ဖရာလီတာရောက်လာခြင်း
Vol. 5 Ch. 36
ဖရက်... နင်ဘယ်တုန်းက ဧည့်ခန်းထဲ ရောက်လာတာလဲ။"
မက်ဒါနာမေးလိုက်တယ်။ ခုနကအထိ ဖရက်အခန်းထဲမှာ မရှိဘူးလေ။ ဒါပေမဲ့ သူမသိလိုက်ရတဲ့အချိန်အတွင်းမှာပဲ ရိပ်ခနဲရောက်လာတာ။
"မင်းသမီးလေး မနက်စာစားမယ်ကြားလို့ ချက်ချင်းအပြေးလာခဲ့တာပါ။" ဖရက်က ဒဏ္ဍာရီတွေထဲက မင်းသားချောလေးလိုမျိုး ပြုံးပြရင်း မက်ဒါနာကို ပြောလိုက်ပါတယ်။
ကောင်စုတ်လေးဒီပကတော့ ဖရက်ကိုရိုက်ထုတ်ချင်တဲ့ အကြည့်နဲ့ကြည့်နေပါတယ်။ "အစ်မကြီး၊ ဒီအရူးနှာဘူးကောင်ကို သတိထားမှဖြစ်မယ်နော်။ ကျွန်တော် နည်းနည်းလေးမှ မသင်္ကါဘူး။ အစ်မအိပ်နေတုန်း အခန်းအပြင်မှာ တစ်ညလုံး ကျောက်ရုပ်ကြီးလိုမျိုးရပ်စောင့်ဖို့ ကြိုးစားနေလို့ ကျွန်တော်လည်းစိတ်မချတာနဲ့ သူ့ကို နန်းတော်ထဲက အတင်းဆွဲထုတ်ရသေးတယ်။
"....." မက်ဒါနာ ပြောစရာစကားမရှိဖြစ်သွားပြီး နဖူးကိုလက်နဲ့ထောက်ကာ သက်ပြင်းချလိုက်မိတယ်။
တကယ်တော့ ဒီမာဖီးယားမင်းသားလေးကို သူအကူအညီမပေးခင်ကတည်းက ဒီလိုမျိုးဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတွေးမိခဲ့သင့်တာ။ အခုတော့ လုံးဝနောက်ကျသွားပြီ။ ဖရက်ကတင်မီထက်ဆိုးနေပြီး သူ့နောက်ကနေ ခွေးလေးလိုမျိုး တစ်လျှောက်လုံးလိုက်နေတော့မှာ၊ ပြီးတော့ မက်ဒါနာမှာ အဲဒီခွေးလေးကို မောင်းထုတ်ဖို့အင်အားမရှိဘူး။
မက်ဒါနာတစ်ယောက် အတွေးလွန်နေတုန်း ကောင်စုတ်လေးဒီပနဲ့ မာဖီးယားမင်းသားလေးဖရက်က အကြည့်ချင်းပြိုင်နေကြတယ်။ မျက်တောင်လုံးဝမခတ်ဘဲ ဒီပြိုင်ပွဲက သူတို့သေရေးရှင်ရေးအတွက် လုံးဝတည်မှီနေသလိုမျိုး အလေးအနက်ထားပြိုင်နေကြတာ။
အဲဒီအချိန်မှာပဲ မေမေသီတာနဲ့နန်းတွင်းသူလေးတွေက ဟင်းပွဲတွေကို လှည်းလေးတွေနဲ့သယ်ပြီး လိုက်ချပေးတယ်။ အုန်းထမင်းနဲ့ကြက်သားဟင်းနဲ့ မွှေးပျံတဲ့ရနံက မက်ဒါနာရဲ့ဘာမှမစားရသေးတဲ့ဗိုက်ကို နှိုးဆွလိုက်သလိုပဲ။
ဂွီ.... ဗိုက်ထဲကနေ သံစုံဂီတထွက်လာပြီ။
မက်ဒါနာလည်း မနေနိုင်တော့ဘဲ မေမေသီတာထည့်ပေးတဲ့ အုန်းထမင်းပန်းကန်ကို အနားနားကပ်ပြီးကြက်သားတုံးကို နွှင်စားဖို့လုပ်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကောင်စုတ်လေးဒီပက မက်ဒါနာရဲ့ထမင်းပွဲကို ယူလိုက်ပြီး ပြုံးပြုံးလေးနဲ့ပြောလိုက်တယ်။
