အာရေဗျကျွန်းဆွယ်စစ်ပွဲ
Vol. 5 Ch. 31
အတောင်ပံနဲ့အရုပ်မတွေက ငါးယောက်တစ်ဖွဲ့စုဖွဲ့ပြီး မတူညီတဲ့လက်နက်တွေနဲ့အတူ ကောင်းကင်ပေါ်မှာပျံသန်းနေတယ်။ သိပ်မကြာခင်မှာပဲ မြေပြင်မှာရှိနေတဲ့ နှစ်ဖက်စစ်တပ်တွေက သတိထားမိသွားကြပါတယ်။
အမေရိကန်ထိန်းချုပ်ရေးစင်တာမှာရှိနေတဲ့ ဗိုလ်ချုပ်တွေလည်း ထိတ်လန့်ကုန်တော့တာပေါ့။ ဒီအရုပ်တွေပျံလာတာကို သူတို့ရေဒါမှာ မထောက်လှမ်းမိပါဘူး။ ဒါကြောင့် ထောက်လှမ်းရခက်တဲ့ ရန်သူအမျိုးအစားထဲမှာပါတယ်။
အမေရိကန်နိုင်ငံ အိမ်ဖြူတော်ကတစ်ဆင့် စစ်ပွဲကိုတိုက်ရိုက် စောင့်ကြည့်နေတဲ့ သမ္မတဂျိုးလ်ဝဲလ်ဆင်လည်း မျက်ခုံးပင့်လိုက်ပါတယ်။ လက်နက်အသစ်တွေ ရရခြင်း ဥရောပမဟာမိတ်ကို မစောင့်ဆိုင်းဘဲ တိုက်ဖို့သူဆုံးဖြတ်ခဲ့ပေမဲ့...
"ကြည့်ရတာ ဥရောပမဟာမိတ်ကလည်း အနည်းအပါးတော့ ပြင်ဆင်ထားတဲ့ပုံပဲ။" ဂျိုးလ်ဝဲလ်ဆင်က အမေရိကန်တပ်တွေအနား နီးကပ်လာနေတဲ့ အရုပ်မတွေကိုကြည့်ရင်း ပြောလိုက်တယ်။ ဒါပေမဲ့ သိပ်စိတ်ပူသေးပုံမပေါ်ဘဲ တိုက်ပွဲအခြေအနေကိုဖော်ပြပေးနေတဲ့ ဂြိုဟ်တုပုံရိပ်တွေကိုသာ ဆက်ကြည့်နေပါတယ်။
...
ဖရာလီတာရဲ့တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာပဲ အရုပ်မပျံတွေက သူတို့လက်နက်တွေကို အသင့်ပြင်လိုက်ကြတယ်။ ဖွဲ့စည်းပုံက ငါးယောက်တစ်ဖွဲ့ဖြစ်ပြီး သူတို့ကိုင်ထားတဲ့ လက်နက်တွေက တစ်ခုနဲ့တစ်ခုမတူညီပါဘူး။
အကြမ်းဖျင်းဖော်ပြရရင်တော့ ရှေ့ဆုံးကတစ်ယောက်က သတ္တုဒိုင်း၊ တောင်ပံနှစ်ယောက်က စက်သေနတ်၊ နောက်တန်းနှစ်ယောက်က ချေမှုန်းရေးရိုင််ဖယ်နဲ့ ရော့ကတ်တွေကို ကိုင်ဆောင်ထားတယ်။
မြေပြင်မှာရှိနေတဲ့ တပ်ဖွဲ့တွေက သူတို့နားနီးလာနေတဲ့ အရုပ်မတွေကို စပြီးတိုက်တယ်။ ဂျက်ဖာဆင် အိုဖိုးစက်ရုပ်တွေက သူတို့ရဲ့လေယာဥ်ပစ်လက်နက်တွေကို ကောင်းကင်ပေါ်ထောင်ပြီး ပစ်ခတ်နေကြပါပြီ။ ဒါပေမဲ့ ဒီအရုပ်မတွေမှာ အော်တိုရှောင်ရှားတဲ့စနစ်ပါပြီး ကျောနောက်က တောင်ပံတွေကိုသုံးကာ အေးအေးဆေးဆေး ရှောင်နိုင်ကြပါတယ်။
