နယ်ဆင်သင်္ဘောပျံ
Vol. 5 Ch. 30
တည်းနေတဲ့ အာရပ်တော်ဝင်ဟိုတယ်ဆောင်ကနေ ထွက်လာပြီးတဲ့နောက် ဖရာလီတာက ဖုန်းကိုထုတ်ပြီး သတင်းဖတ်ကြည့်လိုက်တယ်။ ဒါပေမဲ့ ပုံမှန်သတင်းဆိုဒ်ထဲကို ဝင်သွားတာမမဟုတ်ဘဲ အင်တာနက်ရဲ့အနက်ဆုံးအပိုင်းမှာ ဖုံးကွယ်ထားတဲ့ Dark Web သတင်းဆိုဒ်တစ်ခုကနေ ဖတ်နေတာဖြစ်ပါတယ်။
ဗီလိန်ကွန်ယက်က ဗီလိန်တွေအတွက် အကြီးဆုံးသတင်းရယူရာဖြစ်သလိုပဲ အမိန့်တော်အဖွဲ့ကလည်း ကိုယ်ပိုင်Dark Web ကွန်ယက်တွေရှိပါတယ်။ ဒါပေမဲ့ ဖရာလီတာဖတ်နေတဲ့ပလက်ဖောင်းကတော့ အမိန့်တော်အဖွဲ့အပြင် ကမ္ဘာအနှံက ဂျာနယ်လစ်တွေလည်းသုံးကြပြီး ပုံမှန်ဖြန့်ချီဖို့မသင့်တော်တဲ့ သတင်းတွေကိုဖြန့်ချီလေ့ရှိပါတယ်။
‘ဆုဗာနာစစ်မြေပြင်ကနေ ကြေးစားစစ်တပ် အရှက်ရစွာဖြင့် ပြန်လည်ဆုတ်ခွာလာရ။’ ဆိုတဲ့သတင်းဆီရောက်တော့ ဖရာလီတာပြုံးလိုက်ပြီး သတင်းစဖတ်တယ်ပါတယ်။
“ငါထင်ထားတဲ့အတိုင်းပဲ မက်ဒါနာက သူကိုယ်တိုင် မလှုပ်ရှားနိုင်တာတောင် အင်အားကြီးနေတုန်းပဲ။”
သတင်းတင်တဲ့သူက အယ်ကာလိုင်းဆိုတဲ့ အကောင့်ပိုင်ရှင်ပါ။ ထုံးစံအတိုင်း Darkwebမှာက အကုန်လုံးအကောင့်တုတွေချည်းပဲမလို့ ဒီလိုနာမည်မျိုးက မထူးဆန်းဘူး။ ပြီးတော့ သူ့အရေးအသားကလည်း တကယ့်သတင်းဌာနတွေလိုမျိုး ကျစ်ကျစ်လစ်လစ်မဆန်ဘဲ လူတစ်ယောက် ဆိုင်ထိုင်ရင်းရောက်တတ်ရာရာ ဆွေးနွေးနေသလိုပဲ။
မြူတန့်မဟာမိတ်အဖွဲ့ ပူးတွဲဥက္ကဋ္ဌအဖွဲ့အစည်းဖြစ်တဲ့ ကြေးစားစစ်တပ်ဟာ ဆုဗာနာနိုင်ငံရဲ့ဇက်သတ္တုရင်းမြစ်တွေကို ထုတ်ယူနိုင်ဖို့အတွက် သူတို့ရဲ့လက်နက်အပြည့်တပ်ဆင်ပေးထားတဲ့ တပ်မဟာ ၃၁၀ ကိုစေလွှတ်ခဲ့ပါတယ်။
ကြေးစားစစ်တပ်ရဲ့တပ်ဖွဲ့စည်းပုံအရ တပ်မဟာ ၃၁၀ မှာ ခန့်မှန်းခြေစစ်သည်ငါးထောင်နဲ့ A အဆင့်အရာရှိ သုံးယောက်ကနေ လေးယောက်အထိပါဝင်နိုင်တယ်လို့ အရင်ဆောင်းပါးသုံးသပ်ချက်မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပိုတိကျတဲ့သတင်းရင်းမြစ်တွေအရ ဆုဗာနာကိုတိုက်ခိုက်ခဲ့တဲ့ A rank အရေအတွက်က ငါးယောက်ရှိတယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ပုံမှန်ထက်ပိုများတယ်။
ပြီးတော့ စစ်သည်ငါးထောင်အပြင် မြူတန့်မဟာမိတ်ရဲ့အဓိကလက်နက်ဖြစ်တဲ့ အရိုးမျက်နှာကလုန်းတပ်သားတွေပါ တစ်သောင်းခွဲလောက်ရောက်လာတဲ့အတွက် ဖြစ်နိုင်တာက အရိုးမျက်နှာတပ်မဟာရဲ့ခေါင်းဆောင်ဖြစ်လိမ့်မယ်။
ဆုဗာနာရင်းမြစ်တွေအရ နန်းတော်ထဲက တစ်ယောက်၊ စစ်မြေပြင်မှာ နှစ်ယောက်သေသွားပြီး နှစ်ယောက်ပဲလွတ်တယ်။ ဆုဗာနာရဲ့စောင့်ရှောက်သူတွေကတော့ သေဆုံးခြင်းမရှိဘူး။ ကြေးစားစစ်တပ်ဘက်ကတော့ အရိုးမျက်နှာတွေအပါအဝင် တပ်မဟာလိုက်ပြုတ်သွားပြီး ဆုဗာနာကတော့ စစ်သည်တစ်သောင်းနီးပါးသေသွားတယ်။
ဆုဗာနာဘက်က လုံခြုံရေးတအားတင်းကျပ်နေပေမဲ့ စစ်မြေပြင်က တချို့ပုံရိပ်တွေကိုတော့ ဒရုန်းနဲ့ဓာတ်ပုံရိုက်နိုင်ခဲ့တယ်။ မင်းတို့ကြည့်ကြည့်ကြ...
