← Chapters

SSS အဆင့်လား

Vol. 5 Ch. 37

SSS အဆင့်လား

Vol. 5 Ch. 37

မက်ဒါနာတစ်ယောက် မြေပြင်မှာ ဝှီးချဲကို မိုင်ကုန်ဖွင့်မောင်းနေတုန်း ကောင်းကင်က အလင်းတန်းတစ်ခုကျဆင်းလာတယ်။ မက်ဒါနာမော့ကြည့်လိုက်တော့ လေထုထဲမှာ တဖြည်းဖြည်းပေါ်လာနေတဲ့ သင်္ဘောပျံကြီးကို မြင်လိုက်ရတယ်။

"ဘာကြီးလဲ၊ အဗန်ဂျာကားထဲက လေယာဥ်တင်သင်္ဘောပျံကြီးနဲ့တူသလိုလိုရှိပေမဲ့ Battleship ကြီးလိုပဲ။"

ငုဝါနဲ့နီလာကတော့ ခါတိုင်းလိုပဲ တစ်ယောက်နဲ့တစ်ယောက်ဖက်ထားပြီး ပြိုင်တူပြောလိုက်ကြလေရဲ့။ "မမလေးကို ဂြိုဟ်သားတွေလာပြီး ပြန်ပေးဆွဲတာလားမသိဘူး။"

ဒါပေမဲ့ ခဏနေတော့ ဟော့ပါယာဥ်တစ်စင်းက အဲဒီအလင်းတန်းကနေဆင်းလာပြီး ဖရာလီတာ၊ အယ်လိုဟင်နဲ့တခြားကောင်မလေးတစ်ယောက်တို့ ဆင်းလိုက်လာကြတယ်။ ဖရာလီတာက မက်ဒါနာရှေ့ကိုရောက်သွားပြီး

"မက်ဒါနာ၊ ငါ့မှာတော့ နင့်ကိုစိတ်ပူလိုက်ရတာ နင်ကတော့ ရိုးရာပွဲမှာ ရေဆော့နေနိုင်သေးတယ်ပေါ့လေ။"

မက်ဒါနာလည်း ဖရာလီတာ ရုတ်တရက်ရောက်လာတာကို နေသားမကျဘူးဖြစ်နေတယ်။ ပြောရရင် မျှော်လင့်မထားဘူးလေ။ ဒါကြောင့် သူလက်လေးခါပြီး နှုတ်ဆက်ပြလိုက်တယ်။

"အို... ဟိုင်း..."

"မင်းသမီးလေး၊ ကျွန်တော်တို့လာပြီ။ မကြောက်နဲ့။" ရုတ်တရက်ရောက်လာတဲ့ စစ်သင်္ဘောကြီးကြောင့် နယ်စားသင်္ကြန်မဏ္ဍပ်မှာစောင့်နေတဲ့ ကိုယ်ရံတော်တွေလည်း ထိတ်လန့်ကုန်တယ်။ ဒါပေမဲ့ သူတို့တွေ ချက်ချင်းသတိဝင်လာကြပြီး တပ်မှူးကြီးကိုယ်တိုင် ဦးဆောင်ကာ ပြေးလာကြတယ်။ ဖရက်နဲ့ဒီပတို့လည်း သူတို့နဲ့အတူပါလာတယ်။

ဘက်ပေါင်းစုံက လက်နက်အပြည့်အစုံနဲ့ ဝိုင်းထားတဲ့ ရန်သူတွေကြောင့် လီလီယာ တံထွေးကိုမျိုချလိုက်တယ်။ ဇက်သတ္တုအပြည့်နဲ့စစ်သားကြီးတွေက စကားပြောကောင်းရုံကလွဲပြီး ဘာမှမလုပ်တတ်တဲ့ လီလီယာကို ကြောက်စိတ်ဝင်စေတယ်လေ။

"ဖရာလီတာရေ၊ နင့်ကို ငါသတိမပေးဘူးလား။ မဆင်းခင် ကြိုအချက်ပြပါဆို။" တကယ်တော့ ဆုဗာနာပိုင် လေထုထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာတာနဲ့တင် ဆုဗာနာတွေက သူတို့ကိုဝိုင်းတိုက်လို့ရနေပြီ။

မက်ဒါနာကလည်း လက်ကာပြပြီး မိတ်ဆွေတွေဖြစ်ကြောင်း ကိုယ်ရံတော်တပ်ဖွဲ့ကို ရှင်းပြရတယ်။ ကိုယ်ရံတော်တပ်မှူးက သူတို့တိုင်းပြည်ကို မိတ်ဖွဲ့ဖို့ လာတဲ့သူတွေမှန်းသိမှ သက်ပြင်းချနိုင်တော့တယ်။

"ဒါနဲ့နေပါဦး၊ နင်ဘယ်လိုလုပ်ပြီး ငါနဲ့မတွေ့ရတဲ့ ခဏလေးအတွင်းမှာ ထွားလာရတာလဲ။" ဖရာလီတာက မက်ဒါနာကိုစူးစမ်းလေ့လာပြီးနောက် လူအများရှေ့မှာပဲ မက်ဒါနာ့ရင်ဘတ်ကို လက်ညိုးညွန်ပြီး မေးတယ်။ တစ်ဆိုဒ်လုံးခုန်တက်လာတာက လုံးဝပုံမှန်မဟုတ်ဘူးလေ။

