← Chapters

သမီးဖြောင့်ဖြောင့်တွေးမရတော့ဘူး

Vol. 5 Ch. 29

သမီးဖြောင့်ဖြောင့်တွေးမရတော့ဘူး

Vol. 5 Ch. 29

ကောင်လေးဒီပ မြေပေါ်ရောက်ခါနီးတော့ လိပ်ပြာပေါ်ကနေ သူခုန်ထွက်လိုက်တယ်။ ဒီလိုမှမဟုတ်ရင် သူပိုအကျနာမှာပဲ။ မြေပေါ်မှာ အခြေကျသွားပြီးတဲ့နောက်တော့ သူစီးလာတဲ့လိပ်ပြာကြီးကို ကြည့်လိုက်တယ်။

တိုက်ဖော်တိုက်ဖက် ရဲဖော်တစ်ယောက် ထိခိုက်သွားတဲ့အတွက် စိုးရိမ်တဲ့အကြည့်ပါ။

လိပ်ပြာကြီးက ခေါင်းထောင်လာပြီး တစ်ချက်အော်လိုက်တယ်။ သူ့အတော်တွေက စုတ်ပြဲနေပြီဖြစ်ပြီး အမြီးပိုင်းကလည်း ပျက်စီးနေတယ်။ အဲဒီနောက်တော့ အရိပ်လက်ကြီးတစ်ဖက်က ဒီပစီးခဲ့တဲ့ လိပ်ပြာကြီးကိုဆုပ်ကိုင်ပြီး ပါးစပ်ပေါက်ကြီးထဲ မျိုချလိုက်တယ်။

“သေစမ်း...” ဒီတော့မှ ဒီပလည်း သတိဝင်လာပြီး အရိပ်ကြီးနဲ့ ဆန့်ကျင်ဖက်ကို စပြေးတယ်။

သူ့လိုပဲဆုဗာနာပုရွက်ဆိတ်တွေကလည်း အရိပ်နက်ကြီးဆီကနေ လွတ်မြောက်ဖို့လုပ်နေပါတယ်။ အရိပ်ကြီးဟာ ကောင်းကင်ပေါ်က ခရမ်းရောင်ဓားပိုင်ရှင်နဲ့ တိုက်နေဆဲဖြစ်ပေမဲ့ အနားမှာရှိနေတဲ့ သက်ရှိသတ္တဝါတွေကိုလည်း ဝါးမျိုဖို့မမေ့ပါဘူး။

“ငါ့ဆီကိုလာကြ...” ဒီပက ပြောပြောဆိုဆိုနဲ့ ပုလွေကိုပါးစပ်မှာ တေ့လိုက်တယ်။ အနားမှာရှိနေတဲ့ ဆုဗာနာပုရွက်ဆိတ်တွေက ပြန်လည်စုဖွဲ့ပြီး သူ့အနားကိုလာတယ်။ ဒီပက ပုရွက်ဆိတ်တစ်ကောင်ဆီကိုတက်ပြီး ပုရွက်ဆိတ်တွေကို အရိပ်နက်ကြီးနဲ့လွတ်ရာဆီ စလမ်းပြတယ်။ ဝရုန်းသုန်းကားပြေးနေတာထက်စာရင်တော့ ဒီပလမ်းပြတာက သာပါသေးတယ်။

သူက အရိပ်လက်ကြီးတွေရဲ့လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းပြီး ရှောင်ရှားနိုင်တဲ့အတွက် သိပ်မကြာခင်မှာပဲ သူနဲ့ပုရွက်ဆိတ်အုပ်ဟာ ဘေးလွတ်ရာတောင်ကုန်းတစ်ခုပေါ်ကို တက်နိုင်ခဲ့ပါတယ်။

အဲဒီနောက်တော့ သူက တိုက်ပွဲမြေပြင်ကိုအပေါ်စီးကနေ ကြည့်လိုက်ပြီး ရင်ထဲမွန်းကျပ်သွားပါတယ်။ ဘယ်ဖက်ကမှ အနိုင်မပိုင်းနိုင်သေးပေမဲ့ ဆုဗာနာရဲ့မြေပြင်တပ်တွေက ပျက်စီးလုနီးပါးဖြစ်နေပါပြီ။ သူတို့က ကြေးစားစစ်တပ်ကို ခုခံနိုင်သေးပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အရေအတွက်ကျဲပါးလာနေတယ်။ အချိန်နဲ့အမျှ ဆုဗာနာစစ်တပ်ဟာ အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ကျဆင်းလာနေပါပြီ။

“ဒီအတိုင်းဆို မကောင်းတော့ဘူး။” ဒါပေမဲ့ ဒီပစကားမဆုံးခင်မှာပဲ လူတစ်အုပ်က တခြားတောင်ကုန်းပေါ်ကနေပြေးဆင်းလာတယ်။ တစ်ယောက်ကတော့ သူရင်းနှီးနေတဲ့ လူတစ်ယောက်ပါ။

“ဦးလေးပုဆိန်စောင့်ရှောက်သူလား၊ ဘယ်လိုလုပ်ပြီး သူ့လက်တွေ ပြန်ကောင်းလာတာလဲ။” တစ်ဖက်လူတွေရပ်နေတဲ့တောင်ကုန်းက သူနဲ့မီတာငါးဆယ်လောက်ဝေးသေးတယ်။ ဒါပေမဲ့ ပုဆိန်စောင့်ရှောက်သူက ငွေချပ်ဝတ်ကိုဝတ်ထားပြီး ကြေးမျက်နှာဖုံးကြီးရယ်၊ ပုဆိန်အကြီးကြီးရယ်ကို ကိုင်ထားတာမလို့ သိပ်ကိုထင်ရှားနေတယ်လေ။

