အင်အားစုသစ်အတွက် အစီအစဥ်
Vol. 5 Ch. 32
ဖရာလီတာက ခရက်ဇီလာဆီကို ပြေးတက်သွားပြီး ရှေ့ပိုင်းကို ခြေထောက်နဲ့ပြေးကန်တယ်။ အလေးချိန်ကြောင့် ခရက်ဇီလာရဲ့ခြေထောက်တွေ ညွှတ်ကျသွားတယ်။
ဖရာလီတာရဲ့အကြံက စက်ရုပ်ကို အလင်းဗုံးနဲ့တည့်ပစ်ဖို့။ ဒါပေမဲ့ အကြံက ထင်ထားသလိုဖြစ်မလာဘူး။ သူသတိမထားမိခင်မှာပဲ စက်လက်တံကြီးတွေက အမြန်လှုပ်ရှားလာနေပြီ။
ကျွီ...
"သေစမ်း..." ခရက်ဇီလာတွေက တကယ်ပဲမာကျောပြီး အန္တရာယ်များပါတယ်။ သတိမမူဘဲ ဝင်လာတဲ့ ဝါးဖရိန်ကို ခရက်ဇီလာရဲ့လက်မကြီးက လက်မောင်းနဲ့ခါးကိုတစ်သားတည်း ဆွဲညှပ်ပစ်လိုက်တယ်။ ဗုံးလောင်ချာပါ ညပ်နေလို့ အမြောက်နဲ့မပစ်နိုင်သေးဘူး။
ခရပ်ဇီလာက ဝါးဖရိန်ကို ဆွဲမြှောက်တယ်။ မီးမှုတ်တဲ့ပြွန်လည်း စပြီးလှုပ်ရှားလာတယ်။
"မကောင်းတော့ဘူး..." ဖရာလီတာက ခရက်ဇီလာတွေရဲ့တည်ရှိမှုကို စပိုင်သတင်းတွေကနေ ကြားခဲ့ပေမဲ့ တိကျတဲ့ စွမ်းဆောင်ရည်တွေကိုတော့ သိမထားသေးဘူး။
အစောပိုင်းက အရုပ်မတွေနဲ့လည်း တိုက်ခိုက်ကြည့်ဖူးပေမဲ့ အရုပ်မတွေက ခရက်ဇီလာရဲ့တကယ့်ခွန်အားကို ဆွဲထုတ်နိုင်တဲ့အထိ အားမကောင်းသေးပါဘူး။ ဒီတော့ ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်တဲ့အခါမှာ အခက်အခဲနဲ့ ကြုံရတာ ပုံမှန်ပါပဲ။
ရှီး...
ငရဲမီးတန်းကြီးက ပြွန်ဝကနေ ထွက်လာနေပြီ။ ဒါပေမဲ့ ဖရာလီတာကို ဒီလောက်နဲ့အနိုင်ယူဖို့တော့ ဝေးပါသေးတယ်။ ဖရာလီတာက ကျောက ဂျက်အင်ဂျင်ကိုသုံးပြီး ရုန်းထွက်လိုက်တယ်။ ကဏန်းညှပ်က အတော်ခိုင်ပြီး ဖရာလီတာအလုံးစုံတော့ ရုန်းထွက်လို့မရခဲ့ပေမဲ့ ရှိနေတဲ့နေရာကနေ ဘေးကိုနည်းနည်းရွေ့တယ်။ မီးတန်းက ဝါးဖရိန်ဘေးကနေ ဖြတ်သန်းသွားတယ်။
ဝါးဖရိန်ရဲ့သတ္တုတွေဟာ အပူချိန်ကြောင့် နီရဲလာတယ်။တိုက်ရိုက်ထိတာမဟုတ်သေးဘူး။ ဖရာလီတာကိုယ်တိုင်လည်း မြင့်တက်လာတဲ့ ဝတ်စုံအပူချိန်ကြောင့် ချွေးပံနေပြီ။
"ဒီတိုင်းဆိုမဖြစ်သေးဘူး။" ပထမတစ်ကြိမ် ငရဲမီးတန်းကို ရှောင်လိုက်နိုင်ပေမဲ့ ဖရာလီတာ စိတ်မအေးနိုင်သေးဘူး။ မီးတန်းပြွန်က သူ့ကိုလိုက်ချိန်နေပြီး ဆက်တိုက်ပစ်ဖို့ အသင့်ဖြစ်နေပြီးသား။ တစ်ကြိမ်မဟုတ်တစ်ကြိမ်မှာ တိုက်ရိုက်ထိသွားမှာပဲ။ ဒီတော့ ရုန်းထွက်ဖို့ နည်းလမ်းရှာရမယ်။
"ကြည့်ရသေးတာပေါ့။" ဖရာလီတာက ဂျက်အင်ဂျင်ကိုနောက်တစ်ခါကစားလိုက်တယ်။ ဒီတစ်ခါတော့ ကိုယ်ကိုဘယ်ဖက် လေးဆယ့်ငါးဒီဂရီစောင်းပြီး ဂျက်အားကုန်ဖွင့်တယ်။ ဝါးဖရိန်ရဲ့အလေးချိန်နဲ့ ဂျက်အင်ဂျင်ရဲ့အားတို့ဆွဲတဲ့ဖက်ပါသွားပြီးနောက် ခရက်ဇီလာအခြေပျက်သွားပြီ။
အခုသဲကန္တရထဲမှာ ဝါးဖရိန်ဟာ ခရက်ဇီလာကိုဗဟိုပြုပြီး ချားရဟတ်ကြီးလည်သလိုလည်နေတယ်။ ခရက်ဇီလာက မီးတန်းတွေနဲ့ ဆက်တိုက်ပစ်နေပေမဲ့ တစ်ချက်မှမထိသေးဘူး။ ပြောရရင် ပထမပစ်ချက်ထက်တောင် ပိုဆိုးသေးတယ်။ ပထမတစ်ကြိမ်ကမှ ပခုံးနားက ဖြတ်သွားသေးတယ်။ အခုပစ်ချက်တွေက လုံးဝလွဲကုန်ပြီ။
ဂျစ်... .အိ...အိ... အိ..