နောက်တော့ အရုပ်မယူနစ်တစ်ခုက အမေရိကန်တစ်ဖွဲ့တစ်ခုနားကို အသေအချာချဥ်းကပ်နိုင်ခဲ့ပြီး ချေမှုန်းရေးစတယ်။ စက်သေနတ်ကိုင်အရုပ်မတွေက ခြေလျင်တပ်သားတွေကို ပစ်ခတ်ပြီး ဒိုင်းကာနဲ့တစ်ယောက်ကတော့ အဖွဲ့ကိုကာကွယ်ပေးတယ်။ ဂျက်ဖာဆင်အိုဖိုးတစ်ရုပ်က ရှေ့တက်လာပြီး တိုက်ရိုက်ရင်ဆိုင်ဖို့လုပ်ပေမဲ့ ချေမှုန်းရေးရိုင်ဖယ်နဲ့တစ်ယောက်က အိုဖိုးစက်ရုပ်ရဲ့ရင်ဘတ်ကို တေ့ပစ်ပြီး ဖောက်ခွဲပစ်လိုက်တယ်။
တင့်ကားတွေကိုတော့ RPGလောင်ချာကိုင်ထားတဲ့တစ်ယောက်က ဖောက်ခွဲပစ်လိုက်တယ်။ ဒီအရုပ်မတွေကိုင်ထားတဲ့လက်နက်တွေက အလင်းဒြပ်စင်ဗဟိုချက်တွေကို သုံးထားတာဖြစ်လို့ ဒြပ်ပေါင်းဖိုစွမ်းအားမကုန်မချင်းပစ်ခတ်လို့ရတဲ့အတွက် ကျည်ကုန်တာလည်းမရှိဘူး။
ယူနစ်တစ်ခုလုံးကို ဖျက်ဆီးပြီးတဲ့နောက်တော့ အရုပ်မတွေက အတောင်ကိုဖြန့်ပြီး ကောင်းကင်ပေါ်ကို ပျံတက်ကာ နောက်ပစ်မှတ်နေရာကို သွားကြတယ်။
အရုပ်မပျံယူနစ်နှစ်ဆယ်က ကောင်းကင်မှာ လွန်းထိုးနေပြီး သူတို့ထက်အင်အားအဆများစွာသာလွန်တဲ့ ယူနစ်တွေကို တစ်ခုပြီးတစ်ခုဖျက်ဆီးနေတယ်။ အာရပ်တပ်တွေကလည်း ပြန်သတိဝင်လာကြပြီး အကူရောက်လာတဲ့ အရုပ်မတွေနဲ့ စတင်ပူးပေါင်းလုပ်ဆောင်ကြပါတယ်။
မကြာခင်မှာပဲ ထောင်နဲ့ချီတဲ့အမေရိကန်တပ်သားတွေ ကျဆုံးကုန်ပါပြီ။ အာရပ်ကို အလွယ်လေးနိုင်မယ်ထင်နေတဲ့ အမေရိကန်အတွက်တော့ ကြီးမားတဲ့ထိုးနှက်ချက်ပါပဲ။
အိမ်ဖြူတော်ကနေ အခြေအနေစောင့်ကြည့်နေတဲ့ ဂျိိုးလ်ဝဲလ်ဆင်လည်း ဒေါသထွက်လာပါတော့တယ်။ မကြာခင်မှာပဲ စစ်ဆင်ရေးကိုတာဝန်ယူရတဲ့ စစ်ဦးစီးဗိုလ်ချုပ်က လေတပ်ပစ်ကူစတောင်းတယ်။
အနီးအနားမှာရှိနေတဲ့ အမေရိကန်လေတပ်လေယာဥ်ကွင်းတွေကနေ Auster 01 လေယာဥ်တွေဒါဇင်နဲ့ချီပြီး ပျံတက်လာတယ်။ လေယာဥ်ကွင်းတွေနဲ့စစ်မြေပြင်ရဲ့အကာအဝေးကြောင့် မိနစ်လေးဆယ်လောက်နေမှ အမေရိကန်စစ်တပ်ရဲ့အကောင်းဆုံးတိုက်လေယာဥ်အုပ်ဟာ ရောက်ရှိလာပါတယ်။ အဲဒီအချိန်မှာတော့ ဖရာလီတာက သူ့ရဲ့အရုပ်မအုပ်စုကြီးနဲ့အတူ ဂျက်ဖာဆင် ငါးဆယ်လောက်နဲ့ဇီးရိုးချပ်ဝတ်စစ်သည်သုံးထောင်ကို ဖျက်ဆီးပြီးနေပါပြီ။
သင်္ဘောရဲ့ထိန်းချုပ်ခန်းထဲမှာရှိနေတဲ့ ဖရာလီတာက ယူနစ်တစ်ခုကို ဦးစားပေးထိန်းချုပ်ရင်း ခရက်ဇီလာတစ်ရုပ်ကို အာရုံစိုက်တိုက်နေတယ်။
ခရက်ဇီလာက သူ့ရဲ့ဒုံးတွေကို ကွန်ယက်သဖွယ်ပစ်လွှတ်လိုက်တယ်။ ဖရာလီတာရဲ့ယူနစ်က ပြန်ဆုတ်ဖို့မမီတော့တဲ့အတွက်ကြောင့် ဒိုင်းကိုင်အရုပ်မက အားလုံးရှေ့မှာရပ်ပြီး ကာကွယ်ပေးဖို့လုပ်ပေမဲ့ ဒိုင်းအရွယ်က ကန့်သတ်ချက်ရှိတဲ့အတွက် အဲဒီအရုပ်မနောက်မှာရပ်နေတဲ့ နောက်ထပ်အရုပ်မနှစ်ရုပ်ကလွဲပြီး ကျန်တဲ့နှစ်ရုပ်ပျက်စီးသွားတယ်။
