ဝါရှင်တန်မိန့်ခွန်း (၁)
Vol. 6 Ch. 2
ဖရက်တစ်ယောက် ကလေးတွေကို အထင်သေးမိသွားတာ လုံးဝမှားတယ်။ ပုရွက်ဆိတ်အုံကြီးကို လေနဲ့လွင့်ပါသွားအောင် လုပ်ပြီးတဲ့နောက် ကလေးခြောက်ယောက်ရဲ့အကြည့်တွေက ပြောင်းလဲသွားတယ်။
သူတို့တွေက ဖရက်ကို အားကောင်းတဲ့ပြိုင်ဘက်တစ်ယောက်လို စသဘောထားနေကြပါပြီ။ ခပ်ကြီးကြီးအမြွှာသုံးယောက်ထဲက ခေါင်းဆောင်က ခပ်သေးသေးအမြွှားသုံးယောက်ထဲက ခေါင်းဆောင်နဲ့စဆွေးနွေးတယ်။
"ညီနောင်တို့၊ ဒီလူကြီးက အနိုင်ယူဖို့ခပ်ခဲပုံပဲ။"
"အကန့်အသတ်စစ်ပွဲကိုရပ်ပြီး တိုက်စစ်အပြည့်ဖွင့်ရအောင်။"
နောက်တော့ ကလေးတွလက်သီးလက်မောင်းတန်းကာ ဖရက်ဆီကိုပြေးဝင်လာကြရော။ ဖရက်လည်း မျက်လုံးပြူးသွားတာပေါ့။
"ဟေ့လူကြီး၊ တံခါးဝကနေဖယ်စမ်း။ မမလှလှလေးတစ်ယောက်ကို ခင်ဗျားကာကွယ်နေတာမလား။ ကျုပ်တို့လည်းမမလှလှလေးကို ကြည့်ချင်တာပေါ့ဗျ။"
"မမလှလှလေးရှိရင် မီးမီးတို့ မမလေးပေါင်ပေါ်မှာထိုင်ချင်တယ်။" ကလေးတွေက ပြောပြောဆိုဆိုနဲ့ ဖရက်ကိုယ်ပေါ်တွယ်ဖက်ဖို့ကြိုးစားနေကြပြီ။ အမြွှာယောက်ျားလေးတွေက ဖရက်ကိုဆက်လက်တိုက်ခိုက်နေပေမဲ့ အမြွှာမိန်းကလေးတွေကတော့ ချစ်စရာကောင်းအောင် ဟန်ဆောင်ပြီးမျက်လုံးပြူးလေးတွေနဲ့ ကြည့်နေကြတယ်။
"ဒီကောင်တွေ၊ နှာဘူးအသေးစားလေးတွေလားဟ။ ဘယ်လိုလုပ်ပြီး ငါမင်းသမီးလေးကို ကာကွယ်နေတယ်ဆိုတာ သိသွားတာလဲ။" ဖရက်တစ်ယောက် ကလေးတွေကို မအံ့ဩဘဲမနေနိုင်တော့ဘူး။
ကလေးထဲကတစ်ယောက်က သူ့နှာခေါင်းကို လက်ညိုးထိုးပြလိုက်တယ်။ "ခြံထဲမှာ တော်တော်ကောင်းတဲ့ အနံတစ်ခုရနေလို့လေ။ မိန်းကလေးအနံပဲဖြစ်မှာ။"
"....."