ဖရာလီတာက ကြိုးစားပြီးအတောင်ကိုဖွင့်ကြည့်တယ်။ အတောင်က ပွင့်လာပေမဲ့ ခရက်ဇီလာရဲ့ကဏန်းလက်မကြောင့် အပြည့်ပွင့်မလာဘူး။ ဝါးဖရိန်ကိုချုပ်ထားတဲ့လက်က နဂိုထက်နည်းနည်းလေးတော့ လျော့သွားတယ်။
"ဟုတ်ပြီ... " ဖရာလီတာလိုချင်တာကလည်း ဒီအခွင့်အရေးပါပဲ။ ဗုံးလောင်ချာကို ပြန်လှုပ်ရှားလို့ရပြီ။ ထင်သလောက်တော့မဟုတ်ပေမဲ့ ခရက်ဇီလာရဲ့ခြေထောက်တစ်ဖက်ကို ပစ်ချိုးဖို့တော့ လုံလောက်တယ်။
ထိန်း.... ဘောင်း....
အလင်းဗုံးပေါက်ကွဲသံနဲ့အတူ ခရက်ဇီလာရဲ့ခြေပွင့်ထွက်သွားပြီး သတ္တုအစအနတွေ အရပ်ရှစ်မျက်နှာကို လွင့်စင်သွားတယ်။ အပိုင်းအစတချို့ ဝါးဖရိန်ကိုလာစင်ပေမဲ့ သိပ်သက်ရောက်မှုမရှိဘူး။
ဝါးဖရိန်ထဲက ဖရာလီတာရဲ့အမြင်လည်း ကမောက်ကမဖြစ်သွားတယ်။ အကြောင်းကတော့ ခြေတစ်ဖက်ပြုတ်သွားတဲ့ အကျိုးဆက်အနေနဲ့ရော ချာလည်လည်နေခဲ့တဲ့အတွက်ရော ခရက်ဇီလာဟာ လုံးဝရပ်တည်နိုင်စွမ်းမရှိတော့ဘဲ မြေပေါ်ကိုအရှက်ရစွာ ပြိုလဲသွားလို့ဖြစ်တယ်။
ရှီး... ဖောက်... ဖောက်... ဖောက်....
အမေရိကန်စစ်တပ်က ခရက်ဇီလာရဲ့ဉာဏ်ရည်တုကို ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်ရမလဲ လေ့ကျင့်ပေးထားရသေးပုံမပေါ်ဘူး။ စက်ရုပ်က မှတ်တမ်းတင်ထားတဲ့ သတိပေးစကားတွေပြောနေပြီး သဲမြေပြင်ကိုချည်း မီးတန်းနဲ့ဆက်ပစ်နေတယ်။ နောက်တော့ သဲပြင်ကသဲတွေ မြင့်မားတဲ့အပူချိန်ပြောင်းလဲမှုကြောင့် ထပေါက်ကုန်ပြီး တချို့ဆို ဖန်စတွေဖြစ်ကုန်တယ်။
ကျွီ...ကျွီ... အိ..
ဖရာလီတာကတော့ ရလာတဲ့အချိန်ကို မဖြုန်းပစ်ပါဘူး။ စက်ရုပ်က သူ့ကိုပြန်အာရုံမစိုက်နိုင်သေးခင် ဝါးဖရိန်ရဲ့လက်မောင်းအားကိုပါသုံးပြီး စရုန်းတယ်။ Archmegaက သန်မာတဲ့စက်ရုပ်တစ်ရုပ်ပါ။ ခရက်ဇီလာရဲ့ကဏန်းလက်မတွေက သူ့ကိုတင်းတင်းကျပ်ကျပ်ချုပ်ထားပေမဲ့ အောင်အောင်မြင်မြင်နဲ့ဆွဲဟနိုင်ခဲ့တယ်။
နောက်တော့ ဖရာလီတာက ဂျက်အင်ဂျင်ကိုသုံးကာ ခုန်ထွက်လိုက်ပြီး ခရက်ဇီလာရဲ့အဓိကသံချပ်ကာလွတ်ရာနေရာတစ်ခုကို တေ့ပစ်တယ်။
ထိန်း... ထိန်း... ထိန်း....
