အခန်း (၇၆၉) - ရေခဲဖီးနစ်ငှက်တပ်ရင်း
Vol. 56 Ch. 769
လူတိုင်းမှာ ဂိုဏ်းခေါင်းဆောင်ကြီးအား တိုတိုတောင်းတောင်း ဂါရဝပြုခဲ့ကြသည်သာ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ဂါရဝပြုသံများ ပြီးဆုံးသွားသည့်အချိန်တွင် ဝမ်ပေါင်လဲ့၏ စကားသံကြီးမှာ ရုတ်ခြည်းဆိုသလို ကျယ်လောင်စွာထွက်ပေါ်လာပြီး ခန်းမကြီးထဲ၌ ပဲ့တင်ထပ်သွားသဖြင့် လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်သွားတော့သည်။
ထိုအခါ ခန်းမထဲတွင် ရှိနေကြသည့် ထောင်ပေါင်းများစွာသော ကျင့်ကြံသူများမှာ တစ်ခဏမျှ ဆွံ့အမှင်တက်သွားကြ၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့ ရှိနေသည့်ဘက်သို့ ခေါင်းများလှည့်လာကြပြီး သူ့အား စိုက်ကြည့်နေလိုက်တော့သည်။ ပလ္လင်ကြီးပေါ်ရှိ စစ်တပ်ခေါင်းဆောင်ကြီးများမှာလည်း ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့၏ လုပ်ရပ်မှာ ထူးဆန်းလွန်းနေသည် မဟုတ်ပါလော။ သူသည် ဂိုဏ်းခေါင်းဆောင်ကြီးအား ထာဝရကြယ်အဆင့်သို့ လွယ်ကူချောမွေ့စွာ တက်လှမ်းနိုင်ရန်ပင် ဆုတောင်းပေးခဲ့သေးသည်။
ထို့ကြောင့် ခန်းမကြီးတစ်ခုလုံးမှာ ငြိမ်ကျသွားရ၏။ တစ်အောင့်ခန့် ကြာပြီးမှ လူတိုင်းမှာ အံ့ဩမှင်တက်နေရာမှ သတိပြန်ကပ်သွားကြတော့သည်။ သူတို့၏ အသိစိတ်များထဲတွင်မူ အတွေးမျိုးစုံဖြင့် ယောက်ယက်ခတ်နေကြပြီဖြစ်သည်။
" ဘယ်လိုတောင်မှ ဖားတာ တော်နေရတာလဲဟ "
" ဒီကောင်က ဘယ်သူလဲ။ ဂိုဏ်းခေါင်းဆောင်ကြီးကို အခုလို လူတွေအများကြီးရှေ့မှာ အရှက်မရှိဘဲ ပေါ်တင်ကြီး ဖားယားနေရဲရတယ်လို့။ သူက စိတ်မနှံ့ဘူးလား "
" တော်တော်ကို အရှက်မရှိတာပဲကွ။ ဒီလိုကောင်မျိုးတွေကို သတိကြီးကြီး ထားမှရမယ် "
လူအုပ်ကြီးထဲတွင် ရှိနေကြသည့် ကျင့်ကြံသူများသာ ထိုသို့ တွေးနေကြခြင်းမဟုတ်ပေ။ ပလ္လင်ပေါ်တွင် ထိုင်နေသည့် စစ်တပ်ခေါင်းဆောင်ကြီး ဆယ်ယောက်၏ မျက်နှာအမူအရာများမှာလည်း အထူးတဆန်း ဖြစ်နေကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ သူဘေးတွင် ရှိနေပြီး ငိုမဲ့မဲ့ဖြစ်နေသော သော်ယိုကျိ၏ အနီးသို့ တည်ကြည်မှုအပြည့်ဖြင့် ကပ်သွားလိုက်၏။
သော်ယိုကျိမှာမူ စိတ်ထဲတွင်ကျိတ်၍ အသံကုန် အော်ဟစ်မြည်တမ်းနေပြီ ဖြစ်သည်။ သူသည် လူအများ သူ့အား အာရုံစိုက်မိသွားမည်ကို မလိုလားပေ။ အရူးလုံ၏ ဘေးတွင်ထိုင်နေသည့်လူမှာ သူဖြစ်နေသည်ဆိုသော အချက်အား အခြားသူများ သိရှိသွားမည်ကိုလည်း မလိုလားပေ။ သို့သော် သူသည် ထိုသို့ဖြစ်မလာရန် တားဆီးနိုင်စွမ်း မရှိတော့ပေ။