ဖရက်အကျပ်ရိုက်နေတုန်း အန်တီလေးအိုလီဗာတို့အဖွဲ့ ခြံထဲဝင်လာပြီး ကလေးတွေနားရပ်လိုက်တယ်။ အိုလီဗာက ကလေးတွေကို မျက်စောင်းထိုးကြည့်လိုက်ပြီး အတော်စိတ်လျှော့ထားရတဲ့ လေသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။
"ဟဲ့ကောင်လေးတွေ၊ နင်တို့အဖေဘယ်မှာလဲ။"
ကလေးတွေအကုန်လုံး ဖရက်ကိုဝိုင်းတိုက်နေတာကိုရပ်လိုက်ပြီး စစ်တပ်ပုံစံအတိုင်း တန်းစီရပ်လိုက်ကြတယ်။ နောက်တော့ အမြွှာခြောက်ယောက်လုံးရဲ့ခေါင်းဆောင်ကောင်လေးက ပြောလိုက်တယ်။
"တပ်မှူးကြီးက အလုပ်ပြုတ်သွားလို့ အလုပ်ထွက်ရှာနေပါတယ်။" အန်တီလေးအိုလီဗာတစ်ယောက် မျက်ဆန်အထက်ရောက်သွားတဲ့အထိ လှန်လိုက်ပြီး သက်ပြင်းချလိုက်တယ်။
"ဒီတော့ နင်တို့ကိုထိန်းမယ့်သူမရှိတာနဲ့ လူကြီးတွေကို ပြဿနာရှာနေတာပေါ့။ တခြားနေရာသွားဆော့ကြ။" အန်တီလေးအိုလီဗာ ပြောပြီးတာနဲ့ ကလေးတွေအကုန်လုံး ဖရက်ကိုဆက်မနှောင့်ယှက်ကြထဲ လူစုခွဲထွက်သွားကြတယ်။
ဖရက်ကတော့ ကလေးတွေကိုကြည့်ရင်း ခေါင်းကုတ်လိုက်တယ်။ သူ့အတွေးကတော့ 'ဒီလိုကြတော့လည်း ပြောကောင်းကြသား။'ပေါ့။ ဒါပေမဲ့ အန်တီလေးအိုလီဗာရဲ့ဒေါသကိုမှ သူမသိတာ။
အိုလီဗာက ဖရက်ကိုကြည့်ပြီး စအကဲခတ်တယ်။ အဲဒီနောက်တော့ "အိမ်ငှားအသစ်လား။" လို့မေးတယ်။ ဖရက်က ခေါင်းညိတ်ပြတော့ အိုလီဗာလည်း စိတ်လှုပ်ရှားသွားပြီး မေးခွန်းတစ်ခုထပ်မေးတယ်။
"ဘယ်အခန်းလဲ။" ဖရက်က မက်ဒါနာဝင်သွားတဲ့ နှစ်ခန်းတွဲကို လက်ညိုးထိုးပြပြီး "မင်းသမီးလေးက ဒီမှာနေမှာမလို့ ကျေးဇူးပြုပြီး စောင့်ရှောက်ပေးပါဦး။"
ဖရက်စကားမှာပါနေတဲ့ သဲလွန်စအကြီးကြီးကြောင့် အန်တီလေးအိုလီဗာနဲ့ဆရာဝန်မမနှစ်ယောက်လုံး မျက်လုံးပြူးသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
"ထူးထူးဆန်းဆန်းလူတစ်ယောက်။" "ပြီးတော့ မင်းသမီးတဲ့။" နှစ်ယောက်လုံး တူညီတဲ့စကားတစ်ခွန်းကို ပြိုင်တူပြောလိုက်ကြပြီးတဲ့နောက် ဖရက်ကို အခန်းရှေ့ကနေ ဖယ်ထုတ်လိုက်ပြီး အဆောင်တံခါးကို အားကုန်တွန်းဖွင့်လိုက်ကြတော့တယ်။
....
"အေမီရေ၊ ငါ့ဆံပင်တုတွေချွတ်ပေးဦး။ ပြီးရင် မျက်ကပ်မှန်ပါချွတ်ပေး။ မျက်လုံးထဲ ခုလုခုလုနဲ့ အဆင်ကိုမပြေဘူး။"
လေဆိပ်ကို အောင်မြင်စွာဖြတ်ကျော်ပြီးတဲ့နောက်တော့ မက်ဒါနာတစ်ယောက် မောနေပြီ။ ဒါကြောင့် ရုပ်ဖျက်ထားတာတွေ အကုန်လုံးဖျက်ပြီး နားချင်လှပြီ။
အေမီက စက်ရုပ်ဆန်ဆန်စတင်လှုပ်ရှားလာပြီး မက်ဒါနာရဲ့အမိန့်တွေအတိုင်း တသွေမသိမ်းစလုပ်တယ်။မကြာခင်မှာပဲ မက်ဒါနာရဲ့ခေါင်းမှာထပ်တပ်ထားတဲ့ ရွှေရောင်ဆံပင်တုကြီးကို ဖြုတ်လို့ပြီးသွားပြီး မျက်ကပ်မှန်တစ်ဖက်ကို စချွတ်တယ်။ လက်အိတ်တွေကတော့ အစောပိုင်းကတည်းက ချွတ်ပြီးနေပြီ။
ဘုန်း...