"အား... စိတ်ပျက်စရာပဲ၊ အခွံမာလိပ်ကြီးကို တိုက်နေတယ်လို့ကို ခံစားရတော့တာပဲ။ ဒုံးကလည်း ပစ်သေးတယ်၊ မီးကလည်း မှုတ်သေးတယ်။"
ဖရာလီတာက ဒေါသနဲ့ပြောလိုက်ပြီး လေဆာကီးဘုတ်ကို ထုဖို့လုပ်ပေမဲ့ အကောင်အထည်မရှိတဲ့ကီးဘုတ်မလို့ စားပွဲဘောင်ကိုပဲ ထုမိသွားရှာတယ်။
"ထားတော့၊ ကျန်တဲ့ယူနစ်တွေကို ခရက်ဇီယာတွေကိုမတိုက်ဘဲ ရှောင်ခိုင်းမှဖြစ်မယ်။"
ခရက်ဇီလာတွေရဲ့Aအဆင့် ခုခံနိုင်စွမ်းကို အရုပ်မယူနစ်တွေက မရင်ဆိုင်နိုင်ပါဘူး။ သူတို့ရဲ့ကြီးမားတဲ့အဖျက်စွမ်းအားကလည်း ယူနစ်တစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့အထိ အင်အားကြီးပါတယ်။ ဖရာလီတာအနေနဲ့ Archmegaကိုဝတ်ပြီး သွားတိုက်မယ်ဆိုရင်တောင် အတော်လေးခက်ခဲပါလိမ့်မယ်။
[သတိပေးချက်: အမေရိကန်စစ်တပ်ပိုင် Auster 01 ယာဥ်များ အာရပ်စော်ဘွားများနိုင်ငံပိုင်နက်ထဲ ဝင်လာပါပြီ။ Valkyrie ယူနစ်အားလုံးအတွက် ခြိမ်းခြောက်မှုရှိနိုင်ပါသည်။]
ဖရာလီတာရဲ့အရုပ်မယူနစ်တွေက မပြီးပြည့်စုံသေးတဲ့ ထုတ်ကုန်တစ်ခုပါ။ ဒါကြောင့် အမေရိကန်ရဲ့အကောင်းဆုံး တိုက်လေယာဥ်အုပ်စုနဲ့တော့ ရင်ဆိုင်ဖို့မဖြစ်နိုင်ပါဘူး။ ဖရာလီတာက သက်ပြင်းရှည်ကြီးချလိုက်ပြီး...
"နယ်ဆင်၊ ယူနစ်အားလုံးကို ပြန်လာခိုင်းလိုက်။"
[လုပ်ဆောင်နေပါသည်။] စစ်သင်္ဘောရဲ့ဉာဏ်ရည်တုနယ်ဆင်က အရုပ်မတွေကို စစ်ဆင်ရေးမှာ ကိုယ်တိုင်ဦးစီးဖို့အထိ အားမကောင်းပေမဲ့ အခြေခံအမိန့်တွေဖြစ်တဲ့ ပြန်ဆုတ်တာနဲ့တစ်နေရာကနေတစ်နေရာကို ရွေ့လျားစေတာတွေလောက်တော့ ကြီးကြပ်နိုင်ပါသေးတယ်။
ဖရာလီတာက နယ်ဆင်ကို အမိန့်ပေးပြီးတာနဲ့ ထိန်းချုပ်ခန်းခုံကနေ ထရပ်လိုက်တယ်။ ဒါကြောင့် ဘေးမှာထိုင်နေတဲ့ မင်းသမီးလီလီယာက မေးလိုက်တယ်။
"ကိုယ်တိုင်ထွက်တိုက်မလို့လား၊ ဒါပေမဲ့ အမေရိကန်မှာလည်း S rank ရှိတယ်နော်။ နင်သူ့ကိုရင်ဆိုင်နေရင်း သူတို့လေတပ်ကို ဖျက်ဆီးနိုင်မယ်လို့ ယုံကြည်ချက်ရှိလား။"
"ငါ့ကိုယ်ငါယုံကြည်လို့ သွားတာပေါ့။" အဲဒီနောက် ဖရာလီတာက ထိန်းချုပ်ခန်းထဲက ထွက်သွားလိုက်တယ်။
