← Chapters

နိမိတ်

Vol. 5 Ch. 38

နိမိတ်

Vol. 5 Ch. 38

နယ်စားကြီးက ပြန်ရောက်လာပြီဆိုပေမဲ့ ဗြိတိန်သံတမန်အုပ်စုကို ခေါ်မတွေ့ဘူး။ အဲဒီအစားဒီပရဲ့အစီရင်ခံစာကိုပဲ အစိုးရအဖွဲ့ကိုပြဖို့ ဆုံးဖြတ်လိုက်တယ်။ အခုက သင်္ကြန်ရက်ဖြစ်ပြီး အစိုးရရုံးတွေအပါအဝင် တစ်နိုင်ငံလုံးအတွက် ရုံးပိတ်ရက်ပါ။

အစိုးရအရာရှိတွေလည်း စစ်ပွဲကာလမှာ အင်မတန်ပင်ပန်းနေပြီးဖြစ်တဲ့အတွက် နယ်စားကြီးက နားရက်ပေးဖို့ ဆုံးဖြတ်ထားတယ်။ ပြီးတော့ အခုကိစ္စက ဒီလောက်ကြီးအလျင်လိုတာလည်း မဟုတ်ဘူးလေ။ အနီးဆုံးရုံးတက်ရက်ဖြစ်တဲ့ နှစ်ဆန်းနှစ်ရက်နေ့မှာမှ လွှတ်တော်ကျင်းပပြီး တရားဝင်ခေါ်ဆွေးနွေးဖို့ဆုံးဖြတ်လိုက်တယ်။နိုင်ငံတကာသံတမန်တွေ နိုင်ငံတစ်နိုင်ငံမှာ တစ်ပတ်လောက်နေတယ်ဆိုတာက ပုံမှန်ပဲမလို့ သိပ်တော့မထူးဆန်းဘူး။ အမှန်က လီလီယာလိုမင်းသမီးတစ်ပါး ဆုဗာနာမှာနေတာကြာလေ နှစ်နိုင်ငံဆက်ဆံရေးခိုင်မာကြောင်း ပိုပြနိုင်လေပဲ။

ညပိုင်းရောက်လာတော့ ဧည့်သည်တွေကို မေမေသီတာက အိပ်ခန်းတွေဆီလိုက်ပို့တယ်။ အယ်လိုဟင်နဲ့မင်းသမီးလီလီယာတို့က နန်းတော်သံတမန်ဆောင်ရဲ့အကောင်းဆုံး အခန်းတွေကိုရသွားတယ်။

ဒါပေမဲ့ ဖရာလီတာကတော့ သူ့ကိုပေးတဲ့အခန်းမှာမအိပ်ဘဲ အတူတူအိပ်မယ်ဆိုပြီး မက်ဒါနာသဘောမတူရသေးခင်မှာတင် အထုပ်အပိုးတွေကို မက်ဒါနာအခန်းထဲ ယူလာပြီးနေပြီ။

မေမေမက်ဒါနာကတော့ အခန်းထဲမှာအတူရှိနေကြပြီဖြစ်တဲ့ ဖရာလီတာနဲ့မက်ဒါနာကို နားရွက်တက်ချိတ်လုမတတ် အပြုံးနဲ့ကြည့်ရင်း တံခါးပိတ်သွားတယ်။ မသွားခင် အခုလိုပြောသွားသေးတယ်။

"သမီးတို့ ညကျရင် တအားကဲပြီး ဆူညံ့မနေကြနဲ့ဦးနော်။ ဘေးအခန်းတွေကို အားနာဦး။"

မက်ဒါနာကတော့ မေမေသီတာပြောသွားတဲ့ အဓိပ္ပါယ်ကို နားမလည်ဘူးရယ်။ 'ဖရာလီတာနဲ့ငါက တိုကျိုမှာလည်း တစ်ခန်းတည်းအတူတူအိပ်နေကျလေ။ ဘာဆူဆူညံ့ညံ့မှလည်းမဖြစ်ပါဘူး။' သူလေးခေါင်းကုတ်ရင်း စဥ်းစားလို့ပေါ့။

ဖရာလီတာကတော့ ပစ္စည်းတွေကို နေရာတကျထားပြီးပြီးချင်း အလုပ်ရုံတစ်ပိုင်းဖြစ်နေတဲ့ မက်ဒါနာရဲ့အိပ်ခန်းကိုလှည့်ပတ်ကြည့်တယ်။

