နတ်ဆိုးနှင့်အပေးအယူ
Vol. 5 Ch. 40
"ပြီးသွားပြီ..." ယုဆလေးက ဘုရားကျောင်းနဲ့တွဲလျက်အိမ်လေးထဲမှာရှိနေပြီး ခေါက်လက်စကြိုးကြာပုံ အိုရီဂါမီစက္ကူရုပ်လေးကို အပြီးသတ်လိုက်တယ်။
ဘေးကနေကြည့်နေတဲ့ မိရိုင်လည်း သိပ်လှတဲ့ကြိုးကြာလေးကိုကြည့်ပြီး မျက်လုံးတွေက ကြယ်တွေလိုမျိုး လင်းလဲ့လာပါတော့တယ်။ "အား၊ ယုဆချန်က တအားတော်တာပဲ။ ချစ်စရာလေး၊ ကြည့်နေရင်း အသက်ဝင်လာတော့မလိုပဲ။"
သူတို့နှစ်ယောက်အတူရှိနေတဲ့အချိန်မှာပဲ ထူးဆန်းတာတစ်ခု ဖြစ်လာခဲ့တယ်၊ ကြိုးကြာရုပ်က အသက်ရှိနေသလိုမျိုး သူ့ဘာသာလှုပ်ရှားလာပြီး အတောင်ကိုခတ်ကာ ယုဆလေးဘေးနားမှာ ရစ်ပတ်ပျံဝဲနေတယ်။
"အ... အခုဘာဖြစ်နေတာလဲ။" ယုဆလေး သူ့မျက်စိရှေ့မှာ ဖြစ်နေတဲ့မြင်ကွင်းကို မယုံနိုင်တော့ဘူး။ စက္ကူရုပ်ကလေးက အသက်ဝင်လာပြီး လှုပ်ရှားနေတာ။ မိရိုင်လည်း ပါးစပ်ကို လက်ဝါးနဲ့ကာထားရင်း ယုဆကို စိတ်လှုပ်ရှားနေတဲ့လေသံနဲ့ ပြောလိုက်တယ်။
"မဟုတ်မှလွဲရော... ဆရာက ဒီလိုဖြစ်လာမယ်မှန်း ကြိုသိနေလို့ နင့်ကိုအရုပ်ခေါက်ပညာ လေ့ကျင့်ခိုင်းခဲ့တာလား။"
ယုဆလေးကိုယ်တိုင်က အရုပ်ခေါက်တော်ပေမဲ့ ကိုင်းတိုက ဆွဲဆွဲမြဲမြဲလေ့ကျင့်ခိုင်းလို့ အခုလိုမျိုး နေ့တိုင်းအရုပ်ခေါက်ဖြစ်ခဲ့တာပါ။ မိရိုင်ပြောတဲ့စကားကြောင့် ယုဆလည်း အံ့ဩလို့မဆုံးတော့ဘူး။
"ထပ်စမ်းကြည့်ရအောင်..." ယုဆက ပြောပြောဆိုဆိုနဲ့ နောက်ထပ်ရောင်စုံစက္ကူတစ်ရွက်ယူပြီး ကြိုးကြာထပ်ခေါက်တယ်။ ဒီတစ်ခါလည်း အဲဒီကြိုးကြာလေးက ထပ်အသက်ဝင်လာပြန်တယ်။
"တကယ်ပဲ.... ငါ့မှာတကယ်ပဲ စွမ်းအားရှိလာပြီ မိရိုင်ရေ။" ယုဆက မိရိုင်ကို ဝမ်းသာအားရနဲ့ အတင်းဖက်ထားလိုက်တယ်။ မိရိုင်က စွမ်းအားကြီးမြူတန့်တစ်ယောက်ဖြစ်ပြီး အရင်က ယုဆမှာစွမ်းအားမရှိတာကြောင့် ယုဆတစ်ယောက်အမြဲ အားငယ်နေခဲ့တာ။ အခုတော့ သူတို့နှစ်ယောက်လုံးက အတူတူဖြစ်သွားခဲ့ပါပြီ။
ဘုရားကျောင်းရှေ့ကြမ်းပြင်ကို တံမြက်စည်းသိမ်းပြီး အိမ်လေးထဲပြန်ဝင်လာတဲ့ ကိုင်းတိုလည်း ဒါကိုတွေ့တော့ ပြုံးလိုက်ပါတယ်။
"သက်မဲ့ပစ္စည်းတွေကို လှုပ်ရှားလာအောင်လုပ်နိုင်တဲ့စွမ်းအားက အိုရီဂါမီပညာနဲ့ အသင့်တော်ဆုံးပဲ။ မင်းရဲ့အနုပညာသိစိတ်က မင်းရဲ့အနုပညာလက်ရာတွေကို အသက်ဝင်စေခဲ့တာ။ ရှားပါးပြီး အသုံးဝင်တဲ့ပညာပဲ။"
နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်ခဲ့ပြီဖြစ်တဲ့ ကိုင်းတိုအတွက်တော့ အခုကိစ္စက သိပ်မထူးဆန်းပါဘူး။ ဒါပေမဲ့ ယုဆနဲ့မိရိုင်တို့က သူ့ရဲ့တပည့်လေးတွေမလို့ အခုလိုမျိုးပြောင်းလဲမှုတစ်ခုကို သူမြင်ရတာက သိပ်ကိုဝမ်းသာစရာကောင်းတဲ့ကိစ္စပါ။
"အစ်ကိုနတ်ဘုရား၊ သမီးစွမ်းအားအဆင့်က ဘယ်လောက်လဲဟင်။" ယုဆလေးက သူ့မြူတန့်စွမ်းအား နိုးထလာတဲ့အကြောင်း အာကိုင်းဂါမီဆီကနေ အတည်ပြုချက်ရလာပြီဖြစ်တဲ့အတွက် အပျော်လွန်ပြီး ချက်ချင်းပြေးလာတယ်။
ကိုင်းတိုက မေးကိုလက်နဲ့ကိုင်ပြီး သေချာစဥ်းစားပြီးဖြေပါတယ်။ "ဒီလိုစွမ်းအားမျိုးက အဆင့်သတ်မှတ်ဖို့ခက်တယ်။ မင်းလုပ်ထားတဲ့ စက္ကူရုပ်ရဲ့အသုံးဝင်မှုအပေါ်မူတည်ပြီး ရလဒ်က ပြောင်းလဲသွားမှာပဲ။ ကြိုးကြာရုပ်တစ်ရုပ်နှစ်ရုပ်ကို အသက်ဝင်ပြီးထိန်းချုပ်ထားရုံဆိုရင် သာမန်အသုံးမဝင်တဲ့ မြူတန့်အစွမ်းတစ်ခုပဲ။ ဒါပေမဲ့ ဖျက်အားပြင်းပြီးကြောက်စရာကောင်းတဲ့အရုပ်တွေကို ခေါက်ခဲ့ရင်တော့ တကယ်လန့်စရာဖြစ်လာလိမ့်မယ်။"
"အစ်ကိုနတ်ဘုရား၊ ခဏစောင့်ဦး။" ယုဆက ပြောပြောဆိုဆိုနဲ့ သူခေါက်ထားပြီးသား ကြိုးကြာရုပ်တွေကို ယူလာတယ်။
"ခေါက်ပြီးသားတွေကိုလည်း အသက်သွင်းလို့ရချင်ရမှာပေါ့။" ယုဆက သူ့စိတ်ကူးနဲ့သူ ပျော်မွေ့နေတယ်။ လှုပ်ရှားနေတဲ့ကြိုးကြာလေးနှစ်ကောင်ကို ပြောလိုက်ပါတယ်။
"သွား၊ နင်တို့သူငယ်ချင်းတွေကို နှိုးလိုက်ဦး။" ကြိုးကြာရုပ်လေးတွေက ချက်ချင်းပေါ်မြူးသွားကြပြီး ရိုးရိုးကြိုးကြာရုပ်တွေကို သူတို့နှုတ်သီးနဲ့သွားဆွတယ်။ မကြာခင်မှာပဲ ယုဆခေါက်ပြီးသား ကြိုးကြာရုပ်တစ်ထောင်လောက်က လှုပ်ရှားသွားလာနေပြီ။
"အရင်က ကြိုးကြာရုပ်တစ်ထောင်ခေါက်ရင် ဆုတောင်းပြည့်တယ်ကြားဖူးလို့ခေါက်ထားတာ အခုတော့ တကယ်ပဲအိပ်မက်တွေ တကယ်ဖြစ်လာပြီ။ မိရိုင်နဲ့အတူတူ စွန့်စားခန်းတွေ ဖွင့်လို့ရတော့မယ်။"
ကိုင်းတိုလည်း ခေါင်းညိတ်လိုက်ပြီး "ဒါဆို ဒီနေ့ကနေစပြီး မိရိုင်လေ့ကျင့်သလို ယုဆလည်းလိုက်လေ့ကျင့်ရမယ်။ စွမ်းအားဆိုတာက ရပြီးရုံနဲ့မပြီးဘူး။"
ကိုင်းတိုက ပြောပြောဆိုဆိုနဲ့ သူ့လက်ထဲမှာ မီးကြာပန်းတစ်ခု ဖန်တီးလိုက်တယ်။ ဒါပေမဲ့ ယုဆကတော့ သူ့အရုပ်လေးတွေ မီးလောင်သွားမှာစိုးတဲ့အတွက် ကြိုးကြာတွေကို သူ့အနားပြန်ခေါ်ပြီး ရင်ခွင်မှာပိုက်ထားတယ်။ မျက်နှာလေးကတော့ သနားစရာလေး။
"အစ်... အစ်ကိုနတ်ဘုရား... သမီးအရုပ်တွေက မီးကြောက်တယ်လေလို့။ အဲဒီလိုလေ့ကျင့်ရင် သူတို့တွေသေကုန်မှာပေါ့။"
