုက်ပွဲအချိန်လေးဆယ့်ငါးမိနစ်လောက်ကြာသွားပြီဖြစ်သလို အချိန်လင့်လာပြီဖြစ်တာကြောင့် နေစောင်းလို့ လတောင်ကောင်းကင်မှာ ရှိနေပါပြီ။

ဝေါ... ဖလော...

နောက်ဆုံးတော့ ဆုဗာနာရဲ့မြေသားခံတပ်ကြီးက လုံးဝပြိုကျသွားတယ်။ အရိပ်မကောင်းဆိုးဝါးကြီးကတော့ ဆုဗာနာစစ်သားတွေကို စားသုံးရင်း ပိုပိုကြီးလာတယ်။ နယ်စားကြီးကိုယ်တိုင်လည်း ဒီအဖြစ်အပျက်ကြောင့် မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်နေပါပြီ။

အဲဒီအချိန်မှာပဲ တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ ကြေးစားအရာရှိတွေက စတင်လှုပ်ရှားလာတယ်။ ကားလ်က သူ့အမိန့်ကို တပ်သားအားလုံးဆီ ဖြန့်လိုက်တယ်။

"ရန်သူတွေ တပ်ပျက်နေပြီ၊ တက်ကြ။"

"ယား....." ထောင်နဲ့ချီတဲ့ ကြေးစားစစ်သည်တွေက မွန်းစတားကြီးကြောင့် အသင့်ပြန်မဖြစ်သေးတဲ့ ခံစစ်လိုင်းဆီကို ပြေးဝင်လာကြပြီ။ သွေးသောက်အရာရှိတချို့က လက်ကျန်တပ်ဖွဲ့ဝင်တွေကို စုစည်းပြီးပြန်ခုခံဖို့လုပ်ပေမဲ့အရိပ်လက်ကြီးက သူတို့အပေါ်မိုးကျလာတယ်။

"အား....." ရာနဲ့ချီတဲ့ ဆုဗာနာစစ်သည်တွေဟာ အရိပ်လက်ကြီးရဲ့ဖိချေခြင်းကိုခံလိုက်ရပြီး သွေးတွေက မြေသားပေါ် ပက်ဖြန်းပြီးသားဖြစ်သွားတယ်။

တစ်ယောက်ဆိုရင် ပြေးလို့လွတ်ခါနီးခါမှ သူ့ခေါင်းပေါ်ကို လက်ဖဝါးစွန်းကျဆင်းလာတာဖြစ်လို့ ခေါင်းကြေမွသွားပြီး ခန္ဓာကိုယ်က တူနဲ့အထုခံရတဲ့ စည်သွပ်ဘူးလိုမျိုး လိမ်ကောက်ကျုံဝင်သွားကာ ရင်ဘတ်ကအရိုးတွေငေါထွက်လာတယ်။

စစ်သည်တချို့ကတော့ လက်ဝါးကြီးအောက်ကနေ လွတ်လာပေမဲ့ လက်ဝါးကြီးကနေ ခွဲဖြာထွက်လာတဲ့ အရိပ်လက်ငယ်တွေက သူတို့ကိုဖမ်းမိသွားတယ်။ လက်မည်းကြီးတစ်ဖက်က စစ်သည်တစ်ယောက်ရဲ့ခြေသလုံးကို ဖမ်းဆုပ်လိုက်ပြီး နောက်ကိုပြန်ဆွဲယူတယ်။

"ကယ်ကြပါ... ငါ့ကိုကယ်ကြပါဦး...." ဒါပေမဲ့ အဲဒီစစ်သားကို ဘယ်သူမှအရေးမလုပ်ကြဘူး။ အားလုံးနောက်လှည့်ပြီး ပြန်ပြေးနေကြပြီ။

ဒါပေမဲ့ ထွက်ပြေးနေတဲ့ စစ်သားတွေကို ကြေးစားစစ်တပ်က လိုက်လံပစ်ခတ်တာကြောင့် သူတို့လည်းသေဆုံးကုန်တယ်။

"နယ်စားကြီး၊ ခံစစ်လိုင်းပျက်သွားပြီး ဆုဗာနာစစ်တပ်တွေ ကသောင်းကနင်းဖြစ်နေပါပြီ။" ကိုယ်ရံတော်တပ်မှူးက နယ်စားကြီးကို သတိပေးလိုက်တယ်။ နယ်စားကြီးကလည်း အခြေအနေကို ခံတပ်ပေါ်ကနေ ကြည့်နေသူမလို့ သူပြောစရာမလိုအောင် သိပါတယ်။

"ငါသိတယ်၊ တပ်မှူးအားလုံးကို မီတာတစ်ထောင်အထိဆုတ်ခိုင်းလိုက်။ လက်ကျန်တပ်သားတွေကို ပြန်စုစည်းပြီး ယာယီခံတပ်လိုင်းဖွဲ့မယ်။"

"ဒါပေမဲ့၊ နယ်စားကြီး။ အဲဒီလိုလုပ်နိုင်ဖို့ဆိုရင်...."

