← Chapters

ဓားပြားနှင့်နှင်တံ

Vol. 163 Ch. 2314

ဓားပြားနှင့်နှင်တံ

Vol. 163 Ch. 2314

အားကောင်းလှသည့် ဓားပြားကြီးစွမ်းအားက ထိုနေရာတစ်ခွင်လုံး၌ ဖုံးလွှမ်းနေခဲ့သည်။ ဤဓားပြားကြီးစွမ်းအားအောက်တွင် ရီဖူရှင်းသည် သူ့ရှေ့ရှိ အရာအားလုံးက ပြောင်းလဲသွားသလို ထင်မှတ်ရသည်။ ဤနေရာက ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ကြောက်မက်ဖွယ် မိစ္ဆာနတ်ဘုရားများနှင့် ပြည့်နှက်နေသလိုပင် ဖြစ်သည်။

ထိုမိစ္ဆာနတ်ဘုရားများက နတ်ဆိုးဓားတစ်လက်စီ ကိုင်စွဲထားပြီး မတူညီသည့် နေရာများတွင် ရပ်ကာ ကောင်းကင်၌ ဖြန့်ကျက်နေခဲ့သည်။ ကြောက်မက်ဖွယ် ဓားပြားကြီးစွမ်းအားက လေဟာနယ်ကို စုတ်ဖြဲကာ သူ၏ စွမ်းအားများကို ဖျက်ဆီးပစ်တော့မလို တိုးဝင်လာပေသည်။

ဤဓားပြားကြီးစွမ်းအားသက်သက်သည်ပင် လူတိုင်းကို ထိတ်လန့်တကြားနှင့် တိတ်ဆိတ်သွားစေရန် လုံလောက်သည်။ လုံလောက်အောင် မသန်မာသော မည်သည့်ရန်ဟောင်မဆို ထိုဓားပြားကြီးစွမ်းအားအောက်၌ ၎င်း၏ ဖိနှိပ်မှုကို ခံနိုင်ရည်မရှိဘဲ ဖျက်ဆီးခံရမည်မှာ သေချာပေသည်။

ရှောင်းမု၏ လက်နှစ်ဖက်လုံးတွင် ဓားကို ကိုင်ထားခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်ရှိ အားလုံးသော မိစ္ဆာနတ်ဘုရားများ၏ လက်ထဲတွင်လည်း နတ်ဆိုးဓားများကို ကိုင်ဆောင်ထားခဲ့ပေသည်။ ကြမ်းကြုတ်လှသည့် ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခုက လေဟာနယ်ကို လွှမ်းခြုံသွားသည်။ ဓားက ရောက်မလာခင်မှာပင် ရီဖူရှင်းသည် ဓားပြားကြီး၏ ဖိနှိပ်လိုသည့် စွမ်းအားကို ခံစားမိပြီး မွန်းကြပ်လုနီးပါး လေးလံသည့် ဖိအားက သူ့ထံ ဆင်းသက်လာသည်။

၎င်းက အံ့အားသင့်ထိတ်လန့်ဖွယ် ကောင်းလှသည်။ သူက အဆင့်ကိုးမှ အထွတ်အထိပ်ရန်ဟောင်နှင့် ရင်ဆိုင်ရလျှင်ပင် ထိုမျှပြင်းထန်သည့် ဖိနှိပ်မှုကို ခံစားရလိမ့်မည် မဟုတ်ပေ။ သို့သော် သူက ထိုအဆင့်မှ အစစ်အမှန် အစွမ်းထက်သော တစ်စုံတစ်ယောက်နှင့် မတိုက်ခိုက်ဖူး၍လည်း ဖြစ်နိုင်ပေသည်။

သို့သော် ရှောင်းမု၏ တိုက်ပွဲစွမ်းရည်မှာ သံသယဖြစ်ဖွယ်မရှိ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ အဆုံးမှာတော့ သူက နတ်ဆိုးအင်ပါယာကိုယ်တိုင် တိုက်ရိုက် သင်ကြားပြသပေးခဲ့သော တပည့်ဖြစ်ပြီး အဆင့်ရှစ်ရန်ဟောင်လည်း ဖြစ်သည်။

