အပြီးသတ်
Vol. 5 Ch. 41
မက်ဒါနာတစ်ယောက် ပြီးဆုံးသွားပြီဖြစ်တဲ့ ပြန်လည်တည်ဆောက်ပြီး အေမီရဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်တယ်။ သူစက်ပြန်ဖွင့်ပေးဖို့ မဝင့်ရဲသေးဘူး။
သင်္ကြန်ကာလကျော်သွားပြီ၊ အခုနှစ်ဆန်းနှစ်ရက်နေ့ပါ။ ဖရာလီတာရဲ့အကူအညီနဲ့ဗြိတိန်မဟာမိတ်ရဲ့ငွေကြေး အထောက်အပံကြောင့် လိုအပ်နေတဲ့ အစိတ်အပိုင်းတော်တော်များများကို ပြုလုပ်နိုင်ခဲ့ပေမဲ့ အေမီရဲ့ပါဝါခလုတ်ကိုဖွင့်ဖို့ မက်ဒါနာမရဲမဝင့်ဖြစ်နေတုန်းပဲ။
အဲဒီအချိန်မှာပဲ တံခါးပွင့်လာပြီး ဖရာလီတာဝင်လာတယ်။ မက်ဒါနာတစ်ယောက် အိပ်ရာပေါ်မှာလဲလျက်အနေအထားရှိနေတဲ့ အေမီကို အကြာကြီးစိုက်ကြည့်နေတာမြင်တော့ နားရွက်တက်ချိတ်လုမတတ် ပြုံးပြီးအနားကိုရောက်လာတယ်။
"ဘာလို့ကြောက်နေတာလဲ၊ နင်က အံ့မခန်းပါရမီရှင်တစ်ယောက်ပဲလေ။ စူပါကွန်ပျူတာတစ်လုံးကို ပါဝါဖွင့်ဖို့တောင် ကြောက်နေတာလား။"
ဖရာလီတာရဲ့စကားကြောင့် မက်ဒါနာဘာပြောရမှန်းမသိပေမဲ့ ခေါင်းခါပြလိုက်ပြီး အေမီရဲ့နဖူးပေါ်က ဆံစလေးတွေကို ပုံစံကျအောက် ဖြီးသင်ပေးလိုက်တယ်။
"ငါ့ဘာသာဖန်တီးထားတဲ့အရာတွေဆိုပေမဲ့ သူတို့က ငါ့အတွက်တော့ အကောင်းဆုံးအဖော်မွန်တွေပဲမဟုတ်လား။ သူတို့ထဲကတစ်ယောက် ငါ့သိထားတဲ့အတိုင်း မဟုတ်တော့မှာကို ရင်မဆိုင်နိုင် ဖြစ်နေရုံပါ။"
မက်ဒါနာရဲ့စကားကြောင့် ဖရာလီတာခေါင်းညိတ်ပြီး ခံစားချက်ကိုနားလည်ကြောင်း ဖော်ပြပါတယ်။ အဲဒီနောက်တော့ ဖရာလီတာက အိပ်ရာပေါ်ကအေမီကို ဘေးတစ်စောင်းအနေအထားဖြစ်သွားအောင် လှန်လိုက်ပြီး ဝှီးချဲပေါ်က မက်ဒါနာရဲ့ညာဘက်လက်ကောက်ဝတ်ကို သူ့လက်ကလေးနဲ့ ဆုပ်ကိုင်လိုက်တယ်။
"အရာရာက နင်ထင်သလောက် မဆိုးပါဘူးဟာ။ လုပ်ကြည့်လိုက်ပါ။" ဖရာလီတာရဲ့ဖေးမမှုနဲ့အတူ အေမီ့ ကျောနောက်က ပါဝါခလုတ်ကို လက်ညိုးလေးနဲ့ဖွင့်လိုက်တယ်။
ခန္ဓာကိုယ်အသားအရေနဲ့တသားတည်းဖြစ်နေတဲ့ ပါဝါခလုတ်က မက်ဒါနာရဲ့လက်ညိုးထိပ်လက်ဗွေကို အနီအောက်ရောင်ခြည်နဲ့ စကင်ဖတ်လိုက်ပြီးတဲ့နောက် 'ချက်'ကနည်းအသံနဲ့အတူ အေမီရဲ့ခန္ဓာကိုယ်ထဲက ဂီယာတွေ စတင်လည်ပတ်လာတယ်။
နောက်တော့ အေမီရဲ့မျက်လုံးတွေဖွင့်လာပြီး မျက်လုံးထဲက မှန်ဘီလူးတွေ နေသားကျအောင် လည်ပတ်ချိန်ညှိနေတာ သူတို့မြင်ရတယ်။ နောက်တော့ အေမီက သူ့ဘာသာထထိုင်လိုက်ပြီး အိပ်ရာပေါ်ကနေဆင်းကာ ဂါဝန်အနားစလေးကိုမြှောက်ပြီး မက်ဒါနာကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။