သတင်းဆောင်းပါးရဲ့စာသားက အဲဒီမှာတင်ပြီးသွားတယ်။ နောက်ပေါ်လာတာကတော့ ဒရုန်းနဲ့အပေါ်စီးကနေ ရိုက်ယူထားတဲ့ပုံရိပ်တွေပါ။ ဒါပေမဲ့ ပုံရိပ်တော်တော်များများက ရှုပ်ထွေးနေပြီး မပြတ်သားဘူး။ တချို့ပုံတွေမှာတော့ ဆုဗာနာချပ်ဝတ်သစ်တွေကို ရိုက်ယူထားနိုင်တယ်။
“အယ်ကာလိုင်းကတော့ အယ်ကာလိုင်းပါပဲ၊ ဆုဗာနာက သတင်းတွေကိုတောင် ရအောင်နှိုက်နိုင်သားပဲ။”
ဖရာလီတာက ခေါင်းညိတ်လိုက်တယ်။ အယ်ကာလိုင်းက အမှောင်လောကမှာ နာမည်ကြီးတဲ့ စစ်သတင်းသမားတစ်ဦးပါ။ သူ့ခန့်မှန်းချက်တွေနဲ့ သတင်းတွေက အတော်လေးယုံရတယ်။ ဒါပေမဲ့ အယ်ကာလိုင်းဟာ လူတစ်ယောက်လား ဒါမှမဟုတ် သတင်းရောင်းစားတဲ့ အဖွဲ့တစ်ခုလားဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။
ဖရာလီတာက ပုံတွေကြည့်ပြီးနောက် ကောမန့်တွေကို ဆက်ဖတ်တယ်။ ကောမန့်တွေထဲမှာတော့ လူတွေလုံးဝပြောင်းဆန်နေပါတယ်။ ဆုဗာနာရဲ့ချပ်ဝတ်နည်းပညာသစ်က ရုပ်သေဓာတ်ပုံတွေထဲမှာတောင် ထင်ရှားနေပြီး အမှောင်လောကသား တော်တော်များများက စတင်ထင်ကြေးပေးကုန်ကြတယ်။
တချို့ကတော့ ဆုဗာနာကို အားနည်းတဲ့ ကမ္ဘာ့တတိယတန်းစားနိုင်ငံလို့ မမှတ်သင့်တော့ဘူးဆိုပြီး မှတ်ချက်ချကြတယ်။
အဲဒီအချိန်မှာပဲ ဖရာလီတာဘေးကို မင်းသမီးလီလီယာရောက်လာပြီး အသေးမလေးကို နောက်ကနေ အတင်းဆွဲဖက်လိုက်တယ်။ ဖရာလီတာလည်း ဒေါသထွက်လာပြီး အတင်းရုန်းတော့တာပေါ့။
“နင်... နင်ဘာလုပ်တာလဲဟဲ့။”
“ချစ်စရာကောင်းတဲ့ ကောင်မလေးကို ကျီစားနေတာလေ၊ နင့်ခေါင်းလေးက မေးတင်စရာကောင်းလို့။” လီလီယာက ပြောပြောဆိုဆိုနဲ့ ဖရာလီတာရဲ့ခေါင်းပေါ်မေးတင်လိုက်တယ်။
သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းကသိလာတဲ့ သူငယ်ချင်းတွေမလို့ ခုလိုဆက်ဆံရေးမျိုးရှိတာ ပုံမှန်ပါပဲ။ လီလီယာက ဖရာလီတာရဲ့ဖုန်းကို ကျော်ကြည့်လိုက်ပြီး ပြောလိုက်တယ်။
“ဒီတော့ နင့်ကောင်မလေးနိုင်ငံက စစ်နိုင်သွားပြီပေါ့။”
“အင်း၊ ပြီးတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းပညာချပ်ဝတ်တစ်ခုကိုလည်း ထွင်ထားသေးတယ်။”
“သတင်းကောင်းပဲမဟုတ်လား၊ ဗြိတိန်လိုအပ်နေတာလဲ အဲဒီလိုအရာမျိုးလေ။” လီလီယာက ပြောလိုက်ပြီး ပြုံးနေတဲ့မျက်နှာက ချက်ချင်းအေးစက်သွားတယ်။
ဖရာလီတာလည်း ခေါင်းညိတ်လိုက်တယ်။ “အမိန့်တော်အဖွဲ့က ရထားတဲ့သတင်းတွေအရဆိုရင် အမေရိကန်ကလည်း ပလာဒင်အဆင့်ရှိတဲ့ နည်းပညာချပ်ဝတ်တစ်ခုကိုတီထွင်နေပြီ။ ပြီးတော့ ပိုအန္တရာယ်များတဲ့ စစ်ပွဲသုံး စက်ရုပ်တစ်မျိုးကိုရောပေါ့။”
မဟာမိတ်သုံးခုမှာ ဗြိတိန်ရဲ့ဥရောပမဟာမိတ်က အားအနည်းဆုံးပါ။ သူတို့မှာက ခေတ်နောက်ကျနေပြီဖြစ်တဲ့ နည်းပညာချပ်ဝတ်တွေနဲ့စစ်သင်္ဘောတွေပဲ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် တခြားမဟာမိတ်တွေ အင်အားကောင်းလာတာဟာ သူတို့အတွက် သတင်းကောင်းမဟုတ်ဘူး။
