မှောင်မိုက်သောနေ့ရက်များရဲ့အစ
Vol. 5 Ch. 33
စစ်ပွဲနှင်းဆီတစ်ယောက် မြူတန့်မဟာမိတ်တပ်ချရာနေရာကို ပြန်ရောက်လာပြီးနောက် ဒေါသအကြီးကြီးထွက်နေတယ်။ သူက စခန်းကိုပြန်ရောက်ရောက်ချင်းပဲ အရာရှိတွေအကုန်လုံးကို အစည်းအဝေးခန်းထဲ ဖိတ်ခေါ်လိုက်ပါတယ်။
ချီလုလု၊ လော့ဒ်မာရှယ်၊ အိုရှန်နီယာအမွှာနှစ်ယောက်အပြင် သိပ်အရေးမပါလှတဲ့ ကြေးစားအရာရှိတွေလည်း တက်ရောက်ကြတယ်။
အစည်းအဝေးခန်းက သာမန်မြင်တွေ့နေကျ စစ်တပ်အစည်းအဝေးခန်းနဲ့တူပြီး အရာရှိတိုင်းက သီးသန့်ထိုင်ဖို့အတွက် စားပွဲငယ်တစ်လုံးနဲ့ခုံတစ်ခုံရကြပါတယ်။
အခန်းရဲ့ထိပ်ဆုံးမှာတော့ ပရိုဂျက်တာတစ်လုံးနဲ့ဟောပြောစင်တစ်ခုရှိပြီး စစ်ပွဲနှင်းဆီက အခန်းရှေ့မှာရပ်ပြီး အခန်းထဲတဖြည်းဖြည်းဝင်ရောက်လာတဲ့ အရာရှိတွေကို ဒေါသတကြီးစိုက်ကြည့်နေပါတယ်။
အခန်းထဲရောက်လာတဲ့ အရာရှိတွေမျက်နှာမကောင်းကြဘူး။ အထူးသဖြင့် အတွင်းရေးမှူးမလေး ချီလုလုပေါ့။
"နင်တို့တွေ ဘာအသုံးကျကျလည်း၊ ဆုဗာနာကိုသွားတဲ့အဖွဲ့ကလည်း ရှုံးပြီးပြန်လာတယ်။ ရန်သူရဲ့လက်နက်သစ်တွေအကြောင်းမသိလို့ ရေတပ်ကလည်း ပြန်ဆုတ်လာရသေးတယ်။ ရှက်ဖို့ကောင်းလိုက်တာ။"
စစ်ပွဲနှင်းဆီက လက်ကိုမြှောက်လိုက်တယ်။ ငွေရောင်အမျှင်တန်းတချို့က လေထုထဲမှာထွက်ပေါ်လာပြီး ဝတ်ရုံနက်ဝတ်ထားတဲ့ ရင်းနှီးနေတဲ့ အရာရှိတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားတယ်။
"ခေါင်း... ခေါင်းဆောင်... ကျုပ်ကိုချမ်းသာပေးပါ။" ကားလ်က အော်ဟစ်လိုက်တယ်။ ဒီအရာရှိက ကြေးစားစစ်တပ်ရဲ့သတင်းနဲ့ထောက်လှမ်းရေးအရာရှိပါ။
ကြေးစားစစ်တပ်က မြေအောက်အဖွဲ့ကြီးတစ်ခုဖြစ်တာကြောင့် သူတို့မှာလျှို့ဝှက်သတင်းကွန်ယက်တွေရှိနေတာပုံမှန်ပါပဲ။ အရာရှိက သူ့ကိုစစ်ပွဲနှင်းဆီသတ်မှာစိုးလို့ အသေအလဲတောင်းပန်နေတယ်။
"ပြောစမ်း၊ အမေရိကန်ရဲ့စက်ရုပ်သစ်တွေနဲ့ အင်္ဂလန်ရဲ့သင်္ဘောပျံကြီးအကြောင်း နင်တို့ဘာလို့သတင်းမပို့တာလဲ။"
ကြေးစားအရာရှိနဖူးမှာ ဇောချွေးတွေသီလာပါတယ်။ စစ်ပွဲနှင်းဆီအလိုမကျတာနဲ့ သူသေသွားမှာပါ။ ဒါပေမဲ့ မဖြေဘဲလည်းမနေရဲတာကြောင့် အထစ်ထစ်အငေါ့ငေါ့နဲ့ပဲ ပြန်ဖြေပါတယ်။
"ဗီ...ဗီလိန်ကွန်ယက်က အဆင့်မြှင့်တင်နေလို့ ကျုပ်တို့အဖွဲ့အစည်းက ပုံမှန်နည်းလမ်းတွေနဲ့ပဲ သတင်းယူနေရတာပါ။ သိတဲ့အတိုင်းပဲ သူလျှိုတွေက တခြားနေရာမှာစိတ်မချရလို့ဆိုပြီး ဗီလိန်ကွန်ယက်မှာကလွဲရင် သတင်းမရောင်းချင်ကြဘူးလေ။ ပြီးတော့ နှစ်နိုင်ငံလုံးက သူတို့နည်းပညာတွေကို အဆုံးအစွန်အထိ လျှို့ဝှက်ထားကြတာ။"