"သာယာသောနေ့လေးပါ သခင်မလေးရှင့်။ ဒီနေ့ ဆုဗာနာရဲ့ရာသီဥတုက တိမ်ထူပြီးအေးမြပါမယ်။ မနက်ပိုင်း ၁၈ ဒီဂရီဆဲဆီးယပ်နဲ့ နေ့လယ်ပိုင်း ၂၃ ဒီဂရီ ဆဲဆီးယပ်ရှိမှာဖြစ်ပါတယ်။ အသင့်လုပ်ပေးမှာမလို့ မနက်စာအဖြစ် ဘာများသုံးဆောင်ပါမလဲရှင့်။"
အေမီရဲ့စကားသံက ချိုမြနေပေမဲ့ မက်ဒါနာကတော့သက်ပြင်းချလိုက်မိတယ်။ 'အခုတော့ သူက ငါ့ကိုမမှတ်မိတဲ့ သာမန်အရုပ်မလေးတစ်ရုပ် ဖြစ်နေပြီပဲ။' ဆိုတဲ့ခံစားချက်က မက်ဒါနာကိုခံစားရဆိုးစေတယ်။
"သခင်မလေးရှင့်၊ တစ်ခုခုဝမ်းနည်းစရာရှိလို့လား။" အေမီက ချက်ချင်းပဲ မက်ဒါနာရဲ့မျက်နှာပေါ်က အပြောင်းအလဲကို အာရုံခံမိသွားပြီး ချက်ချင်းမေးလိုက်တယ်။
"အင်း... ဘာမှမဟုတ်ပါဘူး၊ အရင်ကအကြောင်းတွေ တွေးမိရုံပါ။" မက်ဒါနာက လိမ်ပြောလိုက်ပါတယ်။ သူ့မျက်ဝန်းထဲမှာတော့ မျက်ရည်တွေဝိုင်းနေတယ်။
အရင်က အေမီရဲ့မျက်ဝန်းတွေနောက်မှာ လင်းလဲ့တဲ့အရောင်တစ်ခုရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့အေမီရဲ့မျက်ဝန်းတွေက မှေးမှိန်နေပြီ။ သူပြောတဲ့စကားတိုင်းက သူ့ရဲ့ကိုယ်ပိုင်စကားလုံးတွေမဟုတ်ဘူး။ အဲဒီအစား စက်ရုံကသွင်းပေးလိုက်တဲ့ ပရိုဂရမ်တွေသက်သက်ပါပဲ။
တံခါးခေါက်သံ ထွက်လာတဲ့အတွက် မက်ဒါနာနဲ့ဖရာလီတာတို့ တံခါးဖက်ကို လှည့်ကြည့်တယ်။ အေမီကတော့ တကယ့်အိမ်စေလေးလိုမျိုး ကြွကြွရွရွလေးသွားကာ တံခါးဖွင့်ပေးပါတယ်။
"မင်္ဂလာပါ ဧည့်သည်ရှင့်၊ ကျွန်မတို့်အိမ်တော်ကနေ ကြိုဆိုပါတယ်။"
ဝင်လာတာက မေမေသီတာရယ်၊ အထူးအဆန်းပြုမူနေတဲ့ အေမီကိုမြင်တော့ ခေါင်းကိုနည်းနည်းစောင်းပြီး သမီးလေးတွေဖက်လှည့်ကြည့်တယ်။
"သမီးလေး၊ သမီးအရုပ်မလေးကို ပြင်ပြီးသွားပြီလား။ အရင်တစ်ခါနဲ့လည်း သိပ်မတူသလိုပဲနော်။"
အီး... အီး.... ရွှတ်....
မေမေသီတာရဲ့စကားကြောင့် မက်ဒါနာတကယ်ငိုချင်စိတ်ပေါက်လာပြီး မျက်ရည်တွေက ပါးပြင်ပေါ်ကို စီးကျလာပြီး ပင့်သက်ရှိုက်လိုက်မိတယ်။ ဖရာလီတာကတော့ ငိုခါနီးမက်ဒါနာရဲ့ခန္ဓာကိုယ်ကို ဖေးမထားရင်း...
"ဘာစိတ်မကောင်းစရာရှိလို့လဲ၊ တစ်နေ့ကျရင် သူ့ကိုအကောင်းအတိုင်းဖြစ်အောင် ပြန်ပြင်ပေးနိုင်မှာပဲဥစ္စာကို။"
မေမေသီတာကတော့ ကလေးလိုငိုနေတဲ့ မက်ဒါနာကိုကြည့်ပြီး သက်ပြင်းချလိုက်လေရဲ့။ "ကဲကဲ... စိတ်မကောင်းဖြစ်ရင်လည်း နောက်မှဖြစ်ကြ။ လွှတ်တော်ထဲ မကြာခင်ဝင်ရတော့မှာ၊ မနက်စာလေးဘာလေး မြန်မြန်သွတ်သွတ်စားဖို့ စဥ်းစားကြဦး။ ဆုဗာနာရဲ့မင်းသမီးတစ်ဖြစ်လဲ ဂုဏ်ထူးဆောင်သေနာပတိကြီးက တခြားအမတ်တွေကို လွှတ်တော်ထဲ အကြာကြီးစောင့်ခိုင်းလို့ ကောင်းမလားအေ့။"
...
