← Chapters

အခန်း (၇၇၀) - အမျိုးသမီးတပ်ရင်းတစ်ခု

Vol. 56 Ch. 770

အခန်း (၇၇၀) - အမျိုးသမီးတပ်ရင်းတစ်ခု

Vol. 56 Ch. 770

ဝမ်ပေါင်လဲ့မှာ သူ သဲ့ခွန်းကျိဆီမှ လေ့လာသိရှိထားသည့် အရာနှင့် သူကိုယ်တိုင် ရှာဖွေစုဆောင်းထားသည့် သတင်းအချက်အလက်များအရ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲတွင် တရားဝင် အသိအမှတ်ပြုခံထားရသည့် စစ်တပ်ပေါင်း အခုသုံးဆယ်တိတိ ရှိနေကြောင်း သိထား၏။

ထိုကဲ့သို့ တရားဝင်အသိအမှတ်ပြုခံထားရသည့် စစ်တပ်များမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ဂိုဏ်းခွဲများကဲ့သို့ပင်။ ၎င်းတို့မှာ ဂိုဏ်း၏ တရားစီရင်မှုအောက်တွင် ရှိနေသည့်တိုင်အောင် အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားကြ၏။ ဂိုဏ်းမှာ ထိုစစ်တပ်အခုသုံးဆယ်အား နှစ်စဉ်နှစ်တိုင်း ရင်းမြစ်ပစ္စည်း အမြောက်အမြား ထောက်ပံ့ပေးပါသော်လည်း ၎င်းတို့ ရှာဖွေစုဆောင်းမိသည့် ပစ္စည်းများကို တစ်ခုမကျန် ပြန်လည်တောင်းခံခြင်းမရှိပေ။ သို့ဖြစ်ရာ ထိုစစ်တပ်များမှာ လောက်ငှနေကြရုံသာမက ဂိုဏ်းမှ အပိုထောက်ပံ့မှုများကိုလည်း ရရှိနေသေးသည်။ ၎င်းတို့၏ တစ်ခုတည်းသော တာဝန်မှာ... လိုအပ်လာပါက ဂိုဏ်းအတွက် တိုက်ခိုက်ပေးနိုင်ရန်ပင် ဖြစ်သည်

ထို့ကြောင့်လည်း ထိုစစ်တပ်များအား အဆင့်များခွဲကာ သတ်မှတ်ထားကြခြင်း ဖြစ်သည်။ ထိုအဆင့်များအပေါ် မူတည်၍ ဂိုဏ်းမှ ထောက်ပံ့ပေးသည့် ရင်းမြစ်ပစ္စည်းပမာဏနှင့် ဂိုဏ်းအား ပြန်၍ဆက်သရသည့် လက်ဆောင်ပဏ္ဏာ ပမာဏများကို ခွဲခြားသတ်မှတ်ထားသည်။

ဥပမာပြရလျှင် ပထမအဆင့်စစ်တပ်မှာ ၎င်း ရှာဖွေစုဆောင်းမိသမျှ ပစ္စည်းများအားလုံးကို ဂိုဏ်းဆီသို့ ပြန်လည်ဆက်သရန် လုံးဝ မလိုပါသော်လည်း နှစ်စဉ်နှစ်တိုင်း ဂိုဏ်းဆီမှ အကူအညီအထောက်အပံ့အမြောက်များ ရရှိသည်သာ ဖြစ်သည်။ သို့ဖြစ်ရာ အဆင့်ပိုမြင့်လေလေ ဂိုဏ်းအားပြန်လည်ဆက်သရသည့် ပမာဏနှင့် ဂိုဏ်းဆီမှ ပြန်လည်ရရှိသည့် အကူအညီအထောက်အပံ့ ပမာဏမှာ ပို၍ ကြီးမားလေလေ ဖြစ်သည်။ ထိပ်ဆုံးဆယ်ဆင့်ထဲတွင် ပါနေသည့် စစ်တပ်များအတွက် မိမိတို့ဘက်မှ ပေးရသည့်ပမာဏထက် ဂိုဏ်းမှ နှစ်စဉ်နှစ်တိုင်း ထောက်ပံ့ပေးသည့် ပမာဏမှာ ပို၍များ‌သည်။