"အမေပြောတာတော့ ကြီးထွားဆဲအရွယ်မလို့တဲ့။"

"....." ဖရာလီတာ ပါးစပ်ပိတ်သွားတယ်။

အဲဒီနောက်အဖြစ်အပျက်တွေကတော့ တော်တော်လေးရိုးစင်းပြီး ခန့်မှန်းရမခက်ပါဘူး။ မက်ဒါနာနဲ့အတူပါလာတဲ့ ကိုယ်ရံတော်တပ်ဖွဲ့က ဂုဏ်ပြုတပ်ဖွဲ့လိုမျိုးပြုမှုပြီး ရှေ့ကနေသွားတယ်။ မက်ဒါနာနဲ့ဖရာလီတာတို့အုပ်စုကတော့ နောက်ကလိုက်ရတာပေါ့။

သင်္ဘောပျံကြီးနယ်ဆင်ကလည်း ဆုဗာနာနန်းတော်နားအထိ ခုတ်မောင်းသွားပြီး လမင်းစန္ဒာရေကန်ထဲဆင်းသက်ကာ ရပ်ထားလိုက်ပါတယ်။ ရေကန်က အတော်လေးကြီးပေမဲ့ သင်္ဘောကြီးနေရာယူပြီးတဲ့နောက်တော့ လေးပုံတစ်ပုံလောက်ပြည့်သွားပြီ။

သတင်းဌာနတွေကလည်း ဗြိတိသျှသင်္ဘောပျံကြီးကို သတိထားမိသွားပြီး ချက်ချင်းရောက်လာတော့တာပေါ့။ ပြီးတော့ သူတို့ထဲကတချို့ဆိုရင် လမင်းစန္ဒာမြို့ထဲက သင်္ကြန်ပွဲတော်ကျင်းပနေတဲ့သတင်းကို ပြသဖို့အတွက် နေရာမှာရှိနေပြီးသားပါ။

မကြာခင်မှာပဲ တစ်ကမ္ဘာလုံးကို ဗြိတိသျှတော်ဝင်ကိုယ်စားလှယ်တွေ ဆုဗာနာရောက်လာတဲ့သတင်းက ပြန့်သွားတော့မယ်။

....

မက်ဒါနာတို့ နယ်စားနန်းတော်ကိုပြန်ရောက်တော့ နယ်စားကြီးပြန်ရောက်မလာသေးဘူး။ အဲဒီအစား မေမေသီတာတစ်ယောက်ပဲ နန်းတော်မှာလုပ်စရာရှိတာလုပ်နေတာ။ အထူးသဖြင့်တော့ မက်ဒါနာကို ကြေးစားစစ်တပ်ကလုပ်ကြံဖို့ကြိုးစားတဲ့ တိုက်ပွဲမှာ ပျက်စီးသွားတဲ့ အပျက်အစီးတွေကို လိုက်ပြင်တာကိုကြီးကြပ်နေတာ။

ပြီးတော့ မေမေသီတာအပြင် တခြားနှစ်ယောက်လည်း ရှိနေသေးတယ်။ မက်ဒါနာမသိတဲ့ သက်လတ်ပိုင်းဦးလေးကြီးနဲ့ ဆေးပညာမြူတန့် ပါဗာတီပါ။

"ဟော၊ သမီးလေးတို့ပြန်လာပြီလား။ ပြီးတော့ ဧည့်သည်တွေလဲပါတယ်။" မေမေသီတာက မက်ဒါနာတို့ကို သတိထားမိသွားပြီးပြောလိုက်တယ်။ အလားတူပဲ ဟိုထူးထူးဆန်းဆန်းဝတ်စုံဝတ်နဲ့ ဦးလေးကြီးနဲ့ပါဗာတီတို့လည်း သူတို့ဖက်ကိုလှည့်ကြည့်တယ်။

"သီတာလေး၊ ဒါက မင်းသမီးလေးလား။ မင်းငယ်ငယ်ကအတိုင်းပဲ လှလိုက်တာ။ ဆံပင်က ငွေဖြူရောင်ဖြစ်နေတာပဲရှိတယ်။" ထူးဆန်းတဲ့ ဦးလေးကြီးက မက်ဒါနာနားရောက်လာပြီး အတင်းစူးစမ်းတယ်။ ပြီးတော့ မေမေသီတာကိုလည်း သီတာလေးတဲ့။

"ဟဲ့ဟဲ့၊ ရှင်ဘာလုပ်တာ။"

ဒါကြောင့် ဖရာလီတာက မက်ဒါနာရှေ့ကိုရောက်လာပြီး ဦးလေးကြီးအနားထပ်ကပ်လို့မရအောင် ဟန့်ရတယ်။ ဖရက်ကတော့ ပိုဆိုးသေးတယ်။ အတောင်ကိုဖြန့်ပြီး လက်ထဲမှာတောင် မိုးကြိုးလျှပ်စီးတွေစုဖို့လုပ်နေပြီ။