"အရင်တစ်ခါလာတုန်းကထက်စာရင် နင့်အခန်းက ပိုကျဥ်းသွားသလိုထင်ရတယ်။ ဒီအခန်းထဲမှာပဲ နင်အလုပ်လုပ်တာလား။" ဖရာလီတာမေးတော့ မက်ဒါနာခေါင်းညိတ်ပြတယ်။ ဖရာလီတာကတော့ အလုပ်စားပွဲပေါ်က ပြင်လက်စ သူပေးထားတဲ့ချစ်သက်လက်ဆောင် စက်ရုပ်လက်အိတ်လေးကိုတွေ့တော့ ကိုင်ကြည့်ရင်း ပြုံးလိုက်ပါတယ်။

"ဒီတော့ ငါ့လက်အိတ်လေးက နင့်အသက်ကို ကယ်လိုက်သေးတယ်ပေါ့။" လက်အိတ်ရဲ့ပျက်စီးနေတဲ့ အနေအထားနဲ့တင် မက်ဒါနာက ဒီလက်နက်ကိုသုံးပြီး အန္တရာယ်တစ်ခုကနေ ကာကွယ်ဖို့ကြိုးစားခဲ့တယ်ဆိုတာ ပြောနိုင်တယ်လေ။

မက်ဒါနာက ဝှီးချဲကို အလုပ်ရုံစားပွဲမှာထိုင်နေပြီဖြစ်တဲ့ ဖရာလီတာနား မောင်းသွားလိုက်တယ်။ အခုသူတို့က ဘေးချင်းယှဥ်လျက် ထိုင်နေသလိုဖြစ်နေပြီ။

"အင်းလေ၊ ဘယ်ကရောက်လာမှန်းမသိတဲ့ မြူတန့်တစ်ယောက် ငါ့ကိုလုပ်ကြံလို့ သုံးလိုက်ရတာ။ ဖရက်လာကယ်လို့ တော်သေးတယ်။"

ဖရာလီတာကတော့ ဖရက်အကြောင်း မက်ဒါနာ့ပါးစပ်ကနေထွက်လာလို့ မျက်နှာကြီးဆူပုပ်လို့ရယ်။ "ငါနင့်ကို လာမကယ်ချင်လို့မဟုတ်ဘူးနော်၊ ငါလည်းအလုပ်တွေရှုပ်နေလို့လေ။"

"သိပါတယ်၊ ကောင်မစုတ်လေးရဲ့။ နင်မကယ်လိုက်ရလို့ ဖရက်ကိုမနာလိုဖြစ်နေတာမဟုတ်လား။"

"အခွင့်အရေးရရင် ငါက သူ့ကိုနုပ်နုပ်စင်းပစ်မှာ။" ဖရာလီတာက ပြုံးပြုံးလေးနဲ့ ကြောက်စရာစကားကိုပြောလိုက်တယ်။ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ လေသံနဲ့ဆိုပေမဲ့ရယ်လို့ သူ့မျက်လုံးတွေကတော့ တဖြတ်ဖြတ်တောက်ပနေပြီး သွေးဆာမှုကို မြင်တွေ့နိုင်ပါတယ်။ ကြည့်ရတာ ဖရက်ရဲ့နေ့ရက်တွေ လှပတော့မယ့်ပုံမပေါ်ဘူး။

ဖရာလီတာက ဘယ်တတ်နိုင်မလဲလို့ပြောရင်း သက်ပြင်းချတယ်။ နောက်တော့ မက်ဒါနာရဲ့အလုပ်ရုံစားပွဲက အံ့ဆွဲကို သူဆွဲဖွင့်တယ်။

"မက်ဒါနာ၊ နင်က ဒီဥစ္စာကို ကိုယ့်ဘာသာကိုယ်ပြင်ဖို့တောင် အစီအစဥ်ဆွဲထားတာပဲ။" ဖရာလီတာက မက်ဒါနာလုပ်ထားတဲ့ လက်အိတ်အတွက် ဇက်သတ္တုအစိတ်အပိုင်းလေးတွေကိုတွေ့တော့ ပြောလိုက်တယ်။ နောက်တော့ သူက ဘာမှဆက်မပြောတော့ဘဲ လက်အိတ်က ပျက်စီးနေတဲ့အပိုင်းတွေကိုဖြုတ်ပြီး အသစ်တွေနဲ့စအစားထိုးတယ်။

စက်ပစ္စည်းကိရိယာတွေနဲ့ အလုပ်ရှုပ်နေတဲ့ အသေးမလေးကို မက်ဒါနာက ဘေးကနေ ငေးစိုက်ကြည့်ရင်းနဲ့ မေးကိုလက်ထောက်လိုက်မိတယ်။ အနားမှာ တစ်ယောက်ယောက်ရှိနေတဲ့ ခံစားချက်ကို ပြန်တမ်းတမိနေတာကြာပြီ။ အခုတော့ ဖရာလီတာ သူ့အနားမှာရှိနေပြန်ပြီလေ။

