← Chapters

ထိပ်တိုက်တွေ့ကြခြင်း

Vol. 6 Ch. 4

ထိပ်တိုက်တွေ့ကြခြင်း

Vol. 6 Ch. 4

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော်ရှေ့တွင် လူအများစုရုံးရောက်ရှိနေကြတယ်။ ဟယ်ရီက ကောင်မလေးပြောင်းထားသည့် ဖားလေးလက်ကိုဆွဲပြီး ထိုလူအုပ်ကြားထဲတွင် စီတန်းလှည့်လည်တွေလို နေရာယူထားကြတယ်။

"ငါနဲ့ကပ်ပြီးနေ၊ လူစုကွဲသွားရင် အန္တရာယ်ရှိနိုင်တယ်။" ဟယ်ရီစကားကြောင့် ရှက်ပြီးမျက်နှာနီရဲနေတဲ့ ဖားလေးတစ်ယောက် အသာခေါင်းညိတ်ပြလိုက်မိတယ်။ သူမိန်းကလေးဖြစ်နေသည့်အချိန် ဟယ်ရီသူ့လက်ကို တင်းတင်းဆွဲကိုင်ထားတဲ့အတွက် သူစိတ်လှုပ်ရှားနေတာအမှန်ပါ။ ဒီလိုခံစားချက်မျိုးနဲ့ သူနေသားမကျသေးဘူး။

ဟယ်ရီကတော့ သူ့ဂျုနီယာဖားလေးကို ဂရုမစိုက်သေးဘဲ နားမှာလျှို့ဝှက်ပြီးတပ်ထားတဲ့ အသေးစားနားကြပ်ကိုဖိပြီး စကားပြောလိုက်တယ်။ "မယ်လီ၊ အခြေအနေဘယ်လိုလဲ။"

နယူးယောက်ဟီးရိုးအစည်းအရုံးရဲ့C rankဟီးရိုး မယ်လီက ဟယ်ရီကိုချက်ချင်းအကြောင်းပြန်လာတယ်။ "စီတန်းလှည့်လည်သူတွေရှိနေတဲ့ နေရာပတ်လည်မှာ ဇီးရိုးချပ်ဝတ်နဲ့အထူးတပ်သားတွေ တစ်ဒါဇင်လောက်ရှိနေတယ်။ ဂျက်ဖာဆင်စက်ရုပ်သုံးလေးရုပ်လဲတွေ့တယ်။ တစ်ခုခုဖြစ်လာရင် ငါတို့အင်အားအခြေအနေနဲ့ ဝင်ကူညီပေးဖို့ခက်လိမ့်မယ်။"

လက်ရှိနယူးယောက်ဟီးရိုးအစည်းအရုံးက ထွက်ပြေးနေရတာဖြစ်ပြီး မြေအောက်အဖွဲ့သာသာပဲရှိတာပါ။ သူတို့မှာ C rank အနည်းငယ်နဲ့ B rank ဆိုလို့ ဖားလေးနဲ့ဟယ်ရီနှစ်ယောက်ပဲရှိတယ်။ ကပ္ပတိန်စတိတ်မန်းကတော့ ဒဏ်ရာတွေသက်သာလာပြီဆိုပေမဲ့ ဂျိုးဝဲလ်ဆင်ဘက်က သူတို့ထက်အင်အားများနေတုန်းပဲ။

"ဌာနမှူးသဘောကရော။" ဟယ်ရီမေးလိုက်ပြီး အနီးအနားက အထပ်မြင့်တိုက်တွေထဲက တစ်နေရာကို မော့ကြည့်လိုက်တယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့တစ်နေရာဖြစ်ပေမဲ့ သူ့စိတ်ထဲကနေတစ်ဆင့် အဲဒီနေရာဟာ ကျန်တဲ့ဟီးရိုးအစည်းအရုံးအဖွဲ့ဝင်တွေ ရှိနေတဲ့နေရာမှန်း သူသိထားပြီးသားပါ။

...

အထပ်မြင့်တိုက်တစ်ခုရဲ့တိုက်ခန်းထဲမှာတော့ ကပ္ပတိန်စတိတ်မန်းနဲ့မက်တယ်ပလာဒင်ဝတ်စုံကိုဝတ်ထားပေမဲ့ ခေါင်းစွပ်စွပ်မထားတဲ့ ဖလေရာတို့ရှိနေတယ်။

ကပ္ပတိန်စတိတ်မန်းက ခေါင်းညိတ်ပြီး ဖလေရာကို ပြောလိုက်တယ်။ "ဒီနေ့အကူအညီအတွက်တော့ မင်းကိုကျေးဇူးတင်ရမှာပဲ ပလာဒင်ရဲ့မြေးမလေး။"