စစ်ပွဲနှင်းဆီက ကြိုးကိုပိုတင်းလိုက်တယ်။ ဒါကြောင့်အဲဒီအရာရှိရဲ့ခန္ဓာကိုယ်အရေပြားကို ကြိုးတွေဖောက်ဝင်သွားပြီး သွေးတွေစီးကျလာတယ်။ အဲဒီအချိန်မှာပဲ ချီလုလုက ရှေ့ထွက်လာပြီး သတိပေးလိုက်တယ်။
"ခေါင်းဆောင်၊ ဗီလိန်ကွန်ယက်မပါရင် အမေရိကန်နဲ့အမိန့်တော်အဖွဲ့ဆီက သတင်းတွေကိုရဖို့က တကယ်ခက်တယ်။ ပြီးတော့ သူ့ကိုသတ်လိုက်လည်း ဘာမှထူးမသွားဘူး၊ ကျွန်မတို့တွေ အဲဒီနည်းပညာသစ်ကို ရင်ဆိုင်ဖို့နည်းလမ်းရှာဖွေမှရမယ်။"
စစ်ပွဲနှင်းဆီက သေချာစဥ်းစားကြည့်ပြီး သက်ပြင်းချလိုက်တယ်။ "ဟုတ်တယ်၊ ငါဒီလူကိုသတ်လိုက်ရင်လည်း လူတစ်ယောက်အလားသေတာပဲရှိမှာ။"
စစ်ပွဲနှင်းဆီက ငွေရောင်ကြိုးတွေကို ပြန်သိမ်းလိုက်တဲ့အတွက် ထောက်လှမ်းရေးအရာရှိ အသက်ချမ်းသာရာရသွားတယ်။ ဒါပေမဲ့ အရာရှိက အကြောက်မပြေသေးဘဲ ခုံမှာအထိတ်ထိတ်အလန့်လန့်နဲ့ ထိုင်လိုက်ပါတယ်။
နောက်တော့ စစ်ပွဲနှင်းဆီရဲ့အကြည့်က ပြိုင်ဘက်ဟောင်းကြီး လော့ဒ်မာရှယ်ဆီကိုရောက်သွားတယ်။ လော့ဒ်မာရှယ်က စစ်ပွဲနှင်းဆီကို သိပ်ဂရုမစိုက်သလိုအကြည့်နဲ့ ပြန်ကြည့်တယ်။ ကြေးစားစစ်တပ်ရဲ့မာရှယ်ရာထူးအတွက် ဒီနှစ်ယောက်က အတန်ကြာတိုက်ခိုက်ခဲ့ကြသူတွေဖြစ်ပြီး စစ်တပ်ထဲမှာ လော့ဒ်မာရှယ်ရဲ့လွှမ်းမိုးမှုက စစ်ပွဲနှင်းဆီထက် မနိမ့်ပါဘူး။ စစ်ပွဲနှင်းဆီအသာရနေတာတစ်ခုက သူ့ရဲ့Sအဆင့်စွမ်းဆောင်ရည်ပါ။ စစ်ပွဲနှင်းဆီက စကားစလိုက်တယ်။
"ဆုဗာနာကိုတိုက်ဖို့ နင်ငါ့ခွင့်ပြုချက်မရဘဲ အမိန့်ပေးခဲ့တာမဟုတ်လား။ ပြီးတော့ ဌာနချုပ်ရဲ့အရိုးမျက်နှာတွေကိုလည်း သောင်းနဲ့ချီပြီး စစ်မြေပြင်ကို လွှတ်ခဲ့သေးတယ်။"
လော့ဒ်မာရှယ်က စစ်ပွဲနှင်းဆီရဲ့စကားကြောင့် ပခုံးတွန့်ပြလိုက်တယ်။ နောက်တော့... "ဆုဗာနာဇက်သတ္တုတွင်းတွေကိုသာ ငါတို့ရရင် ကျန်တဲ့မဟာမိတ်နှစ်ခုထက် ပိုသာသွားမယ်မဟုတ်လား။"
လော့မာရှယ်ရဲ့အမြင်ကို တခြားအရာရှိတော်တော်များများလည်း ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ သူတို့ထဲက ဝါရင့်အရာရှိတချို့က ငယ်ရွယ်တဲ့ စစ်ပွဲနှင်းဆီအစား လော့ဒ်မာရှယ်ကို သဘောကျကြတယ်လေ။
တချို့က လော့မာရှယ်ကို ပြောင်ထောက်ခံတဲ့အနေနဲ့ ပြောကြတယ်။ "မာရှယ်၊ ဒုဗိုလ်ချုပ်ကြီးပြောတာ မှန်တယ်လို့ ကျွန်တော်ထင်တယ်။ ဆုဗာနာကို နောက်တစ်ခါအင်အားအပြည့်နဲ့တိုက်ပြီး ဇက်သတ္တုတွေကို အပိုင်စီးသင့်ပါတယ်။" အရာရှိတချို့က လော့ဒ်မာရှယ်နဲ့ဆန္ဒအတိုင်း ဆုဗာနာကို ဆက်ပြီးစစ်ပွဲဆင်နွှဲချင်နေကြတုန်းပဲ။
ဒုံး... ဒုံး... ဒုံး....