နောက်တော့ ပုဆိန်စောင့်ရှောက်သူရဲ့အော်သံကျယ်ကြီးက တိုက်ပွဲမြေပြင်မှာ ထွက်ပေါ်လာပါတယ်။ “ဆုဗာနာသားတွေ၊ အားမလျှော့နဲ့။ တပ်ကူတွေရောက်လာပြီကွ။”

ဝမ်းခေါင်းနဲ့အော်သံကြီးကြောင့် နှစ်ဖက်တပ်ဖွဲ့တွေအကုန်လုံး တိုက်ခိုက်နေတာကို ခဏရပ်ပြီး အသံလာရာကို ကြည့်လိုက်ကြတယ်။ မကြာခင်မှာပဲ တောင်ကုန်းပေါ်ကနေ ပုဆိန်ကြီးတကားကားနဲ့ပြေးဆင်းလာတဲ့ ဆုဗာနာစစ်သည်တစ်ယောက်၊ တိဗက်အဝတ်အစားတွေနဲ့ ဗလတောင့်တောင့်ကတုံးကြီးတစ်ယောက်နဲ့ ရင်သားကြီးကြီး အိန္ဒိယတိုင်းရင်းသူအမျိုးသမီးတစ်ယောက်ကို သူတို့မြင်ရတယ်။

ကားလ်ကတော့ အဲဒီသုံးယောက်ကိုမြင်တာနဲ့ မဲ့ရွဲ့သွားတယ်။ ပုဆိန်စောင့်ရှောက်သူက A rank တစ်ယောက်ပါ။ ကားလ်က အဆင့်တူနှစ်ယောက်ကို တစ်ပြိုင်တည်းရင်ဆိုင်နိုင်တယ်ဆိုပေမဲ့ အနိုင်ယူနိုင်တဲ့အထိတော့ အင်အားမကြီးသေးဘူး။ သူက ဒီအတိုင်း တော်ရုံA rankတွေထက် ပိုစွမ်းရုံပါ။

သူ့အဆင့်က လေးယောက်တစ်ယောက်ချတာတောင် ပြတ်ပြတ်သားသားဖိအားပေးအနိုင်ယူနိုင်စွမ်းရှိနေတဲ့ ဓားနတ်ဆိုးနဲ့ယှဥ်ရင် အကွာကြီးပါပဲ။ သုံးယောက်တစ်ယောက်ဆိုရင် သေချာပေါက် သူသေမှာပါ။

“ကြေးစားတပ်ဖွဲ့တွေ၊ တိုက်နေတာကိုရပ်ပြီး စနစ်တကျပြန်ဆုတ်မယ်။ ဖွဲ့စည်းပုံမပျက်စေနဲ့။” ဒါပေမဲ့ ကြေးစားစစ််တပ် ပြန်ဆုတ်နေတာကို အလွယ်တကူခွင့်ပြုပေးမယ့်အထိ ဆုဗာနာတပ်ဘက်က မတုံးပါဘူး။ နယ်စားကြီးက ချက်ချင်းအမိန့်ပေးလိုက်တယ်။

“အကူအညီတွေရောက်လာပြီ၊ ရန်သူတွေကို အမြတ်ဖြုတ်။”

နောက်တော့ ဆုဗာနာစစ်တပ်ရဲ့စိတ်ဓာတ်ခွန်အားက နောက်တစ်ကြိမ်မြင့်တပ်လာပြီး ပြန်ဆုတ်နေတဲ့ ကြေးစားတပ်အပေါ် ဖိအားကြီးတွေကျရောက်လာတယ်။ ကားလ်ကိုယ်တိုင်လည်း ပြန်ဆုတ်ပြေးဖို့ကြိုးစားပေမဲ့ လှံစောင့်ရှောက်သူနဲ့ အာဝုကြီးက တားလိုက်တယ်။

အာဝုကြီးက ကားလ်ကို အမြောက်တွေဒုံးကျည်တွေနဲ့ ဆက်တိုက်ပစ်ပြီး သူ့ရဲ့အလျင်နှုန်းကို လျှော့ချပစ်ပါတယ်။ လှံစောင့်ရှောက်သူကတော့ မြန်မြန်ဆန်ဆန်ပဲ ကားလ်ရဲ့လမ်းကြောင်းရှေ့ကနေ ပိတ်ရပ်လိုက်ပြီး လှံနဲ့ ကားလ်ရင်ဝကို ရွယ်လိုက်တယ်။

“ဆုဗာနာက မင်းတို့လာချင်းတိုင်းလာပြီး ထွက်သွားလို့ရတဲ့နေရာမဟုတ်ဘူး။”

....

