ကိန်းရှင်တွေရောက်လာပြီ
Vol. 5 Ch. 28
ဖရက်က မြေပေါ်မှာလဲကျနေတဲ့ မက်ဒါနာကိုကြည့်လိုက်ပြီး ချက်ချင်းဒေါသထွက်သွားတယ်။ အဲဒီနောက် ဝတ်ရုံနက်ဝတ်ထားတဲ့ ရေနွေးငွေ့ခေါင်းကို အော်ဟစ်ပြီးပြောလိုက်တယ်။
“မင်းလုပ်ရဲတယ်ပေါ့လေ။” အဲဒီနောက်တော့ ဖရက်ရဲ့နဖူးက သစ်ပင်ပုံဟာ အသက်ဝင်လာပြီး ခရမ်းရောင်မိုးကြိုးတွေက သူ့ကိုယ်ကိုဖုံးအုပ်သွားတယ်။ ဖရက်က လက်ကိုအာကာပြင်ထဲ ဆန့်ထုတ်လိုက်တယ်။
ဆုဗာနာနန်းတော်ထက်မှာ မိုးကြိုးလျှပ်စီးတိမ်တိုက်တွေစုစည်းလာပြီး အဲဒီလျှပ်စီးတွေက မိုးကြိုးဓားအဖြစ်ကို ဖွဲ့တည်သွားကာ ဖရက်ရဲ့လက်ထဲကို ဆင်းသက်လာပါတယ်။
“မကောင်းတော့ဘူး....” ဖရက်စပေါ်လာကတည်းက ရေနွေးငွေ့ခေါင်းဟာ သိပ်ကိုကြီးမားလွန်းတဲ့ ဖိအားကို ခံစားနေရပါတယ်။
ခွေးအတစ်ကောင် ခြင်္သေ့မင်းရှေ့ ရောက်ရှိသွားသလိုမျိုး၊ လမ်းဘေးကလေကချေလေးတစ်ယောက် သိုင်းပေါင်းစုံချန်ပီယံတစ်ယောက်နဲ့ ရင်ဆိုင်နေရသလိုမျိုး ခံစားနေရတာပါ။ ရေနွေးငွေ့ခေါင်းရဲ့စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့အတွေးကတော့ ‘ပြေး’ ဆိုတာပါပဲ။
ရေနွေးငွေ့ခေါင်းက ဖရက်ကိုရင်ဆိုင်ဖို့မတွေးဘဲ နောက်ကို ချက်ချင်းလှည့်ပြီးပြေးတယ်။ ဖရက် ခြေကိုစလှမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်က ချက်ချင်းမေမေသီတာရှေ့ကနေ ပျောက်ကွယ်သွားတယ်။
ဘုန်း....။
အသံထက်ကျော်လွန်တဲ့မြန်နှုန်းကြောင့် နန်းတော်တွင်းလေထု ပေါက်ကွဲထွက်သွားပြီး ကြမ်းခင်းကျောက်ပြားတချို့ကို အက်ကွဲသွားစေတယ်။ ရေနွေးငွေ့ခေါင်း သတိပြန်ဝင်လာချိန်မှာတော့ ဖရက်ဟာ သူ့ရှေ့မှာရောက်နေပြီဖြစ်ပြီး လက်ထဲက ဓားကိုဝေ့ယမ်းလိုက်တယ်။
ရေနွေးငွေ့ခေါင်းကလည်း အကြောက်ကြောက်အလန့်လန့်နဲ့ သူ့သတ္တုဆူးချွန်ကိုမြှောက်ပြီး ခုခံလိုက်တာပေါ့။
ဒါပေမဲ့ ဖရက်ရဲ့မိုးကြိုးဓားက ဇက်သတ္တုထက်တောင်မာတဲ့ အန်းနပ်စ်အရိုးကို ပိုင်းဖြတ်ပစ်ပြီး ရေနွေးငွေ့ခေါင်းရဲ့ပခုံးပေါ်ကို ကျဆင်းသွားတယ်။
ရွှတ်...
“အား.....”