အဆင့်တစ်ဆယ်ကျော်တွင် ရှိနေကြသည့် အလယ်အလတ်အဆင့် စစ်တပ်များမှာမူ ပေးသလောက် ပြန်ရကြ၏။ သို့သော် နောက်ဆုံးအဆင့် စစ်တပ်ဆယ်ခုမှာမူ ဂိုဏ်းမှရရှိသော အထောက်အပံ့ပမာဏထက် ပို၍ ပြန်ပေးရသည်သာ ဖြစ်သည်။ သို့သော်ငြားလည်း ဂိုဏ်းမှ ထိုနောက်ဆုံးအဆင့် စစ်တပ်ဆယ်ခုအား ထောက်ပံ့ပေးသည့် ရင်းမြစ်ပစ္စည်း ပမာဏမှာ ဂိုဏ်း၏လက်အောက်တွင် ရှိနေသည့် အခြားစစ်တပ်များအား ခွဲဝေပေးသော ပမာဏထက် အများကြီး ပိုများနေဆဲပင်။

ထိုကဲ့သို့သော စနစ်မျိုးကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲရှိ တရားဝင် အသိအမှတ်ပြုခံထားရသော စစ်တပ်အခုသုံးဆယ်မှာ တစ်ခုနှင့်တစ်ခု အကြိတ်အနယ် ယှဉ်ပြိုင်လေ့ရှိကြပေသည်။ အဆင့်တစ်ဆင့် တက်သွားတိုင်း ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများကို ခံစားရသည်မဟုတ်ပါလော။

ထို့ကြောင့်လည်း စိန်ခေါ်မှုများမှာ မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်ပေသည်။ မိမိဘက်မှစ၍ ထိုသို့ စိန်ခေါ်ပါက အခကြေးငွေ ပေးရပါသော်လည်း ထိုကဲ့သို့သော စစ်တပ်များအတွက် ထိုငွေကြေးပမာဏမှာ စာမဖွဲ့လောက်ပေ။

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ လက်အောက်တွင်ရှိနေသော ဂိုဏ်းငယ်လေးများ၏ စစ်တပ်များမှာလည်း တရားဝင်အသိအမှတ်ပြုခံရသည့် စစ်တပ်များအဖြစ် ရာထူးတိုးခံရနိုင်သည့် အခွင့်အရေးများကို ရရှိပိုင်ဆိုင်နိုင်ပေသည်။ ၎င်းတို့မှာ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်မီပါက ဂိုဏ်းကြီးထဲရှိ တရားဝင်စစ်တပ်များကို စိန်ခေါ်ခွင့်ရှိပေသည်။ အကယ်၍ ၎င်းတို့မှာ အနိုင်ရရှိသွားမည်ဆိုလျှင် ချက်ချင်းအဆင့်တက်သွားမည်ဖြစ်ပြီး ၎င်းတို့ အနိုင်ယူခဲ့သည့် စစ်တပ်၏နေရာ၌ အစားထိုးဝင်ရောက်လာမည်ဖြစ်သည်။

ထိုစိန်ခေါ်မှုအား အနိုင်ရရှိသွားမည်ဆိုပါက ဂိုဏ်းထဲတွင် ရာထူးအဆင့်အတန်း မြင့်မားသွားနိုင်သည် ဖြစ်ပါသော်လည်း တရားဝင်စစ်တပ်များအား စိန်ခေါ်နိုင်ခွင့်ကို ရရှိရန်မှာ အလွန်အင်မတန်မှ ခဲယဥ်းပေသည်။ မိမိဘက်မှ အခကြေးငွေအမြောက်အမြား ပေးရန် လိုအပ်သလို ထိပ်ဆုံးငါးဆင့်တွင်ရှိသည့် စစ်တပ်ငါးခုထဲမှ တစ်ခုခု၏ အာမခံချက်ကို ရရှိထားရန်လည်း လိုအပ်ပေသည်။