ထိန်းချုပ်ခန်းအပြင်မှာတော့ ကြမ်းပြင်အောက်ကနေ ဖန်သားပြွန်တစ်ခုထွက်လာပြီး အထဲမှာ Archmegaက အသင့်ရှိနေပြီးသား။
"အကုန်လုံးကို မြန်မြန်လေးဖောက်ခွဲပြီး မက်ဒါနာကိုသွားတွေ့ရမယ်။" ဖရာလီတာတစ်ယောက် ဥရောပမဟာမိတ်ရဲ့ကိစ္စတွေကို လိုက်လုပ်ပေးနေရလို့ သတိပြန်ရနေပြီဖြစ်တဲ့ မက်ဒါနာဆီကို သွားမလည်နိုင်သေးဘူး။ ဒါကြောင့် သူမရှိလည်း မဟာမိတ်ဆက်လည်ပတ်နိုင်စေဖို့အတွက် ဖရာလီတာက ဒီစစ်သင်္ဘောကို တီထွင်ပေးခဲ့တာပါ။
ဖရာလီတာက Archmegaထဲ ဝင်လိုက်တယ်။ အနက်ရောင် ဝါးဖရိန်စက်ရုပ်ကြီးက စတင်လှုပ်ရှားလာပြီး သင်္ဘောဝမ်းရဲ့တစ်နေရာမှာ သွားရပ်တယ်။ ဒီနေရာက သူတို့တပ်လာခဲ့တဲ့နေရာပါ။ ဖရာလီတာ အသင့်ဖြစ်တာနဲ့ နယ်ဆင်ရဲ့အသံ ထွက်ပေါ်လာပြီး သင်္ဘောဝမ်းက ပွင့်သွားတယ်။
[စစ်သင်္ဘောပျံ လေထီးခုန်တံခါးကို စေလွှတ်လိုက်ပါပြီ။ ကောင်းမွန်သောနေ့လေး ဖြစ်ပါစေ။]
အနက်ရောင်ဝါးဖရိန်ကြီးက လေးလံတဲ့အတွက် မြေဆွဲအားသက်ရောက်မှုကို အကြီးအကျယ်ခံပြီး ခဲတစ်လုံးရေထဲပစ်ချလိုက်သလိုမျိုး ပြုတ်ကျသွားတယ်။
ဖရာလီတာက အာရေဗျညရဲ့အလှကို ခံစားဖို့အချိန်မရှိသေးပေမဲ့ နီယွန်မီးရောင်အောက်က မြို့နဲ့ကမ်းရိုးတန်းအလှကို မြင်လိုက်ရတဲ့အတွက် သက်ပြင်းမချဘဲမနေနိုင်ဘူး။
အနက်ရောင်ဝါးဖရန်က ပင်လယ်ရေပြင်အထက်မှာရှိနေတာဖြစ်ပြီး ပင်လယ်ထဲက စစ်သင်္ဘောတွေတိုက်ခိုက်နေတာကိုလည်း သူမြင်ရတယ်။ ကောင်းကင်က နယ်ဆင်သင်္ဘောပျံကြီးအပြင် ဥရောပမဟာမိတ်ရဲ့ရေတပ်ကိုပါ ရင်ဆိုင်နေရတဲ့ အမေရိကန်ရေတပ်ဟာ သိပ်အခြေအနေမကောင်းပါဘူး။ မကြာခင် တပ်ပျက်တော့မှာပါ။
ဒါပေမဲ့ နှစ်ဖက်လုံးဟာ အသည်းအသန်ပစ်ခတ်နေကြသေးပြီး အမြောက်ပေါက်ကွဲသံတွေ၊ စက်သေနတ်သံတွေ၊ တော်ပီဒိုပေါက်ကွဲသံတွေနဲ့ ဆူညံ့နေပါတယ်။
ဖရာလီတာက ပင်လယ်ရေမျက်နှာပြင်က သူနဲ့နီးကပ်လာတာကို မြင်နေရတယ်။ အနက်ရောင်ဝါးဖရိန်ကြီးရဲ့တောင်ပံတွေက စပွင့်လာပြီး ဒေါင်လိုက်ပြုတ်ကျမယ့်အစား လေဟုန်စစီးတာကြောင့် ရှေ့ကိုလျှောဆင်းကာ ရေမျက်နှာပြင်နဲ့ တဖြည်းဖြည်းချင်းသာ ပိုနီးလာတယ်။
ရေမျက်နှာပြင်နဲ့ Archmegaရဲ့ခန္ဓာကိုယ် ထိခါနီးအချိန်မှ ဂျက်အင်ဂျင်စပွင့်ပြီး ကောင်းကင်ပေါ်ကို ပြန်ထိုးတက်သွားတယ်။
ဘုန်း... ဗွမ်း... ဗွမ်း...
