အမေရိကန်မြေကို ခြေပြန်ချပြီ
Vol. 6 Ch. 1
ဒီနေ့က ဧပြီလ ၂၄ ရက်နေ့ပါ။ ဧပြီလရဲ့နောက်ဆုံးရက်သတ္တပတ် တတိယမြောက်နေ့လည်းဖြစ်တယ်။
နယူးယောက် လေယာဥ်ရဲ့ဆိုက်ရောက်စစ်ဆေးရေးဂိတ်မှာရှိနေတဲ့ လူတွေအားလုံး တစ်နေရာကို လှည်ကြည့်လိုက်မိကြတယ်။ သူတို့မြင်နေရတဲ့ မြင်ကွင်းက အမေရိကန်မှာ အတော်လေးဆန်းသစ်တယ်လို့ ပြောလို့ရနိုင်တယ်။
နက်ပြာရောင်စစ်သမီးဝတ်စုံနဲ့တူတဲ့ ဝတ်စုံကိုဝတ်ထားတဲ့ အသက်နှစ်ဆယ်ကျော်အမျိုးသမီးလေးက ဝှီးချဲပေါ်မှာထိုင်နေတယ်။ သူ့ရဲ့ဆံပင်အရောင်က ရွှေရောင်ဖြစ်ပြီး မျက်လုံးတွေကတော့ အပြာရောင်ပါ။ အသားအရေက ကြွေသားလိုဖြူဖွေးနေပြီး မြင်သူအပေါင်း မနေနိုင်ဘဲ ဆယ်ခါပြန်ငေးရလောက်တဲ့အထိလှပါတယ်။
အဲဒီကောင်မလေးရဲ့နောက်မှာတော့ မျက်နှာထားခပ်တည်တည်နဲ့ အသားညိုညိုအိမ်စေမလေးရပ်နေပါတယ်။ သူတို့ဘေးမှာတော့ များပြားလှတဲ့ သတ္တုသေတ္တာတွေ ပုံခံလို့နေလေရဲ့။
ခပ်ဝဝ မေရိကန်လူဝင်မှုကြီးကြပ်ရေးအရာရှိက အဲဒီကောင်မလေးရဲ့ရုရှားပက်စပို့ကိုဖတ်ကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်တယ်။ "နာမည်က မစ် ပေါ်လီယာနာ အီဗန်နော့ခ် ဟုတ်ပါတယ်နော်။"
"ဟုတ်ပါတယ်။" ကောင်မလေးက ရုရှားသံဝဲဝဲအင်္ဂလိပ်စကားနဲ့ ပြန်ဖြေတယ်။ ရဲနှစ်ယောက်ကတော့ ကောင်မလေးသယ်လာတဲ့ သတ္တုသေတ္တာတွေကို အသေအချာစစ်ဆေးနေကြတယ်။ မသိရင် ဗုံးတွေပါလာမှာ ကြောက်နေတဲ့အတိုင်းပဲ။
"ဒီတော့ မင်းက မော့စကိုကနေ ကိုယ်ပိုင်ဂျက်လေယာဥ်ငှားပြီး နယူးယောက်လေဆိပ်ကို ဆင်းသက်လာတယ်။ ပြီးတော့ ကမ္ဘာ့အန္တရာယ်အများဆုံး နည်းပညာမြင့်လက်နက်မော်ဒယ်တွေနဲ့နော်။ ဒီအပြုအမူမျိုးက တရားမဝင်ဘူးဆိုတာ သိရဲ့လား။ လက်နက်မှောင်ခိုသံသယမှုနဲ့တောင် စစ်ဆေးခံရနိုင်တယ်နော်၊မစ်။"
လူဝင်မှုကြီးကြပ်ရေးအရာရှိက နည်းနည်းဖြဲခြောက်ပေမဲ့ ပေါ်လီယာနာဆိုတဲ့ကောင်မလေးကတော့ ပခုံးပဲတွန့်ပြတယ်။ နောက်တော့ သူ့နောက်မှာရပ်နေတဲ့ အိမ်စေမလေးကို အမိန့်ပေးပြီး ရိုးရိုးအဝတ်အိတ်ထဲကနေ စာရွတ်စာတမ်းတချို့ထုတ်ခိုင်းလိုက်တယ်။
"အား... အဲဒီအတွက်မစိုးရိမ်ပါနဲ့၊ ကျွန်မပစ္စည်းတွေအားလုံးက လိုင်စင်ရှိပါတယ်။ ဒါက အထင်လွဲချင်စရာကြီးဆိုပေမဲ့ တကယ်ပဲကျွန်မက စိန့်ပီတာစဘတ်ဟီးရိုးကျောင်းက နည်းပညာဘာသာရပ်သင်ဆရာမပါ။ ဒီပစ္စည်းတွေအကုန်လုံးက အဲဒီအတွက်ရည်ရွယ်ပြီးယူလာတာ။"