ကိုင်းတိုကတော့ ယုဆကို မကြည်ကြည့်ကြည့်နေတယ်။ သူက လက်ပိုက်ထားလိုက်ပြီး ကြောက်စရာကောင်းအောင် တင်းမာတဲ့ လေသံကြီးနဲ့ ပြောလာတယ်။
"မင်းအရုပ်တွေကို ဆော့ရုံအတွက်နဲ့ပဲ အသက်သွင်းမယ်ဆိုရင် ရက်စက်တဲ့လောကကြီးမှာ ဘယ်လိုလုပ်အသက်ရှင်နိုင်မှာလဲ။" တကယ်လည်း ကိုင်းတိုကိုယ်တိုင်တောင် ဒုက္ခရောက်ဖူးတဲ့ အဖြစ်အပျက်တွေရှိနေတာကိုး။
ဒါပေမဲ့ မိရိုင်ကတော့ ကိုင်းတိုပြောတဲ့ လေ့ကျင့်မယ်ဆိုတာကို သိပ်ပြီးစိတ်ထဲမထားဘဲ ယုဆလေးလက်ကို ဆွဲလိုက်တယ်။
"ယုဆချန်၊ အပြင်ထွက်ပြီး အတူကစားရအောင်။ ရုပ်ဆိုးဆိုး ဦးလေးကြီးကို ဂရုစိုက်မနေနဲ့။"
ကိုင်းတိုတစ်ယောက် စိတ်ထဲမှာ အောင့်သက်သက်ဖြစ်သွားပေမဲ့ ဘာမှမပြောဖြစ်လိုက်ဘူး။ ကလေးနှစ်ယောက်ကတော့ ကိုင်းတိုအမှိုက်သိမ်းပြီးကာစ ဘုရားကျောင်းရင်ပြင်ပေါ် ရောက်သွားကြပြီ။
ကိုင်းတိုလည်း ကလေးနှစ်ယောက်နောက်က လိုက်လာရတာပေါ့။
"ယုဆချန်၊ ငါလည်းနင့်ကို ပြစရာရှိတယ်။" မိရိုင်လေးက အပြင်ရောက်တော့ ယုဆကို ပြောလိုက်ပါတယ်။
နောက်တော့ မိရိုင်လေးက ယုဆနားကနေ ခြေလှမ်းဆယ်လှမ်းလောက် ဝေးတဲ့နေရာကို သွားလိုက်ပြီး မော်ဒယ်တစ်ယောက် ပို့စ်ပေးသလိုမျိုး ခြေနှစ်ချောင်းကို ကျဲကျဲထားလိုက်တယ်။
နောက်တော့ လက်ကလေးနှစ်ဖက်ကို ခေါင်းပေါ်ကျော်မြှောက်ပြီး အသည်းပုံလေးဖော်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ အသည်းပုံဖော်ထားတဲ့ လက်နေရာလွတ်ကြားကနေ ကြယ်မီးတောက်ကလေးထွက်လာတယ်။
"Stella Lux power, Make Up!" နောက်တော့ ကြယ်ပုံစံမီးတောက်လေးကနေ အလင်းတန်းတစ်ခုဖြာကျလာပြီး မိရိုင်တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတယ်။
ကိုင်းတိုနဲ့ယုဆမျက်စိရှေ့မှာပဲ မိရိုင်ရဲ့ဆံပင်တွေက ကြယ်တွေလိုတောက်ပလာပြီး တကယ့်မှော်ဆရာမလေးနဲ့တူသွားတယ်။ မိရိုင်က နောက်ထပ်ကြယ်မီးတောက်တွေကို ဖန်ဆင်းလိုက်ပြီး လက်ထဲမှာကိုင်ထားတယ်။ ချစ်စရာကောင်းတဲ့ ပုံစံအမျိုးမျိုးလုပ်ရင်း ဒီစာသားကို ရွတ်လိုက်တယ်။
"ကျွန်မက လှပတဲ့ အစောင့်အရှောက်စစ်သည် မိရိုင်-ချန်ပဲ။ ကြယ်တာရာရဲ့အမည်နှမနဲ့အတူ မတရားမှုတွေကို နှိမ်နင်းမယ်။"
ကိုင်းတိုကတော့ ချစ်စရာလေးဖြစ်နေတဲ့ မိရိုင်ကိုကြည့်ရင်း မနေနိုင်တော့ဘဲ နှာခေါင်းသွေးတွေ ကျတော့မလိုဖြစ်နေပြီး နှာခေါင်းကို လက်နဲ့ဖိထားလိုက်ရလေရဲ့။ ပါးစပ်ကနေလည်း "ချစ်... ချစ်စရာလေးလို့။" မပြောဘဲ မနေလိုက်နိုင်ဘူး။
