← Chapters

သေရတော့မှာလား

Vol. 5 Ch. 27

သေရတော့မှာလား

Vol. 5 Ch. 27

ကလန်...

အခန်းတံခါးပိတ်သွားတာနဲ့ ပုံမှန်မဟုတ်တဲ့ အေးစိမ့်မှုကို မက်ဒါနာခံစားလိုက်ရတယ်။ အဲဒီနောက်တော့ သတ္တုချင််းထိခတ်မိသံ တစ်ချက်ထွက်ပေါ်လာပြီး ဝှီးချဲလည်း ရှေ့ကိုလိမ့်ထွက်သွားတယ်။

နောက်ဆုံးတော့ ဆံပင်ငွေရောင်နဲ့မင်းသမီးလေးရဲ့ကိုယ်က ကြမ်းပြင်ပေါ်ကို လိမ့်ကျသွားတယ်။ ပြုတ်ကျလာတဲ့အရှိန်ကြောင့် နာကျင်နေပေမဲ့ မက်ဒါနာက မော့ကြည့်လိုက်တယ်။ မေမေသီတာက သူ့ကိုငုံကြည့်နေပြီး လက်ထဲမှာတော့ သံချွန်တစ်ချောင်းကို ဆုပ်ကိုင်ထားတယ်။

ခရပ်...

တစ်ချိန်တည်းမှာပဲ မက်ဒါနာရဲ့လက်မှာဝတ်ဆင်ထားတဲ့ ဖရာလီတာပေးထားတဲ့ လက်အိတ်လေးက ကွဲကြေသွားတယ်။ အခုသတ္တုအပိုင်းအစတွေက မြေပေါ်မှာပြန့်ကျဲနေတယ်။ ဒါကြောင့် မက်ဒါနာလည်း သတိပြန်ဝင်လာပြီး ပုံမှန်မဟုတ်တဲ့အခြေအနေကို သတိထားမိသွားပါပြီ။

"နင်က အဲဒီတုန်းကကောင် မဟုတ်လား...." မက်ဒါနာဆီက စကားကိုကြားတော့ မေမေသီတာရဲ့အပြုံးက ပိုပုံပျက်သွားတယ်။

ဖရာလီတာကိုယ်တိုင် ပြုလုပ်ထားတဲ့လက်အိတ်ကို တော်ရုံအားမျိုးနဲ့ ဖျက်ဆီးလို့မရနိုင်ပါဘူး။ ဒါကြောင့် ခုနက တိုက်ခိုက်မှုက မက်ဒါနာထင်ထားတာထက် ပိုအန္တရာယ်များပါတယ်။ တကယ်လို့ ဗီဇသိစိတ်အရသာ စောစောစီးစီး မခုခံလိုက်ရင် သံချွန်က မက်ဒါနာ့ဦးနောက်ကို ထိုးဖောက်သွားလောက်ပါပြီ။

"ရင်ပြင်ရှေ့မှာကတည်းက နင်မှန်းသတိပြုမိခဲ့သင့်တာ။" မက်ဒါနာက ပြောပြောဆိုဆိုနဲ့ Technotelekinesis ကိုသုံးပြီး ငွေရောင်သေတ္တာကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ အရင်တိုက်ပွဲမှာ မြူတန့်စွမ်းအားကို သတ်မှတ်ချက်ထက်ကျော်အောင်သုံးမိတဲ့အတွက် သူ့ဦးနောက်အာရုံကြောတွေက ရောင်ရမ်းနေဆဲဖြစ်လို့ ဒီလိုလှမ်းဖွင့်ဖို့အတွက်တောင် အသည်းခိုက်အောင် နာကျင်ပါတယ်။

"သေစမ်း... ဒီလိုအခြေအနေမျိုးမှာမှ အားကောင်းတဲ့ရန်သူနဲ့ တွေ့ရတယ်လို့။" ငွေရောင်စစ်သည်ချပ်ဝတ်က မောင်းသူမဲ့ပုံစံပွင့်သွားပြီး မက်ဒါနာရှေ့မှာရပ် လူသတ်သမားနဲ့သခင်ရဲ့ကြားမှာ အကာအကွယ်တစ်ခုအဖြစ် ခြားထားလိုက်တယ်။

"မင်းရဲ့ဝတ်စုံလား၊ ဒါပေမဲ့ ငါခန့်မှန်းထားတဲ့အတိုင်းဆိုရင် မင်းအခြေအနေနဲ့ ဒီဝတ်စုံကို သေချာမသုံးနိုင်ဘူးမဟုတ်လား။"

ရေနွေးငွေ့ခေါင်းက ချက်ချင်းလှုပ်ရှားလိုက်တယ်။ ငွေရောင်စစ်သည်ကလည်း အသင့်ပြင်ပြီး ပြန်တိုက်ဖို့လုပ်ပေမဲ့ ဝတ်စုံထဲမှာ ဝိတ်မပါပါဘူး။ မြေဆွဲအားဓားကို ဆွဲယူပြီး လွှဲယမ်းခုတ်ပိုင်းဖို့လုပ်ပေမဲ့ ရေနွေးငွေ့ခေါင်းရဲ့ ကန်ချက်နဲ့တင် တစ်ဖက်ကိုယိုင်ထွက်သွားတယ်။