အနက်ရောင်ဝါးဖရိန်ရဲ့အသံထက်မြန်တဲ့အရှိန်ကြောင့် လေထုဟာ ပေါက်ကွဲကျန်နေရစ်တယ်။ ပင်လယ်ရေပြင်နဲ့ ကပ်နေတာကြောင့် ရေကန်ထဲကို ခဲတစ်လုံးပြုတ်ကျသွားသလိုမျိုး ရေတွေက အထက်ကိုမြင့်တက်လာပြီး ပွင့်အန်ထွက်ကုန်တယ်။
ရန်သူ့စစ်သင်္ဘောတချို့က Archmega သင်္ဘောပျံရဲ့အလင်းဒြပ်စင်စက်ကွင်းထဲကနေ ထွက်လာတာကို သတိထားမိသွားကြတယ်။ မြေပြင်တပ်တွေကို သွားမနှောင့်ယှက်နိုင်အောင် တားဖို့အတွက် စစ်သင်္ဘောတွေက ဖရာလီတာကို ရှိသမျှအမြောက်တွေနဲ့ စပစ်ကြတယ်။
ဒါပေမဲ့ Archmegaကတော့ လှလှပပရှောင်ပြီး ဒုံးတချို့ကို ကိုယ်မှာတပ်ထားတဲ့ အသေးစားဒုံးတွေနဲ့ ချေမှုန်းပစ်လိုက်တယ်။
ဖရီးဂိတ်တစ်စီးက ဖရာလီတာရဲ့ရှေ့တည့်တည့်မှာ ရောက်နေတယ်။ ရန်သူ့ဖရီးဂိတ်ဖြစ်ပြီး ဖရာလီတာ နယ်ဆင်သင်္ဘောပျံပေါ်က ဆင်းလာကတည်းက ကမ်းခြေဖက်ကို ခုတ်မောင်းပြီး လမ်းပိတ်ပစ်ဖို့ပြင်နေတဲ့ တစ်စင်းဖြစ်ပါတယ်။ အခုဖရီးဂိတ်က ရေတပ်သုံးအတွဲလိုက်ဒုံးတွေကိုပစ်ခတ်ပြီး Archmegaကို တားဆီးဖို့ အတတ်နိုင်ဆုံးကြိုးစားနေတယ်။
ရှေ့မှာပေါ်လာတဲ့ရန်သူကို ဖရာလီတာတုံ့ပြန်တဲ့နည်းကတော့ ချက်ချင်းဖျက်ဆီးပစ်တာပါပဲ။
ဖရာလီတာက အလင်းဒြပ်စင်လောင်ချာနဲ့ ဖရီးဂိတ်ကိုချိန်လိုက်ပြီး အားကုန်ပစ်ခတ်လိုက်တယ်။ အလင်းဒြပ်စင်ဗုံးတွေက ဖရီးဂိတ်ကို ကွန်ချာပုံသဏ္ဍာန် ဖုံးအုပ်သွားပြီး အကြီးအကျယ်ထပေါက်ကွဲတယ်။
ဝုန်း....
သင်္ဘောကြီးတစ်ခုလုံး ပင်လယ်ရေမျက်နှာပြင်ကနေ မြောက်တက်သွားပြီး တစ်စစီကျိုးပဲ့သွားတယ်။ ရေတပ်သားတချို့လည်း မြောက်တက်လာတဲ့သင်္ဘောနဲ့အတူ လေပေါ်ကနေ ပြန်မကျခင် ခြေကားယားလက်ကားယားနဲ့ လွင့်မျောနေပါတယ်။
ဖရာလီတာက အဲဒီလိုလွင့်နေတဲ့ လူတွေထဲက တစ်ယောက်နားကနေ ဖြတ်သွားရတယ်။ အနက်ရောင်ဝါးဖရိန်ရဲ့တောင်ပံက အဲဒီလူကိုဖြတ်တိုက်မိသွားပြီး ခန္ဓာကိုယ်နှစ်ခြမ်းပြတ်သွားတယ်။
လတ်ဆတ်တဲ့သွေးတချို့နဲ့ခန္ဓာကိုယ်အင်္ဂါတချို့က ဝါးဖရိန်ရဲ့စနစ်ကင်မရာကို လာဖုံးတဲ့အတွက် ဖရာလီတာ ထွီခနဲ တံထွေးထွေးလိုက်တယ်။
"ရွံစရာကြီး..." အဲဒီနောက်တော့ ဖရာလီတာက သွေးတွေနဲ့ပေကျံနေတဲ့ ကင်မရာမြင်ကွင်းကို ဆေးကြောဖို့အတွက် ပင်လယ်ရေထဲကို ခဏဆင်းလိုက်ပြီးမှ ပြန်တက်ကာ ကမ်းခြေဆီကို ဆက်သွားပါတယ်။
...
Auster လေယာဥ်အုပ်ရောက်လာခြင်းက အမေရိကန်မြေပြင်တပ်တွေကို အားတက်သွားစေပါတယ်။