ဒါပေမဲ့ ယုဆကတော့ မျက်စိကိုမှေးလိုက်ပြီး ကိုင်းတိုကိုကြည့်ကာ အထင်သေးတဲ့လေသံမျိုးနဲ့ ပြောလိုက်ပါတယ်။
"အစ်ကိုနတ်ဘုရား... ကလေးကြိုက်နှာဘူးကောင်ကြီး။"
ကိုင်းတိုကတော့ ကလေးမလေးနှစ်ယောက်ကို ဘာပြန်ပြောရမှန်း မသိဘူးရယ်။ မိရိုင်ကတော့ ပို့စ်ပေးပြီးပြီမလို့ ဆံပင်ပေါ်က ကြယ်မှုန်အလင်းလေးတွေကိုဖယ်လိုက်ကာ ကိုင်းတိုကိုပြောလိုက်တယ်။
"အန်နီမဲအဟောင်းတစ်ခုကြည့်ရင်း အကြံရလာတာလေ။ ဒါနဲ့ဆရာ၊ သမီးဟီးရိုးဝတ်စုံကို သင်္ဘောသားကျောင်းသူဝတ်စုံလုပ်သင့်လား။ ကြည့်ကောင်းပြီး မှော်ဆရာမလေးတွေနဲ့တူတယ်လေ။"
"လုံးဝ သဘောမတူဘူး။" ဒါပေမဲ့ ကိုင်းတိုဆီကနေ အဖြေမကြားရသေးခင်မှာပဲ ရင်းနှီးနေတဲ့ လူတစ်ယောက်ရဲ့စကားသံကို သူတို့ကြားလိုက်ရတယ်။
အသံလာရာ ဘုရားကျောင်းမုဒ်ဝကိုကြည့်တော့ ဥစာကီနဲ့ဒရုန်းဇုန်တို့က ဘုရားကျောင်းထဲဝင်လာကြပြီ။ ဥစာကီကတော့ အထက်တန်းကျောင်းသူမဟုတ်တော့ပေမဲ့ အထက်တန်းကျောင်းသူဝတ်စုံနဲ့တူတဲ့ ဟီးရိုးဝတ်စုံအနက်ရောင်ကို ဝတ်ထားတယ်။ သူ့ရဲ့ဖြောင့်စင်းတဲ့ အနက်ရောင်ဆံပင်ရှည် လေပြေနဲ့အတူလွင့်ပါနေပြီး တစ်ခုတည်းသောရွှေရောင်ဆံပင်တစ်ချောင်းက နေရောင်အောင်ပါတောက်ပနေပါတယ်။
"အစ်မကြီး... ဘာစိတ်ကူးပေါက်ပြီး ဒီကိုရောက်လာတာလဲ။" ဥစာကီက ကိုင်းတိုကို မိရိုင်ရဲ့ဆရာဖြစ်ဖို့ သဘောတူပြီးတဲ့နောက် မိရိုင်ကို လွှတ်ထားတာကြာပြီ။ အချိန်တန်အိမ်ပြန်ရောက်မရောက်တော့ ဂရုမစိုက်တော့ဘူး။ ယုဆရှိနေတာကြောင့် ကိုင်းတိုနဲ့စိတ်ချထားတာ။ မိရိုင်ကိုယ်တိုင်ကလည်း အိမ်ပြန်အိပ်တာရှားတယ်။
ခုတော့ ဝင်လာလာချင်း ဥစာကီက အကြောင်းမသိရဘဲ မိရိုင်ကိုတင်းကျပ်တဲ့ အစ်မကြီးပုံစံနဲ့ ဆက်ဆံနေတယ်။
"ညီမလေးအသက်အရွယ်နဲ့ သင်္ဘောသားကျောင်းသူဝတ်စုံကို ဝတ်ပြီးဟီးရိုးလုပ်လို့ ဖြစ်မလား။ ဟောဒီတစ်လောကလုံးက ဒီကောင်လို ကလေးကြိုက်နှာဘူးတွေနဲ့ပြည့်နေတာနော်။" ဥစာကီက ကိုင်းတိုကိုမျက်စောင်းထိုးလိုက်ရင်း သူ့ညီမလေးကို ကန့်ကွက်တယ်။ ကိုင်းတိုက လက်ကာပြပြီး သူ့ကိုယ်သူကလေးကြိုက်ကောင် မဟုတ်ကြောင်း သက်သေပြချင်ပေမဲ့ ဥစာကီက သူ့ဓားပေါ်လက်တင်ထားပြီး သူ့ကိုတစ်ခုခုမပြောဖို့ သွယ်ဝိုက်ခြိမ်းခြောက်ထားပြီးသား။