ဒါကြောင့် စစ်ပွဲနှင်းဆီက စားပွဲခုံကိုအားနဲ့သုံးချက်ထုလိုက်ပြီး အသံကျယ်ကျယ်နဲ့အော်ပြောတယ်။ "အဓိပ္ပါယ်မရှိတာတွေ၊ ဆုဗာနာက ဥရောပမဟာမိတ်ရဲ့အဖွဲ့ဝင်သစ် ဖြစ်လာနိုင်ခြေရှိတယ်ဆိုတာကိုရော နင်တို့နားလည်ရဲ့လား။ ဥရောပမဟာမိတ်ရဲ့လက်နက်သစ် သင်္ဘောပျံကြီးကို ငါတို့ကြေးစားစစ်တပ်က မယှဥ်နိုင်သေးဘူး။ ပြီးတော့ ရုရှားစစ်မြေပြင်မှာ ဖြစ်ခဲ့တဲ့ကိစ္စကိုလည်း ငါတို့မေ့လို့မရသေးဘူး။ အဲဒီလိပ်က ဘာလုပ်ချင်နေလဲဆိုတာ ဘယ်သူကသိမှာလဲ။ ပြီးတော့ဆုဗာနာမှာလည်း လိပ်နီးနီးအန္တရာယ်ကြီးတဲ့ ပုရွက်ဆိတ်ဘုရင်မရှိနေတာ။ နင်တို့တွေ တအားသေချင်နေကြတာလား။"
ဒီတော့မှ အကုန်လုံးတိတ်သွားကြတယ်။ မဟာမိတ်သုံးခုအနက်မှာ ဥရောပမဟာမိတ်က အင်အားအနည်းဆုံးဖြစ်ခဲ့ပေမဲ့ အာရပ်ကျွန်းဆွယ်တိုက်ပွဲက ရေချိန်ကိုပြောင်းပစ်လိုက်ပါပြီ။
"ပြီးတော့ ဥရောပမဟာမိတ်က ဥရောပပြင်ပမှာရှိနေတဲ့ သူတို့မိတ်ဆွေတွေကို လိုက်ပြီးစည်းရုံးဖို့လုပ်နေတယ်လို့ငါသံသယရှိတယ်။"
စစ်ပွဲနှင်းဆီရဲ့ခန့်မှန်းချက်ကြောင့် ကြေးစားစစ်တပ်အရာရှိတွေအကုန်လုံး အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်တယ်။ စစ်ပွဲနှင်းဆီကတော့ ပြောစရာရှိတာဆက်ပြောတယ်။
"အမိန့်တော်အဖွဲ့က မြူတန့်သိပ္ပံကိုဖြုတ်ချဖို့အတွက် ကမ္ဘာ့အဆင့်ရှိတဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တစ်ခုကို ပြုလုပ်ခဲ့တယ်။ အာကိုင်းဂါမီ ကိုင်းတို၊ အိခဲဒ၊ ဥစာကီ၊ Silverknight၊ Archmega၊ နတ်ဘုရားအသံအဖွဲ့ ပြီးတော့အသစ်ပေါ်လာတဲ့ အမည်မသိတဲ့ S rank နှစ်ယောက်ကရှိသေးတယ်။ ဒါကြောင့် အကြမ်းဖျင်းအားဖြင့်တင် သူတို့ရဲ့စုစုပေါင်း S rank အရေအတွက်က မြူတန့်သိပ္ပံရဲ့အင်အားထက်ကျော်သွားပြီ။ မြူတန့်မဟာမိတ်တစ်ခုလုံးတောင်မှ အဲဒီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ပြန်ဖွဲ့ဖြစ်သွားရင် ဘယ်နည်းနဲ့မှ တားနိုင်တော့မှာမဟုတ်ဘူး။"
ပြောရရင် ဥရောပမဟာမိတ်က သိပ်မကြာခင်မှာ ပြိုင်ဖက်မဟာမိတ်နှစ်ခုလုံးထက် အင်အားပိုသွားနိုင်တယ်။ စစ်ပွဲနှင်းဆီစိုးရိမ်နေတာက ဥရောပမဟာမိတ်စုဖွဲ့မိတဲ့အင်အားကို သူတို့ရင်မဆိုင်နိုင်မှာကိုပါ။
