အစီအစဥ်သစ်
Vol. 5 Ch. 39
နောက်တစ်နေ့မနက်ရောက်တော့ နယ်စားကြီးနဲ့အတူမက်ဒါနာတို့ ပုရွက်ဆိတ်တွင်းဆီကို သွားတယ်။ မက်ဒါနာနဲ့အတူ ဒီပ၊ ဖရာလီတာနဲ့ ဖရက်လည်းပါတယ်။
သူတို့ပုရွက်ဆိတ်တွင်းကိုရောက်တော့ အရင်တစ်ခါလိုပဲ ငွေရောင်ပုရွက်ဆိတ်စစ်သူကြီးက သူတို့တွေကိုတစ်ယောက်ချင်း စိတ်ဖတ်စစ်ဆေးတယ်။ ပြီးလို့စိတ်ချရတဲ့သူတွေမှန်း ဆုံးဖြတ်ပြီးခါမှ ဝင်ခွင့်ပြုလိုက်တယ်။
"ဒုတိယအကြိမ် ဝင်ခွင့်ရတာဆိုပေမဲ့ အခုထိအံ့အားသင့်မိနေတုန်းပဲ။" မက်ဒါနာက ဂူအတွင်းပိုင်းကိုကြည့်ရင်း ပြောလိုက်ပါတယ်။
သလင်းကျောက်တွေက ပုရွက်ဆိတ်တွေနေတဲ့ဂူနံရံတွေထဲမှာ ဖွဲ့တည်နေပြီး အရောင်မျိုးစုံနဲ့ ထွန်းလင်းတောက်ပလို့နေတယ်။ နယ်စားကြီးပြောသလိုပဲ ဒီသလင်းကျောက်တွေရဲ့အရောင်က ပုံမှန်ထက်အများကြီး တောက်ပနေတာပါ။
"ပုရွက်ဆိတ်တွေ ဘယ်ရောက်နေတာလဲ။" ဖရာလီတာပြောလိုက်တော့မှ မက်ဒါနာလည်း ပုံမှန်မဟုတ်မှန်း သတိထားမိတယ်။ ပုရွက်ဆိတ်စစ်သူကြီးနောက် သူတို့လိုက်လာခဲ့ပေမဲ့ အခုထိလှုပ်ရှားသွားလာနေတဲ့ ပုရွက်ဆိတ်တွေကို မတွေ့ရသေးဘူး။
အရင်တစ်ခါလာတုန်းကဆိုရင် ဂူတွင်းစမ်းချောင်းထဲက ငါးတွေဖမ်းစားနေတဲ့ ပုရွက်ဆိတ်တွေ၊ ဂူပြင်က သီးနှံတွေခူးဆွတ်သယ်ဆောင်လာတဲ့ ပုရွက်ဆိတ်တွေနဲ့ ပြည့်နှက်နေခဲ့တာပါ။
ခုတော့ ဂူကြီးတစ်ခုလုံးက ခြောက်ကပ်လို့နေတယ်။ သူတို့တဖြည်းဖြည်းနဲ့အလောင်းစည်သူရဲ့ဖောင်စကြာနားရောက်လာပြီ။ အရင်တစ်ခါလာတုန်းက မြန်မာဘုရင်ယူဖို့လုပ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းပေါ့။
"ငါတို့ရောက်ပြီ၊ ပုရွက်ဆိတ်တွေကို အနှောင့်အယှက်မဖြစ်စေနဲ့ဦး။ သူတို့ဝမ်းနည်းနေကြတယ်။" နယ်စားကြီးက တစ်နေရာမှာရပ်လိုက်တယ်။
လိုဏ်ဂူလမ်းတွေကိုဖြတ်လာပြီးနောက် မက်ဒါနာတို့လှမ်းကြည့်လိုက်တော့ သဘာဝအတိုင်းဖြစ်နေတဲ့ ဂူကျယ်ကြီးတစ်ခုကို မြင်လိုက်ရတယ်။ ဂူအမိုးက အပေါက်ကဝင်လာတဲ့နေရောင်ဟာ အလယ်မှာရှိတဲ့ သလင်းကျောက်ကြီးပေါ်ကို ဖြာကျနေတဲ့အတွက် ဂူတစ်ခုလုံးကို ရွှေရောင်အလင်းတွေ ဖြာထွက်နေပါတယ်။ မက်ဒါနာမှတ်မိသလောက် ညဖက်ဆိုရင်တော့ လရောင်က သလင်းကျောက်ပေါ်ကိုဖြာကျနေတာပါ။
"ပုရွက်ဆိတ်တွေက ဒီရောက်နေတာလား။" ဂူထဲက တအားလင်းနေတဲ့ နေရောင်နဲ့အသားကျလာပြီးတဲ့နောက် မက်ဒါနာလည်း ဂူထဲမှာပြည့်ကျပ်နေတဲ့ ပုရွက်ဆိတ်အုပ်ကြီးကို မြင်လိုက်ရတယ်။ သောင်းချီတဲ့ ပုရွက်ဆိတ်တွေက သူတို့ဘုရင်မရှိတဲ့ဂူနားမှာပဲ တိတ်ဆိတ်စွာနဲ့စောင့်ဆိုင်းနေကြတယ်။ သူတို့ကြည့်ရတာ အစာစားဖို့တောင် စိတ်ဝင်စားပုံမပေါ်ကြဘူး။