လျှပ်စီးကြောင်းဖြတ်သန်းသွားသံတစ်ချက်နဲ့အတူ တုန်ခါနေတဲ့ ရေနွေးငွေ့ခေါင်းရဲ့အော်သံကျယ်ကြီး ထွက်လာတယ်။ လျှပ်စီးကြောင်းရဲ့ပြင်းအားကြောင့် သူ့အသံဟာ အက်ကွဲနေပါတယ်။
နောက်တော့ ရေနွေးငွေ့ခေါင်းရဲ့ဘယ်ဖက်လက်က သူ့ပခုံးကနေ ထူးဆန်းတဲ့အနေအထားနဲ့ ပဲ့ကြွေကျသွားပြီး ပြာမှုန်တွေအဖြစ် လေထဲလွင့်ပါသွားတယ်။ သွေးတစ်စက်မှ ထွက်ကျမလာဘူး။
“မ.... မဖြစ်နိုင်တာ... မင်းဘယ်လိုလုပ်ပြီး....” ရေနွေးငွေ့ခေါင်းက သူ့နားကို တဖြည်းဖြည်းကပ်လာနေတဲ့ ဖရက်ကိုကြောက်လန့်တကြားကြည့်လိုက်ပါတယ်။ ဖရက်လက်ထဲက မိုးကြိုးဓားဟာ ပြိုင်ဖက်ကင်းလက်နက်တစ်ခုလိုမျိုး တောက်ပလျက်ရှိတယ်။ ဖရက်က ပါးစပ်ကိုဟလိုက်ပြီး တစ်လုံးချင်းစီပြောလိုက်ပါတယ်။
“ပုံမှန်ဆိုရင်တော့ လူတစ်ယောက်က ငါ့ဓားနဲ့တိုက်ရိုက်ခုတ်လိုက်တာနဲ့ ပြာတန်းဖြစ်သွားမှာပဲ။ ဒါပေမဲ့ မင်းကိုတော့ ငါက ဖြည်းဖြည်းချင်းသတ်ချင်နေတာလေ။”
ဖရက်က နောက်တစ်ခါဓားကိုယမ်းလိုက်ပြန်တယ်။ ရေနွေးငွေ့ချောင်းရဲ့နောက်လက်တစ်ဖက်လည်း ပြာမှုန့်အဖြစ် ပျောက်ကွယ်သွားတယ်။
“မလုပ်ပါနဲ့၊ ရပ်ပါတော့။ ကျေးဇူးပြုပြီး ချမ်းသာပေးပါ။” ရေနွေးငွေ့ခေါင်းရဲ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာပြီး အော်ဟစ်တောင်းပန်နေတယ်။ ဖရက်ဆီကနေ လွတ်ဖို့ဆိုတာက မဖြစ်နိုင်တဲ့အရာတစ်ခုပါ။
ဒါပေမဲ့ ဖရက်ရဲ့မျက်လုံးထဲက သူ့ကိုသတ်ဖို့ ဆုံးဖြတ်ပြီးသားဆိုတဲ့ အရိပ်အယောင်ကို မြင်ရပြီးတဲ့နောက်မှာတော့ ရေနွေးငွေ့ခေါင်းဟာ အရူးတစ်ယောက်လိုမျိုး အော်ဟစ်ပြီး နန်းတော်ပေါ်က ခုန်ချဖို့လုပ်တယ်။
ရွှတ်....
ဒါပေမဲ့ ဝရံတာပေါ်တက်လိုက်ရုံပဲရှိသေးတယ် သူ့ဟန်ချက်က လုံးဝပျက်သွားပြီး သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ ဝရံတာပေါ်ကနေ တိုက်ရိုက်ပြုတ်ကျလာတယ်။အဲဒီနောက် ရေနွေးငွေ့ခေါင်းရဲ့ခန္ဓာက တောင်စောင်းအတိုင်း လိမ့်ကျသွားပြီး လမ်းမှာများစွာသော ကျောက်တုံးတွေ၊ သစ်ပင်တွေနဲ့ ဝင်ဆောင့်မိပါတယ်။
ဖရက်ကတော့ ရေနွေးငွေ့ခေါင်းရဲ့ပြာမှုန်လိုမျိုး လွင့်ပျံသွားတဲ့ ခြေထောက်နှစ်ဖက်ကိုကြည့်ရင်း ခေါင်းခါလိုက်လေရဲ့။
“အလကားကောင်....” နောက်တော့ လေထုပေါက်ကွဲသံတစ်ချက်နဲ့အတူ ဖရက်ကိုယ်တိုင်လည်း နန်းတော်ထဲကနေ ပျောက်ကွယ်သွားတယ်။