ဘယ်ကမှန်းမသိတဲ့ အရုပ်မတွေပျံသန်းရောက်လာပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန်မြေပြင်တပ်သားတွေကြားမှာ စိုးရိမ်မှုတွေမှာ မြင့်တက်လာခဲ့တာတော့အမှန်ပါပဲ။ ဥရောပမဟာမိတ်ဟာ အာရပ်ကို ထိရောက်တဲ့မြေပြင်စစ်ကူမပေးနိုင်ပေမဲ့ ကောင်းကင်ကို စိုးမိုးထားမယ်ဆိုရင် အမေရိကန်တပ်သားတွေရဲ့အကျအဆုံးက သိပ်ကိုများပြားလာတော့မှာပါ။
ဒါပေမဲ့လေနတ်သားတွေလို့ ဆိုစမှတ်ပြုရမယ့် Auster တွေရောက်လာပြီးတဲ့နောက်တော့ သူတို့ရင်ထဲအေးသွားကြပါတယ်။ ပြောင်းလွယ်ပြင်လွယ်ရှိပြီး တိုက်ခိုက်ရေးစွမ်းအားကောင်းတဲ့ Austerတွေဟာ ကမ္ဘာ့နံပါတ်တစ် ဖိုက်တာတွေဖြစ်ပြီးတော့ သမိုင်းတစ်လျှောက် လူတွေတည်ဆောက်ခဲ့သမျှထဲမှာ အင်အားအကြီးဆုံးဖြစ်ပါတယ်။
"ဆာ၊ ရန်သူ့လေတပ်က ပြန်ဆုတ်နေပါတယ်။" Auster လေတပ်က ချက်ချင်းပဲ အရုပ်မတွေရဲ့ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုကို ရှာတွေ့သွားပြီး အထက်ကိုတင်ပြတယ်။ အရုပ်မတွေက ရေဒါမှာမပေါ်ပါဘူး။ Austerတွေတောင်မှာ သူတို့ရဲ့အဆင့်မြင့်လှတဲ့ ညမြင်ကွင်းကြောင့် မြင်ရတာဖြစ်ပါတယ်။
အိမ်ဖြူတော်မှာရှိနေတဲ့ ဂျိုးဝဲလ်ဆင်ကလည်း မျက်ခုံးပင့်လိုက်မိတယ်။ သမ္မတတစ်ယောက်အနေနဲ့ သူဟာစစ်ပွဲတွေကို အနီးကပ်ကွပ်ကဲစရာမလိုပေမဲ့ သူစခဲ့တဲ့ပွဲမလို့ အပြီးသတ်သွားမယ့်ပုံကို မြင်ချင်ပါသေးတယ်။
ဒါကြောင့်မလို့ အခုထိထိုင်စောင့်ကြည့်နေတာပါ။ ဂျိုးဝဲလ်ဆင်ဟာ ကနေဒီ ကျူးဘားအရေးမှာမှားသလိုမမှားရလေအောင် မြေပြင်အခြေအနေကို အမြဲစောင့်ကြည့်နေသူဖြစ်ပါတယ်။
"ရန်သူတွေပြန်ဆုတ်နေတာ ပုံမှန်မဟုတ်ဘူး၊ သူတို့မှာ လှည့်ကွက်တစ်ခုခုရှိလိမ့်မယ်။ သတိထားကြ။" လေတပ်ကိုကွပ်ကဲနေတဲ့ အတွေ့အကြုံရင့်ပိုင်းလော့က အားလုံးကို သတိပေးလိုက်တယ်။ အသာစီးရနေတဲ့ ရန်သူက ပြန်ဆုတ်တာ လုံးဝပုံမှန်မဟုတ်ပါဘူး။
သိပ်မကြာခင်မှာပဲ ကောင်းကင်ကိုဖြတ်ပြီး ပျံသန်းလာနေတဲ့ အနက်ရောင်အရိပ်တစ်ရိပ်ကို ပိုင်းလော့တွေသတိထားမိသွားကြပါပြီ။
"ဆာ၊ အတည်မပြုနိုင်တဲ့အရာတစ်ခု အရှိန်ပြင်းပြင်းနဲ့ လေယာဥ်အုပ်ဆီကို လာနေပါတယ်။" အထက်ကိုသတင်းပို့လိုက်ချိန်မှာပဲ အဲဒီအနက်ရောင်အစက်က ပိုပိုကြီးလာပြီး သူတို့ကိုဖြတ်ကျော်သွားတယ်။ တစ်ချိန်တည်းမှာပဲ အလင်းဒြင်စင်ဗုံးတွေက ကွန်ယက်ကြီးတစ်ခုလိုမျိုး ဖြန့်ကျက်သွားပြီး များစွာသော Auster ယာဥ်တွေကို တစ်ချက်တည်းဖျက်ဆီးပစ်လိုက်ပါတယ်။
"သမ္မတကြီး၊ Auster လေယာဥ်အုပ်နဲ့ အဆက်အသွယ်ပြတ်သွားပါပြီ။" ထိန်းချုပ်ခန်းထဲမှာ ဆက်သွယ်ရေးတာဝန်ယူထားတဲ့ စစ်အရာရှိတစ်ယောက်က သမ္မတကို တိုက်ရိုက်အစီရင်ခံလိုက်တယ်။
ဂျိုးလ်ဝဲလ်ဆင်ကတော့ သူ့နဖူးကိုလက်နဲ့ဖိနှိပ်နေရင်း စကားလုံးတစ်လုံးကို ရေရွတ်လိုက်ပါတယ်။ "Archmega"
....