ဒီပကလည်း သက်ပြင်းချလိုက်ပြီး "အဲဒါကြောင့် ဆုဗာနာတစ်ခုလုံးကို သက်ရောက်နိုင်ခြေရှိတယ်လို့ အစ်မကိုပြောတာပေါ့။ အခုကျွန်တော့်ရဲ့အကောင်ပေါက်လေးနှစ်ကောင်တောင် သူတို့နဲ့အတူတူဖြစ်နေပြီ။"
မက်ဒါနာ ဒီပစကားကြောင့် စိတ်ဆင်းရဲသွားတယ်။ ဆုဗာနာရဲ့စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအရာအားလုံးက ပုရွက်ဆိတ်သိုက်ထဲက ပုရွက်ဆိတ်တွေနဲ့တည်ဆောက်ထားတာပါ။ ပုရွက်ဆိတ်တွေအားလုံး အခုလိုမျိုးအကြာကြီးဖြစ်နေမယ်ဆိုရင် ဆုဗာနာတိုင်းပြည်ကြီးတော့သွားပြီ။
"ငါ့အနားကို လာခဲ့ကြ..." မက်ဒါနာတို့ခေါင်းထဲကို ထူးခြားတဲ့ အသံတစ်သံက ဝင်ရောက်လာတယ်။ မက်ဒါနာက ပုရွက်ဆိတ်ဘုရင်မ သူတို့ကိုစိတ်နဲ့ဆက်သွယ်နေမှန်းသိပါတယ်။
ခန်းမအလယ်မှာ တစ်ယောက်စီးလေယာဥ်တောင်ပံအရွယ် ငွေရောင်အတောင်ပါးပါး၊ ရွှေအိုရောင်ပေါင်းစပ်မျက်လုံးတွေနဲ့ လေးမီတာနီးပါးအရွယ်ရှိတဲ့ ပုရွက်ဆိတ်ကြီးရှိနေတယ်။
"ကြီးမြတ်တဲ့ ဘုရင်မ။" ဝှီးချဲပေါ်က မက်ဒါနာကလွဲလို့ နယ်စားကြီးကျန်တဲ့လူတွေက ထုံးတမ်းအတိုင်း ဒူးထောက်ပြီး ပုရွက်ဆိတ်ဘုရင်မကို ဦးညွှတ်လိုက်ကြတယ်။
"မင်းတို့ရောက်လာတာကောင်းတယ်၊ ငါ့မှာပြောစရာအများကြီးရှိနေတာ။" ပုရွက်ဆိတ်ဘုရင်မရဲ့လေသံက အရင်တစ်ခါနဲ့ယှဥ်ရင် အတော်လေးဖျော့တော့နေပါတယ်။
ပုရွက်ဆိတ်ဘုရင်မရဲ့မျက်လုံးတွေက မက်ဒါနာဆီကို ရောက်လာတယ်။ မက်ဒါနာက ဝှီးချဲပေါ်ကနေတစ်ဆင့် ပုရွက်ဆိတ်ဘုရင်မကို ပြန်မော့ကြည့်ပါတယ်။
"နယ်စားကြီးဆီကနေ မင်းသတင်းကြားပြီးပြီထင်ပါတယ်။ မင်းထင်သလိုပဲ ငါသလင်းကျောက်တွေအများကြီးဝါးမျိုမိပြီး အကြာကြီးအိပ်မျောကျသွားတာ။ ဒါပေမဲ့ အဲဒီအိပ်မောကျခြင်းက ငါ့အတွက်ထိုက်တန်ပါတယ်။ အမြင်ကိုပိုပြီးရှင်းရှင်းလင်းလင်းနဲ့ မြင်ခွင့်ရခဲ့လို့လေ။" ပုရွက်ဆိတ်ဘုရင်မက လက်တွေကို မြှောက်လိုက်ရင်း ဂူအမိုးကအပေါ်ကို မျှော်ကြည့်တယ်။
"မင်းတို့နဲ့အတူပါလာတဲဲ့ ကောင်မလေးဆိုဖီယာက ငါ့ကို စိတ်စွမ်းအားနဲ့ဆက်သွယ်ပြီး အမြင်ပေးခဲ့တာ။ မင်းကို ငါမြင်ခဲ့တဲ့အမြင်ကိုတစ်ဆင့်ပြန်လက်ဆင့်ကမ်းပေးဖို့ ပြောခဲ့တယ်။"
