← Chapters

ကတိတစ်ခု

Vol. 6 Ch. 3

ကတိတစ်ခု

Vol. 6 Ch. 3

နောက်တစ်နေ့မနက်ရောက်တော့ မက်ဒါနာက အေမီကို ငွေရောင်စစ်သည်ချပ်ဝတ်ကို ထုတ်ပေးပြီးအမိန့်ကိုပြောလိုက်တယ်။

"ဝါရှင်တန်ကိုသွား၊ လူတွေအန္တရာယ်ရှိလာရင် ဝင်ကူပေးလိုက်။" အေမီက မျက်နှာသေနဲ့ အဲဒီစကားကိုနားထောင်ပြီး ပရိုဂရမ်သွင်းထားတဲ့အတိုင်း ဦးညွှတ်ကာ အဆောင်ထဲကနေထွက်သွားတယ်။

ဒီနေ့နေ့လယ်ဆိုရင် ဂျိုးလ်ဝဲလ်ဆင်က သမ္မတအိမ်ဖြူတော်ရှေ့မှာ မိန့်ခွန်းပြောတော့မှာ။ လက်နက်သစ်တွေတပ်တော်ဝင်တဲ့နေ့မှာ ဆန့်ကျင်သူတွေကို မိန့်ခွန်းပြောတာဟာ လုံးဝပုံမှန်မဟုတ်ပါဘူး။

"ငါကိုယ်တိုင်သွားလို့ရရင်လည်း ကောင်းသားပဲ။" မက်ဒါနာက သက်ပြင်းချလိုက်တယ်။

ဒါပေမဲ့ သူ့မှာက အဲဒီကိစ္စထက် ပိုအရေးကြီးတဲ့ကိစ္စတစ်ခုရှိပါသေးတယ်။ အလုပ်လျှောက်ဖို့ကိစ္စပါ။ သူ့ရဲ့ဆိုက်ရောက်ဗီဇာက မကြာခင်သက်တမ်းကုန်မှာ။ အလုပ်ရပြီးမှ နှစ်နဲ့ချီနေလို့ရမယ့်ဗီဇာရမှာမဟုတ်လား။

မက်ဒါနာကို အေမီက ကိုယ်လက်သန့်ရှင်းရေးကူလုပ်ပြီး အဝတ်လဲပေးပြီးပြီမလို့ အခုသူ့အနေနဲ့ အသင့်သွားရုံပဲ။ ဝှီးချဲလေးကို ကိုယ်တိုင်မောင်းပြီး အခန်းတံခါးဝကနေ အပြင်ထွက်လိုက်ပြီးတဲ့နောက်တော့ အလုပ်မသွားကြသေးဘဲ တစ်ယောက်နဲ့တစ်ယောက်ကျူနေကြတဲ့ အန်တီလေးအိုလီဗာတို့စုံတွဲကို လမ်းပေါ်မှာမြင်လိုက်ရလေရဲ့။

သူတို့က ရုပ်ဖျက်ထားတဲ့ မက်ဒါနာကိုမြင်တော့ လှမ်းလက်ပြကြတယ်။ "ဟေး၊ မက်ဒါနာလေ။ ဘယ်သွားမလို့လဲ။"

"အလုပ်ကိစ္စရှိလို့၊ ဒီနေ့တော့ နောက်ကျမှပြန်လာဖြစ်မယ်ထင်တယ်။" မှာစရာရှိတာမှာပြီးတဲ့နောက်တော့ မက်ဒါနာက လမ်းမရှေ့ကိုထွက် တက္ကစီငှားပြီး နယူးယောက်ဟီးရိုးကျောင်းဆီကို ထွက်လာခဲ့တယ်။

...

"ဒါက နယူးယောက်ဟီးရိုးကျောင်းလား။" မက်ဒါနာတစ်ယောက် သူ့မျက်စိရှေ့က မြင်ကွင်းကို ယုံတောင်မယုံနိုင်ဘူး။

ဗီးနပ်စ်နဲ့သူ့ရဲ့တိုက်ပွဲကြောင့် ဖြစ်ခဲ့တဲ့အပျက်အစီးတွေကို ပြန်ပြင်ပြီးဖြစ်ပေမဲ့ ဟီးရိုးကျောင်းက အရင်ကနဲ့မတူတာ အသိသာကြီးရယ်။ အရင်ကဆိုရင် ကျောင်းအဝင်ဝမှာ အနည်းဆုံး B အဆင့်ရှိတဲ့ဆရာတွေကို အစောင့်အနေနဲ့ထားလေ့ရှိတယ်။ ဒါပေမဲ့ အခုတော့ မြူတန့်တောင်မဟုတ်တဲ့ သာမန်လုံခြုံရေးအဖိုးကြီးတစ်ယောက်ပဲရှိတာ။