သမ္မတဂျိုးဝဲလ်ဆင် လွှတ်တော်ဖျက်သိမ်းလိုက်ပြီးကတည်းက ဝါရှင်တန်ဒီစီဟာ ဧရာမသံမဏိအကျဥ်းထောင်လိုနေရာတစ်ခုဖြစ်နေပါပြီ။ ဒီလိုနေရာမျိုးက တိုက်ခန်းတစ်ခန်းမှာ နယူးယောက်ဟီးရိုးအစည်းအရုံး မစ်ရှင်ဆောင်ရွက်နိုင်ဖို့ ဖလေရာလိုမျိုး ငွေအင်အားရှိတဲ့ မဟာမိတ်တစ်ယောက်လိုပါတယ်။

"ကျွန်မက ကျွန်မအဖိုးရဲ့နေရာကို ဆက်ခံပြီးသွားပြီ။ ဒီတော့ မတရားမှုကို တိုက်ထုတ်ဖို့ကူညီပေးရမှာပေါ့။"

သူတို့စကားပြောနေတုန်း အဝေးကြည့်မှန်ပြောင်းနဲ့ မြို့ထဲကို စောင့်ကြည့်ဖို့တာဝန်ယူထားတဲ့ မယ်လီက ရောက်လာပြီး ကပ္ပတိန်စတိတ်မန်းကို ပြောလိုက်တယ်။

"ဌာနမှူး၊ ဒုဌာနမှူးက ဌာနမှူးရဲ့ဆန္ဒကို မေးခိုင်းလိုက်ပါတယ်။ ကျွန်မတို့အင်အားက ဂျိုးဝဲလ်ဆင်အောက်ရောက်နေလို့ပါ။"

ကပ္ပတိန်စတိတ်မန်းက ခေါင်းညိတ်ပြတယ်။ နယူးယောက်ဟီးရိုးအစည်းအရုံးရဲ့ဌာနမှူးတာဝန်ကို သူလက်လွှဲယူပြီးပြီ။ ဒါကြောင့် တစ်ဖွဲ့လုံးရဲ့အသက်က သူ့ဆုံးဖြတ်ချက်အပေါ်မူတည်နေတယ်။

စတိတ်မန်းက သေချာတွေးတောပြီးမှ သူ့ရဲ့လင်ကွန်းနဲ့တူတဲ့ မုတ်ဆိတ်ရှည်ကြီးတွေကို လက်နဲ့သက်လိုက်တယ်။ နောက်တော့ ဖလေရာဘက်ကိုလှည့်ပြီး "မစ်ဖလေရာ၊ မင်းအနေနဲ့ နယူးယောက်ကို ပြန်တာကောင်းမယ်ထင်ပါတယ်။ မင်းပေးတဲ့ ပလာဒင်ချပ်ဝတ်တွေကတင် ငါတို့အတွက်လုံလောက်ပါတယ်။ မင်းငါတို့ကို ကိုယ်တိုင်ကူညီလိုက်မယ်ဆိုရင် ပလာဒင်လုပ်ငန်းစုက ဒီကိစ္စမှာပါမှန်းသိပြီး ဝဲလ်ဆင်ရဲ့ဒေါသကို တိုက်ရိုက်ခံရလိမ့်မယ်။"

ဖလေရာက သက်ပြင်းချလိုက်ပြီး ကြမ်းပြင်ကိုစိုက်ကြည့်တယ်။ နောက်ဆုံးမှ ခေါင်းကိုခါယမ်းလိုက်ပြီး "ကောင်းပြီလေ၊ ရှင်တို့ကံကောင်းပါစေ။" နှုတ်ဆက်စကားပြောကာ တိုက်ခန်းထဲက ထွက်ခွာသွားပါတယ်။

နောက်တော့ စတိတ်မန်းက မယ်လီကိုလှည့်ကြည့်လိုက်တယ်။ "အဖွဲ့သားတွေကို ပလာဒင်ချပ်ဝတ်တွေဝတ်ဖို့ အသင့်ပြင်ခိုင်းထားလိုက်၊ သူတို့အနေနဲ့ တိုက်ဖို့မလိုဘူး။ စီတန်းလှည့်လည်သူတွေကို ကာကွယ်ဖို့ကို အဓိကထားခိုင်း။ အချိန်ကျလာရင် ငါကိုယ်တိုင်ဝင်မယ်။"

"ဟုတ်ကဲ့ပါ၊ ဌာနမှူး။" မယ်လီက စတိတ်မန်းကို ပြန်ဖြေလိုက်ပြီးနောက် ချက်ချင်းမြေပြင်က အဖွဲ့ခွဲတွေကို ဆက်သွယ်လိုက်တယ်။

...