ခန်းမကြီးတစ်ခုလုံး ငြိမ်ကျသွားသောအခါ ပလ္လင်ကြီး၏ ထိပ်ဆုံးအဆင့်တွင် ထိုင်နေသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကြောင့် အနည်းငယ်ခန့် အံ့အားသင့်သွားရသဖြင့် ရယ်မောမိလိုက်တော့သည်။ သူသည် ယခင်တုန်းက လုံနန်ကျစ်အကြောင်း လုံးဝမကြားဖူးထားပေ။ သို့သော် သူသာ ဆန္ဒရှိပါက ခန်းမကြီးထဲရှိ လူတိုင်း၏ ကိုယ်ရေးရာဇဝင်များအားလုံးကို အလွယ်တကူ သိရှိနိုင်မည်သာ ဖြစ်သည်။
ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် သူသည် ထို ဖော်လံဖားသူမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားတော့သည်။ ထိုအခါ သူသည် လုံနန်ကျစ်နှင့် နဂါးနက်တပ်ရင်းတို့၏ တိုက်ပွဲကြီးအကြောင်းကို ပြန်၍သတိရသွားသောကြောင့် အနည်းငယ်ခန့် ပြုံးမိသွား၏။ လုံနန်ကျစ်၏ မြှောက်ပင့်စကားများမှာ အလုပ်ဖြစ်ပေသည်။ သူသည် ထိုစကားများကိုသာ မကြားခဲ့ရပါက လုံနန်ကျစ်အား သတိပင် ထားမိမည်မဟုတ်ပေ။ ထို့အပြင် သူ၏ စွမ်းဆောင်မှုများအတွက် ဆုချီးမြှင့်ပေးမည့် ကိစ္စကိုလည်း ပထမအဆင့်စစ်တပ်ခေါင်းဆောင်ကြီးအား တာဝန်ယူခိုင်းလိုက်မည်သာဖြစ်သည်။
သို့သော် ယခုတွင်မူ အခြေအနေများမှာ ပြောင်းလဲသွားပြီဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်ကြီးမှာ စိတ်ကျေနပ်သွားသဖြင့် ထိုကိစ္စအား သူကိုယ်တိုင် တာဝန်ယူရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် သူသည် ဒဿမအဆင့်စစ်တပ်ခေါင်းဆောင် နတ်သမီးလင်ယိုဆီသို့ အသံလွှင့် အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။
နတ်သမီးလင်ယိုမှာ ဝမ်ပေါင်လဲ့အား မနှစ်မြို့သည့် မျက်ဝန်းများဖြင့် အကဲခတ်နေစဉ် ဂိုဏ်းခေါင်းဆောင်ကြီးဆီမှ အသံလွင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။ သူမသည် ထိုအသံလွှင့်အကြောင်းကြားစာအား နားထောင်ပြီးသွားသောအခါ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသည့် သူမ၏ အေးစက်စက်မျက်ဝန်းများထဲတွင်မူ စိတ်အနှောင့်အယှက် ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သို့သော် သူမသည် ဂိုဏ်းခေါင်းဆောင်ကြီး၏ အမိန့်အား ငြင်းဆန်၍မရသောကြောင့် သဘောတူကြောင်းသာ ပြန်ဖြေလိုက်ရသည်။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူ၏ညွှန်ကြားချက်များအား သူမဆီသို့ ပေးပို့လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ဂရုစိုက်နေခြင်း မရှိတော့ဘဲ ပြုံးကာ ညီလာခံအား စတင်ကြီးမှူးကျင်းပလိုက်တော့သည်။ အထွေထွေညီလာခံ၏ နောက်ဆုံးနေ့တွင် သူသည် လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း စစ်တပ်ဆယ်ခုမှ ခေါင်းဆောင်ကြီးများ အသေးစိတ် စာရင်းပြုစုထားသည့် တင်ပြချက်များကို နားထောင်ရမည်ဖြစ်သည်။