မက်ဒါနာ မျက်ခုံးပင့်လိုက်တယ်။ ဆိုဖီယာက သာမန်လူတစ်ယောက်မဟုတ်ပါဘူး။ အာကာသထဲက စွမ်းအားအကြီးဆုံးမျိုးနွယ်တွေထဲကတစ်ခုဖြစ်တဲ့ နတ်ဘုရားအသံမျိုးနွယ်ကပါ။ ပုရွက်ဆိတ်ဘုရင်မကလည်း ထက်သန်တဲ့စိတ်စွမ်းအားရှိတဲ့အတွက် နတ်ဘုရားအသံတွေလို သိစိတ်အခြေခံသက်ရှိတွေအနေနဲ့ သူ့ကိုအဝေးကနေ လှမ်းဆက်သွယ်ဖို့ ဖြစ်နိုင်ပါတယ်။
ပုရွက်ဆိတ်ဘုရင်က မက်ဒါနာကို ပြန်ကြည့်လိုက်ပြန်တယ်။ "ကောင်မလေး၊ အဲဒီအမြင်ကို လက်ခံဖို့အသင့်ဖြစ်ပြီလား။ နည်းနည်းတော့နာမယ်နော်။"
မက်ဒါနာက ခေါင်းညိတ်ပြီး အသင့်ရှိနေတဲ့အကြောင်း အချက်ပြလိုက်တယ်။ ဆိုဖီယာက အဝေးကြီးကနေ သတင်းပို့လာတဲ့အတွက် ပုံမှန်မဟုတ်တာ သေချာပါတယ်။
"ကောင်းပြီ။" ပုရွက်ဆိတ်ဘုရင်မက မက်ဒါနာရဲ့ခေါင်းကို သူ့ဦးမျှင်တွေနဲ့ထိလိုက်တယ်။ မက်ဒါနာလည်း တစ်ကိုယ်လုံးတုန်တက်သွားပြီး အကြောထဆွဲတယ်။ ဖရာလီတာနဲ့ဖရက်တို့လည်း စိုးရိမ်သွားကြတာပေါ့။ သူတို့က သွားကူဖို့လုပ်ပေမဲ့ နယ်စားကြီးနဲ့ဒီပက တားလိုက်တယ်။
"မစိုးရိမ်နဲ့၊ ဘုရင်မက သူဘာလုပ်နေလဲသူသိတယ်။ မင်းတို့သွားဝင်ရှုပ်မှ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။" နယ်စားကြီးပြောလိုက်တော့မှ ဖရက်နဲ့ဖရာလီတာလည်း လက်လျှော့လိုက်ပါတယ်။
...
"အား...." မက်ဒါနာကတော့ ခေါင်းကွဲလုမတတ်နာကျင်မှုကို ခံစားလိုက်ရတယ်။ များပြားလှတဲ့ သတင်းအချက်အလက်တွေက သူ့ခေါင်းထဲကို ဆက်တိုက်ဝင်လာနေလို့ပါ။ တဖြည်းဖြည်းနဲ့အဲဒီအချက်အလက်တွေက အစီအစဥ်တကျဖြစ်လာပြီး လှုပ်ရှားနေတဲ့ပုံရိပ်တွေကို စမြင်ရတယ်။
"ဟမ်... ဆိုဖီယာလား..." ပထမဆုံးမြင်လိုက်ရတဲ့ မျက်လုံးစိမ်းတွေကြောင့် မက်ဒါနာကြောက်စိတ်ပြေသွားတယ်။
အခုဆိုဖီယာက နားရွက်ရှည်ရှည်နဲ့ရွှေရောင်ဆံပင်ရှိတဲ့ မက်ဒါနာမသိတဲ့ဂြိုဟ်သားမျိုးနွယ်မိန်းကလေးကိုယ်ထဲရောက်နေတာ။ မျက်လုံးစိမ်းတွေကြောင့်သာမဟုတ်ရင် မှတ်မိမှာမဟုတ်ဘူး။
'ကြည့်ရတာ ဟိုတရုတ်မလေးခန္ဓာကိုယ်လည်း ပျက်စီးသွားပြီထင်တယ်။ ပြီးတော့ ဝင်ပူးစရာခန္ဓာကိုယ် ဘယ်လောက်တောင်ရှားနေလို့ ငါးနှစ်သမီးလေးထဲ ဝင်ပူးထားရတာလဲ။' မက်ဒါနာက ဆိုဖီယာရောက်နေတဲ့ ခန္ဓာကိုယ်ကို အကဲခတ်ပြီးပြောလိုက်တယ်။
နားရွက်ရှည်ရှည် ရွှေရောင်ဆံပင်နဲ့ အရပ်သုံးပေမြင့်တဲ့ ကလေးမလေး။ နဖူးမှာတော့ အမျိုးအမည်မသိရတဲ့ ကျောက်ပြာလေးထည့်မြုပ်ထားတဲ့ သင်းကျစ်ကိုဝတ်ထားတယ်။