ပထမနှစ်ချက်ကိုတော့ ခရက်ဇီလာက ကောင်းကောင်းခံနိုင်ရည်ရှိခဲ့ပါတယ်။ ဒါပေမဲ့ တတိယတစ်ချက်ကိုတော့မခံနိုင်တော့ဘဲ ထပေါက်ကွဲတယ်။ အတွင်းမှာ ဓာတ်ပြုလွယ်တဲ့ ဓာတုအရည်တွေပါ သိုလှောင်ထားတဲ့အတွက် အကြီးကြီးထပေါက်ကွဲတာကြောင့် ဖရာလီတာပါ အမြန်နောက်ဆုတ်ပြေးရတယ်။
ဘုန်း....။
မြို့တော်ကနေပါမြင်နိုင်တဲ့မြင် မီးတောက်ကြီးတစ်ခု မြို့ပြင်သဲသောင်ပြင်မှာ ဖြစ်ပေါ်လာတယ်။ ဝါးဖရိန်က လောင်ချာကြီးကို ပခုံးပေါ်ထမ်းထားရင်း မီးတောက်တွေငြိမ်းသွားတာကို စောင့်ကြည့်နေတယ်။
ဖရာလီတာကတော့ ခေါင်းညိတ်လိုက်တယ်။ "ဘက်စုံသုံးဖို့ အတော်ကောင်းတဲ့စက်ရုပ်ပဲ။"
ဖရာလီတာက မက်ဒါနာလိုပဲ စက်ရုပ်တည်ဆောက်တဲ့ပညာကို တတ်မြောက်တဲ့ နည်းပညာမြူတန့်ပါ။ ဒါကြောင့် အခုလိုစက်ရုပ်တစ်ရုပ်ကို သူတို့နဲ့တူညီတဲ့ ဉာဏ်ပညာမရှိဘဲ မဖန်တီးနိုင်ကြောင်း သိနေတယ်။ ပြီးတော့ ခရက်ဇီလာတွေက ခံစစ်ရောတိုက်စစ်ပါမျှတတဲ့ ကြောက်စရာအကောင်းဆုံး စက်ရုပ်တွေပါ။
ဖရာလီတာက ဝါးဖရိန်ကိုထိန်းပြီး စက်ရုပ်နဲ့ဆန့်ကျင်ဖက်ကို လှည့်လိုက်တယ်။
ချောက်.... ချောက်.... ချောက်...
စက်ရုက်ဆန်ပြီး ညီညာတဲ့ခြေသံတွေကို သူကြားနေရလို့ပါ။ ပြီးတော့ ဝါးဖရိန်ရေဒါမှာလည်း သူ့နားကို ရန်သူတွေ ချဥ်းကပ်လာနေကြောင်း ဖော်ပြနေပါတယ်။
"နောက်ထပ် ခရက်ဇီလာငါးရုပ်နဲ့ လက်ကျန်တပ်ဖွဲ့တွေလား။ ပွဲကတော့ ကြမ်းတော့မှာပဲ။"
ဖရာလီတာဆီကိုဦးတည်ပြီး အမေရိကန်စစ်တပ်ကြီးတစ်ခုလုံး ချီတက်လာနေတယ်။ လွန်ခဲ့တဲ့စက္ကန့်အနည်းငယ်တုန်းက ချီတက်နေတဲ့စစ်ကြောင်းဆီကို သမ္မတဆီကနေ တိုက်ရိုက်အမိန့်ကျလာခဲ့ပါတယ်။ တကယ်တော့ စစ်ဦးစီးဗိုလ်ချုပ်ရဲ့အမိန့်လို့ တရားဝင်အကြောင်းကြားပေမဲ့ သမ္မတရဲ့နှုတ်မိန့်ဖြစ်မှန်း သူတို့အားလုံး သိကြပါတယ်။
"Archmegaကို အရင်ဖျက်ဆီး၊ ပြီးမှမြို့ကိုသိမ်း။" ဆိုတာပါပဲ။
ဝါးဖရိန်ထဲမှာရှိနေတဲ့ ဖရာလီတာက သူ့ဆီကိုချီတက်လာနေတဲ့ စစ်ကြောင်းကြီးတစ်ခုလုံးကို ခြုံပြီးကြည့်ပါတယ်။ ခရက်ဇီလာငါးရုပ်က ရှေ့ဆုံးကဖြစ်ပြီး မြန်တဲ့ ဟမ်းဘီးတွေကတော့ သူတို့နောက်ကပါ။ တင့်တွေနဲ့ ဂျက်ဖာဆင်တွေကတော့ နောက်ဆုံးကနေ ဇီးရိုးချပ်ဝတ်တပ်သားတွေနဲ့အတူ ပါလာတယ်။ တွက်ချက်လို့ရတဲ့ အရေအတွက်ကတော့ စစ်သည်ငါးထောင်လောက်နဲ့ ကျန်ရှိသမျှ ဂျက်ဖာဆင်တွေခရက်ဇီလာတွေအကုန်ပါ။ ပြောရရင်တော့ အမေရိကန်စစ်တပ်ရဲ့အဓိကအင်အားအကုန်လုံးပေါင်းစည်းထားတဲ့ လက်ရွေးစင်တပ်ဖွဲ့ပါ။
ကျန်တဲ့တပ်တွေက တခြားနေရာတွေကို ဂရုစိုက်နေတာလည်းဖြစ်နိုင်သလို ခုမှလာနေဆဲဖြစ်ပြီး မရောက်သေးတာလည်း ဖြစ်နိုင်ပါတယ်။
နောက်ဆုံးတော့ ဖရာလီတာက ပြုံးလိုက်ပြီး အင်တာကွန်းကို ဖွင့်ကာပြောလိုက်တယ်။ "စစ်တပ်ကြီးတစ်ခုလုံးက ငါတစ်ယောက်တည်းကို ရင်ဆိုင်ဖို့လာတယ်ဆိုတော့ ဂုဏ်ယူရမယ့်ကိစ္စတစ်ခုပဲ။ ဒါပေမဲ့ နင်တို့မှာ သိသာတဲ့ အားနည်းချက်တစ်ခုရှိနေတာသိလား...."