"ငါသိတယ်...." နယ်စားကြီးက ခံတပ်ရဲ့အပေါ်ဆုံးကို တက်သွားလိုက်တယ်။ အဲဒီနောက် သူ့လက်သီးကိုဆုပ်လိုက်ပြီး ကောင်းကင်ပေါ်ကို လက်ထောင်ပြလိုက်တယ်။

လက်စွပ်ကနေ ထွက်ပေါ်လာတဲ့ ငွေရောင်အလင်းတန်းက နယ်စားကြီးကိုယ်ကို ဖုံးလွှမ်းသွားပြီး လရောင်နဲ့တစ်ပြိုင်နက်တည်း တောက်ပနေတယ်။ အဲဒီနောက် နယ်စားကြီးက စစ်မြေပြင်ကို လက်ညိုးညွန်ပြလိုက်ပါတယ်။

ချက်ချလပ်... ဂျက်ဂျက်... ခရက်....

ဆုဗာနာရဲ့မြေကြီးတွေက စတင်ဖောင်းပွလာပြီး ပုရွက်ဆိတ်တွေအများကြီး မြေပြင်ကနေ ထိုးထွက်လာတယ်။ အဲဒီနောက်တော့ ဆုဗာနာစစ်မြေပြင်မှာ ထောင်နဲ့ချီတဲ့ ပုရွက်ဆိတ်တွေရဲ့ခြေသံတွေနဲ့ ဆူညံ့ပြည့်နှက်ကုန်ပါတယ်။

"ပုရွက်ဆိတ်တွေလာနေပြီ၊ ဗျူဟာခင်းကြ။" ကားလ်ကချက်ချင်းအမိန့်ပေးလိုက်တယ်။

ကြေးစားစစ်တပ်က ပထမအကြိမ် ဆုဗာနာပုရွက်ဆိတ်တပ်ဒဏ်ကို ခံပြီးပါပြီ။ ဒီအတွက် ရင်ဆိုင်ဖို့နည်းလမ်းတွေကို စဥ်းစားဖော်ထုတ်ခဲ့မှာ ကျိန်းသေပါပဲ။ ကြေးစားစစ်တပ် စဥ်းစားခဲ့တဲ့နည်းလမ်းက နည်းလမ်းသစ်တော့မဟုတ်ပါဘူး။ အရေအတွက်များတဲ့ရန်သူတွေကို ရင်ဆိုင်ရတဲ့အခါမှာအသုံးပြုတဲ့ ရှေးခေတ်နည်းလမ်းတစ်ခုပါပဲ။

ကြေးစားတပ်ဖွဲ့တွေဟာ တစ်ယောက်နဲ့တစ်ယောက်ဘေးချင်းယှဥ်ရပ်လိုက်ပြီး စက်ဝိုင်းပုံစံအုပ်စုလေးတွေ ဖြစ်အောင် နေရာယူလိုက်ကြတယ်။ အဲဒီနောက် သူတို့ဆီကိုလာနေတဲ့ ပုရွက်ဆိတ်တွေကို စတင်ပစ်ခတ်ကြပါတယ်။

ပုရွက်ဆိတ်တချို့ အနားကပ်လာပြီး တပ်သားတစ်ယောက်နှစ်ယောက်ကို ဆွဲကိုက်စားသွားတာမျိုး လုပ်နိုင်ခဲ့ပေမဲ့ နောက်အရံစက်ဝိုင်းတန်းမှာရှိနေတဲ့ တပ်သားတွေက ဝင်နေရာယူပေးပါတယ်။ ကျည်ကုန်သွားတဲ့ အချိန်ဆိုရင်လည်း ပစ်တာရပ်မသွားအောင်လို့ တစ်တန်းပြီးတစ်တန်း လူချင်းလဲလှယ်ကာ ပစ်ခတ်ပါတယ်။

ဒီနည်းလမ်းကို Tercio Formation ဒါမှမဟုတ် စပိန်မက်စကပ် ဗျူဟာပုံစံအဖြစ် လူသိများပါတယ်။ စပိန်နယ်မြေသစ်ရှာဖွေရေးတပ်တွေ အင်ကာအင်ပါယာကို ဖျက်ဆီးရာမှာ သုံးခဲ့တဲ့နည်းလမ်းဖြစ်ပြီး ပထမကမ္ဘာစစ်အထိ သုံးစွဲခဲ့ပါတယ်။ အခုကားလ်ရဲ့ဗျူဟာကတော့ ဆုဗာနာစစ်မြေပြင်နဲ့လိုက်အောင် အလိုက်သင့်ပြုပြင်ထားတဲ့ နည်းဗျူဟာပါ။

ချက်ချင်းပဲ ကြေးစားစစ်တပ်က ဒါဇင်နဲ့ချီတဲ့ စက်ဝိုင်းပုံအစုလေးတွေဖြစ်သွားပြီး ဆုဗာနာပုရွက်ဆိတ်တပ်ကူတွေကို ခံပစ်တယ်။ ဒါကြောင့် လူလေးထောင်လောက်ပဲရှိတဲ့ ကြေးစားစစ်တပ်ဟာ များသည်ထက်များလာနေပြီးထောင်သောင်းချီတဲ့ ပုရွက်ဆိတ်တပ်တွေကို ခံချနိုင်နေသေးတယ်။

ဒါပေမဲ့ အားနည်းချက်အနေနဲ့ ကြေးစားစစ်တပ်ဟာ သူတို့တပ်စွဲထားရာနေရာတွေမှာပဲ အထိုင်ကျသွားပြီး ဆုဗာနာတပ်နောက်ကို မလိုက်နိုင်တော့ပါဘူး။ နယ်စားကြီးလိုချင်တာလည်း ဒါပါပဲ။