ပုံရိပ်တွေက ကင်မရာတစ်ခုရဲ့မှန်ဘီလူးကနေမြင်နေရသလိုဖြစ်နေပြီး ကလေးမလေးက လက်နှစ်ဖက်နဲ့ အဲဒီကင်မရာလိုအရာကို ကိုင်ထားပုံပဲ။ မက်ဒါနာအတွက်တော့ ဖုန်းဆယ်ဖီကင်မရာကနေတစ်ဆင့် ဆိုဖီယာ့မျက်နှာကို မြင်နေရသလိုဖြစ်နေတယ်။
ပုံရိပ်တွေကြည်လည်ပြတ်သားသွားတာနဲ့ ဆိုဖီယာက တီးတိုးပြောလိုက်တယ်။ "အလုပ်ဖြစ်ပါစေ မျှော်လင့်ရတာပဲ။"
"ပုရွက်ဆိတ်ဘုရင်မကြီး၊ ကျွန်မကိုမမှတ်မိတယ်ထင်တာပဲ။ နတ်သူငယ်မျိုးနွယ်တွေရဲ့တယ်ရီပသီအမြုတေကိုသုံးပြီး ဒီအမြင်ကို ရှင့်ဂူထဲက သလင်းတွေဆီ ပို့နေရတာမလို့ အချိန်သိပ်မရဘူး။ ဒီတော့ ကျေးဇူးပြုပြီး ကျွန်မပြောတာတွေကို မက်ဒါနာဆီ ပြန်ပြပေး။"
ဆိုဖီယာက အလျင်စလိုပြောလိုက်တဲ့အတွက် မက်ဒါနာ မနည်းလိုက်နားထောင်ရတယ်။ ခဏနားပြီးနောက် ဆိုဖီယာက ဆက်ပြောတယ်။ "ပထမဆုံးအနေနဲ့ ပိုးကောင်ဘုရင်မက မွေးလာပြီလို့၊ အရွယ်မရောက်သေးတဲ့ သားလောင်းပေမဲ့ ပိုးကောင်ဟိုက်မိုင်းတွေက သူ့ကိုဂြိုဟ်ကမ္ဘာဆီပို့ပြီးလေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ အခုကျွန်မတို့အဲဒီယာဥ်ပျံကို တားဖို့လုပ်နေပေမဲ့ မဖြစ်နိုင်တော့ဘူးထင်တယ်။"
ဆိုဖီယာက ကင်မရာမြင်ကွင်းကို တစ်ဖက်လှည့်ပြတယ်။ သူပြောသလိုဆိုရင်တော့ နတ်သူငယ်တယ်လီပသီအမြုတေမလို့ အမြုတေမြင်ကွင်းဆိုပါတော့။
မက်ဒါနာက ဧရာမယာဥ်ပျံကြီးတွေ တိုက်ခိုက်နေတာကို မြင်နေရပြီး တကယ့်ကြယ်တာရာစစ်ပွဲတစ်ခုအာကာသထဲမှာ ဖြစ်ပွားနေပုံပါပဲ။ ခေတ်လွန်လွန်းပျံယာဥ်တွေနဲ့ပိုးကောင်ပျံကြီးတွေ တိုက်ခိုက်နေတာဖြစ်ပြီး ဆိုဖီယာတို့ယာဥ်က ပိုးကောင်ယာဥ်ပျံတစ်စီးနောက်ကိုလိုက်နေတာ။ ဒါပေမဲ့ အဲဒီပိုးကောင်ကမြန်လွန်းတဲ့အပြင် ဆိုဖီယာတို့ယာဥ်ကို တခြားယာဥ်တွေကလည်း လိုက်တိုက်ခိုက်နေလို့ ဘာမှလုပ်လို့မရဘူး။
ဆိုဖီယာက ကင်မရာကိုပြန်လှည့်ပြီး ပြောလိုက်တယ်။ "ဒုတိယအနေနဲ့ သူနင်တို့ကမ္ဘာကိုရောက်ပြီး အရွယ်ရောက်လာတာနဲ့ နင်တို့ကမ္ဘာလည်း ဖျက်ဆီးခံရလိမ့်မယ်။ ဒီတော့ ဖြစ်နိုင်သမျှခုခံဖို့ ပြင်ဆင်ထားပေတော့။"
ဆိုဖီယာ ဒီစကားပြောလိုက်တဲ့အချိန်မှာပဲ အမြုတေရဲ့မြင်ကွင်းတွေက တဖြည်းဖြည်းဝေဝါးလာပြီ။ ဆိုဖီယာက အသည်းအသန်အချိန်လုပြီး ပြောတယ်။
"တတိယအနေနဲ့ ငါပြောချင်တာက.... " အသံက ခဏပျောက်သွားပြီးမှ ပြတ်တောင်းပြတ်တောင်းနဲ့ ပြန်ပေါ်လာတယ်။ "ငါရအောင် ပြန်လာခဲ့မယ်။"