"ငါ့ဆီကို လာခဲ့..." မက်ဒါနာက ဝတ်စုံကို အမိန့်ပေးပြီး ပြန်ဆွဲခေါ်လိုက်တယ်။

ရေနွေးငွေ့ခေါင်းက ပိုင်ရှင်နဲ့ဝတ်စုံပေါင်းစည်းတာကို တားဆီးချင်ပေမဲ့ မြေဆွဲအားဓားက မြောက်တက်လာပြီး သူ့ကိုပိုင်းဖို့ကြိုးစားတာကြောင့် တစ်ဖက်လှည့်ရှောင်ရပါတယ်။

"တော်တော် စိတ်ရှုပ်ဖို့ကောင်းတာပဲ။" မေမေသီတာရဲ့ပုံရိပ်က ဝတ်ရုံနက်အဖြစ်ကို ပြောင်းလဲသွားပြီး အမြန်အဆန်လှုပ်ရှားတယ်။ ဝတ်ရုံနက်လက်ထဲက သံချွန်တွေက ပုံမှန်မဟုတ်မှန်းသတိထားမိတာကြောင့် မက်ဒါနာလည်း ဝတ်စုံရဲ့အတောင်ကိုဖြန့်လိုက်ပြီး လေဟုန်စီးကာ တိုက်ကွက်တွေကို ရှောင်ရှားဖို့ကြိုးစားတယ်။

ဝတ်ရုံနက်ရဲ့သံချွန်က မက်ဒါနာကိုမထိခဲ့ပါဘူး။ ဒါပေမဲ့ကြွက်သားတွေ မလှုပ်ရှားနိုင်တာကြောင့် တွဲလောင်းဖြစ်နေတဲ့ မက်ဒါနာရဲ့ချပ်ဝတ်ခြေတစ်ဖက်ကို ဝတ်ရုံနက်က ဖမ်းဆွဲလိုက်ပြီး မက်ဒါနာကိုလေထဲမှာတင် ဆွဲလှည့်ကာကိုင်ပေါက်ပစ်လိုက်တယ်။

ဘုန်း.... ခလောက်ခလောက်....

မက်ဒါနာရဲ့ခန္ဓာကိုယ်က နန်းတော်နံရံနဲ့ဝင်တိုက်မိသွားပြီး ပြင်းထန်တဲ့အရှိန်ကြောင့် နံရံလည်းပြိုကျသွားတော့တယ်။ ငွေရောင်စစ်သည်ကိုယ်တိုင်ကတော့ စင်္ကြန်လမ်းပေါ်မှာ တုံးလုံးလဲနေပြီး ပြန်မထနိုင်သေးဘူး။

ရေနွေးငွေ့ခေါင်းကနေတော့ ပြိုကျသွားတဲ့နံရံကြောင့် လစ်ဟာနေတဲ့အပေါက်ကနေ ခြေတစ်လှမ်းချင်းလှမ်းရင်း မက်ဒါနာရဲ့ရှေ့ကို ရောက်လာပါတယ်။

"ဒီတော့ မင်းက ငါ့လက်နက်တွေ ပုံမှန်မဟုတ်တာကို သတိထားမိတယ်ပေါ့။" ရေနွေးငွေ့ခေါင်းက ခေါင်းကိုစောင့်ငဲ့လိုက်ပြီး မေးလိုက်တယ်။

မက်ဒါနာကတော့ ဓားကိုအားပြုကာ ပြန်ထရပ်လိုက်ပါတယ်။ သူ့ခြေထောက်တွေ လှုပ်ရှားမရတဲ့အတွက်ကြောင့် ငွေရောင်စစ်သည်ချပ်ဝတ်ဟာ အပြည့်အဝအသုံးမဝင်ဘူးဖြစ်နေပါတယ်။ အလွန်ဆုံးမှ သူဟာ B rank ကိုရောက်တယ်ဆိုရုံ အခြေအနေမှာသာ ရှိနေပါတယ်။

တခြားတစ်ဖက်မှာတော့ ရေနွေးငွေ့ခေါင်းက A အဆင့်တွေထဲမှာတောင် အင်အားကြီးတယ်လို့ ပြောနိုင်တယ်။

"အန်းနပ်ရဲ့ခန္ဓာကိုယ်က အရိုးတွေကိုလက်နက်လုပ်ထားတာမဟုတ်လား။ ရှင်တို့ သူ့ကိုယ်ကအရိုးတွေကို ဘယ်လိုလုပ်ပြီး ရလာတာလဲ။"

မက်ဒါနာကိုယ်တိုင်လည်း အံ့ဩနေတယ်။ အန်းနပ်စ်ကို သူအာကာသထဲပို့ပြီး ဖျက်ဆီးပစ်ခဲ့ပြီးသား။ အန်းနပ်စ်နဲ့ပတ်သက်တာဆိုလို့ ကမ္ဘာပေါ်မှာ မြေမှုန်တစ်စမှတောင် ကျန်ခဲ့တာမဟုတ်ဘူး။