"ဒါပေမဲ့ အစ်မလည်း ကျောင်းသူဝတ်စုံဝတ်ထားတာပဲဥစ္စာကို။" မိရိုင်ကတော့ ခံငြင်းနေတုန်းပဲ။ တကယ်လည်း ဥစာကီရဲ့ဟီးရိုးဝတ်စုံက ကျောင်းသူစတိုင်လေ။
"မရဘူးဆို မရဘူးပဲ။" ဥစာကီကလည်း အတင်းဖိအားပေးတယ်။ အခုသူတို့နှစ်ယောက်က ရန်သူကြီးတွေလိုမျိုး တစ်ယောက်နဲ့တစ်ယောက် အကြည့်ပြိုင်နေကြပြီ။ မသိရင် ထချတော့မယ့်အတိုင်းပဲ။
"ဟိုလေ... ဌာနမှူး၊ ကျွန်မတို့ ဒီကိုအလုပ်ကိစ္စနဲ့လာတာမဟုတ်လား။" ဒရုန်းဇုန်က ဘုရားကျောင်းရင်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဖြစ်ခါနီး လေဖိအားနည်းရပ်ဝန်းကို ရပ်တန့်ပေးလိုက်တယ်။
"ဟုတ်သားပဲ၊ အလုပ်ကိစ္စကို ဦးစားပေးရမယ်။" ဥစာကီက နဖူးကိုလက်ဝါးနဲ့ဖျစ်ညှစ်လိုက်ရင်း ကိုင်းတိုဘက် လှည့်ကာပြောလိုက်ပါတယ်။
"အာကိုင်းဂါမီ၊ ဆုဗာနာအစိုးရကနေ ငါတို့ဆီကို စာပို့လာတယ်။ ကိစ္စကတော့ ငါတို့မျှော်လင့်ထားတဲ့အတိုင်းပဲ တိုကျိုဟီးရိုးအစည်းအရုံးကို ဗြိတိန်မဟာမိတ်ထဲ ထည့်ချင်တာ။ ဆုဗာနာမှာ မဟာမိတ်ညီလာခံကို ပထမဆုံးကျင်းပမယ်ထင်တယ်။"
ကိုင်းတိုလည်း ခေါင်းညိတ်လိုက်ပါတယ်။ အမိန့်တော်အဖွဲ့က သူတို့နဲ့ပူးပေါင်းပြီး မြူတန့်သိပ္ပံကိုရှင်းလင်းခဲ့ဖူးပြီးသားပါ။ လက်ရှိမဟာမိတ်တွေ အားပြိုင်နေတဲ့အခြေအနေကို ဖြိုခွင်းပြီး ကမ္ဘာကြီးကို ပြန်ငြိမ်းချမ်းအောင်ဆောင်ရွက်ဖို့က ဟီးရိုးတိုင်းမှာတာဝန်ရှိပြီး သူတို့တစ်ခုခုလုပ်ဖို့လိုပါတယ်။
ဥစာကီက ဖုန်းကိုထုတ်လိုက်ပြီး ဖရာလီတာပို့ထားတဲ့ မက်ဆေ့တွေကို ဝင်ကြည့်တယ်။ "ပြီးတော့ အမိန့်တော်အဖွဲ့က အတွင်းသတင်းအဆိုအရတော့ ရုရှားမှာသောင်းကျန်းနေတဲ့ လိပ်နက်ကို နှိမ်နင်းဖို့က နောက်ထပ်ဦးစားပေးကိစ္စဖြစ်လိမ့်မယ်။"
ကိုင်းတိုက လိပ်နက်ဆိုတဲ့စကားကိုကြားတော့ မျက်မှောင်ကြုတ်လိုက်တယ်။ ဥစာကီကလည်း ပုံမမှန်တဲ့ကိစ္စကို ချက်ချင်းသတိထားမိသွားပြီး...
"ရှင်အဲဒီသားရဲတွေအကြောင်း တစ်ခုခုသိထားသေးလား။ ပြောခါမှ၊ ရှင်ကိုယ်တိုင်တောင် တစ်ကောင်ဖြစ်ခဲ့သေးတာပဲ။"
ကိုင်းတိုက ခေါင်းညိတ်ပြီး ပြောလိုက်တယ်။ "သိပ်ပြီးမသေချာပေမဲ့ အဲဒီသားရဲတွေက ငါတမင်မေ့ထားဖို့ဆုံးဖြတ်ခဲ့တဲ့ ကိစ္စတွေထဲကတစ်ခုနဲ့ ပတ်သက်နေမယ်ထင်တယ်။"
ကိုင်းတိုက အရာအားလုံးကိုသိတယ်။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာပဲ ဘာကိုမှသိမနေပြန်ပါဘူး။ ဥစာကီလည်း သက်ပြင်းချလိုက်ပါတယ်။
"ရှင်က ဘယ်နေရာမှာမှအားမကိုးရတဲ့သူပဲ။"
...