ဇီးရိုးချပ်ဝတ်တပ်သားတချို့က S rank တစ်ယောက်ကို တိုက်ရမှာဖြစ်လို့ နည်းနည်းရှိန်နေကြတဲ့အတွက် သူတို့ခြေလှမ်းတွေရပ်သွားတယ်။ စက်ရုပ်တွေကတော့ ဖရာလီတာရဲ့စကားကို နားမထောင်ဘဲ ချီတက်နေကြဆဲပါ။
ဖရာလီတာက စကားကိုဆက်တယ်။ "လက်ရွေးစင်တပ်ဖွဲ့ ပျက်စီးသွားပြီဆိုတာနဲ့ ကျန်တဲ့လူတွေမှာ အခွင့်အရေးမရှိတော့ဘူး။"
[Ulitmate Skill: Dragon Blast]
ဖရာလီတာရဲ့ရင်ဘတ်ချပ်ဝတ်က ပွင့်လာပြီး ဝါးဖရိန်ရဲ့Coreပေါ်လာတယ်။ အလင်းဒြပ်စင်မှုန်တွေက အဲဒီ Coreမှာ လာရောက်စုစည်းကြပြီး တဖြည်းဖြည်းအရှိန်ပြင်းလာတယ်။ နောက်တော့ အပြာရောင်လေဆာတန်းတစ်ခုက ဝါးဖရိန်ဆီကနေ ထွက်ပေါ်လာပြီး အမေရိကန်စစ်တပ်ဆီကို တိုးဝင်သွားတယ်။
.... ဘာအသံမှထွက်မလာဘူး။
ဒါပေမဲ့ အလင်းတန်းကျဆင်းရာမှာရှိနေတဲ့ စက်ရုပ်တွေ၊ တင့်တွေ၊ လူသားတွေအကုန်လုံး ချက်ချင်းတစ်စစီဖြစ်သွားပြီး ပြာမှုန်တောင်မကျန်ခဲ့ဘူး။ ဝါရင့်တပ်သားတချို့ကတော့ သတိဝင်လာပြီး မြေပြင်ပေါ်ကို မှောက်ချတယ်။
"ပြီးမှငိုပြီးမပြေးကြနဲ့နော်..." ဖရာလီတာက အင်တာကွန်းကို မပိတ်ဘဲပြောလိုက်ရင်း လေဆာတန်းရွှေ့ရင်း အဓိကပစ်မှတ်တွေဆီ လိုက်ပစ်တယ်။
ဘုန်း... ဘောင်း... ဘန်း....