"ဆုတ်ကြမယ်...." နယ်စားကြီးက အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း သူ့အတွက်ရောက်လာတဲ့ ပုရွက်ပျံပေါ် တက်လိုက်တယ်။

ကိုယ်ရံတော်တပ်ဖွဲ့တွေလည်း ပုရွက်ဆိတ်တွေပေါ်တက်ပြီး ယာယီဖွဲ့စည်းထားတဲ့ ခံတပ်လိုင်းအသစ်ဆီ ဆုတ်ဖို့ကြိုးစားကြတယ်။ ဆုဗာနာကိုယ်ရံတော်တပ်ဟာ ခံတပ်ကြီးတွေကိုစွန့်ခွာပြီး မြက်ခင်းပြင်ထဲရောက်လာပါတယ်။

နေရာတိုင်းမှာ ဆုဗာနာသားတွေရဲ့ချပ်ဝတ်အပျက်အစီးတွေ၊ သွေးစက်တွေနဲ့ ခန္ဓာကိုယ်အပိုင်းအစတွေက ပြန့်ကျဲနေတယ်။ သူတို့တွေအပြင်ကိုရောက်တာနဲ့ အနက်ရောင်မွန်းစတားကြီးရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက်မြင်တွေ့ရပါတယ်။

သိပ်ကြီးလွန်းလို့ ကောင်းကင်ပေါ်ကနေ သူတို့ကိုမိုးကြည့်နေတဲ့ တိုက်တန်ကြီးတစ်ကောင်လို ခံစားရပါတယ်။ အကောင်ကြီးကလည်း သူတို့ကိုသတိထားမိသွားပြီး တိုက်ခိုက်ဖို့လုပ်လာတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ နန်းမြို့တော်ကနေထွက်လာတဲ့ ဆုဗာနာလေတပ်ရဲ့လိပ်ပြာကြီးတွေ ရောက်လာခဲ့ပါပြီ။

....

ဒီပက ဆုဗာနာလိပ်ပြာတပ်မကြီးနဲ့အတူ လိုက်ပါလာပါတယ်။ နယ်စားကြီးက စစ်ပွဲအခြေအနေရဲ့အရေးကြီးပုံကို ရှင်းပြပြီးဖြစ်တဲ့အတွက် အခုလေတပ်မှာ တစ်နိုင်ငံလုံးက လိပ်ပြာတွေပါဝင်တယ်။

မက်ဒါနာပါတုန်းကလိုမျိုး ဒါဇင်အနည်းငယ်ပဲရှိတဲ့လေတပ်မဟုတ်ဘဲ အခုကတော့ လိပ်ပြာသုံးရာကျော်အထိ ပါဝင်တဲ့အတွက်ကြောင့် ကောင်းကင်ကြီးတစ်ခုလုံးကို လိပ်ပြာကြီးတွေက ဖုံးအုပ်ထားသလိုဖြစ်နေပြီး သူတို့ဖြတ်သွားရာတစ်လျှောက်မှာ နေရောင်ကိုတောင် ကောင်းကောင်းမမြင်ရဘူး။ လေတပ်အမှုထမ်းအင်အားတင် တစ်ထောင်နီးပါးရှိပါတယ်။

ဒါပေမဲ့ တချို့လိပ်ပြာတွေက အရွယ်ရောက်သေးပုံမရဘဲ တင်းပြည့်အကောင်တွေထက် အရွယ်ပိုသေးနေပါတယ်။

ဒီပက တိုက်ပွဲမြေပြင်ကိုကြည့်ပြီး ပေးရမယ့်အမိန့်ကို စသုံးသပ်တယ်။ ပုရွက်ဆိတ်တွေက ကြေးစားစစ်တပ်ကို ထိန်းချုပ်ထားပေမဲ့ အရိပ်မကောင်းဆိုးဝါးကြီးကတော့ လှုပ်ရှားနေဆဲပါ။ ဆုဗာနာတပ်အများစုက ခံတပ်တွေကိုစွန့်ခွာလာပြီး မီတာတစ်ထောင်အကွာမှာ ပြန်စုစည်းနိုင်ဖို့ အားထုတ်နေတယ်။

နယ်စားစစ်တပ်ကတော့ ပုရွက်ဆိတ်တွေကို ဆင့်ခေါ်ဖို့လုပ်ခဲ့တဲ့အတွက် နောက်ဆုံးမှဆုတ်လာကြတာဖြစ်ပေမဲ့ ပုရွက်ဆိတ်တွေစီးလာတာကြောင့် အများကြီးပိုမြန်ပါတယ်။

သူတို့က တပ်ဦးကျွံနေတဲ့ ကြေးစားစစ်တပ်ရဲ့စက်ဝိုင်းတစ်ခုကိုတောင် ပုရွက်ဆိတ်တပ်နဲ့နင်းပြီး နှိမ်နင်းပစ်ခဲ့သေးတယ်။ ဒီပက ခေါင်းညိတ်လိုက်ပြီး တခြားတပ်မှူးတွေကို အမိန့်ပေးလိုက်တယ်။