အမေရိကန်နိုင်ငံ အလာမိုဂေါ်ဒို မိုးနည်းရပ်ဝန်းဒေသလွင်ပြင်မှာဖြစ်တယ်။
ဂျိုးဝဲလ်ဆင်နဲ့အတူ အမေရိကန်စစ်တပ်အရာရှိကြီးတွေဟာ ဖုန်သဲထူတဲ့မိုးနည်းလွင်ပြင်မှာ ထိုင်ခုံလေးတွေချပြီး ထိုင်နေကြတယ်။ သူတို့က ဒီနေရာမှာ လက်နက်သစ်တစ်ခုကို စမ်းသပ်ဖို့လာကြတာပါ။
ဒီနေရာမှာ လွန်ခဲ့တဲ့ရာစုနှစ်တုန်းက ကမ္ဘာ့ပထမဆုံး နျူကလီးယားဗုံးကို စမ်းသပ်ခဲ့ဖူးသေးတယ်။ အခုကတော့ လုံးဝကို မတူကွဲပြားတဲ့ လက်နက်တစ်ခုကို စမ်းသပ်ကြမှာ။
ဂျိုးဝဲလ်ဆင်က အဝေးကြည့်မှန်ပြောင်းကို မျက်နှာနားကပ်ကြည့်တယ်။ ဟိုးအဝေးတစ်နေရာမှာ လူရိပ်တစ်ခုရပ်နေတာမြင်ရတယ်။ အဲဒီလူဟာ အနက်ရောင်ချပ်ဝတ်ဝတ်ထားပြီး ဝတ်စုံကနေ အနီရောင်အလင်းမှုန်တချို့ ဖြာထွက်နေတယ်။
"သမ္မတကြီးခင်ဗျား၊ ဒီဝတ်စုံမှာသုံးထားတဲ့ နည်းပညာတွေက Archmegaနဲ့Silverknightတို့ အသုံးပြုနေတဲ့ နည်းပညာကို ပြန်လည်ဖန်တီးဖို့ကြိုးစားထားတဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ သူတို့နည်းပညာ ဘယ်လိုအလုပ်လုပ်လဲမသိပေမဲ့ အနီးစပ်ဆုံးနည်းပညာတစ်ခုကို ရေဂင်ဂျူနီယာက ဖန်တီးနိုင်ခဲ့ပါတယ်။"
ဂျိုးလ်ဝဲလ်ဆင်ရဲ့ညာဖက်ခုံမှာထိုင်နေတဲ့ လော့ဟက်မာတင်စီအီးအိုဒေဝါးက ရှင်းပြတယ်။ ဒါပေမဲ့ ဂျိုးလ်က ဘာမှပြန်မဖြေဘူး။ အဲဒီအစား စမ်းသပ်မှုကိုပဲ ဆက်ကြည့်နေတယ်။
လူရိပ်နားကို တခြားပုံရိပ်တချို့ ချဥ်းကပ်လာတယ်။ဒါဇင်နဲ့ချီတဲ့ ခရက်ဇီလာတွေပါ။ ခရက်ဇီလာတွေက ကိုင်ဇာတူးချပ်ဝတ်ဝတ်ထားတဲ့ ရေဂင်ကို ပတ်လည်ဝိုင်းထားလိုက်ပြီး ငရဲမီးတန်းတွေနဲ့ စတင်ပစ်ခတ်တယ်။
ရေဂင်ဂျူနီယာက သူ့လက်ကိုဝေ့ယမ်းလိုက်တယ်။ သူ့ဝတ်စုံထဲကနေ မရေမတွက်နိုင်တဲ့ အနက်ရောင်နာနိုဘော့လေးတွေထွက်လာပြီး စက်လုံးပုံသတ္တုအလွှာတစ်ခုက သူ့ကိုကာကွယ်ထားလိုက်တယ်။
ဇက်သတ္တုကိုတောင် ဖျော်ချနိုင်တဲ့ ငရဲမီးတန်းတွေက နာနိုဘော့တွေနဲ့ဖြည့်ထားတဲ့ စက်လုံးကိုလည်း ဖျက်ဆီးပစ်နိုင်ပါတယ်။ နာနိုဘော့တွေက လောင်ကျွမ်းပြီး တစ်ခုပြီးတစ်ခု မြေပေါ်ကိုပြုတ်ကျလာပေမဲ့ နောက်ထပ်နာနိုဘော့တွေက ပျက်စီးသွားတဲ့ဘော့တွေနေရာမှာ ဝင်အစားထိုးတယ်။