အဆင့်မြင့်ရန်ဟောင်အဖြစ်သို့ ရောက်သွားသည့်အခါ အဆင့်တစ်ဆင့်ချင်းစီမှ ကွာခြားမှုသည် ဖြတ်ကျော်၍ မရနိုင်သော ချောက်နက်တစ်ခုကဲ့သို့ ဖြစ်ပေသည်။ သို့သော် ယခု ရီဖူရှင်းသည် သူ့ထက် ကျင့်ကြံဆင့် ပိုမြင့်သော နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ရီဖူရှင်း၏ မဟာလမ်းစဥ်ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသည့် အော်မြည်သံက ပို၍ ပြင်းထန်ကာ ကြောက်မက်ဖွယ် ကောင်းလာသည်။ ဓားပြားကြီး၏ စွမ်းအားက သူ့ခန္ဓာကိုယ်ပေါ် ဆင်းသက်လာသော်လည်း သူ့စွမ်းအားများကို ​ဖြိုခွင်းနိုင်ခြင်း မရှိခဲ့ပေ။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဧကရာဇ်နတ်ရောင်ဝါက ခပ်ရေးရေး တောက်ပလာပြီး သူ့ကို ပို၍ ခမ်းနားထည်ဝါလာစေသည်။

သူက မဟာအင်ပါယာများစွာ၏ စွမ်းအားကို ဆက်ခံထားနိုင်ခဲ့သည်။ ၎င်းတို့ကြားတွင် မဟာအင်ပါယာရှန်ကျားနှင့် စီဝေ့မဟာအင်ပါယာတို့ နှစ်ယောက်လုံးက ထူးချွန်ထက်မြက်လှသော မဟာအင်ပါယာကျင့်ကြံသူများ ဖြစ်ကြသည်။ မဟာအင်ပါယာရှန်ကျားက ကောင်းကင်ကို စိန်ခေါ်ရဲစဥ်တွင် စီဝေ့မဟာအင်ပါယာက သူ့ လက်အောက်ရှိ မဟာအင်ပါယာများစွာကို အမိန့်ပေးနိုင်ခဲ့သည်။ ထိုနှစ်ဦး၏ အနှိုင်းမဲ့စွမ်းအားတို့ကို ဆက်ခံနိုင်ခဲ့သည့် ရီဖူရှင်းသည် ဖျက်​ဆီး၍ မရနိုင်သော ရုပ်ခန္ဓာနှင့် စိတ်ဝိညာဥ်စွမ်းအားတို့ကို တည်ဆောက်နိုင်ခဲ့သည်။ သူက အလွယ်တကူ လှုပ်ခါ၍ ရနိုင်မည့် သူမျိုး မဟုတ်ပေ။

ထို့ပြင် သူသည် ဓားပြားကြီး၏ ပြင်းထန်သော စွမ်းအားကို ခံစားမိသည်နှင့် သူ့ခန္ဓာကိုယ်က အော်မြည်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်၌ တူညီစွာ ခြိမ်းခြောက်နိုင်သော ဝိညာဥ်စွမ်းအားတို့ ဖြစ်တည်လာသည်။ သူ၏ ခန္ဓာကိုယ်ထက်တွင် ကြယ်အလင်းတို့ စီးဆင်းနေခဲ့ပြီး ကြယ်ကောင်းကင်ကမ္ဘာတစ်ခု ဖြစ်တည်လာပုံရသည်။ ထိုအခိုက်အတန့်တွင် သူ၏ ရုပ်ခန္ဓာက နောက်တစ်ဆင့်သို့ အသွင်ပြောင်းလဲသွားပုံရသည်။ သူသည် ကြယ်ကောင်းကင်၏ နတ်ခန္ဓာတစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။

ထို့ပြင် လူဝံတစ်ကောင်၏ ကြောက်မက်ဖွယ်ပင် ဟိန်းဟောက်သံက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ရုတ်တရက် သန်မာအားကောင်းလှသည့် ချုပ်ကိုင်လွှမ်းမိုးနိုင်သော စွမ်းအားများနှင့် တိုက်ခိုက်ရေးလူဝံကြီးတစ်ကောင်က ရီဖူရှင်းနောက်တွင် ပေါ်ပေါက်လာသည်။

ဘုန်း....