အာရပ်စော်ဘွားများနိုင်ငံမြို့တော်ဆီ ချီတက်နေတဲ့ အမေရိကန်တပ်ရင်းတစ်ခုက တပ်သားတွေဟာ ခေါင်းမော့ပြီး ကောင်းကင်ပေါ်က Auster လေယာဥ်အုပ်စုကြီး မီးရှူးမီးပန်းလိုမျိုး ပေါက်ကွဲသွားတာကို ကြောင်ကြည့်နေမိကြပါတယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာတင် ဒါဇင်နဲ့ချီတဲ့ Auster 01တွေကို တစ်စုံတစ်ခုက ဖျက်ဆီးသွားခဲ့တာပါ။
သိပ်ကိုမြန်လွန်းလို့ သူတို့တွေ အဲဒီအရာရဲ့ပုံသဏ္ဍာန်ကိုတောင် မမြင်လိုက်ရပါဘူး။
တပ်ရင်းမှူးဘေးနားမှာရှိနေတဲ့ အတွေ့အကြုံနည်းတဲ့ ဗျူဟာမှူးလေးက သက်ပြင်းချလိုက်တယ်။ "ဘာ.. ဘာဖြစ်သွားတာလဲ။ ငါ အိပ်မက်မက်နေတာလား။"
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဒီအဖြစ်အပျက်က အိပ်မက်မဟုတ်ကြောင်း သက်သေတစ်ခု သူတို့ရှေ့ကိုရောက်လာတယ်။ Auster လေယာဥ်ပျက်တစ်ခုက အစိတ်အပိုင်းတွေ သူတို့ပေါ်ကို ကျလာတဲ့အတွက် ကသောင်းကနင်းဖြစ်သွားပြီး လူစုခွဲရှောင်ရတယ်။
သူတို့နဲ့အတူပါလာတဲ့ ဟန်းဘီးသံချပ်ကာကားတစ်စီးကတော့ ကံမကောင်းပါဘူး။ လေယာဥ်အတောင်ပံတစ်ခုက ကားပေါ်ပြုတ်ကျလာပြီး ကားထဲကလူတွေ ပိသေကုန်တယ်။ ဆီတိုင်ကီပါ ပွင့်ထွက်သွားတာကြောင့် မကြာခင်မှာပဲ လေယာဥ်တောင်ပံက မီးစနဲ့ထိမိပြီး ဖုန်းခနဲထပေါက်တယ်။
ပေါက်ကွဲမှုကြောင့် အာရပ်ရဲ့မြေပြင်က သဲထူထူတွေမြောက်တက်လာပြီး တပ်သားတွေရဲ့မျက်လုံးနဲ့ပါးစပ်ထဲကို ဝင်ကုန်တော့တာပေါ့။ တပ်ရင်းမှူးက သူ့ပါးစပ်ထဲက ဖုန်တွေကို ထွေးထုတ်လိုက်ရင်း စိတ်ပျက်ပျက်နဲ့ပြောလိုက်တယ်။
"ငါ့တစ်သက်နဲ့တစ်ကိုယ် Austerယာဥ်ပျဲအုပ်ကြီး ပေါက်ပေါက်ဖောက်သလို အဖောက်ခံရတာ မမြင်ဖူးသေးဘူး။"
ဘုန်း....။
ရုတ်တရက် အနက်ရောင်အရိပ်ကြီးတစ်ခု တပ်ရင်းကြားထဲ ပြုတ်ကျလာတယ်။ သိပ်ကိုကြီးလွန်းလို့ ဖုန်တွေမြောက်တက်လာပြီး ဘာကိုမှကောင်းကောင်းမမြင်ရတော့ဘူး။
တပ်သားတွေအားလုံးက အဲဒီအရာကြီးကျလာတဲ့နေရာကို ကြောင်ကြည့်နေကြတယ်။ ကန္တာရထဲက သဲမှုန်တွေ တဖြည်းဖြည်းရှင်းလင်းလာချိန်မှာတော့ လူနှစ်ရပ်ကျော်မြင့်တဲ့ အနက်ရောင်လူရိပ်ကြီးကို သူတို့စမြင်ရတယ်။
"ဘာ... ဘာကြီးလည်း..."
"ငါတို့အမြင်မှားနေတာလား။" တပ်သားတွေအကုန်လုံး ပွတ်လောရိုက်ကုန်တယ်။ တပ်ရင်းမှူးက မူမမှန်မှုကိုသတိထားမိပြီး အမိန့်ပေးလိုက်တယ်။
"ပစ်... ပစ်ကြ... ကြောင်ကြည့်မနေကြနဲ့၊ အဲဒါရန်သူ။"
တပ်ရင်းမှူးအမိန့်ကြားတာနဲ့ သေချာလေ့ကျင့်ထားတဲ့ တပ်သားတွေက စတင်ပစ်ခတ်ကြတယ်။ သူတို့အားလုံးက ဇီးရိုးချပ်ဝတ်ဝတ်ဆင်ထားပြီး Z08 သေနတ်တွေကို ကိုင်ထားသူတွေပါ။ ဖိအားမြင့်သေနတ်ကျည်သံတွေက လေထုကိုတောင် တုန်ခါသွားစေတယ်။
ထိန်း... ထိန်း... ထိန်း...
ထိန်း... ထိန်း... ထိန်း...
ဒေါင်... ထန်...ဒလန်...