အဲဒီအချိန်မှာပဲ အဆောင်ရဲ့အခန်းတံခါးပွင့်လာပြီး ရင့်ကျက်တဲ့အလှလေးနှစ်ယောက် အတင်းဝင်လာကြတယ်။ ဖရက်က သူတို့ကိုတားဖို့ကြိုးစားပေမဲ့ မမီတော့ဘူး။
သူတို့က မက်ဒါနာကိုကြည့်လိုက်ပြီး စအကဲခတ်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူတို့မက်ဒါနာကို မှတ်မိသွားပြီး..
"မက်ဒါနာ၊ နင်ပြန်ရောက်နေတာကို ဘာလို့ငါတို့ကို အကြောင်းမကြားတာလဲ။ ရက်စက်လိုက်တာ။" အန်တီလေးအိုလီဗာက မက်ဒါနာတစ်ယောက် ကွန်တိန်နာအဆောင်ကနေ ထွက်သွားလို့ လွမ်းနေတာ။
အိမ်နီးချင်းကောင်မလေးတစ်ယောက်က ရုတ်ချည်းနိုင်ငံတစ်ခုရဲ့မင်းသမီးဖြစ်သွားပြီး အဆောင်မှာမနေတော့ဘဲ ထွက်သွားတာကြာပြီမလို့ ဘယ်တော့မှပြန်မလာတော့ဘူးလို့တောင် ထင်နေတာ။
ဒါပေမဲ့ မက်ဒါနာတစ်ယောက်ကတော့ မျက်လုံးလေးကလယ်ကလယ်နဲ့ မလုံမလဲဖြစ်နေရှာတယ်။ သူက အမေရိကန်ကို ပေါ်လီယာနာအနေနဲ့ဝင်လာတာဖြစ်ပြီး ဆုဗာနာမင်းသမီးမက်ဒါနာက အမေရိကန်မြေမှာ မရှိသင့်သူတစ်ယောက်ပါ။ အိုလီဗာတို့က သူ့ရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေပေမဲ့ ပေးသိလို့မရတာမလို့ ဘေးခန်းကို ပေါ်လီယာနာအနေနဲ့ပဲ ပြောင်းလာပြီး တိတ်တိတ်လေးအတူနေသွားဖို့ ဆုံးဖြတ်ထားတာ။
"ဟယ်လို၊ ကျွန်မက ရုရှားကနေ နယူးယောက်မှာ အလုပ်လာရှာတဲ့ ပေါ်လီယာနာ အီဗန်နော့ခ်ပါ။ ရှင်တို့က အိမ်နီးချင်းတွေလားမသိဘူး၊ တံခါးမခေါက်ဘဲ ဝင်လာတာ နည်းနည်းတော့ ရိုင်းနေ...."
ဒါပေမဲ့ မက်ဒါနာတစ်ယောက် ဟန်ဆောင်စကားတွေတောင် ပြီးတဲ့အထိမပြောလိုက်ရဘူး။ အန်တီလေးအိုလီဗာက အနားရောက်လာပြီး မက်ဒါနာရဲ့နားရွက်နုနုလေးကို လိမ်ဆွဲလိုက်တယ်။
"အား.... သေပါပြီ၊ မမအိုလီဗာရဲ့။" တအားလိမ်ဆွဲလိုက်တာမလို့ မက်ဒါနာရဲ့ညာဖက်နားလေးနီရဲသွားပြီ။ အန်တီလေးအိုလီဗာက ထွက်ပြေးဖို့ကြံနေတဲ့ မက်ဒါနာကို အတင်းပခုံးဆွဲဖက်ထားပြီး ပြေးလို့မရအောင် ဖမ်းထားလိုက်တယ်။
"ဘာတွေလျှောက်ပြောနေတာလဲ ကောင်မစုတ်လေးရဲ့။ တစ်လောကလုံးမှာ နင်တစ်ယောက်ပဲ ငွေဖြူဆံပင်နဲ့မျက်လုံးငွေရောင်ရှိတာလေ။ မျက်ကပ်မှန်တစ်ဖက်တည်းတပ်ထားရုံနဲ့ တခြားတစ်ယောက် ဟန်ဆောင်လို့ရမယ်ထင်နေလား။"
"ဟင်၊ မျက်ကပ်မှန်တစ်ဖက်တည်း။" မက်ဒါနာတစ်ယောက် သူ့ဦးနောက် အလုပ်ပြန်လုပ်လာတဲ့အချိန်မှတွေးမိသွားပြီး အေမီလက်ထဲမှာကိုင်ထားတဲ့ မျက်ကပ်မှန်အသွင်းအထုပ်လုပ်တဲ့ တုတ်ချောင်းကိုကြည့်လိုက်တယ်။ တကယ်ပဲ အပြာရောင်မျက်ကပ်မှန်တစ်ဖက်က အေမီဆီမှာ။
"သေစမ်း..." မက်ဒါနာ ကျိန်ဆဲမိလိုက်တယ်။
"ဘာအခုမှ သေစမ်းလဲ။ ကောင်မစုတ်လေး၊ ငါက နင့်ကို ထပ်မတွေ့ရဘူးလို့တောင် ထင်ထားတာ။" အိုလီဗာက မက်ဒါနာကိုတင်းတင်းဖက်ထားတဲ့အတွက် မက်ဒါနာရဲ့မျက်နှာက အန်တီလေးရဲ့အုန်းသီးနှစ်လုံးကြားညပ်နေပြီ။
"အ.... အစ်မကြီး... ကျွန်မအသက်ရှုကျပ်နေပြီ။"
"ဘာအစ်မကြီးလဲ၊ ငါ့ကိုအန်တီလေးလို့ခေါ်။"
"....."