ဖရာလီတာက လီလီယာရင်ခွင်ထဲကနေ ရုန်းထွက်လိုက်တယ်။ အဲဒီနောက် ပေါ့ပေါ့ပါးပါးလေသံနဲ့ အခုလိုပြောလိုက်ပါတယ်။
“နင်စိုးရိမ်နေတာကို ငါသိတယ်။ ဒါပေမဲ့ ငါနင့်အတွက် တစ်ခုကြိုးစားပြီးလုပ်ပေးထားတယ်။” ဖရာလီတာက သူ့အိတ်ထဲကနေ အပြာရောင်စက်လုံးလေးတစ်ခုကို ထုတ်ပေးလိုက်တယ်။ စက်လုံးက လက်ထဲမှာကိုင်ထားဖို့ အသင့်အရွယ်ဖြစ်ပြီး လက်ဗွေအာရုံခံဆင်ဆာတစ်ခုရှိတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ မင်းသမီးရဲ့ဘလက်ဘယ်ရီတံဆိပ်ဖုန်းက မြည်လာတဲ့အတွက် ဖရာလီတာတစ်ယောက် ပစ္စည်းရဲ့အသုံးဝင်ပုံကို မပြလိုက်ရဘူး။ လီလီယာက ဖုန်းထဲက အသံကိုနားထောင်ပြီးနောက် မျက်နှာက တည်ကြည်သွားပြီး အခုလိုပြောလိုက်ပါတယ်။
“ဖရာလီတာ၊ ငါတို့မှာအချိန်မရှိတော့ဘူး။ အာရေးဗျကျွန်းစွယ်ကို အမေရိကန်တပ်တွေချီတက်လာပြီ။ သူတို့နဲ့အတူ လက်နက်သစ်လို့ယူဆနိုင်တဲ့ စက်ရုပ်တချို့လည်းပါတယ်။”
ဖရာလီတာ မျက်လုံးပြူးသွားတယ်။ “ဘယ်လိုလုပ်ပြီး အချိန်တိုအတွင်းမှာ အာရေးဗျကျွန်းကိုတိုက်ဖို့ သူတို့ယုံကြည်ချက်ရှိသွားတာလဲ။ သူတို့နည်းပညာသစ်ရထားရင်တောင်....” ဖရာလီတာက စကားကို တစ်ဝက်နဲ့ရပ်ထားလိုက်တယ်။ ဒါပေမဲ့ ခဏနေတော့...
“ဟုတ်သားပဲ၊ သူတို့ရဲ့စက်မှုကုန်ထုတ်စွမ်းအားက ဗြိတိန်အပါအဝင် နိုင်ငံတိုင်းထက်သာတာပဲ။” ဗြိတိန်နဲ့တခြားနိုင်ငံတွေနဲ့မတူတာက အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာတောင် နှစ်အနည်းငယ်အတွင်း လေယာဥ်အမျိုးအစားဒါဇင်ချီကို ရာထောင်ချီပြီးထုတ်နိုင်ခဲ့တဲ့ နိုင်ငံမဟုတ်လား။ အခုဆိုရင် သူတို့က အများကြီးပိုတိုးတက်နေပြီမလို့ နိုင်ငံတော်အဆင့်ပရောဂျက်နဲ့ဆိုရင် ရက်အနည်းငယ်အတွင်း နည်းပညာမြင့်စက်ရုပ်ဒါဇင်အနည်းငယ်ကို ထုတ်ဖို့ပြဿနာမရှိနိုင်ဘူး။ ပြီးတော့ ဒီအရေအတွက်နဲ့ဆိုရင် ဗြိတိန်ကို အာရေဗျကျွန်းကနေ အချိန်တိုအတွင်း ဆုတ်ရအောင်လုပ်ပြီး မြူတန့်မဟာမိတ်နဲ့ တိုက်ပွဲဆက်နိုင်တယ်။
လီလီယာက ခေါင်းညိတ်လိုက်ပြီး “ဆိုလိုတာက သူတို့မျက်လုံးထဲမှာ ငါတို့က ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ဘူးဆိုတာပဲ။”
ဒါပေမဲ့ ဖရာလီတာက ခဏနေတော့ ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး လက်ထဲက အပြာရောင်စက်လုံးလေးကို မြှောက်ပြပါတယ်။ “ဒီပစ္စည်းလေးကို သုံးရမယ့်အချိန်ရောက်လာပြီဆိုတဲ့ သဘောပေါ့။”
လီလီယာလည်း မျက်ခုံးပင့်လိုက်ပြီး အပြာရောင်အလုံးလေးကို ယူကြည့်တယ်။ ဒါပေမဲ့ ဘယ်လိုအသုံးဝင်လဲဆိုတာကိုတော့ ဆုံးဖြတ်နိုင်ပုံမရဘူး။
“ဖရာလီတာရေ၊ နင်က တီထွင်တဲ့နေရာမှာ ဆရာတစ်ဆူဆိုပေမဲ့ ဒီသေးသေးလေးက ဘယ်လိုအသုံးဝင်မှာလဲဆိုတာ ငါစဥ်းစားမရဘူး။ နျူကလီးယားထက်အားပြင်းတဲ့ ဖျက်အားပြင်းဗုံးလား၊ ဒါပေမဲ့ အဲဒီလိုဆိုရင်လည်း လက်ဗွေဆင်ဆာမလိုဘူးမဟုတ်လား။”