ပြီးတော့ အခုခေတ်မှာက အိမ်သုံးလုံခြုံရေးစက်ရုပ်တွေကို စျေးပေါပေါနဲ့ရနိုင်ပြီမလို့ လူသားလုံခြုံရေးလုပ်သားဆိုတာ မရှိတော့ဘူးလေ။ တိုက်ရေခိုက်ရေကောင်းတဲ့ မြူတန့်တွေကို လုံခြုံရေးအနေနဲ့ ကုမ္ပဏီကြီးတွေက ခန့်လေ့တော့ရှိပေမဲ့ အတော်လေးရှားနေပြီ။

"ဦးလေးကြီး၊ ကျွန်မက ကျောင်းကိုအလုပ်လျှောက်ဖို့လာတာပါ။ ကျောင်းအုပ်ကျောင်းမှာရှိလားဟင်။"

မက်ဒါနာက ကြောင်အနေတဲ့အခြေအနေကနေ အမြန်ဆုံးရုန်းထွက်လိုက်ပြီး သူ့ကိုအူကြောင်ကြောင်အမူအရာနဲ့ကြည့်နေတဲ့ လုံခြုံရေးဦးလေးကြီးကို မေးလိုက်တယ်။

'အရင်ကျောင်းအုပ်က ငါ့မျက်စိရှေ့မှာတင် သေသွားတာမဟုတ်လား။ အခုကျောင်းအုပ်ဘယ်သူလဲ ငါမသိဘူးပဲ။' မက်ဒါနာက သူ့စိတ်ထဲမှာတွေးလိုက်တယ်။

လုံခြုံရေးအစောင့်ဦးလေးကြီးကတော့ တုန်ချိချိနဲ့ ဖုန်းနံပါတ်တွေရေးမှတ်ထားတဲ့ စာအုပ်ကိုလှန်ပြီး တစ်ယောက်ယောက်ကို ဖုန်းလှမ်းဆက်တယ်။ နောက်တော့ ဖုန်းတစ်ဖက်ကနေ ယောက်ျားတစ်ယောက်ရဲ့အသံထွက်ပေါ်လာလေရဲ့။

"ဟယ်လို၊ ဆရာရေ။ ဒီမှာနိုင်ငံခြားသူလေးတစ်ယောက်က ကျောင်းမှာအလုပ်လျှောက်ချင်လို့တဲ့။"

"ငါချက်ချင်းလာခဲ့မယ်။" တစ်ဖက်ခြမ်းကလူက အဲဒီလိုပြောလိုက်ပြီး ချက်ချင်းဖုန်းချသွားတယ်။ ကြည့်ရတာ သူ့ကိုကိုယ်တိုင်လာတွေ့မယ့်ပုံပဲ။

သိပ်မကြာခင်မှာပဲ ကျောင်းဝင်းတံခါးပွင့်သွားပြီး မက်ဒါနာသိပြီးသား ကျောင်းဆရာနှစ်ယောက်ဖြစ်တဲ့ ဆရာအာသာနဲ့ဆရာမဟဲရိုးထွက်လာတယ်။ သူတို့နှစ်ယောက်က မက်ဒါနာရဲ့အခြေအနေကိုကြည့်ပြီး မျက်ခုံးပင့်လိုက်ကြတယ်။

မက်ဒါနာကတော့ သူ့ကိုယ်သူမိတ်ဆက်ပေးလိုက်တာပါ။ "တွေ့ရတာ ဝမ်းသာပါတယ်ရှင့်၊ ကျွန်မက စိန့်ပီတာစဘတ်ဟီးရိုးကျောင်းကလာတဲ့ A rank အဆင့်နည်းပညာဟီးရိုး ပေါ်လီယာနာ အီဗန်နော့ခ်ပါ။ ဒီကျောင်းက မဟာလူသား ၄၇ခုနစ်ယောက်ထဲက တစ်ယောက်တည်ထောင်ခဲ့တဲ့ ပထမဆုံးဟီးရိုးကျောင်းတွေထဲကတစ်ခုမလို့ ဒီမှာအလုပ်လာလျှောက်တာပါ။"