"ရော့၊ ပြီးသွားပြီ။ နောက်တစ်ခါ မပျက်စီးစေနဲ့တော့နော်။ ဒီပစ္စည်းက ငါတို့စေ့စပ်ထားတဲ့ အထမ်းအမှတ်လေ။" ဖရာလီတာက လက်အိတ်ကို ပြန်ပြင်ပြီးမက်ဒါနာကို လက်ကမ်းပေးလိုက်တယ်။ ပြီးတော့ သူပြောလိုက်တဲ့စကားကို အသေးစိတ်ရှင်းမပြချင်တဲ့အလား တစ်ဖက်ကို မျက်နှာလွှဲထားသေးတယ်။ ဖရာလီတာက မက်ဒါနာပြုလုပ်ပြီးသား အစိတ်အပိုင်းတွေကို တပ်ပေးရုံပဲမလို့ ပြင်တာသိပ်မကြာဘဲ ပြီးသွားတာ။

"ဘယ်သူက နင်နဲ့စေ့စပ်ထားလို့လဲဟဲ့။" မက်ဒါနာက ဖရာလီတာလက်ထဲက လက်အိတ်ကို ပြန်သိမ်းယူပြီးပြောလိုက်တယ်။

နောက်တော့ ဖရာလီတာက အေမီရဲ့အရိုးအသစ်တွေဆီ အာရုံရောက်သွားပြန်တယ်။ ဖရာလီတာက သူ့လက်ချောင်းလေးတွေနဲ့ အဆစ်နဲ့အရိုးတံတစ်ခုချင်းစီကို ထိကိုင်ကြည့်ရင်း ခေါင်းညိတ်လိုက်ပါတယ်။

"တကယ့်ကို လက်ရာကောင်းတစ်ခုပဲ၊ နင်က သူ့ကိုလုံးဝအဆင့်မြှင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့။"

မက်ဒါနာက ခေါင်းညိတ်ပြတယ်။ ဖရာလီတာကတော့ ခုံကနေထသွားပြီး မက်ဒါနာသိမ်းထားတဲ့ အေမီရဲ့ခန္ဓာကိုယ်အဟောင်းကိုပါ သေတ္တာထဲက ထုတ်ယူလာတယ်။ နောက်တော့ အစိတ်အပိုင်းသစ်တွေနဲ့ အဟောင်းတွေကို စစ်ဆေးကြည့်ပါတယ်။

"နင်က သူ့ရဲ့မှတ်ဉာဏ်နဲ့ပရိုဆက်ဆာကလွဲရင် အကုန်လုံးကို ကိုယ်တိုင်ထွင်ပြီးသုံးမယ့်ပုံပဲ။ အကုန်လုံးပြီးသွားရင် ဝတ်စုံမပါတောင် အေမီက လူသတ်စက်ရုပ်မလေး ဖြစ်လာလိမ့်မယ်။"

"အင်းလေ၊ လောလောဆယ်တော့ အစိတ်အပိုင်းတချို့ကို ဘားဂျက်မရှိလို့မလုပ်ရသေးဘူး။ နောက်လလောက်ဆိုရင်တော့ အပြီးသတ်နိုင်ပြီထင်တာပဲ။ ဒါပေမဲ့ သူ့မှတ်ဉာဏ်တွေကို ပြန်ဆယ်နိုင်မဆယ်နိုင်တော့ ငါလည်းမသိဘူး။ မဆယ်နိုင်သေးခင်တော့ အခြေခံဖန်ရှင်တွေပဲ ပွင့်နေလိမ့်မယ်ထင်တယ်။"

"အတိတ်မေ့နေတဲ့ အေမီလေးပေါ့။" ဖရာလီတာက မှတ်ချက်ချလိုက်ရင်း မက်ဒါနားကို ပြန်ကပ်လာပြီး ခေါင်းကလေးကိုစောင်းကာ မက်ဒါနာ့မျက်နှာလေးကို သေချာစိုက်ကြည့်တယ်။

"ဒါနဲ့ နင်ဘာလို့ ငါ့ဆီက ပိုက်ဆံယူရမှာကို တီကောင်တွေ့သလို လက်တွန့်နေရတာလဲ။ ငါတို့ရဲ့အနာဂတ်မိသားစုလေးမှာ နင်က မှီခိုဖြစ်ရမှာ စိုးရိမ်နေတာလား။"

"မှီ... မှီခို..." ဖရာလီတာက ရုတ်တရက်ကြီး ဘာမှမဆိုင်တဲ့ စကားတွေကိုပြောလာတဲ့အတွက် မက်ဒါနာနေရကျက်လာတယ်။ အထူးသဖြင့် အခုပြောနေတာတွေက အိမ်ထောင်ရေးကိစ္စတွေလေး။ ဒီအသက်မပြည့်သေးတဲ့ ကလေးမလေးက သူနဲ့အိမ်ထောင်တစ်ခုထူထောင်ဖို့တောင် တွေးနေပြီတဲ့။