ရေနွေးငွေ့ခေါင်းရဲ့ခန္ဓာကိုယ်က နန်းတော်ရှိရာတောင်ကနေ ပြုတ်ကျလာပြီးနောက် လမင်းစန္ဒာရေကန်ရဲ့အစပ်နားမှာ ရပ်သွားတယ်။
သူ့တစ်ကိုယ်လုံး တုံးတိဖြစ်နေပြီး လှုပ်ရှားဖို့မတက်နိုင်တော့ဘူး။ သူ့မျက်လုံးတစ်ဖက်ကနေ သွေးတွေစီးကျနေပြီး သစ်ကိုင်းတစ်ကိုင်းက သူ့မျက်လုံးထဲ စိုက်ဝင်နေပါတယ်။
ဒါပေမဲ့ သူ့မှာအဲဒီသစ်ကိုင်းကို တစ်ခုခုလုပ်ဖို့ ကိုယ်အင်္ဂါမှ မကျန်တော့တာပဲ။ ဒီလိုနဲ့ ကြေးစားတပ်မဟာ ၃၁၀ရဲ့ အရာရှိကြီးဖြစ်တဲ့ ရေနွေးငွေ့ခေါင်းဟာ ဒုက္ခိတအဆင့်ကို လျှောကျသွားလေတော့တယ်။
“ငါဒီလောက်ထိ ထိခိုက်ပြီးနေပြီပဲ၊ သူစိတ်ကျေနပ်ပြီး ထွက်သွားလောက်မှာပါ။ ဟုတ်တယ်၊ သူငါ့ကို မေ့ပြီး လွှတ်ပေးရင် လွှတ်ပေးလိုက်မှာ။”
ရေနွေးငွေ့ခေါင်းရဲ့မျှော်လင့်ချက်အမှားတွေ အနက်ရောင်တောင်ပံနဲ့လူတစ်ယောက် ကောင်းကင်ပေါ်ကနေ ဆင်းလာချိန်မှာတော့ ပျောက်ကွယ်သွားတယ်။ လူတစ်ယောက်က ဘယ်လိုပဲမျှော်လင့်နေနေ လက်တွေ့ဘဝကြီးကတော့ သနားညှာတာစိတ်မရှိပါဘူး။
အထူးသဖြင့် သင်က နတ်ဆိုးတစ်ပါးကို ရန်စပြီးချိန်မှာပေါ့။
“တောင်းပန်ပါတယ်ဗျာ၊ ကျုပ်ခင်ဗျားကိုကျွန်အဖြစ်နဲ့ အလုပ်အကျွေးပြုစုပါရစေ။ ကျုပ်ကို သတ်တော့မသတ်ပါနဲ့။” ဒါပေမဲ့ ဖရက်ရဲ့အေးစက်စက်လေသံက ရက်စက်တဲ့အဖြစ်မှန်ကို အတည်ပြုပြီးသားဖြစ်သွားလေတော့တယ်။
“အဲဒီမိန်းကလေးအပေါ်ကို လက်တင်မိကတည်းက မင်းရဲ့ကံကြမ္မာကို ငါဆုံးဖြတ်ပေးပြီးသား။”
ရွှတ်....
ရေနွေးငွေ့ခေါင်းဟာ ခရမ်းရောင်လျှပ်စီးဓားရဲ့အရောင်ကို မြင်လိုက်ရတယ်။ အဲဒီနောက် သူ့တစ်ကိုယ်လုံးတုန်တက်လာတယ်။ သူ့ရင်ဝမှာ လျှပ်စီးဓားက စိုက်နေပြီး သူ့တစ်ကိုယ်လုံးမှာ လျှပ်စီးကြောင်းတွေ စီးဆင်နေပါတယ်။ အဲဲဒီနောက် သူ့ခန္ဓာကိုယ်ရဲ့ကျန်နေသေးတဲ့ အစိတ်အပိုင်းတွေက တဖြည်းဖြည်းပြာအဖြစ်ကို ပြောင်းလဲလာနေတယ်။
“မဟုတ်ဘူး... မဟုတ်ဘူး... ငါမသေချင်သေးဘူး....”
ရေနွေးငွေ့ခေါင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံး ပြာဖြစ်သွားဖို့အတွက် အချိန်သိပ်မယူလိုက်ရဘူး။
အဲဒီနောက်တော့ ဖရက်က ဓားကိုပြန်ဆွဲနှုတ်လိုက်ပြီး အဝေးကိုလှမ်းမျှော်ကြည့်လိုက်တယ်။ ဆုဗာနာနယ်စပ် စစ်ပွဲတွေဖြစ်နေတဲ့ နေရာဆီကိုပါ။
“ကြည့်ရတာ ငါသွားကူရဦးမယ်ထင်တယ်။”
...