ရေနွေးငွေ့ခေါင်းကတော့ မက်ဒါနာကို ဂရုမစိုက်ဘူး။ မက်ဒါနာကတော့ ဥရောပဓားကိုယ်ဟန်တစ်ခုဖြစ်တဲ့ Short Serpent Guardကိုသုံးပြီး ခံစစ်ကိုအသင့်ပြင်ထားတယ်။ ညာခြေကိုရှေ့ထုတ်၊ ဘယ်ခြေကို နောက်ကိုဆန့်ထားပြီး ညာလက်နဲ့ဓားကို ရှေ့မှာလေးဆယ့်ငါးဒီဂရီစောင်းထုတ်ထားပြီး ဓားသွားကို ဘယ်လက်နဲ့ထိန်းကိုင်ထားတဲ့ပုံစံပါ။

မြေဆွဲအားဓားရဲ့အလေးချိန်ကို မက်ဒါနာရဲ့ခြေတွေက မခံနိုင်တဲ့အတွက်ကြောင့် Void Stream အကူအညီနဲ့အခုလိုဓားကွက်မျိုးကိုပဲ ထုတ်ဖော်နိုင်ပါတယ်။

"မြူတန့်မဟာမိတ်က မလုပ်နိုင်တာ ဘာမှမရှိဘူး။ မြူတန့်သိပ္ပံဆီက နည်းပညာဖိုင်တွေကို ငါတို့ပြန်ထုတ်ဖော်ဖို့ ကြိုးစားနေပြီးသား။ အန်းနပ်စ်အပြည့်ကို ထုတ်ဖို့မဖြစ်နိုင်သေးပေမဲ့ အရိုးမျက်နှာတွေဆီကနေ အန်းနပ်စ်အရိုးနဲ့အရည်အသွေးတူရအောင်လုပ်ဖို့က လွယ်တယ်လေ။ ဟားဟား... ဒါတွေကို မင်းသိလည်း ဘာမှမထူးပါဘူး၊ မင်းက မကြာခင်သေတော့မှာပဲဥစ္စာ။"

ဝတ်ရုံနက်က နေရာကနေ ပျောက်သွားပြန်တယ်။ ဝတ်စုံစနစ်ရဲ့ခန့်မှန်းချက်အရ ဝတ်ရုံနက်က အရှေ့ကလာမယ်လို့ ဖော်ပြတဲ့အတွက် မက်ဒါနာက ဓားကိုအားစိုက်ထည့်ပြီး လက်ဖဝါးကနေ လျှောထွက်သွားအောင် ထုတ်ပစ်လိုက်တယ်။ ဒါပေမဲ့ ဝတ်ရုံနက်က အဲဒီနေရာမှာရှိမနေပါဘူး။

"ဘာ...." ဝတ်ရုံနက်ရဲ့ပုံရိပ်က မက်ဒါနာရဲ့ဘေးမှာ ရုတ်တရက်ထွက်ပေါ်လာတယ်။

"မင်းတွက်ကိန်းမှားသွားပြီနော်။" အဲဒီနောက်တော့ ရေနွေးငွေ့ခေါင်းက မက်ဒါနာရဲ့ချပ်ဝတ်လည်ပင်းကို သတ္တုချွန်နဲ့ထိုးချဖို့ကြိုးစားတယ်။ မက်ဒါနာက အတောင်တွေကိုဖွင့်ပြီး နောက်ကိုထပ်ခုန်ဆုတ်ဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းဟောင်းကြီးကို ရေနွေးငွေ့ခေါင်းက ကြိုတင်ခန့်မှန်းမိပြီးသားဖြစ်ပြီး သူ့ရဲ့ဘယ်လက်ကနေ နောက်ထပ် သတ္တုသံချွန်တစ်ခု ထွက်လာကာ မက်ဒါနာရဲ့ငွေရောင်အတောင်ပံကို ထိုးနှက်ရိုက်ချိုးပစ်လိုက်တယ်။

ဝှစ်.....

ရေနွေးငွေ့ခေါင်းရဲ့တိုက်ကွက်တစ်ခုတည်းနဲ့တင် ငွေရောင်စစ်သည်ရဲ့ညာတောင်ပံက သတ္တုအဆစ်တွေဟာ ပြုတ်ထွက်ကျကုန်တယ်။ အခုတော့ မက်ဒါနာမှာဘယ်တောင်ပံ တစ်ဖက်ပဲကျန်တော့ပြီး ဟန်ချက်မညီမျှမှုကြောင့် ဘေးကိုတစ်ဖက်စောင်းလိုက်သွားပြီး နောက်နံရံတစ်ခုနဲ့ ရိုက်မိပြန်တယ်။

"အာ... အာ... မင်းရဲ့အကွက်တွေက ရိုးနေပြီလေ။ မြန်မြန်လေး ငါ့ရဲ့အရုပ်ဖြစ်လာဖို့ လက်ခံလိုက်စမ်းပါကွာ။ ရုန်းကန်မနေပါနဲ့တော့။"

ဝတ်ရုံနက်က ရှေ့တက်လာပြန်တယ်။ မြေပေါ်ခွေကျနေတဲ့ မက်ဒါနာအတွက် ပြန်ထဖို့အချိန်မမီတော့ဘူး။ ဒါကြောင့် မက်ဒါနာက ဓားကိုပြန်ကောက်ပြီး ထိုင်လျက်အနေအထားကနေပဲ ဝတ်ရုံနက်ရဲ့ခါးကို ထက်ပိုင်းဖြတ်ဖို့ ကြိုးစားတယ်။