အရာရှိက စာရွက်စာတမ်းတွေကို သေချာဖတ်ကြည့်ပြီး ဘားကုတ်ဆင်ဆာနဲ့အစစ်တွေဟုတ်မဟုတ် စစီစစ်တယ်။ အကုန်လုံးအဆင်ပြေနေတာတွေ့တော့မှ ပြန်ခွန်းတုံ့ပြန်တယ်။
"ကြည့်ရအောင်၊ မင်းက စိန့်ပီတာစဘတ်ဟီးရိုးကျောင်းက A rank နည်းပညာမြူတန့် မစ်ပေါ်လီယာနာ အီဗန်နော့ခ်ပေါ့။ အလည်လာရုံသက်သက်နဲ့တော့ ဒီလောက်ပစ္စည်းတွေ အမေရိကန်ကိုသယ်လာစရာမလိုဘူးထင်တယ်၊ နယူးယောက်ကို ဘာလာလုပ်တာလဲ။"
ပေါ်လီယာနာက လက်မထောင်ပြလိုက်ပြီး "သေချာပေါက် အလုပ်ကိစ္စပဲပေါ့။ ရှင်သိတဲ့အတိုင်းပဲ အခုကျွန်မတို့ရုရှားက နှစ်ပိုင်းပိုင်းနေတာလေ။ စိန့်ပီတာစဘတ်က အစိုးဟီးရိုးကျောင်းဆိုပေမဲ့ ဟီးရိုးတွေအကုန်လုံးက... အင်းရှင်သိပါတယ်။ ဒီတော့ကျွန်မတို့ကျောင်းက မကြာခင်အပိတ်ခံရတော့မလိုဖြစ်နေတာ။ ဒီတော့အလုပ်ပြုတ်ပြီးမငတ်ချင်တာနဲ့ အမေရိကန်မှာလာအလုပ်ရှာတာလေ။ ရှင်တို့ဆီမှာလည်း ဟီးရိုးကျောင်းတွေအများကြီးရှိတယ်မလား။"
လက်ရှိအမေရိကန်က ဂျိုးလ်ဝဲလ်ဆင်ကြောင့် ကသောင်းကနင်းဖြစ်နေပေမဲ့ ပြည်သူတွေထအုံကြွမလာအောင် ဟီးရိုးစနစ်ကိုတော့ ဟန်ပြထားထားသေးတယ်။ ဒါကြောင့် တိုင်းပြည်နှစ်ခြမ်းကွဲတဲ့အထိ ထချနေတဲ့ ရုရှားမှာရှိနေတဲ့ ဟီးရိုးတွေလောက်တော့ နေရမကျပ်သေးဘူး။
အရာရှိက စဥ်းစားလိုက်တယ်။ "ဆိုက်ရောက်ဗီဇာနဲ့ အလုပ်ရှာချင်တဲ့ နောက်တစ်ယောက်ပါလား။ မင်းကတရားဝင်ဟီးရိုးတစ်ယောက်ဆိုတော့ လက်နက်တွေယူလာတာ တရားဝင်တယ်။ ဒါပေမဲ့ လက်ရှိအမေရိကန်မှာလည်း မြူတန့်အကြမ်းဖက်မှုတွေမြင့်တက်နေတာဆိုတော့ မင်းရဲ့လက်နက်တွေကို လေဆိပ်က ခဏထိန်းသိမ်းထားဦးမယ်။ အလုပ်ရပြီဆိုမှ ပြန်လာယူပေါ့၊ မရရင်လည်း မင်းနိုင်ငံမင်းပြန်သယ်သွားလို့ရမယ်။"
ပေါ်လီယာနာက ခေါင်းညိတ်ပြလိုက်တယ်။ အရာရှိက လက်ဗွေအာရုံခံဆင်ဆာကို ရှေ့ထုတ်ပေးလိုက်ပြီး "နယူးယောက်ကနေ ကြိုဆိုပါတယ်။ မစ်ပေါ်လီယာနာ၊ ဆိုက်ရောက်ဗီဇာမှာ လက်ဗွေနှိပ်ပြီးရင်ရပါပြီ။"
လက်ဗွေနှိပ်ပြီးတဲ့နောက်တော့ အေမီနဲ့ပေါ်လီယာနာ ဟန်ဆောင်ထားတဲ့ မက်ဒါနာတို့ လေဆိပ်အပြင်ကိုထွက်လာတယ်။
လေဆိပ်အပြင်မှာတော့ မာစီးဒီးကားအနက်ရောင်တစ်စင်း အသင့်ရပ်ထားတယ်။ ဆိုဖီယာနဲ့ဘဏ္ဍာစိုးသုံးကောင်ဖြစ်တဲ့ မက်၊ လယ်ရီနဲ့ မိုးတို့က ကားတံခါးကို ပြိုင်တူမီပြီး သူ့ကိုစောင့်နေကြတယ်။