တစ်ချိန်တည်းမှာပဲ ညိုမှောင်တဲ့အသားရေ၊ အနက်ရောင်ဆံနွယ်တွေနဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ပိုင်ရှင်မိန်းကလေးတစ်ယောက်က စီတန်းလှည့်လည်သူတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းမထက်ကို ရောက်ရှိလာပါတယ်။

သူ့မျက်နှာက ခံစားချက်ကင်းမဲ့နေပြီး သာမန်မိန်းကလေးတစ်ယောက်လို ဝတ်ဆင်ထားပါတယ်။ လက်ထဲမှာတော့ ငွေရောင်သေတ္တာတစ်လုံးကို ကိုင်ထားတယ်။ ခဏနေတော့ ကုတ်အင်္ကျီနဲ့ငွေရောင် သေတ္တာတစ်လုံးကိုထုပ်ပြီး ကိုင်ထားတဲ့ အမျိုးသားတစ်ယောက်လည်း အဲဒီညိုချောကောင်မလေးနားကိုရောက်လာပြီး တီးတိုးပြောတယ်။

"အဖွဲ့ဝင်သစ်လား၊ ကောင်မလေး မင်းရဲ့ဝတ်စုံသေတ္တာကို လူကြားထဲမှာ သိပ်ထင်ပေါ်အောင်မလုပ်ထားနဲ့။ ဇီးရိုးတပ်သားတွေက အကန်းတွေမဟုတ်ဘူး။" သူက ပြောလည်းပြော ကုတ်အင်္ကျီနောက်တစ်ထည်ကိုပါ ကောင်မလေးဆီပေးလိုက်တယ်။

ကောင်မလေးက နားလည်ပုံမပေါ်ပေမဲ့ လမ်းကြားမှာ အစောင့်တာဝန်ယူထားတဲ့ ဇီးရိုးတွေတစ်ယောက်ချင်းစီကို စစ်ဆေးလိုက်ပြီး လူကြီးကို ခေါင်းညိတ်ပြတယ်။ နောက်တော့ လူကြီးကမ်းပေးတဲ့ အနက်ရောင်ကုတ်နဲ့ ဝတ်စုံသေတ္တာကိုဖုံးပြီး လူတွေသိပ်သတိမထားမိအောင် ရှုထောင့်ပြောင်းကိုင်တယ်။

နောက်တော့ ကောင်မလေးက အနီးအနားက စတိတ်စင်တစ်ခုမှာ ဆန့်ကျင်ရေးမိန့်ခွန်းပြောနေတဲ့ လူတစ်ယောက်ကို မော့ကြည့်လိုက်တယ်။ အဲဒီလူက စင်ပေါ်မှာ အာပေါင်အာရင်းသန်သန်နဲ့ စကားပြောနေတယ်။

ဖက်ဒရယ်ဥပဒေတွေအရ ဒီလိုလုပ်တာ တရားဝင်တာကြောင့် လူအုပ်ကိုစောင့်ကြည့်နေတဲ့ ဇီးရိုးတွေက ဘာမှမလုပ်ဘဲရပ်ကြည့်နေကြတာ။ အဲဒီလူက လက်သီးလက်မောင်းတန်းပြီး လူအုပ်ကြီးကို လက်ခလယ်တောင်ထောင်ပြလိုက်သေးတယ်။

"ဂျိုးဝဲလ်ဆင်ဆိုတဲ့ကောင်က ခွေးသားကွ၊ ငါပြောတာ နားလည်လား။ အဲဒီကောင်က ဘုတ်ရှ်အစိုးရထက်တောင် ပိုဆိုးတဲ့လုပ်ရပ်ကို လုပ်နေတာ။ ငါတို့နိုင်ငံက မြူတန့်ခေတ်စကတည်းက အခုဆယ်စုနှစ်မှာပဲ ငြိမ်းချမ်းခဲ့တာကွ။ အခုအဲဲဒီခွေးသားက ငြိမ်းချမ်းမှုကို ဖျက်ဆီးပစ်လိုက်ပြီ။"

"ဟေး... မှန်တယ်ကွ..." "ဝဲလ်ဆင်၊ ခွေးသား။" "ဝဲလ်ဆင်၊ ခွေးသား။"

လူအုပ်ကြီးက လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ဝဲလ်ဆင်ကို သံပြိုင်စကျိန်ဆဲကြတယ်။

ဟီးရိုးအစည်းအရုံးတွေ အခြေကျသွားပြီးတဲ့နောက် အမေရိကန်က အတိုင်းအတာတစ်ခုအထိ ငြိမ်းချမ်းနေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ စစ်သွေးကြွနေတဲ့ ဝဲလ်ဆင်အစိုးရက ဒါကိုဖျက်ဆီးပစ်လိုက်တာကို လူတွေမကျေနပ်ကြဘူး။

အဲဒီဆန့်ကျင်ရေးသမားက အားလုံးကို လက်ပြပြီး ခဏငြိမ်ခိုင်းလိုက်တယ်။ လူတွေရဲ့အသံငြိမ်သွားမှ သူ့မိန့်ခွန်းကိုဆက်ပြောပါတယ်။ အဲဒီလူရဲ့မိန်းခွန်း အတော်လေးအောင်မြင်တာကို ဇီရိုးအဖွဲ့သားတွေရော ပုံဖျက်ပြီးလျှို့ဝှက်စိမ့်ဝင်နေတဲ့ဟီးရိုးအဖွဲ့တွေပါ သတိထားမိကြတယ်။ ဒါကြောင့် နှစ်ဖက်လုံးက အသင့်ပြင်ထားကြပြီ။