နောက်တော့ မက်ဒါနာက ဖရာလီတာပြင်ဆင်ထားပေးတဲ့ စာရွက်စာတမ်းအတုတွေကို ထုတ်ပြလိုက်တယ်။ အတုတွေဆိုပေမဲ့ ဖရာလီတာပြောသလောက်တော့ စိန့်ပီတာစပတ်ကျောင်းတံဆိပ်တုံးကတော့ တကယ့်အစစ်ပါ။ သမ္မတဗလာဒီမာက ကျောင်းကိုပိတ်သိမ်းလိုက်တော့ အဲဒီကတံဆိပ်တုံးတွေအကုန်လုံး မှောင်ခိုစျေးမှာတင်အရောင်းခံရပြီး မက်ဒါနာအတွက်အခွင့်အရေးတစ်ခုဖြစ်လာတာ။

ဆရာမဟဲရိုးနဲ့ဆရာအာသာက အချက်အလက်တွေကို ဖတ်ကြည့်ပြီးနောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြောလိုက်ကြတယ်။

"ဒီကောင်မလေးက ငယ်ငယ်လေးနဲ့ တအားအရည်အချင်းရှိနေတာပဲ။" ဆရာမဟဲရိုးကပြောလိုက်တယ်။ ဆရာအာသာကလည်း စိတ်ညစ်နေတဲ့မျက်နှာထားနဲ့ ပြန်ဖြေတယ်။ "ပုံမှန်အခြေအနေမှာသာဆိုရင် ငါတို့ကျောင်းကို သူရောက်လာတာက ကောင်းချီးတစ်ခုပဲ။ ဒါပေမဲ့..."

သူတို့က ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက်တော့ မက်ဒါနာဘက်ကို ပြန်လှည့်ကြည့်လိုက်ပြီး ဆရာအာသာက ဦးဆောင်ပြောလိုက်တယ်။

"ငါတို့ကျောင်းက အစိုးရလက်အောက်ခံကျောင်းမလို့ လခကတော့ ပုဂ္ဂလိကကျောင်းတွေလောက် မများဘူးနော်။ ဒါတောင်မှ အလုပ်ဝင်ချင်နေတုန်းပဲလား။"

ဒီစကားကိုကြားတော့ မက်ဒါနာသေချာတွေးကြည့်မိတယ်။ အဲဒီနောက် သူ့ဟာသူသဘောကျပြီး ပြုံးမိလိုက်သေးတယ်။ နောက်တော့ ခါးကိုကိုင်း ကိုယ်ကိုရှေ့တိုးပြီး တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ဆရာအာသာကို စိုက်ကြည့်လိုက်တယ်။ အာသာကတော့ အဲဒီမျက်လုံးတွေကြောင့် ထိတ်လန့်သွားပုံပဲ။

"အင်း... ကျွန်မစိတ်ဝင်စားတယ်။" မက်ဒါနာကိုယ်တိုင်လည်း ဆရာအာသာရဲ့စိုးရိမ်မှုကို နားလည်တယ်။ A အဆင့်နည်းပညာဟီးရိုးတစ်ယောက်ဆိုတာက SilverKnightနဲ့ Archmegaမပေါ်ခင် အမြင့်ဆုံးနည်းပညာဟီးရိုးအဆင့်ပါ။ ပုဂ္ဂလိကကျောင်းတွေ သေချာပေါက်ငွေအများကြီးပေးပြီး ကမ်းလှမ်းကြမယ့် မြူတန့်မျိုးလည်းဖြစ်တယ်။ အခုအဲဒီလိုမြူတန့်က မထင်မရှားဟီးရိုးကျောင်းမှာ အလုပ်ဝင်ချင်နေတယ်။

"ဒါဆိုလည်း ကိုယ့်မျက်လုံးနဲ့ကိုယ် လုပ်ချင်သေးလားဆုံးဖြတ်ပါ။" ဆရာမဟဲရိုးက ပြောလိုက်ပြီး မက်ဒါနာကို သူတို့နဲ့လိုက်ခဲ့ဖို့အချက်ပြတယ်။ မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပြီး ဆရာနှစ်ယောက်နဲ့အတူ ကျောင်းဝင်းထဲကို လိုက်ဝင်တယ်။

ဆရာနှစ်ယောက်နဲ့ခြေသံနဲ့ ဝှီးချဲဘီးလည်သံကလွဲရင် ကျောင်းဝင်းတစ်ခုလုံးက တိတ်ဆိတ်လို့နေပါတယ်။ ကျောင်းသားဆိုလို့ တစ်ယောက်မှမတွေ့ဘူးရယ်။ မက်ဒါနာလည်း ကျောင်းထဲက ထူးဆန်းနေတဲ့အခြေအနေကြောင့် မနေနိုင်ဘဲ အံ့ဩမိသွားတော့တာပေါ့။