ဖရာလီတာက လက်ဝါးတစ်ဖက်ကိုဆန့်ထုတ် မက်ဒါနာရဲ့ကြွေသားလိုမျက်နှာလေးကို ကြင်ကြင်နာနာထိလိုက်ပြီး အားကိုးရမယ့်ယောက်ျားတစ်ယောက်လိုလေသံနဲ့ပြောလိုက်တယ်။

"ဘာပဲဖြစ်ဖြစ် ငါကနင့်ထက်ပိုပြီး ပိုက်ဆံရှာတဲ့နေရာမှာတော်တာမလို့ အိမ်မှာနေပြီး အိမ်ရှင်မလုပ်ရင်လည်း ကိစ္စမရှိပါဘူးနော်။ ငါက အိမ်ထောင်ဦးစီးနေရာကို တာဝန်ယူနိုင်တာမလို့လေ။"

မက်ဒါနာတော့ ဖရာလီတာရဲ့ကျက်သီးထစရာစကားတွေကို နားထောင်ရင်း ရင်ထဲမှာ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်လာနေပြီ။ 'ဘုရားဘုရား၊ သူဘာတွေပြောနေတာလဲ၊ ငါနားမလည်တော့ဘူး။'

အခုန်မြန်လာနေတဲ့နှလုံးသားကို မက်ဒါနာဆုပ်ကိုင်ထားမိတယ်။ သူ့ပါးပြင်လည်း စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာနေပြီ။ နဂိုကတည်းက အယ်ဘီနိုအလှလေးမလို့ အခုဆိုရင် ခရမ်းချဥ်သီးကလေးအတိုင်းပဲ။ မက်ဒါနာက ဖရာလီတာရဲ့အကြည့်တွေကို ရင်မဆိုင်နိုင်တော့ဘဲ မျက်စိကို အကြည့်လွှဲထားလိုက်တယ်။

ဖရာလီတာကတော့ ပိုင်ပြီကွဆိုတဲ့ပုံစံမျိုးနဲ့ ဂျစ်ကန်ကန်ပြုံးလိုက်ပြီး မက်ဒါနာရဲ့မေးလေးကို လက်ကလေးနဲ့ဆုပ်ကိုင် နှုတ်ခမ်းလေးကိုရှေ့စုပြီး ဖွေးဥဥနှုတ်ခမ်းလေးအပေါ် အနမ်းမိုးရွာသွန်းဖို့ ကြိုးစားလိုက်တယ်။

ဂျိန်း....။

အဲဒီအချိန်မှာပဲ ကောင်းကင်မှာ မိုးတစ်ချက်ခြိမ်းသွားပြီး အခန်းပြတင်းပေါက်မှာ အနက်ရောင်တောင်ပံနဲ့ နတ်သားတစ်ပါး ပေါ်လာပါလေရောလား။ အပေါ်ပိုင်းခန္ဓာကိုယ်ဗလာကျင်းနေတဲ့ ဖရက်ရဲ့ကျောနောက်ကနေ အနက်ရောင်အတောင်တွေက ထိုးထွက်နေတယ်။ သူ့နဖူးက ခရမ်းရောင်သစ်ပင်ကလည်း ညအမှောင်ထုထဲမှာတောင် ထင်ရှားစွာတောက်ပနေပြီး လက်ထဲမှာတော့ မိုးကြိုးစွမ်းအင်ဓားကို ကိုင်ထားတယ်။ သူက ဩဇာလွှမ်းမိုးနိုင်တဲ့အသံနဲ့ပြောလိုက်ပါတယ်။

"မင်းသမီးလေးရှေ့ကို နောက်တစ်လက်မထပ်တိုးတာနဲ့ မင်းကိုအသေသတ်မယ်။ မိန်းကလေးဆိုပြီး ညှာမယ်မထင်နဲ့။"

ဖရက်ရုတ်တရက်ပေါ်လာတာကြောင့် မက်ဒါနာထိတ်လန့်သွားတယ်။ ဖရာလီတာကိုယ်တိုင်လည်း မျက်မှောင်ကြုတ်လိုက်တယ်။ ဖရက်က စွမ်းအားတိုးလာပြီဖြစ်တာကြောင့် Archmegaအတွက်တောင်မှ ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပါပြီ။ ဒါပေမဲ့ ဖရာလီတာက ဖရက်ကိုကြောက်တယ်လို့တော့ မဆိုလိုပါဘူး။