"ရှေ့ဆက်တိုးလာရင် သတ်ပစ်မယ်။" ဖရက်က အင်္ဂလိပ်လိုပြောလိုက်တာဖြစ်ပေမဲ့ ခြိမ်းခြောက်သံပါတာကြောင့် ဦးလေးကြီးလည်း တံထွေးကိုမျိုချလိုက်ပြီး နောက်ဆုတ်လိုက်ရတယ်။

"အဟားဟား၊ သမီးဦးလေးချန်းဖန်က အဲဒီလိုပဲ။ အနေအထိုင်တတ်တာမဟုတ်ဘူးရယ်။ သူ့ကိုမရှိသလိုမျိုး လစ်လျူရှုထားလိုက်။ အမေလုပ်နေကျအတိုင်းပဲပေါ့။" မေမေသီတာက မက်ဒါနာကို ချန်းဖန်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ ဒါပေမဲ့ လူတစ်ယောက်ကို တခြားတစ်ယောက်နဲ့နှုတ်ဆက်ပေးဖို့ နည်းလမ်းမှန်တော့ မဟုတ်ဘူးရယ်။

ချန်းဖန်လည်း တစ်ခုခုပြောချင်ပေမဲ့ အတော်ကြေကွဲသွားပုံပဲ။ ပါဗာတီက ရှေ့တက်လာပြီး သူ့ကိုပခုံးပုတ် နှစ်သိမ့်ပေးရတယ်။ မက်ဒါနာလည်း ငုဝါနဲ့နီလာတို့ပြောပြောနေတဲ့ အထက်မူးမတ်အသစ်ဆိုတာကို ပြန်မှတ်မိသွားတယ်။

"ဪ၊ ဦးလေးက ရှန်းယန်ခရိုင်အထက်မူးမတ်သစ်မလား။ အရင်တစ်ယောက်ကတော့ အခုထောင်ထဲ။" မက်ဒါနာကလည်း ပြုံးပြီးတော့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ သူကောင်းမျိုးတွေကို နှုတ်ဆက်ဖို့သင့်တော်တဲ့နည်းလမ်းမဟုတ်တာ အသိသာကြီးရယ်။

ချန်းဖန်ကတော့ ကောင်းကိုသာကုတ်ပြပြီး "ဟုတ်ကဲ့၊ မင်းသမီးလေးလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ကျွန်တော်လည်းကြားပါတယ်။ ဖြစ်နိုင်သမျှ လူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမှာမလို့ သီတာလေးနဲ့ဦးကိုစိတ်ချလိုက်နော်။"

မက်ဒါနာက နှုတ်ခမ်းကိုကိုက် မျက်မှောင်ကြုတ်ပြီး ချန်းဖန်ကို စိုက်ကြည့်လိုက်တယ်။ 'ဘာလဲဟ၊ ဒီလူကြီးကလည်း တင်မီတို့ဖရက်တို့လိုမျိုးအတန်းစားထဲကလား။' မက်ဒါနာတွေးလိုက်ပြီး ဖြစ်နိုင်တယ်လို့ ကောက်ချက်ချလိုက်တယ်။ ဒီလိုယောက်ျားမျိုးတွေနဲ့ရင်ဆိုင်ရာမှာ မက်ဒါနာက မေမေသီတာနဲ့မူဝါဒတူတယ်။ မရှိသလိုမျိုး သဘောထားလိုက်၊ ဒါကသိပ်ကိုအဆင်ပြေတယ်။

ကောင်လေးဒီပကတော့ အထူးအဆင့်အတန်းနဲ့ဆက်ဆံရမယ့် ဧည့်သည်တွေရှိနေသေးမှန်း သတိသတိရသွားပြီး ဗြိတိသျှမင်းသမီးလေးကို အတော်လေးကောင်းတဲ့ အင်္ဂလိပ်စကားနဲ့ နှုတ်ဆက်လိုက်ပါတယ်။

"တွေ့ရတာဝမ်းသာပါတယ် မင်းသမီးဖရာလီတာ။ ကျွန်တော်က နန်းမွေခံနယ်စားမင်းသားဒီပပါ။ နယ်စားကြီးက အရေးကြီးကိစ္စတစ်ခုနဲ့ အပြင်ထွက်သွားတဲ့အတွက် ကိုယ်တိုင်ဧည့်မခံနိုင်သေးပါဘူး။ ဒါကြောင့် ဧည့်ခန်းမဆောင်ကိုလိုက်ခဲ့ပေးပါ။"

တိုင်းပြည်တစ်ခုဟာ သံတမန်တွေကို ကောင်းမွန်စွာဆက်ဆံဖို့ တာဝန်ရှိပါတယ်။ အထူးသဖြင့် သံတမန်ဟာ တော်ဝင်မျိုးနွယ်ဒါမှမဟုတ် တိုင်းပြည်ဦးလျှောင်တွေထဲက တစ်ယောက်ဖြစ်နေရင် တန်းတူညီတူဆက်ဆံဖို့ တာဝန်ယူပါတယ်။