ဒီလိုနဲ့ လွှတ်တော်ထဲဝင်မယ့်အချိန် ရောက်လာကြပြီ။ မက်ဒါနာက ပြန်ပြင်လို့ပြီးသွားတဲ့အေမီကို ဝှီးချဲတွန်းခိုင်းထားတယ်။ ဖရာလီတာကတော့ မက်ဒါနာနဲ့ဘေးချင်းကပ်ရပ် လိုက်ပါလျှောက်လှမ်းနေတယ်။
"မက်ဒါနာ၊ နင့်ခွေးနက်ကြီးကိုရော လွှတ်တော်ထဲ ခေါ်မလာတော့ဘူးလား။ အင်အားလေးဘာလေးပြလို့ရအောင်လေ။" ဖရာလီတာက ပြောလိုက်တယ်။
အရင်ရက်တွေတုန်းက မက်ဒါနာလွှတ်တော်ထဲ ဝင်သောင်းကျန်းတဲ့ပုံစံကို မေမေသီတာက ဖရာလီတာ့ကို အသေးစိတ်ပြောခဲ့သေးတယ်။ ဒါကြောင့်မလို့ ဖရာလီတာက အခုလိုစကားစလိုက်တာ။
ဒါပေမဲ့ မက်ဒါနာကတော့ ခေါင်းခါပြပါတယ်။ "အခုက ဆုဗာနာနန်းတော်ကို မီဒီယာတွေလည်း လာကြမှာလေ။ ငါက သိုသိုသိပ်သိပ်လေးပဲ နေချင်တာမလို့ ထင်ရှားအောင်မနေသင့်ဘူးမဟုတ်လား။"
"ဟုတ်ပါပြီ... ဟုတ်ပါပြီ။" မေမေသီတာနဲ့ သူတို့သုံးယောက်က လွှတ်တော်ဆီကို ဖြည်းဖြည်းချင်းသွားနေကြတာ။ ဖရာလီတာက ဖုန်းကိုအိတ်ထဲကထုတ်စစ်ရင်း မက်ဒါနာကို ပြောလိုက်တယ်။
"မြေအောက်သတင်းတွေအဆိုအရတော့ တခြားမဟာမိတ်တွေလည်း ငါတို့ဖွဲ့မယ့်မဟာမိတ်ကြောင့် ထိပ်ထိပ်ပျာပျာဖြစ်နေပုံပဲ။ အမေရိကန်က S rank နည်းပညာဝတ်စုံမော်ဒယ်တစ်ခုစမ်းသပ်ပြီး အလုံးအရင်းထုတ်ဖို့ပြင်နေတယ်။ မြူတန့်မဟာမိတ်ကလည်း S rankအဆင့် လူလုပ်မြူတန့်တွေကို ဖန်တီးဖို့ကြိုးစားနေတယ်တဲ့။"
မက်ဒါနာက ပြုံးပြီးတော့ပြန်ဖြေလိုက်တယ်။ "အင်း၊ဗြိတိန်ဖွဲ့မယ့် ငြိမ်းချမ်းရေးမဟာမိတ်သစ်က သူတို့ထက် S rankအရေအတွက် အများကြီးပိုနေတယ်မဟုတ်လား။"
ဖရာလီတာက ဥရောပမဟာမိတ်ရဲ့နာမည်ကိုပြောင်းဖို့ လီလီယာကို တိုက်တွန်းခဲ့တာ။ အာရှနိုင်ငံတွေဖြစ်တဲ့ ဆုဗာနာနဲ့ဂျပန်ပါပါလာရင် ဥရောပမဟာမိတ်ဆိုတဲ့နာမည်က မမှန်တော့ဘူးလေ။ ဒီတော့ သူတို့ရည်ရွယ်ချက်ကို ထင်ဟပ်စေမယ့် နာမည်တစ်ခုကိုရွေးလိုက်တာ ပိုကောင်းတယ်။
လွှတ်တော်နားနီးလာတော့ သူတို့ဆူညံ့သံတွေစကြားရတယ်။ လွှတ်တော်တံခါးရှေ့က ခန်းမကျယ်ပြီးမှာ လူတွေပြည့်ကျပ်နေပြီး အများစုက မီဒီယာတွေပါ။ လီလီယာ၊ကိုင်းတိုနဲ့ဥစာကီတို့ကတော့ လူအုပ်အလယ်မှာရောက်နေပြီး မက်ဒါနာမသိတဲ့ အရှေ့အလယ်ပိုင်းသားတစ်ဦးကိုလည်း သတင်းထောက်တွေက ဝိုင်းသတင်းနှိုက်နေကြတယ်။ ဖရာလီတာပြောတဲ့ အာရပ်မဟာမိတ်ရဲ့မာမွတ်ဖြစ်မယ်။ တခြားသူမသိတဲ့သူတွေကိုလည်း မီဒီယာတွေ အင်တာဗျူးနေသေးတယ်။
ဖရာလီတာကတော့ သတင်းထောက်အုပ်စုကိုကြည့်ရင်း သက်ပြင်းချလိုက်တယ်။ "ဟား၊ မီဒီယာတွေကတော့ ဘယ်နေရာမှာဖြစ်ဖြစ် အတူတူပါပဲ။"