"သခင်မရဲ့မင်းသမီးလေးလာပြီ။" သူတို့က မက်ဒါနာကိုမြင်တာနဲ့ အထုပ်ကူဆွဲဖို့ ပြေးလာကြပေမဲ့ မက်ဒါနာမှာက ဝှီးချဲရယ် အေမီလက်ကဆွဲလာတဲ့ အဝတ်အိတ်တစ်အိတ်ရယ်ပဲပါတာ။
မက်က မျက်ခုံးပင့်လိုက်ရင်း "အိတ်တွေရော..."လို့မေးလိုက်တော့ မက်ဒါနာက မျက်နှာသေနဲ့ပြန်ဖြေတယ်။ "လေဆိပ်က သိမ်းထားတယ်။"
မက်ဒါနာက သူ့အိတ်တွေအတွက် သိပ်စိတ်ပူပုံမရပေမဲ့ ဟိုသုံးကောင်ကတော့ လေဆိပ်ထဲဝင်လုမယ်တကဲကဲဖြစ်နေကြပြီ။ အထူးသဖြင့် မိုးက အဆိုးဆုံးပါ။
"မင်းသမီးလေးမှာ အဲဒီပစ္စည်းတွေရှိမှဖြစ်မှာလေ မဟုတ်ရင် အဲဒီကောင်ယာမီဆရာကြီးလုပ်နေတဲ့ကိစ္စကို ဘယ်သူတားပေးမှာလဲ။"
မက်ကလည်း ဝင်ပြောတယ်။ "ကျုပ်တို့ လေဆိပ်ကို ဘဏ်ဓားပြတိုက်သလိုတိုက်ပြီး ဟီးရိုးတွေရောက်မလာခင် အိတ်တွေယူပြေးကြမလား။"
မက်ဒါနာက သူတို့သုံးယောက်ကိုကြည့်ပြီး ရယ်မိလိုက်တယ်။ ဆိုဖီယာမရှိကတည်းက ဒီသုံးယောက်က မက်ဒါနာမရင်းနှီးတဲ့ ယာမီဆိုတဲ့ ဗီလိန်ဟောင်းတစ်ယောက် ဦးဆောင်တာခံနေရတာပါ။
လက်ရှိနယူးယောက်ဟီးရိုးအဖွဲ့ကို နောက်ကွယ်ကနေ ကာကွယ်ပေးနေတာ သူတို့မှန်းလည်း မက်ဒါနာသိတယ်။ ဒီလိုမှမဟုတ်ရင် ဂျိုးလ်ဝဲလ်ဆင်ကြောင့် ဖားလေးတို့ ဒုက္ခရောက်နေလောက်ပါပြီ။ ရယ်လို့ဝသွားပြီးတဲ့နောက်တော့...
"နင်တို့စိတ်မပူပါနဲ့၊ သူတို့သိမ်းသွားတာတွေက သိပ်အရေးမကြီးတဲ့ သံတိုသံစတွေပါ။ အရေးအကြီးဆုံးပစ္စည်းတွေက ငါနဲ့အတူပါလာတယ်။"
မက်ဒါနာက ပေါ်လီယာနာရဲ့လက်ဗွေအတုအလုပ်လုပ်ဖို့ တကယ့်လက်ပေါ်ကနေ မသိမသာထပ်စွပ်ထားတဲ့ ဆီလီကွန်လက်အိတ်ကို ဖယ်လိုက်ပြီး သူ့ရဲ့နည်းပညာမြင့်ငွေရောင်ဝှီးချဲပေါ်က အာရုံခံဆင်ဆာကို ဖိချလိုက်တယ်။
ဝှီးချဲရဲ့နောက်ကနေ အံ့ဝှက်တစ်ခုပွင့်လာပြီး အိတ်ကြီးနှစ်အိတ်နဲ့ အိတ်ငယ်တစ်အိတ်ကို အထဲမှာတွေ့ရတယ်။ အိတ်ကြီးနှစ်အိတ်ရဲ့အရွယ်က အတော်လေးကြီးပေမဲ့ ဝှီးချဲရဲ့အံ့ဝှက်ဒီဇိုင်းကြောင့် သိပ်မသိသာဘဲ ဝှက်ထားလို့ရခဲ့တာ။ နောက် နည်းပညာမြင့်ဝှီးချဲဖြစ်တာကြောင့် နည်းနည်းကြီးနေလို့လည်း လူတွေသံသယဝင်မှာမဟုတ်ဘူး။