"ဂျလေဗီကောင်ကများ ရာရာစစ မက်ဒါနာနောက်ကို ခွေးတစ်ကောင်လိုလိုက်နေရဲတယ်။ နင်က ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေတာလား။"

ဖရာလီတာက ပြောပြောဆိုဆိုနဲ့ သူ့အဝတ်အိတ်ထဲက မက်ဒါနာနဲ့ဆင်တူလက်အိတ်တစ်ဖက်ကို ထုတ်ပြီးယူဝတ်လိုက်တယ်။ နောက်တော့ လက်ဖျောက်တစ်ချက်တီးလိုက်တယ်။

ကျီ... ဝေါ....။

လမင်းစန္ဒာကန်ရေပြင်မှာရပ်ထားတဲ့ စစ်သင်္ဘောကြီးရဲ့တံခါးတစ်ချပ်ပွင့်လာပြီး ဖရာလီတာရဲ့ဝါးဖရိန်က တိုက်လေယာဥ်အတောင်တွေကိုဖွင့် စက္ကန့်ဝက်အတွင်းရောက်လာတယ်။

"ဟေး၊ လူမိုက်ကောင်။ နင်သတ္တိရှိရင် ငါနဲ့စီးချင်ထိုးပြီး အနိုင်အရှုံးဆုံးဖြတ်ကြမလား။ ရှုံးတဲ့လူ မက်ဒါနာနားက ထွက်သွားကြေး။"

ဖရာလီတာက ယုံကြည်ချက်ရှိရှိပဲ စိန်ခေါ်လိုက်ပါတယ်။ မက်ဒါနာကတော့ ထသတ်တော့မယ့်နှစ်ယောက်ကိုကြည့်ရင်း မျက်တောင်လေးတဖျတ်ဖျတ်နဲ့ပေါ့။ 'ငါတော့ မေမေသီတာ ဘာလို့ဆူညံ့ဆူညံ့မလုပ်နဲ့လို့မှာတာလဲ နားလည်သွားပြီ။ အသေးမလေးနဲ့ဟိုလူမိုက်ကိုယ်တော်က ကမ္ဘာ့ရန်တွေကိုး။ ပြီးတော့ ဘယ်ချိန်ကတည်းက ဖရက်အခန်းအပြင်ကနေ ငါတို့ကိုချောင်းနေတာလဲမသိဘူး။'

ဖရက်က တစ်ချိန်လုံး သူ့ကိုမျက်ခြေစမပြတ်စောင့်ကြည့်နေတယ်ဆိုတာ သိလိုက်ရတော့ မက်ဒါနာကျက်သီးဖြန်းသွားတယ်။ 'ဒီကောင်က နောက်ယောင်ခံလိုက်တတ်တဲ့နှာဘူး တစ်ယောက်လား။ အဲဒါဆိုရင်တော့ ပြဿနာအကြီးကြီးရှိသွားပြီ။ ငါ့ကိုကာကွယ်ပေးချင်လို့ဆိုရင်တောင် လွန်လွန်းတယ်။'

"ဂုဏ်သိက္ခာရှိစွာနဲ့ လက်ခံပါတယ်၊ ဗစ်ကောင့်ဖရာလီတာ။ မင်းသမီးလေးရဲ့ကိုယ်ရံတော်တစ်ယောက်အနေနဲ့ ခင်ဗျားလိုနို့နံမစင်သေးတဲ့ ကလေးမတစ်ယောက်ကို မယှဥ်ရဲစရာအကြောင်းမရှိပါဘူး။"

ဖရာလီတာကလည်း နို့နံမစင်သေးတဲ့ကလေးမလို့ ခေါ်ခံလိုက်ရတဲ့အတွက် ဒေါသတကြီးဖြစ်သွားပြီး နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။ "ကောင်းပြီလေ၊ ပြီးခါမှ ငါ့ရှေ့ကမှာ ဒူးထောက်ပြီးတောင်းပန်လို့မရဘူးနော်။"

မက်ဒါနာကတော့ သူ့အတွက်သေခြင်းရှင်ခြင်းစိန်ခေါ်ပွဲတစ်ခုကို စတင်တော့မယ့် လူနှစ်ယောက်ကိုကြည့်ရင်း အဟောင်းသားဖြစ်နေတဲ့ပါးစပ်ကို လက်ဖဝါးနဲ့ကာထားတယ်။ 'ဘုရားဘုရား၊ ငါအိုတိုမဲဂိမ်းထဲက ဇာတ်လိုက်မလေးဖြစ်သွားတာတော့မဟုတ်ပါဘူးနော်။'

ဒီလိုမြင်ကွင်းမျိုးဆိုတာက အိုတိုမဲဂိမ်းတွေမှာ ဇာတ်လိုက်မလေးကို အချစ်ပစ်မှတ်နှစ်ယောက် ဝိုင်းလုတဲ့အခါမျိုးမှာ ဖြစ်လာတတ်တာမျိုးလေ။

ဒေါက်... ဒေါက်... ဒေါက်....