သူ့ခေါင်းထဲမှာ ဖားလေးနဲ့စိန်ခေါ်ခဲ့တဲ့ပွဲကို မှတ်မိနေတုန်းပဲ။ နယူးယောက်ဟီးရိုးကျောင်းက နိုင်ငံမှာအကောင်းဆုံးကျောင်းမဟုတ်ပေမဲ့ အတော်များတဲ့ကျောင်းသားတွေကို ပိုင်ဆိုင်ထားခဲ့ဖူးတယ်။ အခုတော့ ခွေးတစ်ကောင်ကြောင်တစ်မီမှတော့မတွေ့ရဘူး။

ဆရာမဟဲရိုးက စကားစလိုက်ပြန်တယ်။ "အရင်နှစ်က ငါတို့ဟီးရိုးကျောင်း တိုက်ခိုက်ခဲ့ရတဲ့သတင်းကို မင်းလဲကြားမှာပါ။"

ပေါ်လီယာနာဟန်ဆောင်ထားတဲ့ မက်ဒါနာလည်းအဲဒီစကားကိုကြားတော့ ခေါင်းညိတ်ပြလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့စိတ်က အတိတ်တစ်ချိန်ကို ပြန်ရောက်သွားတယ်။ လီဆာကိုကယ်ဖို့အတွက် သူကိုယ်တိုင်တောင် အဲဒီတိုက်ပွဲမှာ ဝင်ပါခဲ့သေးတာပဲမဟုတ်လား။

"ကျွန်မကြားလိုက်သေးတယ်၊ မြူတန့်သိပ္ပံအဖွဲ့ရဲ့ထိပ်သီးအဖွဲ့ဝင်တစ်ယောက် ဦးဆောင်ပြီးတိုက်ခိုက်ခဲ့တာမဟုတ်လား။"

မက်ဒါနာရဲ့အဖြေစကားကိုကြားတော့ ဆရာမဟဲရိုးရော ဆရာအာသာပါ မျက်နှာတွေညိုးငယ်သွားကြတယ်။ ဆရာအာသာက အဲဒီနောက်ဖြစ်ပျက်တဲ့ အဖြစ်အပျက်ကို ဆက်ပြီးရှင်းပြပေးတယ်။

"အဲဒီအဖြစ်အပျက်အပြီးမှာ ငါတို့ရဲ့A rank ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာခြောက်ယောက်လောက်ကို အသက်ဆုံးရှုံးခဲ့ပြီး ငါတို့အပြင်တခြားအသက်ရှင်တဲ့ဆရာတွေက ကျောင်းထွက်သွားဖို့ ရွေးချယ်ခဲ့ကြတယ်။" သူ့လေသံက ကွဲအက်နေတာကြောင့် တိတ်ဆိတ်နေတဲ့ကျောင်းဝင်းတစ်ခုလုံးက အသုဘအခမ်းအနားတစ်ခုလိုမျိုး မက်ဒါနာခံစားနေရတယ်။

အဆိုးဆုံးက သူတို့ရပ်နေတဲ့နေရာရှေ့မှာရှိတဲ့ သေခါနီးဝက်သစ်ခြသားပင်ကြီးကနေ သစ်ရွက်ခြောက်တွေ ကြွေကျနေတာပဲ။ ဆရာမဟဲရိုးကလည်း စကားဆက်တယ်။

"အစားထိုးဆရာတချို့ရှာပြီး အဲဒီစာသင်နှစ်ကိုပြီးအောင်သင်ပေးခဲ့ပေမဲ့ အစားထိုးဆရာအများစုက အရည်အချင်းမပြည့်မီသလို အလုပ်ကိုလည်းမလေးစားကြတော့ ကျောင်းသားအများစုက အဲဒီစာသင်နှစ်ပြီးတော့ တခြားအစိုးရကျောင်းတွေဆီပြောင်းသွားကြတယ်။ ငါတို့တတိယနှစ်ကျောင်းသားတွေထဲကတချို့ ပြိုင်ပွဲမှာရလဒ်ကောင်းခဲ့ပေမဲ့ ကျောင်းဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ဖို့ကတော့ အဝေးကြီးဖြစ်သွားပြီ။"

မက်ဒါနာက ဆရာမဟဲရိုးရဲ့ကြေကွဲသံပါပါစကားကိုနားထောင်နေရင်း ခြောက်သွေ့သေဆုံးနေတဲ့ ဝက်သစ်ခြပင်ကြီးကို ကြည့်နေမိတယ်။ နယူးယောက်ဟီးရိုးကျောင်းက အခုသူ့ရှေ့က ဝက်သစ်ခြပင်ကြီးလို ဖြစ်နေပြီလို့ပြောရင်မမှားဘူး။