မဟာမိတ်အသစ်ရဲ့သတင်းကိုရဖို့အတွက် ဆုဗာနာနိုင်ငံထဲကို နိုင်ငံပေါင်းစုံက ရာချီတဲ့သတင်းထောက်တွေ ရောက်လာခဲ့တယ်။ ဒါပေါ့၊ လက်တလောကိစ္စတွေကြောင့် အမေရိကန်သတင်းဌာနတွေကတော့ အပျောက်ကြီးပျောက်နေပါတယ်။
"မင်း... မင်းသမီးလေးရောက်လာပြီဟေ့။" ဘယ်ကနေဘယ်လို သတင်းထောက်တွေ မက်ဒါနာကိုစပြီး သတိထားမိသွားတယ်မသိဘူး။ သတင်းထောက်တွေထဲကတစ်ယောက်က အဲဒီလိုအော်လိုက်ပြီးတဲ့နောက် ရှိသမျှသတင်းထောက်တွေက မက်ဒါနာတို့ဘက်ကို လှည့်ကြည့်ကြတယ်။
"မင်းသမီးလေး၊ ကျုပ်တို့ကို အင်တာဗျူးခွင့်ပေးပါ။" မကြာဘူး၊ ရှိသမျှမီဒီယာတွေအားလုံး မက်ဒါနာဆီကို လှိုင်းလုံးကြီးတက်လာသလိုမျိုး ပြေးလာကြတယ်။
"ဟဲ့...ဟဲ့... ငါ့ကိုလည်းတက်နင်းမိကြဦးမယ်။" ဖရာလီတာကတော့ မီဒီယာအုပ်ကြီးရဲ့တွန်းဖယ်ခြင်းကို ခံလိုက်ရပြီး တက်နင်းမခံရအောင် မနည်းရှောင်ထွက်ရတယ်။ လူအုပ်အပြင်ရောက်ပြီးတဲ့နောက် သူ့အင်္ကျီတွေကို သေသေသပ်သပ်ဝတ်လိုက်ပြီး ဖရာလီတာသက်ပြင်းချတယ်။
"ဒါနဲ့များ သိုသိုသိပ်သိပ်နေဦးမယ်တဲ့။ နင်က ငါ့ထက်တောင် ပေါ်ပြူလာဖြစ်နေပြီကို။"
မက်ဒါနာကတော့ သူ့မှါ အကြားအလပ်မရှိဝိုင်းနေတဲ့ မီဒီယာတွေကိုကြည့်ပြီး ဘာပြောရမှန်းမသိတော့တဲ့အထိ ဆို့နင့်သွားတယ်။ ပြီးတော့ မေးနေတဲ့မေးခွန်းတွေကလည်း သူဘယ်က စဖြေလို့ဖြေရမှန်းမသိတဲ့ မေးခွန်းတွေချည်းပဲ။
"မင်းသမီးလေးက ဆုဗာနာဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူပြီး မြူတန့်မဟာမိတ်ကို နှင်ထုတ်ခဲ့တာဆို။"
"သူကောင်းမျိုးတွေကို ခွေးနဲ့ရှူးတိုက်ပြီး လိုက်ကိုက်ခိုင်းတာ တကယ်ပဲလား။"
"Silverknightကရော မင်းသမီးလေးနဲ့အတူတူရှိနေပြီး နောက်ကွယ်ကနေ အမြဲကူညီပေးနေတာလား။ သူနဲ့ကရော ဆက်ဆံရေးအခြေအနေဘယ်လိုရှိလဲ။ ဘယ်တော့လက်ထပ်ကြမှာလဲဟင်။"
"....." မက်ဒါနာကတော့ တိုးကြိတ်နေတဲ့ မီဒီယာအုပ်စုကြီးရဲ့လုံးထွေးနေတဲ့ စကားသံတွေကြောင့် နဖူးကနေတောင် ချွေးတွေစီးကျနေပြီ။
"အေ... အေမီရေ၊ နင့်မှာအကြံကောင်းရှိလား။" မက်ဒါနာမေးလိုက်တော့ အေမီက သူ့ဂါဝန်ထဲမှာဝှက်ထားတဲ့ ငွေရောင်ပိုက်ဆံအိတ်လိုအရာလေးကို ထုတ်လိုက်တယ်။ တကယ်က Neon Valkyrie ဝတ်စုံထည့်ထားတဲ့ သေတ္တာလေးပါ။
အေမီက ဘာစကားမှမပြောလဲ ချိုမြိန်တဲ့အိမ်စေမလေးအဖြစ်ကနေ မျက်နှာထားတင်းမာသွားပြီး ခံစားချက်မဲ့တဲ့ လူသတ်မျက်လုံးတွေနဲ့ မီဒီယာအုပ်ကြီးကို ကြည့်နေပြီမလို့ မက်ဒါနာက အမိန့်ကိုပယ်ဖျက်လိုက်ရတယ်။
"နေ...နေတော့၊ နင်လုပ်မှ အကုန်ရှုပ်ကုန်မယ်။" အခုအေမီက သူ့ဘာသာစဥ်းစားဉာဏ်ရှိတာမဟုတ်ဘူးလေ။ သူအမိန့်ပေးတဲ့အတိုင်း အကုန်လျှောက်လုပ်နေမှာ။
ဟူး.....