ခရက်ဇီလာတွေက အလင်းတန်းကို စက္ကန့်ဝက်လောက်ခုခံနိုင်ပေမဲ့ သိပ်မကြာခင်မှာပဲ အပူချိန်မြင့်တက်လာတဲ့အတွက်က အတွင်းကဓာတုရည်တွေထပွင့်ကုန်တယ်။ ဂျက်ဖာဆင်တွေကတော့ နည်းနည်းလေးတောင် တောင့်မခံနိုင်ဘဲ ချက်ချင်းအရည်ပျော်ကုန်ပါတယ်။ လူတွေကတော့ အော်ချိန်တောင်မရလိုက်ဘူး။
"တော်လောက်ပြီ။" ဖရာလီတာက ဂျက်ဖာဆင်အများစုနဲ့ ခရက်ဇီလာတွေကို ဖျက်ဆီးပြီးနောက် လေဆာတန်းကို ရပ်လိုက်တယ်။ Archmegaရဲ့စွမ်းအင်ပြညွန်းကိန်းက လေဆာတန်းဖွင့်ထားချိန်မှာ အလျင်အမြန်ကျဆင်းနေခဲ့တာဖြစ်ပြီး စက္ကန့်သုံးဆယ်လောက်အတွင်းမှာပဲ နှစ်ဆယ်ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်။
လေဆာတန်းမထုတ်ခင်တုန်းက ခုနစ်ဆယ်ကျော်နီးပါးရှိနေတာမလို့ အတော်စွမ်းအင်စားတယ်လို့ ပြောရမယ်။
"ကဲ... မသေသေးတဲ့သူတွေ၊ အခုပြေးရင် မီသေးတယ်နော်။" ဖရာလီတာက မြေပေါ်မှာ ပြားပြားဝပ်နေပြီးရှင်ကျန်ခဲ့တဲ့ စစ်သားတစ်ခုကို လှောင်သံပါပါနဲ့ပြောလိုက်တယ်။
"ပြေး...." နောက်တော့ ဘယ်သူစအော်တယ်မသိဘူး။ အဲဒီအော်သံ ထွက်ပေါ်လာပြီးတာနဲ့ ဖရာလီတာနဲ့ဆန့်ကျင်ဖက်ကို အားလုံးထပြေးကြတယ်။ ပြန်ရောက်ရင် အထက်လူကြီးအပြစ်ပေးမှာ ဘာညာလည်း ဂရုမစိုက်နိုင်ဘူး။ အကုန်ရုပ်ပျက်ဆင်းပျက်ပဲ။
ဖရာလီတာကတော့ သူတို့ပိုကြောက်သွားအောင်လို့ နောက်ကနေ ဒုံးကျည်တွေဘာတွေနဲ့ပစ်သေးပေမဲ့ အလင်းဗုံးလောင်ချာတောင် မသုံးတော့ဘူး။ အားကုန်မှာစိုးလို့လေ။
သိပ်မကြာခင်မှာပဲ ကောင်းကင်ပေါ်မှာ နယ်ဆင်သင်္ဘောပျံပေါ်လာပြီး ဖရာလီတာအတွက် တံခါးဖွင့်ပေးတယ်။ Archmegaက အနည်းငယ်ပုံပျက်နေတဲ့အတောင်ကိုဖွင့်ကာ ပျံတက်လိုက်ပြီး သင်္ဘောထဲကိုဝင်တယ်။
Archmega သင်္ဘောထဲရောက်ပြီးတဲ့နောက်တော့ သင်္ဘောပျံကြီးက ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုးကိုယ်ပျောက်သွားတော့တယ်။
...
ဝါးဖရိန်ကို နေရာတကျ ပြန်ထားခဲ့ပြီးနောက် ဖရာလီတာက ထိန်းချုပ်ခန်းထဲ ပြန်ဝင်လာတယ်။ မင်းသမီးလီလီယာက ဉာဏ်ရည်တုနဲ့ ဂြိုဟ်တုပုံရိပ်တွေကနေတစ်ဆင့် အမေရိကန်တပ်တွေပြန်ဆုတ်နေတာကို ကြည့်နေပါတယ်။ ပြီးတော့ သူ့လက်ထဲမှာ ဖုန်းတစ်လုံးကိုင်ထားပြီး သတင်းလည်းဖတ်နေသေးတယ်။
ဖရာလီတာလည်း သူ့ရောက်လာတာမသိတဲ့ မင်းသမီးကို ချောင်းဟန့်လိုက်တယ်။ "အဟမ်း... မင်းသမီးလေး၊ စစ်ပွဲပြီးသွားပြီလေ။"
လီလီယာက ဖရာလီတာကို လှည့်ကြည့်လိုက်တယ်။ အဲဒီနောက် ရုတ်တရက်ခုန်ထွက်လာပြီး ဖရာလီတာကို ရင်ခွင်ထဲပစ်ထည့်လိုက်တယ်။ "အဟားဟား၊ ငါ့ရဲ့အသေးမလေးပြန်လာပြီပေါ့။ တော်လိုက်တာ၊ နင်ကြောင့် ဟိုလူတွေ ခွေးပြေးဝက်ပြေးပြေးရတာလောက် အားရတာမရှိဘူး။"
"ဟဲ့သဲ့... လီလီယာ... နင့်ကိုယ်နင်သတိထားပြီးထိန်းဦး၊ နင့်ကြောင့် ငါမွန်းပြီးသေတော့မယ်ဟဲ့။" အခုဖရာလီတာကို လီလီယာက တင်းတင်းကျပ်ကျပ်ဖက်ထားပြီး လီလီယာကိုယ်ထဲမှာ အသေးမလေးနစ်ဝင်နေပြီ။
နောက်ဆုံးတော့ ဖရာလီတာက လီလီယာရဲ့ခြေခုံကို ဒေါက်ဖိနပ်နဲ့နင်းလိုက်မှ ပြန်သတိဝင်လာပြီး အသေးမလေး လွတ်လပ်ရေးပြန်ရတော့တယ်။ အခုဖရာလီတာက လီလီယာကိုစိတ်ကောက်နေပြီး ထိန်းချုပ်ခန်းခုံပေါ်မှာထိုင်နေပါတယ်။ လီလီယာကတော့ ဖရာလီတာရဲ့ပါးကို ဘေးကနေ လက်ချောင်းလေးနဲ့ထိုးကြည့်ရင်း ပြောလိုက်တယ်။
"ဖရာလီတာ... ငါက နင့်ကိုနည်းနည်းလေးကစားမိတာပါဆို..."