သူတို့စကားပြောနေတဲ့အချိန်မှာပဲ ဟီးရိုးကျောင်းဝင်းတံခါးထပ်ပွင့်သွားပြီး အနက်ရောင်ချက်ပလက်ကားတစ်စီးဝင်လာတယ်။ အဲဲဒီကားက သူတို့နားမှာရပ်လိုက်ပြီး ကားပေါ်ကနေ ရုပ်ရှင်တွေထဲက အထူးအေးဂျင့်လိုဝတ်ဆင်ထားတဲ့ လူတစ်ယောက် ဆင်းလာတယ်။

မက်ဒါနာလှည့်ကြည့်လိုက်တော့ အဲဒီလူက ရင်းနှီးပြီးသား နောက်လူတစ်ယောက်ဖြစ်နေတာ တွေ့လိုက်ရပြန်တယ်။ နယူးယောက်ဟီးရိုးအစည်းအရုံးက ပြောခွင့်ရပုဂ္ဂိုလ်ဟောင်း လေဆာအိုင်းလေ။

လေဆာအိုင်းက အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ထားရုံတင်မကဘူး။ ဆံပင်ကိုပါ ခေါင်းလိမ်းဆီရွဲနေအောင်လိမ်းထားပြီး သေချာပုံသိမ်းထားတယ်။ သူ့မြူတန့်စွမ်းအားကြောင့် အထိမခံဖြစ်နေတဲ့မျက်လုံးကိုကာကွယ်ဖို့ ခါတိုင်းလို လေကာမျက်မှန်ဝတ်ထားမယ့်အစား ရေဗင်တံဆိပ် ဟီးရိုးအကူပြုနေကာမျက်မှန်ကိုဝတ်ထားတယ်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ လူကြီးမင်းတို့။ ခင်ဗျားတို့ကို စဥ်းစားခွင့်ပေးထားတဲ့အချိန် ပြည့်သွားပြီလို့ထင်ပါတယ်။" လေဆာအိုင်းရဲ့စကားကိုကြားတာနဲ့ အာသာရောဟဲရိုးပါ ရန်လိုတဲ့အကြည့်နဲ့ပြန်ကြည့်လိုက်ကြတယ်။

"လေဆာအိုင်း၊ ငါတို့ကို နောက်တစ်ပတ်အထိအချိန်ပေးထားတာမဟုတ်ဘူးလား။" ဆရာအာသာက ခုလိုပြောလိုက်ပေမဲ့ လေဆာအိုင်းကတော့ ပျက်ချော်ချော်မျက်နှာထားနဲ့ ရယ်ပြရင်း အင်္ကျီအိတ်ထဲထည့်ထားတဲ့ ဘီးလေးနဲ့ ဆံပင်ပုံမပျက်အောင် ဖီးတယ်။

"ဒါဆိုလည်း ခင်ဗျားတို့သဘောတူညီချက်ကို မမေ့အောင် သတိလာပေးတယ်လို့ပဲ ယူဆလိုက်ပေါ့။" အဲဒီနောက် လေဆာအိုင်းက ခါးကြားချိတ်ထားတဲ့ ဖုန်းကိုထုတ်ပြီး စာတစ်စောင်ကို သတင်းကြေညာသလို ဖတ်ပြတယ်။

"အမေရိကန်နိုင်ငံ ဟီးရိုးကျောင်းများဖွဲ့စည်းပုံဥပဒေသစ်အရ ကျောင်းတစ်ကျောင်းမှာ အနည်းဆုံး A rank အဆင့်ကျောင်းအုပ်တစ်ယောက်နဲ့ B rank အဆင့်ဆရာ အနည်းဆုံးငါးယောက်ရှိရမှာဖြစ်တယ်။ ကျောင်းသားအနေနဲ့တော့ အနည်းဆုံးငါးဆယ်ရှိရမှာဖြစ်ပြီး ခင်ဗျားတို့ကျောင်းက အဲဒီသုံးချက်မှာ သုံးချက်စလုံးကို လိုက်နာဖို့ပျက်ကွက်နေတယ်။" လေဆာအိုင်းက စကားအရှည်ကြီးပြောလိုက်ရလို့ မောသွားဟန်နဲ့ သက်ပြင်းချပြီးမှ ဆက်ပြောတယ်။

"ဒီတော့ အစိုးရက ခင်ဗျားတို့ကျောင်းမြေကိုပြန်သိမ်းပြီး စူပါအမေရိကကအသစ်ဖွင့်မယ့် ကျောင်းခွဲအသစ်ကိုပေးမလို့ စီစဥ်ထားတယ်။"