ဖရာလီတာက ခေါင်းခါပြလိုက်ပြီး လီလီယာရဲ့တခြားလက်တစ်ဖက်က လက်မကိုဆွဲကာ ဆင်ဆာပေါ်တင်လိုက်တယ်။ နောက်တော့ စက်လုံးကနေ တည်ကြည်တဲ့ အမျိုးသားတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာပါတယ်။
[စနစ်ကို အောင်မြင်စွာ အသက်သွင်းပြီးပါပြီ။ ကိုယ်ဖျောက်နည်းပညာကို ပြန်ရုပ်သိမ်းပါမည်။]
နောက်တော့ ဖရာလီတာက ခပ်တည်တည်လေသံနဲ့ ပြောလိုက်တယ်။ “ဒါက ဗုံးလည်းမဟုတ်သလို သာမန်စက်လုံးလေးလည်းမဟုတ်ဘူး။ မျှော်လင့်ချက်ကို သယ်ဆောင်ထားတဲ့ ပန်ဒိုရာသေတ္တာလေးပဲ။”
တစ်ချိန်တည်းမှာပဲ ကောင်းကင်ပေါ်မှာ အင်မတန်ကြီးမားတဲ့ စစ်သင်္ဘောကြီးတစ်ခုက တဖြည်းဖြည်းပေါ်လာတဲ့အတွက် အာရပ်စော်ဘွားများပြည်ထောင်စုရဲ့မြို့တော် အဘူဒါဘီမှာရှိနေတဲ့ လူတိုင်းထိတ်လန့်သွားကြတယ်။
စစ်သင်္ဘောကို အပြာရောင်နဲ့အနီခြယ်သထားပြီး ဗြိတိန်နိုင်ငံအလံနဲ့အတူတူပါပဲ။ အရွယ်အစားကတော့ ဒုတိယကမ္ဘာစစ်သုံး Battle Ship Class အရွယ်အစားရှိကာ အားအကောင်းဆုံး အမြောက်လက်နက်တွေကို တပ်ဆင်ထားပါတယ်။
ဖရာလီတာက စပြီးသင်္ဘောပျံကြီးရဲ့အကြောင်းကို ရှင်းပြတော့တယ်။ “ဒီသင်္ဘောကို ငါတို့ပန်ဒရာဂွန်မိသားစုကဆောက်နေတာ အနည်းဆုံးနှစ်ငါးဆယ်လောက်ရှိနေပြီ။ ငါ့လက်ထက် လွန်ခဲ့တဲ့လအနည်းငယ်ကမှ ပြီးသွားတာ။ ငါတို့အဖိုးတွေလက်ထက်က ဗြိတိန်အင်ပါယာရဲ့ဂုဏ်သရေကို ပြန်ယူပေးချင်တဲ့သူတွေ ရှိဖူးတယ်လေ။ သူတို့က ရနိုင်သမျှနည်းပညာမြူတန့်တွေကိုငှားပြီးဆောက်ခဲ့ပေမဲ့ ကုန်ကျစရိတ်များရုံသာရှိပြီး အပြီးမသတ်နိုင်ခဲ့ဘူး။ ဒီတော့ ငါက သူတို့မပြီးသေးတာကို အချောသတ်ပေးလိုက်တာပေါ့။”
ဖရာလီတာစကားပြောနေတုန်း စစ်သင်္ဘောကြီးရဲ့ဝမ်းက အပေါက်သေးသေးဘေးတစ်ပေါက်ပွင့်လာပြီး ဟော့ပါဘိုက်တစ်ခု သူတို့ဆီကို အော်တိုမောင်းပြီးလာကြိုတယ်။
ဖရာလီတာက အရင်တက်လိုက်တော့ လီလီယာလည်းလိုက်ရတော့တာပေါ့။ နောက်တော့ ဟော့ပါက သင်္ဘောထဲဝင်သွားပြီး အပေါက်လဲပြန်ပိတ်သွားတယ်။ အတွင်းမှာတော့ သိပ်ကိုရှင်းလင်းနေပြီး လူတစ်ယောက်မှရှိမနေပါဘူး။
သူတို့ရောက်လာတာနဲ့ သင်္ဘောမီးတွေအားလုံးလင်းသွားပြီး ဖန်ပြွန်ပုံစံအခန်းငယ်တွေအများကြီး စီတန်းနေတာကို မြင်လိုက်ရတယ်။ ဖန်သားနဲ့ကာရံထားတဲ့ သုံးပေအကျယ် ခြောက်ပေအမြင့်ပြွန်တွေထဲမှာတော့ မျက်လုံးမှိတ်နေတဲ့ ချောမောတဲ့မျက်နှာနဲ့ စက်ရုပ်မလေးတွေရှိနေတယ်။ ဒါပေမဲ့ သူတို့ရဲ့ကျန်တဲ့ခန္ဓာကိုယ်အပိုင်းတွေကတော့ သာမန်လူနဲ့မတူပါဘူး။ အဲဒီအစား လက်ဖျံနဲ့ခြေသလုံးလိုနေရာတွေမှာ အမာခံတဲ့ ကာဘွန်ဖိုက်ဘာပြားတွေထည့်ထားပြီး ကျန်အစိတ်အပိုင်းတွေကတော့ စက်အတိုင်းပါပဲ။
“ဒီသင်္ဘောကြီးတစ်ခုလုံးကို ဉာဏ်ရည်တုတစ်ခုနဲ့မောင်းနှင်တာ။ လောလောဆယ် နယ်ဆင်လို့တော့ နာမည်ပေးထားတယ်။ ဗြိတိန်သမိုင်းရဲ့အတော်ဆုံး ရေတပ်ဗိုလ်ချုပ်နာမည်ပေါ့။” ဖရာလီတာက ပြောလိုက်ရင်း သင်္ဘောထဲမှာ ဟော့ပါဆက်ကိုမောင်းကာ ပိုင်းလော့ခန်းဆီ ဦးတည်သွားတယ်။