တိုက်ပွဲထဲကို ပထမဆုံးခုန်ဝင်လာတဲ့သူက အဆင့်အမြင့်ဆုံးမြူတန့်ဖြစ်တဲ့ ပုဆိန်စောင့်ရှောက်သူပါ။ သူက စီစီလီယာရဲ့လေပွေကို အားအပြင်းဆုံး ပုဆိန်ခုတ်ချက်နဲ့ ဖျက်ဆီးပစ်လိုက်ပြီး လေးစောင့်ရှောက်သူအတွက် အခွင့်အရေးတစ်ခု ဖန်တီးလိုက်တယ်။

“ကောင်မ၊ သေပေတော့....” လေးစောင့်ရှောက်သူက ပုဆိန်စောင့်ရှောက်သူပေးတဲ့ အခွင့်အရေးကို နည်းနည်းလေးမှ လက်လွှတ်မခံဘူး။ သူက ချက်ချင်းပဲလေးညို့ကိုဆွဲပြီး အကောင်းဆုံးမြားချက်နဲ့ စီစီလီယာရဲ့ရင်ဝကို ချိန်ပစ်လိုက်တယ်။

ရွှတ်....

စီစီလီယာကလည်း လေးစောင့်ရှောက်သူလေးညို့ကိုဆွဲကတည်းက ယပ်တောင်ကို ရှေ့ကနေခံပြီး ကာကွယ်ဖို့ကြိုးစားတယ်။ လေအားက မြားလမ်းကြောင်းကို လွှဲပစ်ဖို့ ကြိုးစားပေမဲ့ အရာမရောက်ပါဘူး။ ယပ်တောင်ကို ထိမှန်ပြီး အမာဆုံးသစ်ကတိုးသားနဲ့ပြုလုပ်ထားတဲ့ ယပ်တောင်ကိုင်းတွေ ကျိုးပဲ့ထွက်ကုန်တယ်။ နောက်တော့ နဂိုရည်မှန်းထားတဲ့ပစ်မှတ်မဟုတ်ပေမဲ့ မြားက စီစီလီယာရဲ့ညာဖက်ညှပ်ရိုးအောက် ပခုံးအတွင်းပိုင်းနက်နက်ကို ထိုးဖောက်သွားပြီး မြားခေါင်းက သူ့ကျောကနေ ပြန်ထွက်လာပါတယ်။

“အာ့....ဝေါ့...” လည်ချောင်းထဲကနေ ဆန်ထွက်လာတဲ့ သွေးတွေကို စီစီလီယာအန်ထုတ်လိုက်ပြီး သူ့ပခုံးမှာစိုက်ဝင်နေတဲ့ မြားတံကို လက်နဲ့စမ်းသပ်ကြည့်လိုက်တယ်။

သေချာပေါက် ဒီတိုက်ပွဲမှာ သူရှုံးသွားပါပြီ။ “ငါဒီကိစ္စကို မှတ်ထားလိုက်မယ်။” စီစီလီယာက အရှက်ပြေပြောရင်း ချက်ချင်းပြန်လှည့်ပြေးတယ်။ လေးစောင့်ရှောက်သူက နောက်မြားချက်တွေနဲ့ ဆက်တိုက်ပစ်ခတ်ပေမဲ့ စီစီလီယာက ကြေးစားတပ်သားအုပ်ထဲပြေးဝင် လူသားဒိုင်းအကာအကွယ်ယူတာကြောင့် သူ့ကိုမထိဘဲ ကြေးစားတပ်သားတွေသာ အသက်ထွက်ကုန်ပါတယ်။

....

အခြားတစ်ဖက်မှာတော့ ဒေါ်လေးပါဗာတီက ဓားစောင့်ရှောက်သူရှေ့ကိုရောက်လာပြီး ပခုံးပေါ်ကို လက်တင်ပေးလိုက်တယ်။ သူ့လက်ကနေ အပြာရောင်စွမ်းအင်အငွေ့တွေ ထွက်ပေါ်လာပြီး ဓားစောင့်ရှောက်သူရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာပါတယ်။

“ကျေးဇူးပဲ...”

“ငါ့ကို ကျေးဇူးတင်စရာမလိုဘူး၊ နင့်ရန်သူကိုသာ ဂရုစိုက်ဖြေရှင်း။” အဲဒီနောက် ပါဗာတီက ဓားစောင့်ရှောက်သူကို ဂရုစိုက်မနေတော့ဘဲ ကြေးစားစစ်တပ်ရဲ့တပ်သားအုပ်ထဲ ပြေးဝင်သွားတယ်။

ကြေးစားစစ်တပ်ရဲ့အဆင့်နိမ့်အရာရှိတွေထဲမှာလည်း B rank တွေရှိကြပါတယ်။ အလားတူပဲ ဆုဗာနာစစ်တပ်ရဲ့အရာရှိငယ်တွေကလည်း B rank တွေပါ။ အခုလိုမျိုးကြီးမားတဲ့တိုက်ပွဲတွေမှာ B rank တွေရဲ့စွမ်းဆောင်ရည်က သိပ်မသိသာပေမဲ့ တိုက်ပွဲကိုဆုံးဖြတ်ရာမှာ အဓိကကျတယ်။ ဒါပေမဲ့ အစကနေအဆုံးအထိ ဆုဗာနာနဲ့ကြေးစားတပ်ရဲ့B rank အရေအတွက်က သိပ်မကွာလှပါဘူး။ ဆုဗာနာအဆင့်နိမ့်အရာရှိအများစုက သိုင်းပညာနဲ့ B rank သတ်မှတ်ရမယ့်သူတွေဖြစ်ပြီး ကြေးစားတွေကတော့ အစွမ်းအမျိုးမျိုးနဲ့မြူတန့်တွေပါတယ်။