"အစ်မရေ၊ ဝင်ခဲ့လို့ရမလား။" အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ့်အချိန်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာပြီး ဒီပအသံကိုကြားရတယ်။

ဒီတော့မှ ရန်ဆောင်နေကြတဲ့နှစ်ယောက်လည်း ခဏပွဲကိုရပ်ထားတယ်။ မက်ဒါနာကတော့ တံခါးသွားဖွင့်ပေးတာပေါ့။ အခန်းတံခါးပွင့်သွားတော့ လေးနက်တဲ့မျက်နှာထားနဲ့ရပ်နေတဲ့ ဒီပကိုမြင်လိုက်ရတယ်။

"ဘာဖြစ်လို့လဲမောင်လေး။" မက်ဒါနာမေးလိုက်တယ်။

"နယ်စားဖိုးဖိုးက အစ်မနဲ့အရေးကြီးကိစ္စဆွေးနွေးစရာရှိလို့တဲ့။ ဒီကိစ္စက ဆုဗာနာတစ်ခုလုံးကို သက်ရောက်မှုရှိနိုင်တယ်။"

ဒီပရဲ့စကားကြောင့် မက်ဒါနာရဲ့ဦးနောက်ကလည်း အလည်အမြန်လည်ပတ်လာတယ်။ သူသေချာစဥ်းစားကြည့်တော့ 'ဟုတ်သားပဲ၊ အဖိုးက မနက်တည်းက ပုရွက်ဆိတ်ဘုရင်မဆီသွားမယ်ဆိုပြီး ထွက်သွားတာ။ ငါတို့ဆွေးနွေးစရာရှိတာတွေဆွေးနွေးပြီး နေအတော်စောင်းမှ ပြန်ရောက်လာတာ။ ပြီးတော့လည်းငါ့ကို ချက်ချင်းခေါ်မတွေ့ဘူး။ ပုရွက်ဆိတ်ဘုရင်မ တစ်ခုခုများဖြစ်နေတာလား။'

မက်ဒါနာက စဥ်းစားကြည့်ပြီးတဲ့နောက် ဒီပကို ခေါင်းညိတ်လိုက်တယ်။ "ကောင်းပြီ၊ မောင်လေးရှေ့ကသွားနှင့်။ အစ်မနောက်ကနေ လိုက်ခဲ့မယ်။"

ဒီပက ခေါင်းညိတ်လိုက်ပြီး အခန်းထဲကို လှမ်းကြည့်တယ်။ ထသတ်ခါနီးဖြစ်ခဲ့ပြီး အခုထိတစ်ယောက်နဲ့တစ်ယောက် မျက်စောင်းထိုးနေတဲ့ ဖရာလီတာနဲ့ဖရက်ကိုတွေ့တော့ ခေါင်းကိုခါယမ်းရင်း သက်ပြင်းချလိုက်မိတယ်။ သူ့ကြည့်ရတာ စိတ်ဓာတ်ကျနေပုံပဲ။

"နှာဘူးတွေရန်ကနေ ကာကွယ်ပေးဖို့ ငါကအားနည်းလွန်းတယ်။" ဒီပက သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပေမဲ့ မက်ဒါနာက နားစွန်နားဖျား ကြားဖြစ်အောင်ကြားလိုက်သေးတယ်။

"မောင်လေး၊ နင်ဘာပြောလိုက်တယ်။"

"ဘာ... ဘာမှမဟုတ်ပါဘူး။" ဒီပရှက်သွားပြီး အခန်းရှေ့ကနေ ထွက်သွားတယ်။ နယ်စားစာကြည့်ခန်းကို ဦးတည်သွားနေတာ။

ဖရာလီတာလည်း မက်ဒါနာကိုလှည့်ကြည့်ပြီး မေးတယ်။ "ဘာကိစ္စလဲ၊ ငါတို့သိခွင့်ရှိတဲ့ကိစ္စလား။"

မက်ဒါနာက ခေါင်းညိတ်ပြပြီး ရှင်းပြလိုက်တယ်။ "ကြည့်ရတာ ပုရွက်ဆိတ်ဘုရင်မမှာ ပြဿနာတစ်ခုခုရှိနေတယ်ထင်တာပဲ။" ဖရာလီတာနဲ့ဖရက်တို့က မက်ဒါနာအတွက် အပြင်လူတွေမဟုတ်ပါဘူး။ ပြီးတော့ ဆုဗာနာရဲ့လျှို့ဝှက်ချက်ဖြစ်တဲ့ ပုရွက်ဆိတ်ဘုရင်မအကြောင်းကို သိကြပါတယ်။ အထူးသဖြင့် ဖရာလီတာက ဂူထဲကို ကိုယ်တိုင်ကိုယ်ကျလိုက်ဖူးတယ်။

"ငါတို့တစ်ချက်လောက် သွားနားထောင်ကြည့်ကြတာပေါ့။" ဖရာလီတာက ပြောလိုက်ပြီး မက်ဒါနာနဲ့အတူ နယ်စားစာကြည့်ခန်းကိုသွားဖို့ပြင်တယ်။

...