ကားလ်တစ်ယောက် နောက်ပြန်ဆုတ်လိုက်ရတယ်။
သူက လှံစောင့်ရှောက်သူနဲ့ခွေးကြီးကို တစ်ပြိုင်နက်တည်းရင်ဆိုင်နေရတာဖြစ်ပြီး အင်မတန်သိထားနေရပါတယ်။ ခွေးနက်ကြီးပေါ်လာကတည်းက ကြေးစားစစ်တပ်နဲ့ ဆုဗာနာတပ်ရဲ့မျှခြေက ပျက်စီးသွားတယ်။ ဒါကြောင့် ကားလ်က နှစ်ယောက်တစ်ယောက် ရင်ဆိုင်ပြီး ဟန်ချက်ကို ထိန်းသိမ်းဖို့လုပ်နေတာပါ။
“အာရုံမပြန့်နဲ့...” လှံစောင့်ရှောက်သူက လှံကြီးကိုဆွဲပြီး ရှေ့ကိုတက်လာတယ်။ ကားလ်က ဖဲချပ်သုံးချပ်ကို တစ်ပြိုင်နက်တည်းဆွဲထုတ်ပြီး ပစ်ခတ်လိုက်တယ်။
ဖဲချပ်တွေက လေထုထဲမှာတင်ပေါက်ကွဲသွားပြီး အဆိပ်ငွေ့တွေကို ထုတ်ဖော်လိုက်တယ်။ ဒီဖဲချပ်တွေထဲမှာ အင်အားပြင်းတဲ့အဆိပ်ရည်တွေကို ထည့်သွင်းထားပါတယ်။ ကားလ်မှာ ဖဲချပ်ပေါင်းရာထောင်ချီရှိပြီး အမျိုးအစားကလည်း ဒါဇင်နဲ့ချီရှိပါတယ်။ ဖဲချပ်တိုင်းက အခြေအနေပေါ်မူတည်ပြီး အသုံးဝင်လာနိုင်တဲ့အရာတွေပါ။
လှံစောင့်ရှောက်သူက နှေးကျသွားတဲ့အတွက်ကြောင့် ကားလ်က ခွေးနက်ကြီးဆီ အာရုံရောက်သွားတယ်။ ခွေးနက်ကြီးကတော့ ကားလ်ကိုဆက်မတိုက်ဘဲ ဟန်ပါပါနဲ့တစ်နေရာမှာရပ်ကာ ကြေးစားစစ်တပ်လူအုပ်ထဲကို စက်သေနတ်နဲ့အပီဆွဲပစ်နေတယ်။
ကြေးစားတပ်သားတချို့ဆိုရင် ခွေးကြီးရဲ့ပစ်အားကို မယှဥ်နိုင်တာကြောင့် ဝပ်နေရပြီးတော့ ဆုဗာနာတပ်ရဲ့ဖိအားလည်း ပိုကြီးလာတယ်။
“တော်တော်ဒုက္ခပေးတဲ့ကောင်” ကားလ်က ဖဲချပ်သစ်တစ်ခုကို ထုတ်လိုက်တယ်။ ဒီတစ်ချပ်ကတော့ ဘုရင်ပုံပါတဲ့တစ်ခုပါ။ ဖဲချပ်ပေါ်က ခလုတ်တစ်ခုကို နှိပ်ပြီးတဲ့နောက် ခွေးနက်ကြီးဆီကို သူလှမ်းပစ်လိုက်တယ်။
ဖဲချပ်က ခွေးနက်ကြီးကို ထိမှန်ပေါက်ကွဲသွားပြီး ထူထဲလှတဲ့ ရေခဲတွေက တစ်ခဏတာအေးခဲပစ်လိုက်လေရဲ့။ အဲဒီနောက် ကားလ်က လှံစောင့်ရှောက်သူဆီကို အေ့စ်ဖဲချပ်တွေနဲ့ပစ်လွှတ်လိုက်တယ်။
အေ့စ်ဖဲချပ်တွေက ကားလ်ရဲ့အသေသတ်တိုက်ကွက်ဖြစ်ပြီး ဖဲချပ်တွေက ချက်ချင်းအနီရောင်ပြောင်းသွားကာ ကြီးမားတဲ့ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာတော့တယ်။
ဘုန်း....။
အေ့စ်ဖဲချပ်တွေရဲ့ပေါက်ကွဲမှုကြောင့် စစ်မြေပြင်တစ်ခုလုံး တုန်တက်သွားပြီး မြေကြီးတွေပါ မွစာကြဲကုန်ပါတော့တယ်။ လှံစောင့်ရှောက်သူလည်း ပေါက်ကွဲအားကြောင့် လွင့်ထွက်သွားပြီး သူ့ချပ်ဝတ်လွတ်နေတဲ့အပိုင်းက အသားစတွေ စုတ်ပြတ်ထွက်သွားပါတယ်။
“စောင့်ရှောက်သူကြီး....” ဆုဗာနာတပ်သားတစ်စုက မြေပေါ်လဲကျသွားတဲ့ လှံစောင့်ရှောက်သူထံ ပြေးလာကြတယ်။
ဒါပေမဲ့ကားလ်က သာမန်ဖဲချပ်တွေကို တပ်သားအုပ်စုထဲ ပစ်ထည့်နေတာကြောင့် တပ်သားတွေဟာ အနားမကပ်နိုင်ကြဘူး။ လှံစောင့်ရှောက်သူက လဲကျနေရာကနေ ပြန်ထလိုက်ပြီး လှံကိုပြန်သွားကောက်တယ်။ သူ့နဖူးကနေ သွေးတွေစီးကျနေတာကို မြင်နိုင်တယ်။
ကားလ်ဟာ ကြေးစားတပ်မဟာ(၃၁၀)မှာ ရော့ဝဲလ်ပြီးရင် အကြမ်းဆုံးပါပဲ။ သူဟာ ခွေးနက်ကြီးနဲ့လှံစောင့်ရှောက်သူကို ယှဥ်နိုင်ရုံသာမက လှံစောင့်ရှောက်သူကို ထိခိုက်အောင်ပါ လုပ်လိုက်နိုင်တယ်။
ကားလ်က ပြန်ထလာတဲ့ လှံစောင့်ရှောက်သူကိုကြည့်ပြီး ဖဲချပ်နောက်တစ်ခုထုတ်ဖို့ပြင်တယ်။ “မင်းက မသေသေးဘူးလား။ ဒီဖဲချပ်နဲ့ဆိုရင်ရော....”