နောက်တော့ မြင်ကွင်းက လုံးဝပျောက်သွားပြီး မက်ဒါနာပြန်သတိရလာတယ်။ ဝှီးချဲပေါ်မှာ ထိုင်လျက်သားကနေ အသက်ကို အမောတကောရှူသွင်းရတယ်။ သူ့တစ်ကိုယ်လုံး ချွေးတွေနဲ့နစ်နေပြီး တဆက်ဆက်တုန်နေဆဲပဲ။
"ဘုရားရေ၊ သေတော့မလို့တော်သေးတယ်။" မက်ဒါနာကျိန်ဆဲလိုက်မိတယ်။ ပုရွက်ဆိတ်ဘုရင်မက ဦးမျှင်တွေကို ပြန်သိမ်းလိုက်ပြီး စိတ်နဲ့ဆက်သွယ်ပြီးပြောတယ်။
"ကောင်မလေး၊ ငါညည်းဖို့လည်းထားဦး။ နင့်ကိုငါပြပေးခဲ့တာက ပြန်စီစစ်ပြီးသား အမြင်ပဲ။ ဒီအမြင်ကို ကြည်ပြီးအဆက်အစပ်ရှိအောင်လုပ်ဖို့ တခြားအသုံးမဝင်တဲ့အချက်အလက်တွေကို ဖယ်ထုတ်ခဲ့ရသေးတယ်။"
ဒါကြောင့်လည်း ပုရွက်ဆိတ်ဘုရင်မလိုမျိုး အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်က အခုလိုမျိုး အချိန်အကြာကြီး မေ့မျောသွားခဲ့တာပေါ့။ သေချာတာတစ်ခုကတော့ သလင်းကျောက်မိုင်းတွေက နတ်သူငယ်အမြုတေနဲ့ သတင်းအချက်အလက်ပို့ဖို့ အကောင်းဆုံးရွေးချယ်စရာမဟုတ်တာပဲ။
ဂူထဲက သလင်းကျောက်တွေကလည်း မက်ဒါနာနဲ့ပုရွက်ဆိတ်ဘုရင်မတို့ အချက်အလက်ဖလှယ်ပြီးတဲ့နောက် တဖြည်းဖြည်းပြန်မှိန်ပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီ။
တခြားသူတွေလည်း မက်ဒါနာနားကို ရောက်လာကြပြီ။ သူတို့တွေက မက်ဒါနာလိုမျိုး အမြင်ရခဲ့တဲ့သူတွေမဟုတ်ဘူးလေ။ မက်ဒါနာက သူတို့အားလုံးကို သူကြားလာသမျှ သတင်းတွေကို ပြောလိုက်ပါတယ်။
ဖရာလီတာက အချက်အလက်တွေကို စုစည်းပြီးတော့ မြန်မြန်ဆန်ဆန်ပဲ ကောက်ချက်ချလိုက်တယ်။ "ဒီတော့ အိုမီဂါအဆင့်ဖြစ်လာမယ့် ပိုးကောင်ဘုရင်မသားလောင်းပါတဲ့ယာဥ်က ငါတို့ကမ္ဘာဆီဦးတည်လာနေပြီး ခံစစ်ပြင်ရတော့မယ်ပေါ့။ စိတ်ပျက်စရာပဲ။"
မက်ဒါနာတို့က အာကာသထဲက စွမ်းအားအဆင့်တိုင်းတာပုံကို လက်တွေ့မမြင်ဖူးကြပေမဲ့ အိုမီဂါအဆင့်က သူတို့မြင်ဖူးသမျှလူတွေထက် ပိုစွမ်းတာကိုတော့ သိနားလည်ပါတယ်။ S rankထက်ပိုတဲ့ ကိုင်းတိုရဲ့စွမ်းအားကိုတောင် ဆိုဖီယာက အယ်ဖာမှာလို့ပြောဖူးပါတယ်။ ဒါပေမဲ့ အယ်ဖာမှာပြိုင်ဖက်ကင်းတယ်လို့ ပြောတာမဟုတ်ဘူး။ ပိုးကောင်ဘုရင်မကတော့ စကြဝဠာကိုသိမ်းပိုက်ထားနိုင်တဲ့ အင်ပါယာသခင်မပါ။ ဒါကြောင့် လိပ်နက်ထက်တောင် အများကြီးပိုစွမ်းပါလိမ့်မယ်။
"ကမ္ဘာကြီးသုံးခြမ်းကွဲနေတဲ့အချိန်မှာ ပြင်ပရန်ကို နှိမ်နင်းဖို့ခက်လိမ့်မယ်။" ဖရာလီတာက အမှန်တရားတစ်ခုကို ပြောလိုက်ပါတယ်။