"ငါ့ရဲ့ခွေးနက်ကြီးရယ်၊ ငါ့ဝတ်စုံရယ်နဲ့အေမီရဲ့ဝတ်စုံရယ် သုံးခုပါတယ်။ ဒါပေမဲ့ ငါ့ဓားနဲ့ခွေးခေါင်းနှစ်လုံးကတော့ သူတို့သိမ်းတဲ့အထဲပါသွားတယ်။ ဒါပေမဲ့ သိပ်စိတ်ပူစရာမရှိဘူး၊ သူတို့ဖွင့်တတ်မှာမဟုတ်တဲ့ နောက်လုံခြုံရေးမြင့်သေတ္တာတစ်ခုထဲမှာ ထည့်ထားတာမလို့လေ။ ခုလောက်ဆို ဖွင့်ကြည့်ဖို့ကြိုးစားရင်း သူတို့တိုင်ပတ်နေလောက်ပြီ။" မက်ဒါနာက ခန့်မှန်းရင်း ပြောလိုက်တယ်။
မိုးကတော့ မေးကိုထောက်ပြီး စဥ်းစားနေပါတယ်။ "ဒါပေမဲ့ ဒီလိုလုပ်လို့ အမေရိကန်ထောက်လှမ်းရေးတွေရဲ့အာရုံကို ဆွဲဆောင်လိုက်သလိုမျိုး ဖြစ်မလာနိုင်ဘူးလား။ ဒီကအခြေအနေက အရင်လိုမဟုတ်ဘူး။"
မိုးစဥ်းစားနေချိန်မှာ မက်ဒါနာက အေမီကိုအချက်ပြလိုက်တယ်။ အေမီက ကားတံခါးကိုဖွင့်လိုက်ပြီး မက်ဒါနာကတော့ ကားပေါ်တက်တယ်။
"ကဲ၊ နင်တို့သုံးယောက်။ လေဆိပ်ရှေ့မှာ အကြာကြီးရပ်နေတာက ပိုမဆိုးဘူးလား။ ငါ့အဆောင်ဆီ မြန်မြန်လိုက်ပို့ကြ။" နောက်တော့ မာစီးဒီးကားလေးက နယူးယောက်လေဆိပ် ကားရပ်နားကွင်းကနေ စတင်ထွက်ခွာတယ်။
...
ရုံးတက်ရက်ဖြစ်တာနဲ့အညီ ကားလမ်းတွေက ကျပ်ပိတ်နေတယ်။ မက်ဒါနာက လမ်းပေါ်မှာရှိနေတုန်း အမေရိကန်သတင်းဝက်ဆိုက်တွေကို ဝင်ကြည့်တော့ အရင်ကနဲ့မတူဘဲ မြူတန့်မုန်းတီးရေးဝါဒဖြန့်စာတွေပဲ ပြည့်နေတာတွေ့ရတယ်။
မက်က ကားမှန်ကနေ နောက်ကိုလှမ်းကြည့်ရင်း မက်ဒါနာကို လက်ရှိအခြေအနေတွေရှင်းပြတယ်။ "အခုအမေရိကန်က အရင်ကနဲ့မတူတော့ဘဲ နာဇီဂျာမဏီစတိုင်ဖြစ်လာပြီ။ ဝဲလ်ဆင်ဆိုတဲ့ငနှဲက သိပ်မကြာသေးခင်ကဘဲ လွှတ်တော်ကိုဖျက်သိမ်းပြီး လုပ်ချင်ရာတွေလုပ်နေတာ။"
မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပြီး ကားမှန်ပြတင်းပေါက်ကနေ အပြင်လောကကြီးကို ချောင်းကြည့်လိုက်တယ်။ လူတွေထဲက တချို့ရဲ့လက်ကောက်ဝှက်မှာ အဝါရောင်ဒီဂျစ်တယ်နာရီလိုပစ္စည်းလေးတွေ ပတ်ထားကြရပြီး နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ မြူတန့်စောင့်ကြည့်ရေးလက်ပတ်တွေဖြစ်ပုံပဲ။
မက်က စကားပြန်ဆက်လိုက်ပြန်တယ်။ "အဲဲဒီလက်ပတ်တွေက နိုင်ငံသားတွေအတွက်ဘဲ ကန့်သတ်ထားတာမဟုတ်ဘူးနော်၊ မင်းသမီးလေး။ မင်းအနေနဲ့ ဒီမှာနိုင်ငံခြားသားတစ်ယောက်အဖြစ် အလုပ်လုပ်မယ်ဆိုရင်လည်း ပတ်ရလိမ့်မယ်။ အခုကတော့ အလည်အပတ်ဗီဇာနဲ့မလို့ မင်းကိုဖိအားမပေးသေးတာ။"