ဒီပက မင်းသမီးလေးလီလီယာကို ဦးဆောင်ပြီး ဧည့်ခန်းမဆောင်ဆီကို ခေါ်သွားတယ်။ မေမေသီတာကလည်း သူ့သူငယ်ချင်းနှစ်ယောက်ကို ကြည့်လိုက်ပြီး "နယ်စားမင်းသမီးကြီးအနေနဲ့ ဧည့်သည်ကိုဧည့်မခံလို့ မဖြစ်ပေဘူး။ ချန်းဖန်ကလည်း သူကောင်းမျိုးမလို့ တခြားသူကောင်းမျိုးအတွက်ကိုယ်စားပြုပြီး ဧည့်ခံသင့်တယ်။"

"အမိန့်အတိုင်းပါ ကိုယ့်ရဲ့မင်းသမီးလေ။" ချန်းဖန်က ချက်ချင်းခေါင်းညိတ်တယ်။ မက်ဒါနာ ဒီလူကြီးကို နည်းနည်းရွံလာပေမဲ့ ဘာမှမပြောဘဲ လီလီယာနဲ့ဒီပနောက်ကိုသာ လိုက်သွားတယ်။ နောက်တော့ကျန်တဲ့သူတွေလည်း ဧည့်ခန်းမဆောင်ကို သွားကြတာပေါ့။

....

ဗြိတိန်မင်းသမီးက ဧည့်ခန်းမဆောင်ရောက်တာနဲ့ သူတို့လာရတဲ့အကြောင်းအရင်းကို စပြီးရှင်းပြပါတယ်။နယ်စားကြီးမရှိသေးပေမဲ့ ဧည့်ခန်းမဆောင်ကိုလိုက်လာတဲ့ လူတွေက နယ်စားမိသားစုကိုကိုယ်စားပြုဖို့ လုံလောက်ခဲ့ပါတယ်။ ဒါပေမဲ့ နယ်စားနိုင်ငံတစ်ခုလုံးကိုတော့ ကိုယ်စားပြုဖို့မလုံလောက်သေးတာကြောင့် သဘောထားကို ကြားနာရုံသာရှိပြီး ဆုံးဖြတ်ချက်ချလို့မရပါဘူး။

"စဥ်းစားကြည့်တော့ နှစ်ဖက်လုံးအတွက် အကျိုးရှိမယ့် အခြေအနေပဲ။" မက်ဒါနာက စဥ်းစားပြီးပြောတယ်။

ဗြိတိန်က ဇက်သတ္တုဝယ်ယူခွင့်နဲ့ S rankတစ်ယောက်ကို မဟာမိတ်ပြုခွင့်ရမယ်။ ဆုဗာနာကတော့ လိုအပ်နေတဲ့ငွေကြေးနဲ့လက်နက်နည်းပညာတွေကို ရရှိပါမယ်။ မက်ဒါနာက နည်းပညာအများအပြားကို ဆုဗာနာအတွက် တီထွင်ပေးပြီးဖြစ်သလို လိုအပ်လာရင် ဆက်တီထွင်ပေးနိုင်ပေမဲ့ ဆုဗာနာရဲ့စက်မှုကဏ္ဍက လုံလောက်မှုမရှိဘူး။ ပြီးတော့ စက်မှုဖွံဖြိုးတိုးတက်မှုဆိုတာက ဝုန်းခနဲ ကြီးထွားလာအောင်လုပ်လို့မရဘူး။

"ပြီးတော့ ကျွန်မတို့ရဲ့မဟာမိတ်ဖွဲ့စည်းပုံအရဆိုရင် နိုင်ငံတွေကပဲ မဟာမိတ်ကို ကိုယ်စားပြုခွင့်ရမှာမဟုတ်ပါဘူး။ တိုင်းပြည်တွေရဲ့အင်အားကြီးမြူတန့်တွေကလည်း ကိုယ်စားပြုခွင့်ရမှာပါ။"

လီလီယာက တကယ်ပဲစကားပြောကောင်းတယ်။ တခြားသူတွေ သူ့စကားကို ရှင်းရှင်းလင်းလင်း နားထောင်လို့ရစေဖို့အတွက် တစ်ကြိမ်မှာ ဝါကျသုံးကြောင်းထက် ပိုမပြောဘူး။ အဲဒီအစား ခဏနားပြီး ကော်ဖီတစ်ငုံသောက်လေ့ရှိတယ်။ ကျန်တဲ့သူတွေက သူပြောတဲ့အချက်အလက်တွေကို စဥ်းစားကြည့်လို့ ကျေညက်သွားပြီး ထပ်ပြောမှာကို စိတ်ဝင်စားလာပြီဆိုမှ ရှေ့ဆက်တယ်။