မက်ဒါနာတစ်ယောက် အိုလီဗာရဲ့ရင်ခွင်ထဲမှာ နစ်မြုပ်နေတုန်း အန်တီလေးအိုလီဗာရဲ့ကောင်မလေးဖြစ်တဲ့ ဆရာဝန်မမက မက်ဒါနာနားရောက်လာပြီး ရင်ဘတ်ကို တို့ကြည့်တယ်။
"မက်ဒါနာရေ၊ နင့်ရင်ဘတ်က ဆိုက်ဒ်ကြီးလာသလိုပဲနော်။ အရင်တစ်ခါလို ယာယီပဲလား၊ ပြီးမှကျုံဝင်သွားမှာမျိုးလား။"
အဲဒီစကားကြောင့် အိုလီဗာက မက်ဒါနာကို ပြန်လွှတ်ပေးပြီး ရင်ဘတ်ကို စစူးစမ်းပြီးကိုင်ကြည့်တယ်။ နောက်တော့ မေးကိုလက်နဲ့ပွတ်ကြည့်ရင်း ခေါင်းညိတ်လိုက်တယ်။
"အင်းနော်၊ ဘရာတောင် နည်းနည်းကျပ်နေပြီလားလို့။" ဖရက်ကတော့ အဲဒီကြောင်တောင်တောင်နိုင်တဲ့မြင်ကွင်းကို အူကြောင်ကြောင်နဲ့ကြည့်နေရင်း တံထွေးမျိုချမိလိုက်တယ်။
စိတ်ထဲမှာတော့ 'ဒီအစ်မကြီးတွေက မင်းသမီးလေးကို ဘာလုပ်နေကြတာလဲ။'လို့တွေးရင်းနဲ့ပေါ့။ ဒါပေမဲ့သူတံထွေးမျိုချတဲ့အသံကို အားလုံးကြားသွားကြပုံပဲ။
မက်ဒါနာအပါအဝင် အိုလီဗာနဲ့ဆရာဝန်အစ်မကြီးတို့က သူ့ကိုရန်ဆောင်တဲ့အကြည့်နဲ့ ကြည့်နေကြပြီ။ ခုမှမိန်းကလေးလေးယောက်အပြင် ယောက်ျားလေးတစ်ယောက်ပါ အနားမှာရှိနေသေးမှန်း သူတို့သတိထားမိကြတာ။
"အေမီရေ။" မက်ဒါနာက အမိန့်ပေးလိုက်တော့ အိမ်စေစက်ရုပ်မလေးက ဖရက်ကို မျက်နှာသေနဲ့ကြည့်လိုက်ပြီး အဆောင်အခန်းဝကိုသွားကာ တံခါးကိုတင်းတင်းဆွဲပိတ်လိုက်တယ်။
ဒါကြောင့် ဖရက်တစ်ယောက် ကွန်တိန်နာအခန်းတံခါးကလွဲပြီး ဘာမှဆက်မမြင်ရတော့ဘူး။ ပြီးမှ မိန်းကလေးတွေက စကားဆက်ပြောကြတယ်။
"မက်ဒါနာရေ၊ အခုတလော နင်ထွားလာတာလား။" အိုလီဗာက မက်ဒါနာရဲ့မက်မွန်သီးလေးတွေ ယာယီကြီးလာတာမဟုတ်ကြောင်း အတည်ပြုပြီးတဲ့နောက်မေးလိုက်တယ်။
မက်ဒါနာက ခေါင်းညိတ်ပြပြီး "လပိုင်းအတွင်းအဲဒီလိုဖြစ်လာတာ။" ဆရာဝန်မမကတော့ အဲဒီစကားကိုပြန်ထောက်ပြောတယ်။
"ကျပ်ထုတ်နေတဲ့ ဘရာဝတ်တာက နင့်ကျန်းမာရေးအတွက် မကောင်းဘူးနော်။" သေချာစဥ်းစားကြည့်တော့ အဲဒီစကားလည်းမှန်သားရယ်။
မက်ဒါနာကိုယ်တိုင်လည်း ဆုဗာနာမှာအလုပ်ရှုပ်နေခဲ့လို့ ဘရာကိစ္စသတိမရဘူးဖြစ်နေတာ။ အိုလီဗာတို့အုပ်စုက တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြပြီးနောက်...