သာမန်တပ်သားအများစုက သူတို့ရဲ့အထောက်အကူပြုနည်းပညာမြင့်လက်နက်တွေနဲ့ တိုက်ခိုက်ကြမယ်ဆိုပေမဲ့ဒီအဆင့်တွေကတော့ သူတို့အစွမ်းတွေကိုပါ ဝတ်စုံတွေအတွင်းကနေ ထုတ်ဖော်တိုက်ခိုက်ကြတယ်။

အစောပိုင်းကြေးစားတပ်ရဲ့အသာစီးရမှုကြောင့် ဆုဗာနာတွေက ဒဏ်ရာတွေအများကြီးရထားပြီးပါပြီ။ ပါဗာတီကတော့ ကုသနိုင်စွမ်းရှိနေပြီး ပိုပြီးဆိုးတာက ရှားပါးတဲ့ ချက်ချင်းထိရောက်မှုရှိတဲ့ ကုသနိုင်စွမ်းပါ။

“ကောင်းသွားရင် ဆက်တိုက်ပေမဲ့တော့...”

“ငါ့ကို ဂရုစိုက်စရာမလိုဘူး”

“လုပ်စရာရှိတာသာလုပ်။” စသည်ဖြင့်ပြောရင်း G cup အစ်မကြီးက စစ်မြေပြင်မှာလျှောက်သွားရင်း မီးအိမ်ရှင်နက်စ်မလေးဖြစ်လာတယ်။ နောက်တော့ ဆုဗာနာသားအများစုဟာ ရက်ပေါင်းများစွာ အနားယူလိုက်ရသလိုမျိုး အားအင်တွေပြန်ပြည့်ဝလာပြီး ကြေးစားစစ်တပ်ကို ပြည့်ပြည့်ဝဝ အသာစီးရယူလာပါတော့တယ်။

...

အလားတူပဲ အထက်မူးမတ်မိသားစုဝင် ချန်းဖန်ကလည်း တိုက်ပွဲထဲကို တိုက်ရိုက်ဝင်သွားပြီး ကြေးစားတပ်ဖွဲ့ဝင်တွေကို လိုက်လံရိုက်နှက်တယ်။ သူ့ရဲ့လက်ဖဝါးသိုင်းက တော်တော်အားကောင်းပြီး ရိုက်ခံရတာနဲ့ အတော်များများလေပေါ်မြှောက်တတ်ကုန်ပါတယ်။

“တိဗက်နဂါးလက်ဝါးသိုင်း...”

ပလာဒင်ချပ်ဝတ်တွေက ချန်းဖန်ရဲ့လက်ဝါးရိုက်ချက်တွေကြောင့် ချက်ချင်းမသေအောင် ကာကွယ်ပေးနိုင်ပေမဲ့ လေပေါ်မြောက်တက်ပြီး ပြုတ်ကျလာချိန် ချက်ချင်းတိုက်ခိုက်နိုင်စွမ်းကို ပြန်မရကြပါဘူး။ ဒါကြောင့်အမြန်ရောက်လာတဲ့ ဆုဗာနာတပ်သားတွေက သူတို့ခေါင်းကို ဇက်သတ္တုကျည်နဲ့တေ့ပစ်ပြီး အဆုံးသတ်ပေးနိုင်တယ်။ ပြီးတော့ ချန်းဖန်က ရထားစက်ခေါင်းတစ်ခုလိုမျိုး မနားတမ်းရိုက်နှက်နေတာဖြစ်ပြီး တစ်ခါကိုလေးငါးဦးနဲ့ တစ်မိနစ်ကို အယောက်ငါးဆယ်ကနေ တစ်ရာအထိ အရောက်ပို့ပေးနိုင်ပါတယ်။

ဒီလိုနဲ့ကြေးစားစစ်တပ်ရဲ့အရေအတွက်က တဖြည်းဖြည်းပါးလျလာပါတယ်။

...

ကောင်းကင်ပေါ်မှာရှိနေတဲ့ ဖရက်ကလည်း အရိပ်ကြီးရဲ့မျက်နှာဖုံးကို သေချာလေ့လာလိုက်ပြီး ပြုံးလိုက်တယ်။ အခုဆိုရင် အနားမှာဝါးမျိုစရာတစ်ခုမှမရှိဖြစ်နေပြီဖြစ်ပြီး အရိပ်ကြီးက တစ်စတစ်စပြန်ကျုံဝင်နေပါပြီ။

“ဒီတော့ မင်းမှာအချိန်ကန့်သတ်ချက်ရှိတယ်ပေါ့၊ မင်းအစွမ်းနဲ့ အနားကသက်ရှိတွေကို ဝါးမျိုပြီး အချိန်ပိုရအောင်လုပ်လို့ရပေမဲ့ အခုမင်းလက်လှမ်းမီတဲ့အနားမှာ ငါတစ်ယောက်ပဲရှိတော့တယ်။”

ဖရက်က သူ့ခန္ဓာကိုယ်တစ်ဝိုက်မှာ မိုးကြိုးစက်ကွင်းတစ်ခုကို ဖန်တီးထားတယ်။ ကြောင်လုပ်တဲ့နည်းကို အတုယူပြီးလုပ်ထားတာဖြစ်ပြီး မူရင်းထက်အားနည်းပေမဲ့ အရိပ်နက်ရဲ့လက်တွေကို တားဖို့တော့လုံလောက်ပါတယ်။