လီလီယာကတော့ နံရံတွေမှာရှိနေတဲ့ များစွာသောအရုပ်မလေးတွေကိုကြည့်ရင်း မစဥ်းစားဘဲ မနေနိုင်တော့ဘူး။
“ဖရာလီတာ၊ ဒီအရုပ်မလေးတွေက စစ်သုံးစက်ရုပ်တွေလား။” လီလီယာရဲ့အမေးကို ဖရာလီတာက ခေါင်းညိတ်ပြီးဖြေတယ်။
“ဟုတ်တယ်၊ ဒါပေမဲ့ အပြီးမသတ်ရသေးဘူး။ တစ်ယောက်ချင်းစီကို C rank အဆင့်တိုက်စစ်စွမ်းအားရှိအောင်လုပ်ပြီး မတူညီတဲ့လက်နက်တွေပါတဲ့ ငါးယောက်တစ်စု အဖွဲ့ငယ်လေးတွေအဖြစ် ဖွဲ့စည်းဖို့စဥ်းစားထားတာ။ အလုံးအရင်းထုတ်ဖို့ပြင်ထားတာမလို့ သူတို့တစ်ယောက်ချင်းစီရဲ့ဉာဏ်ရည်တုတွေက သိပ်အဆင့်မမြင့်ပေမဲ့ တိုက်ခိုက်တာကိုတော့ သေချာလုပ်နိုင်တယ်။ ဒါပေမဲ့ သူတို့တွေအတူတူပေါင်းစည်းလုပ်ဆောင်ဖို့ကျ Hive Mind အဆင့်ဉာဏ်ရည်တုအကြီးတစ်ခုလိုပြန်ရော။ လက်ရှိနယ်ဆင်ကို အဲဒီအတွက်တာဝန်ပေးချင်ပေမဲ့ သူက သင်္ဘောကိုပဲထိန်းနိုင်တာ။”
ဖရာလီတာတို့ ပိုင်းလော့ခန်းတံခါးရှေ့ရောက်လာကြပြီ။ အဲဒီကျမှပဲ စစ်သုံးအရုပ်မတွေကို တန်းစီထားတာ အဆုံးသတ်သွားတော့တယ်။ အားလုံးပေါင်း ငါးရာနီးပါးရှိပြီး တပ်ရင်းငယ်တစ်ရင်းစာပါ။ ဖရာလီတာပြောသလိုဆိုရင်တော့ ငါးယောက်တစ်ဖွဲ့ အခုတစ်ရာစာပါ။
“ဒီသင်္ဘောကို ရှင်နဲ့ကျွန်မပဲ မောင်းလို့ရတာ။ နယ်ဆင်က ကျွန်မတို့ကို ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်မှတ်မိတယ်။ ဒါကြောင့် ပုံမှန်လုံခြုံရေးစနစ်တွေဖြစ်တဲ့ လက်ဗွေရာတို့ဘာတို့ထက်တောင် စိတ်ချရတယ်။ တခြားသူတွေ ရှင့်ကိုဖမ်းပြီး အတင်းအကျပ်ကိုင်ဖွင့်ခိုင်းရင်တောင် သူက အလိုက်သိပြီး ရှင့်ကိုကယ်ဖို့လုပ်လိမ့်မယ်။”
ဖရာလီတာက ပိုင်းလော့ခန်းရဲ့တံခါးဘောင်ပေါ်က မျက်နှာပြင်ကို လက်ဝါးထောက်လိုက်တယ်။ ဆင်ဆာတစ်ခုက သူ့ရဲ့လက်ဗွေအားလုံးကို စစ်ဆေးပြီးပက်ဝေါ့ရိုက်ဖို့ ကီးဘုတ်ပေါ်လာတယ်။ ဖရာလီတာ ရိုက်ထည့်တဲ့စကားဝှက်က ‘Rule Britannia’ ပါ။
နောက်တော့ တံခါးက အလိုလိုပွင့်သွားပြီး အလွန်ကိုခေတ်ရှေ့ပြေးတဲ့ ထိန်းချုပ်ခန်းပေါ်လာတယ်။ နေရာတိုင်းမှာ လေဆာကီးဘုတ်တွေရှိနေပြီး အကြီးစားဖန်ပြတင်းပေါက်ကြီးအစား ဒီဂျစ်တယ်ဖန်သားပြင်ကြီးက သူတို့ကိုစောင့်ကြိုနေပါတယ်။
“နယ်ဆင်၊ အခုချက်ချင်း အမေရိကန်တပ်တွေရှိနေတဲ့နေရာကိုမောင်းမယ်။” ဖရာလီတာက ပြောလိုက်တယ်။
“အမိန့်အတိုင်းပါ။” ဉာဏ်ရည်တုက ပြန်ဖြေတယ်။
နောက်တော့ စစ်သင်္ဘောကြီး နောက်ပိုင်းမှာပါတဲ့ ဂျက်အင်ဂျင်တွေ စတင်လည်ပတ်ပြီး အံ့မခန်းမြန်နှုန်းမျိုးနဲ့စရွေ့တယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်ပျောက်ပလိပ်ပြားတွေ အသက်ဝင်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ မြို့တော်ထဲကလူတွေစစ်သင်္ဘောကြီးကို မမြင်ရတော့ဘူး။
....