ထိုစစ်လူဝံကြီးသည် အရာအားလုံး၏ အထက်မှ ခြေဆောင့်နင်းလိုက်ကာ ရုတ်တရက် ကောင်းကင်က အော်မြည်လာသည်။ ကျယ်ပြောလှသည့် လေဟာနယ်က အေးခဲသွားသလို ထင်မှတ်ရသည်။ ဤတိုက်ခိုက်ရေးလူဝံသည် ကြယ်ကောင်းကင်မှ တိုက်ပွဲသားရဲကဲ့သို့ ဖြစ်သည်။

ရီဖူရှင်း၏ နောက်ဘက်ရှိ ကမ္ဘာအတွင်း တမူထူးခြားသော မြင်ကွင်းတစ်ခု ​ပေါ်ပေါက်လာသည်။

သူတို့ရှေ့မှ ထိုမြင်ကွင်းသည် ကျင့်ကြံသူများစွာကို တုန်ယင်လာစေခဲ့သည်။ မည်သည့် စွမ်းရည်မျိုးက ထိုသို့သော မြင်ကွင်းမျိုး ပေါ်ပေါက်လာစေသနည်း။

ယခင်က သူတို့သည် ရီဖူရှင်း ၎င်းကို အသုံးပြုသည်အား မ​မြင်ဖူးခဲ့ပေ။

လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူများ၏ မျက်လုံးများက လှုပ်ရှားသွားပြီး သူတို့၏ နှလုံးသားများက တုန်ယင်နေခဲ့သည်။ သူတို့သည် ရီဖူရှင်းက နတ်ဘုရားနည်းစနစ်ကို ထိုအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်လိမ့်မည်ဟု ထင်မှတ်ထားခြင်း မရှိခဲ့ပေ။ ကြယ်စင်စစ်တေးသွားသည် လေးမျက်နှာကျေးရွာ၏ နတ်ဘုရားနည်းစနစ်ခုနစ်ခုမှ တစ်ခုဖြစ်ပြီး ၎င်းသည် အလွန် ရက်စက်ကြမ်းကြုတ်ကာ ကြောက်မက်ဖွယ် ကောင်းလှသည့် ကြယ်စင်တိုက်ခိုက်ရေးလူဝံကို ဆင့်ခေါ်နိုင်စွမ်းရှိသည်။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားက ပြိုင်ဘက်ကင်းပင် ဖြစ်သည်။

ဤစွမ်းရည်မှာ လေးမျက်နှာကျေးရွာမှ ရှီခွေ့ ထိန်းချုပ်နိုင်သည့် စွမ်းရည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ရီဖူရှင်းက လေးမျက်နှာကျေးရွာ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်ခဲ့သည့်အချိန်၌ သူသည်လည်း များပြားလှသည့် လျှို့ဝှက်နည်းစနစ်များကို ကျင့်ကြံခဲ့သည်။ ဤနည်းစနစ်မှာ ကျေးရွာမှ ကျင့်ကြံသူအားလုံး သိရှိကြသည့် နည်းစနစ်ဖြစ်သည်။

ယခု ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာ၏ တပည့်ကို ဆန့်ကျင်တိုက်ခိုက်ရန် လေးမျက်နှာကျေးရွာမှ နောက်ထပ် နတ်ဘုရားနည်းစနစ်တစ်ခုကို အသုံးပြုနေပုံရသည်။