"ဒီလောက်လေးနဲ့ ငါ့ကိုထိအောင်တိုက်နိုင်မယ်လို့ ထင်နေတာလား။" ဝတ်ရုံနက်က မက်ဒါနာရဲ့ဓားကို သံချွန်နဲ့အသာလေးတားလိုက်တယ်။

ထန်း... ပြင်းထန်တဲ့ သတ္တုချင်းထိခတ်သံနဲ့အတူ မီးပွားတချို့ ဖြာထွက်လာတယ်။ ဒါပေမဲ့ သံချွန်က မြေဆွဲအားဓားကြောင့် ထိခိုက်မသွားဘူး။

ရေနွေးငွေ့ခေါင်းက ဓားကိုတားပြီးတာနဲ့ ကိုယ်ကိုလှည့်ပြီး ခြေမြှောက်ကန်တယ်။ သူ့ခြေထောက်က ငွေရောင်စစ်သည်ရဲ့နားထင်ကို ထိမှန်သွားပြီး မက်ဒါနာမြေပေါ်ကို မှောက်ကျသွားတယ်။

"ဇက်သတ္တုထက် အများကြီးသာတဲ့ လက်နက်တစ်ခုကို အခုမှမြင်ဖူးတာလား၊ SilverKnight။ မြူတန့်မဟာမိတ်က တချို့အဖွဲ့ဝင်တွေက အန်းနပ်စ်ကိုဖျက်ဆီးတဲ့သူက မင်းလို့ထင်နေကြပေမဲ့ ကြည့်ရတာ မဟုတ်ပုံပဲ။"

ရေနွေးငွေ့ခေါင်းက မက်ဒါနာရဲ့ကျောပေါ်ကို ဒူးတင်ထားလိုက်တဲ့အတွက် မက်ဒါနာတွားသွားပြီး ထွက်ပြေးလို့တောင် မရတော့ဘူး။ အဲဒီနောက်တော့ ကျန်နေသေးတဲ့ အတောင်တစ်ဖက်ကို ရေနွေးငွေ့ခေါင်းက ဖြတ်ပစ်တယ်။

"ဒီလောက်ဆိုရင် မင်းကိုအရုပ်လုပ်လို့ရပြီလို့ ပြောရမလား။" ဝတ်ရုံနက်ရဲ့ခေါင်းစွပ်အောက်က နှုတ်ခမ်းက ကွေးညွှတ်သွားတယ်။ စိတ်လှုပ်ရှားမှုကြောင့် သူ့လေသံတောင် တုန်ရီနေပါတယ်။

အဲဒီနောက် သူက သံဆူးချွန်ကိုကိုင်ပြီး ရုန်းကန်နေတဲ့ မက်ဒါနာကိုယ်ပေါ်ကို ထိုးချလိုက်တယ်။ သွေးတွေပန်းထွက်လာပြီး သွေးစက်တချို့က နန်းတော်နံရံကိုလာစင်တယ်။

"အား......" နာကျင်လွန်းတဲ့အတွက် မက်ဒါနာအော်ဟစ်လိုက်မိတယ်။ သံချွန်က ဇက်သတ္တုချပ်ဝတ်ကိုဖောက်ပြီး လက်ခုံကိုထုတ်ချင်းဖောက်သွားတယ်။ သံချွန်က ကြမ်းပြင်မှာပါ စိုက်ဝင်နေပြီး သံတစ်ချောင်းနဲ့ မက်ဒါနာကို ကြမ်းပြင်မှာသပ်ရိုက်ထားသလို ဖြစ်နေပါတယ်။

ပြီးတော့ လက်ခုံကနေ စီးကျနေတဲ့သွေးတွေကြောင့် ကြမ်းပြင်က အနီရောင်သန်းလာတယ်။

"ဆိုးတာပဲ၊ ဒီနေ့ဆုဗာနာနန်းတော်မှာ အစောင့်တွေသိပ်မရှိဘူးမဟုတ်လား။ ဒီတော့ မင်းအော်သံကို သူတို့ကြားသွားလဲအပိုပဲ။ ငါက လာသမျှကို သတ်ပစ်မှာမလို့လေ။"

မက်ဒါနာရဲ့အော်သံကြောင့် တာဝန်ကျရာကနေ ပြေးလာတဲ့ ကိုယ်ရံတော်တပ်ဖွဲ့တချို့ကို ရေနွေးငွေ့ခေါင်းက ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ပြုံးလိုက်တယ်။ အဲဒီနောက် မက်ဒါနာအနေနဲ့ သူ့ဘာသာသူ သံချွန်ကိုနှုတ်ပြီး ထသွားလို့မရအောင် နောက်သံချွန်တစ်ချောင်းနဲ့ မက်ဒါနာရဲ့တခြားလက်တစ်ဖက်ကိုပါ ကြမ်းပြင်နဲ့တွဲပြီး သပ်ရိုက်ပစ်လိုက်တယ်။

နောက်တော့ ရေနွေးငွေ့ခေါင်းက အစောင့်တွေဆီခုန်ဝင်သွားပြီး မြန်ဆန်လွန်းတဲ့တိုက်ကွက်တွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ကိစ္စဖြတ်ပစ်လိုက်တယ်။