မကြာခင်မှာပဲ သင်္ဘောပျံကြီးက အာရေဗျပင်နီဆူလာရဲ့တစ်နေရာကို ရောက်လာပါတယ်။ မင်းသမီးလီလီယာနဲ့အတူပါလာတဲ့ တော်ဝင်ရေတပ်က အမေရိကန်ရေတပ်နဲ့ယှဥ်ပစ်နေပြီဖြစ်ပြီး မြူတန့်မဟာမိတ်ရေတပ်ကတော့ နှစ်ဖက်တိုက်ခိုက်နေတဲ့ကြားမှာ ဝင်မပါဘဲစောင့်နေဆဲပါ။
လီလီယာက ရေတပ်သုံးခုရဲ့အခြေအနေကိုကြည့်ပြီး ခေါင်းခါလိုက်ပါတယ်။
“မြူတန့်မဟာမိတ်က ဉာဏ်များတာပဲ၊ ငါတို့စွမ်းအားကိုသုံးပြီး အမေရိကန်ရဲ့အင်အားသစ်ကို စမ်းသပ်ချင်နေတာပဲ။ သူတို့ဝင်ပါမယ့်ပုံမရဘူး။”
ဖရာလီတာလည်း ခေါင်းညိတ်လိုက်ပြီး ထောက်ခံပြောတယ်။ “အမှန်ပဲ၊ တကယ်တော့ ဥရောပမဟာမိတ်က အမေရိကန်ကိုရှုံးသွားပြီးမှ သူတို့ဝင်လှုပ်ရှားလည်း နောက်မကျဘူးလေ။ အမေရိကန်ရဲ့လက်နက်သစ်စွမ်းအားကို သူတို့လေ့လာပြီး ပြင်ဆင်လို့ရသေးတယ်။ ဘာပဲပြောပြော အာရေဗျပင်နီဆူလာက ထွက်မပြေးနိုင်ဘူးလေ။ ဥရောမဟာမိတ် ဒီနေရာကိုစွန့်ခွာသွားရရင် သူတို့နှစ်ဖက်လုံးအတွက် အကျိုးရှိတယ်။”
နောက်တော့ ဖရာလီတာက ရုတ်တရက်ကြောက်စရာကောင်းတဲ့ အပြုံးမျိုးကိုပြုံးလိုက်ပြီး စစ်သင်္ဘောကို စထိန်းချုပ်တယ်။ “စိတ်မကောင်းစရာက သူတို့တွက်ကိန်းတကယ်ဖြစ်မလာတော့မှာပဲ။”
မဟာမိတ်သုံးခုလုံးရဲ့ရှေ့မှာပဲ စစ်သင်္ဘောပျံကြီးက ပေါ်လာပြီး အမေရိကန်ရေတပ်တွေဆီကို အမြောက်တွေနဲ့ချိန်လိုက်တယ်။ Battleship အတန်းအစားသင်္ဘောပျံက ကြီးမားလွန်းတဲ့အတွက် နှစ်ဖက်ခေါင်းဆောင်တွေ သတိမထားမိဘဲ မနေပါဘူး။
အမိန့်ပေးစစ်သင်္ဘောတစ်ခုပေါ်မှာရှိနေတဲ့ မြူတန့်မဟာမိတ်ပူးတွဲဥက္ကဋ္ဌ စစ်ပွဲနှင်းဆီလည်း မျက်ခုံးပင့်လိုက်တယ်။ ဒီလောက်ကြီးတဲ့သင်္ဘောပျံမျိုးကို ကမ္ဘာပေါ်မှာ ဘယ်သူမှမတည်ဆောက်ဖူးသေးဘူးလေ။
“အပြာနဲ့အနီ... မဟုတ်မှလွဲရော....”
ဒါပေမဲ့ တခြားသူတွေရဲ့အမြင်ဘယ်လိုပဲရှိရှိ ဗြိတိသျှလိုလီလေးက အမေရိကန်ရေတပ်ကို ဖျက်ဆီးပစ်ဖို့ အသင့်ဖြစ်နေပါပြီ။
သူက ဉာဏ်ရည်တုကို အမြောက်တွေသုံးခွင့်ပေးလိုက်တယ်။ မကြာခင်မှာပဲ အလင်းဒြပ်စင်တွေက အမြောက်တွေဆီမှာ စုစည်းလာပြီး အဖြူရောင်အလင်းတန်းတွေနဲ့အမေရိကန်ရဲ့ခေတ်အမီဆုံး စစ်သင်္ဘောတွေကို စက္ကူလှေလေးတွေအလား မြုပ်ပစ်တော့တယ်။
ဘုန်း... ဝုန်း.... ဖောင်း....