ထိုအခါ လူတိုင်းမှာလည်း အမူအရာများ ပြန်လည်တည်ကြည်သွားကြပြီး ညီလာခံအပေါ် ပြန်၍ အာရုံစိုက်လိုက်ကြ၏။ ထို့နောက် စစ်တပ်ဆယ်ခုမှ ခေါင်းဆောင်ကြီးများမှာ သူတို့၏ အစီရင်ခံစာ အသီးသီးကို စတင် တင်ပြလိုက်ကြတော့သည်။ ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွား၏။ ဝမ်ပေါင်လဲ့မှာမူ ယခင်တုန်းကနှင့်မတူတော့ဘဲ ခါးမတ်မတ်ထိုင်ကာ တည်ကြည်မှုအပြည့် ရှိနေပြီ ဖြစ်သည်။
ညနေခင်းအချိန်သို့ ရောက်သောအခါ နတ်သမီးလင်ယိုမှာ သူမ၏ အစီရင်ခံစာအား တင်ပြပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် တစ်လခန့်ကြာမြင့်ခဲ့သည့် အထွေထွေညီလာခံကြီးမှာလည်း ပြီးဆုံးသွားတော့သည်။ ဂိုဏ်းခေါင်းဆောင်ကြီးမှာလည်း ထွက်ခွာသွားပြီဖြစ်ပြီး စစ်တပ်ဆယ်ခုမှ ခေါင်းဆောင်ကြီးများမှာလည်း နှုတ်ဆက်စကားများ ဆိုနေကြပြီဖြစ်သည်။ နတ်သမီးလင်ယို တစ်ယောက်သာလျှင် မျက်မှောင်များကြုတ်နေ၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့ ထိုင်နေသည့်နေရာသို့ လှမ်းကြည့်လိုက်ပြီး စိတ်မရှည်သည့် လေသံဖြင့် လှမ်းခေါ်လိုက်၏။
" လုံနန်ကျစ်။ ငါနဲ့လိုက်ခဲ့။ နင်နဲ့ စကားပြောစရာရှိတယ် "
သူမ ထိုသို့ဆိုလိုက်သောအခါ ခန်းမကြီးတစ်ခုလုံးထဲရှိ လူတိုင်းမှာ ပင့်သက်များ ရှိုက်သွားကြ၏။ ထို့နောက် အံ့ဩမှင်တက်ကာ မနာလိုဖြစ်နေသည့် မျက်ဝန်းပေါင်း မြောက်မြားစွာမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြတော့သည်။ ထိုသို့ ဖြစ်သွားရခြင်းမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲရှိ နတ်သမီးလင်ယို၏ ဂုဏ်သတင်းကြောင့်ပင်။ သူမသည် ကျင့်ကြံခြင်းအပိုင်းတွင်ဖြစ်စေ၊ ရုပ်ရည်အပိုင်းတွင်ဖြစ်စေ ဂိုဏ်းထဲရှိ အခြား အမျိုးသမီးကျင့်ကြံသူများအားလုံးထက် ပို၍ သာလွန်နေသည်မဟုတ်ပါလော။
သို့ဖြစ်ရာ သူမသည် လူပေါင်းများစွာ၏ စိတ်ကူးအိပ်မက်များထဲမှ တာအိုလက်တွဲဖော် ဖြစ်ပေသည်။ သူမသည် ဂိုဏ်းထဲတွင် အခြားမည်သည့်ကျင့်ကြံသူကိုမှ စကားစပြောလေ့ မရှိဘဲ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများ အားလုံးကို လျစ်လျူရှုထားခဲ့သည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ သူမသည် ဝမ်ပေါင်လဲ့အား သူမဘက်မှ စ၍ လှမ်းခေါ်လိုက်သည် မဟုတ်ပါလော။
ထို့ကြောင့် လူတိုင်းမှာ စိတ်ဝင်တစား ဖြစ်သွားရပြီး သူမ ထိုသို့လှမ်းခေါ်ရသည့် အကြောင်းအရင်းကို သိချင်သွားကြတော့သည်။ သော်ယိုကျိပင်လျှင် မျက်လုံးများပြူးသွားရ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် စိတ်လှုပ်တရှားနှင့် ထွက်ခွာသွားပြီး နတ်သမီးလင်ယို၏နောက်သို့ ပြေးလိုက်သွားသည်ကို ရင်နာနာနှင့်သာ စိုက်ကြည့်နေရတော့သည်။