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး အခြေအနေကိုပြန်စဥ်းစားတယ်။ ကြည့်ရတာ အမေရိကန်ပြည်တွင်းမှာလှုပ်ရှားဖို့က သူထင်တာထက် ပိုခက်မယ့်ပုံပဲ။ နေရာတိုင်းမှာ မျက်လုံးတွေရှိနေပြီးတဲ့ပုံပဲ။ နတ်ဘုရားအသံတွေ အခုထိဖမ်းခံမထိအောင်နေနိုင်တာတောင် အထင်ကြီးစရာဖြစ်နေပြီ။
"ငါတို့အဖမ်းမခံရသေးတာ ငါတို့က အများအားဖြင့်ပိုးကောင်ပုံစံနဲ့ပဲ လှုပ်ရှားလေ့ရှိလို့လေ။ ငါတို့ရှိနေမှန်း သူတို့သိပေမဲ့ ငါတို့ရဲ့လူသားရုပ်သွင်တွေကို သူတို့မသိကြဘူး။" မက်ပြောတာ အကြောင်းအကျိုးသင့်တော်တယ်။
"ဆန့်ကျင်ရေးအင်အားစုတွေကရော..." မက်ဒါနာက သူ့မစ်ရှင်နဲ့ပတ်သက်တဲ့ကိစ္စကို စမေးလိုက်တယ်။မက်က ဘေးပတ်ဝန်းကျင်အခြေအနေကိုကြည့်ရင်း ပြန်အဖြေပေးတယ်။
"ဂျိုးလ်ဝဲလ်ဆင် အရေးပေါ်ကြေညာချက်ထုတ်ပြီးတော့ ဆန္ဒပြပွဲတစ်ခုဖြစ်ခဲ့သေးတယ်။ ဒါပေမဲ့ ဇီးရိုးတပ်ဖွဲ့တွေရောက်လာပြီး အင်အားသုံးဖြိုခွင်းတာခံရတယ်။ ပိုဆိုးတာက အဲဲဒီမှာပါတဲ့ ဝဲလ်ဆင်ဆန့်ကျင်ရေးသမားတွေကို ဒီဂျစ်တယ်စောင့်ကြည့်ရေးစနစ်တွေနဲ့ လိုက်ဖမ်းပြီးထောင်ထဲထည့်ထားတာ ရာနဲ့ချီနေပြီ။"
"ပုံမှန်ဆိုရင် အဲဒီလိုလုပ်လိုက်တာက ပိုဆိုးတဲ့ခုခံမှုတွေကို ဖြစ်လာစေနိုင်တယ်မဟုတ်လား။" အမေရိကန်က လူတိုင်းနီးပါးလက်နက်လိုင်စင်ရနိုင်တဲ့နိုင်ငံပါ။ အဲဒီလိုဖိနှိပ်လိုက်ရင် သွေးချောင်းစီးသွားလိမ့်မယ်။
မက်က ဆက်ပြောတယ်။ "မင်းသမီးပြောချင်တဲ့အဓိပ္ပါယ်ကို ကျုပ်သိတယ်။ ဒါပေမဲ့ ဂျိုးလ်ဝဲဆင်က အမေရိကန်ရဲ့စနစ်အတွက်တောင် ဖယ်ရှားပစ်ဖို့သိပ်ကြီးမားလွန်းတဲ့ ကင်ဆာအကျိတ်ပါ။ သာမန်မြူတန့်တွေက ဟီးရိုးတွေလို မတိုက်ခိုက်တတ်သလို ဟီးရိုးအစည်းအရုံးကလည်း သူ့လက်ခုပ်ထဲကရေလေ။"
မက်က သက်ပြင်းချလိုက်ရင်း ကားဘရိတ်ကို ဖြည်းဖြည်းချင်းနင်းလိုက်တယ်။ ကားကျပ်ရတဲ့အထဲ သူတို့မီးပွိုင့်မိနေပြန်ပါပြီ။ ကားအရှိန်သေသွားမှ မက်စကားဆက်ပြောတယ်။
"အမေရိကန်မှာအပျော်တမ်းလက်နက်ကိုင်တပ်ဖွဲ့တွေရှိပေမဲ့ သူတို့လက်နက်တွေက ခေတ်နောက်ကျနေတာကြာပြီ။ ဇီးရိုးတွေနဲ့ခရက်ဇီလာတွေကို ရိုးရိုးသေနတ်နဲ့ဖြေရှင်းလို့မရဘူး။ ဖက်ဒရယ်စနစ်က ဝဲလ်ဆင်ကိုဖယ်ရှားဖို့ အသုံးမဝင်ဘူး။"
မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ ဝဲလ်ဆင်က လက်ရှိအင်အားအကြီးဆုံး authoritianသမ္မတပါ။ စလာလင်တောင်မှ လက်ရှိဝဲလ်ဆင်လောက်အင်အားမရှိဘူး။