"ဆင်ကျီစားရာ ဆိတ်မခံနိုင်ဘူးဟဲ့။" အဲဒီစကားကိုကြားတော့ လီလီယာရဲ့မျက်နှာက ချက်ချင်းမက်မွန်သီးရတဲ့မျောက်လိုဖြစ်သွားပြီး သူ့ဖုန်းထဲမှာ ဖတ်လက်စသတင်းကို ဖရာလီတာကိုပြလိုက်တယ်။
"ဟေး၊ ဖရာလီတာရေ။ နင်ဒီသတင်းကြည့်ပြီးပြီလား။ အယ်ကာလိုင်း လွန်ခဲ့တဲ့နှစ်နာရီလောက်က တင်ထားတဲ့ရုပ်သံလေ။ ဆုဗာနာကို ဘယ်ကမှန်းမသိတဲ့ S rank တစ်ယောက် လာကူပေးတယ်တဲ့။ ရုပ်သံတည်းဖြတ်နေရလို့ အတင်နောက်ကျနေတာဆိုလား။"
လီလီယာဖတ်နေတဲ့ သတင်းဆောင်းပါးမှာ ဗီဒီယိုတစ်ခုလည်းပါတယ်။ စျေးပေါပေါကင်မရာနဲ့ တအားမြင်ကွင်းချဲ့ရိုက်ထားတာမလို့ တော်တော်လေးကိုဝါးပြီး ရုပ်သံမပြတ်သားဘူး။ ဒါပေမဲ့ လျှပ်စီးတန်းတွေနဲ့ အနက်ရောင်အရိပ်ကြီး တိုက်ခိုက်နေတာတွေတော့ မြင်ရတယ်။
"ဆုဗာနာမှာ အဲဒီလိုမိတ်ဆွေမျိုးရှိတယ်လို့ ငါမကြားဖူးဘူး။ နင်သိတဲ့တစ်ယောက်ယောက်လား။ ငါနဲ့မိတ်ဆက်ပေးပါလား။" လီလီယာက ပြောလိုက်ပေမဲ့ ဖရာလီတာကတော့ ပြန်အဖြေနိုင်သေးဘဲ ဖုန်းကိုလုပြီး သေချာပြန်ရစ်ကြည့်တယ်။
အကြိမ်ကြိမ်ရစ်ကြည့်ပြီးမှ နည်းနည်းလေးပြတ်သားတဲ့ပုံရိပ်တစ်ခုကို သူရွေးထုတ်နိုင်သွားပြီး အကျယ်ကြီးထအော်တာကြောင့် လီလီယာတောင်လန့်သွားတယ်။
"ဒါ ဟိုမိုးကြိုး.... မိုးကြိုးအမည်းကောင်ပဲ...."
ကြည့်ရတာ ဖရာလီတာမှာ ဖရက်အတွက် လူမသိသူမသိပေးထားတဲ့ နာမည်ပြောင်ရှိပုံပဲ။ ပြီးတော့ ကလေးတစ်ယောက်က လူကြားမကောင်းတဲ့ ခပ်ရိုင်းရိုင်းစကားတွေ ပြောနေတာမလို့ ရုပ်ရှင်သာဆိုရင် သေချာပေါက် ဆင်ဆာဖြတ်ခံရမှာပဲ။
"မဖြစ်ဘူး... မဖြစ်ဘူး... မိုးကြိုးအမည်းကောင်က မက်ဒါနာနားကိုရောက်နေပြီး ယင်လိုတဝီဝီလုပ်နေတယ်ပေါ့။ငါချက်ချင်းလိုက်သွားမှရမယ်၊ အဲဒီယင်မည်းကြီးကို ဒီအတိုင်းလွှတ်ပေးထားရင် ပေါက်ကရတွေဖြစ်ကုန်လိမ့်မယ်။"
နောက်တော့ ဖရာလီတာက သင်္ဘောပျံရဲ့ဉာဏ်ရည်တုနယ်ဆင်ကို အမိန့်ပေးလိုက်တယ်။ "နယ်ဆင်၊ ဟိုတယ်အားပါကင်မှာ နှပ်နေတဲ့အယ်လိုဟင်ကို ဝင်ခေါ်ပြီးရင် ဆုဗာနာကို တန်းသွားမယ်။"
"အမိန့်အတိုင်းပါ မမလေး။" နယ်ဆင်က ပြောပြီးတာနဲ့ သင်္ဘောပျံကို မြို့ရဲ့အကြီးဆုံးဟိုတယ်ရှေ့မှာ ရပ်လိုက်တယ်။ အဲဒီနောက် သင်္ဘောဝမ်းက ပွင့်သွားပြီး UFO ဇာတ်ကားတွေမှာသာ တွေ့ရတတ်တဲ့ အလင်းတန်းတစ်ခုက သင်္ဘောဝမ်းကနေ ကျဆင်းလာတယ်။ ဒါပေမဲ့ ဒါတွေက အလင်းဒြပ်စင်မှုန်တန်းတွေပါ။
...