"အစ်မကြီးအတွက် ကြက်သားနွှင်ပေးမယ်လေ။ အဲဒီအတွက် စိတ်အနှောင့်အယှက်အဖြစ်မခံပါနဲ့။" ဒီပက မျက်နှာလုပ်တဲ့အနေနဲ့ ပြောလိုက်တယ်။
ဒါပေမဲ့ ဖရက်ကလည်း ထမင်းပန်းကန်ကို ဒီပလက်ထဲကနေ ဝင်လုလိုက်ပြီး ဒီပကိုပြောလိုက်တယ်။ "ကြက်သားနွှင်ပေးဖို့ကို ကျွန်တော့်တာဝန်ထားလိုက်ပါ၊ ကလေးတွေက စိတ်မချရဘူးလေ။"
"အို့၊ တကယ်စိတ်မချရတာက မင်းပါ။ မင်းလိုမာဖီးယားက မမကြီးရဲ့ထမင်းပန်းကန်ထဲ အဆိပ်ခတ်ပြီးတစ်ခုခုလုပ်ရင်လုပ်နေမှာပဲ။"
"ဘာပြောလိုက်တယ်...." ကောင်လေးနှစ်ယောက်က မျက်မှောင်တွေကြုတ်ပြီး တစ်ယောက်နဲ့တစ်ယောက်ထသတ်တော့မလိုမျိုး ကြည့်နေကြတယ်။
ဒါပေမဲ့ နယ်စားကြီးကတော့ ဘာမှမထူးဆန်းတဲ့ပုံစံမျိုးနဲ့ ကြက်သားတုံးကို ခက်ရင်းနဲ့ထိုးပြီး တစ်ကိုက်ကိုက်ကြည့်တယ်။ ပြီးနောက် ခေါင်းညိတ်ပြီး အုန်းထမင်းနဲ့ကြက်သားဟင်းကို အားရပါးရကြီး လွေးတော့တာပဲ။ ဒီပနဲ့ဖရက်ရဲ့ရန်ပွဲကို လုံးဝမရှိတဲ့အလား လစ်လျူရှုထားတယ်။ ပြောရရင် မက်ဒါနာရှိနေတဲ့ ထမင်းဝိုင်းမှာ အခုလိုဖြစ်တာ ပထမဆုံးမှမဟုတ်တာ။
မေမေသီတာကတော့ တူလေးနဲ့သမက်လောင်းရန်ဖြစ်နေတာကိုကြည့်ပြီး မျက်လုံးပိတ်တဲ့အထိ ပြုံးလိုက်တယ်။
"အာလေလေ... ငါတို့သမက်လောင်းလေးက သူ့ရဲ့ယောက်ဖလောင်းလေးနဲ့တောင် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ပြီးနေပြီပဲ။"
ဒါပေမဲ့ မက်ဒါနာကတော့ ဒီကိစ္စကို အနှောင့်အယှက်လို့ပဲမြင်တယ်။ ဟင်းပွဲက ဟိုရောက်ဒီရောက်ဖြစ်နေပေမဲ့ အုန်းထမင်းနံက သူ့နှာခေါင်းထဲတိုးဝင်နေတုန်း။ဗိုက်ကလည်း ဆာလှပြီ။ ကောင်စုတ်လေးတွေကတော့ သူစားမယ့်ဟင်းပွဲကို ရွှေခွက်ကြီးရသလိုမျိုး လုဖို့ကြံနေသေးတယ်။ တကယ့်ကို သည်းမခံနိုင်စရာပဲ။
"နင်တို့ တော်ကြပါတော့လား။" မက်ဒါနာက ဒေါသနဲ့ပြောလိုက်ပြီး နှစ်ယောက်လုံးလက်ထဲက အုန်းထမင်းကို ပြန်လုပြီး သူ့ဘာသာသူ အဆင်ပြေသလိုဆက်စားတယ်။ ထမင်းဝိုင်းလည်း ပြန်တိတ်ဆိတ်သွားလေရဲ့။
ဟူး...