ဒါပေမဲ့ အရိုးမျက်နှာသတိမထားမိသေးခင်မှာပဲ အမျိုးသမီးတစ်ယောက်က စင်္ကြန်လမ်းထဲကို အပြေးဝင်လာပြီး မက်ဒါနာရဲ့မြေဆွဲအားဓားကို ကြမ်းပြင်ပေါ်ကနေ ဆွဲမလိုက်တယ်။ အဲဒီနောက်တော့ ရင်းနှီးနေတဲ့ အမျိုးသမီးရဲ့အသံက ထွက်ပေါ်လာပါတော့တယ်။

"ငါ့သမီးကို နင်ဘာလုပ်ထားတာလဲ။" မေမေသီတာက မြေဆွဲအားဓားကြီးကို ပခုံးပေါ်တစောင်းတင် ထမ်းထားရင်း ရေနွေးငွေ့ခေါင်းကို လှမ်းအော်လိုက်တယ်။

"ဘာ၊ သူဘယ်လိုလုပ်ပြီး အစောကြီးပြန်ရောက်လာတာလဲ။" ရေနွေးငွေ့ခေါင်းကိုယ်တိုင်လည်း အံ့ဩသွားလေရဲ့။

ကြေးစားစစ်တပ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရေနွေးငွေ့ခေါင်းက အချိန်ကောင်းစောင့်ပြီး လုပ်ကြံဖို့ ကြိုးစားတဲ့နေရာမှာ တော်ပါတယ်။ မူလကတော့မေမေသီတာ နန်းတော်ကနေ ခဏထွက်သွားတုန်း မေမေသီတာအယောင်ဆောင်ပြီး မက်ဒါနာကို သတ်ဖို့ကြံထားတာပါ။

ဒါပေမဲ့ မက်ဒါနာက သူထင်ထားတာထက် ပိုပြီးခုခံနိုင်ခဲ့ပြီး မေမေသီတာကလည်း ထင်ထာထက် စောပြီးပြန်လာတယ်။ ဒါပေမဲ့ ရေနွေးငွေ့ခေါင်းက နောက်တစ်ခါပြုံးလိုက်ပြန်တယ်။

"ဒါပေမဲ့ မင်းက သာမန်အိမ်ရှင်မတစ်ယောက်ပဲလေ။ ငါ့လက်ထဲက မင်းရဲ့သမီးကို ကယ်နိုင်မယ့်အရည်အချင်းမရှိဘူး။ ဒီနေ့အတွက် အရုပ်နှစ်ရုပ်လုပ်ရရုံပဲရှိမယ်။"

မေမေသီတာက မက်ဒါနာရဲ့လက်မှာစိုက်ထားတဲ့ သံချွန်တွေကို ဆွဲဖြုတ်ပေးလိုက်တုန်း ရေနွေးငွေ့ခေါင်းက သွေးနထင်ရောက်စွာနဲ့ ပြောလိုက်တယ်။

အဲဒီနောက်တော့ သူက ဓားမြှောင်ကိုလက်ထဲမှာကိုင်ပြီးပြေးဝင်လာတဲ့အတွက် မေမေသီတာကဗျာကယာနဲ့ ဓားကိုမြှောက်ကာ ကိုယ့်ကိုယ်ကိုယ် ခုခံလိုက်ရတယ်။

ထန်း... ထန်း... ထန်း....

ဓားပြားကြီးနဲ့ဓားမြှောင်က သုံးကြိမ်တိတိ ထိပ်တိုက်ရင်ဆိုင်မိကြတယ်။ ရေနွေးငွေ့ခေါင်းရဲ့အားကြောင့် မေမေသီတာလည်း နောက်ပြန်ဆုတ်လိုက်ရပါတယ်။ သူ့နဖူးကနေ ချွေးတွေစီးကျနေပေမဲ့ ဒီအမေကြီးက သမီးလေးကို ကယ်တင်ဖို့အတွက် လက်လျှော့မယ့်ပုံမပေါ်ပါဘူး။

ရေနွေးငွေ့ခေါင်းလည်း သတိနဲ့နောက်ပြန်ဆုတ်လိုက်ပါတယ်။ "မဆိုးဘူးပဲ၊ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလောက်လေးတဲ့ဓားကို မင်းက ဝတ်စုံအကူအညီမပါဘဲ သုံးနိုင်တယ်ပေါ့။ ကီလိုမန်းရဲ့ညီမကို အထင်သေးလို့မရဘူးပဲ။"

မေမေသီတာကတော့ အမောပြေစေဖို့အတွက် အသက်ကိုလုရှူနေရတယ်။ ကျောင်းတုန်းက မေမေသီတာဟာ အမှန်တကယ်တော်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။ ဒါပေမဲ့ တိုက်ခိုက်ရတာကို ဘယ်တုန်းကမှ သဘောမကျခဲ့တာကြောင့် လေ့ကျင့်မှုကို ရပ်ထားခဲ့တာ နှစ်နှစ်ဆယ်ကျော်ခဲ့ပါပြီ။

ဒါကြောင့် အခုလိုမျိုးဓားကို တစ်ခဏလေးလွှဲနိုင်စွမ်းရှိနေတာကိုက အံ့ဩစရာဖြစ်နေပါပြီ။