ရုတ်တရက် လေပြေတစ်ချက်က မက်ဒါနာကိုဝိုင်းထားတဲ့ လူတွေအားလုံးကို ဖယ်ထုတ်ဖြစ်လိုက်တယ်။ မက်ဒါနာလည်း လေလာရာအရင်းအမြစ်ကိုကြည့်လိုက်တော့ ဖရက်ဖြစ်နေတယ်။
ဖရက်က စတိုင်ကျတဲ့ နက်ပြာရောင် ဆုဗာနာအရာရှိပွဲတက်ဝတ်စုံကို ကျကျနနဝတ်ထားပြီး ပခုံးပေါ်က တပ်မှူးအမှတ်အသားကို မြင်နိုင်ပါတယ်။ သူ့ကျောကနေ အတောင်ပံနက်တွေထိုးထွက်နေပြီး လေပြင်းရဲ့အရင်းအမြစ်က သူတောင်ပံခတ်ရာကနေ ဖြစ်ပေါ်လာပုံပဲ။ သူက အခုထိလေပြင်းကြောင့် အသားမကျဖြစ်နေသေးတဲ့ မီဒီယာတွေကို တင်းမာစွာကြည့်လိုက်ပြီး
"နယ်စားမင်းသမီးရဲ့ကိုယ်ရံတော်တပ်မှူးအနေနဲ့ ပြောပါရစေ။ ဆုဗာနာနန်းတော်က လွတ်လပ်စွာသတင်းယူခွင့်ကို လေးစားပါတယ်၊ ဒါပေမဲ့ တစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အထိတော့ မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်။"
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတယ်။ ကိုယ်ရံတော်ဖရက်က အေးအေးဆေးဆေးလေသံနဲ့ပြောနေတာပေမဲ့ သူ့မျက်နှာထားက တကယ်ထလုပ်တော့မယ့်ပုံကြီး။
အဲဒီအချိန်မှာပဲ လွှတ်တော်တံခါးပွင့်သွားပြီး သံတော်ဆင့်တစ်ယောက်က လူတိုင်းကြားနိုင်တဲ့အသံနဲ့ အော်ပြောလိုက်ပါတယ်။
"နယ်စားကြီးအမိန့်တော်အရ နယ်စားမင်းသမီး မက်ဒါနာ၊ ဗြိတိန်အိမ်ရှေ့မင်းသမီး လီလီယာနဲ့ တခြားသံတမန်တွေကို လွှတ်တော်အတွင်းဝင်ရောက်ခွင့်ပြုလိုက်သည်။"
နောက်တော့ မက်ဒါနာတို့တွေ လွှတ်တော်ထဲကို အုပ်စုလိုက် ဝင်ခွင့်ရသွားတယ်။ မက်ဒါနာကတော့ ဖရက်ကိုယ်ပေါ်က အပွင့်တွေအခတ်တွေကို မယုံနိုင်ဘဲကြည့်လိုက်တယ်။
"နင်ဘယ်ကရလာတာလဲ၊ ခိုးလာတာတော့မဟုတ်ဘူးလား။" ဖရက်ကတော့ သူ့မင်းသမီးလေးရဲ့အထင်သေးစွာ ပြောလိုက်တဲ့စကားကြောင့် နည်းနည်းစိတ်မကောင်း ဖြစ်သွားပုံပဲ။
"တကယ်တော့ နယ်စားကြီးက မင်းသမီးလေးကို ကျွန်တော်အမြဲတမ်း ကာကွယ်ပေးနိုင်အောင်လို့ မင်းသမီးလေးရဲ့သီးသန့်ကိုယ်ရံတော်တပ်မှူးလေးရာထူးပေးလိုက်တာလေ။"
ဖရက်အတွက်တော့ ဒီရာထူးက သူ့အိပ်မက်တွေ တကယ်ဖြစ်လာစေမယ့်အရာမျိုးပါ။ အာဏာပိုင်နိုင်ငံတစ်ခုရဲ့တရားဝင်အရာရှိမလို့ သူ့ကိုဗီလိန်ဆိုပြီး တခြားနိုင်ငံတွေက အသားလွတ်ဖမ်းခွင့်မရတော့ဘူး။ ဖမ်းခဲ့ရင်တောင် သူတို့ကိုယ်တိုင်တရားစီရင်ခွင့်မရှိဘဲ ဆုဗာနာကိုတရားစီရင်ခိုင်းရမှာဖြစ်ပါတယ်။
'နေစမ်းပါဦး၊ ဒါက ဘယ်သူ့အကြံလဲ။' မက်ဒါနာတွေးကြည့်ပြီးမကြာခင်မှာပဲ မေမေသီတာရဲ့ပြုံးစိစိမျက်နှာကြီး သူ့အတွေးထဲပေါ်လာတယ်။ 'အမေလည်း သမက်လေးဘာလေး ရဖူးချင်တာပေါ့။'ဆိုတဲ့ စကားလုံးကြီးက မက်ဒါနာ့ခေါင်းထဲမှာ ပဲ့တင်သံထပ်လို့။