မိန့်ခွန်းသမားကတော့ သူဖန်တီးလိုက်တဲ့ အခြေအနေကို သတိမမူမိဘဲ ရှေ့ဆက်ပြောနေတယ်။

"အမေရိကက အင်းဒီးယန်းတွေကို မျိုးဖြုတ်ပစ်ခဲ့တယ်၊ မက္ကဆီကိုကို ကျူးကျော်တယ်၊ ပနားမားကို ခွဲထုတ်တယ်၊ ဂျပန်ကို နျူကလီးယားကျဲတယ်၊ အာဂျင်တီးနားကို အာဏာသိမ်းတယ်၊ ကျူးဘားမှာ အာဏာရှင်ကိုထောက်ခံတယ်၊ ကွာတီမာလာမှာ စျေးကွက်ကိုချုပ်ကိုင်တယ်၊ အာဖကန်ကို မြေမြုပ်ဗုံးမြေဖြစ်အောင်လုပ်တယ်၊ ဗိယက်နမ်မှာ ဗုံးကျဲတယ်၊ အီရတ်ကို ပြာချပစ်တယ်၊ တောင်ကိုရီးယားမှာ လူထုမထောက်ခံတဲ့သမ္မတကို နန်းတင်ခဲ့တယ်... ပြောစမ်းပါဦး၊ ငါတို့မိုက်ပြစ်က အတိတ်က ကိစ္စတွေနဲ့တင် လုံလောက်ပြီမဟုတ်လား။"

"ငါတို့က ငါတို့နိုင်ငံကို ငြိမ်းချမ်းအောင်ဦးဆောင်မယ့် အစိုးရကိုလိုတာကွ၊ ကမ္ဘာကြီးကိုသိမ်းပိုက်မယ့် သမ္မတတစ်ယောက်ကိုမလိုဘူး။"

"ဝဲလ်ဆင်သမ္မတဖြစ်ကတည်းက သူဘာလုပ်ခဲ့လဲ မင်းတို့သိလား။ လက်တင်အမေရိကန်ကို ရုပ်သေးလုပ်တယ်၊ တောင်ကိုရီးယားလည်း သူ့ရုပ်သေးဖြစ်သွားပြီ။ ရုရှားလည်း နှစ်ပိုင်းကွဲပြီ။ အာရပ်ကိုတောင် သွားတိုက်လိုက်သေးတယ်။ အခုလည်း ဒီကောင်က လွှတ်တော်ကို ထောင်ထဲထည့်ပြီး ငါတို့ပေးတဲ့အခွန်တွေနဲ့ လူသတ်ဖို့လုပ်နေတယ်။"

မိန့်ခွန်းပြောနေတဲ့ ဆန့်ကျင်ရေးသမားက မောသွားဟန်နဲ့ စကားကိုရပ်လိုက်တယ်။ ဒါပေမဲ့ ဆန့်ကျင်ရေးသမားတွေကတော့ ပိုပိုပြီးကြမ်းတမ်းလာကြပါတယ်။

"ဝဲလ်ဆင်ကို ဖြုတ်ချ၊ ဝဲလ်ဆင်ကို ဖြုတ်ချ။" သံပြိုင်အော်ဟစ်နေတဲ့ ဆန့်ကျင်ရေးသမားတွေရဲ့အသံက ဝါရှင်တန်ဒီစီတစ်ခုလုံးမှာ ဆူညံ့ပွတ်လောရိုက်နေတယ်။ အရင်နှစ်ရှစ်ဆယ်လောက်ကလည်း ဒီနေရာမှာ ဗီယက်နမ်စစ်ဆန့်ကျင်ရေးသမားတွေနဲ့ အခုလိုမျိုး ပြည့်နှက်နေခဲ့ဖူးတယ်။ အခုလည်း ဝဲလ်ဆင်ဆန့်ကျင်ရေးသမားတွေနဲ့ ပြည့်နေပြီ။

အဲဒီအချိန်မှာပဲ ဗီအိုင်ဗီကားတန်းတစ်စင်းက လူအုပ်ထဲကို တိုးဝင်လာတဲ့အတွက် လူအတော်များများဖယ်ပြေးလိုက်ရတယ်။ ကားတန်းထဲမှာပါတဲ့ လုံခြုံရေးဗင်ကားတစ်စီးရဲ့တံခါးပွင့်သွားပြီး ဇီးရိုးတပ်သားတွေက ဆန့်ကျင်ရေးသမားတွေဆောက်ထားတဲ့ ယာယီစတိတ်စင်ကိုဝိုင်းထားတယ်။ ဇီးရိုးတွေအပြင် သာမန်ပြည်သူတွေမရင်းနှီးတဲ့ ကိုင်ဇာတူးဝတ်စုံဝတ်ထားသူတစ်ယောက်လဲပါတယ်။

နောက်တော့ အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားတဲ့ လူကြီးတစ်ယောက်ဆင်းလာပါတယ်၊ ဝဲလ်ဆင်ပါ။