ပြီးတော့ အရိပ်နက်ရဲ့အားနည်းချက်က ဒီတစ်ခုတည်းမဟုတ်ပါဘူး။ ဖရက်က အချိန်ကန့်သတ်ချက်အပြင် ရန်သူကို ဘယ်လိုနှိမ်နင်းရမလည်း ဆိုတာပါသိနေပါပြီ။ “အရိပ်နက်က မြူတန့်စွမ်းအားတစ်ခုပဲ၊ မဟာမြူတန့်မွန်းစတားတစ်ကောင်ရဲ့စွမ်းအားနဲ့ ယှဥ်နိုင်လုနီးပါးရှိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လူသားတစ်ယောက်ဖန်တီးထားတာပဲလေ။ ပြီးတော့ ဒီစွမ်းအားအဆင့်ကိုရဖို့ မင်းက တမင်လုပ်ယူထားတာ။”

ဖရက်က အရိပ်ခေါင်းက မျက်နှာဖုံးဖြူကို မိုးကြိုးဓားနဲ့ညွန်ပြလိုက်တယ်။ “ရုပ်သေးတစ်ခုကို ရပ်တန့်ဖို့ဆိုရင် ရုပ်သေးဆရာကို သတ်ရမှာပေါ့။”

ဘုန်း....။

အဲဒီနောက် ဖရက်က အတောင်ပံခတ်လိုက်တယ်။ သူ့အမြန်နှုန်းက အသံရဲ့မြန်နှုန်းကို ချိုးဖောက်သွားခဲ့ပါပြီ။ လေထုပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးတဲ့နောက် ဖရက်က အရိပ်နက်ရဲ့အရိုးမျက်နှာဖုံးရှေ့မှာပေါ်လာပြီး ဓားကိုဒေါင်လိုက်ထားကာ ရိုးရိုးလေးနဲ့အားပါပါ ပိုင်းချလိုက်တယ်။

ဒိန်း... ဂျိန်း.... ဂျလိန်း....

မိုးခြိမ်းသံတွေ ထွက်ပေါ်လာပြီးတဲ့နောက် ဖရက်လက်ထဲက မိုးကြိုးဓားက ရုတ်တရက်ပြန့်ကားကြီးထွားလာပါတယ်။ နဂိုက သာမန်ဥရောပလက်ဖက်ကိုင်ဓားအရွယ်ပဲရှိရာကနေ မက်ဒါနာရဲ့မြေဆွဲအားဓားလောက်အထိ ကြီးလာတယ်။ အဲဒီနောက် ဓာတ်တိုင်တစ်ခုရဲ့အရွယ်အစားနဲ့လုံးပတ်အထိကြီးလာပြီး အရိုးမျက်နှာဖုံးကြီးကို အက်သွားစေတယ်။

“မလုံလောက်သေးဘူး...” ဖရက်က အံ့ကြိတ်အော်ဟစ်လိုက်ပြီး ဓားကိုလက်နှစ်ဖက်နဲ့ကိုင်တယ်။ ဓားက ဆက်ပြီးကြီးထွားလာနေတယ်။ ဆယ်မီတာ၊ မီတာနှစ်ဆယ်၊ မီတာသုံးဆယ်။

ဖြောင်း....

အဲဒီနောက်တော့ တိုက်ပွဲမြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေမယ့် အရိုးကျိုးသံကျယ်ကြီး ထွက်ပေါ်လာပြီး အရိပ်ကြီးရဲ့ပုံစံက လုံးဝထိန်းချုပ်မှုကင်းမဲ့သွားတယ်။ အခုလူနဲ့မတူတော့ပဲ ပုံသဏ္ဍာန်အတိအကျပြောဖို့ခက်တဲ့ ကသောင်းကနင်းအခြေအနေမှာ ရှိနေပါပြီ။ တစ်ချိန်တည်းမှာပဲ မိုးတိမ်တောင်တွေပေါ်ကနေ မိုးကြိုးလျှပ်စီးတွေ ဆင်းသက်လာပြီး တစ်ကွဲတပြားစီဖြစ်နေတဲ့ အရိပ်တွေပေါ်ကို ပစ်ချဖျက်ဆီးတယ်။ အရိပ်က စက္ကန့်ပိုင်းအတွင်းမှာပဲ ဆယ်ပုံတစ်ပုံအထိသေးငယ်သွားပြီး ရော့ဝဲလ်ရဲ့ခန္ဓာကိုယ် ထွက်ပေါ်လာတယ်။

“မဖြစ်နိုင်တာ၊ မင်းလိုလူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးတဲ့စွမ်းအားမျိုးကို ပိုင်ဆိုင်ထားရတာလဲ။” ရော့ဝဲလ်က ဖရက်ကို ခေါင်းမော့ကြည့်လိုက်တယ်။

ဖရက်ပြသခဲ့တဲ့စွမ်းအားက ပုံမှန် S rank အများစုထက် ကျော်လွန်နေပါပြီ။ အနည်းဆုံးတော့ ဖလိမ်းဂါးဒီးယမ်းက ဒီလောက်အဆင့်စွမ်းအားမျိုးကို မထုတ်ဖော်နိုင်ဘူး။ ရှားပိုင်ဝေနဲ့ဝံပုလွေနှလုံးသားတို့ထက်လည်း အင်အားကြီးတယ်။ ဥစာကီတောင်မှ ဖရက်ကိုအတော်လေး စွန့်စွန့်စားစားနဲ့ တိုက်ခိုက်ရတော့မှာပါ။ တကယ်တော့ ဥစာကီက ဖရက်ထက် အမြန်နှုန်းအားနည်းတာကြောင့် အသာရဖို့တောင်ခက်လိမ့်မယ်။