"သွေးသောက်အားလုံးနားထောင်ကြ၊ အဓိကတပ်ဖွဲ့က ဝဲကတော့စစ်ဆင်ရေးပုံစံကိုသုံးပြီး မကောင်းဆိုးဝါးကြီးကို ဝိုင်းပစ်မယ်။ အရံတပ်တွေက ဆုဗာနာတပ်သားတွေ အောင်အောင်မြင်မြင်တပ်ဆုတ်နိုင်ဖို့ ကူညီပေးကြ။"

"ဟုတ်ကဲ့။" အဲဒီနောက် ဆုဗာနာလေတပ်က စစ်နှစ်ကြောင်းခွဲတယ်။ တစ်ဖွဲ့က အနက်ရောင်မွန်းစတားကြီးဆီ ချီတက်နေတာဖြစ်ပြီး အခြားတစ်ခွဲ့က နောက်ထပ်အဖွဲ့ငယ်လေးတွေ တပ်ခွဲလိုက်ပြီး ဆုဗာနာတွေပြန်ဆုတ်နေတာကို ကူညီပေးတယ်။

ဒီပပါဝင်တဲ့ မွန်းစတားတိုက်ခိုက်ရေးအဖွဲ့ကတော့ လေးဆယ့်ငါးဒီဂရီချိုးကွေ့ပြီး မွန်းစတားကြီးရဲ့ခေါင်းနားထိ မြှင့်ကာပျံသန်းတယ်။ အဲဒီနောက် တစ်ကောင်ပြီးတစ်ကောင် အက်စစ်တံထွေးတွေနဲ့ထွေးပြီး ပြန်ဆုတ်ကြပါတယ်။ ပြန်ဆုတ်နေတဲ့တပ်တွေက စက်သေနတ်တွေနဲ့ အကောင်ကြီးကိုဆက်ပစ်ပြီး နောက်တစ်ကောင်အတွက်အခွင့်အရေး ထပ်ဖန်တီးပေးကြတယ်။

ဆက်တိုက်ပစ်ခတ်နေပေမဲ့လည်း အကောင်ကြီးက အတော်ခုခံနိုင်စွမ်းမြင့်ပါတယ်။ သူ့ကိုဝိုင်းထားတဲ့ လိပ်ပြာတွေကိုတွေ့တော့ ဒေါသတကြီးအော်ဟစ်လိုက်ပြီး လက်နဲ့ရိုက်ချတယ်။

လိပ်ပြာတွေက သာမန်ဂျက်လေယာဥ်တွေထက် ပိုပြီးပြောင်းလွယ်ပြင်လွယ်ရှိတဲ့အတွက် လက်နဲ့ယမ်းရုံနဲ့တော့ ပျက်မကျကုန်ပါဘူး။ အဲဒီအစား လွတ်လွတ်ရှောင်နိုင်ကြတယ်။ ပြဿနာက လက်ကနေခွဲဖြာလာတဲ့ အရိပ်လက်ငယ်တွေက မျက်လုံးပါသလိုမျိုး ပိုင်းလော့နဲ့လိပ်ပြာတွေကို ဒုက္ခပေးနိုင်တာပါ။

ကွန်ယက်တစ်ခုလိုမျိုးဖြာထွက်နေတဲ့ လက်တွေကြောင့်လိပ်ပြာတွေ တစ်ကောင်ကြီးတစ်ကောင်ပြုတ်ကျကုန်ပါတယ်။ မိစ္ဆာကောင်ကြီးကလည်း ရှေ့တက်နေဆဲဖြစ်ပြီး လိပ်ပြာတပ်က အနည်းငယ်နှေးသွားရုံသာ လုပ်နိုင်ကြပါတယ်။

နယ်စားကြီးက နောက်ဆုံးတော့ တပ်မကို ပြန်စုစည်းနိုင်ခဲ့ပြီ။ အံ့အားသင့်စရာကောင်းလောက်အောင်ပဲ နယ်စားရဲ့ကိုယ်ရံတော်တပ်ဖွဲ့အပါအဝင် ခံစစ်လိုင်းအသစ်မှာ တပ်သားသုံးထောင်ကျော်ပဲကျန်တယ်။ ဆိုလိုတာက မွန်းစတားကြောင့် စစ်သည်ဆယ်ယောက်မှာ ခုနစ်ယောက် အသတ်ခံခဲ့ရပါတယ်။ သာမန်တပ်ဖွဲ့ဝင်တွေထဲမှာ လွတ်မြောက်လာတဲ့ အဆင့်မြှင့်ချပ်ဝတ်ဝတ်ဆင်သူဟာ ငါးရာကျော်ပဲရှိပါတယ်။ ဒါကြောင့် သာမန်တစ်ဝက်အဆင့်မြင့်ချပ်ဝတ်စစ်သည်တစ်ဝက်နဲ့ ဖွဲ့စည်းထားတဲ့ သုံးထောင်တပ်သာဖြစ်ပြီး ကြေးစားစစ်တပ်ရဲ့မူရင်းအင်အားနဲ့ရင်ဆိုင်ရရင်တောင် သူတို့ရှုံးတော့မှာပါ။

ရှေ့ကိုဆက်တက်လာနေဆဲဖြစ်တဲ့ မွန်းစတားကြီးကြောင့် စောင့်ရှောက်သူတွေရော နယ်စားကြီးပါ သက်ပြင်းချလိုက်ပါတယ်။