တင်းတိမ်အောင် စားပြီးတဲ့နောက် မက်ဒါနာက ပျော်ရွှင်စွာနဲ့ လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ "စားလို့ကောင်းလိုက်တာ။" အုန်းထမင်းရဲ့နူးညံ့ပြီး ချိုအီတဲ့ အထိအတွေ့အရသာလေးက သူ့ပါးစပ်ထဲမှာ စွဲကျန်နေရစ်တုန်းပဲ။
မေမေသီတာလည်း စားလို့ပြီးသွားပြီဖြစ်ပြီး နန်းတွင်းသူလေးတွေက သူတို့အတွက် အချိုပွဲတွေလာချပေးတယ်။ ဒါပေါ့၊ သင်္ကြန်ပွဲတော်နေ့မလို့ မုန့်လုံးရေပေါ်ကလည်း အဲဒီစားစရာတွေထဲက တစ်ခုပဲ။
မက်ဒါနာက ကြွေဘောလုံးလေးတွေလိုဖြစ်နေတဲ့ စားစရာတွေကို ခက်ရင်းသေးသေးလေးကိုင်ပြီး တို့ကြည့်တယ်။ 'တကယ်ချစ်စရာလေးတွေ။'သူက အဲဒီလိုတွေးလိုက်ပြီး ပထမဆုံးတစ်ခုကို ယူစားတယ်။
နောက်တော့ မျက်နှာက ချက်ချင်းနီရဲတက်လာပြီး မျက်ရည်တွေတောင် ထွက်ချလာတယ်။ နုဝါနဲ့နီလာကတော့ သူတို့မင်းသမီးလေး ကံစမ်းမဲပေါက်သွားပုံကိုကြည့်ပြီး အူတက်နေကြပြီ။
"အမေ့.... ဘာလို့မုန့်လှလှလေးတွေထဲမှာ ငရုပ်သီးကို ဌာပနာရတာလဲ။ စပ်လိုက်တာ၊ အမေတို့ဆုဗာနာရိုးရာမုန့်တွေကလည်း အထူးအဆန်းတွေချည်းပဲ။"
"ဟားဟားဟား.... အဟားဟား..."
မေမေသီတာကတော့ သူ့သမီးလေးရဲ့ရဲတက်နေတဲ့ မျက်နှာကိုကြည့်ရင်း ဗိုက်နှိပ်ပြီးရယ်နေပြီ။ နောက်မှရယ်သံကို မနည်းထိန်းပြီး ရှင်းပြရတယ်။
"ငရုပ်သီးက အပျော်အနေနဲ့ထည့်ထားတာ၊ နောက်တစ်ခုစားကြည့်။"
ရှုံမဲ့နေတဲ့ မက်ဒါနာတစ်ယောက် မေမေသီတာကိုယုံပြီး နောက်ထပ်မုန့်လုံးရေပေါ်တစ်လုံးကို ပါးစပ်ထဲ ပစ်သွင်းလိုက်တယ်။ ဒီတစ်ခါတော့ မက်ဒါနာမျက်နှာပေါ်က နီရဲနေတဲ့အရိပ်အယောင်တွေပျောက်သွားပြီး 'အွန်း...'ဆိုတဲ့ ညည်းညူသံလေးထွက်လာပါတယ်။
"မသိရင် နတ်ပြည်ရောက်သွားတဲ့အတိုင်းပဲ။" မက်ဒါနာက ပြောလိုက်တယ်။ စိတ်ထဲမှာတော့ အတွေးတွေအများကြီး စုပြုံဝင်လာတယ်။
'ဆန်ကောက်ညှင်းနဲ့လုပ်ထားတဲ့ ကြွေထည်လိုအခွံမာမာလေးက နူးညံ့ပြီးထူထဲတဲ့အထိအတွေ့ဟာ တကယ့်ကို တပ်မက်စရာပဲ။ ပြီးတော့ အထဲမှာဌာပနာထားတဲ့ ထန်းလျက်ခဲလေးက လျှာပေါ်မှာအလိုက်သင့်အရည်ပျော်သွားသေးတယ်။ တကယ့်ကို ကြည်နူးဖွယ်ရာလေး။'
သိပ်မကြာခင်မှာပဲ မက်ဒါနာတို့အုပ်စုက အချိုပွဲတွေကိုပါ ရှင်းပစ်လိုက်နိုင်ပါတယ်။ ဒါပေမဲ့ ခုံကမထခင်မှာ နယ်စားကြီးက အားလုံးကို အသိပေးလိုက်ပါတယ်။