အကယ်၍ စိန်ခေါ်သည့် စစ်တပ်မှာ ရှုံးနိမ့်သွားမည်ဆိုလျှင် ၎င်း၏ ပိုင်ဆိုင်မှုများအားလုံးကို အနိုင်ရရှိသည့် စစ်တပ်ဆီသို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။ ထို့အပြင် ရှုံးနိမ့်သွားသည့် စစ်တပ်မှာ နစ်နာကြေး အမြောက်အမြားပေးရန်လည်း လိုအပ်သေးသည်။ ထိုမျှသာမက ထိုနစ်နာကြေးအား စိန်ခေါ်မှုမစတင်ခင် ဂိုဏ်းကြီး၏လက်ထဲ၌ အရင်ဆုံးအပ်ထားရဦးမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းစစ်တပ်များနှင့် ပတ်သတ်၍ လေ့လာသိရှိခဲ့ရသမျှ သတင်းအချက်လက်များကို စနစ်တကျ စုစည်းလိုက်ပြီးနောက် ရေခဲဖီးနစ်ငှက်တပ်ရင်းမှာ သိပ်မကြာခင်တွင် စိန်ခေါ်မှုတစ်ခု ပြုလုပ်တော့မည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။

နတ်သမီးလင်ယိုမှာ မကြာသေးမီကမှ ဖောက်ထွက်သွားခဲ့ပြီး ထာဝရဝိညာဉ်အဆင့်သို့ ရောက်ရှိသွားခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူမသည် ထာဝရဝိညာဉ်အဆင့် ခေါင်းဆောင်ကြီးရှိနေသည့် ဆဋ္ဌမအဆင့် စစ်တပ်ကို မဟုတ်ဘဲ သတ္တမအဆင့်စစ်တပ်ကိုသာ စိန်ခေါ်လိုက်မည်ဆိုပါက ထိုတိုက်ပွဲမှာ သူမအတွက် လွယ်ကူနေမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ နတ်သမီးလင်ယို သူ့အား ခေါ်ဆောင်သွားရာအတိုင်း လိုက်သွားရင်း ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာတော့သည်။ သူတို့မှာ ထိုဂြိုဟ်တုပေါ်တွင် ဆင်းသက်လိုက်ပြီးနောက် အစိမ်းရောင်ငှက် ရုပ်တုကြီး၏ အထက်ရှိ လေထဲတွင် ပေါ်ပေါက်လာသည်။

ထိုရုပ်တုကြီးမှာ ရင်သက်ရှုမောဖွယ်ကောင်းပြီး ၎င်း၏ အတွင်းပိုင်းထဲတွင် နန်းတော်များကို တည်ဆောက်ထားကြသေးသည်။ ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာလည်း ထိုနန်းတော်များအား အဝင်အထွက်လုပ်နေကြ၏။ ထို ကျင့်ကြံ သူများနှင့် ဘေးပတ်ပတ်လည်ရှိ စခန်းများထဲမှ ကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့နှင့် နတ်သမီးလင်ယိုတို့ ရောက်ရှိလာသည်ကို သတိထားမိလိုက်ကြသောအခါ ချက်ချင်းဆိုသလိုပင် ခေါင်းမော့လာကြပြီး အရိုအသေပေးလိုက်ကြ၏။

" ကြိုဆိုပါတယ် ခေါင်းဆောင်ကြီး "

သူတို့၏ ဂါရဝပြုသံများမှာ လေထဲ၌ မိုးခြိမ်းသံများကဲ့သို့ ပဲ့တင်ထပ်သွား၏။ ဝမ်ပေါင်လဲ့မှာ ထိုစခန်းထဲရှိ အမျိုးသားကျင့်ကြံသူ အရေအတွက်နှင့် အမျိုးသမီးကျင့်ကြံသူ အရေအတွက်မှာ မျှတမှုမရှိသည်ကို ချက်ချင်းပင် သတိထားမိလိုက်သည်။ အမျိုးသမီး ကျင့်ကြံသူများမှာ တပ်ရင်းတစ်ခုလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါး ရှိနေကြသည်မဟုတ်ပါလော။