ဖရာလီတာ့စကားကြောင့် မက်ဒါနာအပါအဝင် အားလုံးစိတ်ဓာတ်ကျကုန်တယ်။ ဒါပေမဲ့ဖရာလီတာက ဆက်ပြောလိုက်လေရဲ့။ "မျှော်လင့်ချက်မဲ့သွားတာတော့မဟုတ်ဘူး။ ဒီသတင်းက ငါတို့အနေနဲ့ လက်ရှိမဟာမိတ်သုံးခုအခြေအနေကို ဖောက်ထွက်ပြီး ကမ္ဘာ့အင်အားကိုစုစည်းဖို့ အမြန်ဆုံးလုပ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဒါကြောင့် အတူကြိုးစားကြတာပေါ့။"
မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ ပြီးနောက် "ဆိုဖီယာပြောဖူးသလောက် ငါတို့ကမ္ဘာမှာလည်း အိုမီဂါရှိတယ်မလား။ အဆင့်တူအချင်းချင်း ချခိုင်းရင် အဆင်ပြေမလားလို့။"
ဒါပေမဲ့ ဖရာလီတာက ပခုံးတွန့်လိုက်တယ်။ "အာကိုင်းဂါမီက ဆိုဖီယာရှာနေတဲ့ အိုမီဂါဖြစ်နိုင်တယ်ဆိုပေမဲ့ သူ့စွမ်းအားက S တွေထက် ကျော်ရုံပဲမဟုတ်လား။ ငါတို့က အဲဲဒီအိုမီဂါကို ဘယ်မှာသွားရှာမှာလဲ။"
အမိန့်တော်အဖွဲ့ရောနတ်ဘုရားအသံအဖွဲ့ကပါ ကိုင်းတိုကို အိုမီဂါသံသယရှိသူအဖြစ် အမှုဖွင့်ပြီး စောင့်ကြည့်နေတာပါ။ သူက တကယ်ပဲအစွမ်းထက်ပေမဲ့ ပိုးကောင်ဘုရင်မနဲ့ယှဥ်ကြည့်ရင် ဘာမှမဟုတ်သလိုဖြစ်နေတယ်။
ဒီပကလည်းဝင်ပြောတယ်။ "ပြီးတော့ အစ်မပြောတဲ့အတိုင်းဆိုရင် အစ်မကြီးဆိုဖီယာပို့လိုက်တဲ့သတင်းကို ကြီးမြတ်တဲ့ဘုရင်မက သုံးလကြာမှာ အပြည့်အစုံစုစည်းနိုင်ခဲ့တာမလား။ ဆိုလိုတာက သတင်းပို့တဲ့အချိန်က သုံးလကြာပြီ။"
ဖရာလီတာလည်း အဲဒီအချက်ကို တွေးမိပြီးသားပါ။ "ဟုတ်တယ်၊ ဆိုလိုတာက ငါတို့မှာ သိပ်ပြီးအချိန်မရတော့ဘူး။ မဟာမိတ်သုံးခုအခြေအနေကို မြန်မြန်ဖောက်ထွက်မှရမယ်။ လောလောဆယ်တော့ လိပ်နက်ကို အရင်ကိစ္စဖြတ်ကြတာပေါ့။"
"အင်း၊ ကိုင်းတိုတို့အုပ်စုကို ဆုဗာနာကိုလှမ်းခေါ်ရအောင်။ ရောက်လာရင် သူ့ကိုရိုက်နှက်ပြီး သားရဲလေးကောင်အကြောင်း ပုလိပ်စစ်စစ်ကြမယ်လေ။"
မက်ဒါနာက ပြောလိုက်ပါတယ်။ သွားရေးလာရေးအခက်အခဲကြောင့် အောက်ပိုင်းသေနေတဲ့မက်ဒါနာက ဂျပန်ကိုနောက်တစ်ခါ ခရီးမထွက်ချင်တော့ဘူး။ အဲဒီအစား တိုကျိုအစည်းအရုံးကိုသာ ဆုဗာနာကိုခေါ်ဖို့ ဖရာလီတာကို အကြံပေးလိုက်တယ်။
ဖရာလီတာလည်း မက်ဒါနာရဲ့အကြံကို သဘောကျသွားပြီး မျက်လုံးမှိတ်ပြတယ်။ "အမယ်၊ ဒီလိုကျတော့လည်း မက်ဒါနာက ဘယ်ဆိုးလို့လဲ။"
နောက်တော့ ဖရာလီတာက ခါးကိုလက်ထောက်လိုက်ပြီး နောက်ဆက်လုပ်ရမယ့် အစီအစဥ်ကို ထုတ်ဖော်ကြေညာလိုက်တယ်။