"အဖိုးကတော့ ပုရွက်ဆိတ်ဘုရင်မကြီးခေါ်လို့ အဲဒီကိုသွားရဦးမယ်။ မြေးတို့ကတော့ နယ်စားမဏ္ဍပ်ကို မနက်ကိုးနာရီအမီသွားပြီး ပြည်သူတွေနဲ့ပျော်ပွဲရွှင်ပွဲ
ဆင်နွှဲကြပေါ့။ စစ်ပြီးကာလမှာ မွန်းကျပ်နေတဲ့ ပြည်သူတွေကို နှစ်သိမ့်ပေးတာက အဖိုးတို့သူကောင်းမျိုးတွေရဲ့အလုပ်လေ။"
"အင်း...." မက်ဒါနာ ခေါင်းညိတ်လိုက်တယ်။ ဆုဗာနာအပေါ် မြူတန့်မဟာမိတ်ရဲ့ကျူးကျော်စစ်က ခဏရပ်သွားပြီဆိုပေမဲ့ လမင်းစန္ဒာခရိုင်အပါအဝင် ဆုဗာနာရဲ့ဒေသတော်တော်များများမှာ စစ်ဒဏ်ကြောင့် အပျက်အစီးတွေများခဲ့တယ်။ အထူးသဖြင့်တော့ ရန်သူ့လေတပ်ကြောင့်ပါ။
ဒါကြောင့် စိုးရိမ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ပြည်သူတွေရဲ့စိတ်နှလုံးကို အေးစေဖို့အတွက် သူကောင်းမျိုးတွေမှာ တာဝန်ရှိတယ်။ ပျော်ပွဲရွှင်ပွဲတွေမှာ နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်တွေ တက်ရောက်ခြင်းဟာ ဟန်ပြနဲ့အပျော်ဆိုတာထက် ပြည်သူတွေကို အစိုးရဟာကောင်းကောင်းမွန်မွန်လည်ပတ်နေသေးကြောင်း ပြသပြီး စိုးရိမ်မှုကိုဖြေသိမ့်ပေးတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။
ဒါကြောင့် တော်ရုံဆိုရင် လူကြားထဲသိပ်မထွက်ချင်တဲ့ မက်ဒါနာတစ်ယောက် အခုလိုမျိုးခေါင်းညိတ်လိုက်တာပေါ့။
....
နယ်စားသင်္ကြန်မဏ္ဍပ်က လမင်းစန္ဒာမြို့တော်အလယ်မှာ။ စစ်ပွဲပြီးသွားပြီးနောက် မြို့တော်ကို လူတွေပြန်ရောက်လာကြပြီဖြစ်ပြီး ပြန်တည်ထောင်ရေးလုပ်ငန်းတွေ စတင်နေပါပြီ။
နယ်စားကြီးက မြို့တော်ကိုပြန်တည်ထောင်ဖို့သီးသန့်နဲ့တင် ဒေါ်လာတစ်သန်းကျော် ကနဦးမတည်ခဲ့ပါတယ်။ ဒါပေမဲ့ ဘားဂျက်ထဲကမဟုတ်ဘဲ နယ်စားမိသားစုပိုင်ဆိုင်တဲ့ ရတနာတွေထဲကတစ်ခုကို ရောင်းခဲ့တာဖြစ်ပြီး နယ်စားကဦးဆောင်အလှူငွေထည့်တာနဲ့ တခြားသူကောင်းမျိုးတွေ အရာရှိတွေလည်း နောက်ကလိုက်လာကြတယ်။
နယ်စားမင်းသမီးနဲ့မင်းသားတွေအနေနဲ့ မက်ဒါနာနဲ့ဒီပက ပထမဆုံးရေပက်ရတဲ့သူတွေဖြစ်လာတယ်။ လူအများရှေ့မှာပဲ ဒီပက ငွေဖလားထဲ ပိတောက်ခတ်နဲ့နှစ်ပြီး မက်ဒါနာပခုံးပေါ်ရေလာဖြန်းတယ်။ မက်ဒါနာကလည်း ဒီပကို ဒီလိုပဲပြန်ရေပက်တယ်။ ဒါပေမဲ့ ဘေးထွက်နေရတဲ့ ဖရက်ကတော့ သိပ်ကျေနပ်ပုံမရဘူး။
သူက နန်းတွင်းသူလေးတွေဆီကနေ ရေဖလားတစ်လုံးတောင်း ရေခဲရေအပြည့်ဖြည့်လာပြီး ဒီပခေါင်းပေါ်ကို အားနဲ့လောင်းချလိုက်တယ်။
ဘွမ်း....