အလင်းဒြပ်စင်အမြောက်တွေနဲ့ထိမိသမျှ သင်္ဘောတိုင်းမှာ ယမ်းတောင့်လေးတွေလိုမျိုး ပျက်စီးကုန်ပါတယ်။ ကြီးမားတဲ့ ဉာဏ်ရည်တုမျက်နှာပြင်ပေါ်မှာ စစ်သင်္ဘောပျံကြီးဖျက်ဆီးပစ်လိုက်တဲ့ သင်္ဘောအရေအတွက်ကို ဖော်ပြထားတယ်။
[ တိုက်သင်္ဘော ဆယ်စီး၊ ဖရီးဂိတ် ၃၊ ခရူဇာ ၁။]
လီလီယာလည်း အဲဒီဂဏန်းတွေကိုကြည့်ပြီး တခိခိနဲ့ရယ်လိုက်တယ်။ “ဒီသင်္ဘောပျံက ဒီမှာတပ်ချထားတဲ့ အမေရိကန်သင်္ဘောဆယ်ရာခိုင်နှုန်းကို စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးပစ်လိုက်တာလား။”
ဖရာလီတာက ခေါင်းညိတ်ပြလိုက်တယ်။ “ဒီသင်္ဘောပျံကြီးက စစ်တပ်တွေကိုဖျက်ဆီးဖို့ ဒီဇိုင်းထုတ်ထားတာလေ။ စစ်သင်္ဘောတစ်စီးတည်းနဲ့ နိုင်ငံတစ်ခုကိုသိမ်းဖို့အလွယ်လေးပဲ။”
“ဟေး၊ ဖရာလီတာ။ နင့်ဉာဏ်ရည်တုကို သီချင်းဖွင့်ခိုင်းလို့ရမလား။ အပြင်ကလူတွေပါ ကြားအောင်လေ။”
“ရတာပေါ့။”
အဲဒီနောက်တော့ ဗြိတိသျှအင်ပါယာရဲ့အိုဟောင်းနေပြီဖြစ်တဲ့ ဘုန်းတော်ဖွဲ့သီချင်း Rule Britanniaဟာ စစ်မြေပြင်မှာ ထွက်ပေါ်လာတော့တယ်။ တခြားတစ်ဖက်မှာတော့ တတိယအင်အားစုဖြစ်တဲ့ မြူတန့်မဟာမိတ်က ဆုတ်ခွာဖို့ပြင်နေပါပြီ။
စစ်ပွဲနှင်းဆီက သူ့အမိန့်ကို ချက်ချင်းဖြန့်လိုက်တယ်။ “ငါတို့အားလုံးပြန်ဆုတ်မယ်၊ မကြာခင်ဒီနေရာက ဥရောပမဟာမိတ်နဲ့အမေရိကန်ရဲ့အဓိကစစ်မြေပြင်ဖြစ်လာတော့မယ်။ ငါတို့လက်ရှိအင်အားက သူတို့နှစ်ဖွဲ့ကြားထဲဝင်ဖို့ မလုံလောက်သေးဘူး။”
အဲဒီနောက်တော့ မြူတန့်မဟာမိတ်သင်္ဘောတွေက အာရေဗျပင်လယ်ကို စတင်စွန့်ခွာကြတယ်။ ဒါပေမဲ့အမေရိကန်နဲ့ ဥရောပမဟာမိတ်ရဲ့စစ်ပွဲကတော့ ရှေ့ဆက်နေဆဲပါ။
ကျန်နေသေးတဲ့ အမေရိကန်စစ်သင်္ဘောတွေက သတိပြန်ဝင်လာပြီဖြစ်ပြီး ရှိသမျှလက်နက်တွေနဲ့ သင်္ဘောပျံကြီးကို စပစ်ပါတယ်။ ဖရာလီတာကတော့ ခလုတ်တစ်ခုကိုနှိပ်လိုက်တယ်။
“ဟင့်၊ ဒီလောက်လက်နက်လေးတွေနဲ့ ငါ့ကိုဖျက်ဆီးလို့
မရသေးဘူး။” သင်္ဘောပျံကြီးကို ခပ်မှိန်မှိန်လင်းနေတဲ့ အလင်းဒြပ်စင်ဒိုင်းတစ်ခုက ဖုံးအုပ်သွားပြီး ဒုံးကျည်တွေကို ထိထိရောက်ရောက် ကာထားလိုက်တယ်။ ဒုံးနဲ့အမြောက်ကျည်တွေက စွမ်းအင်ဒိုင်းကိုပဲထိသွားပြီး သင်္ဘောပျံကို မထိခိုက်စေဘူး။ ဒါပေမဲ့ ဉာဏ်ရည်တုကလည်း စွမ်းအင်မြန်မြန်ဆန်ဆန်ကုန်ဆုံးလာတာကို ပြနေပါတယ်။
[သတိပေးချက်: တကယ်လို့ စွမ်းအင်ဒိုင်းကို ဆက်တိုက်ဖွင့်ထားမယ်ဆိုရင် နယူကလီးယားပေါင်းစည်းဒြပ်ပေါင်းဖိုရဲ့စွမ်းအင်တွေ ဆယ်မိနစ်အတွင်း ကုန်ဆုံးသွားပါလိမ့်မယ်။]
ဖရာလီတာက ခေါင်းညိတ်လိုက်ပြီး အပစ်ခံနေရတဲ့ဒဏ်ရနေ သက်သာရာရဖို့အတွက် သင်္ဘောတွေကို အမြောက်နဲ့ပြန်ပစ်တယ်။ နယ်ဆင်သင်္ဘောပျံရဲ့တန်ပြန်တိုက်စစ်ကြောင့် နောက်ထပ်သင်္ဘောဒါဇင်နဲ့ချီ နစ်မြုပ်ကုန်ပြန်တယ်။