ဖရက်ရဲ့စွမ်းအားက S+ ရောက်ခါနီးအခြေအနေမှာရှိနေပြီဖြစ်ပြီး ဆက်တိုးလာမယ့် အရိပ်အယောင်တွေလည်း ရှိနေပါသေးတယ်။

ဖရက်က ရော့ဝဲလ်ရဲ့စကားကိုကြားတော့ ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး ဓားကိုပြန်သေးကာ ခုတ်ချလိုက်တယ်။ ဒါပေမဲ့ဘာစကားမှမပြောဘူး။

ရွှတ်....

“အ....” ရော့ဝဲလ်ရဲ့အော်သံက အစပိုင်းမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပေမဲ့ တုံးတိပြတ်တောက်သွားတယ်။ ရော့ဝဲလ်တစ်ကိုယ်လုံး ပြာဖြစ်သွားတဲ့အတွက် အသံထွက်စရာရင်းမြစ်မှ မရှိတော့တာကိုး။

...

အရိပ်နက်ကြီးနဲ့တပ်မှူးကြီးတို့ ရက်ရက်စက်စက်ဖြေရှင်းခံလိုက်ရတဲ့ မြင်ကွင်းက ကြေးစားတပ်မဟာ ၃၁၀ အတွက်တော့ အခေါင်းမှာရိုက်တဲ့ နောက်ဆုံးသံမှိုလိုပါပဲ။ သူတို့စစ်ရှုံးပြီဆိုတာ သေချာသွားပြီးတဲ့နောက်မှာ ကြေးစားတပ်သားတွေဟာ ဆက်လက်တိုက်ခိုက်လိုစိတ် ပျောက်ကုန်ပါတယ်။ အများစုက သူတို့အထက်အရာရှိတွေရဲ့စကားကို နားမထောင်ကြတော့ဘဲ ခြေဥိးတည့်ရာ ထွက်ပြေးကုန်ကြတယ်။

ကားလ်ကိုယ်တိုင်လည်း ရှိသမျှကတ်တွေကိုသုံးပြီး နှစ်ယောက်တစ်ယောက်အဝိုင်းခံထားရတဲ့ အခြေအနေကနေ ပြေးလာရတယ်။ အခုသူ့တစ်ကိုယ်လုံး စုတ်ပြတ်နေပြီး ခွေးနက်ကြီးရဲ့ဒုံးကျည်တွေက သူ့ကိုတိုက်ရိုက်မထိခဲ့ပေမဲ့ တစ်ကိုယ်လုံးအနှံ ဗုံးစတွေစိုက်ဝင်နေပြီး ထိတ်လန့်စရာကောင်းနေတယ်။

စီစီလီယာကတော့ ပထမဆုံးထွက်ပြေးတဲ့သူမလို့ ပင်မတပ်ကြီးနဲ့ ဝေးရာကိုတောင်ရောက်နေပါပြီ။ အပြုံးမဲ့လူသားကတော့ သူတို့လောက်ကံမကောင်းပါဘူး။ ဓားစောင့်ရှောက်သူက သူထွက်မပြေးနိုင်ခင် ခေါင်းကိုဖြတ်ပစ်နိုင်ခဲ့ပါတယ်။ အခုတော့ အပြုံးမဲ့လူသားရဲ့ခေါင်းမဲ့ခန္ဓာကိုယ်က မြေပြင်မှာပုံလျက်သား။

အရာရှိတချို့က သူတို့ငယ်သားတွေကို ပြန်စုစည်းပြီး စနစ်တကျဆုတ်ခွာချင်ကြပေမဲ့ နောက်ကျသွားကြပါပြီ။ ကြေးစားစစ်သားတွေနဲ့အမိမြေကိုကာကွယ်နေတဲ့ နိုင်ငံသားစစ်သည်တွေရဲ့ကွာခြားချက်က အမိန့်နာခံမှုနဲ့သတ္တိပါပဲ။ ကြေးစားတွေက အကျိုးအမြတ်အတွက်ပဲ တိုက်ခိုက်ကြတာဖြစ်လို့ အကျိုးအမြတ်မရှိတော့ရင်၊ ရှုံးနိမ့်မယ့်အရေးနဲ့ကြုံလာရင် သူတို့အထက်အရာရှိတွေအပေါ် သစ္စာဖောက်ပြီးပြေးရဖို့ ဝန်မလေးပါဘူး။

ကြေးစားစစ်တပ်တွေရဲ့သစ္စာခံမှုက ရှေးခေတ်ကနေ အခုအချိန်အထိ မပြောင်းလဲခဲ့ပါဘူး။ နယ်စားကြီးက ခွေးပြေးဝက်ပြေးပြေးနေတဲ့ ကြေးစားတပ်ကို အညှာတာမဲ့စွာကြည့်ပြီး အမိန့်ပေးလိုက်တယ်။