မက်ဒါနာက သူ့နေရာမှာဝင်နေရာယူတယ်။ ဒီပလည်း ဘေးမှာရှိနေပြီး မက်ဒါနာရဲ့နောက် အေမီဘေးမှာဝင်ရပ်နေတဲ့ ကိုယ်ရံတော်တပ်မှူးအသစ်လေးဖရက်ကို မကြည်ကြည့်ကြည့်နေပါတယ်။
သံတမန်တွေခစားဖို့ ပေးထားတဲ့နေရာမှာတော့ ဖရာလီတာ၊ လီလီယာ၊ ကိုင်းတို၊ ဥစာကီနဲ့ မာမွတ်တို့ တန်းစီရပ်နေကြတယ်။ နယ်စားကြီးက အားလုံးကို ခေါင်းညိတ်ပြလိုက်ပြီး ရလဒ်ကိုကြေညာလိုက်ပါတယ်။
"ဆုဗာနာအနေနဲ့ အသစ်ဖွဲ့စည်းတဲ့ ငြိမ်းချမ်းရေးမဟာမိတ်ထဲကို ပါဝင်ရန်ရှိမရှိကို မဲခွဲရာမှာ လွှတ်တော်မဲရလဒ်အရ ၈၀% သဘောတူခဲ့တာကြောင့် မဟာမိတ်စာချုပ်မှာ လွှတ်တော်တံဆိပ်တုံးထုပြီး နယ်စားလက်မှတ်ထိုးပေးဖို့ ငါကိုယ်တော်ခွင့်ပြုလိုက်တယ်။ မဟာမိတ်စာချုပ်ကို ရှေ့တော်ကိုတင်ဆက်စေ။" နယ်စားက အမိန့်ချလိုက်တယ်။
ကြည့်ရတာ လွှတ်တော်က မက်ဒါနာတို့ရောက်မလာခင် ဒီကိစ္စအတွက်မဲခွဲခဲ့ပုံရပြီး သဘောတူတဲ့ဖက်က အနိုင်ရခဲ့ပုံပဲ။ မင်းသမီးလီလီယာက ဖရာလီတာကိုခေါင်းညိတ်ပြတယ်။ ဖရာလီတာကတော့ လုံခြုံရေးမြင့် Tabletတစ်ခုကိုဖွင့်လိုက်တယ်။ နည်းပညာမြင့် ဒီဂျစ်တယ်စာချုပ်ဖြစ်ပြီး ဝင်ဟက်ဖို့ခက်သလို နိုင်ငံတွေအကြား သဘောတူစာချုပ်ချုပ်ဖို့ပဲသုံးတဲ့ သီးသန့်ဒီဂျစ်တယ်စက်ပစ္စည်းမျိုးပါ။
စာချုပ်မှာ အာရပ်နိုင်ငံတော်ဝင်မိသားစုတွေဆီက တံဆိပ်တုံးတွေအပြင် ဥရောပရဲ့နိုင်ငံတံဆိပ်တုံးတွေကိုပါ မြင်နိုင်ပါတယ်။ ဖရာလီတာက နေရာလွတ်တစ်ခုကို ဖန်တီးလိုက်ပြီး နယ်စားကြီးကို ပေးလိုက်တယ်။
နယ်စားကြီးက ခေါင်းညွှတ်လိုက်ပြီး ဝန်ကြီးတွေကို လှည့်ကြည့်တယ်။ "လက်ဝဲအမတ်ကြီး လွှတ်တော်တံဆိပ်တုံးကို ယူလာခဲ့ပေးပါ။"
နိုင်ငံခြားရေးနဲ့တိုင်းရေးပြည်ရာကိုတာဝန်ယူရတဲ့ လက်ဝဲရံအမတ်ကြီးက ဆုဗာနာလွှတ်တော်ရဲ့ယုန်တံဆိပ်ကိုယူလာတယ်။ ဆုဗာနာမှာက ဝန်ကြီးချုပ်တွေအစား အဆင့်တူတဲ့ လက်ဝဲရံလက်ယာရံအမတ်တွေသာ ရှိပါတယ်။ သူတို့က နိုင်ငံရေးအာဏာအရ နယ်စားပြီးရင်အမြင့်ဆုံးဖြစ်ပြီး အာဏာမျှဝေယူထားကြပေမဲ့ ဝန်ကြီးချုပ်တွေထမ်းဆောင်ရတဲ့တာဝန်ကိုပဲ ထမ်းဆောင်ရတာ။
"ဆုဗာနာလွှတ်တော်ရဲ့ကိုယ်စား မဟာမိတ်အဖွဲ့မှာပါဝင်ဖို့ ကျုပ်ခွင့်ပြုတယ်။" လက်ဝဲရံအမတ်ကြီးက နယ်စားတံဆိပ်တုံးကို ဒီဂျစ်တယ်စာချုပ်ပေါ်တင်တယ်။ စာချုပ်က တံဆိပ်တုံးကို အော်တိုစကန်ဖတ်သွားပြီး စာချုပ်မှာ ဆုဗာနာနိုင်ငံရဲ့အချက်အလက်နဲ့တံဆိပ်တုံးတွေပေါ်လာတယ်။