"မဟာမိတ်ရဲ့အဓိကအုစ်မြစ်ကြီးနှစ်ခုမှာ အဖွဲ့ဝင်ကိုယ်စားလှယ်ကောင်စီအပြင် မစ်ရှင်ကောင်စီကိုပါ ဖွဲ့ထားပါတယ်။ အဖွဲ့ဝင်ကောင်စီက အဖွဲ့ဝင်နိုင်ငံတွေရဲ့အစိုးရတွေကို ကိုယ်စားပြုပြီး မစ်ရှင်ကောင်စီက သက်ဆိုင်ရာနိုင်ငံတွေရဲ့မြူတန့်စစ်သည်တွေကို ကိုယ်စားပြုပါတယ်။"

လီလီယာက စကားကိုရပ်နားလိုက်ပြီး ဖရာလီတာကို အချက်ပြတော့ ဖရာလီတာက ဆက်ပြောတယ်။ "ဗြိတိန်ရဲ့မစ်ရှင်အဖွဲ့ဝင်အဖြစ် Archmegaဖြစ်တဲ့ကျွန်မက ကိုယ်စားပြုပြီး အာရေဗျသမဂ္ဂရဲ့ကိုယ်စားပြုကတော့ အော့တိုမန်အိမ်တော်ရဲ့မာမွတ်ပါ။" ဖရာလီတာက မက်ဒါနာကိုကြည့်လိုက်ပြီး "ဆုဗာနာအတွက်တော့ မက်ဒါနာက မစ်ရှစ်အဖွဲ့ဝင်ဖြစ်လာလိမ့်မယ်။"

အဲဒီနောက်တော့ လီလီယာက အလှည့်ဝင်ယူပြီး ဆက်ရှင်းပြပါတယ်။ "အဖွဲ့ဝင်ကောင်စီက မဟာမိတ်မူဝါဒတွေကို ဆုံးဖြတ်ပြီး မစ်ရှင်အဖွဲ့ကတော့ နာမည်အတိုင်းပဲ တခြားမဟာမိတ်နှစ်ခုရန်ကနေ ကာကွယ်ဖို့ပူးပေါင်းဆောင်ရွက်လိမ့်မယ်။"

တစ်နည်းအားဖြင့် ဥရောပမဟာမိတ်သစ်က သူ့အဖွဲ့ဝင်နိုင်ငံတွေမှာ ဟီးရိုးအစည်းအရုံးလိုအဖွဲ့လေးတွေကို တည်ထောင်လိုက်တာပဲ။ ဒါပေမဲ့ ပိုပြီးဗဟိုစုဖွဲ့မှုရှိပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်မှုလည်း ပိုမြင့်မားလာမှာပါ။

"ပြီးတော့ ကျွန်မတို့မဟာမိတ်က တခြားနှစ်ဖွဲ့လိုမျိုး တစ်ယောက်နဲ့တစ်ယောက် အပြီးတိုင်ဖျက်ဆီးပစ်ဖို့ စိတ်မဝင်စားပါဘူး။ အဓိကရည်မှန်းချက်က အခုလိုကသောင်းကနင်းကာလကို အမြန်ဆုံးပြီးစေချင်တာပါ။ အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဂျပန်ကိုပါ မဟာမိတ်ထဲဝင်ဖို့ ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။"

နယ်စားမိသားစုဝင်တွေနဲ့ဗြိတိသျှမင်းသမီးတို့က နောက်ထပ်ကိစ္စတွေအများကြီးကိုလည်း ဆွေးနွေးခဲ့ကြသေးတယ်။ မြူတန့်မဟာမိတ်နဲ့လူသားမဟာမိတ်ကြားက လက်တလောစစ်ပွဲတွေ၊ ခြိမ်းခြောက်မှုသစ်ဖြစ်တဲ့ သားရဲကြီးတွေအကြောင်းရောပေါ့။

"သားရဲတွေအကြောင်းပြောခါမှ မဟာမိတ်မစ်ရှင်အဖွဲ့ကို မဟာမိတ်ကပေးဖို့စီစဥ်ထားတဲ့ ပထမဆုံးတာဝန်က ရုရှားစစ်မြေပြင်မှာ လျှောက်သွားနေတဲ့ လိပ်နက်ကြီးကို အဆုံးသတ်ပစ်ဖို့ပါ။" လီလီယာက စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတစ်ခုကို ပြောလိုက်တယ်။ မက်ဒါနာလည်း အဲဒီကိစ္စကို စိတ်ဝင်စားတယ်။

"ကျန်တဲ့မဟာမိတ်နှစ်ဖွဲ့ပူးပေါင်းပြီးချတောင် လိပ်အနိုင်ယူနိုင်ဖို့ မဖြစ်နိုင်သေးဘူးဆိုပေမဲ့ပေါ့။" ဖရာလီတာက ဝင်ထောက်လိုက်တယ်။ လိပ်က တကယ်ပဲ မြို့တစ်မြို့လုံးကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်သူပါ။ S rank မြူတန့်တွေအနေနဲ့ သူ့ကိုကိုင်တွယ်ဖို့များလွန်းတယ်။