နောက်တော့ ရေတပ်သင်္ဘောတွေက ဖရာလီတာကို တိုက်ရိုက်ရင်ဆိုင်ဖို့မကြိုးစားတော့ဘဲ ရေထဲမှာ ဆက်တိုက်ရွေ့လျားနေပြီး လူစုခွဲဖို့ကြိုးစားတယ်။ ဒီလိုမှမဟုတ်ရင် ရေတပ်သင်္ဘောအားလုံး အမြုပ်ခံရမှာပါ။
ဖရာလီတာက ရေတပ်သင်္ဘောတွေကို မဲနေတုန်း လီလီယာက သတိပေးလိုက်တယ်။
“ဖရာလီတာ၊ အမေရိကန်ရဲ့ကြည်းတပ်တွေက အာရပ်ခံစစ်ကို ထိုးဖောက်ဖို့ကြိုးစားနေပြီ။” ဖရာလီတာလည်း သတိဝင်သွားပြီး ဉာဏ်ရည်တုကို အမိန့်ပေးလိုက်တယ်။
“နယ်ဆင်၊ ဂြိုဟ်တုနဲ့ချိတ်ပြီး အမေရိကန်ကြည်းတပ်တွေရဲ့လှုပ်ရှားပုံကိုပြ။”
[လုပ်ဆောင်နေပါသည်: အမေရိကန်ခြေလျင်တပ်အင်အားသုံးသောင်းခန့်ပါဝင်သည့် စစ်ကြောင်းကြီးတစ်ခု အာရပ်စော်ဘွားများနိုင်ငံသို့ချဥ်းကပ်လာနေပါသည်။ ပလာဒင်နည်းပညာချပ်ဝတ်စစ်သည်: ၂၀၀၀၀၊ ဇီးရိုးနည်းပညာချပ်ဝတ်စစ်သည်: ၁၀၀၀၀ ခန့်၊ တင့်ကား ၂၅၀၊ ဂျက်ဖာဆင်စက်ရုပ် ၁၀၀၊ ခရပ်ဇီလာ ၆။ အာရပ်စစ်တပ်အနေဖြင့် နောက်ထပ်နာရီအနည်းငယ်သာ ခုခံနိုင်ပါလိမ့်မည်။]
လီလီယာတစ်ယောက် အဲဒီလောက်များတဲ့အင်အားတွေကြောင့် ခေါင်းကိုလက်နဲ့ဆုပ်ကိုင်လိုက်မိပါတယ်။ “ဒီအင်အားလောက်ဆိုရင် ငါတို့ရေတပ်က အာရပ်ကိုအကူပေးရင်တောင် သေချာပေါက်ရှုံးနိမ့်လိမ့်မယ်။ ပြီးတော့ အခုငါတို့ကိုယ်တိုင်လည်း ရန်သူ့ရေတပ်ကို ဖျက်ဆီးရဦးမယ်။”
တကယ်တော့ အာရပ်စော်ဘွားများနိုင်ငံမှာက စစ်သည်ခြောက်သောင်းခွဲနီးပါးရှိပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့နည်းပညာအသာစီးရမှုကြောင့် ကောင်းကောင်းယှဥ်နိုင်မှာမဟုတ်ဘဲ အမြန်အဆန်ကျဆုံးသွားမှာပါ။
ဖရာလီတာက လီလီယာစိတ်ပူနေတာတွေ့တော့ ခပ်ဟဟရယ်လိုက်ပြန်တယ်။ “ငါတို့သင်္ဘောက အာရပ်ကြည်းတပ်ကို သွားကူလို့မရသေးပေမဲ့ ငါတို့မှာအရုပ်မ လှလှလေးတွေရှိသေးတယ်လေ။”
ဖရာလီတာက ခလုတ်တစ်ခုကို ထပ်နှိပ်လိုက်တော့ သင်္ဘောခေါင်မိုးပေါ်က စက်ဝိုင်းပုံပြတင်းပေါက်တွေပွင့်လာပြီး ဖန်ပြွန်တွေထဲမှာရှိနေတဲ့ အရုပ်မလေးတွေရဲ့မျက်လုံးက ပွင့်လာတယ်။ အဲဒီနောက် အရုပ်မတွေက သူတို့အတောင်ပံတွေကိုဖွင့်ပြီး သင်္ဘောထဲကနေ ပျံသန်းထွက်လာကြတယ်။ ဖရာလီတာက ဆက်ပြောလိုက်တယ်။
“သူတို့အရေအတွက်က နှစ်ရာပဲရှိပြီး နည်းတယ်ဆိုပေမဲ့ မြန်မြန်ရွေ့လျားနိုင်ပြီး အရေးကြီးပစ်မှတ်တွေကို ရှင်းထုတ်နိုင်တယ်။ ငါတို့ရေတပ်ကို ဖျက်ဆီးပြီးတဲ့အထိ အာရပ်တွေမရှုံးအောင် ထိန်းပေးနိုင်မယ်မျှော်လင့်ရတာပဲ။ နယ်ဆင်၊ နင်က သင်္ဘောကို အော်တိုထိန်းချုပ်ပြီး အမေရိကန်ရေတပ်ကို ပြာချပစ်လိုက်။ ငါကတော့ အရုပ်မလေးတွေကို ထိန်းချုပ်မယ်။”
[အမိန့်အတိုင်းပါ။]