ဝဲလ်ဆင်က စတိတ်စင်ပေါ်ကို တက်သွားပြီး ဇီးရိုးချပ်ဝတ်တစ်ယောက်က မိန့်ခွန်းပြောနေတဲ့ မိုက်ကိုလုယူကာ ဝဲလ်ဆင်ကိုပေးလိုက်တယ်။

ဝဲလ်ဆင်ကတော့ မိုက်ကိုယူကာ အသံစမ်းပြီးတဲ့နောက် သူ့ကိုဒေါသတကြီးစိုက်ကြည့်နေတဲ့ လူတွေကို ငုံကြည့်လိုက်တယ်။ အဲဒီနောက် သူကိုယ်တိုင်ပြင်ဆင်ထားတဲ့ မိန့်ခွန်းကို ပြောလိုက်ပါတယ်။

"ကျုပ်ပထမစီစဥ်ထားတာတော့ တပ်တော်ဝင်အခမ်းအနားပြီးရင် စတိတ်စင်ဆောက်ပြီး ခင်ဗျားတို့ကို မိန့်ခွန်းပြောမယ်ပေါ့။ အခုတော့ ခင်ဗျားတို့စတိတ်စင်ကိုပဲ ယူသုံးပါတော့မယ်။"

ရုတ်တရက် မမျှော်လင့်ဘဲ အမေရိကန်သမ္မတဝဲလ်ဆင်ရောက်လာတာကြောင့် ဆန့်ကျင်ရေးသမားတွေလည်း မျက်လုံးပြူးကုန်တယ်။ ရုပ်ဖျက်ပြီးအသွင်ယူနေတဲ့ နယူးယောက်ဟီးရိုးတွေလည်း ဝုန်းဒိုင်းကျဲကုန်တော့တာပေါ့။

"ဌာနမှူး၊ သမ္မတဒီကိုရောက်လာပြီ။" အေမီဘေးနားမှာရပ်နေတဲ့ လူကြီးက သူ့နားကြပ်ကိုထိပြီး အစီရင်ခံလိုက်တယ်။ အဲဒီနောက် သာမန်မိန်းကလေးတစ်ယောက်လိုဝတ်ထားတဲ့ အေမီကို ပြောလိုက်တယ်။

"သေချာအာရုံစိုက်၊ ပြည်သူတွေကို သူတစ်ခုခုလုပ်တာနဲ့ ငါတို့ဝင်ပါမှရမယ်။" ဒါပေမဲ့ အေမီကတော့ ဘာမှပြန်မပြောဘဲ ငြိမ်နေတုန်းပဲ။

အေမီရဲ့လက်ရှိအခြေအနေမှာ သူ့သခင်မလေးပေးလိုက်တဲ့ အမိန့်ကလွဲလို့ ဘယ်သူ့စကားကိုမှ အတည်ယူမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မက်ဒါနာပေးလိုက်တဲ့အမိန့်ထဲမှာ ပြည်သူတွေကိုကာကွယ်ဖို့ပါနေတဲ့အတွက် အလိုလိုတုံ့ပြန်ပြီး ဝတ်စုံဝတ်ဖို့အသင့်ပြင်လိုက်တယ်။

စင်မြင့်ပေါ်မှာတော့ ဝဲလ်ဆင်က သူ့ကိုကြည့်နေကြတဲ့ ပြည်သူတွေရဲ့ဒေါသတကြီးမျက်လုံးတွေကို ဂရုမစိုက်ဘဲ သူ့စကားနွားရဆိုတဲ့ပုံစံမျိုးချိုးလို့ ဆက်ပြောပါတယ်။ သူက လက်ညိုးကို မိုးပေါ်ထောင်ပြီး ဒေါမာန်ပါပါလေသံနဲ့ စကားပြောနေတာ။

"လွန်ခဲ့တဲ့ နှစ်ငါးဆယ်က ကျုပ်မိသားစုဘဝကို မြူတန့်တွေက ဖျက်ဆီးခဲ့တာ။ ကျုပ်တင်မကဘူး၊ တစ်ကမ္ဘာလုံးရဲ့ငြိမ်းချမ်းနေတဲ့ဘဝကို ဖျက်ဆီးခဲ့တယ်ဆိုရင်တောင် မမှားဘူး။" ဂျိုးဝဲလ်ဆင်က သူ့စကားကို ခနရပ်ပြီး ပြည်သူတွေကို စူးစူးရဲရဲစိုက်ကြည့်တယ်။

"အဲဒီလူကို ဖမ်းထားလိုက်။" နောက်တော့ သူက အရင်မိန့်ခွန်းပြောနေတဲ့ ဆန့်ကျင်ရေးသမားကို ဖမ်းဖို့အမိန့်ပေးလိုက်တယ်။