တခြားတစ်ဖက်မှာလည်း လိပ်နက်ကိုအနိုင်ယူတာက မဟာမိတ်အတွက် အကျိုးရှိတယ်။ တခြားမဟာမိတ်တွေ အတ္တအတွက်တိုက်နေချိန် ဥရောပမဟာမိတ်က လူသားမျိုးနွယ်အတွက်ခြိမ်းခြောက်မှုတစ်ခုကို ဖြေရှင်းပေးနိုင်ခဲ့မယ်ဆိုရင် လူတိုင်းလေးစားတာခံရမှာဖြစ်ပြီး ပုံရိပ်အသာစီးရနိုင်ပါလိမ့်မယ်။

မက်ဒါနာလည်း ခေါင်းညိတ်ပြီး နှိုင်းယှဥ်ကြည့်ပါတယ်။ "အရင်က အလောင်းကောင်သခင်ကြီးကိစ္စကြောင့် အိုစာကာတစ်မြို့လုံးပျက်စီးသွားဖူးတယ်။ ဒါပေမဲ့ တစ်ချက်တည်းနဲ့ဖျက်ဆီးနိုင်ခဲ့တာမဟုတ်ဘူး။ S rankထက် ပိုစွမ်းတဲ့သူတွေထက် ပိုစွမ်းတာလား။ အဓိပ္ပါယ်မရှိဘူး။"

လိပ်က ကမ္ဘာကြီးရဲ့သာမန်လူတွေရော သာမန်ထက်ပိုတဲ့သူတွေပါသိထားတဲ့ ခွန်အားတိုင်းတာမှုစနစ်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သူပါ။ ဖရာလီတာက လက်ဖက်ရည်ခွက်ကို ဇွန်းနဲ့မွှေရင်း ပြောလိုက်တယ်။

"S rankထက်ပိုစွမ်းတဲ့သူတွေကို SS ဆိုပြီး အစိုးရတွေက လျှို့ဝှက်နာမည်တပ်ထားမှတော့ လိပ်နက်က SSS ဆိုပြီးဖြစ်သင့်တယ်မလား။"

မက်ဒါနာကတော့ မျက်လုံးကိုလှိမ့်ပြတယ်။ "ကြားရတာ Gachaဂိမ်းကစားနေရသလိုပဲ။" နောက်တော့ မက်ဒါနာက သတိဝင်လာပြီး ပြောလိုက်တယ်။

"ကျန်တဲ့မဟာမိတ်နှစ်ခုပေါင်းပြီး တိုက်ခဲ့ရင်တောင် နိုင်ခြေမရှိတဲ့ လိပ်နက်ကို နင်တို့က ဘယ်လိုလုပ်ပြီးနိုင်မှာလဲ။" ဒါပေမဲ့ ဖရာလီတာက လက်ခါပြပြီး ယေဘုယျကျကျပြန်ဖြေရှင်းတယ်။

"နတ်ဘုရားအသံအဖွဲ့ဝင်တွေကို လောလောဆယ်ဆက်သွယ်မရပေမဲ့ ငါတို့မှာ အာကိုင်းဂါမီရှိသေးတယ်လေ။ အဲဒီမီးရှူးမီးပန်းကောင်ကို ရိုက်နှက်ပြီးမေးရင် တစ်ခုခုသိရမှာပေါ့။ သူက ငါတို့ထဲမှာ အသက်အကြီးဆုံးပဲဥစ္စာ။"

မက်ဒါနာကတော့ အာကိုင်းဂါမီအစား တံထွေးမျိုချလိုက်မိတယ်။ ကိုင်းတိုက တကယ်ပဲ သက်တမ်းရှည်ကြီး နေခဲ့ရသူပါ။ သူကိုယ်တိုင်လည်း မီးငှက်ကြီးဖြစ်ဖူးတယ်ဆိုတော့ အဲဒီလိုဆိုက်ဒ်လွန်မြူတန့်ကြီးတွေအကြောင်း သိနေနိုင်တယ်။ သိပ်ကိုဝေးကွာလွန်းတဲ့ အတိတ်က ကိစ္စတွေမလို့ မေ့ကောင်းမေ့နေနိုင်ပေမဲ့ပေါ့။

နောက်တော့ ဖရာလီတာက ပေါင်ချိတ်ထိုင်လိုက်ပြီး ကိုယ်ကိုရှေ့ကိုင်းကာ မက်ဒါနာကို တစ်ခုခုပြောပြဖို့ပြင်လိုက်တယ်။

"ပြီးတော့ မက်ဒါနာရေ ငါနင့်ကိုလျှို့ဝှက်ချက်တစ်ခုပြောပြစရာရှိသေးတယ်။ ဒါပေမဲ့ အခုတော့တခြားသူတွေလည်း ရှိနေသေးတာဆိုတော့။"

ဖရာလီတာက ချန်းဖန်နဲ့ပါဗာတီကို ကြည့်လိုက်ပါတယ်။ မေမေသီတာကလည်း ခေါင်းညိတ်လိုက်ပြီး အားလုံးကိုယ်စား ပြောလိုက်ပါတယ်။ "ကြည့်ရတာ ငါတို့အပြင်လူတွေက ဒီအထိပဲ နားထောင်လို့ရမယ်ထင်တယ်။"