"ပြီးတော့ ဒီလူက နိုင်ငံရေးသမားအိုကြီးတွေကို သူ့ဘက်ပါအောင် လိပ်လိုယက်ထားနိုင်တယ်ဗျ။ ဒီလူသာ မြူတန့်တွေကိုမမုန်းရင် ကနေဒီလိုလူချစ်ခံရမယ့်လူဗျ။" မက်က သူ့စကားကို အဆုံးသတ်လိုက်တယ်။
မက်ဒါနာကလည်း ရထားတဲ့အခြေအနေတွေအပေါ်အခြေခံပြီး စတင်သုံးသပ်ကြည့်တယ်။ "ဒီတော့ ရှင်တို့နတ်ဘုရားအသံအပြင် ပြည်ပြေးနယူးယောက်ဟီးရိုးအစည်းအရုံးအဖွဲ့ပဲ သူ့ကိုဆန့်ကျင်ဖို့ အင်အားကျန်တယ်ပေါ့။ နောက်ပြီး ယာမီကရော ဘာလို့ဝဲလ်ဆင်ကို တိုက်ရိုက်သွားဖြုတ်မချတာလဲ။"
အဲဒီမေးခွန်းအဖြေကို မက်ဒါနာသိချင်နေတာ ပါးစပ်ကိုယားလို့။ ယာမီက ကိုင်းတိုကိုတောင် ပြိုင်တိုက်ခဲ့တဲ့ ဂန္တဝင်ဗီလိန်တစ်ယောက်လေ။ လက်ရှိဝဲလ်ဆင်မှာက ဖလိမ်းဂါးဒီးယမ်းတစ်ယောက်ပဲ S rank ရှိတာဖြစ်ပြီး သူကလည်း ဒီလောက်အားမကောင်းဘူး။
မက်က မက်ဒါနာရဲ့စကားကြောင့် ခေါင်းကိုတစ်ခါခါနဲ့ ပြန်ဖြေတယ်။ "ယာမီက တကယ်ပဲအားကောင်းပါတယ်။ ဒါပေမဲ့ အရင်ယာမီက လက်ရှိယာမီမဟုတ်ဘူး။"
ဒီစကားကို လယ်ရီနဲ့မိုးကလည်း ထောက်ခံကြတယ်။ "အခုယာမီက အရင်ယာမီရဲ့အရိပ်သာသာပဲ။"
"ဖလိမ်းဂါးဒီးယမ်းထက်တော့ သူအားကောင်းလိမ့်မယ်၊ ဒါပေမဲ့ အမေရိကန်သမ္မတတစ်ယောက်ကို စိန်ခေါ်ဖို့ကတော့ မဖြစ်နိုင်သေးဘူး။"
သေချာစဥ်းစားကြည့်ရင် အိုဆာကာတိုက်ပွဲက ကိုင်းတိုအနိုင်ပါ။ အဲဒီတုန်းက ကလေးတစ်ယောက်သာဖြစ်တဲ့ ဥစာကီက တိုက်ပွဲအပြီးပင်ပန်းနေတဲ့ ကိုင်းတိုကို ချိတ်ပိတ်နိုင်ခဲ့တယ်။ ဆိုလိုတာက ရှုံးသွားတဲ့ယာမီရဲ့အခြေအနေက ပိုဆိုးနိုင်တယ်။ ဒီလိုမှမဟုတ်ရင် ဆိုဖီယာရဲ့နောက်လိုက်လုပ်နေဖို့ အကြောင်းကိုမရှိတာ။
"မင်းသမီးလေး၊ အဲဒီကိစ္စတွေကို စိတ်မပူနဲ့။ ခင်ဗျားလုပ်ဖို့က ကျုပ်တို့အမိန့်တော်အဖွဲ့နဲ့ ဆွေးနွေးထားတဲ့အတိုင်း နယူးယောက်ဟီးရိုးကျောင်းမှာ နေရာယူပြီး အသင့်ရှိနေပေးဖို့ပဲ။ နောက်မှ ဖြည်းဖြည်းချင်းကျုပ်တို့ကို ကူညီပေးပေါ့။"
မီးပွိုင့်ပြန်စိမ်းသွားပြီ၊ မက်က အခုလိုပြောလိုက်ရင်း ကားလီဗာကိုဆောင့်နင်းတယ်။ နယူးယောက်မြို့ထဲမှာ ဓာတ်ဆီကားမောင်းခွင့်မရှိတာကြောင့် သူတို့မာစီးဒီးယားက လျှပ်စစ်ကားတစ်စီးပါ။ ဒါကြောင့် စက်သံမကြမ်းဘဲ သာသာလေးပဲ ရှေ့ကိုလိမ့်ထွက်သွားတယ်။
..