စာကြည့်ခန်းထဲရောက်တော့ နယ်စားဖိုးဖိုးက စားပွဲခုံတစ်လုံးမှာထိုင်ပြီး အစီရင်ခံစာတွေကို တည်ကြည်စွာဖတ်နေတာတွေ့ရတယ်။ ဒီပကတော့ နယ်စားကြီးဘေးမှာ ရပ်နေပြီးသား။ သူတို့ဝင်လာတာကို နယ်စားကြီးသတိထားမိတော့ ခေါင်းညိတ်ပြပါတယ်။

ဖရာလီတာနဲ့ဖရက်တို့ မက်ဒါနာနောက်မှာပါလာတာကို နယ်စားကြီးကို ငြင်းဆန်ဟန်မပြပါဘူး။ ဖရက်ကနယ်စားနယ်မြေကို သိပ်မကြာသေးခင်ကမှ ကူညီထားသူဖြစ်ပြီး ဖရာလီတာကလည်း မြူတန့်သိပ္ပံကျူးကျော်မှုမှာ ဦးဆောင်ကူညီပေးခဲ့သူပါ။ ဒါကြောင့် သူတို့ကို နှင်ထုတ်စရာအကြောင်းမရှိဘူးလေ။

"အဖိုး၊ ပုရွက်ဆိတ်ဘုရင်မ တစ်ခုခုဖြစ်လို့ဆို။"

နယ်စားကြီးက ခေါင်းညိတ်လိုက်ပြီး မက်ဒါနာဘက်ကို လှည့်ကြည့်တယ်။ အဲဒီနောက် မက်ဒါနာကို သိဖို့လိုအပ်တာတွေအားလုံး ရှင်းပြတယ်။

"တကယ်တော့ ပုရွက်ဆိတ်ဘုရင်မကြီးက တစ်ခုခုဖြစ်နေတာမဟုတ်ဘူး၊ သူကိုယ်က သူ့ဒုက္ခသူရှာသလိုဖြစ်နေတာ။" နယ်စားကြီးက သက်ပြင်းချတယ်။

"ဆုဗာနာကို ကြေးစားစစ်တပ်က မကျူးကျော်ခင် တစ်ပတ်လောက်အလိုတုန်းက ပုရွက်ဆိတ်တွင်းကြီးထဲက ပင်မသလင်းကျောက်မှာ ပြောင်းလဲမှုကြီးတစ်ခုဖြစ်လာတယ်လေ။ ပုံမှန်ထက် တောက်ပလာတာ။"

နယ်စားကြီးရဲ့စကားကို မက်ဒါနာက ဂရုတစိုက်နားထောင်တယ်။ ဆုဗာနာရဲ့ပုရွက်ဆိတ်တွင်းထဲက သလင်းကျောက်ဟာ ဆုဗာနာနိုင်ငံရဲ့မြေမျက်နှာသွင်ပြင်ကို သရုပ်ဖော်ပေးခဲ့တဲ့ အရေးပါတဲ့သက်ရောက်မှုတစ်ခုပါ။ နယ်စားကြီးက စကားကိုခဏရပ်ထားပြီးနောက် ဆက်ပြောပါတယ်။

"ဒါကြောင့် ပုရွက်ဆိတ်ဘုရင်မက အခြေအနေကိုသိရအောင်လို့ သလင်းကျောက်ပြားငယ်တစ်ခုကို စားကြည့်တယ်။ သူပြောတာတော့ ထူးဆန်းတဲ့အမြင်တစ်ခုကို ရခဲ့တယ်ဆိုလား။ နောက်ထပ်ထပ်စားကြည့်တော့လည်း တူညီတဲ့အမြင်ကိုပဲပြနေပေမဲ့ သိပ်မသေချာသေးဘူးတဲ့။" မက်ဒါနာက တဖြည်းဖြည်းနဲ့ပြဿနာကိုနားလည်လာပြီ။