" ဒီ ငဖားကောင်ကွာ " သော်ယိုကျိတစ်ယောက် စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲနေဆဲမှာပင် ဝမ်ပေါင်လဲ့မှာ နတ်သမီးလင်ယို၏ ဘေးသို့ ရောက်သွားပြီ ဖြစ်သည်။ ထိုအခါ သူမသည် လက်ကိုဝှေ့ယမ်းကာ လေပေါ်သို့ ပျံတက်သွားပြီး ဝမ်ပေါင်လဲ့အား အဝေးသို့ ခေါ်ဆောင်သွားလိုက်၏။ သော်ယိုကျိမှာမူ နှလုံးသားထဲ၌ မနာလိုစိတ်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သလို သူတစ်ယောက်တည်းသာ ထိုသို့ခံစားနေရသည်တော့ မဟုတ်ပေ။ ခဏအကြာတွင် အခြားကျင့်ကြံသူများ အားလုံးမှာလည်း ခန်းမကြီးထဲမှ ထွက်ခွာသွားကြ၏။
လူအုပ်ကြီး ညီလာခံကျင်းပရာ ခန်းမကြီးထဲမှ ထွက်ခွာသွားချိန်တွင် နတ်သမီးလင်ယိုမှာ ဝမ်ပေါင်လဲ့၏ ရှေ့မှနေ၍ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ကောင်းကင်ယံထဲ၌ ပျံသန်းနေ၏။ သူမသည် လမ်းတစ်လျှောက်လုံး နှုတ်ဆိတ်နေခဲ့သည်။ ဝမ်ပေါင်လဲ့မှာ သူမသည် သူ့အား သင်ခန်းစာပေးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ရိပ်မိနေ၏။ သူသည် နတ်သမီးလင်ယို သူ့အား သူမ၏နောက်မှ လိုက်လာရန် အမိန့်ပေးခဲ့သည့် အကြောင်းအရင်းကို မသိပါလည်း သူ ရရှိရန် မျှော်လင့်ထားသည့် ဆုလာဘ်ကြီးနှင့် ဆက်နွယ်နေရမည်ဟု ခန့်မှန်းလိုက်၏။
သူမ၏ ဖော်ရွေမှုမရှိသော အမူအရာကိုကြည့်လျှင် သိနိုင်ပေသည်။ အခြားသူများမှာ သူမ၏ အမူအရာအား သတိမထားမိခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သာမန်လူတစ်ယောက်မဟုတ်ပေ။ သူသည် ပြည်ထောင်စုကြီးထဲတွင် အဆင့်မြင့်အရာရှိတစ်ယောက်အဖြစ် အချိန်အကြာကြီး တာဝန်ထမ်းဆောင်ဖူးခဲ့သည် ဖြစ်သလို အခြားသူများကိုလည်း ထိုကဲ့သို့ ပြုမူဆက်ဆံခဲ့ဖူးသည်ဖြစ်ရာ လက်ရှိအခြေအနေကြီးအား ရိပ်စားမိနေ၏။
" မဟုတ်မှလွဲရော။ ဂြိုဟ်အဆင့် ဂိုဏ်းခေါင်းဆောင်ကြီးက ငါ့ကို နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်လာခွင့်ပေးရုံတင် မဟုတ်ဘဲ သိပ်မကြာခင်မှာ အဆင့်တက်လာတော့မယ့် ဒဿမအဆင့် စစ်တပ်ထဲမှာပါ နေရာချထားပေးခဲ့တာများလား " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း အံ့အားသင့်သွားကာ ကျေနပ်အားရနေတော့သည်။ အကယ်၍ သူ တွေးထားသည့်အတိုင်း ဖြစ်လာမည်ဆိုပါက သူ၏ ခရီးစဉ်အစမှာ ချောမွေ့နေပြီဟု ဆိုနိုင်ပေသည်။
ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် သူတို့မှာ သူတို့၏ ခရီးပန်းတိုင်ဆီသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာကြ၏။ ထိုအချိန်တွင် နတ်သမီးလင်ယိုသည် သူ့အား လျစ်လျူရှုထားခဲ့သည်မှာ လုံလောက်ပြီဖြစ်ကြောင်း မှတ်ယူလိုက်ပြီး စကားပြောလိုက်တော့သည်။ သို့သော်ငြားလည်း သူမ၏စကားသံမှာ အေးတိအေးစက် ဖြစ်နေဆဲပင်။ သူမ၏ ပင်ကိုယ်အကျင့်စရိုက်ကိုက ထိုကဲ့သို့ ဖြစ်နေခြင်း ဖြစ်နိုင်ပေသည်။