" အမျိုးသမီး တပ်ရင်းတစ်ခုလားဟ " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရသည်။ ထို့နောက် သူသည် ကြီးမားသည့်အခွင့်အရေးတစ်ခု ရရှိပိုင်ဆိုင်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရပါသော်လည်း ချက်ချင်းဆိုသလိုပင် သူ၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်သွားရ၏။ သူ အရှက်တရားကင်းမဲ့စွာနှင့် အခြေအမြစ်မရှိသော ဘေးအန္တရာယ်များကို တွေးပူနေစဉ် နတ်သမီးလင်ယိုမှာ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ သူမအား ဂါရဝပြုနေသည့် လူအုပ်ကြီးကို အသာအယာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား ဆွဲခေါ်သွားပြီး ရှေ့သို့လှမ်းကာ အစိမ်းရောင်ငှက် ရုပ်တုကြီး၏ နောက်တွင်ရှိနေသော ပင်မခန်းမထဲသို့ ဝင်သွားလိုက်တော့သည်။ ခန်းမထဲသို့ ရောက်သွားသောအခါ သူမသည် လက်ကိုဝှေ့ယမ်းကာ ဝမ်ပေါင်လဲ့အား ဘေးဘက်သို့ တွန်းထုတ်လိုက်ပြီး ခန်းမထဲရှိ သူမ၏ထိုင်ခုံပေါ်၌ ဝင်ထိုင်လိုက်၏။

ဝမ်ပေါင်လဲ့မှာ ဘေးသို့ တွန်းထုတ်ခံလိုက်ရသောအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ချက်ချင်းထုတ်လွှတ်လိုက်သဖြင့် မြေပြင်ပေါ်သို့ ပြန်ကျလာသောအခါ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့်သာ ဒယိမ်းဒယိုင် ဖြစ်သွား၏။ သူသည် မျက်နှာအမူအရာ အနည်းငယ်ခန့်ပြောင်းလဲသွားပြီးနောက် ပြန်လည်တည်ကြည်သွားသည်။

သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်သာ မြင့်မားနေခြင်းမရှိပါက ထိုတွန်းထုတ်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားနိုင်သည်ဖြစ်ကြောင်း သိရှိထားသည်။ သို့ဖြစ်ရာ ခေါင်းဆောင်ကြီးမှာ သူ့အား သင်ခန်းစာ ဆက်ပေးနေဆဲ ဖြစ်ရပေမည်။

" ရုပ်လေးချောနေရင် ဘယ်သွားသွား ဒုက္ခတွေနဲ့ ကြုံနေရတာပါပဲလား " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်ပါသော်လည်း မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် ယခုလို ပြုမူဆက်ဆံခံနေရသည်ကို လုံးဝ စိတ်မကွက်သည့်ပုံ ပေါက်နေ၏။ ထို့အပြင် သူသည် ထောင့်တစ်နေရာတွင် ရိုသေလေးစားမှုအပြည့်ရှိသော အမူအရာနှင့် ရပ်နေလိုက်သေးသည်။

နတ်သမီးလင်ယိုမှာ သူ၏ တုံ့ပြန်မှုများကို အကဲခတ်လိုက်ပြီးနောက် သူမ၏ မျက်ဝန်းများမှာ ယခင်ကလောက် အေးစက်နေခြင်း မရှိတော့ပေ။ ထို့နောက် သူမသည် သူ့အား လျစ်လျူရှုထားလိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူကာ ၎င်းအား ဖတ်ရှုလိုက်တော့သည်။