ဒါပေမဲ့ ကားလ်ရဲ့မျက်နှာက ချက်ချင်းပြောင်းလဲသွားပြီး ထုတ်ဖို့ရည်ရွယ်ထားတဲ့ကတ်ကိုမထုတ်ဘဲ ဘုရင်မကတ်ကို ထုတ်လိုက်ပြီး သူ့ကိုယ်သူကာကွယ်လိုက်ပါတယ်။
ပလက်စမာဒိုင်းတစ်ခုက သူ့ကိုဖုံးအုပ်သွားပြီး သူ့ဆီကိုပြေးဝင်လာတဲ့ အလင်းဒြပ်စင်လေဆာတန်းကြီးရန်ကနေ ကာကွယ်ပေးလိုက်တယ်။ ဒါပေမဲ့ ဒီပလက်စမာဒိုင်းက သာမန်အထောက်အကူပြုနည်းပညာတစ်ခုနဲ့ဖန်တီးထားတာသာဖြစ်လို့ အလင်းဒြပ်စင်ဒဏ်ကို ကြံကြံမခိုင်နိုင်ဘဲ ပြိုကွဲသွားတယ်။
ကားလ်အတွက် အချိန်အနည်းငယ်ဆွဲပေးနိုင်ခဲ့တဲ့အတွက် ကားလ်က နေရာကနေ ရှောင်ထွက်သွားနိုင်ပေမဲ့ အလင်းတန်းတချို့က သူ့အရာရှိဝတ်စုံကို စုတ်ပြဲသွားစေပါတယ်။
ကားလ်က သူရေခဲနဲ့ခဲထားခဲ့တဲ့ ခွေးနက်ကြီးဘက်ကို လှည့်ကြည့်လိုက်တယ်။ “ဘယ်လိုလုပ်ပြီး မင်းက အချိန်မတန်ဘဲ ပြန်လွတ်လာတာလဲ။”
ရေခဲတွေနဲ့ဖုံးလွှမ်းနေဆဲ ခွေးနက်ကြီးက သတ္တုပါးစပ်ကြီးကိုဟပြီး ဟောင်လိုက်တယ်။ ရေခဲတွေသူ့ကိုယ်ပေါ်မှာ ရှိနေသေးပေမဲ့ သူ့ရဲ့လှုပ်ရှားမှုတွေကိုတော့ ကန့်သတ်ထားလို့မရတော့ပါဘူး။
“နားလည်ပြီ၊ မင်းက အဲဒီအလင်းတန်းကိုသုံးပြီး ရေခဲလွှာကို ဖျက်ဆီးပစ်လိုက်တာလား။” ကားလ်က ပြုံးလိုက်တယ်။
သူ့ရန်သူတွေက သူ့ခန့်မှန်းချက်ထက် ကျော်လွန်ပြီးနေပါပြီ။ ဒီတော့ မညှာတမ်းတိုက်ခိုက်ရတော့မယ်မဟုတ်လား။ ကားလ်က သူ့ဖဲချပ်တွေအားလုံးကို မညှာမတာဆွဲထုတ်လိုက်တယ်။ ဖဲချပ်ထောင်ချီဟာ သူ့ကိုဗဟိုပြုလှည့်ပတ်နေပြီး နောက်ဆုံးမှာတော့ ဖဲချပ်တွေကကားလ်နောက်မှာ တန်းစီးလျက်သားရပ်တန့်သွားတယ်။
“ငါလည်း ငါ့ရဲ့အကောင်းဆုံးတိုက်ကွက်ကို ထုတ်သုံးရသေးတာပေါ့။”
Ultimate Skill: Grand Royal flushက ကားလ်ရဲ့လူသိများတဲ့ ကြောက်စရာအကောင်းဆုံး တိုက်ကွက်ပါ။
သူပိုင်ဆိုင်ထားတဲ့ ကင်း၊ ကွင်း၊ အေ့စ်၊ ဂျက်၊ တစ်ဆယ်စတဲ့ ဖဲချပ်တွေအားလုံး ထွက်လာပြီးစတင်သက်ရောက်တယ်။ ခွေးနက်ကြီးနဲ့လှံစောင့်ရှောက်ဟာ ဖဲချပ်တွေကြောင့် စတင်ဖိနှိပ်ခံရတော့တယ်။
....