"ဒါပေမဲ့ သိပ်မစိုးရိမ်ကြပါနဲ့၊ ငါတို့အတွက်ကံကောင်းတာက မြူတန့်သိပ္ပံနဲ့ဆေးရည်ပြုလုပ်နည်းတွေကို ငါတို့ပြန်ဖော်ထုတ်နိုင်ခဲ့ပြီလို့ အသိပေးချင်တယ်။ မကြာခင်မှာ ငါတို့မဟာမိတ်ကလည်း S rankတွေကို မွေးထုတ်နိုင်တော့မယ်။ ပြီးတော့ အန်းနပ်စ်ကိုတည်ဆောက်မယ့် နတ်ဘုရားသတ်ဖြတ်ရေးပရောဂျက်ကိုလည်း မဟာမိတ်အဖွဲ့ဝင်တွေက သဘောတူလိုက်ပြီ။ ဒီတော့ ငါ့အမိန့်မပါဘဲ တစ်ခုခုမလုပ်ဘဲ အချိန်ကိုပဲစောင့်နေကြ။"
စစ်ပွဲနှင်းဆီကို သဘောမကျတဲ့ လော့ဒ်မာရှယ်ဘက်က ဝါရင့်အရာရှိတွေတောင်မှ S rank မွေးထုတ်နိုင်တဲ့အစီအစဥ်ကို သဘောကျလွန်းလို့ ခေါင်းတညိတ်ညိတ်ဖြစ်လာကြပါပြီ။ လော့ဒ်မာရှယ်က အဲဒီမြင်ကွင်းကြောင့် ဒေါသထွက်ပြီး ခုံကနေထပြန်သွားတယ်။
စစ်ပွဲနှင်းဆီက ဒီအပြုအမူကို သဘောမကျပေမဲ့ ဒါမှမပြောဘူး။ ချီလုလုက စစ်ပွဲနှင်းဆီနားကပ်လာပြီး တီးတိုးပြောလိုက်တယ်။
"ခေါင်းဆောင်၊ သူ့ကို ဘယ်တော့မှ အရေးယူပြီးဖယ်ရှားပစ်မှာလဲ။ မလေးမစားလုပ်တာ များလွန်းတယ်။"
"မလောနဲ့ဦး၊ အခုအချိန်မှာ အနားယူခါနီး အရာရှိအိုကြီးတွေအကုန်လုံးက သူ့ဘက်ကပဲပါနေတာ။ သူ့ကိုရာထူးကနေ ဖြုတ်ချဖို့လုပ်ရင် မလိုလားအပ်တာတွေ ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ငါတို့ရဲ့S rank မွေးမြူရေးအစီအစဥ်ကိုအကောင်အထည်ဖော်ပြီးသွားရင် ဒီလူက နည်းနည်းလေးမှ အသုံးဝင်တော့မှာမဟုတ်ဘူး။ ငါတို့က တခြားအဖွဲ့ဝင်တွေကို S rank မြှင့်ပေးပြီး သူ့ကိုမြှင့်မပေးဘဲ ထားမှာမလို့လေ။"
အဲဒီနောက် စစ်ပွဲနှင်းဆီက အရာရှိတွေဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။ "အားလုံးပဲ အစည်းအဝေးပြီးပြီ။ ကိုယ်တာဝန်ယူရမယ့်နေရာကိုယ် ပြန်ကြတော့။"
ဒါပေမဲ့ စစ်ပွဲနှင်းဆီက အမြွှာညီအစ်မနှစ်ယောက်ကို ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။ "နင်တို့နှစ်ယောက်ကတော့ ငါနဲ့မြေအောက်စမ်းသပ်ခန်းထဲ လိုက်ခဲ့ကြ။"
...