"ကောင်းပြီ၊ ကျုပ်က အတည်ပြုလက်မှတ်ထိုးမယ်။" နယ်စားကတော့ ဒီဂျစ်တယ်ကလောင်တံကိုထုတ်လိုက်ပြီး စာချုပ်မှာလက်မှတ်ထိုးတယ်။
"အခုကနေစပြီး ဆုဗာနာက ငြိမ်းချမ်းရေးမဟာမိတ်မှာ တရားဝင်အဖွဲ့ဝင်ဖြစ်သွားပါပြီ။ နိုင်ငံကိုယ်စားပြုမှုနဲ့ စစ်ဆင်ရေးအဖွဲ့ကိုယ်စားပြုမှုနှစ်ခုလုံးကို အပြည့်အဝရရှိပါမယ်။" လီလီယာက ကြေညာလိုက်တယ်။
နောက်တော့ ကိုင်းတိုနဲ့ဥစာကီတို့က ရှေ့ထွက်လာကြတယ်။ သူတို့နဲ့အတူဂျပန်နိုင်ငံက ဒုဝန်ကြီးချုပ်လည်းပါလာပါတယ်။ ဂျပန်နိုင်ငံကလည်း မဟာမိတ်ကိုဝင်ဖို့ သဘောတူခဲ့ပုံပဲ။
ဒုဝန်ကြီးက အားလုံးရှေ့မှာ ကြေညာလိုက်တယ်။ "ဂျပန်နိုင်ငံ ကပ်ဘိနပ်လွှတ်တော်က မဟာမိတ်အရေးနဲ့ပတ်သက်ပြီး မဲခွဲခဲ့သလို ၆၆%ရာခိုင်နှုန်းနဲ့ အရေးသာခဲ့တာကြောင့် မဟာမိတ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂျပန်ဧကရာဇ်နဲ့ကပ်ဘိနပ်လွှတ်တော်ကိုယ်စား ကျွနုပ်ဒုတိယဝန်ကြီးချုပ်ကာဇုကီ ဟေးရှင်းက သဘောတူလက်မှတ်ထိုးပေးပါ့မယ်။"
ဒုဝန်ကြီးချုပ်က သူနဲ့အတူပါလာတဲ့ ခွင့်ပြုချက်စာလွှာကိုထုတ်လိုက်တယ်။ ဂျပန်တော်ဝင်မိသားစုရဲ့ရွှေရောင်ချိတ်တံဆိပ်က ခွင့်ပြုချက်စာမှာပါပါတယ်။ သမိုင်းဝင်တော်ဝင်တံဆိပ်ကို ဆုဗာနာထိသယ်လာဖို့က အန္တရာယ်များလို့ ကိုယ်စားလှယ်လွှဲစာကိုသာ ပြုလုပ်ခဲ့ပုံပေါ်ပါတယ်။ ဂျပန်မှာက ဧကရာဇ်ဟာ ရုပ်ပြသာဖြစ်လို့ ဝန်ကြီးတွေရဲ့သဘောတူညီမှုကသာ အရေးကြီးပါတယ်။
စာချုပ်က ကိုယ်စားလှယ်လွှဲစာက တံဆိပ်ကို စကင်ဖတ်ပြီးနောက် ဒုဝန်ကြီးက လက်မှတ်ထိုးလိုက်ပါတယ်။
"အခုကနေစပြီး ဂျပန်နိုင်ငံကက ငြိမ်းချမ်းရေးမဟာမိတ်မှာ တရားဝင်အဖွဲ့ဝင်ဖြစ်သွားပါပြီ။ နိုင်ငံကိုယ်စားပြုမှုနဲ့ စစ်ဆင်ရေးအဖွဲ့ကိုယ်စားပြုမှုနှစ်ခုလုံးကို အပြည့်အဝရရှိပါမယ်။" လီလီယာက ဒုတိယအကြိမ်အဖြစ် ကြေညာလိုက်တယ်။
မက်ဒါနာကတော့ သက်ပြင်းချလိုက်ပါတယ်။ "နောက်ဆုံးတော့ ပြီးသွားပြီပဲ။ တကယ်ကြီး ဥစာကီတို့က ကပ်ဘိနပ်ထဲက အဖိုးကြီးအများစုကို နားဝင်အောင် တရားချနိုင်ခဲ့တာလား။"
အခုအထိ မက်ဒါနာအံ့ဩနေတုန်းပဲ။ ဂျပန်က အခုအချိန်မတိုင်ခင်အထိ အမေရိကန်ကိုကြောက်ဖျားဖျားနေပြီး အစိုးရက ထိရောက်တဲ့ဆုံးဖြတ်ချက်တွေ သိပ်မလုပ်ခဲ့ဘူးလေ။ အခုကျ မဟာမိတ်ထဲဝင်ဖို့ တကယ်ကြီးဆုံးဖြတ်ချက်လိုက်တယ်။
ဖရာလီတာလည်း လူအုပ်ထဲကနေ မက်ဒါနာနားရောက်လာပြီး အကြောင်းအရင်းကိုပြောပြတယ်။ "အင်းလေ၊ အမေရိကန်က တောင်ကိုရီးယားကို ရုပ်သေးနိုင်ငံလုပ်ပစ်ထားတာ ကြာမှမကြာသေးတာပဲ။ ဒီတော့ ကပ်ဘိနပ်အဖွဲ့မှာ ရွေးစရာသိပ်မရှိဘူး။"