တခြားတစ်ဖက်မှာလည်း လေးစောင့်ရှောက်သူကို စီစီလီယာက ရင်ဆိုင်နေတယ်။ ဒီအမျိုးသမီးနှစ်ယောက်ကရှားမှရှား A rank အဆင့်တိုက်ခိုက်ရေးသမားတွေပါ။
“လေပွေမုန်တိုင်း.....” စီစီလီယာက ယပ်တောင်ကို အားပြင်းပြင်းနဲ့ခတ်လိုက်ပြီး လူလုပ်လေပွေတစ်ခုကို ဖန်တီးလိုက်တယ်။ လေပွေက လေးစောင့်ရှောက်သူရဲ့မြားတွေကို ဖယ်ရှားပစ်လိုက်ပြီး မုန်တိုင်းရဲ့မျက်လုံးမှာရှိနေတဲ့ စီစီလီယာကတော့ ရှေ့ကိုမုန်တိုင်းနဲ့အတူ တဖြည်းဖြည်းချင်းတက်လာတယ်။
“ဒီတော့ ဒီတိုက်ပွဲကို အဆုံးသတ်ကြတော့မလား။” စီစီလီယာက ပြောလိုက်တယ်။ သူက ဒီတိုက်ပွဲကို ဒီထက်ပိုပြီး အချိန်မဆွဲချင်တော့ဘူး။
လေးစောင့်ရှောက်သူကလည်း ပြုံးလိုက်ပြီး သူ့ရဲ့လေးကိုအားကုန်ဆွဲကာ ရှိသမျှစွမ်းအားတွေကို စုစည်းလိုက်တယ်။ ဒါက သူ့ရဲ့အားအပြင်းဆုံး လေးပစ်ချက်ကိုထုတ်ဖော်တော့မယ့် လက္ခဏာပါ။
အလားတူပဲ ဓားစောင့်ရှောက်သူနဲ့ အပြုံးမဲ့လူသားခရစ်တို့ရဲ့တိုက်ပွဲကလည်း ပြင်းထန်နေပါတယ်။ အပြုံးမဲ့လူသားက သူ့ရဲ့ခန္ဓာကိုယ်ကို လေထုလိုဖြစ်အောင်လုပ်နိုင်ပေမဲ့ ဓားစောင့်ရှောက်သူက စည်းချက်ညီတိုက်ခိုက်
နိုင်တဲ့အတွက် ခရစ်ကိုယ်မှာ ဒဏ်ရာတွေများသည်ထက်များလာပါတယ်။ နောက်ဆုံးတော့ ခရစ်လည်းမခံနိုင်တော့ဘဲ အားကုန်တိုက်ခိုက်ဖို့ ကြိုးစားတယ်။ ဓားစောင့်ရှောက်သူကလည်း အားကုန်ပြန်တိုက်ခိုက်ဖို့ကြိုးစားတော့တယ်။
...
အားလုံးအားကုန်တိုက်ခိုက်နေတဲ့ အချိန်မှာပဲ ရော့ဝဲလ်နဲ့တိုက်ခိုက်နေတဲ့ လေတပ်ကလည်း စတင်အခက်ကြုံလာပါတယ်။
လိပ်ပြာကြီးတွေဟာ စတင်ပင်ပန်းလာပြီဖြစ်ပြီး မိစ္ဆာအရိပ်ကြီးကြောင့် အရေအတွက်တွေလည်း လျော့နည်းလာပါတယ်။ ဒီပရဲ့မျက်လုံးရှေ့မှာတင် သူ့လေတပ်က တဖြည်းဖြည်းဖရိုဖရဲဖြစ်လာတယ်။
အဖြေမထွက်သေးတဲ့မြေပေါ်က စစ်ပွဲကို ဒီပကြည့်လိုက်ရင်း စိုးရိမ်လာတယ်။ လေတပ်က အခုထက်ပိုပြီး အချိန်မဆွဲနိုင်တော့ပါဘူး။ ရုတ်တရက် အရိပ်လက်တွေက ဒီပရဲ့လိပ်ပြာဆီကို ကျဆင်းလာပြီး အတောင်ပံကို ဆွဲဖဲ့ပစ်လိုက်တယ်။
“သေစမ်း၊ မကောင်းတော့ဘူး။” ဒီပသတိပြန်ဝင်လာချိန်မှာတော့ သူ့လိပ်ပြာက ကောင်းကင်ပေါ်ကနေ ထိုးကျနေပြီဖြစ်ပြီး မြေပြင်နဲ့တဖြည်းဖြည်းနီးကပ်လာနေပါပြီ။
ပုရွက်ဆိတ်တွေကလည်း အရိပ်ရဲ့စားသုံးမှုကြောင့် ကုန်သလောက်ဖြစ်နေပြီဖြစ်ပြီး အများကြီးအကူအညီမပေးနိုင်တော့ဘူး။ သိပ်မကြာခင်မှာပဲ အရိပ်နက်ကြီးကို ထိန်းပေးထားတဲ့ တပ်ဖွဲ့တွေအကုန်လုံး တိတ်ဆိတ်သွားတော့တယ်။
...