မက်ဒါနာက တကယ်ကြီးလာဆိုတဲ့မေးခွန်းကိုမေးဖို့ ဆရာမဟဲရိုးကို ခေါင်းမော့ကြည့်တော့ ဆရာမဟဲရိုးက ခေါင်းညိတ်ပြပြီး သူတို့ကျောင်းဟာ ပိတ်သိမ်းခံရဖို့ လက်တစ်လုံးအလိုမှာရှိနေကြောင်း အတည်ပြုပေးလိုက်တယ်။ မက်ဒါနာက လက်မြှောက်ပြပြီးမေးလိုက်တယ်။

"နေပါဦး၊ ရှင်က ဘယ်သူလဲဟင်။" လေဆာအိုင်းလည်း အခုမှာမက်ဒါနာကို သတိထားမိသွားပြီး လေချွန်လိုက်တယ်။ နောက်တော့ အနားကိုစတိုင်ကျကျလျှောက်လာပြီး မက်ဒါနာရဲ့မေးကို သူ့လက်ညစ်ပတ်ကြီးတို့ တို့ကြည့်ဖို့ကြိုးစားတာကြောင့် မက်ဒါနာက ဝှီးချဲက ခလုတ်တစ်ခုကိုနှိပ်လိုက်တယ်။

ရိုးရိုးဒီဂျစ်တယ်ဝှီးချဲလို့ထင်ရတဲ့ ဝှီးချဲရဲ့စက်ခန်းထဲကနေ လူလက်မောင်းလုံးလောက်ရှိတဲ့ စက်လက်တံတစ်ခုထွက်လာပြီး လေဆာအိုင်းရဲ့လက်ကိုဖမ်းကိုင်ထားလိုက်တယ်။ "ရှင်တို့အမေရိကန်လူယဥ်ကျေးတွေက ကိုယ့်ကိုယ်ကိုယ်အရင်မိတ်ဆက်ပြီးမှ မိန်းကလေးတစ်ယောက်နဲ့ စကားပြောရတာမဟုတ်ဘူးလား။"

ဒီတော့မှ လေဆာအိုင်းလည်း နည်းနည်းရှက်သွားပြီးသူ့ခေါင်းသူကုတ်လိုက်တယ်။ နောက်တော့ အရှက်မရှိပြုံးပြပြီး သူ့ကိုယ်သူမိတ်ဆက်ပါတယ်။

"ကျုပ်က မြူတန့်သိပ္ပံဌာနစိတ်က အင်စပတ်တာ လေဆာအိုင်းပါ။ လောလောဆယ် ဒီကျောင်းရဲ့ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ဖို့တာဝန်ယူထားပါတယ်။"

မက်ဒါနာက အဲဒီစကားကြောင့် နားမလည်နိုင်ဖြစ်သွားပြီး ဆရာမဟဲရိုးကိုလှည့်ကြည့်ပြီး မေးလိုက်ပါတယ်။ "နေပါဦး၊ ဟီးရိုးကျောင်းတွေက တခြားကျောင်းတွေလိုပဲ ဖက်ဒရယ်ပညာရေးဝန်ကြီးဌာနအောက်မှာမဟုတ်လား။ ဘယ်လိုလုပ်ပြီး မြူတန့်ဌာနစိတ်က ရှင်တို့ကို ကိုင်တွယ်နေရတာလဲ။"

ဆရာအာသာက ပခုံးတွန့်ပြလိုက်ပြီး "ဥပဒေသစ်လေ၊ ဘုတ်အဖွဲ့ထဲမှာ ကျောင်းလုံခြုံရေးကိုကြီးကြပ်ဖို့ မြူတန့်ဌာနစိတ် အင်စပတ်တာတစ်ယောက်ပါရမယ်။"

ဒီစကားကိုကြားတော့ မက်ဒါနာ နှုတ်ခမ်းကိုစူလိုက်ပြီး ဂျိုးလ်ဝဲလ်ဆင်ကို ကျိန်ဆဲလိုက်မိတယ်။ 'အဲဒီအရူးလက်ချက်ဆိုတာ သေချာတယ်။'

အဲဒီနောက် မက်ဒါနာက လက်နှစ်ဖက်ကို ပေါင်ပေါ်မှာ အချင်းချင်းယှက်တက်လိုက်ပြီး လေသံချိုချိုနဲ့ သူ့ကိုယ်သူပြန်မိတ်ဆက်လိုက်တယ်။