ထိုအချိန်တွင် အမျိုးသမီးကျင့်ကြံသူ သုံးယောက်မှာ ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသော တံခါးပေါက်အား ဖြတ်၍ ခန်းမကြီးထဲသို့ ဝင်ရောက်လာ၏။ သူတို့ထဲမှ ပထမဆုံးတစ်ယောက်မှာ ခရမ်းရောင်ဝတ်ရုံများ ဆင်မြန်းထားပြီး ဒုတိယတစ်ယောက်မှာ အဝါရောင် ဂါဝန်တစ်ထည်ကို ဆင်မြန်းထားသည်။ တတိယတစ်ယောက်မှာမူ တိုက်ပွဲသုံးချပ်ဝတ်တန်ဆာတစ်ခုအား ဆင်မြန်းထား၏။

ပထမဆုံး အမျိုးသမီးကျင့်ကြံသူ၏ ခရမ်းရောင်ဝတ်ရုံမှာ ကိုယ်ကျပ်ဝတ်စုံတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် သူမ၏ စွဲမက်ဖွယ်ရာ ‌ကိုယ်လုံးကိုယ်ပေါက်အား အထင်းသား မြင်နေရ၏။ သူမ ခန်းမကြီး၏ရှေ့သို့ လှုပ်လီလှုပ်လဲ့နှင့် တစ်လှမ်းချင်းစီ လျှောက်လှမ်းသွားသောအခါ လူတိုင်းမှာ သူမအား မျက်တောင်မခတ်တမ်း လိုက်ကြည့်မိလိုက်ကြသည်သာ ဖြစ်သည်။

အဝါရောင်ဂါဝန်တစ်ထည်အား ဆင်မြန်းထားသည့် ဒုတိယ အမျိုးသမီးကျင့်ကြံသူမှာ အထက်တန်းလွှာလူတန်းစားထဲမှ ဖြစ်သည့်ပုံပင်။ သူမ၏ ပိုးသားလေးများကဲ့သို့ နူးညံ့နေသော ဆံပင်ရှည်များမှာ နောက်ကျောဘက်တွင် ဖားလျားကျနေပြီး သူမ၏ ဝိုင်းစက်နေသော မျက်နှာလေးပေါ်တွင် အပြုံးတစ်ပွင့် ရှိနေ၏။ သူမသည် နွေဦးတွင် တိုက်ခတ်တတ်သည့် နူးညံ့သိမ်မွေ့သော ‌လေပြည်လေညင်းလေးတစ်ခုနှင့် တူပြီး သူမဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ ခရမ်းရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် အမျိုးသမီးကျင့်ကြံသူ၏ အငွေ့အသက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ အငွေ့အသက်တစ်ခုမှာ သန့်စင်မွန်မြတ်နေပြီး အခြားအငွေ့အသက်တစ်ခုမှာမူ ညှို့ဓာတ်အား ပြင်းနေသည်။

ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် နောက်ဆုံး အမျိုးသမီးကျင့်ကြံသူမှာ ရှေ့ဆုံးမှ အမျိုးသမီးနှစ်ယောက်နှင့် လုံးဝမတူပေ။ သူမသည် သူတို့နှစ်ယောက်နည်းတူ ချောမောလှပနေပါသော်လည်း နတ်သမီးလင်ယိုကဲ့သို့ အေးတိအေးစက် အမူအရာများကို ပိုင်ဆိုင်ထားပြီး သတ်ဖြတ်လိုစိတ် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