အဲဒီလူလည်း ထွက်ပြေးဖို့ကြိုးစားပေမဲ့ C rank တွေနဲ့ညှီမျှတဲ့ ဇီးရိုးချပ်ဝတ်စစ်သည်တွေဆီကနေ သာမန်အရပ်သားတစ်ယောက် ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဇီးရိုးချပ်ဝတ်သမားတွေက အဲဒီလူကို ဖမ်းပြီးနောက် ဝဲလ်ဆင်ရှေ့မှာ ဒူးထောက်ခိုင်းထားတယ်။ ပြည်သူတွေလည်း အဲဒီအပြုအမူကြောင့်ဒေါသထွက်လာကြပြီ။

ဝဲလ်ဆင်ကတော့ သူ့ကိုရန်ပြုချင်နေပြီဖြစ်တဲ့ လူအုပ်ကြီးကို ဆက်ပြီးလစ်လျူရှုနေတယ်။ ဒီသာမန်လူတွေက သူ့အတွက် ဂရုစိုက်ဖို့ လုံးဝမထိုက်တန်သလိုပဲ။ ဝဲလ်ဆင်က အဲဒီဆန့်ကျင်ရေးသမားနားကို ကပ်သွားပြီး သေချာကြည့်တယ်။ ဆန့်ကျင်ရေးသမားကလည်း သူ့ကိုစူးစူးရဲရဲ ပြန်စိုက်ကြည့်ပြန်တယ်။

ဆန့်ကျင်ရေးသမားက အင်္ကျီလက်ရှည်ဝတ်ထားတာ။ ဝဲလ်ဆင်က အဲဒီလူရဲ့လက်ကိုဖမ်းကိုင်လိုက်ပြီး အင်္ကျီကိုလှန်လိုက်တော့ အဝါရောင်လက်ပတ်ကိုတွေ့လိုက်ရတယ်။ သူက လက်ပတ်ဝါကို ဖြုတ်ပြီး ပြည်သူတွေအားလုံးမြင်နိုင်အောင် မြှောက်ပြလိုက်တယ်။

"အားလုံးပဲ မြင်ကြလား၊ သူက မြူတန့်တစ်ယောက်ပါ။ သာမန်ပြည်သူတွေကို အကာအကွယ်ပေးဖို့လုပ်ထားတဲ့ မြူတန့်ဥပဒေသစ်ကို သူသဘောမကျလို့ ခင်ဗျားတို့ကို သွေးထိုးလှုံဆော်နေတာ အသိသာကြီးပဲ။ ဒီလူက မြူတန့်မဟာမိတ်ရဲ့သူလျှိုတောင် ဖြစ်နေနိုင်သေးတယ်။"

"နိုင်ငံသားတစ်ယောက်ကို ခင်ဗျားဒီလိုပဲ စွပ်စွဲလို့ရသလား။" လူအုပ်ထဲကနေ လူတစ်ယောက်ရဲ့ဒေါသတကြီးအော်သံ ထွက်လာပြီးနောက် ပြည်သူတချို့က စတိတ်စင်ပေါ်က ဆန့်ကျင်ရေးသမားကိုကူညီဖို့ စင်ပေါ်ပြေးတက်ဖို့လုပ်ကြပေမဲ့ ဇီးရိုးတပ်သားတွေက သူတို့ကို ပြန်တွန်းထားတဲ့အတွက် ဝဲလ်ဆင်အန္တရာယ်ကင်းနေတယ်။

ဝဲလ်ဆင်က ဒါကိုမြင်တော့ အလိုလိုနေရင်း ကျေနပ်အားရစွာ ရယ်မောလိုက်မိတယ်။ နောက်ဆုံးတော့ အရာရာက အင်အားပဲမဟုတ်လား။ အာဏာဆိုတာ သေနတ်ထိပ်မှာပဲရှိနေတာ။ ဘယ်လောက်ဒီလူတွေဆန့်ကျင်ဆန့်ကျင် သူ့ကိုအနိုင်ယူနိုင်မယ့်နည်းလမ်းမရှိဘူးဆိုတာ ဝဲလ်ဆင်သိတယ်။

"ခင်ဗျားတို့အားလုံးသိကြလား၊ မြူတန့်မဟာမိတ်က ဘာတွေလုပ်ခဲ့လဲဆိုတာကိုပေါ့။" ဝဲလ်ဆင်က မေးခွန်းထုတ်တဲ့အမူအရာနဲ့ လူအုပ်ကြီးကို ကြည့်လိုက်တယ်။

လူအုပ်ကြီးက ဝဲလ်ဆင်ကို သဘောမကျကြပေမဲ့ အဲဒီမေးခွန်းကြောင့် ခနငြိမ်ကျသွားတယ်။ ဝဲလ်ဆင်က အားလုံးငြိမ်ကျသွားတဲ့အခါမှ သူ့စကားကိုရှေ့ဆက်တယ်။

"ကျုပ်တို့နိုင်ငံသားတွေကို သေစေနိုင်တဲ့ မြူတန့်မူးယစ်ဆေးတွေကို ဖြန့်ချီတယ်။ အာဖရိကနဲ့အာရှနိုင်ငံတွေကို စစ်ရေးအရကျူးကျော်နေတယ်။ ဟိုလူပြောခဲ့သလိုပဲ ရုရှားနိုင်ငံကို နှစ်ပိုင်းခွဲပစ်လိုက်တယ်။"