မြေပြင်တပ်ဖွဲ့တွေကတော့ တစ်ယောက်နဲ့တစ်ယောက် အပြင်းအထန်တိုက်ခိုက်နေကြဆဲပါ။ ဆုဗာနာတပ်ဖွဲ့က စိတ်ဓာတ်တက်ကြွနေပေမဲ့လည်း တပ်သားတစ်ဝက်က သာမန်ချပ်ဝတ်တွေကိုသာ ဝတ်ဆင်ထားတာဖြစ်တယ်။
နှစ်ဖက်တပ်ဖွဲ့တွေထိပ်တိုက်တွေ့ပြီး သိပ်မကြာခင်မှာပဲ ကသောင်းကနင်းဖြစ်စဥ်တွေကြောင့် ရှေ့ဆုံးမှာနေရာယူထားတဲ့ အဆင့်မြင့်တပ်ဖွဲ့တွေက ဖွဲ့စည်းပုံပျက်သွားပြီး အကုန်ရောထွေးကုန်တယ်။ သိပ်မကြာခင်မှာပဲ အဆင့်နိမ့်တပ်ဖွဲ့ဝင်တွေဟာ ကြေးစားတပ်ဖွဲ့ဝင်တွေရဲ့စတင်သတ်ဖြတ်ခြင်းကို ခံရပါတော့တယ်။
“ဟိုမှာ၊ ကြည့်ကြဦး။”
ဒါ့အပြင် လိပ်ပြာတပ်ဖွဲ့ကြီးကို လစ်လျူရှုပြီး မြေပြင်တပ်ကြီးဆီကို ချဥ်းကပ်လာတဲ့ အရိပ်နက်ကြီးကို စစ်သည်တချို့က သတိပြုမိသွားကြတယ်။
“နယ်... နယ်စားမင်းသားလေးရဲ့လိပ်ပြာတပ်ကြီး ပျက်သွားပြီ။”
“ငါတို့အကုန်လုံး သေကုန်တော့မှာပဲ။” စစ်သည်တွေမှာရှိနေခဲ့တဲ့ သတ္တိက တဖြည်းဖြည်းအကြောက်တရားအဖြစ် ပြောင်းလဲလာနေတယ်။
ကြေးစားစစ်တပ်အတွက်တော့ ရလဒ်ကပြောင်းပြန်ပါပဲ။ အရိပ်နက်ကြီးနီးလာလေလေ သူတို့ရဲ့တိုက်ခိုက်မှုတွေက ပြင်းထန်လာလေလေပါ။ အရိပ်ကြီးရောက်လာတာနဲ့ သူတို့နိုင်ပါပြီ။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ အားလုံးထင်မထားတဲ့ ကိစ္စတစ်ခုဖြစ်လာပါတော့တယ်။
....
လျှပ်စီးမိုးကြိုးတွေဖုံးလွှမ်းနေတဲ့ အနက်ရောင်အရိပ်တစ်ရိပ်က ကောင်းကင်မှာပေါ်လာတယ်။ အဲဒီနောက် အနက်ရိပ်က သူ့လက်ထဲက မိုးကြိုးဓားနဲ့ အရိပ်နက်ကြီးကို ပိုင်းချလိုက်တယ်။
ဂျိန်း.....။
မိုးခြမ်းသံတွေထွက်ပေါ်လာပြီး တိုက်ပွဲဖြစ်နေတဲ့ လွင်ပြင်တစ်ခုလုံးကိုလည်း မိုးတိမ်တောင်တွေက ဖုံးလွှမ်းသွားပါတော့တယ်။
ဖရက်ကတော့ ပြင်ပပြောင်းလဲမှုတွေနဲ့လူတွေရဲ့တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ အရိပ်နက်ကြီးအတွင်းကိုသာ ဓားနဲ့နက်နက်ထိုးစိုက်လိုက်တယ်။ အဲဒီနောက် သူ့အတောင်ကို ပြင်းပြင်းခတ်လိုက်ပြီး အရိပ်ကြီးရဲ့ရင်ဘတ်နေရာကနေစတင်ကာ အောက်ပိုင်းအထိရောက်အောင် ဆွဲချပစ်တယ်။
မိုးကြိုးဓားက အရိပ်နက်ကြီးရဲ့ရင်ကို နှစ်ပိုင်းကွဲသွားစေပြီး အော်ဟစ်သံတွေအများကြီး ထွက်ပေါ်လာပါတော့တယ်။ ဒါပေမဲ့ နာကျင်မှုက အရိပ်နက်ကြီးရဲ့ဒေါသကို စွပေးလိုက်သလိုပဲ။
အရိပ်လက်တွေက ဖရက်ကိုမရအရ လိုက်ဖမ်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ဖရက်က အတောင်ကိုပဲ့အဖြစ်သုံးရင်း ရှောင်ရှားနေတယ်။ မြေပြင်နဲ့ထိခါနီးအချိန်မှာတော့ ဖရက်က ဓားကိုဆွဲထုတ်လိုက်ပြီး အရိပ်ရဲ့ခန္ဓာကိုယ်နဲ့ ခွာလိုက်တယ်။
တစ်ချိန်တည်းမှာပဲ အရိပ်ရဲ့လက်တွေက သူနဲ့နီးလာပြီဖြစ်လို့ ဖရက်က ဓားကိုသုံးပြီး ပိုင်းသင့်တာပိုင်း ရှောင်သင့်သာရှောင်ရတယ်။ အဲဒီနောက်တော့ သူ့အတောင်ကိုခတ်ပြီး အပေါ်ကိုပျံတက်တယ်။
ဟူး... ဟူး.... ဟူး....