"သခင်လေးတို့ ပြန်မရောက်လာသေးဘူးလား။ မဟာမိတ်ထဲကိုဝင်ချင်တဲ့ အာရပ်မင်းသားတွေဖိတ်တဲ့ပွဲဆီ ငါတို့သွားရဦးမယ်မဟုတ်ဘူးလား။"
အယ်လိုဟင်ကတော့ ကားထဲမှာ ကိုးဆယ်ခုနစ်က သီချင်းတချို့ကိုဖွင့်ရင်း ဆေးလိပ်တစ်လိပ်ကို မီးညှိဖွာလိုက်တယ်။ ဘဏ္ဍာစိုးတစ်ယောက်အနေနဲ့ သူလုပ်ရတာက ဖရာလီတာကို နည်းနည်းပါးပါးကူရုံပါပဲ။ ဒါပေမဲ့ဒီရက်တွေမှာ ဖရာလီတာက တအားစွမ်းအားကြီးလာတော့ သိပ်ကူစရာမလိုလောက်အောင်ဖြစ်နေပါတယ်။ ဒီတော့ ဘဏ္ဍာစိုးတစ်ယောက်အနေနဲ့ အလေလိုက်မိနေတယ်လို့ ဆိုရမှာပါပဲ။
...
ရုတ်တရက် သူ့ဘေးပတ်ဝန်းကျင်က လင်းကခဲဖြစ်သွားပြီး ကားက ရုတ်တရက်မြောက်တက်လာတယ်။ အယ်လိုဟင်လည်း လန့်သွားတော့တာပေါ့။ ဒါကြောင့် သူ့ဘေးမှာ အသင့်ချထားတဲ့ နည်းပညာချပ်ဝတ်သေတ္တာကိုဖွင့်ပြီး ချပ်ဝတ်ကို အမြန်ဝတ်လိုက်တယ်။
အဲဒီအချိန်မှာတော့ ကားကြီးက လေပေါ်ကို ပေတစ်ရာလောက် မြောက်တက်နေပြီဖြစ်ပြီး မြေပြင်ကလူတွေအကုန်လုံး အထိတ်တလန့်နဲ့ မော့ကြည့်နေကြတယ်။ နောက်တော့ သင်္ဘောကြီးက လူမြင်ကွင်းထဲပေါ်လာပြီး သင်္ဘောဝမ်းက ပွင့်သွားတယ်။
အယ်လိုဟင်နဲ့ကားကတော့ လေထဲမှာတန်းလန်းကြီး။ UFO ဇာတ်ကားတွေထဲက လူတစ်ယောက်ကိုဂြိုဟ်သားတွေ ပြန်ပေးဆွဲသလိုဖြစ်နေတာကြောင့် လူတချို့က ဖုန်းတွေထုတ်ပြီး ဓာတ်ပုံရိုက်ဖို့ပြင်ကြပေမဲ့ ကားက သင်္ဘောဝမ်းထဲရောက်သွားပြီး သင်္ဘောပျံလည်း ကိုယ်ပျံပျောက်သွားတယ်။
....
"....." ရန်သူလာတိုက်တယ်ထင်ပြီး နည်းပညာချပ်ဝတ်ကောက်ဝတ်ထားတဲ့ အယ်လိုဟင်တစ်ယောက် စင်္ကြန်လမ်းပေါ်မှာရပ်နေတဲ့ ဖရာလီတာကိုလည်းမြင်ရော အံ့ဩလွန်းလို့သေတော့မယ်။
"မမလေး၊ ဒီယာဥ်ပျံကြီးကို ဘယ်ကရလာတာလဲ။"
"သေချာပေါက် ငါဆောက်ထားတာပေါ့ဟ။ နင်က ဒါကိုစျေးထဲမှာ ဝယ်လို့ရတဲ့ပစ္စည်းထင်နေတာလား။"
"...." ဘဏ္ဍာစိုးဦးလေးကြီး တစ်ခဏလောက်မှင်သက်သွားတယ်။ ပြီးတော့ ဒေါသအလိပ်လိုက်ထွက်လာပါလေရော။ ဖရာလီတာက သင်္ဘောဆောက်ဖို့ကျ အချိန်ရပြီး သစ္စာရှိလက်အောက်ခံတစ်ယောက်ဖြစ်တဲ့ သူ့ဖို့ကျ ဘာမှလုပ်မပေးဘူးပေါ့။
ဒါပေမဲ့ ဖရာလီတာက လူတစ်ရပ်လောက်ရှိတဲ့ သင်္ဘောကြီးတစ်လုံးဆွဲလာပြီး အယ်လိုဟင်ရှေ့ကို ပစ်ချပေးပါတယ်။ "ဒါကတော့ နင့်ဖို့၊ အလင်းဒြပ်စင်စွမ်းအင်သုံး စနိုက်ပါ။ S rank တစ်ယောက်ကို သတ်နိုင်မယ်လို့ အာမမခံနိုင်ပေမဲ့ မောင်းပြန်အားတအားပြင်းပြီး ကျည်ရဲ့ဖောက်ထွင်းနိုင်စွမ်းက ထိပ်တန်းပဲ။ သေချာပေါက် နင်တစ်ယောက်ပဲသုံးနိုင်မှာ။"