"ရေဂင်တီထွင်ထားတဲ့ နာနိုဘော့စ်လေးတွေက သေးငယ်လို့ ဝတ်စုံထဲမှာပါတဲ့ သေတ္တာအသေးလေးတွေထဲမှာတင် သန်းနဲ့ချီပြီး ထည့်ထားလို့ရတယ်။ ပြီးတော့ဒါတွေက တိုက်စစ်ရောခံစစ်အတွက်ပါ သုံးလို့ရတယ်။ Silverknightနဲ့Archmegaတို့ရဲ့အကြမ်းဆုံးတိုက်ကွက်တွေကို အသာလေးခုခံနိုင်တဲ့အပြင် တန်ပြန်တိုက်စစ်ဆင်ဖို့ပါ ဖြစ်နိုင်တယ်။"
ဒေဝါးက စီးပွားရေးအကွက်အလမ်းမြင်စွာနဲ့ ပြောလိုက်တယ်။ ဂျိုးလ်ဝဲဆင်ကတော့ ဘာမှဆက်မပြောဘဲ ဆက်ကြည့်နေတုန်းပဲ။
အချိန်ကုန်လာတာနဲ့အမျှ ငရဲမီးတန်းတွေအားကုန်သွားတယ်။ နာနိုဘော့တွေလည်း ခံစစ်အနေအထားကနေ တစ်မျိုးပြောင်းသွားပြီး ပျားတွေလိုမျိုးစုဖွဲ့ပျံသန်းကာ ဧရာမရေလှိုင်းပုံစံ ကွန်ယက်ကိုဖွဲ့စည်းတယ်။ ကွန်ယက်ရဲ့အလယ်မှာတော့ ရေဂင်ရှိနေပြီး သူက ခရက်ဇီလာတွေကို လက်ညိုးညွန်လိုက်တယ်။
ဘုန်း.... ဘုန်း... ဘုန်....
နာနို့ဘော့လှိုင်းကြီးက ပလူကောင်တွေလိုမျိုး စလှုပ်ရှားလာပြီး ခရက်ဇီလာအားလုံးကို တစ်ခါတည်းကျွမ်းပျံကျသွားအောင် ရိုက်ချတယ်။ နောက်တော့ ခရက်ဇီလာတွေကို နာနိုဘော့တွေက တဖြည်းဖြည်းဝါးမျိုသွားပြီး စက္ကန့်အနည်းငယ်အတွင်းမှာတင် ဘာမှမရှိတော့ဘူး။ နာနိုဘော့အရေအတွက်ကတော့ သိပ်သိသိသာသာလျော့မသွားဘူး။
"ဘယ်လိုလဲ သမ္မတကြီး၊ အဲဒီနာနိုဘော့တွေက သူ့အတွက် ပျံသန်းဖို့ အတောင်ပံအဖြစ်လည်းသုံးနိုင်သလို ခံစစ်ရောတိုက်စစ်အတွက်ပါ အကောင်းဆုံးလက်နက်တွေအဖြစ် ပြောင်းလဲနိုင်တယ်။ ဒီထက်ပိုကောင်းတဲ့ ဝတ်စုံတွေတောင် ဒီထက်ပိုပြီးမပြည့်စုံနိုင်တော့ဘူး။"
ဂျိုးလ်ဝဲလ်ဆင်က မှန်ဘီလူးကို မျက်နှာကနေခွာပြီး သေချာစဥ်းစားတယ်။ နောက်တော့ ခေါင်းညိတ်ပြီး အယူအဆကို လက်ခံတယ်။ အဲဒီနောက်တော့ သူစကားစပါတယ်။
"သိပ်ကောင်းတဲ့လက်နက်ပဲ၊ ဒီကမ္ဘာရဲ့နည်းပညာနဲ့ ပြုလုပ်ထားတာ မဟုတ်ဘူးလို့တောင် ထင်မိတဲ့အထိပဲ။ စီးအီးအိုကြီး၊ ရေဂင်ရဲ့မြူတန့်အစွမ်းက ဘာများပါလိမ့်။"
ဂျိူးဝဲလ်ဆင်က ပြုံးနေဆဲဆိုပေမဲ့ သံသယဝင်နေပုံပေါ်တာကြောင့် စီအီးအိုဒေဝါးနည်းနည်းတွန့်သွားတယ်။ သူက အတော်ကြာအောင်ဝေ့ဝိုက်ပြီး စကားလမ်းကြောင်းလွှဲဖို့ကြိုးစားပေမဲ့ ဝဲလ်ဆင်က ဒီမေးခွန်းကိုပဲ ဆက်မေးနေတဲ့အတွက် ပြန်ဖြေရတယ်။
"ကျွန်တော်အရင်က ပြောခဲ့သလိုပဲ ရေဂင်ဂျူနီယာက ထောင်ထဲမှာရှိနေတုန်း မြူတန့်စွမ်းအားတစ်ခုရခဲ့တာ။"