ထိုအခိုက်အတန့်၌ ရှောင်းမုသည် လက်နှစ်ဖက်လုံးနှင့် ဓားကို ကိုင်မြှောက်လိုက်ပြီး နတ်ဆိုးအလင်းများက နတ်ဆိုးဓားပေါ်တွင် ရစ်ပတ်နေကာ ကြောက်မက်ဖွယ် မြင်ကွင်းကို ဖြစ်ပေါ်လာစေသည်။ ဤနေရာအတွင်းရှိ မိစ္ဆာနတ်ဘုရားများ၏ ပုံရိပ်ယောင်များစွာက ဓားများကို အဆက်မပြတ် မြှောက်လိုက်ကာ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ တိုက်ခိုက်မှု မထုတ်ဖော်ခင်၌ပင် ၎င်း၏ စွမ်းအားများက ထိတ်လန့်ဖွယ် ဖြစ်နေခဲ့ပြီး ဖြစ်သည်။ ၎င်းသည် ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်ပြီး မည်သူမှ တားဆီးနိုင်စွမ်း မရှိပုံရ​လေသည်။

အောက်ဘက်ရှိ နတ်ဆိုးလောကမှ ကျင့်ကြံသူများသည် လေးနက်သောအမူအရာများနှင့် လေထဲတွင် ရှိနေသော ရှောင်းမုကို ကြည့်နေခဲ့ကြသည်။

ရှောင်းမု၏ အဆင့်မြင့်ဖျက်ဆီးခြင်းကောင်းကင်နတ်ဆိုးသဏ္ဌာန်သည်ပင် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၌ ရီဖူရှင်းကြောင့် ရှုံးနိမ့်ခဲ့ရသော်လည်း ယခု ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်အဖြစ် အဆင့်မြှင့်တင်လိုက်သည့်အခါ ထိုပေါင်းစပ်ခြင်းက မည်သို့သော ကမ္ဘာမြေတုန်ဟီးစေသည့် ဖျက်ဆီးခြင်းစွမ်းအားတို့ကို ယူဆောင်လာလိမ့်မည်နည်း။

သူတို့သည်လည်း ထိုတိုက်ခိုက်မှုကို မျှော်လင့်နေကြသည်။ ရှောင်းမုသည် ထိုမျှ လေးနက်စွာ ယှဥ်ပြိုင်ရမည့် ပြိုင်ဘက်တစ်​ယောက်ကို မည်သည့်အခါကမှ မတွေ့ဖူးခဲ့ချေ။

ရီဖူရှင်းက ရှောင်းမုကို အမှန်တကယ် ဒေါသထွက်စေခဲ့သည်။ ထို့ပြင် ရှောင်းမုကို အသန်မာဆုံး အခြေအနေထိ ပြောင်းလဲလာစေရန် တွန်းပို့နိုင်ခဲ့ပြီး ရီဖူရှင်းနှင့် ရင်ဆိုင်ရန် သူ့ခွန်အားများအားလုံးကို စုစည်းလာခဲ့သည်။

ရှောင်းမုက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ခမ်းနားထည်ဝါ၍ ကြီးမားသည့် မိစ္ဆာနတ်ဘုရားတစ်ပါးက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ ၎င်းက ထိုနေရာ၌ ရပ်နေကာ ဤလေဟာနယ်ကို နင်းခြေပစ်ရန် ခမ်းနားထည်ဝါလှသည့် စွမ်းအားတို့ကို ထုတ်လွှတ်နေပုံရသည်။ ဤနေရာရှိ မိစ္ဆာနတ်ဘုရားတို့၏ ပုံရိပ်အောက်တွင် အရာအားလုံးက ပျက်ပြယ်သွားပြီး သက်ရှိအားလုံးက အရေးမပါတော့ပေ။

ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်တွင် တိုက်ခိုက်မှုပုံစံကိုးမျိုး ပါဝင်ပြီး တိုက်ခိုက်မှုတစ်ခုချင်းစီ၌ ပို၍ မြင့်မားလာသော ခွန်အားကို ရယူနိုင်သည်။ ခုတ်ချက်ကိုးခုကို ထုတ်လွှတ်လိုက်သည့်အခါ ကောင်းကင်နတ်ဆိုးသည်ပင် ခုတ်ပိုင်းခံရနိုင်ပေသည်။