"ကောင်းပြီလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါနဲ့လီလီယာနဲ့က ဂျပန်ကိုပါ မဟာမိတ်ထဲထည့်ဖို့ ဆုံးဖြတ်ပြီးသားမလို့ သူတို့ကိုဖိတ်ခေါ်လိုက်လို့ရတယ်။ ပြီးရင်နိုင်ငံသုံးခုလုံး နယ်စားနန်းတော်မှာ စာချုပ်ချုပ်ကြတာပေါ့။"
အားလုံးခေါင်းညိတ်လိုက်ကြတယ်။ သင့်တော်တဲ့အကြံပါ။ သင်္ကြန်ပြီးတာနဲ့ ကမ္ဘာကြီးတစ်ခုလုံးဟာ ဥရောပမဟာမိတ်ရဲ့တိုးပွားလာတဲ့ အဖွဲ့ဝင်သစ်တွေကြောင့် အံ့ဩသွားတော့မှာသေချာပါတယ်။
အားလုံးပျော်နေကြတဲ့အချိန်မှာပဲ မက်ဒါနာက လက်ထောင်ပြီး နောက်ထပ်ကိစ္စတစ်ခုကို ပြောလိုက်ပြန်ပါတယ်။ "ပြီးတော့ လိပ်နက်နဲ့တိုက်မယ့်ကိစ္စမှာ ငါပါဖြစ်ဖို့ သိပ်သေချာမယ်မထင်ဘူး။"
မက်ဒါနာရဲ့စကားကြောင့် ဖရာလီတာက မက်ဒါနာရဲ့လှုပ်ရှားမရတဲ့ခြေထောက်တွေကို ကြည့်လိုက်တယ်။တကယ်တော့ မက်ဒါနာက ကိုယ်တိုင်မတိုက်ခိုက်နိုင်သေးပေမဲ့ သူတို့ကို ဗျူဟာအရထောက်ပံနိုင်သေးတယ်။ ဒါပေမဲ့ မက်ဒါနာက လိုက်ဖို့ဆန္ဒမရှိဘူးဖြစ်နေတယ်။
"တကယ်တော့ ငါ့မှာလည်း တချို့ကိစ္စလေးတွေရှိနေသေးလို့ပါ။ အေမီကိုပြန်ပြင်ရင်း ငါ့ခြေထောက်တွေကိုလည်း ပြန်ကောင်းလာအောင်လုပ်ဖို့ နည်းလမ်းရှာရဦးမယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါနင်တို့ကို အဝေးကနေ ထောက်ပံပေးနေမှာပါ။"
မက်ဒါနာက ပြောလိုက်တဲ့အတွက် ဒီပက မျှော်လင့်ချက်ကြီးစွာနဲ့ မေးလာပါတယ်။ "ဒါဆို အစ်မကြီးက နယ်စားနယ်မြေမှာပဲဆက်နေနေမှာပေါ့။" ဒါပေမဲ့ မက်ဒါနာက ခေါင်းခါလိုက်ပြန်တယ်။ ပြီးမှသူလုပ်မယ့်ကိစ္စကို ရှင်းပြတယ်။
"အမေရိက... ငါအမေရိကကို ပြန်သွားမယ်။ အဲဒီမှာလည်း ငါတို့ဖြေရှင်းရမယ့် ရန်သူတစ်ယောက်ရှိသေးတယ်မဟုတ်လား။"
ဂူထဲမှာရှိနေသေးတဲ့ လူတိုင်း တိတ်ဆိတ်သွားကြပြန်တယ်။ မက်ဒါနာရဲ့လေသံအရ ဒီကိစ္စကိုဆုံးဖြတ်ပြီးပြီဖြစ်မှန်း ပေါ်လွင်နေပါတယ်။ ဖရာလီတာကတော့ စောဒကတတ်လိုက်တယ်။
"ဒါပေမဲ့ နင်ဘယ်လိုလုပ်ပြန်သွားမှာလဲ၊ ဆုဗာနာက ဥရောပမဟာမိတ်ထဲဝင်လိုက်တာနဲ့ အမေရိကန်ရဲ့ရန်သူဖြစ်သွားပြီ။ နင်ပြည်ဝင်ခွင့်ရမှာမဟုတ်ဘူး။"
မက်ဒါနာကလည်း ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ ဒါပေမဲ့ သူ့မှာ အဲဒီအတွက်လည်း ဖြေရှင်းနည်းရှိပြီးသားပါ။
"တကယ်လို့ ငါက တခြားတစ်ယောက်အနေနဲ့ သွားချင်တယ်ဆိုရင်ရော။ နင်တို့အမိန့်တော်အဖွဲ့က အထောက်အထားအတုဖန်တီးတဲ့နေရာမှာ ကျွမ်းကျင်တယ်မဟုတ်လား။" မက်ဒါနာက ပြောလိုက်တယ်။
...