အမေရိကန်ပြည်သူတွေအနေနဲ့ ဝဲလ်ဆင်ကိုသဘောမကျဘူးဆိုပေမဲ့ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ မြူတန့်မဟာမိတ်ကို ပိုလို့တောင်သဘောမကျပါသေးတယ်။ လက်ရှိအခြေအနေက အမေရိကန်ရဲ့စစ်အေးခေတ်နဲ့ အနည်းနဲ့အများဆင်တူတယ်။ မဟာမိတ်နှစ်ခုက ထိပ်တိုက်ရင်ဆိုင်တာမျိုးမရှိသေးပေမဲ့ သူတို့လွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ဖို့ အပြိုင်အဆိုင်ရုပ်သေးရဖို့ ကြိုးစားနေကြတယ်။

"ကျုပ်တို့လူသားတွေနဲ့မြူတန့်တွေရဲ့ကွာခြားချက်က မြူတန့်တွေဟာ လူသားတွေကို သတ်ဖြတ်ဖို့မွေးလာတဲ့ အမဲလိုက်သူတွေပါ။ သမင်တွေ ကျားနဲ့တွေ့ရင် အစာဖြစ်သွားတာပဲမဟုတ်လား။ ကျုပ်က သမင်တွေကိုကာကွယ်ဖို့ ကျားတွေကို ယဥ်ပါးအောင်လုပ်နေရုံပါ။"

ဂျိုးဝဲလ်ဆင်က စကားဆုံးတာနဲ့ အဖမ်းခံထားရတဲ့ ဆန့်ကျင်ရေးသမားကို ကြည့်လိုက်ပြီး မေးတယ်။ "ခင်ဗျားက အမေရိကန်နိုင်ငံသားလား။"

ဆန့်ကျင်ရေးသမားက ခေါင်းညိတ်ပြတော့ ဝဲလ်ဆင်က မိုက်ကိုကိုင်ထားရင်း လက်ခုပ်တီးလိုက်ပြီး "ကောင်းတာပေါ့၊ ဒါဆိုရင် ခင်ဗျားက အမေရိကန်နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးကို ရထိုက်တယ်လို့ဆိုတာပဲ။ ကျုပ်ရဲ့ကိုယ်ရံတော်တွေက ခင်ဗျားကို ရဲဌာနဆီလွှဲပေးပါလိမ့်မယ်။ ၄၈ နာရီအတွင်း ခင်ဗျားက အပြစ်ရှိတဲ့တရားခံတစ်ယောက်ဆိုတဲ့ သက်သေမရရင် လွတ်လပ်ခွင့်ပြန်ရမှာပါ။"

နောက်တော့ ဝဲလ်ဆင်ရဲ့ကိုယ်ရံတော်တွေက အဲဒီလူကို ဖမ်းခေါ်သွားကြတယ်။ ဝဲလ်ဆင်ကိုယ်တိုင်ကကတော့ လူအုပ်ကို နောက်တစ်ခါကြည့်လိုက်ပြီး ကြေညာချက်ထုတ်လိုက်တယ်။

"ဒီကစီတန်းလှည့်လည်သူအားလုံးက ငြိမ်းချမ်းစွာစီတန်းလှည့်လည်ပြီး မကျေနပ်ချက်ကို တောင်းဆိုနေတဲ့ အမေရိကန်နိုင်ငံသားအများစုဖြစ်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။ ခင်ဗျားတို့နိုင်ငံသားအခွင့်အရေးကိုလည်း ကျုပ်လေးစားပါတယ်။ ဒါပေမဲ့ ကျုပ်ခုနက ပြောခဲ့တဲ့အတိုင်းပဲ ခင်ဗျားတို့အထဲမှာ အကြမ်းဖက်မြူတန့်အဖွဲ့ကလူတွေ ရှိနေနိုင်တယ်ဗျ။"

ဝဲလ်ဆင်ရဲ့မျက်နှာထားက ရုတ်တရက် အစောပိုင်းကပုံစံနဲ့ ကွဲထွက်သွားပြီး အေးစက်စက်ရယ်မောပါတယ်။ အဲဒီနောက် သူက အုပ်ထဲကလူတွေကို တစ်ယောက်ချင်းစီ တတ်နိုင်သလောက်ကြည့်လိုက်ပြီး "အထူးသဖြင့် နယူးယောက်အစည်းအရုံးထဲမှာ စိမ့်ဝင်နေတာကြာပြီဖြစ်ပြီး အခုမှလျှို့ဝှက်ချက်တွေပေါ်ကုန်လို့ ထွက်ပြေးနေကြတဲ့ ငကြောက်တစ်သိုက်ပေါ့။ ဒီတော့ တစ်ယောက်ချင်းစီကို အင်အားသုံးဖမ်းပြီး စစ်ဆေးရမယ်။"