"ငါမှတ်မိပြီ...မင်းက A rank အဆင့် သိုင်းပညာဟီးရိုးလမ်းကြောင်းလိုက်တဲ့သူပဲ။ အားလုံးက မင်းက မင်းအစ်ကိုလိုပဲ ဟီးရိုးတစ်ယောက်ဖြစ်လာမယ်ထင်ခဲ့ပေမဲ့ အရာရာကိုစွန့်ပစ်ပြီး အိမ်ထောင်ရှင်ဘဝကို ရွေးချယ်ခဲ့တာမဟုတ်လား။ ဒါပေမဲ့ အလေ့အကျင့်ပြတ်နေတဲ့မင်းက ငါလိုအမြဲလူသတ်နေတဲ့ လူတစ်ယောက်ကို ဘယ်နည်းနဲ့မှ ယှဥ်နိုင်မှာမဟုတ်ဘူး။"

ရေနွေးငွေ့ခေါင်းက ဓားကိုမြှောက်လိုက်ပြန်တယ်။ နောက်တစ်ချီ ရင်ဆိုင်တိုက်ခိုက်ဖို့ သူတို့အသင့်ဖြစ်နေကြပြီ။ မက်ဒါနာလည်း ရှိနေသေးတဲ့ အင်အားတွေကို စုစည်းပြီး ပြန်ထဖို့လုပ်ပေမဲ့ မအောင်မြင်ပါဘူး။ အဲဒီအစား ပြန်လေးဖက်ထောက်ကျသွားတယ်။

"သမီးလေး၊ ဘာမှမပူနဲ့။ အမေက သမီးကို ကာကွယ်ပေးမှာမလို့လေ။" မေမေသီတာက ဒီလိုပြောလိုက်ပြီး ဓားကြီးကိုထမ်းကာ မက်ဒါနာရဲ့ရှေ့မှာ ပိတ်ရပ်လိုက်ပါတယ်။

"ဟဲ့၊ ရုပ်ကည်အတည်မကျမရှိတဲ့ကောင်။ နင်စကားများနေတာတော်ပြီ။ စကားများနေမယ့်အစား၊ တိုက်ခိုက်ရေး အဖြေထုတ်ကြတာပေါ့။"

"ကောင်းပြီလေ၊ အဖွားကြီး။" အဲဒီနောက်တော့ ပြိုင်ဖက်နှစ်ယောက်က နောက်တစ်ခါရင်ဆိုင်မိကြပြန်တယ်။

.....

ရင်ဆိုင်မိတဲ့အကြိမ်ရေများလေလေ မေမေသီတာရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေများလာလေလေပါ။ တခြားတစ်ယောက်သာဆိုရင် ဒီလောက်များတဲ့ဒဏ်ရာတွေကြောင့် ကြမ်းပြင်ပေါ်မှာ လဲနေလောက်ပါပြီ။ ဒါပေမဲ့ သမီးလေးကိုကာကွယ်ပေးဖို့အတွက် မေမေသီတာက ဆက်တိုက်တိုက်ခိုက်နေပါတယ်။

"တော်တော်ခေါင်းမာတာပဲ၊ ဒီတော့ မင်းကိုမြန်မြန်ကိစ္စဖြတ်မှကောင်းမယ်။" ရေနွေးငွေ့ခေါင်းက စိတ်မရှည်တော့ဘူး။ အားကုန်တိုက်ခိုက်မှုကို ပြုလုပ်ဖို့အတွက်နဲ့ သံချွန်နှစ်ချောင်းကို ထုတ်ယူလိုက်ပြီး ပြေးဝင်လာပါတော့တယ်။

ထန်း... ထန်း... ထန်း....

သံချွန်တစ်ချောင်းစီကို လက်တစ်ဖက်တစ်ချက်စီမှာ ကိုင်တွယ်တိုက်ခိုက်ရင်း ဓားပြားကြီးနဲ့ပုဆိန်ဟာ အကြိမ်ကြိမ်ရင်ဆိုင်မိကြပြန်တယ်။ မက်ဒါနာကတော့ သူ့ရှေ့မှာဖြစ်နေသေးတဲ့ တိုက်ပွဲကိုကြည့်ရင်း အောက်စည်းရောက်နေတဲ့ မေမေသီတာကို ဂရုမစိုက်ဘဲ မနေနိုင်တော့ဘူး။

ဒါကြောင့် သူနံရံကိုလက်နဲ့ထောက်ပြီး ပြန်ထိုင်လိုက်တယ်။ လက်ကနေ သွေးတွေကျနေဆဲဖြစ်တာကြောင့် နံရံမှာ သွေးလက်ဝါးရာကြီးတွေ ထင်ကျန်နေရစ်ပါတယ်။ အဲဒီနောက် မက်ဒါနာက Technotelekinesis ကိုသုံးပြီး သူ့ခြေထောက်တွေကို ဝတ်စုံကထောက်ပံပေးအောင် ကြိုးစားကြည့်တယ်။ ဒါပေမဲ့ ခေါင်းကထိုးကိုက်လာတာကြောင့် ပြန်ထောက်ကျသွားပြန်တယ်။

ကလန်...