"ဒါဆိုပြန်ရောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ရှော့ပင်ထွက်ကြမလား။" မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ နောက်တော့ မက်ဒါနာက အေမီကိုလှမ်းပြောတယ်။
"ငါ့ကို ပြန်ရုပ်ဖျက်ပေးဦး။" နောက်တော့ အေမီက မက်ဒါနာကို စက္ကန့်ပိုင်းအတွင်း ဆံပင်တုနဲ့မျက်ကပ်မှန် ပြန်တပ်ပေးပြီးနေပြီ။ မက်ဒါနာက အရေပြားလက်အိတ်ကို ကိုယ့်ဘာသာပြန်ကောက်စွပ်လိုက်တယ်။
"ဘာဖြစ်လို့ နင့်ကိုယ်နင်ရုပ်ဖျက်နေတာလဲ။" အိုလီဗာက မေးလိုက်ပေမဲ့ နောက်တော့ သူ့ဘာသာသဘောပေါက်သွားပြီး "ဟုတ်သားပဲ၊ နင်က ဆုဗာနာသားမလို့ ပြည်ဝင်ခွင့်မရဖြစ်နေတာမလား။"
အန်တီလေးအိုလီဗာက မြေအောက်လောကသားတွေထဲက တစ်ယောက်ဖြစ်ဖူးတဲ့အတွက်ကြောင့် အစိုးရက ပြည်သူတွေကို မသိစေချင်တဲ့ သတင်းတချို့ကို သိထားတယ်။ သူက အဲဒီကိစ္စကိုတွေးမိတော့ လက်ကောက်ဝတ်မှာပတ်ထားရတဲ့ လက်ပတ်ဝါကို အလိုလိုထိကြည့်မိတယ်။
လက်ပတ်ဝါရဲ့စောင့်ကြည့်မှုကြောင့် သူကလေးတွေကို မအော်ဖြစ်ခဲ့တာ။ ခါတိုင်းဆိုရင် နားကန်းအောင်အော်နေကျလေ။
ရုပ်ဖျက်ပြီးတဲ့နောက်တော့ မက်ဒါနာက အိုလီဗာဘက်ကိုလှည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ "သွားရအောင်။"
မက်ဒါနာက သူဘာဖြစ်လို့ပြန်လာတယ်ဆိုတာကို မပြောခဲ့သလို အိုလီဗာကလည်း ဆက်မမေးခဲ့ဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်ကြားထဲမှာ ယုံကြည်မှုတစ်ခုရှိနေပြီး အဲဒီယုံကြည်မှုက တစ်ယောက်အကြောင်းတစ်ယောက် သိစရာမလိုတဲ့အထိ ခိုင်မာတယ်။
အေမီက အခန်းတံခါးကိုပြန်ဖွင့်ပေးပြီးတဲ့နောက် မက်ဒါနာရဲ့ဝှီးချဲကို စတွန်းတယ်။ အိုလီဗာတို့နှစ်ယောက်လည်း အခုမှမက်ဒါနာထိုင်နေတာ ထိုင်ခုံတစ်ခုမဟုတ်ဘဲ ဝှီးချဲမှန်းသိထားမိသွားကြတယ်။
"ဒါကရော ရုပ်ဖျက်တဲ့တစ်စိတ်တစ်ပိုင်းလား။" လို့ အိုလီဗာကမေးတော့ မက်ဒါနာခေါင်းခါပြပြီးငြင်းတယ်။ အိုလီဗာလည်း "ငါသိပြီ။"လို့ တစ်ခွန်းတည်းပြောပြီး ဆက်မပြောဖြစ်တော့ဘူး။
"မင်းသမီးလေး အပြင်သွားမလို့လား။" အခန်းပြင်မှာစောင့်နေတဲ့ ဖရက်က မေးလိုက်ပေမဲ့ မက်ဒါနာက ခေါင်းညိတ်ပြပြီး "ငါ့နောက်လိုက်စရာမလိုဘူး။" လို့ တစ်ခါတည်း စကားကြိုပိတ်ထားလိုက်တာမလို့ ဖရက်တစ်ယောက် ဆန့်တငင်ငင်နဲ့ ကျန်ခဲ့လေရဲ့။
...