"ဒီတော့ သူက သူ့အကန့်အသတ်ထက်ကျော်လွန်တဲ့ သလင်းကျောက်ပြားတွေကို စားမိသွားတာလား။" လူသားအများစုက မြူတန့်သလင်းကျောက်တွေကို တစ်ခုထက်ပိုပြီး လက်မခံနိုင်ကြပါဘူး။ စီးဆင်းလာတဲ့ အချက်အလက်တွေကြောင့် ရူးသွပ်သွားနိုင်တဲ့ အန္တရာယ်တောင်ရှိတယ်။ ယာမာဂုချီမိသားစုတောင် သူတို့ရထားတဲ့သလင်းကျောက်ကြီးကို အလုံးစုံမဝါးမျိုနိုင်ဘဲ အရှိန်အဝါတွေကိုသာစုပ်ယူပြီး မျိုးဆက်တွေအားကောင်းလာအောင် လေ့ကျင့်နိုင်ခဲ့ရုံပဲရှိပါတယ်။ ဒါပေမဲ့ ဖရက်လို ထူးခြားတဲ့သူတွေတော့ရှိနေဆဲပါ။

နယ်စားကြီးက မက်ဒါနာရဲ့အတွေးကို မှန်ကြောင်းသက်သေပြတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ "သလင်းကျောက်ရာချီကို ဆက်တိုက်စုပ်ယူပြီးတဲ့နောက်တော့

လနဲ့ချီပြီး ကိုမာဝင်သွားတော့တာပဲ။ မနေ့ကမှ ပြန်သတိရလာပြီး အဖိုးကိုဆင့်ခေါ်တာ။"

မက်ဒါနာလည်း ခေါင်းညိတ်ပြီး ပြောလိုက်တယ်။ "ဒါကြောင့် ဆုဗာနာက ပုရွက်ဆိတ်ဘုရင်မရဲ့အကူအညီမပါဘဲ ကျူးကျော်စစ်ကိုခုခံခဲ့တာကိုး။"

တကယ်က ပုရွက်ဆိတ်ဘုရင်မအကောင်းအတိုင်းရှိနေရင်တောင် သူက အပြင်ကိုထွက်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့စိတ်နဲ့ပုရွက်ဆိတ်တွေကိုအမိန့်ပေးကင်းထောက်ကာ နယ်မြေတစ်ခုလုံးကို ခြုံပြီးကြည့်နိုင်တာကြောင့် ဆုဗာနာကအခုထက်ပိုပြီး ထိရောက်တဲ့နည်းလမ်းတွေနဲ့ ကြေးစားစစ်တပ်ကို တားဆီးနိုင်မှာပါ။

အခုတော့ နယ်စားကြီးက ရှေးဟောင်းလက်စွပ်ကိုအားကိုးပြီး ပုရွက်ဆိတ်တွေကို တပ်ကူခေါ်နိုင်ရုံပဲရှိခဲ့တယ်။ လူတွေလေ့ကျင့်ပေးထားတာမဟုတ်ဘဲ ပုရွက်ဆိတ်တွင်းကတိုက်ရိုက်လာတဲ့ ခေါင်းဆောင်မဲ့နေတဲ့ ပုရွက်ဆိတ်အုပ်က သိပ်အကူအညီမဖြစ်ခဲ့ပါဘူး။

"အခုနိုးလာတော့ ပုရွက်ဆိတ်ဘုရင်မက ဘာပြောလဲ။" မက်ဒါနာက စိတ်ဝင်တစားမေးတော့ နယ်စားကြီးကလည်း ပြန်ဖြေပါတယ်။

"အဲဒီကိစ္စကြောင့် သမီးတို့ကို အဖိုးခေါ်လိုက်တာပေါ့။ ပုရွက်ဆိတ်ဘုရင်မက သမီးတို့ကို ကိုယ်တိုင်တွေ့ချင်နေတယ်။ သူပြောတာတော့ ကမ္ဘာဆီကို ချဥ်းကပ်လာနေတဲ့ အန္တရာယ်ကြီးတစ်ခုရှိနေတယ်တဲ့။"

မက်ဒါနာကတော့ ဆိုဖီယာပြောထားလို့ ကမ္ဘာဟာ

ပြင်ပအင်အားစုတွေရဲ့ကျူးကျော်ခံရနိုင်ခြေရှိတာကို ကြိုသိပြီးသား။ ပုရွက်ဆိတ်ဘုရင်မရနေတဲ့ အာရုံက ကျူးကျော်ခံရတော့မယ့် ရှေ့ပြေးနိမိတ်လားမသိပေမဲ့...

"အင်း၊ သမီးတို့ သူ့ကိုကိုယ်တိုင်သွားတွေ့ကြတာပေါ့။" မက်ဒါနာက ပုရွက်ဆိတ်ဘုရင်မနဲ့ ဒုတိယအကြိမ်တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

All Chapters