"ခင်ဗျားကြီး ဘာလုပ်တာလဲဗျ။" အေးစက်စက်ရေနဲ့ ရုတ်တရက်အလောင်းခံလိုက်ရတဲ့ ဒီပတစ်ယောက်တစ်ကိုယ်လုံး ကြွက်စုတ်လိုဖြစ်သွားတယ်။ ပြီးတော့ ရိုးရားစည်းမျဥ်းအတိုင်းလိုက်နာတဲ့ ဆုဗာနာသင်္ကြန်မှာ ဒီလိုမျိုးလုပ်တာက ရိုင်းရာကျတယ်လေ။
ဒီပက သည်းမခံနိုင်ဘဲ ဖရက်ကို လိုက်ရိုက်ဖို့လုပ်လို့ ကိုယ်ရံတော်တွေ ဝိုင်းဖမ်းထားရတယ်။
"မင်းသားလေး စိတ်လျှော့ပါဦး၊ ဒါက ပွဲတော်နေ့ကြီးလေ။"
"ကျုပ်ကိုလွှတ်၊ အဲဒီခွေးကောင်ကို ကျုပ်စိန်ခေါ်ရမှဖြစ်မယ်။"
မက်ဒါနာကတော့ ခေါင်းခါယမ်းလိုက်မိလေရဲ့။ ဒီပအနေနဲ့ ဖရက်ကိုတကယ်စိန်ခေါ်ရင် ဘယ်နည်းနဲ့မှ နိုင်စရာအကြောင်းကိုမရှိတာ။ ဒါပေမဲ့ ကောင်လေးနှစ်ယောက်က သူ့အတွက်ရန်ဖြစ်နေတာတွေတော့ နည်းနည်းပျော်မိသားရယ်။
ဒါပေမဲ့ အဲဒီအတွေးဝင်ပြီး ခဏကြာတော့ ကိုယ့်ခေါင်းကိုယ်လက်နဲ့ထုပြီး စိတ်ထဲမှာ အော်ဟစ်လိုက်မိပြန်တယ်။
'မက်ဒါနာရေ၊ နင်ခဏလောက်လေး ဖြောင့်ဖြောင့်တွေးလို့မရဘူးလား။' နုဝါနဲ့နီလာက သူတို့မမလေး ဒုက္ခရောက်နေတာတွေ့တော့ ဝှီးချဲကို နောက်ကနေတွန်းပြီး မဏ္ဍပ်ပေါ်က ဆင်းသွားကြတယ်။
"မမလေး၊ မြို့တစ်ပတ်ပတ်ပြီး သင်္ကြန်လျှောက်လည်ကြမယ်လေ။ မကောင်းဘူးလား။"
မက်ဒါနာလည်း ရေစပတ်နေကြပြီဖြစ်တဲ့ မြို့သားတွေနဲ့တခြားမဏ္ဍပ်တွေကိုကြည့်ပြီး ခေါင်းညိတ်လိုက်ပါတယ်။
....
တကယ်ပဲ မက်ဒါနာတစ်ယောက် သူတို့တွေက အခုလိုမျိုး လူတကာရဲ့ပစ်မှတ်ဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူး။ ရှိသမျှ လူတွေအကုန်လုံးက ဆုဗာနာမင်းသမီးလေးနဲ့နန်းတွင်းသူလေးတွေကို ရေလောင်းဖို့ တန်းစီပြီးရောက်လာကြပါတယ်။ ဒါပေမဲ့ စည်းနဲ့ကမ်းနဲ့ပါ။ ပြီးတော့ သင်္ကြန်မဏ္ဍပ်မှန်သမျှကလုပ်တဲ့ စားစရာတွေကိုလည်း ဝင်စားလာရသေးတယ်။
လမ်းမကြီးပေါ်က မဏ္ဍပ်တွေမှာလျှောက်လည်ပြီးနောက် မက်ဒါနာနဲ့နန်းတွင်းသူလေးတွေက နောက်လမ်းက သင်္ကြန်မဏ္ဍပ်တွေဆီရောက်လာကြတယ်။
လမ်းမကြီးပေါ်မှာက သူဌေးတွေ၊ သူကောင်းမျိုးတွေနဲ့ဝန်ုကြီးဌာနတွေက ဆောက်ထားတဲ့ မဏ္ဍပ်အကြီးကြီးတွေရှိပြီး လူများပေမဲ့ နောက်လမ်းတွေမှာကတော့ အိမ်ရှေ့မှာမဏ္ဍပ်ထိုးထားတဲ့ သာမန်လူတွေရဲ့သင်္ကြန်မဏ္ဍပ်တွေရှိတယ်။ ပြီးတော့ ရှေ့က မဏ္ဍပ်ကြီးတွေနဲ့မတူတာက ဒီနေရာက ကလေးတွေကစားဖို့နေရာလွတ်တွေရှိပြီး ကလေးတွေပိုများတယ်။