ဂျပန်သာ အမေရိကန်ဘက်ကိုရွေးခဲ့မယ်ဆိုရင် တိုကျိုအစည်းအရုံးက နယူးယောက်အစည်းအရုံးလိုပဲ တရားမဝင်ဖြစ်ဖို့များတယ်။ မတူတာတစ်ခုက တိုကျိုအစည်းအရုံးဟာ ဂျပန်မှာလွှမ်းမိုးမှုကြီးကြီးမားမားရထားပြီး အမြစ်ကနေလှန်ဖို့မလွယ်ပါဘူး။ အမေရိကန်ဘက်ပါမိရင် ရုပ်သေးဖြစ်သွားမယ့်အန္တရာယ်ရှိသလို တိုကျိုအစည်းအရုံးရဲ့ဒေါသကို ဂျပန်အစိုးရအနေနဲ့ ခံနိုင်မှာမဟုတ်ဘူး။
"အင်း၊ သူတို့ငြင်းလိုက်ရင် ယာမာဂုချီရှိုးဂန်းအစိုးရတို့ဘာတို့ ဖြစ်ရင်ဖြစ်သွားမှာ။" မက်ဒါနာက စိတ်ကူးယဥ်ရင်း ပြောလိုက်တယ်။
တကယ်ပဲ တိုကျိုအစည်းအရုံးက အင်အားသုံးပြီး ကပ်ဘိနပ်ကိုဝင်ဖျက်သိမ်းပစ်နိုင်တယ်။ အထူးသဖြင့် အစိုးရက အရင်ဆုံးဖြတ်ချက်တွေကြောင့် ပြည်သူတွေကြား ဂုဏ်သိက္ခာဏျဆင်းနေချိန်မှာပေါ့။ တိုကျိုအစည်းအရုံးကို ဆန့်ကျင့်တဲ့သူတွေ ရှိကောင်းရှိလာနိုင်ပေမဲ့ ဂျိုးဝဲလ်ဆင်ကို အမေရိကန်ပြည်သူတွေ ဆန့်ကျင်သလောက်ရှိမှာမဟုတ်ဘူး။
"ဘာပဲပြောပြော အေးအေးချမ်းချမ်းနဲ့ သူတို့အချုပ်အချာအာဏာကို ကာကွယ်ဖို့ဆုံးဖြတ်လိုက်တာလဲ ကောင်းတာပဲ။"
ခဏနေတော့ လွှတ်တော်ထဲကနေ လူတွေထွက်သွားစပြုနေပြီ။ ဖရာလီတာက မက်ဒါနာ့ပခုံးကိုပုတ်ပြီး တစ်ခုသတိပေးလိုက်တယ်။
"ဟဲ့၊ မက်ဒါနာ။ နင်တစ်ခုခုကို မေ့နေသေးတာလား။"
"ဟမ်... ငါဘာမေ့နေလို့လဲ။"
"ကိုင်းတိုကို ရိုက်နှက်ပြီး ပုလိပ်စစ်စစ်မယ်ဆိုတဲ့ကိစ္စ။" အဲဒီစကားကြောင့် မက်ဒါနာပြုံးလိုက်ပြီး အခန်းထဲက မထွက်ရသေးတဲ့ ကိုင်းတိုကို စိုက်ကြည့်လိုက်တယ်။
"ဟုတ်သားပဲ၊ ငါတို့လူစုပြီး ဝိုင်းနှိပ်စက်ရအောင်။"
...
မကြာခင်မှာပဲ ကိုင်းတိုတစ်ယောက် ထိုင်ခုံမှာကြိုးတုပ်ခံထားရပြီ။ အစကတော့ ခုခံဖို့ကြိုးစားသေးပေမဲ့ ဥစာကီက အနားကပ်လာပြီး စွမ်းအားကင်းမဲ့နယ်မြေကို ထုတ်သုံးခဲ့တယ်လေ။ သူသေကိုယ်သေချရမယ့် ရန်သူမျိုးမဟုတ်တော့ ကိုင်းတိုကလည်း အားကုန်သုံးရုန်းတာမျိုး မလုပ်ခဲ့ဘူး။
"မင်းတို့တွေ၊ ငါ့ကိုဘာလုပ်မလို့လဲ။" ကိုင်းတိုက ပြောလိုက်တော့ ဖရာလီတာက ဆံပင်ညှပ်တဲ့စက်ကပ်ကြေးကြီး ထုတ်ပြပြီး...
"ကိုင်းတို၊ ရှင်အဲဒီသားရဲတွေအကြောင်း တစ်ခုခုသိတယ်မဟုတ်လား။ အခုပြောပြရင်ကောင်းမယ်နော်၊ မဟုတ်ရင် ရှင့်ဆံပင်တွေကို ရှင်တိုဘုန်းကြီးကေဖြစ်သွားအောင် လုပ်ပစ်မယ်။"
မကြာခင်မှာပဲ လူသူကင်းမဲ့နေတဲ့ လွှတ်တော်ခန်းမထဲကနေ ကိုင်းတိုရဲ့အော်သံကျယ်ကြီး ထွက်ပေါ်လာပါလေရောလား။
"ငါတကယ်မမှတ်မိလို့ပါဆိုနေ။"
Volume 5 ပြီးပါပြီ။