"ကျွန်မက စိန့်ပီတာစဘတ်ဟီးရိုးကျောင်းကနေ နယူးယောက်ဟီးရိုးကျောင်းကိုပြောင်းလာတဲ့ ပေါ်လီယာနာ အီဗန်နော့ခ်ပါ။ အဆင့် A နည်းပညာဟီးရိုးတစ်ယောက်မလို့ ကျောင်းဘုတ်အဖွဲ့က ကျောင်းအုပ်အဖြစ်အတည်ပြုတာခံရဖို့ စောင့်နေသူပါ။"

မက်ဒါနာက သူ့ကိုကျောင်းအလုပ်ခန့်ပြီးသလိုမျိုး ပြောလိုက်တဲ့အတွက် ဆရာအာသာရောဆရာမဟဲရိုးပါ မျက်လုံးပြူးသွားတယ်။ လေဆာအိုင်းကတော့ အရူးကြီးတစ်ယောက်လို ရယ်မောလို့ရယ်။ ကျောင်းကိုရန်ပြုဖို့ ရောက်လာတဲ့သူမဟုတ်တဲ့အတိုင်းပဲ။

"ဒါဆို ဆရာမပေါ်လီယာနာပေါ့နော်။ ဆရာမရဲ့ဖိုင်တွေကို ဘုတ်အဖွဲ့မှာမတွေ့မိသေးဘူးဆိုတော့ မြန်မြန်လေး အစီရင်ခံတာကောင်းမယ်နော်။ ဒါမှဘုတ်အဖွဲ့က အတည်ပြုပေးလို့ရမှာလေ။"

မက်ဒါနာက ခေါင်းညိတ်ပြပြီးနောက် ကျောင်းရဲ့နောက်ပြဿနာတွေကို သူဖြေရှင်းနိုင်တဲ့အကြောင်းအာမခံပေးလိုက်တယ်။ "နောက်ပြီး ဆရာထပ်ငှားဖို့ကိစ္စလည်း ရှင်စိတ်မပူပါနဲ့။ ကျွန်မအဆက်အသွယ်တွေနဲ့ B rank သုံးယောက်လောက် လိုက်ရှာဖို့ဆိုတာ အေးဆေးပါ။"

မက်ဒါနာက သူ့စကားကို ခဏရပ်လိုက်ပြီးနောက် လေဆာအိုင်းကို အကြီးကြီးပြုံးပြလိုက်တယ်။ အဲဲဒီနောက် ပိုပြီးချိုသာတဲ့လေသံနဲ့ ပြောလိုက်တယ်။

"ပြီးတော့ မေလကျောင်းအပ်လက်ခံပွဲမှာ ကျွန်မအရည်အချင်းနဲ့ဆို ကျောင်းသားငါးဆယ်ရဖို့က လုံးဝမခက်ပါဘူးနော်။" မက်ဒါနာရဲ့ယုံကြည်ချက်အပြည့်နဲ့လေသံကြောင့် လေဆာအိုင်းတစ်ယောက် သူ့နှလုံးခုန်သံကိုသူ သတိမထားမိတော့ဘူး။

သူက ချက်ချင်းပဲသဘောတူလိုက်တယ်။ "ဒါပေါ့၊ လေဒီပေါ်လီယာနာသာဆိုရင် လုပ်နိုင်လောက်မှာပါ။ ကျွန်တော်ဘုတ်အဖွဲ့ကို ပြောပေးပါ့မယ်။ အခုတော့ ပြန်လိုက်ဦးမယ်နော်။"

အဲဒီနောက် လေဆာအိုင်းက ကားပေါ်ပြန်တက်ပြီး ကျောင်းဝင်းထဲကနေ ပြန်မောင်းထွက်သွားတော့တယ်။ ဆရာအာသာနဲ့ဆရာမဟဲရိုးကတော့ မက်ဒါနာကို မယုံနိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ကြမိတယ်။

ရုတ်တရက် ကျောင်းဝင်းထဲမှာ လေပြေလေးတစ်ချက် တိုက်ခတ်လာပြီး မက်ဒါနာရဲ့ရွှေရောင်ဆံပင်တွေက လွင့်ပျံနေကာ စွဲမက်ဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုဖြစ်ပေါ်လာတယ်။

"လေဒီပေါ်လီယာနာ၊ ရှင်ခုနက ဘာလို့လိမ်ပြောလိုက်တာလဲ။" ဆရာမဟဲရိုးက ပြောလိုက်တယ်။ ဒါပေမဲ့ မက်ဒါနာက ခေါင်းခါလိုက်ပြီး တိမ်တွေကင်းစင်နေတဲ့ ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်တယ်။

"အဲဒီအရူးကို ဒီလိုမှမကိုင်တွယ်ရင် ရှင်တို့ကျောင်းအဆုံးသတ်သွားမှာပေါ့။ ရှင်တို့ဒီလိုမဖြစ်ချင်ဘူးမဟုတ်လား။" ဒီစကားကို ဆရာမဟဲရိုးလည်း လက်ခံပေမဲ့...