“သတ်....” အဲဒီနောက်တော့ ဆုဗာနာရဲ့လက်ကျန်အင်အားတွေအားလုံးက ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့တဲ့ ကြေးစားစစ်တပ်ကို တစ်ပြိုင်နက်တည်းဝင်တိုက်ကြတယ်။

တောင်ကုန်းပေါ်မှာ ပုရွက်ဆိတ်တွေနဲ့ရှိနေတဲ့ ဒီပတောင်မှ သူ့ပုရွက်ဆိတ်တပ်ကိုဦးစီးပြီး တိုက်ပွဲမှာပြန်ဝင်ပါပါတယ်။ ဆုဗာနာတပ်သားအားလုံးက နိုင်ပွဲကြောင့်တက်ကြွနေကြတဲ့အပြင် ကျဆုံးခဲ့တဲ့ ညီနောင်တွေအတွက်ပါ လက်စားချေချင်နေကြပါတယ်။

မကြာခင်မှာပဲ ကြေးစားစစ်တပ်ဟာ ခွေးအအုပ်ကြီး ဝိုင်းတာခံရတဲ့ မြေကြွက်တွေလိုမျိုး အတုံးအရုံးသေကုန်ကြတော့တယ်။ လာတုန်းက အင်အားငါးထောင်ပါတဲ့ ကြေးစားတပ်မဟာ ၃၁၀မှာ ရှင်ကျန်ရစ်သူ တစ်ရာနီးပါးသာရှိခဲ့ပါတယ်။

ထိပ်သီးအရာရှိငါးယောက်အနက် စစ်မြေပြင်မှာ နှစ်ယောက်ကျဆုံးပြီး တစ်ယောက်ကတော့ ဆုဗာနာနန်းတော်မှာ သေသွားတယ်။ အသက်ရှင်တဲ့နှစ်ယောက်ကလည်း စုတ်ပြတ်သွားတဲ့အထိ ခံခဲ့ရတယ်။

...

မက်ဒါနာ မျက်လုံးဖွင့်လိုက်တယ်။

အခုသူ့ခန္ဓာကိုယ်တစ်ခုလုံးက ပေါ့ပါးနေပြီး ဒဏ်ရာတွေပြန်ကောင်းနေတာကို ခံစားရတယ်။ ပထမဆုံး မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ သူ့ဝမ်းဗိုက်ပေါ်ကို တင်ထားတဲ့ နူးညံ့တဲ့လက်တစ်စုံပါ။ အသက်အရွယ်ကြောင့် နည်းနည်းအရေပြားတချို့တွန့်နေပေမဲ့လည်း ဒီလက်ပိုင်ရှင်ဟာ အင်မတန်လှပသူတစ်ယောက်မှန်း သူပြောနိုင်ပါတယ်။

အသားအရေ နည်းနည်းညိုတဲ့အတွက်ကြောင့် ဆိုဖီယာရဲ့အိန္ဒိယသူလေးခန္ဓာကိုယ်ကိုတောင် သူသွားသတိရပါတယ်။ ပြီးတော့ အဲဒီလက်ကနေ အပြာရောင်အလင်းဖြာထွက်နေပြီး သူ့ခန္ဓာကိုယ်ကို နေရသက်သာစေပါတယ်။

“အရာ.. မင်းသမီးလေး နိုးလာပြီလား။” ညင်သာပြီး နည်းနည်းဝဲတဲ့ မြန်မာစကားသံ ထွက်ပေါ်လာတဲ့အတွက် မက်ဒါနာက လက်ပိုင်ရှင်ကို မော့ကြည့်တယ်။

မေမေသီတာနဲ့အသက်အရွယ်တူလောက်ပဲ ဖြစ်ပုံပေါ်ပြီး ဆံပင်အနက်ရောင်ရှည်ရှည်ကို ဒီအတိုင်းဖားလျားဖြန့်ထားတယ်။ တိဗက်ရိုးရာဝတ်စုံဝတ်ထားပေမဲ့ ရင့်ကျက်တဲ့အလှလေးရဲ့ရင်သားက ကြီးလွန်းလို့ဖုံးဖိမရဖြစ်နေတယ်။

‘နေပါဦး။ ကြီးမားတဲ့ရင်သား၊ နုပျိုတဲ့ သက်လတ်ပိုင်းအဒေါ်ကြီး၊ ပြီးတော့ ကုသရေးအစွမ်းနဲ့။ မဟုတ်မှလွဲရော ငါ၁၀၆စင်တီမီတာမမကြီးကို သက်ရှိထင်ရှားမြင်နေရတာလား။’ မက်ဒါနာစိတ်ထဲကို မရိုးမရွထူးဆန်းတဲ့ အတွေးတစ်ခုဝင်လာတယ်။

ဒါပေမဲ့ ရုတ်တရက် ရင်းနှီးနေတဲ့ လူတစ်ယောက်ရဲ့စကားသံက သူ့ကျောနောက်ကနေ ထွက်လာတဲ့အတွက် လန့်ပြီးသေလုမတတ်ဖြစ်သွားလေရဲ့။

“ဟိုလေ၊ မင်းသမီးလေးမက်ဒါနာ။ ခင်ဗျားကို ကျွန်တော့်ပေါင်ပေါ် ခေါင်းဦးခွင့်ပေးရလို့ ဝမ်းသာတယ်ဆိုပေမဲ့ အကြာကြီးဖြစ်နေပြီမလို့ ထပေးလို့ရမလား။”