အလားတူပဲ အမေရိကန်မှာလည်း သမ္မတဝဲလ်ဆင်က ဒေါသတကြီးဖြစ်နေပါတယ်။ သူ့ရဲ့လက်နက်သစ်တွေနဲ့ဆိုရင် အာရပ်ကျွန်းဆွယ်ကို လွယ်လွယ်လေးသိမ်းနိုင်စွမ်းရှိခဲ့သင့်ပေမဲ့ အဲဒီလိုဖြစ်မလာခဲ့ပါဘူး။
ဘာမှမဟုတ်တဲ့ ဥရောပမဟာမိတ်က S rankက သူ့ကိုလွယ်လွယ်လေးနိုင်သွားလို့ ဒေါသတွေထွက်ပြီး ကျိတ်မနိုင်ခဲမရဖြစ်နေပါတယ်။ သူက မြူတန့်ဌာနစိတ်အရာရှိကို ကြည့်ပြီးမေးလိုက်တယ်။ အခုဘယ်အရာရှိမှ သမ္မတရုံးကနေ ထွက်သွားခွင့်မရသေးဘူး။
"ဖလိမ်းဂါးဒီးယမ်းဘယ်မှာလဲ၊ ငါသူ့ကို စစ်မြေပြင်မှာ မတွေ့ပါလား။"
မြူတန့်ဌာနစိတ်အရာရှိက အခုလိုပြန်ဖြေပါတယ်။ "ဟုတ်ကဲ့၊ ဌာနမှူးက မြူတန့်ဌာနစိတ်ကို ဖျက်ဆီးသွားတဲ့ သူပုန်တွေနောက်ကို လိုက်သွားပါတယ်။ အဖိုးကြီး စတိတ်မန်းလည်း သူပုန်တွေနဲ့အတူရှိနေတာကြောင့် အတွင်းရန်ကိုရှင်းဖို့ အရေးကြီးနေတာကြောင့်ပါ။"
"ထားတော့... သူ့ကိုမြန်မြန်ကိစ္စဖြတ်ပြီး မြန်မြန်ပြန်လာခိုင်းလိုက်။" အဲဒီနောက်တော့ သမ္မတဂျိုးဝဲလ်ဆင်က ရုံးခန်းထဲကနေ ထွက်ဖို့ပြင်လိုက်ပြီး သူ့ကိုယ်ရေးအရာရှိကို ပြောလိုက်တယ်။
"ငါတို့လော့ဟက်မာတင်ကိုသွားမယ်၊ သမ္မတယာဥ်တန်းပြင်ခိုင်းထားလိုက်။" ဂျိုးဝဲလ်ဆင်က ရုံးခန်းတံခါးကိုဖွင့်ပြီး တခြားအရာရှိတွေပြန်တာကို မစောင့်တော့ဘဲ ထွက်သွားတယ်။ သူ့နောက်မှာတော့ ဇီးရိုးချပ်ဝတ်အစောင့် ခြောက်ယောက်က ညီညီညာညာ လျှောက်ရင်းလိုက်ပါလာတယ်။
စင်္ကြန်လမ်းတစ်နေရာကိုရောက်တော့ လွှတ်တော်အမတ်တစ်ယောက် သူ့ရှေ့ကိုရောက်လာပြီး ချိပ်ပိတ်ထားတဲ့ စာဖိုင်အိတ်နဲ့ ဝဲလ်ဆင်နဲ့မျက်နှာကို ပိတ်ပေါက်လိုက်တယ်။
တစ်ချိန်လုံးဘေးကနေ ပါလာတဲ့ ကိုယ်ရေးအရာရှိလည်းဒေါသထွက်သွားတော့တာပေါ့။ "မင်းဘာလုပ်တာလဲ။" သူက လွှတ်တော်အမတ်ရဲ့အင်္ကျီကော်လံကိုဆောင့်ဆွဲပြီး ဆွဲထိုးဖို့အသင့်ဖြစ်နေပြီ။ ဒါပေမဲ့ ဂျိုးဝဲလ်ဆင်က တားလိုက်ပြီးပြောတယ်။
"ဘယ်သူများလဲလို့၊ ဒီမိုခရက်ပါတီက လွှတ်တော်အမတ်ကြီးက ဟင်နရီ ကာတာပဲ။ အခုကျုပ်ကို ဘာများတင်ပြစရာရှိလို့လဲ။"
ဟင်နရီကာတာက ပုံပျက်သွားတဲ့ အင်္ကျီကော်လံကို ပြန်ဖြန့်လိုက်ပြီး ပြောလိုက်ပါတယ်။ "အဲဒီစာဖိုင်က ခင်ဗျားကို လွှတ်တော်အမတ်တစ်ဝက်ကျော်က အယုံအကြည်မရှိကြောင်းအဆိုတင်သွင်းထားကြောင်း ခင်ဗျားကိုအကြောင်းကြားတဲ့ စာဖိုင်ပဲ။ လွှတ်တော်မှာ မကြာခင်မဲခွဲတော့မှာ။ ဥပဒေအသစ်တွေနဲ့ စစ်ပွဲတစ်ပွဲရှုံးတဲ့ကိစ္စကြောင့် ရီပက်ပလစ်ကန်တွေလည်း ခင်ဗျားကို ဒေါကန်နေတာဆိုတော့ သမ္မတနေရာကနေ နုတ်ထွက်စာတင်ဖို့သာ ပြင်ထားပေတော့။"