" ဒီနေ့ကစပြီး နင် ရေခဲဖီးနစ်ငှက်တပ်ရင်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီ " နတ်သမီးလင်ယိုမှာ ထိုသို့ဆိုလိုက်ပြီးနောက် ရှေ့သို့လှမ်းသွားပြီး နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ဝင်ပေါက်၏ နောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး သူမ၏နောက်သို့ ပြေးလိုက်သွားလိုက်၏။ သူ ဝင်ပေါက်ထဲသို့ ဝင်သွားလိုက်သောအခါ သူ၏ အမြင်အာရုံများမှာ တစ်ခဏမျှ ဝေဝါးသွားရပြန်သည်။ သူ၏ အမြင်အာရုံများ ပြန်လည်ကြည်လင်လာသည့်အချိန်တွင် သူသည် အခြားနေရာတစ်ခုသို့ ရောက်နေပြီဖြစ်သည်။
သူသည် မျက်စိတစ်ဆုံး ကျယ်ပြောနေသည့် ကန္တာရကြီးတစ်ခုထဲသို့ ရောက်နေခြင်းဖြစ်၏။ တောင်ကြီးနှစ်လုံးမှာမူ ကန္တာရထဲ၌ မိုးထိုးလုမတတ် မြင့်မားနေသောကြောင့် ကောင်းကင်ကြီးအား ထိုးခွင်းနေသည့် အသွားထက်ဓားကြီးနှစ်လက်ကဲ့သို့ ဖြစ်နေသည်။ ထိုမြင်ကွင်းမှာ ခမ်းနားထည်ဝါလှပေသည်။ သူနှင့် မလှမ်းမကမ်း နေရာတစ်ခုတွင် နတ်သမီးလင်ယို ရှိနေပြီး သူမ၏ အနက်ရောင်ချပ်ဝတ်တန်ဆာကြီးမှာ နေရောင်အောက်တွင် အရောင်တလက်လက် တောက်ပနေ၏။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ထဲမှ ဖိနှိပ်အားကောင်းသော စွမ်းအားတစ်မျိုးထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့တစ်ယောက် ထိုစွမ်းအားများကြောင့် ကောင်းကင်ယံကြီး အရောင်ပြောင်းသွားရသည်ကို ငေးကြည့်နေစဉ်မှာပင် သူမ၏ ချပ်ဝတ်တန်ဆာကြီးမှာ ပေတစ်သောင်းကျော် မြင့်မားသည့် ဘီလူးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုဘီလူးကြီးမှာ ဖိနှိပ်အားကောင်းသော အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေပြီး ၎င်း၏ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာမှုကြောင့် ကန္တာရထဲ၌ သဲမုန်တိုင်းတစ်ခု စတင် တိုက်ခတ်လာရတော့သည်။ ထိုအချိန်တွင် ကန္တာရကြီးမှာ လှိုင်းထန်သော ပင်လယ်ကြီးတစ်စင်းအသွင် ပြောင်းလဲသွားပြီး သဲပွင့်များမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြ၏။ ထို့နောက် ဝမ်ပေါင်လဲ့တစ်ယောက် ရှောင်တိမ်းချိန် မရလိုက်ခင်မှာပင် အနက်ရောင်ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် ဘီလူးကြီးမှာ ၎င်း၏ ညာဖက်လက်ကိုဆန့်ထုတ်ကာ သူ့အား လှမ်း၍ဖမ်းဆုပ်လိုက်တော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ထိုလက်ကြီးအား ရှောင်တိမ်းရန် တွေးမိလိုက်ပါသော်လည်း ထိုအတွေးများကို ချက်ချင်း မေ့ပျောက်ထားလိုက်၏။ ထို့နောက် သူသည် မျက်လုံးများမှိတ်လိုက်ပြီး ထိုလက်ကြီးအား သူ့အား ဖမ်းဆုပ်ခွင့် ပေးလိုက်တော့သည်။ ထိုအခါ နတ်သမီးလင်ယို၏ အေးစက်စက်စကားသံကြီးမှာ သူ၏နားထဲ၌ ပေါ်ပေါက်လာ၏။