"ထပ်ဆုတ်ရင်လည်း ငါတို့နောက်မှာ မြို့တော်ပဲရှိတော့တယ်။ တပ်ကူတွေလာလည်း အင်အားအများကြီးစုမိဖို့မဖြစ်နိုင်တော့ဘူး။" နယ်စားကြီး တပ်သားတွေကို ကြည့်လိုက်တော့ အားလုံးက စိတ်ပျက်နေတဲ့ မျက်နှာတွေနဲ့ပါ။ ဆုဗာနာစစ်တပ်ရဲ့စိတ်ဓာတ်ခွန်အားက ပြိုလဲနေပါပြီ။

ရုတ်တရက် လိပ်ပြာတစ်ကောင်က ခြေလျင်တပ်ရှေ့မှာ ဆင်းရပ်လိုက်ပြီး သူတို့ခွေးဟောင်သံကို စကြားရတယ်။စေဘာစတိန်းက နယ်စားကြီးဘေးနားကို ရောက်လာတဲ့အတွက် လိပ်ပြာပေါ်ကလူကို သူတို့ခန့်မှန်းနိုင်လိုက်ပါတယ်။

"ဒီပ..." နယ်စားကြီးက မော့ကြည့်လိုက်တယ်။ ဒီပက သူတို့ကို ပြုံးပြပါတယ်။

"အဖိုး၊ အလျော့ပေးလိုက်ဖို့ စောသေးတယ်နော်။ အစ်မကြီးက နန်းမြို့တော်မှာ သူလုပ်နိုင်တာကို ဆက်လုပ်ရင်း ကျွန်တော်တို့အနိုင်ရတာကို စောင့်နေသေးတာမလို့ပါ။"

ဒီပရဲ့အမိန့်နဲ့အတူ လေတပ်က အကျအဆုံးများနေပေမဲ့လည်း မွန်းစတားကြီးကို နှောင့်နှေးစေဖို့ ကြိုးစားနေဆဲပါ။ ဒီပက ခွေးနက်ကြီးကို ခေါင်းညိတ်ပြလိုက်ပြီး....

"ငါ့အဖိုးကို သေချာစောင့်ရှောက်ပေးပါ၊ မင်းရဲ့သခင်မပေးလိုက်တဲ့တာဝန်ကို ကျေပွန်အောင်လုပ်။ ငါလည်း ငါ့တာဝန်ကို ကျေပွန်အောင်လုပ်ရမယ်။"

အဲဒီနောက် ဒီပက လိပ်ပြာကိုစီးပြီး ရှေ့တန်းပြန်သွားတယ်။ နယ်စားကြီးကလည်း သက်ပြင်းချလိုက်တယ်။ သူတို့က လောလောဆယ် အားနည်းတဲ့ဘက်ခြမ်းမှာရှိနေပေမဲ့ မရှုံးနိမ့်သေးပါဘူး။ သူတို့မှာ ပြန်တိုက်နိုင်တဲ့ အင်အားရှိတယ်။

"ဟုတ်တယ်... ငါ့ရဲ့နယ်စားဆိုတဲ့ရာထူးက ဆုဗာနာတိုင်းပြည်ကလူတွေကို ကာကွယ်ဖို့ဖြစ်လာတာပဲ။ ဒါကြောင့် ဒီရှေ့တန်းမှာ အရှုံးပေးလိုက်ရင် ငါနယ်စားဖြစ်ဖို့ မထိုက်တန်တော့ဘူး။"

နယ်စားကြီးက သူ့ခါးမှာချိတ်ထားတဲ့ ဇက်သတ္တုဓားကို ထုတ်လိုက်တယ်။ ခွေးကြီးကလည်း ဟောင်လိုက်ပြီး နယ်စားကြီးဘေးမှာရပ်တယ်။ နယ်စားကြီးရဲ့မလျှော့တဲ့ဇွဲကြောင့် ဆုဗာနာတပ်ရဲ့စိတ်ဓာတ်က ပြန်တက်ကြွလာတယ်။ နောက်တော့ ဆုဗာနာတပ်သားတွေထဲကတစ်ယောက်က သီချင်းတစ်ပုဒ်ကို စဆိုတယ်။ နောက်တော့ ဘယ်သူစဆိုမှန်းမသိတဲ့ သီချင်းကို ကျန်တဲ့တပ်သားတွေပါ လိုက်ဆိုကြတယ်။

စစချင်းတော့ သူတို့သီချင်းဆိုသံက မညီပေမဲ့ တဖြည်းဖြည်းနဲ့ သံပြိုင်ဖြစ်လာပါတော့တယ်။

"ဂုဏ်သိက္ခာနဲ့သတ္တိရဲ့မြေ၊ သူရဲကောင်းတို့နေတဲ့မြေ။ လရောင်အောက်က တို့တိုင်းပြည်။ မိုးထိတောင်တန်းများမှ မြက်ခင်းများအထိတိုင်တည်မည်။

အမှန်တရားအတွက်ရပ်တည်မည်၊ သစ္စာတရားအတွက် တည်ရှိသည်။ သံပြိုင်ဟစ်ကြွေးရင်းနဲ့ ငါတို့စစ်ချီသည်။

တိုင်းပြည်အမွေကိုသစ္စာတည်၊ ငါတို့နှလုံးသားနဲ့စောင့်ရှောက်မည်။ မေတ္တာတရားနဲ့ ငြိမ်းချမ်းမှုတို့ ထာဝရတည်ပါစေ။