"ဒါပေမဲ့ လေဒီပေါ်လီယာနာလို အရည်အချင်းရှိပြီး ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်က..." ဆရာမဟဲရိုးရဲ့စကားမဆုံးခင်မှာပဲ မက်ဒါနာက သူ့ကိုမျက်စောင်းထိုးလိုက်ပြီး ပြောတယ်။

"ဒီထက်ပိုကောင်းတဲ့ ကျောင်းတစ်ခုမှာ နေရာရနိုင်တယ်လို့လား။" မက်ဒါနာရဲ့စကားကို နှစ်ယောက်လုံး

ခေါင်းညိတ်လိုက်တယ်။ မက်ဒါနာကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း သက်ပြင်းရှည်ကြီး ချလိုက်လေရဲ့။

"ရှင်တို့ စိုးရိမ်နေတာကို ကျွန်မနားလည်ပါတယ်။" မက်ဒါနာက လေသံကို နှိမ့်ပြီးပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့အတွေးတွေက အတိတ်ကိုပြန်ရောက်သွားတယ်။

အဲဒီနေ့တုန်းက သူ့ကိုတစ်စုံတစ်ယောက် ကူညီပေးခဲ့ဖူးတယ်။ သူ့ထက် အင်အားအဆများစွာကြီးတဲ့ ဗီးနပ်စ်ရဲ့သစ်တောနယ်မြေထဲမှာ လီဆာကို သူ့အင်အားသက်သက်နဲ့ ရှာဖွေဖို့မဖြစ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီတုန်းက အိုမင်းပြီးသေဆုံးခါနီးဖြစ်နေတဲ့ နယူးယောက်ဟီးရိုးကျောင်းရဲ့ကျောင်းအုပ်ဟောင်း Mindful masterက သူ့ကိုလမ်းညွန်ပေးခဲ့ပါတယ်။

အပြန်အလှန်အနေနဲ့ ဒီကျောင်းကိုကာကွယ်ပေးဖို့ သူ့ဆီက ကတိတောင်းခဲ့ဖူးတယ်။ အခုသူလုပ်နေတာက ကမ္ဘာ့ရန်တစ်ယောက်ဖြစ်လာပြီဖြစ်တဲ့ ဂျိုးလ်ဝဲလ်ဆင်ကို အနီးကပ်ထောက်လှမ်းနိုင်ဖို့ တစ်ခုတည်းသာမကပါဘူး။ အဲဒီကတိကို သူဖြည့်ဆည်းပေးနိုင်ဖို့လည်းပါတယ်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီး အဖြေပြန်မပေးတဲ့ မက်ဒါနာကြောင့် ဆရာအာသာနဲ့ဆရာမဟဲရိုးတို့ နားမလည်နိုင်တော့ဘူး။ နောက်ဆုံးတော့ သူတို့က တိတ်ဆိတ်မှုကို မခံနိုင်တော့ဘဲ မက်ဒါနာကိုတိုက်ရိုက်မေးလိုက်တယ်။

"ငါတို့ကို အဖြေတစ်ခုပေးပါ လေဒီပေါ်လီယာနာ၊ ဘာကြောင့်များ ရုရှားနိုင်ငံလို ဝေးကွာတဲ့နေရာတစ်ခုကနေလာပြီး ငါတို့ကို ကူညီပေးချင်ရတာလဲ။"

မက်ဒါနာက ဆရာမဟဲရိုးရဲ့စကားကြောင့် ပြုံးလိုက်မိတယ်။ အဲဒီနောက် ကောင်းကင်ပေါ်ကို လက်ညိုးညွန်ပြလိုက်ပြီး လေးနက်တဲ့လေသံမျိုးနဲ့ ပြောလိုက်တယ်။

"ဟီးရိုးတစ်ယောက်က ကတိတည်ရမယ်မဟုတ်မလား။ ကျွန်မလူတစ်ယောက်ကို ကတိပေးခဲ့တယ်၊ အခုအဲဒီကတိကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မကြိုးစားနေတယ်။"

အဲဒီနောက် ဆရာမဟဲရိုးနဲ့ဆရာအာသာတို့က မက်ဒါနာကို ဒီထက်ပိုမမေးတော့ဘူး။ မေးနေလဲအပိုပဲဖြစ်ပြီး မက်ဒါနာက ဆက်ဖြေတော့မှာမဟုတ်ပါဘူး။

All Chapters