လော့ဟက်မာတင်အဆောက်အဦးထဲကို ဂျိုးလ်ဝဲလ်ဆင်က ဒေါသထွက်နေတဲ့ဟန်ပန်အပြည့်နဲ့ ဝင်လာပါတယ်။
လွှတ်တော်တစ်ခုလုံးကို ထောင်ထဲဖမ်းထည့်ပြီး လော့ဟတ်မာတင်ကို ချက်ချင်းထွက်လာတဲ့ညကိုထည့်တွက်မယ်ဆိုရင် သမ္မတဝဲလ်ဆင်တစ်ယောက် ဒီနေရာကိုဆက်တိုက်လာနေတာ လေးငါးရက်ဖြစ်နေပြီ။ ပြီးတော့ လွှတ်တော်ကိုထောင်ထဲထည့်တဲ့ကိစ္စကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်နေရတာကြောင့် ဂျိုးဝဲလ်ဆင် စိတ်ကောင်းဝင်မနေဘူး။
ဘာပဲပြောပြော အာဏာအလွဲသုံးစားလုပ်တဲ့ သမ္မတကို ဘယ်သူမှမကြိုက်ကြဘူး။ နယူးယောက်ဟီးရိုး အစည်းအရုံးက ရုပ်သေးဖြစ်နေပြီး မီဒီယာတွေနှုတ်ပိတ်ခံထားရသလို အမေရိကန်စစ်တပ်က ဂျိုးဝဲလ်ဆင်ဘက်ပါနေတာကြောင့်သာ သူဒီလိုဆက်လုပ်နေနိုင်သေးတာ။ ပုံမှန်အချိန်တွေဆိုရင် သမ္မတနေရာကနေ ပြုတ်ကျပြီး ခုံရုံးတင်ခံနေရလောက်ပြီ။
အခုလည်း ဝဲလ်ဆင်ကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကိုဦးဆောင်တဲ့ မြေအောက်အဖွဲ့ တွေပေါ်လာနေပြီဖြစ်ပေမဲ့ လော့ဟက်မာတင်ရဲ့လက်နက်သစ်တွေကျေးဇူးနဲ့ အမှန်တရားဘက်တော်သားစစ်စစ်ဟီးရိုးတွေတောင် ဘာမှထိထိရောက်ရောက် မလုပ်နိုင်ကြဘူး။
"ကျုပ် စိတ်မရှည်တော့ဘူး၊ မစ္စတာဒေဝါး။ Archmegaလို ရန်သူမျိုးကို အနိုင်ယူနိုင်မယ့်လက်နက်မျိုး လုပ်နိုင်လားလို့ ခင်ဗျားလူကိုမေးပြီးသား။ အခုထိ ကျုပ်ကိုတိကျတဲ့အဖြေမပေးသေးဘူး။"
လော့ဟက်မာတင်အမှုဆောင်အရာရှိချုပ် ဒေဝါးက ပြုံးရုံလေးပြုံးလိုက်ပြီး အကျိုးသင့်အကြောင်းသင့်ရှင်းပြတယ်။
"မစ္စတာရေဂင်က သူ့ဝတ်စုံကို ဒီရက်ပိုင်းအပြီးသတ်နေလို့ပါ သမ္မတကြီး။ ဒီဝတ်စုံက Archmegaမပြောနဲ့ Silverknightကိုတောင် အလဲထိုးနိုင်တယ်လို့ သူပြောပါတယ်။ ပြီးတော့ လက်စသတ်ပြီးပြီမလို့ စမ်းသပ်ခန်းထဲမှာ အသင့်ဖြစ်နေပါပြီ။"
"ကျုပ် ခင်ဗျားကို ဒီတစ်ခါတော့ ယုံလိုက်ဦးမယ်။" ဂျိုးလ်ဝဲဆင်က ပြောလိုက်ပြီး စမ်းသပ်ခန်းရှိတဲ့နေရာကို တန်းသွားတယ်။ ရေဂင်က စမ်းသပ်ခန်းထဲမှာ သူ့ရဲ့ဝတ်စုံဖြစ်တဲ့ ကိုင်ဇာတူးကို အသင့်ဝတ်ပြီး ဂျိုးလ်ဝဲလ်ဆင်ကို စောင့်နေတယ်။
"ဒီတော့ မင်းဝတ်စုံက အပြီးသတ်ပြီးပြီလား။"
ရေဂင်ရဲ့ခပ်ဩဩအသံက ဝတ်စုံထဲကနေ ထွက်လာပြီး ဝဲလ်ဆင်ကို ပြန်ဖြေတယ်။ "ဒီဝတ်စုံက S+ အဆင့်ဝတ်စုံပါ။ ပြီးတော့ သူနဲ့တွဲသုံးဖို့ နာနိုဘော့စက်ရုပ်တွေကိုလည်း တီထွင်ထားသေးတယ်။ နာနိုဘော့သန်းချီကိုထိန်းချုပ်ပြီး နာနို့ပန့်နယ်မြေဖန်တီးနိုင်လို့ ကျုပ်က ဘယ်နည်းပညာမြူတန့်ကိုမှမကြောက်ဘူး။"
"အပြောမကြီးဘဲ ကျုပ်ကိုလက်တွေ့သာ ပြစမ်းပါ။"