အဲဒီစကားကြောင့် လူအုပ်ထဲမှာရှိနေတဲ့ ဟယ်ရီလည်းထိတ်လန့်သွားပြီး အဖွဲ့သားတိုင်းကို အကြောင်းကြားလိုက်တယ်။ "မကောင်းတော့ဘူး၊ ဒီလူ ငါတို့ရောက်နေတာကိုသိတယ်။ အကုန်ပြန်ဆုတ်ဖို့ပြင်ကြ။"

ဒါပေမဲ့ နောက်ကျသွားပြီ။ လူတွေစုဝေးနေတဲ့ လမ်းမကြီးတစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်းမှာပဲ ရဲကားအစီးတစ်ရာကျော်က ဝိုင်းထားလိုက်တယ်။ ဇီးရိုးချပ်ဝတ်ဝတ်ထားသူတွေနဲ့ ဂျက်ဖာဆင်စက်ရုပ်တွေက ထောင်နဲ့ချီနဲ့လူအုပ်ကြီးကို ဝိုင်းထားနှင့်ပြီ။

တိုက်ပေါ်ကနေ အခြေအနေကြည့်နေတဲ့ မယ်လီကိုယ်တိုင်လည်း အံ့ဩသွားတယ်။ "မဖြစ်နိုင်တာ၊ ငါတို့ငါးဘလောက်အကွာအထိ ကင်းပုန်းချထားတာကိုဘယ်လိုလုပ်ပြီး ရဲကားတွေက ငါတို့မသိဘဲရောက်လာရတာလဲ။"

ခုံမှာထိုင်နေတဲ့ ကပ္ပတိန်စတိတ်မန်း ရုတ်ချည်းမျက်နှာပျက်သွားပြီး ခုံကနေထလိုက်တယ်။ သူက ချက်ချင်းအသံမြန်နှုန်းနဲ့လှုပ်ရှားပြီး မယ်လီကိုနေရာကနေ တွန်းဖယ်လိုက်တယ်။

ဘုန်း.... ခလွမ်း။

ရုတ်တရက်ဆိုသလိုပဲ ငွေရောင်မီးတောက်တစ်ခု လေထုထဲမှာပေါ်လာပြီး တိုက်ခန်းရဲ့မှန်ချပ်တွေအားလုံးကို ပေါက်ကွဲသွားစေတယ်။ စတိတ်မန်းကြောင့်သာမဟုတ်ရင် မယ်လီသေနေလောက်ပြီ။

စတိတ်မန်းက သူ့ကိုယ်ပေါ်က မှန်ချပ်အကွဲတွေကို ဖယ်ရှားလိုက်ပြီးနောက် မှန်ချပ်တွေမရှိတော့ပြီဖြစ်တဲ့ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တယ်။ အဲဒီမှာ ငွေရောင်မီးတောက်တွေနဲ့ လူတစ်ယောက်က လေထဲမှာ မတ်တပ်ရပ်နေတယ်။

"ဖလိမ်းဂါးဒီးယမ်း။" စတိတ်မန်းရဲ့စကားကို အမေရိကန်ရဲ့ဒုတိယ S rankက ပြုံးပြပြီးတုံ့ပြန်တယ်။

"ယို့... လူအိုကြီး၊ ခင်ဗျားကျုပ်ကို မျက်ခြေဖြတ်နိုင်လုနီးနီးပဲ။ ဒါပေမဲ့ ကျုပ်တို့မြူတန့်ဌာနစိတ်က နည်းပညာအကူပစ္စည်းအသစ်လေးက အတော်ကူညီပေးလိုက်နိုင်တယ်။"

ဖလိမ်းဂါးဒီးယမ်းက သူ့ညာလက်မှာဝတ်ထားတဲ့ အနက်ရောင်လက်ကောက်လေးကို ဘယ်လက်နဲ့ပုတ်ပြလိုက်တယ်။ လက်ကောက်ရဲ့အပေါ်မှာ အနီရောင်အလင်းတန်းတချို့ပြေးနေပြီး အခုထိဖလိမ်းဂါးဒီးယမ်းရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ သူတို့မြင်ရသေးတယ်။

ဒါပေမဲ့ ထွင်းဖောက်မြင်နိုင်တဲ့ လှုပ်ရှားနေတဲ့စက်ရုပ်ငယ်လေးတချို့က သတ္ထုလက်ကောက်ထဲကို ပြန်ဝင်နေပါပြီ။

မယ်လီလည်း အံ့ကိုကြိတ်ထားလိုက်မိတယ်။ ဒီနည်းပညာက နယူးယောက်အစည်းအရုံးအနေနဲ့ ဂျိုးဝဲလ်ဆင်ဆီမှာ ရှိမယ်လို့ကို ထင်မထားတဲ့အရာတစ်ခုပါ။

"ကိုယ်ယောင်ဖျောက်နိုင်တဲ့ နာနိုဘော့နည်းပညာသစ်လား။ ထင်မထားမိဘူး။"

All Chapters