အယ်လိုဟင် သေတ္တာကိုဖွင့်ကြည့်တော့ အထဲမှာနည်းပညာမြင့် ငွေရောင်စနိုက်ပါရိုင်ဖယ်တစ်လက်ရှိနေပြီး အတော်လှပတယ်။
ဖရာလီတာက စကားပြန်စလိုက်ပြန်တယ်။ "တကယ်တော့ ငါတို့အမိန့်တော်အဖွဲ့မှာ အရေးတကြီးလုပ်ဆောင်ရမယ့် တာဝန်တစ်ခုရှိနေပြီ။ အဲဒါကတော့ လက်ရှိဖြစ်နေတဲ့ မဟာမိတ်သုံးခုအခြေအနေကို အမြန်အဆုံးသတ်ပြီး ကမ္ဘာအဆင့်အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းဖို့ပဲ။ ဒါမှပြင်ပကျူးကျော်သူတွေရောက်လာရင် ငါတို့အသင့်ခုခံနိုင်မှာ။"
တကယ်တော့ လက်ရှိဖရာလီတာတို့မှာရှိနေတဲ့ အင်အားက ကျန်မဟာမိတ်နှစ်ခုကို ကြောက်စရာမလိုပါဘူး။ ဥရောပမဟာမိတ်ကတော့ သူတို့မိတ်ဆွေဖြစ်တဲ့အတွက် ထည့်တွက်စရာမလိုသေးဘူး။ သူတို့မှာ ဦးဆောင်မယ့်သူတစ်ယောက်နဲ့ အဖွဲ့အစည်းတစ်ခု ရှိမနေရုံပါပဲ။ ဒီလိုအားကောင်းတဲ့ အဖွဲ့စည်းတစ်ခုအမှန်တကယ်ပေါ်လာခဲ့ရင် အခုဖြစ်နေတဲ့ တတိယကမ္ဘာစစ်ဆန်ဆန် တိုက်ပွဲတွေလည်း အဆုံးသတ်သွားလိမ့်မယ်။
ဖရာလီတာက ဆက်ပြောလိုက်တယ်။ "လွန်ခဲ့တဲ့ နှစ်ငါးဆယ်က The Great 47 ပေါ်လာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ယူပေးခဲ့တယ်။ အခုကတော့ ငါတို့ရဲ့အချိန်ရောက်ပြီလို့ထင်တာပဲ။"
"ငါကိုယ်တိုင်ရယ်၊ မက်ဒါနာရယ်၊ အေမီရယ်နဲ့တင် ငါတို့အဖွဲ့အစည်းမှာ S rank သုံးယောက်ရှိနေပြီးပြီ။ ကိုင်းတိုနဲ့ဥစာကီကိုသာ မဟာမိတ်ထဲဝင်အောင် စည်းရုံးနိုင်ခဲ့ရင် S rank ငါးယောက်အထိရှိလာလိမ့်မယ်။ ဒါဆိုရင်ငါတို့အင်အားက မြူတန့်သိပ္ပံအဖွဲ့ရဲ့အင်အားအကြီးဆုံး အချိန် ဒါမှမဟုတ် အဲဒီထက်ပိုအားကောင်းသွားလိမ့်မယ်။ ဒါပေါ့၊ နတ်ဘုရားအသံအဖွဲ့က ဘာကြံနေလဲဆိုတာ မသိတော့ သူတို့ကိုမဟာမိတ်လို့ ယူဆလို့မရသေးဘူး။ ဒီတော့ ငါတို့တွေဖြည်းဖြည်းချင်း ယုံကြည်ရမယ့် အင်အားစုတစ်ခုကို တည်ဆောက်ဖို့လုပ်ရမယ်။"
အယ်လိုဟင်ကတော့ ဖရာလီတာရဲ့စကားကို နားထောင်ရင်း ပြန်ထောက်ပြလိုက်ပါတယ်။ "ဒါပေမဲ့ အခုလျှောက်သွားချင်တိုင်းသွားနေတဲ့ သားရဲကြီးတွေကိုရော ဘယ်လိုလုပ်မလဲ။ အင်အားစုသစ်ရဲ့အစီအစဥ်ထဲမှာ သူတို့ရောပါလား။"
ဖရာလီတာက ခေါင်းညိတ်ပြလိုက်ပြီ။ "ပါတယ်၊ ငါတို့ရဲ့နောက်တာဝန်သစ်ကလည်း လိပ်ကိုဖမ်းဖို့ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ငါတို့စုစည်းပြီးတဲ့အင်အားနဲ့တောင် သူ့ကိုနိုင်ပါ့မလား ငါသေချာမသိဘူး။ လောလောဆယ်တော့ ဖြစ်မလာသေးတဲ့ အင်အားစုကို ဂရုစိုက်နေမယ့်အစား မက်ဒါနာဆီ သွားကြတာပေါ့။"