မက်ဒါနာခေါင်းကိုလှည့်ကြည့်ပြီး အသံရှင်ကို အတည်ပြုလိုက်တော့ ဖရက်ရယ်။ ဖရက်ပေါင်ပေါ်မှာ သူခေါင်းအုံးပြီး တစ်ချိန်လုံးအိပ်နေတာဆိုတဲ့ အတွေးကိုလည်း ပထမဆုံးတွေးမိရော မက်ဒါနာတစ်ခါတည်း ထခုန်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ခြေထောက်တွေက လှုပ်မရတာကြောင့် ဆတ်ခနဲခါးမတ်လိုက်သလိုပဲ ဖြစ်သွားတာ။

“နေပါဦး၊ နင်က ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ။ မဟုတ်မှလွဲရင် နင်ငါသတိမေ့နေတုန်း အမြတ်ထုတ်တာလား။”

ဖရက်ကတော့ မက်ဒါနာရဲ့စကားကို ဘယ်လိုခွန်းတုံ့ပြန်ရမှန်းကိုမသိဘူး။ ခဏနေတော့ မေမေသီတာက အအေးဘူးတွေနဲ့အတူ ရောက်လာတယ်။ သူ့ဒဏ်ရာတွေလည်း ပြန်ကောင်းနေပြီ။

“သမီးလေးမက်ဒါနာ၊ ကိုယ့်ကျေးဇူးရှင်ကို အဲဒီလိုမပြောရဘူးလေ။ ဒီကောင်လေးသာ သမီးကိုမကယ်ရင် အခုလောက်ဆို သမီးလေးရောမေမေပါ တခြားဘဝရောက်နေလောက်ပြီ။”

“.....” မက်ဒါနာ တစ်ခဏလောက်ဆွံအသွားပြီး သတိမမေ့ခင်က မြင်ကွင်းကို ပြန်တွေးကြည့်လိုက်တယ်။

တကယ်ပဲ တောင်ပံနက်နဲ့လူတစ်ယောက် ကောင်းကင်ပေါ်က ဆင်းလာခဲ့ပြီး သူတောင် နတ်သားတစ်ပါးလားလို့ စဥ်းစားမိသေးတယ်လေ။

ရင်ဘတ်ကြီးကြီးနဲ့ဒေါ်လေးကလည်း ခေါင်းညိတ်ပြီး မေမေသီတာရဲ့အမြင်ကို ထောက်ခံတယ်။ “ဟုတ်တယ်၊ မင်းသမီးလေးရဲ့အရိုးအများစုကျိုးကြေနေပြီး အပြင်းအထန်ဒဏ်ရာရထားလို့ ချက်ချင်းကုဖို့လိုတယ်ဆိုတာလည်းကြားရော ကောင်လေးက ခေါင်းအုံးသွားယူစရာမလိုအောင်ဆိုပြီး မင်းသမီးလေးခေါင်းကို သူပေါင်ပေါ်တင်ပြီး နာရီနဲ့ချီသည်းခံနေခဲ့သေးတယ်လေ။”

သတိရလာပြီးပြီးချင်း ခေါင်းထဲတိုးဝင်လာတဲ့ အချက်တွေကြောင့် မက်ဒါနာဘာကိုမှ သေသေချာချာစဥ်းစားမရတော့ဘူး။

‘ဘာရယ်၊ ငါက ဖရက်ကယ်တာခံရတယ်။ နတ်သမီးပုံပြင်ထဲက မင်းသမီးလေးနဲ့မင်းသားလေးတို့လိုမျိုးလေ။ ပြီးတော့ ဖရက်ပေါင်ကို ငါကခေါင်းအုံးအိပ်နေတာတဲ့၊ ဖရာလီတာဆို တော်သေးတယ်။’

ရုတ်တရက် မက်ဒါနာအဲဒီအကြောင်းကိုတွေးကြည့်ရင်းရှက်စိတ်ကြောင့် မျက်နှာကြီးတစ်ခုလုံး ထူပူနီမြန်းလာတာမှ မီးခိုးတွေထွက်လုနီးနီးပဲ။ နောက်ဆုံးတော့ သူလည်းသည်းမခံနိုင်တော့ဘဲ မေမေသီတာကိုဖက်ပြီး ငိုပြောလေတော့တယ်။

“အမေရေ၊ ကယ်ပါဦး။ သမီးဖြောင့်ဖြောင့်တွေးမရတော့ဘူး။” ဒါပေမဲ့ မေမေသီတာကတော့ သမီးလေးပြောချင်တာကို တလွဲအဓိပ္ပါယ်ကောက်လိုက်ပြီထင်ပါရဲ့။

“အမလေး၊ အမေ့သမီးလေးက ဘယ်တုန်းက ဖြောင့်လို့လဲအေ့။ ကွေးနေလို့ပဲ အမေ့ဆီကို ချွေးမလေးတွေအများကြီး ခေါ်လာတာမဟုတ်ဘူးလား။ ကွေးလက်စနဲ့တော့ နှစ်ဖက်ချွန်လိုက်တော့ ဘာဖြစ်မှာမလို့လဲ။ အမေလည်း သမက်တွေဘာတွေရဖူးချင်တာပေါ့။”

မက်ဒါနာ။ “....” ‘အမေဘယ်လိုတောင် တွေးလိုက်တာလဲဟင်။’

All Chapters