လူငယ်တွေနဲ့အရွယ်ရောက်ပြီးသူတွေက လမ်းမကြီးပေါ်က မဏ္ဍပ်တွေမှာသွားကဲကြပေမဲ့ ကလေးတွေကတော့ အိမ်နဲ့နီးနီးနားနားမှာပဲ ဆော့ခွင့်ရတာကိုး။
"ဟား... အိမ်ရှေ့မဏ္ဍပ်လေးတွေကလည်း တစ်မျိုးကောင်းသားပဲ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့။" မက်ဒါနာက အခုလိုမျိုး ပြောလိုက်မိတယ်။ ဒါပေမဲ့ စကားမဆုံးသေးခင်မှာပဲ ကလေးတစ်အုပ်စုက မင်းသမီးလေးတို့အုပ်စုကို သတိထားမိသွားပြီး စတီးရေပြွတ်တွေတကိုင်ကိုင်နဲ့ ရောက်လာကြတယ်။
"အား... ဟိုမှာကြည့်၊ မမလှလှတွေ ငါတို့လမ်းထဲ ဝင်လာပြီကွ။" နည်းနည်းကြီးတဲ့ ကလေးဗိုလ်တစ်ယောက်က လက်ညိုးညွန်ပြလိုက်တော့ လမ်းထဲမှာရှိသမျှ ကလေးတွေအားလုံး ရေးခနဲထအော်ပြီး နယ်စားမင်းသမီးလေးနဲ့ နန်းတွင်းသူမလေးတွေဆီကို အုပ်လိုက်ကြီးပြေးလာကြတယ်။ နှာဘူးကောင်စုတ်လေးတွေကတော့ ထိပ်ဆုံးကပါ။ ပြီးတော့ လက်ထဲမှာကိုင်ထားတာတွေက ရေဖလားတို့ဘာတို့မဟုတ်ဘဲ ဖျက်အားပြင်းတဲ့ ရေသေနတ်တွေပါ။
"မမလေးရေ၊ ကျွန်မတို့ပြေးရတော့မယ်ထင်တယ်။" နုဝါနဲ့နီလာက တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ပြီး မမလေးဆီကနေ ခွင့်ပြုချက်တောင်းတယ်။ မက်ဒါနာလည်း မဟန်မှန်းသိတာပေါ့။
"ပြေး... ပြေး... လမ်းမကြီးဆီကို ပြန်ပြေး။"
နောက်တော့ မင်းသမီးလေးတွေနဲ့နန်းတွင်းသူလေးတွေက ရှေ့ကနေပြေး၊ ကလေးအုပ်ကြီးက နောက်ကလိုက်နဲ့ အမြင်မသင့်တယ်တဲ့ ရှုခင်းတစ်ခုက လမင်းစန္ဒာမြို့ပေါ်မှာ ပေါ်ပေါက်လာလေရဲ့။
"နုဝါနဲ့နီလာ၊ အခုက စစ်ပြီးကာလမဟုတ်လား။ အဲဒီကလေးတွေရဲ့မိသားစုက ဘယ်လိုလုပ်ပြီး ဒီလိုစျေးကြီးတဲ့ ရေသေနတ်တွေကို ဝယ်ပေးနိုင်သွားတာလဲ။ ပြီးတော့ အကုန်လုံးမှာရှိနေတာ။"
"အခုရှန်းယန်ခရိုင်အတွက် နယ်စားကြီးအသစ်ခန့်လိုက်တဲ့ အထက်မူးမတ်ကြီးက နယ်စားနိုင်ငံသားတွေပျော်အောင်ဆိုပြီး သင်္ကြန်အတွက် ကလေးကစားစရာတွေ ထောက်ပံပေးထားတယ်တဲ့။ အဲဒါတွေနေမှာ။"
လောလောဆယ် မက်ဒါနာကောင်းမှုကြောင့် ရှန်းယန်ခရိုင် အထက်မူးမတ်ချန်တစ်ယောက် ထောင်ကျနေပြီ။ အခုအထက်မူးမတ်အသစ်ကတော့ ပါဗာတီနဲ့အတူပါလာတဲ့ ချန်းဖန်ပါ။ တစ်နည်းအားဖြင့်ပြောရရင်တော့ နယ်စားကြီးက အခုမက်ဒါနာကြုံနေရတဲ့ကပ်ဘေးအတွက် အပြစ်ရှိတဲ့ကြံရာပါတစ်ယောက်ပဲ။
ကလေးတွေကို ဖိအားပြင်းရေပြွတ်တွေ အလကားပေးမယ့်လူမျိုးကိုမှ အထက်မူးမတ်ရွေးရတယ်လို့။
...