ရှောင်းမု၏ လက်များက အောက်သို့ ရိုက်ခတ်လာသည်။ သူ့ကဲ့သို့ မြင့်မားသော ကျင့်ကြံခြင်းရှိသူသည်ပင် ဤဓားချက်ကို ထုတ်လွှတ်ရန် အလွန် များပြားသော စွမ်းအားပမာဏကို လိုအပ်ပြီး၎င်းကို ထုတ်ဖော်ရန် သူ၏ စွမ်းအင်အားလုံး ကုန်ခမ်းလုနီးနီးပင် ဖြစ်သည်။ ပထမတစ်ချက်တည်းနှင့်ပင် သူ၏ ခွန်အားနှင့် ဝိညာဥ်စွမ်းအားတို့က ဗလာဖြစ်သွားခဲ့သည်။

သို့သော် တစ်ချိန်တည်းတွင် သူက ဓားနှင့် ခုတ်ပိုင်းချလိုက်သည့်အခါမှသာ အနီးဝန်းကျင်မှ ကျင့်ကြံသူများက မည်သည်တို့ ဖြစ်နေကြောင်း သတိပြုမိလာသည်။

နက်မှောင်သော အက်ကြောင်းတစ်ခုက ကောင်းကင်နှင့် မြေကြီးကြား ပေါ်ပေါက်လာပြီး အရာအားလုံးက ပြိုပျက်ကာ ကြေမွသွားခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့ဝန်းကျင်ရှိ မိစ္ဆာနတ်ဘုရား၏ ပုံရိပ်များကလည်း ရှောင်းမု၏ လှုပ်ရှားမှုအတိုင်း လှုပ်ရှားလာသည်။ မဟာလမ်းစဥ်၏ နယ်မြေအတွင်း ဓားအလင်းများက လေဟာနယ်ကို ဖြတ်သန်းကာ အဆက်မပြတ်ကျရောက်လာပြီး ယင်းတို့၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

ထိုအဓိကပုဂ္ဂိုလ်ကြီးများသည်ပင် ၎င်းတိုက်ကွက်များ ကျရောက်လာသည့်အခါ သူတို့၏ နှလုံးသားများ တုန်ယင်လာသည်ကို ခံစားမိကြပေသည်။

၎င်းက အလွန် အစွမ်းထက်လှသည်။ ပထမတစ်ချက်၌ပင် အလွန် ခြောက်ခြားဖွယ် စွမ်းအားများ ပါဝင်နေသည်။ ယင်းက စစ်မှန်သော ဓားနည်းစနစ်တစ်ခု ဖြစ်သည်။ သူတို့ရှေ့မှ ဤနတ်ဆိုးဓားနည်းစနစ်နှင့် ယှဥ်လျှင် သူတို့ ယခင်က သိရှိထားသော ဓားနည်းစနစ်များမှာ 'နည်းစနစ်' ဟုပင် မခေါ်ထိုက်ပါချေ။

ကြောက်မက်ဖွယ် တုန်ခါသံများကို ကြားလိုက်ရပြီး ရီဖူရှင်းအနီးမှ မဟာလမ်းစဥ် မြင်ကွင်းများက ပို၍ တောက်ပလာကာ မရေတွက်နိုင်သော ကြယ်များဖြင့် ဝန်းရံထားသည့် ကြယ်ကောင်းကင်တစ်ခု ဖြစ်လာပုံရသည်။ ဓားအလင်းတို့ ကျဆင်းလာသည့်အခါ ကြယ်စင်တိုက်ခိုက်ရေးလူဝံက ကောင်းကင်၌ ဟိန်းဟောက်လိုက်ပြီး ဝန်းရံနေသော ကြယ်များက ပြိုင်ဘက်ကင်း ခုခံကာကွယ်ရေး စွမ်းအားကို ဖန်တီးကာ ကျူးကျော်လာသော ဓားပြားကြီး၏ စွမ်းအားတို့ကို တားဆီးထားပြီး မရေတွက်နိုင်သည့် ဓားအရိပ်တို့ ကျဆင်းလာသည်။