မက်ဒါနာနဲ့အိုလီဗာတို့အုပ်စုက သွားနေကျပလာဇာက သွားနေကျဆိုင်ကိုပဲ သွားကြတယ်။ ဒီပလာဇာက မက်ဒါနာအတွက် အမှတ်တရတွေအများကြီးပဲ။ ဝတ်စုံထဲဝင်ထားတာမဟုတ်တဲ့ ဖရာလီတာနဲ့စတွေ့တော့လည်း ဒီနေရာပဲဥစ္စာ။
"ရုပ်ဖျက်လာတာ မှန်သွားတယ်။" မက်ဒါနာ သူ့ကိုယ်သူ သတိပေးလိုက်မိတယ်။
မက်ဒါနာက ပေါ်လီယာနာအဖြစ်ရုပ်ဖျက်ထားပေမဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး လူတွေက မက်ဒါနာ၊ အေမီ၊ အိုလီဗာနဲ့ဆရာဝန်မမလို အလှလေးလေးယောက် ပလာဇာထဲဝင်လာတာကို အလွယ်တကူအာရုံစိုက်မိကြတယ်။
မက်ဒါနာအနေနဲ့ ရုပ်မဖျက်ပဲဒီကိုလာရင် တစ်တိုင်းပြည်လုံး ဆုဗာနာမင်းသမီးအမေရိကန်မြေပေါ်ရောက်နေတဲ့သတင်းက ချက်ချင်းပြန့်နှံသွားလိမ့်မယ်။ အခုတော့ ရုရှားသူအလှလေးအဖြစ်သာ သူ့ကိုသတိထားမိကြတာ။
"ဒီတစ်ခါလည်း နောက်ထပ်အလှလေးတစ်ယောက်ကို ခေါ်လာပြန်ပြီလား အိုလီဗာရေ။ သူ့နာမည်လေးဘာလေးပေးသိပါဦး။ ပြီးတော့ ကောင်မလေးရေ၊တို့ဆိုင်အတွက်ကြော်ငြာလက်ခံရင် လက်ဆောင်တွေပေးမယ်လေ။"
ဆိုင်ရှင်အစ်မကြီးကတော့ အိုလီဗာတို့ဝင်လာတာနဲ့ ပြုံးလို့ပျော်လို့။ ချက်ချင်းဆိုသလိုကို ဇာနက်ကလေးတွေအများကြီး ထုတ်ပြတော့တာ။ ကြော်ငြာရိုက်ခွင့်ပေးရင် လက်ဆောင်တွေပေးဦးမယ်လို့ ကမ်းလှမ်းပေမဲ့ မက်ဒါနာငြင်းလိုက်ပါတယ်။
"စိတ်မကောင်းပါဘူး၊ ကျွန်မက လူသိမခံချင်လို့ပါ။"
ဒါပေမဲ့ ဆိုင်ရှင်အစ်မကြီးကတော့ ပြုံးနေဆဲဖြစ်ပြီး သူနဲ့လိုက်မယ်ထင်တဲ့ ဇာနက်လေးတစ်ဒါဇင်လောက်ထုတ်ပေးရင်း "ဒါဆိုလည်း အချိန်ယူပြီးစမ်းဝတ်ကြည့်ပေါ့။ အဝတ်လဲခန်းကို ကြိုက်သလိုသုံးလို့ရတယ်နော်။"
မက်ဒါနာက အိုလီဗာတို့ကိုလက်ပြပြီး အဝတ်လဲခန်းထဲကို အေမီနဲ့အတူဝင်သွားလိုက်တယ်။ ဆိုင်ရှင်မမပေးလိုက်တဲ့ ဇာနက်လေးတွေကို ထုတ်ကြည့်ပြီးတဲ့နောက် မက်ဒါနာတစ်ယောက် ကောက်ကျစ်တော့မယ့်အပြုံးလေး ပြုံးလိုက်မိတယ်။
"ထင်ထားတဲ့အတိုင်းပဲ ငါနဲ့လိုက်တာလေးတွေဟ။" အဲဒီနောက်တော့ အေမီအကူအညီနဲ့ အပေါ်အင်္ကျီကိုချွတ်ပြီး တစ်ခုပြီးတစ်ခုစမ်းဝတ်ကြည့်တယ်။