ဖရာလီတာကတော့ ဖန်သားပြင်ပေါ်က ပြင်ပရှုခင်းတွေကို ပျင်းရိစွာနဲ့ကြည့်နေပါတယ်။ လီလီယာနဲ့အတူ ဖရာလီတာက ဆုဗာနာနယ်စားနယ်မြေကို ခရီးနှင်လာတာ နှစ်ရက်ကျော် သုံးရက်ထဲဝင်နေပါပြီ။
အခုတော့ နယ်စားနယ်မြေပိုင်နက်ထဲကို ဝင်နေပြီဆိုပေမဲ့ ပျင်းရိဖွယ်ရာခရီးရှည်ကြီးကို ဖြတ်သန်းလာရတဲ့အတွက် ဖရာလီတာပင်ပန်းနေပါပြီ။ လီလီယာက တကယ်ပျော်တတ်ပေမဲ့ တစ်ချိန်လုံးပေါင်ပေါ်တင်ပြီး ခေါင်းပေါ်မေးတင်တာခံရတဲ့ကိစ္စလောက် ပျင်းစရာကောင်းတာမရှိဘူး။
"ငါ့ရဲ့မေးတင်စရာလေး... ချစ်စရာလေး၊ အဟိအဟိ။" အခုလည်း ဖရာလီတာက လီလီယာပေါင်ပေါ်မှာရောက်နေပြီး မေးတင်ခံထားရတယ်။
"နင်သာ မင်းသမီးမဟုတ်ရင် ငါနင့်ကို ကိုင်ဆောင့်ပြီးနေလောက်ပြီ။ လီလီယာ၊ ကောင်မစုတ်။"
ဖရာလီတာက ပြောလိုက်ရင်း ဖောက်ထွင်းမြင်နိုင်တဲ့ တက်ပလပ်ကို ကြည့်လိုက်တယ်။ သူတို့ဆက်လုပ်ရမယ့်ကိစ္စတွေကို ဖရာလီတာက အစဥ်လိုက်ရေးမှတ်ထားတာပါ။
ဥရောပမဟာမိတ်က အမေရိကန်ကို အာရပ်ပင်နီဆူလာမှာ အနိုင်ယူပြီးတဲ့နောက် မဟာမိတ်သုံးခုစစ်ပွဲထဲမှာ အားအနည်းဆုံးမဟုတ်တော့ပါဘူး။ အာရပ်နိုင်ငံတွေက မဟာမိတ်ထဲပါဝင်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး အကန့်အသတ်မဲ့လုနီးပါးငွေကြေးအရင်းအမြစ်ကို သူတို့ရရှိလိုက်တာနဲ့အတူတူပဲ။
အာရပ်နိုင်ငံတွေက ရေနံကြောင့်ချမ်းသာပါတယ်။ အခုခေတ်မှာက ရေနံအစား တခြားစွမ်းအင်တွေကို ပြောင်းသုံးနေပြီဆိုပေမဲ့ အာရပ်က ချမ်းသာနေသေးတယ်။ အနည်းဆုံးတော့ ကိုလိုနီခေတ်ပြီးကတည်းကချွတ်ခြုံကျနေတဲ့ အင်္ဂလန်ထက်စာရင် အများကြီးကိုချမ်းသာတယ်။
"ဟေး၊ လီလီယာ။ ဆုဗာနာနိုင်ငံက ငါတို့မဟာမိတ်ထဲပါဖို့ အရေးကြီးတယ်နော်။ နင်ပေါက်ကရတွေ လျှောက်လုပ်မနေနဲ့ဦး။" ဖရာလီတာက တက်ပလပ်ပေါ်က စာရင်းထဲမှာပါတဲ့ တစ်ခုကိုထောက်ကြည့်ရင်းပြောလိုက်တယ်။
ဥရောပမဟာမိတ်အနေနဲ့ တခြားမဟာမိတ်နှစ်ခုကိုအသာစီးရဖို့ဆိုရင် ဆုဗာနာရဲ့ဇက်သတ္တုသိုက်ကြီးရဲ့အကူအညီလိုတယ်။ ဒါမှအကောင်းဆုံးလက်နက်တွေနဲ့ချပ်ဝတ်တွေကို ထုတ်လုပ်နိုင်လိမ့်မယ်။