အဲဒီနောက် ဒီပတစ်ယောက်ပဲ နေခဲ့ပြီး မေမေသီတာနဲ့ကျန်လူတွေအားလုံး အခန်းထဲက ထွက်သွားကြပါတယ်။ ဒီပကတော့ မဟာမိတ်မတိုင်ခင်က အမိန့်တော်နဲ့ နတ်ဘုရားအသံအဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ မြူတန့်သိပ္ပံဆန့်ကျင်ရေးမှာ ပါဝင်ပြီးသားဖြစ်လို့ ဖရာလီတာတို့အတွက် အပြင်လူလို့ပြောရခက်ပါတယ်။ မေမေသီတာကလည်း အပြင်လူမဟုတ်ပေမဲ့လို့ တခြားသူတွေခံရမခက်အောင် ဦးဆောင်နမူနာပြပေးရုံပါ။

ဧည့်ခန်းမတံခါးပိတ်သွားတာကိုကြည့်ပြီး မက်ဒါနာက ပြောလိုက်တယ်။ "ဆက်ပြောလို့ရပြီ။"

ဖရာလီတာက "တကယ်တော့ ပန်ဒရာဂွန်မျိုးနွယ်တွေမှာလည်း အဲဒီအကောင်တွေနဲ့ နည်းနည်းဆင်တဲ့ကိစ္စတစ်ခုရှိတယ်။ ပန်ဒရာဂွန်ဆိုတဲ့နာမည်က နဂါးအကြီးအကဲဆိုတဲ့ နာမည်ကလာတာ။ ငါတို့မှာနဂါးသွေးပါတယ်ဆိုတဲ့ ဒဏ္ဍာရီတွေလည်းရှိတယ်။"

နည်းပညာသမားဖြစ်တဲ့ ဖရာလီတာလိုလူက ဒဏ္ဍာရီတွေအကြောင်း အစဖော်တာ သိပ်ထူးဆန်းတယ်။ တစ်ချိန်တည်းမှာပဲ ဖရာလီတာပြောတဲ့ကိစ္စတွေကိုဆက်စပ်ကြည့်တော့ ကမ္ဘာကြီးနောက်ကွယ်ကအမှန်တရားက ပိုပြီးအဓိပ္ပါယ်ရှိလာသလိုပဲ။

"ပြီးတော့ အဲဒီဒဏ္ဍာရီက အမှန်ပဲ၊ ငါတို့အဖွားရဲ့ခန္ဓာကိုယ်ထဲမှာ မပြည့်စုံတဲ့ဒဏ္ဍာရီလာနဂါးရဲ့အစိတ်အပိုင်းတစ်ခုရှိနေတယ်။"

တကယ်တော့ ရှေးကတည်းက မြူတန့်သားရဲတွေ တည်ရှိနေတယ်ဆိုတဲ့ သီအိုရီက တကယ်ဖြစ်မှန်း မက်ဒါနာသိပြီးသားပါ။ ဆုဗာနာမှာကို အများကြီးရှိနေတယ်မဟုတ်လား။ ပြီးတော့ အဲဒီရှေးကျတဲ့မြူတန့်သားရဲတွေက သလင်းကျောက်တုံးတွေနဲ့ နက်ရှိုင်းစွာဆက်စပ်နေပါတယ်။

"ငါတို့တွေ ပုရွက်ဆိတ်ဘုရင်မဆီကနေပြီးတော့ ဒီကမ္ဘာရဲ့မျိုးစိတ်တွေက မူလရှိသင့်တဲ့မျိုးစိတ်တွေ မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။ ပြီးတော့ အရှင်လေးပါးဆိုတာရောပဲ။" မက်ဒါနာက ပြောလိုက်တယ်။

ဖရာလီတာကလည်း ဆက်ပြောတယ်။ "ပန်ဒရာဂွန်တွေရဲ့မှတ်တမ်းတွေထဲမှာလည်း သားရဲလေးကောင်အကြောင်းပါဖူးတယ်။ မှတ်တမ်းတွေက အထပ်ထပ်ကူးရေးထားတာမလို့ သိပ်စိတ်မချရပေမဲ့ နဂါး၊ မီးငှက်၊ လိပ်နက်နဲ့ ကျားဖြူဆိုတဲ့အချက်ကတော့ ဘုံတူညီချက်ရှိတယ်။"

မက်ဒါနာလည်း ခေါင်းပေါက်ထွက်လုမတတ် စဥ်းစားတယ်။ တကယ်ပဲ ကိစ္စတွေက ထင်ထားတာထက်ရှုပ်နေတယ်။ "ပုရွက်ဆိတ်ဘုရင်မဆီကနေ ငါတို့တွေသဲလွန်စအတိုအပြတ်တွေ ရလာခဲ့ပေမဲ့ ငါတို့တွေက ဒီဂြိုဟ်ကမဟုတ်တဲ့ ရှုပ်ထွေးတဲ့ ယဥ်ကျေးမှုတစ်ခုကဆိုတာ ကောက်ချက်ချလို့ရတယ်။ မြူတန့်တွေကိုဖြစ်လာစေတဲ့ သလင်းကျောက်တွေက ယဥ်ကျေးမှုဟောင်းကနေပါလာတဲ့ အမွေအနှစ်တွေဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီသားရဲလေးကောင်ကရော။"