တစ်ချိန်တည်းမှာပဲ ဆိုင်မှာတပ်ထားတဲ့ တီဗီလေးမှာလာနေတဲ့ နယူးယောက်ဖော့စ်သတင်းဌာနခွဲက သတင်းတွေကို နားစွင့်မိတယ်။ ခါတိုင်းနဲ့မတူတာက သတင်းကြေညာပြောင်းသွားပြီး လက်ရှိတင်ဆက်နေတဲ့ သတင်းကြေညာသူက သတင်းတွေကိုစာဆန်ဆန်ဖတ်နေတာပါ။ သတင်းအများစုကလည်း ဝန်ကြီးတွေ ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘာကိုကြည့်ရှုမှာကြားပါတယ် ဆိုတာတွေချည်းပဲ။ အတော်ကြာမှ စိတ်ဝင်စားစရာသတင်းတစ်ခု တက်လာတော့တယ်။
ဒီသတင်းကလည်း ဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာတွေထဲကပေမဲ့ သမ္မတအဆင့်မလို့ မက်ဒါနာရဲ့အာရုံကို ဖမ်းစားသွားနိုင်တာ။
"အမေရိကန်ပြည်ထောင်စု ပြည်ထောင်စုသမ္မတ မစ္စတာဂျိုးလ်ဝဲလ်ဆင်ဟာ လာမယ့်သောကြာနေ့မှာ S အဆင့် ကိုင်ဇာတူးဝတ်စုံတွေရဲ့တပ်တော်ဝင်အခန်းအနားနဲ့ ကိုင်ဇာတူးတပ်စိတ်တည်ထောင်ခြင်း အခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။ သမ္မတဂျိုးလ်ဝဲလ်ဆင်ဟာ မြူတန့်ဖက်စစ်တွေရဲ့ S rank ဖာရာဒေးဆေးဝါးကို တုံ့ပြန်တဲ့အနေနဲ့ ကိုင်ဇာတူးတပ်ဖွဲ့တွေကို တည်ထောင်ခဲ့တာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ဝါရှင်တန်ဒီစီ သမ္မတအိမ်တော်ရှေ့မှာ စုရုံးနေကြတဲ့ ဆန့်ကျင်သူတွေကို လူကိုယ်တိုင်မိန့်ခွန်းပြောကြားသွားမှာ ဖြစ်ပါတယ်။
သမ္မတအိမ်တော်ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အိမ်ဖြူတော်ရှေ့စုရုံးရောက်ရှိနေကြတဲ့ ဆန့်ကျင်သူတွေဟာ အနီးအနားဆိုင်တွေကို လုယက်ပြီး အခွင့်အရေးယူချင်လို့ စုရုံးနေသာဖြစ်ကြောင်း မှတ်ချက်ပေးထားပါတယ်။"
မက်ဒါနာက သေချာစဥ်းစားကြည့်ပြီး ရယ်မောရင်း ခေါင်းခါလိုက်မိတယ်။ "အမေရိကန်လို အခိုင်မာဆုံးဒီမိုခရက်နိုင်ငံက ဒီလိုအဖြစ်မျိုးနဲ့ကြုံရမယ်လို့ကို ငါမထင်ခဲ့မိတာ။ သတင်းလွတ်လပ်ခွင့်နဲ့ဖက်ဒရယ်ကို အလွယ်လေးဆုံးရှုံးသွားတာပဲ။"
ဂျိုးလ်ဝဲလ်ဆင်က ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး စစ်ရေးတိုးချဲ့နေသူတစ်ယောက်ပါ။ ဒါကြောင့် ဝါရှင်တန်အိမ်ဖြူတော်ရှေ့မှာ စစ်ဆန့်ကျင်ရေးသမားတွေ စုရုံးရောက်ရှိနေတာ ပုံမှန်ပါပဲ။