အလံတော်ကို လွှင့်ထူမည်၊ ကောင်းကင်ဘဝဂ်တိုင် ဝင့်ဝါမည်။ ဘိုးဘေးတို့ရဲ့လွတ်လပ်တဲ့မြေ အထွန့်ရှည်ပါစေ။

ရင်းမြစ်တို့ကြွယ်ဝသည်၊ ပြည်သူများလည်း ငြိမ်းအေးသည်။ လရောင်အောက်က တို့တိုင်းပြည်၊ သစ္စာတရားအတွက် တည်ရှိသည်။"

ဆုဗာနာရဲ့နိုင်ငံတော်သီချင်းက ဆုဗာနာစစ်တပ်ငယ်လေးဆီကနေ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ ဆုဗာနာစစ်တပ်ငယ်လေးဟာ နောက်ဆုတ်မယ့်အစား ရှေ့ကိုတစ်စတစ်စပြန်တိုးလာတယ်။ နယ်စားကြီးက ပြန်လည်စုစည်းမိထားတဲ့ အမြောက်တပ်ကို အမိန့်ပေးလိုက်တယ်။

"ပစ်...."

ထိန်း....

ဒါဇင်ချီတဲ့ အမြောက်သံတွေက ဆုဗာနာတိုက်ပွဲမြေပြင်မှာ ပြန်လည်ထွက်ပေါ်လာတယ်။ ဒီအသံကို တံတိုင်းပြိုကျသွားပြီးကတည်းက မကြားရတော့တာပဲ။ အမြောက်တွေရဲ့အရေအတွက်က မူလအခြေအနေနဲ့ယှဥ်ရင် သိပ်နည်းသွားပြီဆိုပေမဲ့ အားကောင်းတဲ့ လူသတ်လက်နက်တွေ ဖြစ်နေကြတုန်းပဲ။

အမြောက်ဆန်တွေက အရိပ်နက်ကြီးကို စတင်ထိမှန်ပြီးပေါက်ကွဲကုန်တယ်။

အလားတူပဲ စစ်ပွဲထဲမှာရှိနေသေးတဲ့ ပုရွက်ဆိတ်တွေဟာ အသိဉာဏ်ရှိတဲ့အလား စစ်ပွဲရဲ့တကယ့်ကပ်ဘေးကောင်ဖြစ်တဲ့ အရိပ်နက်ကြီးကိုရင်ဆိုင်ဖို့ တပ်ဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းပါတယ်။ သူတို့က မက်စကပ်ခံစစ်နည်းနဲ့ခံပစ်နေတဲ့ ကြေးစားတပ်တွေဆီကနေ ပြန်ဆုတ်လာကြပြီး အရိပ်နက်ဆီကို ပြေးသွားကြတယ်။

လမ်းမှာတင် တစ်ကောင်နဲ့တစ်ကောင်တွဲဆက်လိုက်ပြီးဧရာမလက်သီးကြီးအဖြစ်ကို ဖွဲ့စည်းကာ အရိပ်နက်ကြီးရဲ့ရင်ဘတ်ကို ထိုးချလိုက်တယ်။

ဘုန်း....

"ဝူး.... ဝူး....." အရိပ်နက်ကြီးဆီက နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာပြီး အရိပ်လက်တွေက ပုရွက်ဆိတ်တွေကို တစ်စစီဆွဲဖဲ့ပစ်ဖို့ ကြိုးစားကြတယ်။ ကံမကောင်းတဲ့ပုရွက်ဆိတ်တချို့ မျိုချခံလိုက်ပေမဲ့ ပုရွက်ဆိတ်အကူရောက်လာလို့ အနည်းငယ်အားလပ်သွားတဲ့ လိပ်ပြာတပ်က ပုရွက်ဆိတ်တွေကို တစ်ဖန်ပစ်ကူပေးပြီး ကာကွယ်တယ်။

ပုရွက်ဆိတ်၊ လိပ်ပြာနဲ့အမြောက်တပ်ဖွဲ့တွေက အရိပ်ကြီးကို လုံးဝမဖိနှိပ်နိုင်သေးပေမဲ့ လုပ်ချင်ရာမလုပ်နိုင်အောင် တားဆီးထားလိုက်နိုင်ပါပြီ။

အဲဒီအချိန်မှာတော့ နယ်စားကြီးဦးဆောင်တဲ့ ဆုဗာနာပင်မတပ်က ကြေးစားစစ်တပ်နဲ့ရင်ဆိုင်ဖို့ ရှေ့ကိုချီတက်သွားတယ်။

...