ဒါပေမဲ့ အနက်ရောင်အရာဝတ္ထုကြီးကိုတော့ အဲဒီကျည်တွေက ဖောက်နိုင်ပုံမရဘဲ အဲဒီအစား ပြန်ကန်ထွက်တဲ့အသံတွေသာ ထွက်ပေါ်လာလေရဲ့။
Archmegaထဲမှာရှိနေတဲ့ ဖရာလီတာက အတောင်တွေကို ပြန်ခေါက်လိုက်တယ်။ အဲဒီနောက် သူ့ကိုဝိုင်းပစ်နေတဲ့ တပ်သားအရေအတွက်ကို စရေတွက်တယ်။ ဒါဇင်နဲ့ချီတဲ့ တပ်သားတွေက သူတို့ပစ်ခတ်နေပြီး တပ်ရင်းကတခြားတပ်သားတွေလည်း ပြေးလာနေတယ်။
ပြီးတော့ ဂျက်ဖာဆင်စက်ရုပ်တွေပါ ရောက်လာနေပါပြီ။
"လူသုံးရာကျော်လား... မဆိုးဘူးပဲ။" ဖရာလီတာက ဝတ်စုံကိုထိန်းပြီး ဗုံးလောင်ချာကို မြှောက်လိုက်တယ်။ အလင်းဒြပ်စင်ဗုံးတွေက အနားမှာရှိသမျှ စစ်သည်တွေနဲ့စက်ရုပ်တွေအားလုံးကို တစ်စစီချေမှုန်းပစ်လိုက်တယ်။
စက္ကန့်အနည်းငယ်ကြာပြီးနောက်တော့ အနက်ရောင်ဝါးဖရိန်က သွေးတွေနဲ့စွန်းထွန်းနေတဲ့ သဲမြေပေါ်မှာ လျှောက်လှမ်းနေရပါပြီ။
"ပြေး... ပြေးကြတော့... ဒါကြီးက လုံးမကောင်းဆိုးဝါးကြီးပဲ။" တပ်သားတချို့က Archmegaကို မတိုက်ရဲတော့ဘဲ ထွက်ပြေးတယ်။ ဒါပေမဲ့ အနက်ရောင်ဝါးဖရိန်ကြီးက လက်ကိုမြှောက်လိုက်ပြီး ပြေးနေတဲ့လူအုပ်ထဲကိုဒုံးတွေနဲ့ စတင်ပစ်ခတ်တယ်။
လူသားခန္ဓာကိုယ်အပိုင်းအစတွေက လေထဲမှာမြောက်တက်နေပြီး သွေးတွေက အနက်ရောင်ဝါးဖရိန်ကြီးတစ်ခုလုံးမှာ စွန်းထင်းနေတဲ့အတွက် ကန္တာရမကောင်းဆိုးဝါးတစ်ကောင် သောင်းကျန်းနေသလိုမျိုးထင်ရတယ်။
ဖရာလီတာက တိုက်ခိုက်နေတာကို ရပ်လိုက်ပြီးတစ်နေရာကို လှမ်းကြည့်လိုက်တယ်။ ကြည့်ရတာဆိုးတဲ့ ဂဏန်းပုံစံစက်ရုပ်တစ်ရုပ်က သူ့ဆီကိုပြေးလာနေတယ်။ ဖရာလီတာက လက်ထဲက အလင်းဒြပ်စင်အမြောက်နဲ့ လှမ်းချိန်ပြီး ပစ်ခတ်လိုက်တယ်။
ထိန်း...
ဒါပေမဲ့ ဂဏန်းစက်ရုပ်က အသိဉာဏ်ရှိရှိ ရှောင်ထွက်သွားပြီး တိုက်ချင်းပစ်ဒုံးတွေနဲ့ ပြန်ပစ်တယ်။ တိုက်ချင်းပစ်ဒုံးတွေကနေ ထွက်ပေါ်လာတဲ့ မီးခိုးတန်းတွေကြောင့် ဝတ်စုံထဲမှာရှိနေတဲ့ ဖရာလီတာက ခရက်ဇီလာကိုမမြင်နိုင်တော့တဲ့အတွက် အပူလိုင်းအမြင်ကို ဖွင့်လိုက်ရတယ်။
တစ်ချိန်တည်းမှာပဲ ဖရာလီတာက Archmegaမှာပါတဲ့ ဒုံးတွေနဲ့ပြန်ပစ်တယ်။ နှစ်ဖက်ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေက လေထုထဲမှာတင် ရင်ဆိုင်မိပြီး ပေါက်ကွဲကုန်ပါတယ်။
ဖရာလီတာက ဒုံးတွေကို ပစ်ခတ်ပြီးနောက် ခရက်ဇီလာအသင့်မဖြစ်သေးခင် Archmegaကိုထိန်းကာ ပြေးဝင်သွားတယ်။ တစ်ချိန်တည်းမှာပဲ အလင်းဗုံးတွေနဲ့ဆက်ပစ်တယ်။
ဒိန်း...
ခရက်ဇီလာက ဆက်တိုက်ရှောင်နေသေးပေမဲ့ တစ်ချက်ကတော့ ခေါင်းပိုင်းကို ထိမှန်သွားတယ်။ ဒါပေမဲ့ ခရက်ဇီလာက ပျက်စီးမသွားဘဲ နည်းနည်းပိန်သွားရုံပဲရှိတာကြောင့် ဖရာလီတာက မျက်ခုံးပင့်လိုက်တယ်။
"ကောင်းလိုက်တဲ့ခံနိုင်ရည်၊ ဒီတော့ နင့်ကို တကယ်အတည်တိုက်ပြီး ဖျက်ဆီးမှရမယ်ပေါ့။"