လေတိုးသံတွေက ဖရက်နားထဲကို ဝင်ရောက်နေတယ်။ ဖရက်ရဲ့ပုံစံဟာ မြေပြင်ပေါ်က စစ်သည်တွေအတွက် မိုးကြိုးနတ်ဘုရားတစ်ပါး ဒဏ္ဍာရီထဲက နတ်မိစ္ဆာကြီးနဲ့ စစ်ထိုးနေသလို ခံစားရပါတယ်။
“ဒီကောင်ကို အနိုင်ယူဖို့က ထင်သလောက်မလွယ်ဘူးပဲ။” ဖရက်က တဖြည်းဖြည်းပြန်စေ့လာနေတဲ့ မိစ္ဆာကြီးရဲ့ရင်ဘတ်ကို ကြည့်ရင်းပြောလိုက်တယ်။
“ဒီကောင့်ကို ပုံမှန်ခုတ်ရုံပိုင်းရုံလောက်နဲ့ သတ်နိုင်မယ်မထင်ဘူး။ သူ့ကိုအသေသတ်လို့ရမယ့်နေရာ ငါလိုက်ရှာမှရမယ်။” ဖရက်ကလည်း သူ့တွက်ကိန်းနဲ့သူပါ။ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် သူဟာဓားကိုမြှောက်ပြီး ရန်သူဆီကို နောက်တစ်ကြိမ်တိုးဝင်သွားပြန်တယ်။
အရိပ်ကလည်း ဒီတစ်ခါတော့ အရင်တစ်ခါလိုမျိုး ပေါ့ပေါ့ဆဆမလုပ်တော့ပါဘူး။ အဲဒီအစား သူ့ရဲ့စွမ်းအားကုန်ကို ထုတ်သုံးပြီး ဖရက်ကိုတားဆီးဖို့လုပ်တယ်။ ရာနဲ့ချီတွေလက်တွေက ကွန်ယက်လိုမျိုးဖြာထွက်လာပြီး ဖရက်ကိုဖမ်းဆီးဖို့ကြိုးစားနေတယ်။
ဖရက်ကလည်း လက်ထဲကဓားနဲ့ ဆက်တိုက်ဆိုသလိုပဲ အရိပ်လက်တွေကို ဖြတ်ချနေတယ်။ တစ်ချိန်တည်းမှာပဲ မိုးတိမ်တောင်တွေလည်း နိမ့်ဆင်းလာပြီး အရိပ်အပေါ်ကို မိုးကြိုးတွေဆက်တိုက်ပစ်ချတယ်။ အဲဒီမိုးကြိုးတွေက အရိပ်ကြီးရဲ့လှုပ်ရှားမှုကို အတိုင်းအတာတစ်ခုအထိကန့်သတ်ပေးပြီး အခွင့်အရေးတွေဖန်တီးပေးနေပါတယ်။
အဲဒီအချိန်မှာပဲ နောက်ထပ်အုပ်စုတစ်စုက စစ်ပွဲထဲကို ဝင်လာပြန်တယ်။ ပုဆိန်စောင့်ရှောက်သူနဲ့တခြားနှစ်ယောက်က တောင်ကုန်းတစ်ခုပေါ်ကနေ စစ်ပွဲအခြေအနေကို ကြည့်နေပါတယ်။
အရိပ်ကြီးကိုတွေ့တော့ မေမေသီတာရဲ့ကျောင်းနေဖက်နှစ်ယောက်က ခေါင်းခါလိုက်ကြတယ်။ ဒီကောင်ကြီးကို သူတို့ဘာမှမလုပ်နိုင်တာတော့ သေချာပါတယ်။ ဒါပေမဲ့ နှစ်ဖက်လုံးပညာကုန်တိုက်ခိုက်နေတဲ့ စစ်မြေပြင်က အရာရှိတွေရဲ့တိုက်ပွဲကိုတွေ့တော့ သုံးယောက်လုံးပြုံးလိုက်ကြလေရဲ့။