သိပ်မကြာခင်မှာပဲ ကားက မက်ဒါနာအရင်နေခဲ့တဲ့ ကွန်တိန်နာအိပ်ဆောင်ဆီရောက်လာပြီး ရပ်လိုက်တယ်။ အထုတ်အပိုးတွေချပေးပြီးတဲ့နောက် ပိုးဟပ်သုံးကောင်က မက်ဒါနာကို လက်ပြပြီးထွက်သွားကြတယ်။
"နှုတ်ဆက်ပါတယ်၊ မင်းသမီးလေး။ နယူးယောက်မှာ မျက်စိရှင်ရှင်ထားပါ။"
မက်ဒါနာကတော့ ဘဏ္ဍာစိုးသုံးယောက်ကို လက်ပြပြီးပြန်နှုတ်ဆက်တယ်။ အဲဒီအချိန်မှာပဲ ဘေးမှာတစ်ယောက်ယောက်ရောက်လာတာကို ခံစားမိလိုက်တဲ့အတွက် မက်ဒါနာလှည့်ကြည့်တော့ ကောင်းကင်ပေါ်ကနေ အတောင်နဲ့ဆင်းလာတဲ့ဖရက်ဖြစ်နေတာ တွေ့လိုက်ရတယ်။
"အား၊ ငါက နင့်ကို တိမ်တွေထဲမှာပဲ တစ်သက်လုံးပုန်းနေတော့မယ်ထင်တာ။" လောလောဆယ်ဖရက်က သူ့ရဲ့ကိုယ်ရံတော်ဆိုပေမဲ့ အမေရိကန်ပိုင်နက်ထဲကို တရားဝင်နည်းလမ်းနဲ့ဝင်ဖို့ခက်တယ်။ ဒါကြောင့် သူတို့ငှားလာတဲ့ ဂျက်လေယာဥ်ပေါ်ကနေ ခုန်ဆင်းပြီး ခိုးကြောင်ခိုးဝှက်နောက်ကနေ လိုက်လာနေတာ။
"ကျွန်တော့်ရဲ့မင်းသမီးလေး၊ ဘာလို့ဒီအနုပ်စုတ်ဂုတ်စုတ်အဆောင်ကို ရောက်လာတာလဲ။ ကျွန်တော်ဟိုတယ်အခန်းငှားခပေးမှာမလို့ အားမနာပါနဲ့။"
ဖရက်က မက်ဒါနာတစ်ယောက် အဆောင်ဟောင်းကြီးရှေ့ရပ်နေတာ ပိုက်ဆံခြွေတာဖို့လို့ထင်နေတဲ့ပုံပဲ။ဒါပေမဲ့ မက်ဒါနာကတော့ ဖရက်ကိုမရှိသလိုမျိုးသဘောထားပြီး အေမီကိုပြောလိုက်တယ်။
"ငါ့ကို အထဲတွန်းသွားပေး။" ဖရက်ကတော့ ဒီစကားကြားတာနဲ့ မယုံနိုင်လောက်အောင်ဖြစ်နေပြီ။
"မင်း... မင်းသမီးလေး၊ တကယ်ကြီး ဒီမှာနေမလို့လား။"
"ဒီနေရာက နင်ပြောတဲ့ဟိုတယ်တွေဘာတွေထက် အများကြီးပိုလုံခြုံတယ်ဟဲ့။" မက်ဒါနာရဲ့စကားက အတွေ့အကြုံပေါ်မူတည်ပြီးရလာတဲ့စကားပါ။ ကွန်တိန်နာအိမ်ရာနဲ့အနီးတစ်ဝိုက်လမ်းက သူ့အတွက်အပိုင်စားရထားတဲ့ နယ်မြေလိုပဲ။
ခေတ်ဟောင်းစတိုင်အိမ်လေးထဲမှာရှိနေတဲ့ အိမ်ရာပိုင်ရှင်အဖိုးကြီးကတော့ ရုတ်တရက်အိမ်ရာထဲဝင်လာတဲ့ မိန်းမလှလေးနဲ့အိမ်စေမလေးရယ်၊ တော်ဝင်ကိုယ်ရံတော်တစ်ယောက်လိုဝတ်ထားတဲ့ ကောင်လေးတစ်ယောက်ရယ်ကြောင့် အံ့ဩသွားတယ်။ သူက တီဗွီအစုတ်လေးရှေ့မှာထိုင်ပြီး ကောင်းဘွိုင်ကားကြည့်နေရာကနေ လူအုပ်ကြီးကိုမော့ကြည့်လိုက်တယ်။
"အဖိုး၊ သမီးတို့အဆောင်ငှားမလို့ အဆောင်မှာအခန်းလွတ်ရှိလား။"
...