"ဗျူဟာမှူး၊ ဆုဗာနာစစ်တပ်က နောက်ဆုတ်နေတာရပ်ပြီး ပြန်ချီတက်လာပါတယ်။"

ဗိုလ်လေးတစ်ယောက်ရဲ့သတင်းပို့ချက်ကြောင့် ကားလ်မျက်မှောင်ကြုတ်လိုက်ပါတယ်။ ဆုဗာနာစစ်တပ်က ပြိုကွဲသွားပြီးပါပြီ။ ဒါပေမဲ့ သူတို့က စုစည်းပြီးပြန်တိုက်ဖို့ တကယ်ပဲသတ္တိကျန်နေပါသေးတယ်။

"တပ်ဖွဲ့အားလုံး၊ မက်စကပ်ဖွဲ့စည်းပုံကိုဖြုတ်ပြီး အစီအစဥ်တကျ နေရာယူမယ်။" ကားလ်အမိန့်ပေးပြီးတာနဲ့ ကြေးစားစစ်တပ်က စည်းကမ်းတကျပဲ စက်ဝိုင်းပုံစံခံစစ်ကို ဖြုတ်လိုက်ပြီး အလျားလိုက်တန်းစီလိုက်ကြတယ်။ ဒါက တိုက်စစ်ပြန်စတော့မယ့် သဘောဖြစ်ပါတယ်။

စစ်ကူရောက်လာတဲ့ ပုရွက်ဆိတ်တွေ ပစ်မှတ်ပြောင်းသွားတာကြောင့် ကြေးစားစစ်တပ်က ပြန်စုစည်းနိုင်စွမ်း ရှိနေပြီဖြစ်ပါတယ်။ ကားလ်ရဲ့ဗျူဟာအားသာချက်က ပုရွက်ဆိတ်တွေရဲ့လှိုင်းပုံစံတိုက်ခိုက်မှုကို တန်ပြန်နိုင်ခဲ့ပါတယ်။ ကြေးစားတပ်စုတွေရဲ့ပတ်ပတ်လည်မှာ ပုရွက်ဆိတ်တွေနဲ့ကြေးစားတွေရဲ့အလောင်းတွေဟာ သဲအိတ်တွေလို အထပ်ထပ်ဖြစ်နေပါတယ်။ အကျအဆုံးများခဲ့ပေမဲ့ ကြေးစားစစ်တပ်က အင်အားသုံးထောင်ကျော်လောက် ရှိနေဆဲပါ။ ပြီးတော့ ပလာဒင်ချပ်ဝတ်တွေရဲ့သာလွန်မှုကလည်းရှိသေးတယ်။

"ဆုဗာနာတပ် ပြန်ဆုတ်သွားရင် ဘယ်လိုလုပ်ရမလဲဆိုပြီးငါတွေးနေတာ။ အခုတော့ သူတို့ကိုယ်တိုင် ပြန်လှည့်လာပြီဆိုမှတော့ နယ်စားကြီးကို ဖမ်းဖို့အခွင့်အရေးရပြီပေါ့ကွာ။"

ကားလ်က တစ်ယောက်တည်းရေရွတ်လိုက်ပါတယ်။ ကြေးစားစစ်တပ်က ပြန်စုစည်းပြီးတဲ့နောက် သူတို့ရဲ့မျက်နှာတွေက တည်ကြည်နေကြတယ်။ ပျက်ပြီးတဲ့ဖြစ်တဲ့ တပ်တစ်ခုက သူတို့ဆီလာနေပြီး ဆုဗာနာနိုင်ငံတော်ရဲ့သီချင်းသံက သူတို့နားထဲ တီးတိုးဝင်လာနေတယ်။

နိုင်ငံတကာလှည့်စစ်တိုက်နေတဲ့ ကြေးစားတွေအနေနဲ့ သူတို့ဟာ ဆုဗာနာတပ်ရဲ့ရဲစွမ်းသတ္တိကို ခံစားမိကြတယ်။ ဒါကြောင့် သူတို့ရင်ထဲမှာ အမျိုးအမည်မသိရတဲ့ လေးစားမှုတစ်ခုကလည်း ဝင်နေရာယူလာပါတယ်။

'ဆုဗာနာစစ်သည်တွေက သူရဲကောင်းဖြစ်ထိုက်တဲ့ တကယ့်စစ်သည်တွေ။' ဒါက သူတို့အားလုံးရဲ့အတွေးပါ။

ကြေးစားစစ်တပ်နဲ့ယှဥ်ရင် ဆုဗာနာတွေမှာက သူတို့ခုခံရမယ့် အမိမြေတစ်ခုရှိတယ်။ ကြေးစားစစ်တပ်ကတော့ပိုက်ဆံရဖို့အတွက်သက်သက်နဲ့ စစ်တိုက်လူသတ်ကြတဲ့ အဖွဲ့တစ်ခုပါ။ အခုစစ်ပွဲကလည်း သူတို့အထက်အရာရှိတွေရဲ့အကျိုးစီးပွားအတွက်ဖြစ်ပြီး သူတို့ကတော့မစို့မပို့လောက်ပဲ အကျိုးခံစားခွင့်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ဆုဗာနာစစ်သားတွေကို သူတို့လေးစားအားကျပြီး ကိုယ်တိုင်သိမ်ငယ်စိတ်ဝင်မိတာ ပုံမှန်ပါပဲ။

လေ့ကျင့်သားပြည့်ဝနေတဲ့ စစ်တပ်နှစ်ခုက မြက်ခင်းပြင်ပေါ်မှာ ဖြည်းဖြည်းချင်းချီတက်နေကြတယ်။ ဘွက်ဖိနပ်နဲ့မြေကိုနင်းအသံတွေ ပတ်ဝန်းကျင်မှာ ပဲ့တင်သံထပ်နေပြီး တပ်ဖွဲ့နှစ်ခုဟာ တစ်ဦးနဲ့တစ်ဦး မြင်နိုင်တဲ့အထိ နီးကပ်လာကြတယ်။

"ပစ်... " နှစ်ဖက်တပ်ဖွဲ့တပ်မှူးတွေရဲ့အမိန့် ထွက်လာပြီးတဲ့နောက်တော့ သေနတ်သံတွေနဲ့ စစ်သည်တွေရဲ့စစ်ပွဲခေါ်သံတွေ ဆူညံစွာ ထွက်ပေါ်လာလေတော့တယ်။

...