ဒါပေမဲ့ ဂျိူးဝဲလ်ဆင်ကတော့ ခေါင်းခါပြလိုက်ပါတယ်။ နောက်တော့ သူ့လေသံကို နည်းနည်းမြှင့်ပြီး ပြောလိုက်လေရဲ့။ "မစ္စတာဒေဝါး၊ ကျုပ်တို့နှစ်ယောက်က ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး လက်နက်ထုတ်လုပ်ရေးစာချုပ်ကို လက်မှတ်ထိုးထားသူတွေပါ။ ဒီလောက်လေးတော့ ပေးသိသင့်တယ်မဟုတ်လား။"
ဂျိုးဝဲလ်ဆင်က ဒေဝါးကို စိုက်ကြည့်တယ်။ ဒေဝါးက မြေပြင်ကို စိုက်ကြည့်ကာ အကြည့်လွှဲလိုက်ပြီး "အမေရိကန်ရဲ့ဉာဏ်အကောင်းဆုံးနဲ့ အကောက်ကျစ်ဆုံး သမ္မတလို့ ခင်ဗျားကိုပြောကြတာ အလကားမဟုတ်ဘူးပဲ။"
ဂျိုးဝဲလ်ဆင်က ခပ်ဟဟပြုံးလိုက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လေသံနဲ့ပြောလိုက်တယ်။ "သမ္မတတစ်ယောက်အနေနဲ့ လူတစ်ယောက်ရဲ့နောက်ကြောင်းကို ကျုပ်စစ်ဆေးကြည့်ဖို့ မခက်လှပါဘူး။ ရေဂင်ရဲ့မိသားစုက မြူတန့်တွေကို ခွေးမုန်းသလောက်မုန်းတဲ့သူတွေပဲ။ မြူတန့်မဟုတ်တဲ့ သွေးသန့်ချင်းပဲယူလို့ သူတို့မှာ DNAလိုက်ပြီး စွမ်းအားရနိုင်တဲ့ အခွင့်အရေးအတော်နည်းတယ်။ ရှိလာရင်လည်း အဲဒီကလေးကို တရားဥပဒေမလိုက်နာတဲ့နည်းတွေနဲ့ ဖယ်ရှားပစ်ခဲ့ကြတာပါပဲ။"
စကားအရှည်ကြီးပြောရလို့ မောသွားဟန်နဲ့ ဂျိုးဝဲလ်ဆင်က သက်ပြင်းချတယ်။ သူက ဘာမှမရှိတဲ့တစ်နေရာကို အကြာကြီးစိုက်ကြည့်နေပြီးမှ ဆက်ပြောပါတယ်။
"ပြီးတော့ ရေဂင်ရဲ့အသက်က မြူတန့်စွမ်းအားနိုးထလာနိုင်တဲ့ အရွယ်ကို ကျော်နေတာကြာပြီ။ နောက်ပြီးသူက လုံခြုံရေးမြင့်ထောင်ထဲရောက်နေတာမလို့ မြူတန့်စွမ်းအားသလင်းကို လက်ခံရရှိဖို့က ပိုပြီးမဖြစ်နိုင်ဘူး။ ဒီတော့ သူ့စွမ်းအား ဘယ်ကရလာတာလဲ ဒေဝါး။"
ဒေဝါးမှာ ပြန်ဖြေစရာစကားမရှိဘူး။ သူက ပခုံးတွန့်ပြလိုက်တယ်။ "တကယ်တော့ သူဘယ်လိုစွမ်းအားရလာလဲ ကျုပ်လည်းမသိပါဘူး။ ကျုပ်သိတာက သူ့ကိုထောင်ထဲမှာတွေ့တော့ ကြောက်စရာအကောင်းဆုံး နည်းပညာတွေကို ဖန်တီးနေနှင့်ပြီ။"
"ခင်ဗျားနဲ့ကျုပ် နတ်ဆိုးတစ်ကောင်နဲ့ အပေးအယူလုပ်မိသလိုဖြစ်နေရင် ဘယ်လိုလုပ်မလဲ။" ဂျိုးဝဲလ်ဆင်က ပြောလိုက်တယ်။ ဒါပေမဲ့ ဒေဝါးကတော့ ဂရုစိုက်ပုံမရဘူး။
"ကျုပ်က သူ့ကိုလွတ်လပ်ခွင့်ပေးတယ်၊ သူက ကျုပ်ကို ငွေရအောင် ကူညီပေးတယ်။ ခင်ဗျားက လိုချင်တဲ့ လက်နက်ရတယ်။ ဒီတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိနေတာပဲဥစ္စာ၊ ဘာများဂရုစိုက်စရာလိုသေးလို့လဲ။"