တစ်ချိန်တည်းတွင် ရီဖူရှင်း၏ လက်ထဲ၌ ကြယ်များဖြင့် ဖန်တီးထားသော နှင်တံတစ်ချောင်း ထွက်ပေါ်လာသည်။ ၎င်းသည် လေးလံပြီး အဆုံးမဲ့ လွှမ်းမိုးနိုင်သော စွမ်းအားတို့နှင့် ပြည့်နှက်နေသည်။ ဓားက သူ့ထံ ရိုက်ခတ်လာသောအခါ နှင်တံက ရှေ့သို့ တိုက်ခိုက်လိုက်သည်။

ထိုကြောက်မက်ဖွယ် စွမ်းအားနှစ်ခုက လေထဲတွင် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ဖျက်ဆီးခြင်းနတ်ဆိုးဓားသွားက လေဟာနယ်ကို အက်ကွဲစေသည့် နှင်တံအရိပ်ကို ဖြတ်သန်းရိုက်ခတ်လာသည်။ ထိခတ်မိခြင်းမှ ထွက်ပေါ်လာသည့် စွမ်းအားက အနီးဝန်းကျင်ရှိ လေဟာနယ်ကို ဖြတ်ကာ စတင် ပျက်စီးလာစေသည်။ မဟာလမ်းစဥ်စွမ်းအားတို့က အပိုင်းပိုင်း ပြိုကွဲသွားခဲ့ပြီး အက်ကြောင်းများက တိုက်ခိုက်နေသည့် နေရာတွင် ပေါ်ပေါက်လာသည်။

၎င်းသည် ရှောင်းမု၏ အဆင့်မြင့်ဖျက်ဆီးခြင်း ကောင်းကင်နတ်ဆိုးသဏ္ဌာန်နှင့် ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်တို့ ပေါင်းစည်းခြင်း ဖြစ်လေသည်။ သို့သော် ရီဖူရှင်း၏ မဟာလမ်းစဥ် နတ်ခန္ဓာကလည်း မဟာလမ်းစဥ် ကြယ်ကောင်းကင်၏ စွမ်းအားအပြင် လေးမျက်နှာကျေးရွာမှ ကြယ်စင်စစ်တေးသွားနှင့် ပေါင်းစပ်နိုင်သည်။ ထိုပေါင်းစပ်မှုမှ အကြွင်းမဲ့ စွမ်းအားတို့ ထွက်ပေါ်လာပြီး ခန့်မှန်း၍ မရနိုင်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။

သူတို့နှစ်ယောက်ကြားတွင် ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ရှောင်းမု၏ မျက်လုံးများက နက်မှောင်နေကာ ထွင်းဖောက်ကြည့်၍ မရနိုင်အောင် ဖြစ်သည်။ ရှောင်းမုက ဓားကိုင်ထားသည့် သူ့လက်များကို လွှဲကာ အပေါ်သို့ ပင့်မြှောက်လိုက်သည်။ နက်မှောင်သည့် မိုးကြိုး နတ်အလင်းက ကျဆင်းလာကာ ဓားသွားပေါ် လှည့်ပတ်နေ၏။ ပို၍ပင် အစွမ်းထက်သော နတ်ဆိုးအလင်းများက ကောင်းကင်သို့ ပြေးဝင်သွားကာ ရှောင်းမုသည် ဒုတိယမြောက်တိုက်ကွက်ကို တွေဝေခြင်းမရှိ ထုတ်ဖော်လိုက်သည်။

ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်မှ တစ်ချက်ချင်းစီတိုင်းသည် ယခင် ခုတ်ချက်ထက် ပို၍ အားကောင်းပေသည်။ ထိုခုတ်ချက်က အဆက်မပြတ်ကျဆင်းလာသည့်အခါ အထွတ်အထိပ်အဆင့်မှ ရန်ဟောင်သည်ပင် အသက်ရှင်သန်နိုင်စွမ်းရှိလိမ့်တော့မည် မဟုတ်ပေ။

All Chapters