အမေရိကန်သမိုင်းတစ်လျှောက် အခုလိုအဖြစ်မျိုးက ပုံမှန်ပဲလို့ပြောနိုင်တယ်။ ဗီယက်နမ်စစ်ပွဲတုန်းကလည်း စစ်ဆန့်ကျင်ရေးသမားတွေ အခုလိုစုရုံးခဲ့ကြသေးတယ်။ အချင်းချင်း မိန့်ခွန်းတွေပြောကြ၊ စစ်ပွဲမကောင်းကြောင်း သတင်းတွေဖြန့်ဝေကြ၊ ရောင်စုံဆိုင်းဘုတ်လေးတွေကိုင်ပြီး ဆန့်ကျင်ကြနဲ့ပေါ့။ ဒါဟာ အမေရိကန်ရဲ့သမ္မတနိုင်ငံပြရုပ်လည်းဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအမေရိကန်ပြည်သူတွေက ဂျိုးလ်ဝဲလ်ဆင်လို ဖွဲ့စည်းပုံဥပဒေကိုလစ်လျူရှုထားပြီး သအမျိုးသားလွှတ်တော်ကိုပါဖျက်သိမ်းပစ်ရဲတဲ့ ထင်ရာစိုင်းသမ္မတနဲ့တွေ့နေရတာပါ။ ထောက်တိုင်သုံးရပ်ထဲက နောက်ဆုံးတစ်ရပ်ဖြစ်တဲ့ ဖက်ဒရယ်တရားရုံးချုပ်ကိုလည်း သူ့အိတ်ထဲထည့်ထားလောက်တယ်။
"တပ်တော်ဝင်အခမ်းအနားလုပ်တဲ့နေ့မှာ ဆန့်ကျင်သူတွေကို မိန့်ခွန်းပြောမယ်ပေါ့။ မင်းတို့ ငါ့ကိုလက်မခံရင် သေရမယ်ဆိုပြီး ခြိမ်းခြောက်တာနဲ့အတူတူပဲမဟုတ်လား။" မက်ဒါနာက သူ့ဘာသာတွေးရင်း မျက်စိကိုမှေးလိုက်မိတယ်။ ဂျိုးလ်ဝဲလ်ဆင်ကို အနိုင်ယူဖို့ သူတစ်ခုခုစီစဥ်မှဖြစ်တော့မှာပါ။
"ဒါပေမဲ့ အဲဒီသမ္မတက ဘယ်လိုလုပ်ပြီး S rank နည်းပညာချပ်ဝတ်ထုတ်နိုင်တဲ့ မြူတန့်တစ်ယောက်ကို ရှာတွေ့သွားတာလဲ။"
မက်ဒါနာသိသလောက် လက်ရှိကမ္ဘာပေါ်မှာ S rank နည်းပညာချပ်ဝတ်ထုတ်နိုင်တဲ့သူဆိုလို့ သူကိုယ်တိုင်နဲ့ဖရာလီတာပဲရှိတာ။ တတိယလူတစ်ယောက် ရှိမနေဘူး။
....
စားသောက်ဆိုင်တစ်ဆိုင်မှာ မိန်းကလေးတစ်ယောက်အဖြစ် အလုပ်ဝင်လုပ်နေတဲ့ ဖားလေးလည်း ဆိုင်က တီဗီမှာလာနေတဲ့သတင်းကို မော့ကြည့်လိုက်မိပါတယ်။
နယူးယောက်ဟီးရိုးအစည်းအရုံးက လက်ရှိအချိန်မှာ ဝရမ်းပြေးဖြစ်နေတာဖြစ်ပြီး အစည်းအရုံးအဖို့ ငွေကြေးအထောက်အပံပြတ်လတ်နေပါတယ်။ ဒါကြောင့် ဖားလေးက အစိုးရသတိမထားမိအောင် သူ့ရဲ့လိင်ပြောင်းနိုင်စွမ်းကိုသုံးပြီး တစ်နေရာမှာတိတ်တိတ်လေးအလုပ်လုပ်နေတာ။ ဂျိုးဝဲလ်ဆင်ရဲ့မိန့်ခွန်းသတင်းကို ကြားပြီးတဲ့နောက် ပန်းကန်တွေကို တစ်နေရာမှာ တင်လိုက်ပြီး...
"ဒါဆိုရင် ဝါရှင်တန်က ဆန့်ကျင်ရေးသမားတွေအတွက် အန္တရာယ်ရှိနေပြီပဲ။ ဒုဌာနမှူးကို သွားပြောမှဖြစ်မယ်။"
"ဟေး၊ ကောင်မလေး။ အလုပ်ပြီးအောင်မလုပ်ဘဲ ဘယ်သွားမလို့လဲ။" နောက်တော့ ဖားလေးက သူ့ကိုလှမ်းအော်ပြောနေတဲ့ ဆိုင်မန်နေဂျာကို ဂရုမစိုက်ဘဲ ဆိုင်အပြင်ကို ချက်ချင်းဆိုသလို ပြေးထွက်သွားတော့တယ်။