ဂျိုးလ်ဝဲလ်ဆင်က ဟင်နရီကာတာရဲ့စကားကိုကြားတော့ သိပ်တုန်လှုပ်မသွားဘူး။ အဲဒီအစား ကြောက်စရာကောင်းတဲ့ အပြုံးမျိုးပြုံးလိုက်ပြီး... "မကြာခင် မဲခွဲတော့မှာဆိုတော့ မဲမခွဲရသေးဘူးလို့ ဆိုလိုတာလား။ ဒါဆိုရင်တော့ ကျေးဇူးပါပဲ။"
ဂျိုးလ်ဝဲလ်ဆင်က ကျေးဇူးတင်တဲ့ပုံစံမျိုးနဲ့ ဟင်နရီကာတာရဲ့ပခုံးကို ပုတ်လိုက်တယ်။ အဲဒီနောက် ကိုယ်ရေးအရာရှိကို တီးတိုးပြောလိုက်တယ်။ ကိုယ်ရေးအရာရှိက ခေါင်းညိတ်ပြပြီး ချက်ချင်းစင်္ကြန်လမ်းထဲကနေ ပြေးထွက်ပြီး အစည်းအဝေးခန်းထဲကနေ ခုမှလိုက်ထွက်လာတဲ့ စစ်ဘက်ဆိုင်အရာရှိတစ်ယောက်ဆီ ပြေးသွားတယ်။
ဟင်နရီကာတာလည်း အဲဒီအပြုအမူကြောင့် ထိတ်လန့်သွားပြီး... "ခင်ဗျားဘာလုပ်မလို့လဲ..."
ဂျိုးဝဲလ်ဆင်ကတော့ သူ့နောက်ကပါလာတဲ့ ဇီးရိုးချပ်ဝတ်စစ်သားတွေကို အမိန့်ပေးလိုက်ပြီး ဟင်နရီကာတာကို ဖမ်းချုပ်ခိုင်းလိုက်တယ်။ နောက်တော့ ဂျိုးဝဲလ်ဆင်က ပြုံးလိုက်ပြီး...
"ကျုပ်က တိုင်းပြည်ကောင်းဖို့အတွက် လုပ်ရတာပါ ဟင်နရီ။ တိုင်းပြည်က မြူတန့်တွေကြောင့် ချောက်ထဲကျခါနီးဖြစ်နေတာဆိုတော့ သမ္မတဖြစ်တဲ့ကျုပ်က လက်တစ်လုံးအလိုမှာ ကယ်တင်ရတော့မှာပေါ့။"
...
သိပ်မကြာခင်မှာပဲ အမေရိကန်ဝါရှင်တန်ဒီစီက လွှတ်တော်ကွန်ဂရပ်ကို ဇီးရိုးချပ်ဝတ်တွေဝတ်ထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေက ဝိုင်းရံထားလိုက်ပြီး ဝင်စီးကြတယ်။
ဂျိုးဝဲလ်ဆင်နဲ့ဗိုလ်ချုပ်တစ်ယောက်လည်း အဲဒီတပ်ဖွဲ့တွေနဲ့အတူ လွှတ်တော်ကွန်ဂရပ်ထဲဝင်လာတယ်။ မဲခွဲဖို့လုပ်နေတဲ့ လွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်အမတ်တွေလည်း ထိတ်လန့်ကုန်တော့တာပေါ့။
"ဝဲလ်ဆင်... မင်းဘာလုပ်တာလဲ။"
ဝဲလ်ဆင်ကတော့ ရိုးရိုးသားသားပုံစံနဲ့ အတင်းပြုံးပြလိုက်ရင်း ပုံမှန်လေသံနဲ့ ဖြေလိုက်ပါတယ်။ "မစိုးရိမ်ပါနဲ့ လွှတ်တော်ဥက္ကဋ္ဌကြီး၊ မြူတန့်အကြမ်းဖက်အဖွဲ့တစ်ခုက လွှတ်တော်ကိုကျူးကျော်ပြီး တိုက်ခိုက်ဖို့ကြံနေ တယ်ဆိုလို့ ခင်ဗျားတို့ကို ကာကွယ်ပေးဖို့ ကြည်းတပ်ဗိုလ်ချုပ်ကြီးကို အကူအညီတောင်းလိုက်တာပါ။ ပြီးတော့ အဲဒီမြူတန့်တွေက ရုပ်ပြောင်းပြီး ခင်ဗျားတို့ထဲမှာ အသွင်ယူဝင်ပုန်းနေနိုင်တယ်ဆိုလား။ ဒီတော့ ခင်ဗျားတို့ကို တစ်ယောက်ချင်းစစ်ဆေးလို့မပြီးမချင်း ထိန်းသိမ်းထားရဦးမယ်ဗျ။ အဲဒီလုပ်ငန်းစဥ်မပြီးမချင်းတော့ လွှတ်တော်လုပ်ငန်းစဥ်ကို အကန့်အသတ်မရှိရပ်နားထားရတာပေါ့ဗျာ။"