စစ်တပ်နှစ်ခုက မြက်ခင်းပြင်အလည်မှာ ပထမဆုံးအကြိမ်အဖြစ် မျက်နှာချင်းဆိုင် ရင်ဆိုင်မိကြပါတယ်။

စစ်ပွဲစကတည်းက ဒီလိုတိုက်ရိုက်ရင်ဆိုင်တာမျိုး မရှိခဲ့ဖူးပါဘူး။ အရေအတွက်ကလည်း တစ်ဖက်နဲ့တစ်ဖက် သိပ်မကွာသလို လက်နက်အင်အားကလည်း သိပ်မကွာတော့ဘူး။ အခုတိုက်ပွဲရလဒ်အပေါ်မူတည်နေတာက လူတိုင်းရဲ့အရည်အချင်းကို ဖောက်ခွဲပစ်နိုင်စွမ်းပါ။

ကြေးစားစစ်တပ်တပ်မှူးရော့ဝဲလ်ရဲ့အရိပ်နက်ကြီးမှာ အချိန်အကန့်အသတ်ရှိပါတယ်။ ဆုဗာနာစစ်တပ်ဟာ အရိပ်နက်ကြီးရဲ့အချိန်ကုန်တဲ့အထိ တောင့်ခံနိုင်ခဲ့ရင် ကြေးစားစစ်တပ်ဟာ ရှုံးနိမ့်သွားမှာပါ။ တကယ်လို့ ဆုဗာနာရဲ့အရိပ်နက်ကို အနှောင့်အယှက်ပေးနေတဲ့ တပ်တွေသာ အရင်ကျဆုံးသွားမယ်ဆိုရင် ဆုဗာနာရဲ့အရှုံးဖြစ်လာမှာပါ။

တိုက်ပွဲဟာ အထွတ်အထိပ်ကာလကို ရောက်နေပြီဖြစ်ပြီး မကြာခင်အဖြေထွက်လာတော့မှာလည်းဖြစ်တယ်။

ဒါပေမဲ့ နှစ်ဖက်အင်အားစုတွေဟာ တစ်ဖက်အပေါ်တစ်ဖက် သိသာတဲ့အသာစီးရမှုရှိမနေတာကြောင့် နောက်ဆုံးမှာ ဘယ်သူရယ်မောနိုင်သူဖြစ်မလဲဆိုတာ ပြောဖို့ခက်ခဲပါတယ်။

"ဒိုင်းတွေထုတ်ကြ..." ဆုဗာနာကိုယ်ရံတော်တပ်မှူးကြီးက အော်ဟစ်လိုက်တာနဲ့ ရှေ့ဆုံးမှာနေရာယူထားတဲ့ ကိုယ်ရံတော်တပ်တွေနဲ့ အဆင့်မြင့်ချပ်ဝတ်ဝတ်တပ်တွေက သူတို့ရဲ့စွမ်းအင်ဒိုင်းတွေကို ထုတ်ဖော်ပြီး သာမန်တပ်သားတွေကို ကာကွယ်ပေးလိုက်ကြတယ်။

ဒါကြောင့် သာမန်သေနတ်ကျည်တွေက ဆုဗာနာတပ်သားတွေကို ဒုက္ခမပေးနိုင်တော့ပါဘူး။ ကားလ်က ဒီအခြေအနေကိုတွေ့တော့ အော်ဟစ်လိုက်ပြန်တယ်။

"အရူးကောင်တွေ၊ မင်းတို့သေနတ်နဲ့တွဲထားတဲ့ လောင်ချာတွေကိုသုံးကြ။"

ထုံ... ဘောင်း... ဘောင်း....

လောင်ချာကျည်ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီး ဆုဗာနာစွမ်းအင်ဒိုင်းတွေ လှုပ်ခါကုန်တယ်။ တချို့လေ့ကျင့်သားမပြည့်ဝတဲ့ စစ်သည်တွေရဲ့စွမ်းအင်ဒိုင်းတွေက ကြေမွကုန်ပြီး ကြေးစားစစ်တပ်အတွက် သိသာတဲ့ပစ်မှတ်တွေ ဖြစ်ကုန်ကြတယ်။

ဒါပေမဲ့ တကယ့်တိုက်ပွဲရဲ့အဖြေကို အဆင့်နိမ့်တပ်သားတွေကပဲ ဆုံးဖြတ်ပေးနိုင်တာ မဟုတ်ပါဘူး။ တပ်ဖွဲ့ကြီးရဲ့ခေါင်းဆောင်တွေကလည်း ရင်ဆိုင်မိကြဦးမှာပါ။

ကားလ်၊ စီစီလီယာ၊ ဒုဗျူဟာမှူးနဲ့ ဓားစောင့်ရှောက်သူ၊ လှံစောင့်ရှောက်သူ၊ လေးစောင့်ရှောက်သူနဲ့ ခွေးကြီးတို့ကလည်း မြေပြင်မှာ မျက်နှာချင်းဆိုင်မိနေကြပါပြီ။

All Chapters