လီလီယာက ဖရာလီတာကို ဘေးပြန်ချပေးလိုက်ရင်း ပြောလိုက်တယ်။ "သိပ်လည်းမစိုးရိမ်ပါနဲ့၊ နင်ပြောတဲ့အတိုင်းဆိုရင် ဆုဗာနာက ငွေကြေးလိုအပ်နေတာမဟုတ်လား။ ငါအခုအာရပ်နဲ့ဆက်သွယ်ပြီး ဆုဗာနာကို ပြန်ဆပ်စရာမလိုတဲ့ အကူအညီငွေ ဒေါ်လာတစ်ဘီလီယံပေးဖို့ ဆုံးဖြတ်ထားတယ်။ ဒီလောက်က သူတို့ကိုဆွဲဆောင်ဖို့လုံလောက်တယ်။ ပြီးတော့လည်း ဆုဗာနာမင်းသမီးလေးက နင့်သူငယ်ချင်းမဟုတ်လား။"
"တကယ်တော့ သူက ငါနဲ့တစ်အိပ်ရာထဲအိပ်လာတဲ့ ငါ့ချစ်သူ။" ဖရာလီတာက လီလီယာရဲ့စကားကို ကန့်ကွက်လိုက်တယ်။ ဒါပေမဲ့ လီလီယာကတော့ ပြန်ပြီးဆင်ခြေပေးပြန်တယ်။
"ဟိုက နင့်ကိုတစ်ယောက်တည်းမအိပ်ရဲသေးတဲ့ ကလေးလိုသဘောထားလို့ အတူအိပ်ခွင့်ပေးထားတာ ဖြစ်ရင်ဖြစ်မှာပေါ့။" ဒါပေမဲ့ လီလီယာတစ်ယောက် အဲဒီစကားကို ပြောပြီးပြီးချင်းမှာပဲ နောင်တရသွားတယ်။ အကြောင်းကတော့ ဖရာလီတာက အယ်လိုဟင်ကို လှမ်းခေါ်နေပြီမလို့လဲ။
"အယ်လိုဟင်ရေ...."
"ဟုတ်ကဲ့မမလေး။" ထိန်းချုပ်ခန်းတံခါးပွင့်လာပြီး အယ်လိုဟင်ချက်ချင်းရောက်လာတယ်။ ဖရာလီတာက လီလီယာကိုထိုးပြပြီး ပြောလိုက်တယ်။
"ဒီမင်းသမီးအရူးမကို သင်္ဘောပေါ်ကနေ ပစ်ချပေးလို့ရမလား။" ဖရာလီတာရဲ့စကားကြောင့် အယ်လိုဟင်တစ်ခဏလောက်ကြောင်ပြီး ကြည့်နေမိတယ်။ ဗြိတိန်ရဲ့တော်ဝင်မျိုးတွေက တကယ်တမ်းအာဏာမရှိဘူးဆိုပေမဲ့ တိုင်းပြည်တစ်ခုရဲ့အုပ်ချုပ်သူတွေဖြစ်နေတုန်းပဲလေ။ အမိန့်တော်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒီလိုမျိုးလုပ်တာက တကယ်ပဲမသင့်တော်ဘူး။
"အား... ဖရာလီတာရေ၊ အဲဒါနင့်ကောင်မလေးမဟုတ်လား။ သူတို့မြို့မှာ ပွဲတော်တစ်ခုခုကျင်းပနေတယ်ထင်တယ်။"
ဒါပေမဲ့ အယ်လိုဟင်ဘာမှမလုပ်ရသေးခင်မှာပဲ လီလီယာက ထွက်ပေါက်တစ်ခုရှာတွေ့သွားပြီး နယ်ဆင်သင်္ဘောရဲ့အဝေးကြည့်ကင်မရာတွေကိုသုံးကာ လမင်းစန္ဒာမြို့ထဲက အဖြစ်အပျက်တွေကို Zoom ဆွဲကြည့်လိုက်တယ်။ သူတို့က မြို့နားရောက်နေပြီလေ။
ဖန်သားပြင်ပေါ်မှာ ဖော်ပြနေတဲ့မြင်ကွင်းက ကလေးတွေလိုက်လို့ပြေးနေတဲ့ မက်ဒါနာနဲ့နန်းတွင်းသူမလေးတွေရဲ့ပုံရိပ်ပါ။ ဖရာလီတာလည်း အဲဒီမြင်ကွင်းကိုကြည့်ပြီး ကိုယ့်နဖူးကိုယ်ရိုက်လိုက်မိတယ်။
"အဲဒီငတုံးမကတော့၊ စစ်ပွဲတစ်ခုကို ဖြတ်ကျော်ထားရလို့ စိတ်တွေဘာတွေများထိခိုက်နေသလားလို့ ငါထင်ထားတာ။ သူက ကလေးတွေနဲ့တောင် ကစားနေလိုက်သေးတယ်။"