တစ်ဖက်မှာတော့ မေမေသီတာရဲ့လက်ထဲက ဓားပြားကြီးက ကြမ်းပြင်ပေါ်ပြုတ်ကျသွားတယ်။ ရေနွေးငွေ့ခေါင်းညာလက်ထဲက သံချွန်က မေမေသီတာရဲ့ပခုံးမှာစိုက်ဝင်နေပြီး ဘယ်ဖက်လက်ကသံချွန်နဲ့လည်ပင်းကို ထိုးစိုက်ဖို့လုပ်နေပြီ။

"သေလိုက်တော့...." ဒါကြောင့် မက်ဒါနာမှာ အများကြီးတွေးနေဖို့ အချိန်မရှိဘူး။ ခေါင်းတွေထိုးကိုက်ပေမဲ့ သူ့အစွမ်းကိုသုံးပြီး မရရအောင် ထရပ်လိုက်တယ်။ အဲဲဒီနောက် Void Streamတွေရဲ့အားကို ရအောင်ဖျစ်ညှစ်ပြီး လူနှစ်ယောက်ဆီကို ပြေးဝင်သွားလိုက်တယ်။

ဒါပေမဲ့ အနားရောက်မှာနီးမှာပဲ မက်ဒါနာရဲ့အသိစိတ်က ဝေဝါးပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ ဒါကြောင့် ထိရောက်တဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်နိုင်ခြင်းမရှိဘဲ မေမေသီတာကို ရေနွေးငွေ့ခေါင်းလက်ထဲကနေ တွန်းဖယ်ရုံပဲ လုပ်လိုက်နိုင်တယ်။

နောက်တော့....

ဖျောင်း....

ငွေရောင်စစ်သည်ချပ်ဝတ်ရဲ့ခေါင်းစောင်း ပဲ့ကြွေသွားတာကို မက်ဒါနာမြင်လိုက်ရတယ်။ ခေါင်းစောင်းရဲ့ညာဖက်က လုံးဝပွင့်ထွက်သွားပြီး တရားခံကတော့ အန်းနပ်ရဲ့အရိုးကနေ ပြုလုပ်ထားတဲ့ ဆူးချွန်ပါ။

ဒီဆူးချွန်က ဇက်သတ္တုနဲ့ပြုလုပ်ထားတဲ့ ခေါင်းစောင်းကို ဖန်ခွက်လေးတစ်ခွက်လိုမျိုး လုံးဝကွဲထွက်သွားစေတယ်။ သံချွန်က မက်ဒါနာရဲ့ခေါင်းကို တိုက်ခိုက်ထိတာမျိုးမဟုတ်ပေမဲ့ ကွဲသွားတဲ့ခေါင်းစွပ်က သတ္တုအစအနတွေက သူ့ခေါင်းထဲ စိုက်ဝင်သွားတာကြောင့် သွေးတွေဖြာထွက်လာပြန်တယ်။

နောက်တော့ ငွေရောင်စစ်သည်က မြေပြင်ပြုတ်ကျသွားပြီး မလှုပ်ရှားတော့ဘူး။ မေမေသီတာလည်း အဲဒီမြင်ကွင်းကြောင့် အပြင်းအထန်ရှော့ရသွားတယ်။

"သမီးလေး... သမီးလေး...." သူက ချက်ချင်းပဲဒူးထောက်ကျသွားပြီး မက်ဒါနာရဲ့ခန္ဓာကိုယ်ကို လှုပ်နှိုးကြည့်တယ်။ ဒါပေမဲ့ တုံ့ပြန်မှုမရတော့ဘူး။ တစ်ဖက်မှာတော့ ဝတ်ရုံနက်ဝတ်ထားတဲ့ ရေနွေးငွေ့ခေါင်းက အရုပ်ဆိုးစွာပြုံးလိုက်ပါတယ်။

...

"ဒါက ဘယ်နေရာလဲ။" မက်ဒါနာ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကိုယ်သူ ဝေဝါးလွန်းတဲ့ မှတ်ဉာဏ်အပိုင်းအစတွေထဲ နစ်မြုပ်နေမှန်း သတိပြုမိလိုက်တယ်။ တချို့အရာတွေက ဝေဝါးလွန်းလို့ ဘာမှန်းတောင် အဓိပ္ပါယ်ဖော်လို့မရဘူး။

ဒါပေမဲ့ မက်ဒါနာသတိရနေတဲ့ တစ်ခုတည်းသောအရာက ပျော်ရွှင်မှုပါ။ ပြီးတော့ လူငယ်စုံတွဲနှစ်ယောက် ပြောနေတဲ့ စကားတွေကိုလည်း သူကြားနေရသေးတယ်။

"သားလေးက စူပါဟီးရိုးဇာတ်ကားတွေကို တကယ်သဘောကျတာပဲ။ ကြီးလာရင် ဟီးရိုးလေးများ ဖြစ်လာမလားမသိဘူး။" မြင်ကွင်းက တဖြည်းဖြည်းရှင်းလာပါတယ်။