သူတို့အားလုံးမှာ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်တွင် ရှိနေကြပြီး တစ်ယောက်ချင်းစီတိုင်းမှာ မတူညီသော အစွမ်းထက် အငွေ့အသက်တစ်မျိုးစီ ထုတ်လွှတ်နေကြသည်။ သူတို့မှာ ခန်းမထဲသို့ ဝင်ရောက်လာပြီးနောက် ဝမ်ပေါင်လဲ့အား အမူအရာ အမျိုးမျိုးနှင့် ဖျတ်ခနဲ လှမ်းကြည့်လိုက်ကြ၏။ ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးကျင့်ကြံသူ၏ မျက်ဝန်းများမှာ ညှို့အား ပြင်းနေပြီး အဝါရောင်ဂါဝန်နှင့် အမျိုးသမီးကျင့်ကြံသူ၏ မျက်ဝန်းများမှာမူ နွေးထွေးကာ ဖော်ရွေမှုအပြည့် ရှိနေ၏။ ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် အမျိုးသမီးကျင့်ကြံသူ၏ မျက်ဝန်းများထဲတွင်မူ အထင်သေးသည့် အကြည့်များကို မြင်နိုင်ပေသည်။ သူတို့သုံးယောက်စလုံးမှာ ထိုင်ခုံပေါ်၌ ထိုင်နေသည့် နတ်သမီးလင်ယိုအား ဂါရဝပြုလိုက်ကြ၏။

ဝမ်ပေါင်လဲ့မှာလည်း သူတို့သုံးယောက်စလုံးအား သတိထားမိလိုက်သည်။ သူသည် အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ဘေးဘက်တစ်နေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေရင်း သူတို့အား လှမ်း၍ အကဲခတ်နေလိုက်၏။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ အကဲခတ်နေစဉ်မှာပင် နတ်သမီးလင်ယိုမှာ သူမ၏လက်ထဲမှ ကျောက်စိမ်းပေလွှာအား ဘေးသို့ချလိုက်သည်။ ထို့နောက် သူမသည် ခေါင်းမော့လာကာ ထို အမျိုးသမီးကျင့်ကြံသူသုံးယောက်အား ကြည့်လိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်၏။ နောက်ဆုံးတွင် သူမသည် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်တော့သည်။

" ဂိုဏ်းခေါင်းဆောင်ကြီးက နင့်ကို ငါ့စစ်တပ်ထဲ ဝင်ခွင့်ပြုခဲ့ပေမဲ့ ရေခဲဖီးနစ်ငှက်တပ်ရင်းက ‌တွေ့သမျှလူတိုင်းကို အလွယ်တကူ လက်ခံတတ်တဲ့ နေရာတစ်ခုမဟုတ်ဘူး။ မဟာတောင်ထိပ်ဂိုဏ်းထဲက နင့်ရဲ့ မှတ်တမ်းတွေအရဆိုရင် နင်က အဆောင်ပစ္စည်း ဖန်တီးသန့်စင်တဲ့အပိုင်းမှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ပဲ။ အဲတာမလို့ ငါတို့တွေ နင့်အတွက် ဆုံးဖြတ်ချက်မချခင် နင် အဆောင်ပစ္စည်း သန့်စင်တဲ့နေရာမှာ ဘယ်လောက်အထိ ကျွမ်းကျင်သလဲဆိုတာ စမ်းသပ်ကြည့်ကြတာပေါ့။ ဒီပစ္စည်းကို သန့်စင်ပြီးရင် ငါ့ဆီပြန်လာခဲ့။ အခု နင် သွားလို့ရပြီ " နတ်သမီးလင်ယိုမှာ ထိုသို့အမိန့်ပေးလိုက်ပြီးနောက် သူမ၏လက်ကို ဝှေ့ယမ်းကာ မကြာသေးမီတုန်းက သူမ၏လက်ထဲ၌ ကိုင်ထားခဲ့သည့် ကျောက်စိမ်းပေလွှာအား အဝါရောင်ဂါဝန်နှင့် အမျိုးသမီးကျင့်ကြံသူဆီသို့ လှမ်းပစ်ပေးလိုက်၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့၏ ကိုယ်ရေးရာဇဝင်အကျဉ်းအား စစ်တပ်စာရင်းထဲသို့ ထည့်သွင်းပေးရန် ထို အမျိုးသမီးကျင့်ကြံသူကို အမိန့်ပေးလိုက်သည်။ တစ်ချိန်ထဲမှာပင် သူမသည် သူ၏ လုပ်ပိုင်ခွင့်အဆင့်အတန်းအား အနိမ့်ဆုံးအဆင့်၌ သတ်မှတ်ပေးလိုက်၏။ နောက်ဆုံးတွင် သူမသည် နောက်ထပ် ကျောက်စိမ်းပေလွှာတစ်ခုကို ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်တော့သည်။

" မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုဏ်းကာ ဆိုပါလား " ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး သူ၏ နတ်ဘုရားအာရုံအား ထုတ်လွှတ်ကာ ထို ကျောက်စိမ်းပေလွှာအား လေ့လာဖတ်ရှုလိုက်၏။ ၎င်းထဲတွင် ဓမ္မရတနာတစ်ခု၏ ဖန်တီးသန့်စင်ခြင်းနည်းလမ်းများကို မှတ်တမ်းတင်ထားသည်။ ထို အဆောင်ပစ္စည်း၏ နာမည်ကိုကြည့်လျှင် ၎င်းမှာ မည်မျှအထိအစွမ်းထက်ကြောင်း သိနိုင်ပေသည်။

" မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုဏ်းကာဆိုတာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားတွေ အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ် အပိုင်းမှာ ဘယ်လောက်အထိ ကျွမ်းကျင်မှုရှိသလဲဆိုတာ စမ်းသပ်ဖို့ ကျွန်မတို့တွေ သုံးတဲ့ ဓမ္မရတနာတွေထဲက တစ်ခုပါ။ ကျွန်မတို့ဂိုဏ်းထဲက သန့်စင်ခြင်းပညာရှင်‌တွေက အဲဒီ အဆောင်ပစ္စည်းကို အလွယ်တကူ ဖန်တီးသန့်စင်နိုင်စွမ်း မရှိကြပေမဲ့ နည်းနည်းလောက် ကြိုးစားအားထုတ်လိုက်တာနဲ့ အများစုက အောင်အောင်မြင်မြင် ဖန်တီးသန့်စင်နိုင်ကြပါတယ် " ထိုကဲ့သို့သော ရှင်းပြချက်မျိုးမှာ နတ်သမီးလင်ယို၏ နှုတ်မှ ထွက်လာစရာအကြောင်း လုံးဝမရှိပေ။ အဝါရောင်ဂါဝန်နှင့် အမျိုးသမီးကျင့်ကြံသူမှာ ပြုံးကာ ဝမ်ပေါင်လဲ့အား ရှင်းပြလိုက်ခြင်းသာ ဖြစ်သည်။ ထို့နောက် သူမသည် သူ၏ နေအိမ် တည်ရှိရာနေရာကို ဖော်ပြထားသည့် ဂူဗိမာန် အသိအမှတ်ပြု တံဆိပ်ပြားတစ်ခုအား သူ့ဆီသို့ လှမ်းပေးလိုက်သည်။

ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီး ထို အသိအမှတ်ပြုတံဆိပ်ပြားနှင့် ကျောက်စိမ်းပေလွှာတို့ကို သူ၏လက်ထဲတွင် ကိုင်ကာ ထွက်ခွာလာ၏။ ထို အမျိုးသမီးကျင့်ကြံသူများမှာ ‌ဆွေးနွေးစရာ ရှိနေကြသေးသည့်ပုံပင်။ သူတို့ထဲတွင် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေသည်ဖြစ်ရာ သူသည် သူတို့၏စကားဝိုင်းအား အလွယ်တကူ ခိုး၍ နားထောင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ခန်းမကြီးထဲမှ ထွက်ခွာလာပြီး သူ၏ နေအိမ်ကို ရှာဖွေရန် အသိအမှတ်ပြု တံဆိပ်ပြားပေါ်တွင် ဖော်ပြထားသော တည်နေရာဆီသို့ ဦးတည်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ သူ ထွက်ခွာသွားပြီးနောက် နတ်သမီးလင်ယိုမှာ အစည်းအဝေးပွဲအား ချက်ချင်းစတင်လိုက်ပြီး ဝေယျာဝစ္စအမျိုးမျိုးအား သင့်တင့်လျောက်ပတ်စွာ ခွဲဝေပေးလိုက်၏။ ထို့နောက် သူမသည် သူတို့၏ စစ်တပ်အား အဆင့်မြှင့်တင်နိုင်ရန် အခြားစစ်တပ်များကို စိန်ခေါ်ရမည့် ကိစ္စအတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နေလိုက်တော့သည်။ ထိုကိစ္စများ ပြီးစီးသွားသောအခါ အဝါရောင်ဂါဝန်နှင့် အမျိုးသမီးကျင့်ကြံသူမှာ နူးညံ့သိမ်မွေ့သော လေသံဖြင့် ဆိုလိုက်၏။