ကံကောင်းစွာနဲ့ ပေါ်လီယာနာဟန်ဆောင်ထားတဲ့ မက်ဒါနာက သူ့အရင်အဆောင်အခန်းဟောင်းကြီးကို ပြန်ငှားလိုက်နိုင်တယ်။ အိပ်ဆောင်သေးသေးလေးအပြင် စမ်းသပ်ခန်းပါတွဲပါတဲ့တစ်ခုလေ။
သူမရှိတုန်းအိမ်ရာပိုင်ရှင်အဖိုးကြီးက အိမ်ငှားရှာဖို့ကြိုးစားသေးပေမဲ့ မရလို့ တိုလီမိုလီပစ္စည်းတွေထားဖို့ပဲ သုံးခဲ့တာ။
"ဖရက်၊ နင်အပြင်မှာစောင့်နေဦး။ ငါတို့အထဲမှာ ပစ္စည်းတွေနေရာချလိုက်ဦးမယ်။" အေမီနဲ့မက်ဒါနာက အိပ်ဆောင်ထဲဝင်သွားပြီး ပစ္စည်းတွေနေရာချတယ်။
ဖရက်ကတော့ ခေါင်းညိတ်ပြပြီး ဗြိတိန်ကုတ်နီတပ်ဖွဲ့က တပ်သားတစ်ယောက်လိုမျိုး အခန်းအပြင်မှာ ဟန်ပန်အပြည့်နဲ့ ရပ်စောင့်နေတယ်။ ဒီလိုလူမည်းလူချောလေးတစ်ယောက် အဆောင်မှာရုတ်တရက်ကြီးပေါ်လာပြီး ရပ်ကင်းစောင့်နေတာကြောင့် တိမွေးကုဆရာဝန်ဦးလေးကြီးရဲ့ကလေးခြောက်ယောက်လည်း မကြာခင်မှာပဲ သူတို့ကိုသတိထားမိသွားတယ်။
အစကတော့ အကြီးသုံးမွှာပူးထဲကတစ်ယောက်က သူ့ကိုစတွေ့တာ။ နောက်တော့ ကျန်တဲ့ငါးယောက်ကို ခေါ်ပြီးပြန်လာရော။
"ဟူးရေး၊ တကယ်ပဲ ဝါကန်ဒါမင်းသားလေးရောက်နေတာဟ။" အဲဒီနောက်တော့ ကလေးတွေက တကယ့်ကုတ်နီတပ်သားလိုရပ်နေတဲ့ ဖရက်ကို ပုံစံပျက်အောင် အမျိုးမျိုးဝိုင်းစဖို့ကြိုးစားကြတယ်။
ဖရက်ရဲ့ဖိနပ်ပေါ် တက်နင်းရဲ့လား နင်းရဲ့၊ ခဲနဲ့ပေါက်လားပေါက်ရဲ့။ တစ်ခါဆို ခါချဥ်အုံကြီးကိုယူလာပြီး ဖရက်ပေါ်ပစ်တင်ဖို့တောင် ကြိုးစားသေးတယ်။ ဒါပေမဲ့ ဖရက်က အတောင်တစ်ချက်ခတ်ပြီး ပုရွက်ဆိတ်တွေကို ဝေးဝေးပို့ကာ ဘာမှမပြောဘဲဆက်နေနေတယ်။
ဒါပေမဲ့ ဖရက်ခေါင်းထဲမှာတော့ ကလေးတွေကိုသည်းမခံနိုင်ဖြစ်နေပြီ။ 'ဒီဖေရိုးမလေးတွေ အငြိမ်ကိုမနေနိုင်ဘူး၊ မင်းသမီးလေးက ဒီအဆောင်မှာနေချင်တယ်ဆိုပြီး အတင်းဖြစ်နေလို့ပေါ့။ မဟုတ်ရင် အကုန်လုံးကို ရေကန်ထဲပစ်ချပြီးပြီ။'
အဲဒီအချိန်မှာပဲ ကွန်တိန်နာအိမ်ရာလေးရဲ့ဝင်ပေါက်ဝကို ရင်းနှီးနေတဲ့လူနှစ်ယောက်ရောက်လာကြတယ်။အိုလီဗာနဲ့အိမ်ရာပိုင်ရှင်ကြီးသမီး ဆရာဝန်မမပါ။
"အိုလီဗာရေ၊ ဒီနေ့ ငါတို့အိမ်ရာလေးစည်ကားနေတယ်လို့ မထင်ဘူးလား။"