နောက်တော့ အထူးတပ်ဖွဲ့ဝင်တွေက လွှတ်တော်အမတ်တွေကို ဖမ်းချုပ်ပြီး အချုပ်ကားတွေပေါ် တင်သွားကြပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကတော့ ဒေါသတကြီးနဲ့အော်ပြောနေတယ်။
"ဝဲလ်ဆင်၊ မအေဘေး။ အမေရိကန်ရဲ့နှစ်သုံးရာသမိုင်းမှာ မလုပ်သင့်တာလုပ်တဲ့ ခွေးသမ္မတ။ မင်းကြောင့် ငါတို့နိုင်ငံကြီး ပျက်စီးတော့မယ်ကွ၊ သမိုင်းတရားခံဖြစ်မယ့်ကောင်။"
ဒါပေမဲ့ လွှတ်တော်ဥက္ကဋ္ဌအဖိုးကြီးကို နားညီးလာတဲ့ အစောင့်တစ်ယောက်က ဗိုက်ကိုလက်သီးနဲ့ထိုးလိုက်တဲ့အတွက် အသံတိတ်သွားတယ်။ နောက်တော့ သတိလစ်သွားတဲ့ အဖိုးကြီးကို အချုပ်ကားပေါ်တင်လိုက်ပြီး တံခါးကိုပိတ် ဘယ်မှန်းမသိတဲ့တစ်နေရာကိုမောင်းထွက်သွားကြတယ်။
လွှတ်တော်အမတ်အားလုံးကို လွှတ်တော်ကနေခေါ်ထုတ်ပြီးနောက် ကိုယ်ရေးအရာရှိက သမ္မတနားကိုကပ်လာပြီး မေးလိုက်တယ်။
"မစ္စတာသမ္မတကြီး၊ လွှတ်တော်ကို အထူးတပ်ဖွဲ့က ဝင်စီးတဲ့အကြောင်း မကြာခင်သတင်းဌာနတွေ သတိထားမိသွားမယ်ထင်တယ်ဗျ။ အဲဒါ ဘယ်လိုလုပ်ရမလဲ။"
ဂျိုးဝဲလ်ဆင်က ပြုံးလိုက်ပြီး... "လွယ်ပါတယ်ကွာ၊ ငါပြောတဲ့လုပ်ဇာတ်ကို တကယ်ဖြစ်နေသလိုလို ဖြစ်သွားအောင် ဇာတ်ညွန်းရေးပြီး သတင်းစာရှင်းလင်းပွဲလုပ်ကွာ။ နယူးယောက်ဟီးရိုးအစည်းအရုံးကလည်း ပြည်ပြေးဖြစ်နေပြီဆိုတော့ သူတို့တရားခံလို့လုပ်ကွာ။"
ဗိုလ်ချုပ်ကလည်း အနားကပ်လာပြီး သမ္မတကိုမေးတယ်။ "သမ္မတကြီး၊ လွှတ်တော်ကို ဖမ်းပြီးအာဏာသိမ်းတာတော့ဟုတ်ပါပြီဗျ။ အဲဒါပြီးရင် ဘာဆက်လုပ်ကြမလဲ။ အိမ်စောင့်အစိုးရဖွဲ့ကြမလား။"
"အာအာ... အာဏာသိမ်းတယ်လို့ မသုံးနဲ့လေကွာ။ ငါကလွှတ်တော်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားရန်ကနေ ကာကွယ်ပေးရုံပါကွ။ ဒီတော့ အစိုးရက ဆက်လည်ပတ်နေဆဲပဲလို့လုပ်ရမယ်။ လက်ရှိအစိုးရဖွဲ့စည်းပုံနဲ့ပဲလည်ပတ်မယ်။ ဒါပေမဲ့ ငါပြောသမျှခေါင်းပဲညိတ်နိုင်မယ့် တစ္ဆေလွှတ်တော်နဲ့ပေါ့ကွာ။"
"အဲ... ပြီးတော့ ပြည်သူတွေကို မျက်စိရှုပ်နားရှုပ်အောင်လုပ်မယ့် မီဒီယာတွေကို လက်ဦးမှုရအောင်ယူကွ။"