" ခေါင်းဆောင်ကြီးရှင့်။ လုံနန်ကျစ်က ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အမိန့်အရ ကျွန်မတို့စစ်တပ်ထဲ ရောက်လာတာဆိုပေမယ့် သူ့ကို မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုဏ်းကာကို သန့်စင်ခိုင်းတာ သင့်တော်မှု ရှိပါ့မလား... အဲတာက ကျွန်မတို့ဂိုဏ်းထဲက ဂိုဏ်းသားတွေကို အရည်အချင်း စစ်ဆေးတဲ့နေရာမှာ သုံးတဲ့ ထာဝရဝိညာဉ်အဆင့် အဆောင်ပစ္စည်းတစ်ခုလေ။ အဲဒီ အဆောင်ပစ္စည်းရဲ့ အသေးစိတ် အချက်အလက်တွေက ထိပ်တန်းအဆင့် လျှို့ဝှက်ချက်တွေ မဟုတ်ဘူးလား... "

သူမ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် အမျိုးသမီးကျင့်ကြံသူမှာ နှာမှုတ်ကာ ဆိုလိုက်သည်။ သူမသည် ဝမ်ပေါင်လဲ့အား အထင်သေးသည့် မျက်ဝန်းများဖြင့် ကြည့်ခဲ့သည့်တစ်ယောက် ဖြစ်၏။

" လုံနန်ကျစ်က သူ့ရဲ့ရန်သူတွေကို ချောင်းမြောင်းတိုက်ခိုက်ရတာ ကြိုက်တယ်လို့ ငါကြားထားတယ်။ သူ့လို ကျင့်ကြံသူတွေက ဘာ အရည်အချင်း အစစ်အမှန်မှ မရှိပါဘူး။ ပြီးတော့ ငါတို့ရဲ့ ဂိုဏ်းထဲက မဟုတ်တဲ့ သန့်စင်ခြင်းပညာရှင်ဆို‌တဲ့ လူတွေတောင် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုဏ်းကာကို တတိယအဆင့်အထိပဲ သန့်စင်နိုင်တာလေ။ စတုတ္ထအဆင့်ထက် နိမ့်တဲ့ အဆောင်ပစ္စည်းတွေကို ထာဝရဝိညာဉ်အဆင့်လို့ သတ်မှတ်လို့ မရပါဘူး။ ဝိညာဉ်ကြားခံနယ်အဆင်လို့ပဲ သတ်မှတ်လို့ရမှာ။ ငါတို့ရဲ့ဂိုဏ်းထဲက သန့်စင်ခြင်းပညာရှင်တွေထဲမှာတောင် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုဏ်းကာကို ပဉ္စမအဆင့်ထက် ပိုပြီးတော့ သန့်စင်နိုင်တဲ့လူ မရှိသလောက်နည်းတယ်။ ရှားပါး ပါရမီရှင်တွေပဲ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုဏ်းကာကို အဆင့်အမြင့်ဆုံးဖြစ်တဲ့ အဋ္ဌမအဆင့်အထိ သန့်စင်နိုင်စွမ်း ရှိကြတာ။ အဲတာမလို့ ငါတို့တွေ ဒီကိစ္စနဲ့ပတ်သတ်ပြီး တွေးပူနေစရာ မလိုပါဘူး "

All Chapters