အခုမက်ဒါနာက ရင်ခွင်ထဲပိုက်ထားလို့ရတဲ့ ကလေးလေးအရွယ်ဖြစ်နေပြီး ကောင်မလေးမဖြစ်သေးတာတော့ သိသာပါတယ်။ အခုသူက သူသိပ်မရင်းနှီးတော့တဲ့ လူတစ်ယောက်ရဲ့ပေါင်ပေါ်မှာရှိနေပြီး ပိတ်ကားပေါ်က စူပါဟီးရိုးရုပ်ရှင်တစ်ခုကို သူကြည့်နေပါတယ်။

"တားက ဘတ်မန်းရုပ်မှာ။"

"ဟုတ်ပါပြီဟုတ်ပါပြီ၊ အဖေတို့ရဲ့ဘတ်မန်းအသေးလေး။" မပီတပီပြောလိုက်တဲ့ သားလေးရဲ့စကားကို ဖေဖေဖြစ်သူက ချီးကျူးလိုက်ပြီး ခေါင်းကိုပွတ်ပေးလိုက်တယ်။

ငယ်စဥ်ကတည်းက မက်ဒါနာတို့မိဘနှစ်ပါးက သူတို့သားလေးကို အပတ်တိုင်း စူပါဟီးရိုးရုပ်ရှင်တွေ လိုက်ပြနေကျ။ အသက်က သိပ်ကိုငယ်သေးပေမဲ့ ကောင်လေးက သိပ်တက်ကြွနေတယ်လေ။ သေနတ်ပစ်ခတ်သံတွေနဲ့သွေးသံရဲရဲပြကွက်တွေကိုတောင် သူကြောက်လေ့မရှိဘဲ အခုလိုရဲဝင့်စွာ ပြောတက်ပါတယ်။

ဒါပေမဲ့ ဒီနေ့က သူတို့မိသားစုစုံစုံလင်လင်နဲ့ စူပါဟီးရိုးရုပ်ရှင်ကို နောက်ဆုံးကြည့်ခွင့်ရတဲ့နေ့မှန်း မက်ဒါနာစိတ်ထဲက သိနေတယ်။ မှတ်ဉာဏ်တွေက ကြာညောင်းလွန်းလို့ ဝေဝါးနေပေမဲ့ပေါ့။

'တကယ်လို့ ငါဒီနေရာမှာ ရှုံးနိမ့်သွားရင် ငါ့အမေကိုရောဆုံးရှုံးလိုက်ရမှာလား။' သူ့အမေ ကင်ဆာရှိနေပြီဆိုတဲ့ သတင်းကို စကြားရတုန်းက မင်းလွင်သေမတတ် ထိတ်လန့်မိခဲ့သေးတယ်။ သူ့ဘဝရဲ့အမှောင်ရက်တွေထဲမှာ မေမေသီတာက တစ်ခုတည်းသောအလင်းရောင်ပါ။

"ငါလက်မခံနိုင်ဘူး။" မက်ဒါနာက ဝူးဝူးဝါးဝါး အော်ဟစ်လိုက်ပြီး သူတို့ကိုသတ်ဖို့ အနားကပ်လာတဲ့ ရေနွေးငွေ့ခေါင်းရဲ့ပေါင်ကို ဘယ်လက်နဲ့ဖမ်းဆွဲလိုက်တယ်။ အဲဒီနောက်တော့ ရေနွေးငွေ့ခေါင်းရဲ့ဆီးခုံကို ညာလက်နဲ့ထိုးတယ်။

"အား......" နာကျင်စွာအော်ဟစ်သံကြီး ထွက်ပေါ်လာပြီးနောက် ရေနွေးငွေ့ခေါင်းက မက်ဒါနာကို လွတ်နေတဲခြေနဲ့ ဆောင့်ကန်ပစ်လိုက်တယ်။ အဲဒီနောက် မေမေသီတာကိုတောင် သတိမရတော့ဘဲ ရေနွေးငွေ့ခေါင်းက မက်ဒါနာရဲ့နားထင်ကိုနင်းပြီး ဆက်တိုက်ခြေနဲ့နင်းကန်တယ်။

နဂိုကတည်းက သတိကဝေဝါးနေပြီးသားမလို့ မက်ဒါနာရဲ့မျက်လုံးအမြင်တွေပါ မှောင်မိုက်လာပြီ။ ဒီအတိုင်းဆိုရင် သူတကယ်သေတော့မှာ။ မေမေသီတာကလည်း ရေနွေးငွေ့ခေါင်းကို တိုက်ခိုက်ပြီး သူ့သမီးလေးကို ကယ်ချင်ပေမဲ့ အဲဒီလိုမစွမ်းသာပါဘူး။

မက်ဒါနာရဲ့အတွေးအားလုံး ရပ်တန့်ခါနီးအချိန်မှာပဲ အနက်ရောင်တောင်ပံနဲ့ နတ်သားတစ်ပါးက ကောင်းကင်ပေါ်ကနေ ဆင်းသက်လာခဲ့တယ်။

'ငါသေတော့မှာမလို့ ငါ့ကိုနတ်ပြည်ကလူတွေ လာခေါ်ကြတာလား။ ဒါပေမဲ့ အတောင်က ဘာလို့အနက်ကြီးဖြစ်နေတာလဲ' အဲဒီနောက်တော့ မက်ဒါနာအမှန်တကယ် သတိလစ်သွားပါတော့တယ်။

All Chapters