" ရှောင်ဖို့တောင် မကြိုးစားဘူးပေါ့။ ကြည့်ရတာ နင်က ငါထင်ထားသလောက် မတုံးဘူးပဲ။ ငါ့စစ်တပ်ရဲ့ ဌာနချုပ်က ဒီမှာမရှိဘူး။ ဒီဂြိုဟ်ကြီးကို လည်ပတ်နေတဲ့ သတ္တမမြောက် ဂြိုဟ်တုပေါ်မှာ ရှိတာ "
သူမ ထိုသို့ဆိုလိုက်သောအခါ အနက်ရောင်ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် ဘီလူးကြီးမှာ ရုတ်တရက်ဆိုသလို ရှေ့သို့ပြေးထွက်သွားလိုက်သဖြင့် မြေပြင်ပေါ်တွင် ချိုင့်ခွက်ကြီးများ ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ လေပေါ်သို့ ခုန်တက်သွားပြီး ကောင်းကင်ယံကြီးဆီသို့ ဦးတည်သွားတော့သည်။ ခဏအကြာတွင် ၎င်းမှာ အာကာသထဲ၌ ပေါ်ပေါက်လာ၏။ ၎င်းမှာ ရပ်တန့်သွားခြင်းမရှိဘဲ ဧကရာဇ်ဂြိုဟ်၏ ပတ်ပတ်လည်တွင် ရှိနေသော ဂြိုဟ်တုများထဲမှ တစ်လုံးပေါ်သို့ ဆင်းသက်သွားလိုက်သည်။ ၎င်းမှာ ဧကရာဇ်ဂြိုဟ်၏ အဝေးဆုံးတွင် ရှိနေသည့် သတ္တမမြောက်ဂြိုဟ်တု ဖြစ်ပေသည်။
ဧကရာဇ်ဂြိုဟ်အား ဂြိုဟ်တုခုနစ်လုံးတိတိ လည်ပတ်နေပြီး သတ္တမမြောက် ဂြိုဟ်တုမှာ ၎င်း၏ အဝေးဆုံးတွင် ရှိနေသည်။ ထိုဂြိုဟ်တုနှင့် ဧကရာဇ်ဂြိုဟ်၏ ကြားမှ အကွာအဝေးမှာ ပြည်ထောင်စုကြီးထဲရှိ ကမ္ဘာဂြိုဟ်နှင့် လ၏ကြားမှ အကွာအဝေးထက် ခြောက်ဆခန့် ပိုများကြောင်း ဝမ်ပေါင်လဲ့က မှန်းဆလိုက်သည်။ ထိုဂြိုဟ်တုမှာမူ လထက် နှစ်ဆနီးပါး ပို၍ ကြီးမားပြီး ၎င်း၏ ပုံပန်းသွင်ပြင်မှာလည်း တမူထူးခြားနေ၏။ ၎င်း၏ တစ်ခြမ်းမှာ ခရမ်းရောင် ဖြစ်နေပြီး အခြားတစ်ခြမ်းမှာ အဖြူရောင် ဖြစ်နေသည်။ ထို အခြမ်းနှစ်ခြမ်း၏ ကြားတွင်မူ ၎င်းတို့အား အလယ်မှ ပိုင်းခြားထားသည့် ဧရာမ လျှိုမြောင်ကြီးတစ်ခု ရှိနေ၏။
၎င်းမှာ သဘာဝအလျောက် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ လူသားများက ဖန်တီးထားသည့် လျှိုမြောင်ကြီး ဖြစ်ရပေမည်။
ဝမ်ပေါင်လဲ့တစ်ယောက် မျက်လုံးများမှေးသွားပြီး အတွေးများထဲ၌ နစ်မျောနေစဉ်မှာပင် အနက်ရောင်ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် ဘီလူးကြီးမှာ နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် ထိုဂြိုဟ်တုပေါ်ရှိ အဖြူရောင်အခြမ်းဆီသို့ ပြေးသွားလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ထို အဖြူရောင်နယ်မြေထဲတွင် စနစ်တကျစီတန်းကာ တည်ဆောက်ထားသည့် အဆောက်အဦပေါင်း မြောက်မြားစွာ ရှိနေသည်ကို တဖြည်းဖြည်းနှင့် လှမ်းမြင်လိုက်ရတော့သည်။ ၎င်းတို့အား စက်ဝိုင်းပုံသဏ္ဍာန် တည်ဆောက်ထားကြခြင်းဖြစ်ပြီး ၎င်းတို့၏ အလယ်ဗဟိုတွင် အစိမ်းရောင်ငှက်ကြီးတစ်ကောင်၏ ဧရာမ ရုပ်တုကြီးတစ်ခု ရှိနေ၏။
၎င်းမှာ... နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ လက်အောက်ရှိ ဒဿမအဆင့်စစ်တပ်ဖြစ်သော ရေခဲဖီးနစ်ငှက်တပ်ရင်း ဖြစ်ပေသည်။