"ဟုတ်ကဲ့၊ နားလည်ပါပြီ။" အဲဒီနောက်တော့ သမ္မတက သူ့အတွက်အသင့်ဖြစ်နေပြီဖြစ်တဲ့ သမ္မတကားတန်းပေါ် တက်သွားလိုက်တယ်။ မမျှော်လင့်ထားတာတစ်ခု ဖြစ်လာခဲ့တယ်ဆိုပေမဲ့ သူ့အတွက်အစီအစဥ်ကတော့ ပြောင်းလဲမသွားခဲ့ပါဘူး။
"လော့ဟက်မာတင်ကိုမောင်း။"
သမ္မတကားတန်းက ကသောင်းကနင်းဖြစ်နေတဲ့ ဝါရှင်တန်မြို့ကြီးကို ထားရစ်ခဲ့ပြီး အမေရိကန်ရဲ့အကြီးမားဆုံး လက်နက်ထုတ်လုပ်ရေးစက်ရုံဆီကို မောင်းနှင်သွားတယ်။
အမေရိကန်မြို့သူမြို့သားတွေက လွှတ်တော်နားကို စုရုံးလာပြီး အချုပ်ကားတွေကို ဓာတ်ပုံရိုက်တဲ့သူက ရိုက်၊ လုံခြုံရေးတာဝန်ယူထားတဲ့ ဇီရိုးချပ်ဝတ်နဲ့အထူးတပ်ဖွဲ့ဝင်တွေကို သတင်းမေးနဲ့လုပ်နေပေမဲ့ ဘာဖြစ်လို့ဖြစ်မှန်း သူတို့မသိကြသေးသလို သမ္မတဝဲလ်ဆင်ရဲ့လွှတ်တော်ကို အင်အားသုံးဖြိုခွင်းတဲ့ကိစ္စကိုလည်း သူတို့မခန့်မှန်းနိုင်ကြသေးပါဘူး။
ဂျိုးဝဲလ်ဆင်ရဲ့လုံခြုံရေးအပြည့်နဲ့ကားတန်းကတော့မြို့ကိုဖြတ်သန်းသွားနေဆဲပါ။ သူ့ရဲ့ကားတန်းကြီး အမေရိကန်လွှတ်တော်နဲ့အိမ်တော်ဖြူကနေ ဝေးလာတာနဲ့အမျှ အမေရိကန်သမ္မတနိုင်ငံရဲ့လွှတ်လပ်ပြီးတရားမျှတခဲ့တဲ့နေ့ရက်တွေက အတိတ်မှာကျန်ခဲ့ပါပြီ။ သမ္မတနိုင်ငံရဲ့နေ့ရက်တွေ ပြီးဆုံးသွားပြီ၊ အဲဒီအစား မှောင်မိုက်နေတဲ့ မင်းဆိုးမင်းညစ်တစ်ပါးရဲ့နေ့ရက်တွေပဲ ကျန်ပါတော့တယ်။
ဝဲလ်ဆင်က သူ့အနောက်တိုင်းအင်္ကျီအောက်မှာ ဝှက်သယ်လာတဲ့ ပိုက်ဆံအိတ်ကလေး ထုတ်ကြည့်လိုက်တယ်။ ယနေ့ခေတ်မှာ အင်တာနက်ငွေကြေးတွေက ရှေးဟောင်းငွေစက္ကူတွေကို လုံးဝနီးပါး အစားထိုးနေပြီဖြစ်ပေမဲ့ ဝဲလ်ဆင်ကတော့ ပိုက်ဆံအိမ်ကိုင်ရတာ ကြိုက်နေဆဲပါ။
ပိုက်ဆံအိတ်ရဲ့ဖောက်ထွင်းမြင်ရတဲ့ အပြင်ဖက်အိတ်အကန့်တစ်နေရာမှာတော့ ဓာတ်ပုံလေးဓာတ်ပုံကိုထည့်ထားတယ်။ ငယ်ရွယ်ပြီးပြုံးရွှင်နေတဲ့ ကလေးလေးတစ်ယောက်နဲ့အတူ ငယ်ရွယ်တဲ့မိဘနှစ်ယောက်ရဲ့ခေတ်ဟောင်းဓာတ်ပုံတစ်ပုံပါ။
"သားလေးအတွက် သေချာပေါက် မြူတန့်တွေကို ကမ္ဘာကြီးကနေ ရှင်းထုတ်ပေးမယ်။" ဂျိုးလ်ဝဲလ်ဆင်က တီးတိုးပြောလိုက်တယ်။
သူသမ္မတဖြစ်လာခဲ့ရတဲ့ တစ်ခုတည်းသောအကြောင်းအရင်းက မြူတန့်တွေကို လက်စားချေဖို့ပါ။ သူချစ်ရတဲ့မိန်းကလေး နောက်ဆုံးချန်ထားပေးခဲ့တဲ့ သားလေးကို မကောင်းဆိုးဝါးမြူတန့်တစ်ယောက်က သူ့ဘဝကြီးကနေ ဆွဲထုတ်သွားတဲ့အတွက် မြူတန့်မှန်သမျှကို သူမုန်းတယ်။
"ဒါကြောင့် ငါမြူတန့်တွေကိက ဖျက်ဆီးပစ်ရမယ်။"