သားရဲလေးကောင်ရဲ့တည်ရှိမှုက လက်ရှိအမိန့်တော်အဖွဲ့အတွက် နားမလည်နိုင်တဲ့ ဆန်းကြယ်မှုတစ်ခုပါ။ဖရာလီတာက ပခုံးခါပြလိုက်တယ်။

"ရှင်းရှင်းပြောရရင် သားရဲလေးကောင်ဆိုတာကလွဲပြီး ငါတို့ဘာမှမသိဘူး။ တခြားမြူတန့်သားရဲတွေလိုပဲ မြူတန့်သလင်းကနေ ဆင့်ကဲပြောင်းလဲလာတာချင်းတူပြီး တွေ့နေကျကောင်တွေထက် နည်းနည်းပိုစွမ်းနေတာလည်း ဖြစ်နိုင်တာပဲ။"

ဒါပေမဲ့ လီလီယာကတော့ ဖရာလီတာစကားကို သိပ်သဘောတူချင်ပုံမပေါ်ဘူး။ "ဖရာလီတာရေ၊ SSS rankတွေကို ပုံမှန်မြူတန့်သားရဲတွေထက် နည်းနည်းပိုစွမ်းရုံပဲလို့ ပြောတာက နည်းနည်းနှိမ်လွန်းရာ မရောက်ဘူးလား။ သူတို့က ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို တစ်ကောင်တည်းနဲ့စိန်ခေါ်နိုင်တဲ့အထိ စွမ်းနေတာလေ။"

ပြီးတော့ မက်ဒါနာလည်း ဖရာလီတာရဲ့သီအိုရီကို သိပ်သဘောမတူချင်ဘူး။ "ပင်မမြူတန့်သလင်းကျောက်တွေကသာ မြူတန့်သားရဲတွေကို SSS Rankအထိ တိုးတက်စေမယ်ဆိုရင် နှစ်ထောင်နဲ့ချီ သလင်းကျောက်နားမှာနေနေတဲ့ ပုရွက်ဆိတ်ဘုရင်မကြီးလည်း အဲဒီလောက်စွမ်းနေရမှာပေါ့။"

ဖရာလီတာလည်း စိတ်ပျက်စွာနဲ့ ခေါင်းခါတယ်။ ပုရွက်ဆိတ်ဘုရင်မက အင်အားကြီးတယ်ဆိုပေမဲ့ လိပ်နက်တို့မီးငှက်တို့နဲ့ယှဥ်ရင် ဘာမှမဟုတ်တော့ပြန်ဘူး။

"လောလောဆယ် လျှောက်တွေးနေလဲ အပိုဖြစ်မှာပဲ။ နင်ပြောသလိုပဲ မီးရှူးမီးပန်းကောင်ကို ရိုက်နှက်ပြီးမေးကြတာပေါ့။" မက်ဒါနာက ပြောလိုက်တော့ အကုန်လုံးခေါင်းညိတ်ပြတယ်။

အဲဒီအချိန်မှာပဲ တံခါးကိုတစ်ယောက်ယောက်လာခေါက်ပြီး အထဲကိုခပ်ကျယ်ကျယ် သတင်းပို့တယ်။ "နယ်စားမင်းသားလေးနဲ့မင်းသမီးလေးခင်ဗျား၊ နယ်စားကြီးပြန်ရောက်လာပါပြီ။ လွှတ်တော်ကျင်းပတဲ့အခါ ကိုယ်စားလှယ်တွေကို တရားဝင်တွေ့မယ်လို့ ပြောပါတယ်။"

ဒီပလည်း သတင်းပို့တဲ့စကားကိုကြားတော့ သဝန်လွှာတစ်ခုကို ချက်ချင်းရေးဖို့ပြင်တယ်။ "ဗြိတိန်မင်းသမီးလေးကမ်းလှမ်းတဲ့ ကမ်းလှမ်းချက်တွေနဲ့ တခြားအရေးကြီးအချက်အလက်တွေကို ကျွန်တော်နယ်စားကြီးဆီ လျှို့ဝှက်လိပ်မူပြီး ပို့လိုက်ပါမယ်။ နယ်စားကြီးက သဝန်စာကိုဖတ်ပြီး လွှတ်တော်ကို သိသင့်သိထိုက်တာတွေ ကြိုပြောထားမှာဖြစ်လို့ မင်းသမီးလေးတို့လည်း ထပ်ရှင်းပြစရာမလိုတော့ဘူးပေါ့။"

"ကောင်းတယ်..." လီလီယာက ခေါင်းညိတ်ပြတယ်။ နောက်တော့ ဧည့်ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြန်တယ်။

All Chapters